နဂါးလောကအရှင်
Vol. 205 Ch. 3074
“အစိမ်းရောင်ကြာပန်းဒုက္ခရောက်နေပြီဆိုမှတော့ တစ်ချက်လောက်သွားကြည့်လိုက်လေ”
တျွဲယွဲ့က ပြောလိုက်၏။
“ဒီကိစ္စရဲ့နောက်ကွယ်မှာ စုန်းမျိုးနွယ်က တကယ်ပဲကြိုးကိုင်ခြယ်လှယ်နေပြီး ပင်ကိုယ်ဗီဇဝေဒနာကျိန်စာက ပြန်ပြီးပေါ်ထွက်လာတယ်ဆိုရင် အခုလိုအခြေအနေမှာကျရောက်သွားတဲ့အတွက် နဂါးမျိုးနွယ်ကို အပြစ်တင်လို့မရဘူး”
“ငါနဂါးကမ္ဘာကို တစ်ခါရောက်ဖူးတယ်… နဂါးမျိုးနွယ်က မောက်မာဝင့်ကြွားတတ်ကြပေမယ့်.. သူတို့ရဲ့ပင်ကိုယ်စိတ်နေစရိုက်က မဆိုးပါဘူး… သူတို့က ကြင်နာမှုကို သေချာပေါက် ပြန်ပေးဆပ်တတ်တယ်”
“ငါတို့ ဒီတစ်ခေါက် ဒီကပ်လေးကနေ နဂါးမျိုးနွယ်ကို ရှင်သန်နိုင်အောင် ကူညီပေးမယ်ဆိုရင် သူတို့ရဲ့ မျက်နှာသာပေးမှုကို ပြန်ပြီးရရှိလာမှာက ဆိုးတော့မဆိုးဘူး”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်လိုက်၏။
အစကတော့ နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲမှာ သူက ကြားဝင်စွက်ဖက်လိုခြင်းမရှိခဲ့ပေ။
သို့သော်လည်း နဂါးများနှင့် ဖီးနစ်များကြားတိုက်ပွဲ၏ အရင်းအမြစ်က စုန်းမျိုးနွယ်ဖြစ်နေမည်ဆိုလျှင် နဂါးမျိုးနွယ်သည် အကြီးမားဆုံးသားကောင်ဖြစ်ခဲ့သည်ဟု ဆိုရပေမည်။
နဂါများနှင့် ဖီးနစ်များကြားတိုက်ပွဲမှာ သေခဲ့ရသော မရေမတွက်နိုင်သော သက်ရှိများ၏ သွေးကြွေးသည် စုန်းမျိုးနွယ်ကြောင့် ပေါ်ထွက်လာခဲ့ခြင်းပင်။
သိုင်းတာအိုပင်မခန္ဓာသည် ကိစ္စများက သူတွေးထင်ထားသလောက်မရိုးရှင်းဟု ခပ်ရေးရေးခံစားနေရ၏။
“မင်းရဲ့ဒဏ်ရာတွေက…”
သိုင်းတာအိုပင်မခန္ဓာက တျဲယွဲ့နှင့်ပတ်သက်ပြီး အနည်းငယ်တွေဝေတုံ့ဆိုင်းနေဆဲဖြစ်၏။
တျဲယွဲ့၏ ချောမောလှပသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာပြီး မေးလိုက်၏။
“ဘာလဲ… နင်က ငါ့ကိုထားခဲ့ပြီး နဂါးကမ္ဘာကို တစ်ယောက်တည်းသွားမလို့လား”
သိုင်းတာအိုပင်မခန္ဓာက လျင်မြန်စွာတုံ့ပြန်ပြီး တျဲယွဲ့၏ လက်ကိုဆုပ်ကိုင်ကာ မတ်တတ်ထရပ်လိုက်၏။ သူက အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်လေသည်။
“ကောင်းပြီလေ… ငါတို့ အတူသွားကြတာပေါ့”
သူတို့နှစ်ယောက်ကြားမှာ ဖုံးကွယ်ထားစရာဘာမှမရှိပေ။
ဤအချိန်အတောအတွင်း အပြင်လောက၏ နေရာတိုင်းမှာ ကောလာဟလများပေါ်ထွက်လာခဲ့၏။ သူတို့နှစ်ယောက်သည် တာအိုလက်တွဲဖော်များဖြစ်သည်ဟု တချို့က ဆိုကြပြီး အထီးကျန်သိုင်းသခင်သည် တျဲယွဲ့၏ ဘေးမှာ အစွမ်းအစရှိသော စစ်ဗိုလ်တစ်ဦးမျှသာဖြစ်သည်ဟုလည်း တချို့ကဆိုကြ၏။
မည်သို့ပင်ဆိုစေ သူတို့နှစ်ယောက်သည် မဟာအရိုင်းကမ္ဘာ၏ တိုက်ပွဲမှာ တစ်ကြိမ်သာ အများသူငှာရှေ့တွင် ပေါ်ထွက်ခဲ့ကြဖူးလေသည်။
ထို့ကြောင့် ဤတစ်ခေါက်သိုင်းတာအိုပင်မခန္ဓာနှင့်အတူ တျဲယွဲ့လိုက်ပါဖို့ ဆုံးဖြတ်ချက်ချလိုက်ချိန်တွင် နောက်ထပ်အဓိပ္ပါယ်တစ်ခုရှိနေ၏။ သူမသည် အပြင်လောကမှာ သူတို့၏ ဆက်ဆံရေးကို အတိအလင်း ထုတ်ဖော်ကြေညာလိုလေသည်။
တျဲယွဲ့က မှင်သေသေဖြင့် ပြောလိုက်၏။
“ငါ နဂါးကမ္ဘာကို နောက်ဆုံးရောက်ခဲ့တာ သိပ်တောင်မကြာသေးဘူး… နဂါးဧကရာဇ်တွေက တိုးတက်လာသလား ကြည့်ရသေးတာပေါ့”
ထိုစကားကိုကြားသောအခါ သိုင်းတာအိုပင်မခန္ဓာက မျက်ခုံးပင့်လိုက်မိ၏။ တျဲယွဲ့ပြောပုံအရ သူမသည် နဂါးကမ္ဘာသို့ ရောက်ခဲ့ရုံသာမက သူမသည် နဂါးဧကရာဇ်တချို့နှင့်ပင်တိုက်ခိုက်ပြီး အနိုင်ရရှိထားခဲ့လေသည်။
“မိန်းမပျိုတျဲ… မင်းက တကယ့်ကို အထင်ကြီးစရာပါပဲလား”
သိုင်းတာအိုပင်မခန္ဓာက နောက်ပြောင်ကျီစယ်လိုက်၏။
တျဲယွဲ့ကလည်း ပြုံးပြလိုက်၏။
“ဒီတစ်ခေါက်ငါက နင်နဲ့လိုက်လာရုံပဲ… ဟိုရောက်ရင် တကယ်တမ်း တိုက်ခိုက်ရမှာက နင်ပဲ”
နဂါးဧကရာဇ်များသည် နဂါးယာဉ်ပျံများကို အလွန်တရာမြန်ဆန်သော အလျင်အဟုန်ဖြင့် မောင်းနှင်နေ၏။ သိပ်မကြာခင် သူတို့သည် နဂါးကျွန်း၏ အနီးနားဝန်းကျင်သို့ လူတိုင်းကို ခေါ်ဆောင်လာခဲ့၏။
၎င်းသည် နဂါးကျွန်းဟု ကျော်ကြားသော်လည်း အဝေးကနေကြည့်လျှင် ဤကျွန်းသည် ကောင်းကင်ဘုံကမ္ဘာ၏ ကုန်းမြေတိုက်တစ်ခုထက် မနိမ့်ကျပေ။ ၎င်းသည် ရစ်ခွေနေသော မြေပြင်အနေအထားများနှင့်အတူ ကြယ်တာရာကောင်းကင်ထဲမှာ ကန့်လန့်ဖြတ်တည်ရှိနေပြီး ဧရာမနဂါများစွာ အတူတကွ ထွေးပတ်ထားသည်နှင့်တူလေသည်။
နဂါးကျွန်း၏ အနီးနားဝန်းကျင်သည် သိပ်သည်းပြင်းထန်သော သွေးနံ့ဖြင့် ပြည့်နှက်နေပြီး သွေးမြူခိုးတစ်ခုက ဖုံးလွှမ်းထားလေသည်။
ဧကရာဇ်အဆင့်တိုက်ပွဲက ဘယ်လောက်ချောက်ချားစရာကောင်းခဲ့သလဲ သိသာထင်ရှားနေ၏။
နဂါးဧကရာဇ်ဆီးနှင်းပြောပုံအရ နဂါးမျိုးနွယ်သည် နဂါးကျွန်း၏ နဂါးဝိညာဉ်များအပေါ်မှီခိုကာ နေကာသစ်ပင်ကမ္ဘာနှင့် အခြားသောကမ္ဘာများမှ ဧကရာဇ်ပညာရှင်များကို ဤတစ်ခေါက် တွန်းလှန်ထုတ်နိုင်ခဲ့သော်လည်း သူတို့သည်လည်းပဲ ကြီးမားသောသေကြေပျက်စီးထိခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်ကို သူတို့က သိရှိရလေသည်။
တကယ်ဆို နဂါးဧကရာဇ်နှစ်ဦးပင် သေဆုံးခဲ့ရ၏။
လက်ရှိမှာ နဂါးကမ္ဘာ၏ အခြေအနေက အတိမ်းအစောင်းမခံပေ။ နဂါးလောကအရှင်အပါအဝင် နဂါးဧကရာဇ်ကိုးဦးသာလျှင် ကျန်ခဲ့လေသည်။
သူတို့ကြားမှာ လေးဦးက ထိခိုက်ဒဏ်ရာရရှိထားပြီး သူတို့၏ လောကများက ကြေမွပျက်စီးနေကာ အချိန်တိုအတွင်းမှာ အဲဒါကို ပြန်လည်မပြင်ဆင်နိုင်ပေ။
နေကာသစ်ပင်ကမ္ဘာနှင့် အခြားသောကမ္ဘာများမှ ဧကရာဇ်ပညာရှင်များက နောက်တစ်ကြိမ်တစ်ကြော့ပြန်လာမည်ဆိုလျှင် နဂါးမျိုးနွယ်သည် ခုခံနိုင်မှုမရှိသလောက်နီးပါးဖြစ်ပြီး ချေမှုန်းသုတ်သင်ခံရပေလိမ့်မည်။
နဂါးကျွန်းမှာ။
အဆုံးစွန်နဂါးခန်းမထဲတွင်။
သွေးစွန်းနေသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် နဂါးလောကအရှင်က အလယ်မှာထိုင်နေ၏။ သူ့လက်အောက်မှာရှိသော နဂါးဧကရာဇ်ရှစ်ဦးကလည်း အကုန်လုံးရောက်ရှိနေကြသည်။ သူတို့ကြားမှာ နဂါးဧကရာဇ်လောင်ကျွမ်းနေမင်းနှင့် နဂါးဧကရာဇ်ဆီးနှင်းလည်းပါဝင်လေသည်။
နဂါးမျိုးနွယ်၏ ကျန်ရှိနေသောနဂါးဘုရင်ရာချီကလည်း ခန်းမထဲမှာရောက်ရှိနေကြ၏။
နဂါးပိုင်နက်နယ်မြေလေးခု၏ ဆုံးရှုံးမှုက နဂါးမျိုးနွယ်အတွက် အရမ်းကိုကြီးမားလေသည်။
ရှင်သန်နိုင်ခဲ့သော မီးပဒေသာနဂါးပိုင်နက်နယ်မြေမှ နဂါးဘုရင်လေးငါဆယ်ကလွဲလျှင် အခြားသော နဂါးပိုင်နက်နယ်မြေများမှာ အသက်ရှင်ကျန်ရစ်ခဲ့သော နဂါးဘုရင်များစွာမရှိပေ။
ဆူဇီမိုနှင့်အခြားသူများက အဆုံးစွန်နဂါးခန်းမသို့ ရောက်ရှိလာပြီး သူတို့၏ ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်စဉ်က သူတို့က ညည်းတွားရေရွတ်မိလိုက်၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အထွတ်အထိပ်မှာ ရပ်တည်ခဲ့ဖူးသော ထိပ်တန်းကမ္ဘာကြီးသည် ယခုအချိန်မှာ လောကစစ်ပွဲကြောင့် ဤမျှအတိုင်းအတာထိအမှန်တကယ်ကျဆင်းလာခဲ့လေပြီ။
ခန်းမထဲရှိ ကျန်ရှိနေသော နဂါးဘုရင်ရာချီကိုကြည့်ရင်း အဲဒါက အနည်းငယ်ဝမ်းနည်းဖွယ်ရာကောင်းနေ၏။
တကယ်တော့ လုံရန်တို့အဖွဲ့က အခြားမည်သူထက်မဆို ပို၍ မအီမသာခံစားနေရ၏။
ဆူဇီမိုတစ်ဦးတည်းကသာ တည်ငြိမ်နေလေသည်။ ခန်းမထဲသို့ သူဝင်ရောက်လာသည့်ခဏမှာပင် သူက နဂါးများ၏ အမူအရာများကို စတင်၍လေ့လာအကဲခတ်ကြည့်နေ၏။
နဂါးများက မူမမှန်သည့်ပုံမရှိပေ။
နဂါးတချို့၏ အမူအရာကို သူသံသယဝင်မိသည်ကလွဲလျှင် သူတို့မှာ ကျိန်စာမိထားသည့် မည်သည့်လက္ခဏာမှမရှိပေ။
နဂါးဧကရာဇ်လောင်ကျွမ်းနေမင်းက မီးပဒေသာနဂါးကြယ်မှာ ဖြစ်ပျက်ခဲ့သည့်အကြောင်းကို အကြမ်းဖျင်းပြန်ပြောပြလိုက်၏။
ဆူဇီမိုသည် ကောင်းကင်လိုဏ်ဂူဘုရင်ငါးထောင်ကျော်ကို တစ်ဦးတည်းအနိုင်ယူခဲ့သည်ဟု ကြားသိရသောအခါ နဂါးဘုရင်များစွာက သူ့ကိုအံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြ၏။
နဂါးဘုရင်တချို့က သံသယတစ်စွန်းတစ်စနှင့်အတူ မျက်မှောင်ကြုတ်ထား၏။
နဂါးဘုရင်တချို့က ထိုသတင်းအချက်အလက်ကိုကြားသောအခါ ကျေးဇူးတင်ရှိသောအမူအရာများကို ထုတ်ဖော်လာကြ၏။
သို့သော်လည်း နဂါးဘုရင်မီးပဒေသာကို ဆူဇီမိုက သတ်ဖြတ်လိုက်သည်ဟု ကြားသိရသောအခါ ခန်းမထဲမှာ အတော်လေးရုတ်ရုတ်သဲသဲဖြစ်လာခဲ့သည်။
ချက်ချင်းပင် နဂါးတစ်ဦးက ရှေ့သို့ထွက်ကာပြောလိုက်၏။
“သူက ဘယ်လိုအကျိုးဆောင်မှုတွေကိုပဲ လုပ်ထားပါစေ နဂါးဘုရင်မီးပဒေသာကို သတ်ခဲ့တဲ့အတွက် သူ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်”
“နဂါးမီးပဒေသာက ကျိန်စာမိထားပြီး နဂါးမျိုးနွယ်ကို သစ္စာဖောက်ခဲ့တာ… သူက တာအိုရောင်းရင်းဆူနဲ့ တခြားသူတွေကို နှုတ်ပိတ်ဖို့ကြိုးစားခဲ့လို့ တာအိုရောင်းရင်းဆူက ရွေးချယ်စရာမရှိဘဲ တန်ပြန်တိုက်ခိုက်ခဲ့ရတာပဲ”
နဂါးဘုရင်မဦးချိုမဲ့က အတတ်နိုင်ဆုံးရှင်းပြဖို့ ကြိုးစားလိုက်၏။
“နဂါးဘုရင်မီးပဒေသာက သေသွားပြီဆိုတော့ ဘာသက်သေအထောက်အထားမှမရှိတော့ဘူး… အဲတော့ မင်းက ပြောချင်တာကို ပြောလို့ရတာပေါ့… ငါသိထားတာတစ်ခုပဲ ရှိတယ်… အဲဒီအပြင်လူကနဂါးဘုရင်တစ်ဦးကို သတ်ဖြတ်ခဲ့တယ်”
“နဂါးဘုရင်မဦးချိုမဲ့ နဂါးတစ်ဦးအနေနဲ့ မင်းက အပြင်လူအတွက် ဘာလို့ပြောနေရတာလဲ… မင်းက နဂါးမျိုးနွယ်ကို သစ္စာဖောက်ထားပြီလို့ ငါ့ကိုမပြောစမ်းနဲ့”
“ငါတို့မျိုးနွယ်က မဟုတ်တဲ့သူတွေမှာ သေချာပေါက်မဟုတ်တဲ့ရည်ရွယ်ချက်တွေရှိနေရမယ်… အပေါ်ယံမှာကြည့်ရင်တော့ သူက မီးပဒေသာနဂါးကြယ်ကို ကူညီပေးနေခဲ့တာပဲ… ဒါပေမဲ့ သူက တိတ်တဆိတ်ဘာကို အကွက်ချကြံစည်နေလဲဆိုတာ ဘယ်သူသိမှာလဲ”
ချက်ချင်းပင် ခန်းမက အပြင်းအထန် ငြင်းခုံပြောဆိုသံများဖြင့် ပြည့်နှက်လာခဲ့၏။
အတိအကျဆိုရလျှင် အဲဒါက တစ်ဖက်သတ်ဖိနှိမ်ခြင်းသာဖြစ်သည်။
နဂါးဘုရင်မဦးချိုမဲ့၏ အဆင့်အတန်းနှင့်ပင်လျှင် သူမသည် ဤမျှများပြားသော နဂါးများ၏ အတင်းဖိနှိမ်ပြောဆိုမှုကို မခုခံနိုင်ပေ။
ထိုစွပ်စွဲချက်များက ရယ်စရာကောင်းလွန်းပြီး အခြေအမြစ်မရှိဘူးဆိုလျှင်တောင် နဂါးများစွာက အတိုင်အဖောက်ညီနေကြ၏။
နဂါးမျိုးနွယ်၏ အမြင်မှာ မှန်သည်မှားသည်က ဆက်လက်၍ မရှိတော့ပေ။ သူတို့က အမှန်တရားကိုလည်း ဂရုမစိုက်ပေ။
သူတို့မျိုးနွယ်က မဟုတ်သည့် ထိုလူများမှာ မကောင်းသောရည်ရွယ်ချက်များ သေချာပေါက်ရှိသည်ဟူသော အတွေးတစ်ခုကသာ သူတို့မှာ ရှိတော့လေသည်။
သူတို့က မှန်ကန်သည်ဖြစ်စေ၊ ဆိုးယုတ်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ကြင်နာသည်ဖြစ်စေ၊ ရက်စက်ကြမ်းတမ်းသည်ဖြစ်စေ၊ သူတို့က အပြင်လူများဖြစ်နေသရွေ့ သူတို့က သေချာပေါက် ပစ်မှတ်ထားခံရပေလိမ့်မည်။
တကယ်တော့ နှုတ်ဆိတ်နေသော နဂါးဘုရင်များစွာလည်းရှိနေ၏။
ထိုနဂါးဘုရင်များက ဆူဇီမိုကို မလုံမလဲနှင့် တောင်းပန်တိုးလျှိုးသလို ကြည့်နေကြ၏။
ဆူဇီမိုမှာ အပြစ်မရှိသည်ကို သူတို့က နားလည်ကောင်းနားလည်ကြပေလိမ့်မည်။
သို့သော်လည်း ဤကဲ့သို့သောပတ်ဝန်းကျင်မှာ သူတို့သည် ရှေ့ထွက်ပြောဆိုရဲခြင်းမရှိကြပေ။
ယခုအချိန်မှာ ဆူဇီမိုအတွက် ရှေ့သို့ထွက်ကာ ရပ်တည်ပြောဆိုပေးသောမည်သူမဆို သေချာပေါက်ပစ်မှတ်ထားခံရပေလိမ့်မည်။
နဂါးဘုရင်မဦးချိုမဲ့ကို ပစ်မှတ်ထားနေသော နဂါးများက အလွန်တရာစိတ်လှုပ်ရှားတက်ကြွနေပြီး သူတို့၏ မျက်လုံးများက ရူးသွပ်သောတစ်ယူသန်မှုတစ်ခုကိုပင် ထုတ်ဖော်ထားလေသည်။
ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး တွေ့ကြုံဖူးသလို ခံစားချက်တစ်ခု အလိုလိုရရှိလာ၏။
သူသည် ထိုအကြည့်ကို တစ်နေရာရာမှာ တွေ့ကြုံခဲ့ဖူးပုံရလေသည်။
သို့သော်လည်း ခန်းမက အတော်လေးရုန်းရင်းဆန်ခတ်ဖြစ်နေပြီး ဆူညံပွက်လောရိုက်နေ၏။ လောလောဆယ်မှာ သူက မည်သည့်အရာကိုမှ ပြန်လည်ပုံမဖော်နိုင်ပေ။
ဆူဇီမိုက တစ်ချိန်လုံးနှုတ်ဆိတ်နေ၏။
သူက တစ်စုံတစ်ရာကို ပြောဆိုခြင်းမရှိပေ။
အတိအကျဆိုရလျှင် နဂါးဘုရင်များက ဘယ်လောက်ပင် ဆွေးနွေးငြင်းခုံနေသည်ဖြစ်စေ တိကျသောရလဒ်က ထွက်ပေါ်လာလိမ့်မည်မဟုတ်ပေ။
နဂါးဧကရာဇ်များနှင့် နဂါးလောကအရှင်၏ စိတ်နေသဘောထားက အခရာကျနေဆဲပင်။
“တော်ကြတော့”
ထိုစဉ်မှာပင် နဂါးလောကအရှင်က နောက်ဆုံးမှာ စကားပြောလိုက်၏။
နဂါးလောကအရှင်က မှင်သေသေဖြင့်ရှိနေပြီး ဆူဇီမိုကိုကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။
“လူသား… ဒီကိစ္စနဲ့ပတ်သက်ပြီး နဂါးကမ္ဘာက မျိုးနွယ်ဝင်များစွာရဲ့ စိတ်နေသဘောထားကို မင်းမြင်ပြီးသွားပြီလို့ ငါထင်တယ်”
နဂါးမျိုးနွယ်ရဲ့ စည်းမျဉ်းစည်းကမ်းအရ နဂါးဘုရင်မီးပဒေသာကို သတ်ဖြတ်တဲ့အတွက် မင်းမိသားစုရဲ့ ဆွေစဉ်မျိုးဆက်ဆယ်ဆက်အတွင်း ဘယ်သူမဆို ချေမှုန်းသုတ်သင်ခံရလိမ့်မယ်… ဒါပေမဲ့ မင်းက မီးပဒေသာနဂါးကြယ်ကို ကူညီပေးခဲ့ဖူးတာကို ထောက်ထားပြီး မင်းမှာ ဘယ်လိုရည်ရွယ်ချက်ပဲရှိရှိ မင်းကလွဲရင် တခြားသူတွေကို ဆွဲမထည့်ဖို့ ငါဆုံးဖြတ်ချက်ချပေးနိုင်တယ်”
ဆူဇီမိုက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်၏။
လက်စသတ်တော့ နဂါးမျိုးနွယ်သည် ဤမျှအတိုင်းအတာအထိ လှိုက်စားနေခဲ့လေပြီ။