← Chapters

အဲ့ဒါက ရယ်စရာကောင်းလို့လား

Vol. 205 Ch. 3075

အဲ့ဒါက ရယ်စရာကောင်းလို့လား

Vol. 205 Ch. 3075

နဂါးဘုရင်မ ဦးချိုမဲ့နှင့် အခြားသူများမှာ စိုးရိမ်ပူပန်သော အမူအရာများ ရှိနေ၏။

တစ်နည်းအားဖြင့်ဆိုသော် နဂါးလောကအရှင်သည် ဆူဇီမိုကို စီရင်ချက်ချလိုဆဲဖြစ်၏။

“အပြင်လူ… မင်းဘာလို့ ဒူးထောက်ပြီး ကျေးဇူးတင်စကား မပြောတာလဲ”

နဂါးဘုရင်တောက်ပက အော်ငေါက်လိုက်၏။

“နဂါးလောကအရှင်ရဲ့ ကြင်နာမှုကြောင့် မဟုတ်ရင် မင်းရဲ့ဆွေစဉ်မျိုးဆက်ဆယ်ဆက်က သေရလိမ့်မယ်”

နဂါးဘုရင်မ ဦးချိုမဲ့က အသက်တစ်ချက်ရှိုက်ပြီး ရှေ့သို့နောက်တစ်ဖန်ထွက်ကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။

“လောကအရှင်… ဆူဇီမိုမှာ နောက်ထပ် သရုပ်သကန်တစ်ခု ရှိပါတယ်… သူက ဓားကမ္ဘာက နဝမမြောက်တောင်ထွတ်ရဲ့ တောင်ထွတ်သခင်ပဲ”

“ကျွန်မတို့တွေက ဒီကိစ္စကြောင့် သူ့ကို စီရင်ချက်ချပြီး သတ်ဖြတ်မယ်ဆိုရင် ကျွန်မတို့က ဓားကမ္ဘာရဲ့ အမျက်ဒေါသကို သေချာပေါက် ရရှိလိမ့်မယ်”

ထိုသို့ သူမ ပြောလိုက်သည့်ခဏမှာပင် ခန်းမထဲရှိ ဆွေးနွေးငြင်းခုံသံများက တဖြည်းဖြည်းစဲသွား၏။

သို့သော်လည်း နဂါးဘုရင်တစ်ဦးက အထင်အမြင်သေးစွာဖြင့် နှာမှုတ်လိုက်ဆဲဖြစ်၏။

“ဓားကမ္ဘာက ဘာတွေများ ကြီးကျယ်ခမ်းနားနေလို့လဲ… သူက ငါတို့မျိုးနွယ်ဝင်တစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်ဆိုမှတော့ သူ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်”

နဂါးဧကရီဆီးနှင်းကလည်း စဉ်းစားတွေးတောကာ ပြောလိုက်၏။

“တာအိုရောင်းရင်းဆူက ကူညီပေးလိုမယ်ဆိုရင် ငါတို့တွေက ဓားကမ္ဘာနဲ့ ပူးပေါင်းပြီး ဒီတစ်ခေါက် နဂါးမျိုးနွယ်ရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်လောက်တယ်”

သူမက ထိုသို့ပြောရင်း နဂါးဧကရီဆီးနှင်းက ဆူဇီမိုကို သူမ၏ မျက်လုံးထဲရှိ မျှော်လင့်ချက်နှင့်အတူ ကြည့်လိုက်၏။ သူ့ကို လောလောဆယ်မှာ သဘောတူလက်ခံပြီး ဤအကျပ်အတည်းကို အရင်ဆုံးဖြေရှင်းဖို့ အချက်ပြနေ၏။

ဆူဇီမိုက အေးအေးလူလူပြုံးပြီး လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။

“ခင်ဗျားရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ ကျုပ်က ဓားကမ္ဘာရဲ့ တောင်ထွတ်သခင်အဖြစ်ကနေ နှုတ်ထွက်ထားခဲ့တာ ကြာခဲ့ပြီ… ကျုပ်က သူတို့နဲ့ အခုအချိန်မှာ ဘာပတ်သက်မှုမှ မရှိတော့ဘူး”

“ရှင် တကယ်ပဲ အဲ့လောက်တောင် ရူးမိုက်ရလား”

နဂါးဘုရင်မ ဦးချိုမဲ့က သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်ကာ စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်၏။

“အရင်ဆုံး သဘောတူလိုက်လေ… ငါတို့တွေ ဒီကိစ္စကို နောက်မှ ပြောလို့ရတာပဲ… အဲ့ဒါကို ဘယ်သူက သိမှာမို့လို့လဲ”

“မင်းက တော်တော်ရိုးသားပွင့်လင်းတာပဲ”

နဂါးလောကအရှင်က ဂရုမစိုက်သည့်ဟန်ဖြင့် ပြုံးလိုက်၏။

“ဒါပေမဲ့ မင်းက ဓားကမ္ဘာရဲ့ တောင်ထွတ်သခင် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကိစ္စမရှိဘူး… မင်းက နဂါးဘုရင်မီးပဒေသာရဲ့ သေဆုံးမှုအတွက် အသက်နဲ့ ပြန်ပေးဆပ်ရမယ်”

“အမှန်ပဲ… အသက်တစ်သက်အတွက် အသက်တစ်သက်…”

“သူ့ကို သွေးနဲ့ ပြန်ပေးဆပ်ခိုင်း”

“သူက နဂါးဘုရင်မီးပဒေသာကို ကျိန်စာမိထားပြီး မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ နဂါးမျိုးနွယ်ကို သစ္စာဖောက်ခဲ့တယ်လို့တောင် စွပ်စွဲပြောဆိုခဲ့သေးတယ်”

ချက်ချင်းပင် နဂါးများစွာက ရှေ့သို့ထွက်ပြီး နဂါးလောကအရှင်ကို တိုက်တွန်းလှုံ့ဆော်လိုက်ကြ၏။

ကျန်ရှိနေသော နဂါးဧကရာဇ်ရှစ်ဦးကြားမှာ သုံးလေးယောက်က စိမ်းသက်သော အကြည့်များနှင့်အတူ နဂါးလောကအရှင်ကိုပင် လှမ်းကြည့်လိုက်ကြ၏။

တကယ်ဆို သူတို့၏ စိတ်များထဲမှာ အလွန်တရာ ရဲတင်းသော အတွေးတစ်ခုပင် ပေါ်ထွက်လာ၏။

သို့သော်လည်း သိပ်မကြာခင် နဂါးဧကရာဇ်များက သူတို့၏ ခေါင်းများကို တဖြည်းဖြည်း ငုံ့လိုက်၏။

သူတို့ထဲမှတချို့၏ ​လောကများက ကြေမွပျက်စီးနေပြီး တချို့၏ ကျင့်ကြံမှုနယ်ပယ်များက လုံလောက်မှုမရှိပေ။ သူတို့က ယခုအချိန်မှာ နဂါးလောကအရှင်ကို လုံးဝ မဆန့်ကျင်နိုင်ပေ။

ထိုမသိမသာ အပြုအမူများသည် ဆူဇီမို၏ မျက်လုံးထဲကနေ မလွတ်မြောက်နိုင်ပေ။

သူသည် ဘေးပတ်လည်မှာရှိသော အရိုင်းဆန်သည့် စိတ်ခံစားချက်များကို လျစ်လျူရှုထား၏။

သို့သော်လည်း လုံလီက ဆက်လက်၍ သည်းမခံနိုင်ဘဲ ရှေ့သို့တက်လှမ်းလိုက်၏။

သူမက နဂါးဘုရင်စိတ်ဝိညာဉ်၊ နဂါးဘုရင်လင်းရောင်ခြည်နှင့် မီးပဒေသာနဂါးကြယ်မှ အခြားသော နဂါးများကိုကြည့်ကာ အော်ပြောလိုက်၏။

“ရှင်တို့တွေ ဒီလိုမျိုးအချိန်မှာတောင် သူ့အတွက် ရပ်တည်မပေးနိုင်ကြဘူးလား”

“မီးပဒေသာနဂါးကြယ်ပေါ်က လူတိုင်းက သူ့အပေါ်မှာ အသက်ကြွေးတင်နေတယ်… ကျွန်မတို့ နဂါးမျိုးနွယ်က ကြင်နာမှုကို အမြဲတမ်း ပြန်ပေးဆပ်ရမယ်လို့ ခံယူထားကြတာ မဟုတ်ဘူးလား… ရှင်တို့တွေက နဂါးမျိုးနွယ်ရဲ့ မျိုးဆက်သွေးနဲ့ စိတ်ဝိညာဉ်နဲ့တောင် ထိုက်တန်မှု ရှိသေးရဲ့လား”

ထိုစကားလုံးများသည် မီးပဒေသာနဂါးကြယ်မှ နဂါးဘုရင်များစွာကို ရှက်ရွံ့သွားစေ၏။ နဂါးဘုရင်စိတ်ဝိညာဉ်နှင့် နဂါးဘုရင်လင်းရောင်ခြည်က အကြည့်ချင်းဖလှယ်ပြီး သူတို့၏ သတ္တိကို စုစည်းကာ ရှေ့သို့ထွက်လိုက်ကြ၏။

ထိုစဉ်မှာပင် နဂါးလောကအရှင်က သူ၏ လက်နှစ်ဖက်ကို ဖိချပြီး အလွန်တရာ သိပ်သည်းပြင်းထန်သော ဖိအားတစ်ရပ်ကို ထုတ်ဖော်ကာ အသံများအားလုံးကို ဖိနှိမ်လိုက်၏။

နဂါးဘုရင်စိတ်ဝိညာဉ်နှင့် နဂါးဘုရင်လင်းရောင်ခြည်က ရှေ့သို့ထွက်လာသည့် ခဏမှာပင် သူတို့က ထိတ်လန့်တကြားဖြစ်သွားပြီး စကားတစ်လုံးကိုပင် မပြောဆိုနိုင်တော့ပေ။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ငြင်းခုံမနေနဲ့တော့”

နဂါးလောကအရှင်က လက်ကာပြလိုက်၏။

“ငါတို့တွေက အခုအချိန်မှာ သန်မာတဲ့ရန်သူတွေနဲ့ ရင်ဆိုင်နေရတာ… ငါတို့က ဒီအပြင်လူကို ဘယ်လိုကိုင်တွယ်ရမလဲနဲ့ပတ်သက်ပြီး ငါတို့ရဲ့စွမ်းအင်ကို ဖြုန်းတီးနေလို့ မဖြစ်ဘူး… သူ့ကို အခုပဲ အပြင်ခေါ်သွားပြီး အများသူငါရှေ့မှာ ခေါင်းဖြတ်လိုက်”

ထို့နောက် နဂါးဘုရင်တချို့က သတ်လိုဖြတ်လိုသော အော်ရာများနှင့်အတူ ဆူဇီမိုရှိရာသို့ ခုန်ဝင်လာကြ၏။

“နေကြဦး…”

ထိုစဉ်မှာပင် လုံရန်က ရုတ်တရက် အော်ပြောပြီး ရှေ့သို့ထွက်လိုက်၏။

ဤအသံက အတော်လေး ကျယ်လောင်ပြီး အားပါပြင်းထန်နေ၏။ နဂါးများက မှင်တက်သွားကြသည်။

ထို့နောက် သူတို့ကို တားဆီးလိုက်သူက ပကတိနဂါးတစ်ကောင်သာ ဖြစ်သည်ကို တွေ့မြင်လိုက်သောအခါ နဂါးများစွာက အထင်အမြင်သေးစွာဖြင့် လှောင်ရယ်လိုက်ကြသည်။

“ဘယ်သူရှေ့ကို ထွက်လာရဲမလဲ ကြည့်ရသေးတာပေါ့”

လုံရန်က နဂါးဘုရင်များစွာနှင့် နဂါးဧကရာဇ်တချို့နှင့်ပင် ရင်ဆိုင်ရချိန်မှာ သူ၏ အော်ရာက အရေးနိမ့်ခြင်း မရှိပေ။

သူက အော်ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်နဲ့ ငါက တစ်ယောက်ကိုတစ်ယောက် သိကျွမ်းလာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ… ငါတို့တွေက မိတ်ဆွေဟောင်းတွေပဲ”

“မင်းတို့တွေက အတင့်ရဲပြီး ငါတို့ကို မရမက သတ်ဖြတ်လိုမယ်ဆိုရင် အထီးကျန်သိုင်းသခင်က နဂါးကမ္ဘာကို သေချာပေါက် ဆင်းသက်လာလိမ့်မယ်”

လုံရန်၏ စိတ်ထဲမှာ သူသည် တတ်နိုင်သမျှ အချိန်ဆွဲထားချင်စိတ်သာ ရှိလေသည်။

အထီးကျန်သိုင်းသခင်သည် ရောက်ရှိလာဖို့အတွက် တစ်ရက်ကြာလိမ့်မည်ဖြစ်ပြီး ယခုမှ လေးနာရီသာ ရှိသေးလေသည်။ ဆူဇီမိုက သေဘေးနှင့် ကြုံတွေ့ရတော့မည်ကို တွေ့ရသောအခါ သူက တုံ့ပြန်ရမည့် နည်းလမ်းတစ်ခုကို ချက်ချင်းမစဉ်းစားနိုင်ပေ။ သူက အရဲစွန့်ပြီး အထီးကျန်သိုင်းသခင်၏ အမည်ကိုသာ အရင်ဆုံး ထုတ်ဖော်လိုက်ရ၏။

သူသည် ဤနဂါးအုပ်စုကို ခြိမ်းခြောက်နိုင်မည်ဆိုလျှင် သူက နာရီတချို့ အချိန်ဆွဲထားနိုင်မည်ဆိုလျှင်တောင် အလှည့်အပြောင်းများ ပေါ်ထွက်လာနိုင်လေသည်။

အစကတော့ လုံလီသည် ပူဆွေးသောကနှင့် မကျေမချမ်းမှုဖြင့် ပြည့်နှက်နေပြီး မီးပဒေသာနဂါးကြယ်ပေါ်မှ နဂါးဘုရင်များကို အော်ငေါက်လိုက်လေသည်။ လုံရန်၏ စကားကို ကြားသောအခါ သူမက နေရာမှာတင် သတိလစ်လုမတတ်ဖြစ်သွားရ၏။

လုံရန်က သူမကို ကြွားလုံးထုတ်ခဲ့သည်ဆိုလျှင် အဆင်ပြေသေးလေသည်။ သူမသည် အဲဒါကို အတည်အတံ့ မမှတ်ယူဘဲ ရယ်မိရုံသာ ရှိပေလိမ့်မည်။

ယခု လုံရန်သည် သူက အထီးကျန်သိုင်းသခင်နှင့် နှစ်ပေါင်းများစွာ သိကျွမ်းလာသည်ဟု အများသူငါရှေ့မှာ ပေါက်တတ်ကရ ပြောဆိုနေလေပြီ။ ဘယ်သူက သူ့စကားကို ယုံကြည်မှာလဲ။

ထိုစကားသည် တန်ပြန်ရိုက်ခတ်မှုဖြစ်ပြီး လှောင်ပြောင်သရော်မှုများစွာကိုသာ ရရှိပေလိမ့်မည်။

နဂါးဘုရင်မ ဦးချိုမဲ့က ထိုစကားကို ကြားသောအခါ သူမကလည်း သက်ပြင်းချပြီး ကူကယ်ရာမဲ့စွာ ခံစားလိုက်ရ၏။

နဂါးဧကရီဆီးနှင်းကလည်း သူမ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။

ရေနစ်နေသော လူတစ်ယောက်က ကောက်ရိုးတစ်မျှင်ကိုလည်း ဆွဲပေလိမ့်မည်။ သူသည် သေရေးရှင်ရေးအခိုက်အတန့်မှာ ပြောမိပြောရာကို ပြောပေလိမ့်မည်။

အထီးကျန်သိုင်းသခင်ဟူသော စကားကို ကြားရချိန်မှာ ခန်းမက တကယ်ပင် ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွား၏။

နဂါးဧကရာဇ်ကိုးဦးအပါအဝင် နဂါးဘုရင်ရာချီက ထိုတာအိုဘွဲ့မှာ မှင်တက်သွားပုံရ၏။

သို့သော်လည်း သိပ်မကြာခင် နဂါးများက ဟားတိုက်ရယ်မောလိုက်ကြ၏။

“ဟားဟားဟား”

“စောစောက အဲ့ဒီပကတိနဂါးလေးက ဘာပြောလိုက်တာပါလိမ့်… သူက အထီးကျန်သိုင်းသခင်နဲ့ သိတယ်တဲ့လား”

“မင်းက အထီးကျန်သိုင်းသခင်နဲ့ သိတယ်ဟုတ်လား… ငါဆို သူနဲ့ အရင်က အရက်တောင် အတူသောက်ဖူးတယ်”

“ဟေး… ပကတိနဂါးလေး… အထီးကျန်သိုင်းသခင် ကျင့်ကြံနေခဲ့တုန်းက မင်းက မွေးခါစပဲ ရှိဦးမယ်”

အစကတော့ နဂါးဘုရင်များသည် ရှေ့သို့တက်လှမ်းကာ ဆူဇီမိုကို ဖိနှိမ်လို၏။ သူတို့သည် ထိုစကားကို ရုတ်တရက်ကြားသောအခါ သူတို့က လှောင်ပြောင်ရယ်မောမိလိုက်ကြလေသည်။

နဂါးများ၏ လှောင်ပြောင်သရော်မှုမှာ လုံရန်၏ မျက်နှာက နီမြန်းလာပြီး သူ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ကာ အော်ပြောလိုက်လေသည်။

“ငါ အထီးကျန်သိုင်းသခင်နဲ့ သိတယ်ဆိုတာ တကယ်ပဲ… ငါ သူ့အသက်ကိုတောင် ကယ်တင်ပေးခဲ့သေးတယ်… ငါက သူ့ကို ဓမ္မတာအိုလည်း သင်ကြားပေးခဲ့ဖူးတယ်”

“ဟားဟားဟား”

ထိုစကားက ထိန်းမနိုင်သိမ်းမရ ရယ်မောသံများကို ပို၍ပင် ကျယ်လောင်စွာ ထွက်ပေါ်လာစေ၏။

ထိုစကားကို ကြားသောအခါ နဂါးဧကရာဇ်များပင်လျှင် ရယ်မောလိုက်ကြ၏။

ဤပကတိနဂါးက အတော်လေး စိတ်ဝင်စားဖို့ကောင်းလေသည်။ သူက အန္တရာယ်ကို ဖြေရှင်းဖို့အတွက် အထီးကျန်သိုင်းသခင်၏ တာအိုဘွဲ့ကို တကယ်ပင် အသုံးပြုလိုနေ၏။

လုံရန်က မျိုးနွယ်ဝင်များစွာ၏ လှောင်ပြောင်သရော်ခြင်း ခံနေရသည်ကို တွေ့ရသောအခါ လုံလီက မလုံမလဲခံစားလာရ၏။

“အဲ့ဒါတွေအားလုံးက ငါ့အမှားပဲ”

လုံလီက သူမကိုယ်သူမ အပြစ်တင်လိုက်၏။

“ငါသာ အထီးကျန်သိုင်းသခင်အကြောင်း သူ့ကို မပြောခဲ့ဘူးဆိုရင် သူက အထီးကျန်သိုင်းသခင်နဲ့ သိတယ်လို့ ပြောမှာမဟုတ်ဘူး… သူက အခုလိုမျိုး လှောင်ပြောင်သရော်ခံရမှာလည်း မဟုတ်ဘူး”

“အဲ့ဒါက ရယ်စရာကောင်းနေလို့လား”

ထိုစဉ်မှာပင် ခန်းမထဲကနေ အလွန်တရာ စိမ်းသက်သော အသံတစ်သံက ထွက်ပေါ်လာ၏။

ထိုအသံက မတိုးလွန်း မကျယ်လွန်းသော်လည်း အဆုံးစွန်နဂါးခန်းမ၏ တစ်ထောင့်တစ်နေရာမကျန် ပျံ့နှံ့သွားပြီး နဂါးတိုင်း၏ နားထဲသို့ ဝင်ရောက်လာ၏။ ထိုအသံက ရယ်မောသံများအားလုံးကိုပင် ဖိနှိမ်လိုက်လေ၏။

ရယ်သံများက တဖြည်းဖြည်းစဲသွား၏။

နဂါးဧကရာဇ်များက မျက်မှောင်ကြုတ်လိုက်၏။ သူတို့သည် အသံကို ကြားရသော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့မြင်ရပေ။

သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကပင် အဲ့ဒါကို မထောက်လှမ်းနိုင်ပေ။

နောက်ခဏ၌ ခန်းမထဲရှိ လေဟာနယ်က ပွင့်ထွက်သွားပြီး ပုံရိပ်နှစ်ခုက လက်ချင်းတွဲကာ ဆင်းသက်လာ၏။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးက လေထဲမှာ မတ်တတ်ရပ်ပြီး ခန်းမထဲရှိ နဂါးများကို ကြည့်နေ၏။

အမျိုးသားမှာ အနက်ရောင်ဆံပင်ရှိပြီး ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူက ငွေရောင်မျက်နှာဖုံးတစ်ခုကို တပ်ထားပြီး ပင်လယ်ကဲ့သို့ နက်ရှိုင်းသော မျက်လုံးတစ်စုံကိုသာ ထုတ်ဖော်ထား၏။

အမျိုးသမီးက သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ အနက်ရောင်ဆံပင်များကို ရေတံခွန်တစ်ခုကဲ့သို့ ဖြန့်ချထား၏။ သာမန်ကာလျှံကာ မတ်တတ်ရပ်နေရုံမျှနှင့် သူမသည် လောကကို အထက်စီးကနေ ကြည့်နေသည့် မောက်မာဝံ့ကြွားသော အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။

ရုတ်တရက် ခန်းမက သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

နဂါးများအားလုံးက ထိတ်လန့်တကြား အမူအရာများနှင့် မျက်လုံးများ ပြူးကျယ်နေကြ၏။ သူတို့၏ လည်ပင်းများသည် မမြင်ရသော လက်တစ်ဖက်ဖြင့် ဖိညှစ်ခံထားရသည့်အလားပင်။ သူတို့အနေဖြင့် ရယ်ဖို့ကို မပြောနှင့်… အသက်ရှူဖို့ပင် အင်မတန် ခဲယဉ်းလာလေသည်။

All Chapters