ငါ့ကိုတားတဲ့ဘယ်သူမဆို သေရလိမ့်မယ်
Vol. 205 Ch. 3065
ဘုရင်ရှစ်ရှန်၏ ပကတိကောင်းကင်လိုဏ်ဂူက ဆူဇီမို၏ မျိုးဆက်သွေးနယ်မြေကို ထိန်းချုပ်ထားပြီး သူက တစ်ချိန်တည်းမှာပင် သူ၏ အမြုတေစိတ်ဝိညာဉ်ကို အသက်သွင်းလိုက်၏။
အထွတ်အထိပ်ဘုရင်တစ်ဦး၏ စိတ်ဝိညာဉ်အသိစိတ်က သူ၏ နှာရောင်ထဲမှာ လျင်မြန်စွာစုဖွဲ့ပြီး အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခု၏ ပုံစံဖြင့် ပစ်လွင့်ထွက်ပေါ်လာ၏။
အသက်ဓာတ်ကင်းမဲ့သော မီးခိုးရောင်မြူခိုးတစ်ခုက အုပ်မိုးကျဆင်းလာပြီး ၎င်းဖြတ်သွားရာနေရာတိုင်းမှာ အသက်ဓာတ်များအားလုံးကို စုပ်ယူသွား၏။ ၎င်းရောက်ရှိမလာခင် ၎င်းသည် လက်ညှိုးတစ်ချောင်းအရွယ် တိုက်ပွဲဝင်အလောင်းတစ်လောင်းအဖြစ် အသွင်းပြောင်းလဲပြီး ဆူဇီမို၏ အသိစိတ်ရှိရာသို့ ပစ်ဝင်လာ၏။
အုတ်ဂူကမ္ဘာ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်သည် အုတ်ဂူကမ္ဘာ၏ ထိပ်တန်းကျင့်ကြံရေးနည်းစနစ်များထဲမှာ သတ်ဖြတ်ကွက်တစ်ကွက်ဖြစ်ပြီး နဂါးမျိုးနွယ်မှ ဘက်ပြန်ကြေးခွံလျှို့ဝှက်အတတ်နှင့် တစ်နည်းတစ်ဖုံဆင်တူလေသည်။
ဤတိုက်ပွဲဝင်အလောင်းအမြုတေစိတ်ဝိညာဉ်၏ တိုက်ခိုက်ရည်ခွန်အားက ထိပ်တန်းအဆင့်မှာမရှိပေ။
သို့သော်လည်း ပြိုင်ဘက်၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်သည် ၎င်းနှင့် ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် ၎င်းသည် တစ်ဘက်သူ၏ အသိစိတ်ထဲသို့ အလောင်းချီကို ဝင်ရောက်စေပြီး ထိုသူ၏ အမြုတေစိတ်ဝိညာဉ်အပေါ် ကြီးမားစွာဒုက္ခဖြစ်စေပေလိမ့်မည်။
ဘုရင်ရှစ်ရှန်၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်နှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူက အဲဒါကို ခုခံဖို့အတွက် အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခုကိုပင် စုဖွဲ့ခြင်းမရှိပေ။ သူက ချင်းဖျင်ဓားကိုသာ လွှဲယမ်းပြီး ဝင်ရောက်လာသော တိုက်ပွဲဝင်အလောင်းအမြုတေစိတ်ဝိညာဉ်ကို ခုတ်ပိုင်းချလိုက်၏။
ဘုရင်ရှစ်ရှန်က ထိုသည်ကို တွေ့မြင်သောအခါ ဝမ်းသာအားရဖြစ်သွား၏။
အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များကို ခုခံဖို့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ စိတ်ဝိညာဉ်အသိစိတ်များကို အသုံးပြုခြင်းဖြစ်သည်။ ထို့ကြောင့် အမြုတေစိတ်ဝိညာဉ်အမျိုးအစား လက်နက်များကသာ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များကို ခုခံနိုင်မည်ဖြစ်သည်။
ဤလူသား၏ လက်ထဲရှိ ဓားကတော့ ၎င်းသည် ထက်ရှပြီး အသွေးအသားကို ခုတ်ပိုင်းနိုင်လေသည်။ ၎င်းသည် ရိုးရိုးကောင်းကင်လိုဏ်ဂူစိတ်ဝိညာဉ်ရတနာတစ်ခုဖြစ်သည်မှာ သိသာနေ၏။
ဖောက်…
ထိုစဉ်မှာပင် ချင်းဖျင်ဓားက တိုက်ပွဲဝင်အလောင်း အမြုတေစိတ်ဝိညာဉ်နှင့် ထိခတ်သွားပြီဖြစ်ပြီး မည်သည့်အဟန့်အတားမှမရှိဘဲ ၎င်းကို နှစ်ပိုင်းလှီးဖြတ်ထုတ်လိုက်၏။
၎င်းပေါ်ရှိ အလောင်းချီက ဆူဇီမို၏ အသိစိတ်ထဲသို့ ဝင်ရောက်မလာနိုင်ရုံသာမက ၎င်းသည် ချင်းဖျင်ဓား၏ သိပ်သည်းပြင်းထန်သော အသက်ဓာတ်အားကြောင့် ပျက်ပြယ်သွားလေသည်။
“ဟမ့်”
ဘုရင်ရှစ်ရှန်က ရင်တစ်ချက်ထိတ်သွား၏။
အဲဒါက ဘယ်လိုဖြစ်ရတာလဲ။
အသွေးအသားကို ခုတ်ပိုင်းနိုင်သော ရိုးရိုးလက်နက်တစ်ခုက စိတ်ဝိညာဉ်အသိစိတ်တိုက်ခိုက်မှုများကို ဘယ်လိုလုပ်ပြီး ခုခံနေနိုင်တာလဲ။
သူက အဲဒါကို ပုံမဖော်နိုင်ခင် ချင်းဖျင်ဓားကနေ ဓားအလင်းတစ်ခုက တုန်လှုပ်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ပစ်လွင့်ထွက်ပေါ်လာ၏။ ၎င်းသည် ချက်ချင်းပင်ရောက်ရှိလာပြီး သူ၏ နှာရောင်ရှိရာသို့ ပစ်ဝင်လာလေသည်။
အဲဒါက အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခုလား...။
ဘုရင်ရှစ်ရှန်၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားပြီး သူ၏ အမူအရာက တုန်လှုပ်စွာဖြင့် ပြောင်းလဲသွား၏။
ထိုအခိုက်အတန့်မှာ သူသည် သေခြင်းအော်ရာ၏ အနံ့ကိုပင် ရရှိနေပြီး သူ၏ ခေါင်းမွေးများက အထိန်းအကွပ်မဲ့စွာ ထောင်ထလာကာ ခေါင်းနားပန်းကြီးလာခဲ့၏။
ဖန်တီးခြင်းကြာပဒုမ္မာကြီးပြင်းလာပြီးနောက် ကြာစေ့များစွာသည် အမြုတေစိတ်ဝိညာဉ်များကို သတ်ဖြတ်နိုင်သော အစိမ်းရောင်ကြာပန်းဓားတစ်လက်အဖြစ် ဆင့်ကဲပြောင်းလဲလာခဲ့၏။
ချင်းဖျင်ဓားသည် ဖန်တီးခြင်းကြာပဒုမ္မာ အဆင့်-၁၂ သို့ဝင်ရောက်ပြီး ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိလာပြီးမှသာ မွေးဖွားပေါ်ထွက်လာသော လက်နက်တစ်ခုဖြစ်လေသည်။
ချင်းဖျင်ဓားသည် ကြာစေ့တစ်ရာ့ရှစ်ခုကနေ စုဖွဲ့ထားသော အစိမ်းရောင်ကြာပန်းဓားကနေ ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော ချင်းဖျင်ဓားသည် ထိပ်တန်းအဆင့် နတ်ဘုရားလက်နက်တစ်ခုဖြစ်ရုံသာမက ၎င်းသည် အမြုတေစိတ်ဝိညာဉ်အမျိုးအစား သတ်ဖြတ်ခြင်းလက်နက်တစ်ခုလည်းဖြစ်သည်။
ဆူဇီမိုသည် ချင်းဖျင်ဓားကို အသုံးပြုပြီး အမြုတေစိတ်ဝိညာဉ်များကို အချိန်မရွေးတိုက်ခိုက်နိုင်လေသည်။ ဘုရင်ရှစ်ရှန်သည် ထိုကျောက်စိမ်းရောင်ဓားက ဤမျှအထိ စွမ်းအားကြီးမားနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ဖန်တီးခြင်းကြာပဒုမ္မာအနေဖြင့် အဆင့်-၁၂ ၏ အထွတ်အထိပ်ထိ ကြီးပြင်လာဖို့က ကောင်းကင်ဘုံသို့ တက်လှမ်းရသလောက် ခက်ခဲလေသည်။
ဧကရာဇ်အင်မော်တယ်နှိမ်နင်းပင်လျှင် ၎င်းကို သူ့ဘဝမှာ အဆင့်-၁၁ထိသာ မြှင့်တင်နိုင်ခဲ့၏။ ချင်းဖျင်ဓားက ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲ သိရှိဖို့ကို မပြောနှင့် ၎င်း၏ ပုံပန်းသဏ္ဍာန်ကိုပင် တွေ့မြင်ခဲ့ဖူးသူ မရှိသလောက်နီးပါးပင်။
တစ်ခဏချင်းမှာပင် ဓားအလင်းက ဘုရင်ရှစ်ရှန်၏ အသိစိတ်ထဲသို့ ဝင်ရောက်သွား၏။
ပင်လယ်ထဲသို့ ကျဆင်းသွားသော ကျောက်တုံးတစ်တုံးကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွား၏။
ဘုရင်ရှစ်ရှန်သည် အနည်းငယ်သာ ယိမ်းထိုးသွားပြီး သူ၏ မျက်နှာက ပို၍ပင် ဖြူဖပ်ဖြူရော်ဖြစ်လာ၏။ သို့သော်လည်း သူ၏ အသက်ဓာတ်အားက ပျက်ပြယ်သွားခြင်းမရှိဘဲ သူက မသေဆုံးပေ။
ဘုရင်ရှစ်ရှန်၏ အမြုတေစိတ်ဝိညာဉ်သည် ကျောက်သားအရေပြားအလောင်းဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားလေသည်။ ၎င်းကို ကျောက်တုံးမျိုးနွယ်မှ ဘုရင်တစ်ဦး၏ အမြုတေစိတ်ဝိညာဉ်ကနေ မွန်းမံသန့်စင်ထားပြီး ၎င်းသည် အမြုတေစိတ်ဝိညာဉ်အမျိုးအစား ခုခံရေးရတနာတစ်ခုလည်းဖြစ်လေသည်။
ထိုကျောက်သားအရေပြား အလောင်းဝတ်ရုံကြောင့် သူသည် ချင်းဖျင်ဓား၏ သတ်ဖြတ်ခြင်းနည်းစနစ်ကို ခုခံနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ချင်းဖျင်ဓား၏ ထက်ရှမှုက ကျောက်သားအရေပြားအလောင်းဝတ်ရုံကို ကြေမွသွားစေပြီး ဘုရင်ရှစ်ရှန်၏ အမြုတေစိတ်ဝိညာဉ်ပေါ် သိသာထင်ရှားသော ရိုက်ခတ်မှုတစ်ခုဖြစ်စေ၏။
ဘုရင်ရှစ်ရှန်၏ ပကတိကောင်းကင်လိုဏ်ဂူက အနည်းငယ်ယိမ်းထိုးသွားပြီး ၎င်းက အတော်လေးမတည်မငြိမ်ဖြစ်လာကာ အားနည်းချက်တစ်ခု ပေါ်ထွက်လာသည်။
ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။
ဖန်တီးခြင်းကြာပဒုမ္မာက ယိမ်းနွဲ့သွားပြီး ရောင်စုံအလင်းက ဖြန့်ကြက်ကာ ဘုရင်ရှစ်ရှန်၏ ပကတိကောင်းကင်လိုဏ်ဂူကို တစ်ခါတည်းခြေမွှဖျက်ဆီးပစ်လိုက်သည်။
ဆူဇီမို၏ အကြည့်က အေးစက်နေပြီး သူ၏ ဓားနှင့်အတူ ရှေ့သို့ပြေးတက်သွား၏။
ပကတိကောင်းကင်လိုဏ်ဂူ၏ ကာကွယ်မှုမရှိဘဲ တိုက်ပွဲဝင်အလောင်းသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေးနယ်မြေဖြင့် ဖိနှိမ်ခံထားရကာ အနားသို့ လုံးဝချဉ်းကပ်မလာနိုင်ပေ။ ဆူဇီမို၏ ဓားချက်အောက်မှာ ဘုရင်ရှစ်ရှန်က စဉ်းတီတုံးပေါ်ရောက်ရှိနေသော ငါးတစ်ကောင်ကဲ့သို့ဖြစ်လာ၏။
“ငါ့ကို လာကူပေးကြဦး”
အန္တရာယ်ကို နားလည်သဘောပေါက်သွားပြီး ဘုရင်ရှစ်ရှန်က ဆက်လက်၍ ဂရုမစိုက်နိုင်တော့ဘဲ အလောတကြီးလှမ်းအော်ပြောလိုက်၏။
ကမ္ဘာများစွာမှ ဘုရင်များကို သူက မကြာသေးခင်ကမှ သတ်ဖြတ်ထားခဲ့ပြီး လူတိုင်းက နောက်သို့ဆုတ်ခွာထားကြ၏။
ထိုအခိုက်အတန့်မှာ ဘုရင်ရှစ်ရှန်ဒုက္ခရောက်နေသည်ကို တွေ့မြင်သောအခါ ဤကမ္ဘာများမှဘုရင်များက တွေဝေတုံ့ဆိုင်းလာကြ၏။
တကယ်ဆို ဘုရင်တချို့က အူမြူးအားရနေကြ၏။
ဘုရင်ရှစ်ရှန်က သေဆုံးသွားမည်ဆိုလျှင်တောင် ဘာဖြစ်သလဲ။
အဲဒါက အခြေအနေပေါ် များစွာသက်ရောက်စေလိမ့်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ သူတို့မှာ ကောင်းကင်လိုဏ်ဂူဘုရင်ထောင်ချီနှင့် ဘီလီယံနှင့်ချီသော စစ်သည်များရှိနေ၏။
ဘုရင်ရှစ်ရှန်က သူတို့ကို တားဆီးခဲ့ခြင်းကြောင့်မဟုတ်လျှင် လူတိုင်းသည် ရှေ့သို့ပြေးဝင်ပြီး ဤလူသားဘုရင်ကို သတ်ဖြတ်ခဲ့ပြီးလောက်လေပြီ။ သူက ယခုအချိန်ထိ ဤကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်အောင် မွှေနှောက်နိုင်လိမ့်မည်မဟုတ်ပေ။
အခြားသော ကမ္ဘာများမှ ဘုရင်များမှာ အမျိုးမျိုးသောအတွေးများရှိနေသော်လည်း အုတ်ဂူကမ္ဘာမှဘုရင်များသည် ဘုရင်ရှစ်ရှန်သေဆုံးသွားမည်ကို ကြည့်နေကြလိမ့်မည် မဟုတ်ပေ။
“မင်းက အသက်ရှင်ရတာ ငြီးငွေ့နေတာပဲဖြစ်ရမယ်”
“သူ့ကိုသတ်ကြ”
ဘုရင်ရှစ်ရှန်နှင့် အနီးဆုံးမှာရှိနေသော အထွတ်အထိပ်ဘုရင်သုံးဦးက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဝင်ရောက်လာကြ၏။ သူတို့က သူတို့၏ ပကတိကောင်းကင်လိုဏ်ဂူများကို မြှောက်တင်ပြီး ဆူဇီမိုကို ဖိနှိမ်ဖို့ကြိုးစားလိုက်၏။
ထိုသည်ကို တွေ့မြင်သောအခါ ဘုရင်ရှစ်ရှန်က နောက်ဆုံးမှာ စိတ်လက်ပေါ့ပါးသွား၏။ သူက ပြေးဝင်လာသောဆူဇီမိုကို ကြည့်ပြီးလှောင်ရယ်လိုက်၏။
“မင်းက ငါ့ကိုသတ်နိုင်ဖို့ လိုပါသေးတယ်”
အထွတ်အထိပ်ဘုရင်သုံးဦးနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုက လုံးဝရပ်တန့်ခြင်းမရှိပေ။ သူက ဘုရင်ရှစ်ရှန်ကိုသာ အေးစက်စွာဖြင့် ကြည့်နေ၏။
“ဟမ်”
ဘုရင်ရှစ်ရှန်သည် ဆူဇီမို၏ အကြည့်မှာ ကြက်သီးမွေးညင်းထလာပြီး နောက်တစ်ဖန်မအီမသာခံစားလာရ၏။
ဤလူသားဘုရင်မှာ နောက်ထပ်ဝှက်ဖဲ ရှိနေဦးမှာလား။
ဤလူသားက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ သူ့မှာ ကောင်းကင်လိုဏ်ဂူအသေးတစ်ခုသာရှိလေသည်။
သူ့မျိုးဆက်သွေးနယ်မြေစွမ်းအားက တကယ်ပင်တစ်မူထူးခြားလေသည်။ သို့သော်လည်း ၎င်းသည် အထွတ်အထိပ်ဘုရင်သုံးဦး၏ ပကတိကောင်းကင်လိုဏ်ဂူများကို ခုခံဖို့အတွက် သေချာပေါက် မလုံလောက်ပေ။
“မင်းကိုငါသတ်တော့မှာကို သူတို့တွေ တားနိုင်မှာမဟုတ်ဘူး”
ထိုစဉ်မှာပင် ဆူဇီမို၏ အသံက တည်ငြိမ်၍ စွမ်းအားကြီးမားသောပုံစံဖြင့် ရုတ်တရက်ထွက်ပေါ်လာ၏။
“ငါ့ကိုတားတဲ့ဘယ်သူမဆို သေရလိမ့်မယ်”
ဝုန်း…
ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ တွဲဖက်၍ ဆူဇီမို၏ ဘေးပတ်လည်မှာရှိသော လေဟာနယ်ကပြိုကျကာ ကောင်းကင်လိုဏ်ဂူအသေးတစ်ခုပေါ်ထွက်လာ၏။
၎င်းသည် ကောင်းကင်လိုဏ်ဂူအသေးတစ်ခုသာဖြစ်သော်လည်း မနှိုင်းယှဉ်သာအေင် လျှို့ဝှက်ဆန်းကြယ်နေ၏။ ရောင်စုံအလင်းများက ဝင်းလက်တောက်ပနေ၏။ ကြယ်အလင်းရောင်က ပြိုးပြိုးပြက်ပြက်တောက်ပနေပြီး မိုးကြိုးလျှပ်စီးများက တဖျတ်ဖျတ်လက်ကာ မိုးကိုးထစ်ချုန်းထံက တဝုန်းဝုန်းမြည်ဟည်းနေ၏။ ပြင်းထန်ကြမ်းတမ်းသော မုန်တိုင်းတစ်ခုက ထွက်ပေါ်လာလေသည်။
မရေမတွက်နိုင်သော ဓမ္မမှော်စာလုံးများက ကောင်းကင်လိုဏ်ဂူထဲမှာ အမျိုးမျိုးသော နယ်မြေဖြစ်စဉ်များအဖြစ် အသွင်ပြောင်းလဲသွား၏။
“ဟဲဟဲ”
ဘုရင်ရှစ်ရှန်က အနည်းငယ်မှင်တက်သွား၏။ သို့သော်လည်း သူက အလျင်အမြန်တုံ့ပြန်ကာ ရယ်မောပြီး အလိုလိုပြောလိုက်၏။
“အဲဒါက ကောင်းကင်လိုဏ်ဂူအသေးတစ်ခုပဲ…”
ဝုန်း… ဝုန်း… ဝုန်း… ဝုန်း…
သူ့စကားမဆုံးသေးခင်မှာပင် မြည်ဟည်းသံလေးသံက သူ့စကားသံကို ဖြတ်တောက်ပစ်လိုက်၏။ စောစောက ကောင်းကင်လိုဏ်ဂူအသေးတစ်ခုအပြင် ဆူဇီမို၏ ဘေးပတ်လည်မှာရှိသောလေဟာနယ်က တစ်ခုပြီးတစ်ခုပြိုကျသွားပြီး ဧရာမ ကောင်းကင်လိုဏ်ဂူစွမ်းအားစီးကြောင်းတစ်ခုက တလိပ်လိပ်ထိုးထွက်လာ၏။
“ဒါက…”
ဤတစ်ခေါက်မှာ ဘုရင်ရှစ်ရှန်နှင့် ရှေ့သို့ပြေးဝင်လာသော အထွတ်အထိပ်ဘုရင်သုံးဦးသာလျှင် မဟုတ်တော့ပေ။
ဘေးပတ်လည်မှာရှိသော ဘီလီယံနှင့်ချီသည့် စစ်သည်များ၊ ကောင်းကင်လိုဏ်ဂူဘုရင်ငါးထောင်ကျော်နှင့် မီးပဒေသာနဂါးကြယ်ပေါ်မှ နဂါးများကပင် တွေ့မြင်ရသောအချင်းအရာမှာ တုန်လှုပ်စွာဖြင့် မျက်လုံးများပြူးကျယ်သွားကြသည်။
ကြယ်တာရာကောင်းကင်၏ မိုင်ပေါင်းထောင်ချီအတွင်း သက်ရှိများအားလုံးသည် ထိုအချင်းအရာမှာ တုန်လှုပ်နေကြ၏။
ထိုအခိုက်အတန့်မှာ လောကက တိတ်ဆိတ်ငြိမ်သက်သွားပုံရသည်။
ပညာရှင်များစွာက မယုံကြည်စရာကောင်းလွန်းသည်ဟု ခံစားနေရ၏။
သူတို့ရှေ့မှမြင်ကွင်းသည် ကျင့်ကြံရေးအပေါ် သူတို့၏ နားလည်သဘောပေါက်ထားမှုနှင့် လုံးလုံလျားလျားကွဲပြားနေ၏။
“ကောင်း.. ကောင်းကင်လိုဏ်ဂူ ငါးခုလား”
နဂါးဘုရင်စိတ်ဝိညာဉ်၏ အသံက တုန်ယင်စွာထွက်ပေါ်လာ၏။
ဤကဲ့သို့သော တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုကို ကိုယ်တိုင်မြင်တွေ့ရဖို့ မပြောနှင့် ရှေးဟောင်းဒဏ္ဍာရီများမှာပင် ထိုသို့ဖြစ်ရပ် ဘယ်တုန်းကမှ မရှိခဲ့ဖူးပေ။