ရထားလုံးကိုတားဆီးဖို့ ကြိုးစားနေသောနှံကောင်
Vol. 205 Ch. 3063
အန္တိမဘုရင်တစ်ဦးက ထိုကဲ့သိုပင် သေဆုံးသွား၏။
ဘုရင်များစွာမှာ စိတ်လက်ပေါ့ပါးသော အမူအရာများရှိနေပြီး သူတို့ဘေးပတ်လည်မှ လူများနှင့်အတူ အေးအေးဆေးဆေးစကားပြောဆိုနေကြ၏။ သူတို့သည် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။
သူတို့က ခဏမျှ စိတ်အာရုံ ပျံ့လွင့်သွားပြီး တစ်ချက်ပြန်ကြည့်ရုံနှင့် ရှေ့သို့ပြေးတက်သွားသော အန္တိမဘုရင်က သေဆုံးသွားပြီဖြစ်၏။
အဲဒါက နည်းနည်းတော့ မြန်လွန်းမနေဘူးလား။
လူများစွာက ထိုသည်ကို တွေ့မြင်သောအခါ အဲဒါက အစစ်အမှန်မဟုတ်ဟုပင် ခံစားနေရ၏။
ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်၍ ဘုရင်တစ်ပါးဖြစ်လာပြီးနောက် လူတိုင်းမှာ အသက်ကယ်နည်းလမ်းအမျိုးမျိုးရှိထားကြ၏။
ဘုရင်များကြား တိုက်ပွဲတစ်ခုမှာပင်လျှင် အရေအတွက် ကြီးမားစွာ ကွာဟနေခြင်း သို့မဟုတ် တစ်ဘက်သူက ခွန်အားအရာမှာ ပကတိသာလွန်ခြင်းမဟုတ်သရွေ့ တစ်ယောက်ယောက်သေရဖို့က ခဲယဉ်းလေသည်။
အန္တိမဘုရင်တစ်ဦးက အလျင်အမြန်သေဆုံးသွားရုံမျှသာဆိုလျှင် အဆင်ပြေသေးလေသည်။
လူတိုင်းကို အံ့အားသင့်စေသည့်အရာမှာ ဤလူသားဘုရင်သည် သူတို့အယောက်ငါးထောင်ကျော်ရှေ့မှာ သူတို့ဘက်မှလူတစ်ယောက်ကို တကယ်ပင် သတ်ဖြတ်ရဲလေသည်။
မီးပဒေသာနဂါးကြယ်ပေါ်မှ နဂါးများက ထိုမြင်ကွင်းမှာ တုန်လှုပ်သွားကြ၏။
အစကတော့ ဆူဇီမိုကို မကျေမနပ်ဖြစ်နေပြီး သံသယပင်ဝင်နေသော နဂါးဘုရင်တချို့က နှုတ်ဆိတ်သွားကြ၏။
ယခုအချိန်မှာ သူတို့သည် မီးပဒေသာနဂါးကြယ်ကို အသေအလဲ ခုခံနေရပြီး အများသူငှာရှေ့မှာ အန္တိမဘုရင်တစ်ဦးကို သတ်ဖြတ်ဖို့မပြောနှင့် သူတို့က အပြင်ဘက်သို့ပင် ထွက်ရဲခြင်းမရှိပေ။
နဂါးဘုရင်တစ်ဦးက နှာတစ်ချက်မှုတ်ကာ ပြောလိုက်၏။
“ဒီလူ့မှာ နည်းလမ်းတချို့တော့ရှိသားပဲ… ဒါပေမဲ့ သူ့ရဲ့အပြုအမူက တစ်ဘက်သူရဲ့ အမျက်ဒေါသကိုပဲ ရစေလိမ့်မယ်… အဲဒါက ဉာဏ်ရှိရာမကျဘူး”
“ဘာကိုဉာဏ်ရှိရာမကျတာလဲ”
နဂါးဘုရင်စိတ်ဝိညာဉ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“တစ်ဘက်သူက သူ့ကို လွှတ်ပေးဖို့ လုံးဝစိတ်ကူးမရှိဘူး… သူ့ကို သတ်ဖို့တောင် ကြိုးစားခဲ့ပြီးပြီပဲ.. သူက ပြန်မတိုက်ခိုက်ဘဲ သူ့ဆီကနေ မင်းက ဘာကိုမျှော်လင့်ချင်သေးတာလဲ… ဒူးထောက်ပြီး တောင်းပန်ဖို့လား”
နဂါးဘုရင်စိတ်ဝိညာဉ်က ထိုနဂါးဘုရင်ကို တစ်ချက်ကြည့်ပြီးနောက် သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
တကယ်ဆို နဂါးဘုရင်တစ်ဦးထံကနေ ဤကဲ့သို့သောစကားလုံးများ ထွက်ပေါ်လာသည်ကိုပင် သူက မယုံကြည်နိုင်ပေ။
“သူက ပြန်ပြီးတိုက်ခိုက်မယ်ဆိုရင်တောင်မှ အလကားပဲ… အဲဒါက ဘာမှထူးခြားလာမှာ မဟုတ်ဘူး”
ထိုနဂါးဘုရင်က ပြောလိုက်၏။
“သူက ဘုရင်တစ်ပါးကို သတ်ဖြတ်နိုင်တယ်.. ဒါပေမဲ့ သူက ဘယ်နှယောက်ကို သတ်ဖြတ်နိုင်မှာလဲ.. ဆယ်ယောက်လား.. အယောက်တစ်ရာလား… အယောက်တစ်ထောင်လား… အခုချိန်မှာ ရှေ့ကို ထွက်သွားတာက ရထားလုံးကို တားဖို့ကြိုးစားနေတဲ့ နှံကောင်လိုပဲ”
ကြယ်တာရာကောင်းကင်ထဲမှာ။
ဘုရင်ရှစ်ရှန်က ယခုတင် သေဆုံးသွားသော အုတ်ဂူကမ္ဘာ၏ ဘုရင်ကို မှင်သေသေဖြင့်တစ်ချက်ကြည့်လိုက်၏။ သေဆုံးသွားသော အုတ်ဂူကမ္ဘာမှဘုရင်က သူနှင့်သက်ဆိုင်မှုမရှိသည့်အလား သူ၏ အမူအရာက တည်ငြိမ်နေ၏။
ထိုသည်မှာ ကောင်းကင်လိုဏ်ဂူဘုရင်တစ်ဦး သေဆုံးသွားခြင်းမျှသာဖြစ်၏။
ထိုအချင်းအရာသည် ဘုရင်ငါးထောင်ကျော်ပါဝင်သည့် စစ်တပ်ကိုပိုင်ဆိုင်ထားသည့် ဘုရင်ရှစ်ရှန်အတွက် ထူးခြားမှုမရှိပေ။
ဤကဲ့သို့သော အခြေအနေတစ်ခုမှာ သာမန်ဘုရင်တစ်ဦးကိုမပြောနှင့် အထွတ်အထိပ်ဘုရင်တစ်ရာ ရှေ့သို့ပြေးထွက်လာမည်ဆိုလျှင်တောင် များစွာထူခြားလိမ့်မည် မဟုတ်ပေ။
“ရထားလုံးကိုတားဆီးဖို့ ကြိုးစားနေတဲ့နှံကောင်ပဲ”
ဘုရင်ရှစ်ရှန်က လှောင်ရယ်ပြီး သူ၏ လက်ကို သာမန်ကာလျှံကာ ဝေ့ယမ်းလိုက်၏။
“သူ့ကိုသတ်ကြ..”
ဘုရင်သုံးလေးဆယ်က လူအုပ်ကြားထဲကနေ ရှေ့သို့ ပြေးထွက်လာကြ၏။
သူတို့ထဲမှတချို့က သာမန်ဘုရင်များဖြစ်ပြီး တချို့က အန္တိမဘုရင်များဖြစ်ကြသည်။
အထွတ်အထိပ်ဘုရင်များသည် ဆူဇီမိုကဲ့သို့ သာမန်ဘုရင်တစ်ဦးကို သတ်ဖြတ်ဖို့ စိတ်မဝင်စားကြပေ။
တိုက်ခိုက်ဖို့ပြင်နေသော ဘုရင်များလည်းရှိကြလေသည်။
သို့သော်လည်း ဤမျှများပြားသောလူများ ရှေ့သို့ထွက်လာသည်ကို တွေ့မြင်သောအခါ သူတို့က နောက်သို့ပြန်ဆုတ်လိုက်ကြ၏။
ဆူဇီမိုသည် ပြေးဝင်လာသော ဘုရင်သုံးလေးဆယ်ကို တည်ငြိမ်နေသောအမူအရာဖြင့် ကြည့်ပြီး ဂရုမစိုက်သည်ဟန်ဖြင့် ပြောလိုက်၏။
“မင်းပြောတာမှားတော့မမှားဘူး”
“ဒါပေမဲ့ ဘယ်သူကနှံကောင်လဲ… ဘယ်သူက ရထားလုံးလဲဆိုတာ ပြောဖို့ခက်တယ်”
ထိုအခိုက်အတန့်မှာ မည်သူကမှ သူ့စကားကို ဂရုမစိုက်ကြပေ။
လူတိုင်းက ထိုစကားကိုကြားသောအခါ အထင်အမြင်သေးစွာဖြင့်သာ နှာရှုံ့လိုက်ကြ၏။
ကောင်းကင်လိုဏ်ဂူဘုရင်သုံးလေးဆယ်က ရှေ့သို့ပြေးတက်လာကြ၏။ သာမန်ဘုရင်တစ်ဦးက သူ၏ ကောင်းကင်လိုဏ်ဂူကို မြှောက်တင်ပြီး အုန်းအုန်းကျက်ကျက်ဖြစ်သွားစေ၏။
သို့သော်လည်း အခြားသော ကောင်းကင်လိုဏ်ဂူဘုရင်များက သူ့ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်ကြ၏။ ထိုလူက ရှက်ရွံ့သွားပြီး သူ၏ ကောင်းကင်လိုဏ်ဂူကို ချက်ချင်းပင် ပြန်လည်ရုပ်သိမ်းလိုက်၏။
ကောင်းကင်လိုဏ်ဂူဘုရင်သုံးလေးဆယ်နှင့် အန္တိမဘုရင်ဆယ်ဦးကျော်က တိုက်ခိုက်လာကြပြီး သူတို့သည် တစ်ယောက်တစ်ချက်စီကန်ရုံဖြင့် သူလူသားဘုရင်ကို နင်းချေသတ်ဖြတ်နိုင်လေသည်။ သူတို့က သူတို့၏ ကောင်းကင်လိုဏ်ဂူများကို ဘာ့ကြောင့်ဆင့်ခေါ်နေရမှာလဲ။
ဤကဲ့သို့သော တိုက်ခိုက်မှုတစ်ရပ်မှာ ဆူဇီမိုသည် ရှောင်တိမ်းခြင်း သို့မဟုတ် နောက်ဆုတ်ခြင်းမရှိပေ။ ထိုအစား သူက ဘုရင်သုံးလေးဆယ်ရှိရာသို့ လက်ဗလာဖြင့် ပြေးဝင်သွား၏။
ကြည့်ရသည်မှာ ထိုမြင်ကွင်းသည် ရထားလုံးကို တားဆီးဖို့ကြိုးစားနေသော နှံကောင်တစ်ကောင်နှင့် တကယ်ပင်တူနေသည်။
ဆူဇီမိုသည် နောက်ခဏ၌ ရထားလုံး၏ ဧရာမဘီးအောက်မှာ ပိပြားသွားတော့မည့်အလားပင်။
နှစ်ဦးနှစ်ဘက်က ထိတွေ့တော့မည့်ဆဲဆဲမှာပင် ဆူဇီမို၏ နှာရောင်ကနေ ပြိုးပြိုးပြက်ပြက် အစိမ်းရောင်ဓားအလင်းတစ်ခု ပစ်လွင့်ထွက်ပေါ်လာ၏။
ဇီ…
ဓားတေးသံက ထွက်ပေါ်လာ၏။
ဆူဇီမိုသည် ချင်းဖျင်ဓားကို ကိုင်ဆွဲရင်း ဓားနှင့်အတူလိုက်ပါကာ ဓားအလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး လူအုပ်ကြားထဲသို့ ပြေးဝင်သွား၏။
ဓားအရိပ်များက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာလေသည်။ ဓားအလင်းများက ဝင်းလက်တောက်ပနေပြီး အဘက်ဘက်ကို မွှေနှောက်ဝင်ရောက်ကာ ဘုရင်များစွာကို ချက်ချင်းပင်ဝါးမျိုသွားလေသည်။
တကယ်တော့ဤကောင်းကင်လိုဏ်ဂူဘုရင်များသည် အစိမ်းရောင်ဓားအလင်းကို တွေ့မြင်သည့်အချိန်မှာ သူတို့သည် တစ်စုံတစ်ရာလွဲမှားနေသည်ကို ခံစားမိပြီး သူတို့၏ ကောင်းကင်လိုဏ်ဂူများကို ထုတ်ဖော်လိုကြ၏။ သို့သော်လည်း ဓားအလင်းကကျိန်းစပ်လွန်းပြီး သူတို့၏ မျက်လုံးများက နာကျင်သွားလေသည်။ ဓားတေးသံက ရုတ်တရက်ထွက်ပေါ်လာပြီး သူတို၏ နားထဲမှာ ထက်ရှသော ဓားတစ်လက်ကဲ့သို့ ထိုးဖောက်ဝင်ရောက်လာ၏။
ထိုအခိုက်အတန့်မှာ ဘုရင်များစွာက သူတို၏ အာရုံငါးပါးကို ဆုံးရှုံးသွားရ၏။
ထိုအနည်းငယ်ကြန့်ကြမှုနှင့်အတူ အစိမ်းရောင်ဓားအလင်းက ဒီရေလှိုင်းတစ်လှိုင်းကဲ့သို့ ဝင်ရောက်လာပြီး ဘုရင်များကို ဝါးမျိုသွားလေသည်။ နောက်ခဏ၌ ကျိန်းစပ်နေသော သွေးရောင်က ပစ်လွင့်ထွက်ပေါ်လာပြီး ကြယ်တာရာကောင်းကင်ထဲမှာ သိပ်သည်းပြင်းထန်သော သွေးချီနှင့်အတူ ဖိတ်စင်ပြန့်ကျဲသွား၏။
သွေးမြူခိုးများကြားမှာ မတ်တတ်ရပ်လျက် ပုံရိပ်တစ်ခုသာ ကျန်ရစ်ခဲ့၏။ သူ၏ အနက်ရောင်ဆံပင်က လူးလွန့်နေပြီး သူက ဓားတစ်လက်ကို ကိုင်ဆွဲထား၏။ သူ၏ အစိမ်းရောင်ဝတ်ရုံကပင် သွေးများဖြင့် စွန်းထင်းခံရခြင်းမရှိပေ။
မီးပဒေသာနဂါးကြယ်၏ အတွင်းပိုင်းနှင့်အပြင်ပိုင်းမှာ နဂါးများနှင့် ဘီလီယံနှင့်ချီသော စစ်သည်များက ကြက်သေသေ၍ တွေ့မြင်ရသောအချင်းအရာမှာ တုန်လှုပ်နေကြ၏။
အဖြစ်အပျက်က အရမ်းကိုမြန်ဆန်လေသည်။
ဓားတေးသံက ထွက်ပေါ်လာခဲ့၏။ ထွက်ပေါ်လာသောအသံက မစဲသေးခင်မှာပင် တိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်သည်။
ယခုတင်ရှေ့သို့ပြေးတက်သွားသော ဘုရင်သုံးလေးဆယ်က ခြွင်းချက်မရှိ သေဆုံးသွားကြ၏။
တကယ်ဆို မည်သည့်အလောင်းတစ်လောင်းပင် မကျန်ရစ်ခဲ့ပေ။ သူတို့အားလုံးသည် ကောင်းကင်တစ်ခွင်ပြည့်နှက်နေသော သွေးမြူများအဖြစ်ပြောင်းလဲပြီး ပြတ်တောက်သွားသော ခြေလက်များက ပြန့်ကျဲနေ၏။
တကယ်တော့ ကောင်းကင်ဘုရင်သုံးလေးဆယ်၏ သေဆုံးမှုသည် သူတို့က အားနည်းလွန်းသောကြောင့်မဟုတ်ဘဲ သူတို့၏ ရန်သူကို လျှော့တွက်မိခဲ့သောကြောင့်ဖြစ်သည်ကို လူတိုင်းက သိရှိထားကြသည်။
ထိုသို့ဆိုလျှင်တောင် ဆူဇီမို၏ စောစောကတိုက်ခိုက်မှုက မရေမတွက်နိုင်သော ကျင့်ကြံသူများကို တုန်လှုပ်သွားစေ၏။
ဘုရင်ရှစ်ရှန်က သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်သော်လည်း သူ၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်၏။ သူ၏ အကြည့်က ချင်းဖျင်ဓားပေါ် ဆင်းသက်ရောက်ရှိသွားပြီး ခေါင်းညိတ်လိုက်၏။
“အဲဒါက ဓားကောင်းပဲ”
ဘုရင်ရှစ်ရှန်က အမိန့်မပေးရသေးခင် ကောင်းကင်လိုဏ်ဂူဘုရင်ရာချီက ချက်ချင်းပင် ရှေ့သို့ ပြေးထွက်သွား၏။
သူတို့ကြားမှာ အထွတ်အထိပ်ဘုရင်သုံးဦးပင် ပါဝင်လေသည်။
ဤတစ်ခေါက်မှာ ကောင်းကင်လိုဏ်ဂူဘုရင်များစွာက သူတို့၏ အထင်အမြင်သေးမှုကို ရုပ်သိမ်းပြီး သူတို့၏ ကောင်းကင်လိုဏ်ဂူများကို ထုတ်ဖော်ကာ ရှေ့သို့ပြေးတက်သွားကြ၏။
“လမ်းဖယ်ပေးကြ..”
အထွတ်အထိပ်ဘုရင်တစ်ဦးက အော်ပြောလိုက်၏။
အထွတ်အထိပ်ဘုရင်သုံးဦးက အမြင်အာရုံထက်ရှပြီး သူတို့အားလုံးက ဆူဇီမို၏ လက်ထဲရှိ ချင်းဖျင်ဓားကို မျက်စိကျနေကာ အဲဒါကို အရယူလိုနေကြ၏။
အခြားသော ကောင်းကင်လိုဏ်ဂူဘုရင်ရာချီကက မတတ်သာဘဲ လူစုခွဲပေးလိုက်ရ၏။
အထွတ်အထိပ်ဘုရင်သုံးဦးက ရှေ့သို့ အသည်းအသန်ပြေးဝင်သွား၏။ သူတို့သည် သူတို့၏ ပကတိကောင်းကင်လိုဏ်ဂူများကို မထုတ်ဖော်သော်လည်း သူတို့က ပေါ့ပေါ့ဆဆမပြုမူရဲဘဲ သူတို့၏ ကောင်းကင်လိုဏ်ဂူ စိတ်ဝိညာဉ်ရတနာများကို ဆင့်ခေါ်လိုက်ကြ၏။
တကယ်ဆို သူတို့သည် အစိမ်းရောင်ဓား၏ ထက်ရှမှုထံမှ အေးစက်မှုတစ်ခုကိုပင် ခံစားနေရ၏။
ဆူဇီမိုက အထွတ်အထိပ်ဘုရင်သုံးဦးရှိရာသို့ လျှောက်လှမ်းသွားပြီး ရုတ်တရက်ပြုံးလိုက်၏။
“တကယ်တော့ ငါ့ရဲ့ ကိုယ်ကာယနဲ့ မျိုးဆက်သွေးကလည်း မဆိုးပါဘူးလေ”
ဝုန်း…
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဆူဇီမို၏ ခန္ဓာကိုယ်ထဲကနေ ကျယ်လောင်သော ဆူနာမီသံက ထွက်ပေါ်လာပြီး သိပ်သည်းပြင်းထန်သော သွေးချီက တလိပ်လိပ်ထိုးတက်ကာ မရေမတွက်နိုင်သောအကြည့်များကို ဆွဲဆောင်မိသွား၏။
ဘုရင်ရှစ်ရှန်၏ အမူအရာကပင် ပြောင်းလဲသွားပြီး စိတ်ဝင်တစားကြည့်လိုက်၏။
“ဘယ်လောက်တောင် စွမ်းအားကြီးမားတဲ့သွေးချီလဲ”
ဘုရင်ရှစ်ရှန်က တီးတိုးရေရွတ်လိုက်၏။
“ဒါက ထင်ယောင်ထင်မှားတစ်ခုလား”
နတ်ဘုရားမျိုးနွယ်နှင့် နဂါးမျိုးနွယ်ကဲ့သို့ စွမ်းအားကြီးမားသောကိုယ်ကာယများနှင့်သက်ရှိများပင်လျှင် ဤကဲ့သို့ စွမ်းအားကြီးမားသောသွေးချီကို ရရှိသည်အထိ ကျင့်ကြံနိုင်ချင်မှ ကျင့်ကြံနိုင်ပေလိမ့်မည်။
ဤလူသား၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးမှာ ထူးခြားသောနောက်ခံတချို့ရှိနေတာလား။
ဤနေရာမှာ ကောင်းကင်လိုဏ်ဂူဘုရင်များစွာရှိနေ၏။ သို့သော်လည်း ဆူဇီမို၏ သွေးချီကို တွေ့မြင်ရုံမျှနှင့် ဖြစ်ပျက်နေသည့်အရာကို ပြောနိုင်သည့်သူ များစွာမရှိပေ။
နောက်ခဏ၌ ဆူဇီမိုက သူ၏ မျိုးဆက်သွေးကို ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်လိုက်၏။
ရုတ်တရက် သူ၏ နောက်ကျောကနေ ကျောက်စိမ်းရောင်ကြာပန်းတစ်ခုက ပေါ်ထွက်လာလေသည်။ ၎င်းသည် လောကကို ထိုးဖောက်လုနီးပါးဖြစ်ပြီး အလင်းရောင်နှင့်အတူ ယိမ်းနွဲ့ကာ ကြယ်တာရာကောင်းကင်ကို တုန်ခါသွားစေ၏။