← Chapters

ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ

Vol. 205 Ch. 3062

ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ

Vol. 205 Ch. 3062

“သူတို့က အုတ်ဂူကမ္ဘာဘက်ကများ ဖြစ်နေမလား”

နဂါးဘုရင်တစ်ဦးက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“နဂါးဘုရင်မီးတောက်ပြောတာမှန်နေမလား… လုံလီနဲ့ တခြားသူတွေက နဂါးမျိုးနွယ်ကို တကယ်သစ္စာဖောက်ထားတာလား”

ဆူဇီမိုနှင့် အခြားသုံးယောက်ကို သံသယဝင်နေဆဲဖြစ်သော နဂါးဘုရင်များ ရှိနေသေး၏။

“မဟုတ်လောက်ဘူး”

နဂါးဘုရင်စိတ်ဝိညာဉ်က သူ၏ ခေါင်းကိုညင်သာစွာ ခါပြလိုက်၏။

ရှစ်ရှန်က စောစောတုန်းက ပြောခဲ့တာပဲ… ဖုန့်မြို့တော်ကို ယာယီအားဖြင့် ကယ်တင်နိုင်ခဲ့တယ်ဆိုတာ လူသားဘုရင်တစ်ဦးက အုတ်ဂူကမ္ဘာက ဘုရင်ဆယ်ဦးကျော်ကို သတ်ဖြတ်ခဲ့လို့ပဲတဲ့… သူက အုတ်ဂူကမ္ဘာဘက်က ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ”

နဂါးဘုရင်လင်းရောင်ခြည်က ထပ်ပြောလိုက်၏။

“အဲဒီအစိမ်းရောင်ဝတ်ကျင့်ကြံသူကို အပြင်ဘက်က ဘုရင်တွေ ကြည့်နေတဲ့ပုံကို ကြည့်လိုက်… သူတို့က သူ့ကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေကြတာ… သူတို့က တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းမထားဘူးဆိုတာ ထင်ရှားနေတယ်”

နဂါးဘုရင်စိတ်ဝိညာဉ်က မျက်မှောင်ကြုတ်ကာ လေးနက်စွာဖြင့် ပြောလိုက်၏။

“ဒါပေမဲ့ သူက ဘာလုပ်ချင်နေတာပါလိမ့်… သူက မီးပဒေသာနဂါးကြယ်ပေါ်မှာ နေပြီး အစီအရင်ဝင်္ကပါရဲ့ ကာကွယ်မှုအောက်မှာရှိနေမယ်ဆိုရင် သူက အနည်းဆုံးတော့ ဒီထက်ပိုပြီး နည်းနည်းကြာအောင် အသက်ရှင်နိုင်သေးတယ်… သူထွက်သွားမယ်ဆိုရင်တော့”

နဂါးမျိုးနွယ်သာလျှင်မဟုတ်ဘဲ မီးပဒေသာနဂါးကြယ်၏ အပြင်ဘက်မှာ ဘုရင်များစွာကပင် တစ်ယောက်ပြီးတစ်ယောက် ရပ်တန့်ကာ စိမ်းသက်နေသော အမူအရာများနှင့်အတူ လေထဲသို့ပျံတက်လာသည့် အစိမ်းရောင်ဝတ်အမျိုးသားကို ကြည့်နေကြ၏။

“အဲဒါသူပဲ”

ဖုန့်မြို့တော်ကနေ ထွက်ပြေးလွတ်မြောက်လာသော ပကတိစိတ်ဝိညာဉ်တစ်ဦးက လှမ်းအော်ပြောလိုက်၏။

“ဖုန့်မြို့တော်မှာ ဝင်ရောက်တိုက်ခိုက်ပြီး ကျုပ်တို့ရဲ့ဘုရင်တွေကို သတ်ဖြတ်ခဲ့သူက အဲဒီလူပဲ”

“လူသားဘုရင်တစ်ဦးလား”

ဘုရင်ရှစ်ရှန်က ကျီစယ်နောက်ပြောင်လိုသောအကြည့်နှင့်အတူ တီးတိုးရေရွတ်လိုက်၏။

ဆူဇီမိုသည် မျောက်နှင့် အခြားနှစ်ယောက်ကို ဝင်္ကပါရှေ့သို့ ခေါ်ဆောင်လာ၏။ သူက နည်းလမ်းတချို့ကို သုံးပြီး ဝင်္ကပါပေါ်ရှိ အက်ကွဲကြောင်းကနေတစ်ဆင့် အပြင်ဘက်သို့ ထွက်ခွာကာ ကြယ်တာရာကောင်းကင်ထဲသို့ ရောက်ရှိလာ၏။

စောစောက မီးပဒေသာနဂါးကြယ်ပေါ်မှာ လုံရန်နှင့် အခြားနှစ်ယောက်သည် ဝင်္ကပါ၏ အဟန့်အတားကြောင့် အဲဒါကို ရှင်းရှင်းလင်းလင်းအာရုံမခံမိနိုင်ခဲ့ပေ။

ထိုအခိုက်အတန့်မှာ သူတို့သည် မီးပဒေသာနဂါးကြယ်အပြင်ဘက် ကြယ်တာရာကောင်းကင်သို့ရောက်ရှိလာပြီး ကောင်းကင်လိုဏ်ဂူဘုရင်ငါးထောင်ကျော်ဖြင့် ဝိုင်းပတ်ပိတ်ဆို့ခံရသောအခါ သူတို့သုံးယောက်က ကြောက်စရာကောင်းသော ဖိအားတစ်ရပ်ကို ခံစားလာရ၏။

၎င်းသည် ဒေါသူပုန်ထနေသော ပင်လယ်ရေလှိုင်းလုံးများကဲ့သို့ မွန်းကျပ်ဖွယ်ရာ တလိပ်လိပ်တိုးဝင်လာ၏။

ဤသည်က လောကစက်ဝန်းတစ်ခုဖြစ်လေသည်။

ဘေးပတ်ဝန်းကျင်မှာ ရှိသော ကောင်းကင်လိုဏ်ဂူဘုရင်အများစုသည် အုတ်ဂူကမ္ဘာမှ ဖြစ်ကြ၏။ သူတို့အပြင် အမျိုးမျိုးသောကမ္ဘာများမှ ဘုရင်တစ်ရာကျော်ကျော်လည်းရှိနေသေး၏။

ကမ္ဘာများကြား စစ်ပွဲတစ်ပွဲကသာ ဤမျှများပြားသော ကမ္ဘာများ၏ စွမ်းအားကိုစုစည်းကာ ဤကဲ့သို့ ကြောက်စရာကောင်းသောအစုအဖွဲ့ကို ဖြစ်ပေါ်စေပေလိမ့်မည်။

မျောက်၏ မျိုးဆက်သွေးကပင် အဲဒါကို ခံနိုင်ရည်မရှိပေ။

ဆူဇီမိုသည် သူတို့၏ ရှေ့ကနေ ရပ်တည်ပေးနေခြင်းကြောင့်သာ မဟုတ်လျှင် သူတို့သုံးယောက်သည် ဖိအားဒဏ်ကို ခံနိုင်ရည်မရှိဘဲ နေရာမှာပင် ချက်ချင်းလဲပြိုကျသွားပေလိမ့်မည်။

မီးပဒေသာနဂါးကြယ်ပေါ်မှာ နဂါးများက မော့ကြည့်ပြီး ဤမြင်ကွင်းကို အာရုံစိုက်ထားကြ၏။

အပြင်ဘက်မှာရှိသော ကောင်းကင်လိုဏ်ဂူဘုရင်ငါးထောင်ကျော်က မည်သည့်စကားမှမဆိုဘဲ ဆူဇီမိုကို အေးစက်စွာစိုက်ကြည့်ပြီး ဤလူသားဘုရင်က ဘာလုပ်ချင်သလဲ သိချင်နေကြ၏။

“အားလုံးပဲ..”

ဆူဇီမိုက တည်ငြိမ်နေသောအမူအရာဖြင့် လက်နှစ်ဖက်ကို ယှက်ပြီး မှင်သေသေဖြင့်ပြောလိုက်၏။

“ကျေးဇူးပြုပြီး လမ်းဖယ်ပေးကြပါ”

မိုင်ပေါင်းထောင်ချီအတွင်း ကြယ်တာရာကောင်းကင်က ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွား၏။

မီးပဒေသာနဂါးကြယ်ပေါ်မှာ နဂါးများဖြစ်စေ၊ ကြယ်တာရာကောင်းကင်ထဲမှ ဘီလီယံနှင့်ချီသော စစ်သည်များဖြစ်စေ သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက ဘယ်လောက်ပင်ဖြစ်စေ သူတို့က ဆူဇီမိုကို တုန်လှုပ်စွာဖြင့် ကြည့်နေကြ၏။

ခဏကြာသည်အထိ သူတို့က မတုံ့ပြန်နိုင်ကြပေ။

လူသားဘုရင်က ဒူးထောက်ပြီး သနားညှာတာပေးဖို့ တောင်းပန်မည်ဆိုလျှင် သို့မဟုတ် အသေအကြေတိုက်ခိုက်မည်ဆိုလျှင် သူတို့က အံ့အားသင့်ကြလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း လူသားဘုရင်သည် အပြင်ဘက်သို့ ထွက်လာပြီးနောက် ‘အားလုံးပဲ ကျေးဇူးပြု၍ လမ်းဖယ်ပေးကြပါ’ ဟူသော စကားကို ရုပ်တည်ဖြင့် ပြောဆိုလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။

ဒါ့အပြင် သူ၏ လေသံအရ သူက ယဉ်ကျေးမှုကို အတော်လေးပြထားပုံရလေသည်။

ကြယ်တာရာကောင်းကင်ထဲရှိ ကောင်းကင်လိုဏ်ဂူဘုရင်ငါးထောင်နှင့် မီးပဒေသာနဂါးကြယ်ပေါ်မှာ နဂါးများကိုမပြောနှင့် ဆူဇီမို၏ နောက်ဘက်မှာရှိသော လူသုံးယောက်ပင်လျှင် ထိုစကားကိုကြားသောအခါ လျှာကိုက်မိမတတ်ဖြစ်သွားကြ၏။

“ဟားဟား”

ဘုရင်ရှစ်ရှန်က ငေးငိုင်ရာကနေ တဖြည်းဖြည်းနိုးထလာပြီး လှောင်ရယ်လိုက်၏။

ဘေးပတ်လည်ကို ကြည့်ရှုပြီးနောက် သူက ဆူဇီမိုကို ကြည့်ကာ မေးလိုက်၏။

“မင်းအတည်ကြီး ပြောနေတာလား”

“တကယ့်ကို အတည်ပေါ့”

ဆူဇီမိုက ပြောလိုက်၏။

“မင်းက ဖုန့်မြို့တော်မှာ အုတ်ဂူကမ္ဘာက ဘုရင်တွေကို သတ်ဖြတ်ခဲ့တာလား”

“ဟုတ်တယ်”

“ဒါတောင် မင်းက အသက်ရှင်လျက် ထွက်သွားချင်သေးတာလား”

“ဒါပေါ့”

ခဏမျှ ရပ်တန့်ပြီးနောက် ဆူဇီမိုက ဆက်ပြောလိုက်၏။

“နောက်ပြီး ငါထွက်သွားချင်တယ်ဆိုရင် မင်းတို့တွေ ငါ့ကို တားနိုင်မှာမဟုတ်ဘူး”

ထိုစကားကို ကြားသောအခါ ဘုရင်ရှစ်ရှန်သာမက ဘေးပတ်လည်မှာရှိသော လူအုပ်ကြီးကပင် ဟားတိုက်ရယ်မောလိုက်ကြ၏။

မီးပဒေသာနဂါးကြယ်မှာ နဂါးဘုရင်တစ်ဦးက လှောင်ရယ်လိုက်၏။

“ဒီလူက မြန်မြန်ဆန်ဆန်မသေရမှာကို အတော်လေးစိုးရိမ်နေတာပဲ… အဲဒါကြောင့် သူက အပြင်ဘက်ကိုထွက်ပြီး အခုလို ပေါက်တတ်ကရလျှေက်ပြောနေတာပဲ”

လုံလီ၏ မျက်လုံးနှစ်ဖက်က နီရဲလာပြီး ရှေ့သို့ခြေတစ်လှမ်းတိုးကာ အသံနှိမ့်၍ ပြောလိုက်၏။

“အစ်ကိုဆူ.. ရှင်ကျွန်မတို့အတွက် ဒါကို လုပ်ပေးနေတယ်ဆိုတာသိပါတယ်.. ဒါပေမဲ့ အခုအခြေအနေက ဖုန့်မြို့တော်ကနဲ့ မတူတော့ဘူး”

“ဖုန့်မြို့တော်မှာ ဘုရင်ဆယ်ဦးကျော်ကျော်ပဲရှိတယ်… ဒီမှာကတော့ ငါးထောင်ကျော်တောင်မှ”

ထိုအရေအတွက်ကို ပြောပြချိန်မှာ လုံလီက ရင််တထိတ်ထိတ်ဖြစ်သွား၏။

“ငါ့အတွက်တော့ သိပ်ပြီးမကွာခြားဘူး”

ဆူဇီမိုက သာမန်ကာလျှံကာပြန်ပြောလိုက်၏။

လုံလီ၏ စိတ်က ရှုပ်ထွေးနောက်ကျိနေပြီး ထိုစကား၏ အဓိပ္ပါယ်ကို သဘောမပေါက်နိုင်ပေ။ သူမက သူမဘာသာသူမသာ တီးတိုးရေရွတ်လိုက်၏။

“ကျွန်မတို့တွေမှာ ထွက်ပေါက်မရှိတော့ဘူး… ဒီဘဝမှာ ကျွန်မအမေနဲ့ ပြန်တွေ့ရမှာ မဟုတ်တောဘူး”

ဆူဇီမိုက ပြောလိုက်၏။

“ထွက်ပေါက်မရှိတော့ဘူးဆိုမှတော့ ငါတို့တွေက သတ်ဖြတ်ခြင်းနဲ့လမ်းဖောက်ရုံပေါ့”

“ဟားဟားဟား”

လူအုပ်ကြားထဲမှ ရယ်မောသံက ပို၍ ကျယ်လောင်လာခဲ့လေသည်။

ဆူဇီမိုသည် ဟာသလုပ်နေပြီး သူ၏ စိတ်ကပင် လွတ်သွားပြီဟု လူတိုင်းနီးပါးက တွေးထင်လိုက်ကြ၏။ သူ့အကြောင်းကောင်းကောင်းသိထားသောမျောက်က တစ်စုံတစ်ရာကို နားလည်သွားပုံရပြီး သွားဖြီးလိုက်၏။ သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်လာလေသည်။

“မင်းတို့သုံးယောက် ပြန်သွားနှင့်ကြဦး”

ဆူဇီမိုက သူ၏ ဝတ်ရုံစကို ဝေ့ယမ်းပြီး မျောက်နှင့် အခြားနှစ်ယောက်ကို မီးပဒေသာနဂါးကြယ်ဘက်သို့ ပြန်ပို့ပြီးနောက် ဘေးပတ်လည်မှာရှိသော ကောင်းကင်လိုဏ်ဂူဘုရင်များကို လှည့်ကြည့်လိုက်၏။

“ဘာလို့လဲ”

အုတ်ဂူကမ္ဘာမှ ဘုရင်တစ်ဦးက လှောင်ရယ်ကာ ပြောလိုက်၏။

“မင်းက တိုက်ခိုက်မလို့လား… သွေးသံရဲရဲလမ်းကြောင်းတစ်ခုကို ဖောက်လုပ်မလို့လား”

အခြားသောဘုရင်များက စိတ်လက်ပေါ့ပါးသော အမူအရာများနှင့်အတူ တခွီးခွီးရယ်မောလိုက်ကြ၏။

ထိုသို့ဖြစ်ရခြင်းအတွက် သူတို့ကို အပြစ်မတင်နိုင်ပေ။ ကောင်းကင်လိုဏ်ဂူဘုရင် ငါးထောင်ကျော်ပါရှိသည့် စစ်တပ်တစ်တပ်အနေဖြင့် သူတို့သည် ကောင်းကင်လိုဏ်ဂူအသေးနယ်ပယ် လူသားဘုရင်တစ်ဦးကို လုံးဝအတည်အတံ့မှတ်ယူစရာအကြောင်းမရှိပေ။

သူတို့ရှေ့မှ အားနည်းပုံရသော လူသားဘုရင်က သူတို့ကို ဘယ်လိုလုပ်ခြိမ်းခြောက်နိုင်ပါ့မလဲ။

“ရှစ်ရှန်… ငါသူ့ကို အသက်ရှင်လျက်ဖမ်းပြီးရင် မင်းကိုပေးမယ်… မင်းက သူ့ကို အရှင်လတ်လတ်တိုက်ပွဲအလောင်းတစ်လောင်းအဖြစ် သန့်စင်နိုင်တယ်”

အုတ်ဂူကမ္ဘာက အန္တိမဘုရင်တစ်ဦးက ထိုသို့ပြောရင်း သူ၏ ပုံရိပ်က ရိပ်ခနဲလှုပ်ရှားကာ ဆူဇီမိုထံသို့ ပြေးဝင်သွားပြီဖြစ်၏။

ဘုရင်ရှစ်ရှန်က ဂရုမစိုက်ဘဲ နှုတ်ခမ်းကိုမဲ့ကာ လက်ကာပြလိုက်၏။

“သူ့အသားက ဘယ်လောက်တောင် နုနယ်နေသလဲ ကြည့်စမ်းပါဦး… မင်းငါ့ကို အဲလိုမျိုးအလောင်းတစ်လောင်း အလကားပေးတောင် ငါမယူဘူး”

“အဲလိုလား”

ဆူဇီမိုက ပြေးဝင်လာသော အန္တိမဘုရင်ကိုကြည့်ပြီး ပြုံးလိုက်၏။

သူသည် သူ၏ မျိုးဆက်သွေးကို မထုတ်ဖော်သော်လည်း အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို အဆင့်-၁၂ ၏ အထွတ်အထိပ်ထိ ကျင့်ကြံပြီးနောက် သူ၏ ကျောက်စိမ်းအရိုးများက ထွင်းဖောက်မတတ် ကြည်လင်လာကာ ခြင်ဆီရှင်းလင်းခြင်းကနေတစ်ဆင့် သူ၏ သွေးက များစွာပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ထိုခန္ဓာက ချို့ယွင်းချက်ကင်းမဲ့နေပြီး သူ၏ အရေပြားကသာ ထိုးချက်တစ်ချက်ဖြင့် ဆုတ်ဖြဲခံရနိုင်သည့်အလား နုနယ်ပုံပေါ်နေ၏။

ဤကဲ့သို့သော ကိုယ်ကာယတစ်ခုသည် ဘုရင်ရှစ်ရှန်၏ စိတ်အာရုံကို ရရှိဖို့ မထိုက်တန်ပေ။

အုတ်ဂူကမ္ဘာမှ ကျင့်ကြံသူများ နားလည်ထားသလောက်.. နတ်ဘုရားမျိုးနွယ်၊ နဂါးမျိုးနွယ်နှင့် ကျောက်တုံးမျိုးနွယ်တို့ကသာ ထိပ်တန်းအဆင့် တိုက်ပွဲဝင်အလောင်းများ ဖြစ်လာနိုင်လေသည်။ အုတ်ဂူကမ္ဘာ၏ အန္တိမဘုရင်က ဤမျှအထိ မောက်မာဝင့်ကြွားပြီး သူ၏ တိုက်ပွဲဝင်အလောင်းကိုပင် မဆင့်ခေါ်သည်မှာ သူ၏ ကျင့်ကြံမှုနယ်ပယ်က ဆူဇီမိုထက် များစွာသာလွန်နေသောကြောင့်ဖြစ်၏။

သူ၏ ထင်မြင်ချက်အရ သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက သာမန်သာဆိုလျှင်တောင် သူသည် ဤလူသားဘုရင်ကို အသက်ရှင်လျက် ဖမ်းဆီးနိုင်လေသည်။

သူ၏ တိုက်ပွဲဝင်အလောင်းကြောင့် ဤလူသားဘုရင်၏ အသားက စုတ်ပြဲသွားမည်ဆိုလျှင် နှမြောစရာကောင်းပေလိမ့်မည်။ တစ်ခဏချင်းမှာပင် အုတ်ဂူကမ္ဘာ၏ အန္တိမဘုရင်က ဆူဇီမိုရှေ့သို့ ရောက်ရှိလာ၏။ သူ၏ ခန္ဓာကိုယ်ကို အလောင်းချီက ရစ်ပတ်လာပြီး သူက ဆူဇီမို၏ ဦးခေါင်းကို ဖမ်းဆွဲလိုက်၏။

ဆူဇီမိုက လုံးဝလှုပ်ရှားခြင်း မရှိပေ။ တကယ်ဆို သူက မြေပြင်ပေါ်မှာ အမြစ်တွယ်နေသည့်အလား သူ၏ မျက်လုံးထဲမှာ မည်သည့်စိတ်ခံစားချက်မှ မရှိပေ။

အုတ်ဂူကမ္ဘာမှ အန္တိမဘုရင်၏ လက်ဖဝါးက ဆူဇီမို၏ ဦးခေါင်းကို ထိတော့မည့်ဆဲဆဲမှာပင် ဆူဇီမိုက ရုတ်တရက်တိုက်ခိုက်လိုက်၏။

သူ၏ လှုပ်ရှားမှုက အရမ်းကို မြန်ဆန်လေသည်။

ဆူဇီမိုက သူ၏ လက်ကို မြှောက်လိုက်သည်ဟုသာ လူတိုင်းက ခံစားလိုက်ရ၏။

ဘန်းခနဲမြည်သံနှင့်အတူ အုတ်ဂူကမ္ဘာမှ အန္တိမဘုရင်က လွင့်စင်ထွက်သွား၏။ သူ၏ ဦးခေါင်းက သူ၏ လည်ဂုတ်ပေါ်မှာ အကြိမ်ရေအနည်းငယ်လည်သွားပြီး သူ၏ ဇက်ရိုးက ကျိုးကြေမွကာ သူ၏ အမြုတေစိတ်ဝိညာဉ်က ဖျက်ဆီးခံလိုက်ရ၏။

သူက မြေပြင်ပေါ်သို့ ကျဆင်းသည့်အခါ အသက်ပျောက်သွားခဲ့လေပြီ။

All Chapters