အခန်း (၅၇)
Vol. 5 Ch. 57
ဤသို့ဖြင့် ထိုဒုက္ခသည် တစ်သန်းကို လက်ခံလိုက်လေသည်။
တူးမြောင်း တူးချင်သူများက တူးမြောင်းတူးကြ၊ မြေရိုင်းရှင်းချင်သူများက မြေရိုင်းရှင်းကြသည်။ ကြိုးစားကာ လုပ်ကိုင်နေသရွှေ့ အစာရေစာ ရရုံသာမက ငွေကြေးပါ ရရှိမှာဖြစ်ပြီး လုပ်ခလစာကလည်း မနည်းချေ။
ဒုက္ခသည်များက ဤမျှ ကောင်းမွန်စွာ ဆက်ဆံခံရမယ်လို့ မမျှော်လင့်ခဲ့ကြပေ၊ ၎င်းသည် အိပ်မက်တစ်ခုနှယ်ပင်။
အထူးသဖြင့် မြို့တော်တွင် ကောင်းမွန်ပြီး တန်ဖိုးသင့်သော ဘိလပ်မြေအိမ်များကိုပင် ဝယ်ယူခွင့် ရနိုင်သည်ကို ကြားသိရသောအခါ ၎င်းတို့၏ စိတ်နှလုံးများတွင် မျှော်လင့်ချက်များဖြင့် ပြည့်လျှံလာခဲ့သည်။ အိမ်တစ်လုံးကို အမြန်ဆုံးဝယ်ယူကာ ဇနီး၊ သားသမီးများနှင့်အတူ နွေးထွေးသော မိသားစုဘဝဖြင့် နေထိုင်နိုင်ရန် ပိုမိုကြိုးစားလုပ်ကိုင်လာကြသည်။
သူလျှိုများအတွက်မူ ၎င်းတို့ကို တူးမြောင်းများ တူးရန် ခေါ်ဆောင်သွားပြီး အပင်ပန်းဆုံးအလုပ်များကို လုပ်ကိုင်စေကာ အနည်းဆုံး အစာ ကိုသာ ကျွေးပြီး လုပ်ခလစာ လုံးဝမပေးခဲ့ပေ။
မနာခံပါက ရိုက်နှက်ခံရမည်ဖြစ်ပြီး၊ ဆက်၍ မနာခံပါက သတ်ပစ်လိမ့်မည်။ ဒုတိယလမ်း ရွေးချယ်စရာ မရှိခဲ့ပေ။
သုံးနိုင်ငံမှ ဧကရာဇ်များကတော့ ကြံရာမရ ဖြစ်နေကြသည် ။ ၎င်းတို့ စေလွှတ်လိုက်သော သူလျှိုများက အသေးအဖွဲ သတင်းအစအနလေးမျှပင် ပြန်မပို့ခဲ့ကြပေ။
နောက်ပိုင်း စုံစမ်းကြည့်လိုက်တဲ့အခါ ၎င်းတို့၏ သူလျှိုများ ရှင်းလင်းခံလိုက်ရပြီး တူးမြောင်းများတူးနေရကာ သေသည်ထက် ဆိုးသောဘဝကို နေထိုင်နေရကြောင်း တွေ့ရှိလိုက်ရသည်။
တစ်နိုင်ငံစီမှ ဧကရာဇ်များ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
၎င်းတို့သည် ဒုက္ခသည်များကြားတွင် ထိုးဖောက်ဝင်ရောက်ရန် လူများကို စေလွှတ်ခဲ့ပြီး အတွင်းနှင့်အပြင် ပူးပေါင်းတိုက်ခိုက်ကာ ရှ နိုင်ငံကို အလစ်အငိုက် ဖမ်းရန် ရည်ရွယ်ခဲ့ကြသည်။
၎င်းတို့၏ အထူး တပ်ဖွဲ့များကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။
သို့သော် နောက်ဆုံးတွင် မည်သည့် ထိရောက်မှုမျှ မရှိဘဲ၊ အားလုံး အဆုံးသတ် သွားခဲ့ရသည်ါ
"ရင်နာစရာ ကောင်းလိုက်တာ"
"ထားလိုက်တော့၊ ဒီရန်ငြိုးကို အခု လောလောဆယ် မှတ်ထားလိုက်မယ်။ ဒုက္ခသည်တွေက မင်းတို့အရင်းအမြစ်တွေကို ကုန်အောင် သုံးစွဲပါလေ့စေ" ဧကရာဇ်များက ဤသို့ဖြင့်သာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နိုင်ခဲ့ကြသည်။
၎င်းတို့မသိလိုက်သည်မှာ လင်းပိုင်ဖန်မှာ ထိုအချိန်တွင် တိတ်တဆိတ် ရယ်မောနေခဲ့ခြင်းပင်ဖြစ်သည်။
"ဒင်! ကစားသမား နိုင်ငံ၏ လူဦးရေနှင့် နိုင်ငံ့အင်အား တိုးတက်လာမှုကြောင့် သင်၏ ခွန်အားသည်လည်း တပြိုင်နက်တည်း ကြီးမားလာသည်! ဆုလာဘ်- ချီလင် လက်မောင်းတစ်စုံ"
ချီလင်လက်မောင်း - ချီလင်၏သွေးမှ ဆင့်ကဲ ပြောင်းလဲလာသော ကိုယ်အင်္ဂါ အစိတ်အပိုင်းဖြစ်ပြီး ဓား၊ လှံတို့ဖြင့် မပေါက်ပြဲနိုင်၊ နတ်လက်နက်များသဖွယ် အံ့မခန်းစွမ်းအားများ ရှိသည်။
"မင်းတို့ စေလွှတ်လိုက်တဲ့ လူဦးရေက ငါ့ခွန်အားကို မြှင့်တင်ပေးလိုက်မယ်လို့ ဘယ်သူက ထင်မှာလဲ၊ ဟား..ဟား…"
ဒုက္ခသည် တစ်သန်းဆိုသည်မှာ မည်သည့် နိုင်ငံအတွက်မဆို ဝန်ထုပ်ဝန်ပိုးဖြစ်သည်။
သို့သော် အင်ပါယာ မြေပုံ ၏ ပိုင်ရှင်ဖြစ်တဲ့ သူ့အတွက်မူ လုံးဝဆန့်ကျင်ဘက်ပင် ဖြစ်သည်။
အင်ပါယာ မြေပုံရှိ နိုင်ငံ့အင်အား တွက်ချက်မှုတွင် လူဦးရေလည်း ပါဝင်နေသည်၊ လူဦးရေများလေ၊ နေထိုင်မှု အရည်အသွေး မြင့်မားလေ နိုင်ငံ့အင်အားက ပိုမိုအားကောင်းလေပင် ဖြစ်သည်။
ထို့ကြောင့် ဒုက္ခသည်တစ်သန်း ပိုများလာခဲ့သော်လည်း သူ၏ နိုင်ငံ့အင်အားမှာ အမှန်တကယ်ပင် တိုးလာခဲ့သည်။
ထို့ကြောင့် လင်းပိုင်ဖန်သည် ၎င်းတို့ကို လက်ခံရန် မတွန့်ဆုတ်ခဲ့ခြင်းပင် ဖြစ်သည်။
ထိုဒုက္ခသည်များ၏ နေထိုင်မှု အရည်အသွေး တိုးတက်လာပြီး သာမန်ပြည်သူ ဒါမှမဟုတ် လူချမ်းသာများ အဖြစ် ပြောင်းလဲသွားပါက နိုင်ငံ့အင်အားသည် ထပ်မံ မြင့်တက်လာမည် ဖြစ်သည်။
လင်းပိုင်ဖန်က လက်နှစ်ဖက်ကို ဖြန့်လိုက်ရာ လက်ဖဝါးနှစ်ဖက်လုံးမှ မီးလျှံများ တောက်လောင်လာပြီး မီးက ဝဲလည်သွားကာ မီးချီလင်နှစ်ကောင်၏ ဟိန်းဟောက်နေသော ခေါင်းတွေကလည်း မှိန်ပျပျ ပေါ်လာခဲ့သည်။
ဤသည်မှာ သူ လတ်တလော ရရှိလိုက်သော ဖျက်စီးလို့ မရနိုင်သည့် ချီလင်လက်မောင်း ဖြစ်ပြီး ဓား၊ လှံတို့ဖြင့် ဖျက်စီးရင်တောင် မဖျက်စီးနိုင်ပေ။
၎င်း၏ စွမ်းအားမှာ အံ့မခန်းဖြစ်ပြီး နတ်လက်နက်များသဖွယ် စွမ်းအားကြီးလှသည်။
လင်းပိုင်ဖန်က သူ၏ ချီစွမ်းအင် ကို မသုံးဘဲနဲ့ လက်သီးတစ်ချက်တည်းဖြင့် ချီဖွဲ့တည်ခြင်းအဆင့် တစ်ဦးကို လွင့်စဉ်သွားအောင် ထိုးနိုင်သည်ဟု ခံစားလိုက်ရသည်။
အကယ်၍ ချီစွမ်းအင် ကိုပါ အသုံးပြုမည် ဆိုပါက စွမ်းအားသည် သုံးဆကျော်အထိ တိုးလာမည်ဖြစ်သည်။
ချီဖွဲ့တည်ခြင်းအဆင့်ရှိ အင်ပါယာချီစွမ်းအင် အဆင့်မှ ပညာရှင်များနှင့်ပင် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
"အလွန်ကို ကောင်းတယ်။ ဒီဆုလာဘ်နဲ့ ပတ်သက်ပြီး ငါ အရမ်း ကျေနပ်မိတယ်၊ ဟား…ဟား.." လင်းပိုင်ဖန်သည် အလွန်ကို ပျော်ရွှင်နေသည်။
စိတ်ဓာတ် တက်ကြွနေသည့်အခါတိုင်း ပုံမှန်မဟုတ်သည့် အရာများကို လုပ်ဆောင်ရန် စဉ်းစားတတ်လေ့ရှိသည်။
ထို့ကြောင့် လင်းပိုင်ဖန်သည် ရှေ့တန်းသို့ စာတစ်စောင် ရေးသားလိုက်သည်။
"သုံးနိုင်ငံမဟာမိတ်ဖြစ်ကြသည့် အန်း၊ ရှန် နှင့် ဖန်တို့က ဒုက္ခသည်တွေကို ရှ နိုင်ငံထဲသို့ ဝင်ရောက်စေပြီး အကျွန်ုပ်တို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို တိုးပွားလာအောင် လုပ်ခဲ့ခြင်းမှာ မနှစ်မြို့စရာ ကောင်းလှပေတယ်။ ငါကိုယ်တော် အမျက်ဒေါသ ထွက်လွန်းသဖြင့် စစ်သူကြီး ချိုင်ယွီရှင်းအား လှံသွားအဖြစ်နဲ့ ဆောက်ရွက်စေပြီး အထူးတပ်သား ၁၀၀,၀၀၀ ကို ဦးဆောင်ပြီး မိုနိုင်ငံ၏ နယ်မြေကို ကျူးကျော်ဖို့ အမိန့်ပေးတယ်။ သင်နဲ့ တွေ့သမျှ စစ်သားမှန်သမျှကို သတ်ပစ်ပြီး ၎င်းတို့ကို နက်နဲတဲ့ သင်ခန်းစာပေးလိုက်ပါ။ စစ်သူကြီး အန်လူရှန်က ကူညီထောက်ပံ့ပေးပြီး အကျွန်ုပ်တို့ နိုင်ငံ၏ ဂိတ်တံခါးများကို တင်းကြပ်စွာ စောင့်ကြပ်စေ"
ဤစာကို လက်ခံရရှိသော စစ်သူကြီးနှစ်ဦးလုံး လုံးဝ အံ့အားသင့်သွားခဲ့ကြသည်။
မိုနိုင်ငံ၏ နယ်မြေထဲသို့ တပ်များ ဦးဆောင်ဝင်ရောက်ရန် နှင့်
မြင်မြင်သမျှ စစ်သားမှန်သမျှကို သတ်ပစ်ရန်။
ဤသည်မှာ နိုင်ငံ သုံးနိုင်ငံလုံးကို တစ်ပြိုင်နက်တည်း ရန်စလိုက်သော လုပ်ရပ်ပင် ဖြစ်သည်။
အန်း၊ ရှန်နှင့် ဖန် သုံးနိုင်ငံ မဟာမိတ်သည် ရှ နိုင်ငံထက် မည်သူမျှ မသေးငယ်ကြပေ။
ယခင်က ရှ နိုင်ငံသည် အန်းနိုင်ငံ နှင့် ရှန်နိုင်ငံတို့ကို ရန်သူဖြစ်အောင် လုပ်ခဲ့ပြီး ဖြစ်ရာ၊ ယခု ဖန်နိုင်ငံကိုပါ စာရင်းထဲ ထည့်လိုက်ခြင်းဖြစ်သည်။
ဧကရာဇ်က သေခြင်းရဲ့ အဓိပ္ပာယ်ကို အမှန်ပင် မသိချေ။
ဘယ်လောက်တောင်မှ ရူးမိုက်တဲ့ ဧကရာဇ်လဲ…..
စစ်သူကြီးနှစ်ဦးသည် အချိန်အတော်ကြာ တိတ်ဆိတ်နေကြသည်။
နောက်ဆုံးတွင် ချိုင်ယွီရှင်းက စကား စပြောကာ မေးလိုက်သည်- "စစ်သူကြီး အန်၊ ခင်ဗျားရဲ့ သဘောထားက ဘယ်လိုလဲ"
"တခြား ဘာလုပ်နိုင်မှာလဲ၊ တိုက်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် အရှင်မင်းကြီးရဲ့ အမိန့်ပဲ၊ ငါတို့ နာခံရမယ်" အန်လူရှန်က အလွန် ပင်ပန်းနွမ်းနယ်စွာဖြင့် ပြောလိုက်သည်။
လင်းပိုင်ဖန်နှင့် လပေါင်းများစွာ ရှိပြီးနောက် သူသည် လင်းပိုင်ဖန်၏ မိုက်မဲသော လုပ်ရပ်များအပေါ် ခုခံအား များ ပေါ်ပေါက်လာခဲ့သော်လည်း……
ယနေ့တွင်မူ သူသည်လည်းပဲ ထပ်မံ၍ အံ့အားသင့်ခဲ့ရပြန်သည်။
တစ်နေ့တွင် သူ့အနေဖြင့် ရန်သူလက်ဖြင့် မသေဘဲ မိမိ၏ ဘေးအန္တရာယ်ရှိသော အရှင်သခင် လက်ချက်ဖြင့် သေဆုံးရမည်ကို အမှန်တကယ်ပင် သံသယဝင်မိသည်။
"ကောင်းပြီ၊ ဒါဆို ကျွန်မ ဒီနေ့ တပ်တွေ စုရုံးပြီး မနက်ဖြန် ထွက်ခွာမယ်" ချိုင်ယွီရှင်းက ခေါင်းညိတ်လိုက်သည်။
သူမ၏ အသိဉာဏ်က ဒီလုပ်ရပ်သည် မှားကြောင်း ပြောနေသည်။
သို့သော် စစ်သူကြီးတစ်ဦးအနေဖြင့် သူမသည် တိုက်ပွဲဝင်ချင်စိတ် ပြင်းပြနေခဲ့သည်။
သူမ၏ ကိုယ်ပိုင်တပ်များကို ဦးဆောင်ကာ စစ်မြေပြင်ကို ဖြတ်၍ ဝံပုလွေတွေကို မောင်းထုတ်ပြီး ကျားများကို မျိုချကာ၊ ဝံပုလွေ နေအိမ်ကို တံဆိပ်ခတ်ပြီး မသေမျိုး အမွေအနှစ်ကို တည်ထောင်ရန် ပြင်းပြနေသည်။
ထို့ကြောင့် သူမသည် လင်းပိုင်ဖန်၏ မိုက်မဲသော အပြုအမူကို တိတ်တဆိတ် သဘောတူလိုက်သည်။
"ဒီတိုက်ပွဲပြီးရင်တော့ ငါပြန်ပြီး ဒီကောင်လေးနဲ့ စာရင်း သွားရှင်းရမယ်။ နောက်ထပ် မကမြင်းဖို့ သင်ခန်းစာ ပေးရမယ်"
ထိုနေ့တွင်ပင် ချိုင်ယွီရှင်းသည် သူမ၏ တပ်များကို စုရုံးကာ ထိပ်တန်းစစ်သည် ၁၀၀,၀၀၀ ကို စုစည်းပြီးနောက် တစ်ညတာ အနားယူခဲ့သည်။ နောက်တစ်နေ့တွင် သူမက ထိုထိပ်တန်းတပ်သား ၁၀၀,၀၀၀ ကို ဦးဆောင်ပြီး မိုနိုင်ငံ၏ နယ်မြေထဲသို့ ဝင်ရောက်ခဲ့သည်။
ထိုအချိန်တွင် မိုနိုင်ငံကို အခြားနိုင်ငံ သုံးနိုင်ငံက သိမ်းပိုက်ပြီးဖြစ်သည်။
သို့သော် မိုနိုင်ငံတွင် တန်ဖိုးရှိသော အရာများကို မတွေ့ရခြင်းနှင့် ၎င်း၏ လူဦးရေမှာလည်း ပြန့်ကျဲနေပြီ ဖြစ်သောကြောင့် တပ်စွဲထားသော တပ်ဖွဲ့များသည်လည်း အရေးပါခြင်းမရှိဘဲ နာမည်ခံမျှသာ ထားရှိခဲ့သည်။
ဤအကြောင်းကြောင့်ပင် ရှ နိုင်ငံက ၎င်းတို့၏ တပ်များကို ဦးဆောင်၍ တိုက်ခိုက်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။
ရလဒ်အနေဖြင့် သုံးနိုင်ငံမှ စစ်သားများသည် ယင်ကောင်များပမာ အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရပြီး၊ မြို့တွေလည်း ချိုးဖောက် ဝင်ရောက်ခံလိုက်ရကာ မရေတွက်နိုင်သော သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။
ချီဖွဲ့တည်ခြင်းအဆင့် ခွန်အားပိုင်ဆိုင်သော ချိုင်ယွီရှင်းသည် ဤမြေပေါ်တွင် ယှဉ်နိုင်သူမရှိပေ။
ဆောင်းဦးလေက ကြွေကျနေသော အရွက်ခြောပ်များကို တိုက်စားသကဲ့သို့ သူမ၏နောက်တွင် အသက်ရှင်သူ တစ်ဦးမျှ မကျန်စေဘဲ၊ လူများစွာကို သတ်ဖြတ်ရာတွင် ကျောချမ်းစရာ ကောင်းလောက်အောင်ပင် ရက်စက်ခဲ့သည်။
မြို့တစ်မြို့ပြီး တစ်မြို့ ကျဆုံးသွားခဲ့သည်။
မိုနိုင်ငံကတော့ သွေးများဖြင့် ထပ်မံ စွန်းထင်းခဲ့ရပေသည်။
ဤသတင်း ပျံ့နှံ့သွားသောအခါ ကုန်းမြေတစ်ခုလုံး အံ့အားသင့်သွားကြသည်။