အခန်း (၅၉)
Vol. 5 Ch. 59
အဲ့ဒီအချိန်တွင် သတင်းက သုံးနိုင်ငံသို့ သဘာဝအတိုင်းပင် ရောက်ရှိသွားခဲ့သည်။
အထူးသဖြင့် ရှန်နိုင်ငံ၏ ဘုရင်မင်းမြတ်မှာ အလွန်အမင်း အမျက်ဒေါသ ထွက်လျှက်ရှိနေသည်- “အဲ့ဒီ မိုက်မဲတဲ့ ဧကရာဇ်က ငါတို့နိုင်ငံကို စစ်တပ်တွေ ဦးဆောင်ပြီး တိုက်ခိုက်ရဲရုံသာမကဘဲ တစ်ရက်တည်းနဲ့ မြို့ငါးမြို့ကို သိမ်းပိုက်ခဲ့တယ်တဲ့လား၊ ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်သလဲ။ သူက ငါ့ကို အရေးတောင် မလုပ်ဘူးပဲ”
ဝန်ကြီးချုပ်က အရိုအသေပေးလိုက်ကာ- “အရှင်မင်းကြီး၊ ဒေါသကို ဖြေတော်မူပါ။ ဒီကိစ္စက စိတ်ဆိုး ဒေါသထွက်စရာ ကောင်းနေပေမယ့်လည်း၊ အခွင့်အရေး မရှိတာတော့ မဟုတ်ပါဘူး” ဟု လျှောက်တင်လိုက်သည်။
“ထိုမိုက်မဲလှတဲ့ ဧကရာဇ်က မဆင်မခြင် ပြုမူပြီးတော့ ကျွန်ုပ်တို့ထံ ရောက်လာသည်မှာ ထောင်ချောက်ထဲသို့ ဝင်ရောက်ခြင်းနှင့် အတူတူပါပဲ။ အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ စစ်တပ်ကြီးကို စေလွှတ်၍ သူ့ကို ဖမ်းဆီးနိုင်ပါသည်။ ဤသို့ဆိုလျှင်၊ ရှ နိုင်ငံက ကျွန်တော်မျိုးတို့ရဲ့ လက်ထဲသို့ ကျရောက်လာမည် မဟုတ်ပါလော”
ရှန်နိုင်ငံ၏ ဧကရာဇ်က လက်ခုပ်တီးလိုက်ပြီး “ဝန်ကြီးချုပ်၊ သင်မှန်တယ်။ သူရောက်လာပြီ ဆိုမှတော့ သူ့ကို ပြန်လွှတ်ပေးဖို့ မသင့်တော့ဘူး။ တံခါးကို ပိတ်ပြီး ခွေးကို ရိုက်ကြတာပေါ့၊ ဘယ်လိုလဲ။ ဟား…ဟား..”
“အရှင်မင်းကြီး၏ မိန့်ဆိုချက်က အလွန်ကို ဉာဏ်ပညာရှိလှပါသည်။ ဒါပေမယ့် အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ ပြည်တွင်း၌ စစ်သည် သုံးသိန်းသာ ရှိနေပါတယ်။ ကျွန်တော်မျိုး စိုးရိမ်တာက...”
“စစ်သည်မလုံလောက်ဘူးဆိုရင် မိုနိုင်ငံက တပ်တွေကို ပြန်ခေါ်လိုက်” ဟု ရှန်နိုင်ငံ၏ ဧကရာဇ်က ဒေါသတကြီး ပြောလိုက်သည်။
“တစ်နိုင်ငံလုံးက စစ်သည် ငါးသိန်းကို စုစည်းလိုက်ရင် သူ့ကို ဒီနေရာမှာ မထိန်းထားနိုင်ဘူးလို့တော့ ငါ မယုံဘူး”
ထို့ကြောင့်ပင် မိုနိုင်ငံသို့ အမိန့်တစ်ခုကို ချက်ချင်းစေလွှတ်လိုက်သည်။
ချိုင်ယွီရှင်း၏ တပ်ဖွဲ့များကို ဝိုင်းရံ တိုက်ခိုက်နေသော ရှန်နိုင်ငံ၏ စစ်တပ်သည် လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။
ချိုင်ယွီရှင်းသည်လည်း ထိုသတင်းကို ချက်ချင်းရရှိခဲ့သည်။
“ဗိုလ်ချုပ်ကြီး၊ ဘယ်လို အကြောင်းကြောင့် မှန်းမသိဘူး၊ ရှန်နိုင်ငံစစ်တပ်က ဆုတ်ခွာသွားပြီး၊ လွတ်လမ်းတစ်ခုကို ချန်ခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် ကျွန်တော်တို့ လုံးဝ ထိုးဖောက်ပြီး ပြန်ထွက်နိုင်ပါပြီ” ဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော စစ်သည်တစ်ဦးက သတင်းပို့လိုက်သည်။
ဗိုလ်မှူးတစ်ဦးက သံသယဝင်လျက်- “လှည့်စားမှု တစ်ခုခုများ ပါနေမလား”
“ဖြစ်နိုင်ခြေ အများကြီးရှိတယ်။ စုံစမ်းဖို့ လူလွှတ်လိုက်” ဟု ချိုင်ယွီရှင်းက လေးနက်သောအသံဖြင့် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ ဗိုလ်ချုပ်”
မကြာမီတွင် ကင်းထောက်သည် ပြန်ရောက်လာခဲ့သည်။
“ဗိုလ်ချုပ်ကို သတင်းပို့ပါတယ်၊ အရှင်မင်းကြီးက စစ်သည် နှစ်သိန်းကို ဦးဆောင်ပြီး ရှန်နိုင်ငံကို တိုက်ခိုက်နေတာကြောင့် ရှန်နိုင်ငံက သူတို့တပ်တွေကို ပြန်ခေါ်နေတယ်ဆိုတဲ့ သတင်းကို ကျွန်တော် ရခဲ့ပါတယ်”
ထိုသတင်းကို ကြားလိုက်တာနဲ့ စစ်တပ်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။
“ဘာ! အရှင်မင်းကြီးက ရှန်နိုင်ငံကို တကယ်ပဲ စစ်တပ်ကို ဦးဆောင်ပြီး ကျူးကျော်နေတာလား”
“ဒါက နည်းနည်းတော့ ရဲရင့် လွန်းမနေဘူးလား”
“ဗိုလ်ချုပ်အန်က ဘယ်သွားလို့လဲ? ဘာလို့ သူ့ကို မတားဆီးတာလဲ”
ချိုင်ယွီရှင်းသည် စိုးရိမ်တကြီးဖြင့်- “ဒီလူဆိုးကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ထပ်ပြီး မဆင်မခြင် လုပ်ရတာလဲ၊ နန်းတော်ထဲမှာ ရမ်းကားတာက ကိစ္စမရှိဘူး၊ ဒါပေမယ့် အခုက စစ်တပ်နဲ့ ပတ်သတ်တဲ့ ကိစ္စကို၊ သူက ရန်သူ့နယ်မြေထဲကို တစ်ယောက်တည်း တပ်ကို ဦးဆောင်ပြီး နက်နက်ရှိုင်းရှိုင်း ဝင်သွားလိုက်သေးတယ်၊ တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”
“ဗိုလ်ချုပ်၊ အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ”
ချိုင်ယွီရှင်းက အရေးပေါ်ပုံစံဖြင့်- “မင်းတို့အားလုံး ချက်ချင်း ဆုတ်ခွာရမယ်”
“ဗိုလ်ချုပ်ရော ဘယ်လိုလုပ်မလဲ”
“ငါက အရှင်မင်းကြီးကို ကယ်ဖို့ သွားမယ်”
ထိုစကားနှင့်အတူ သူမသည် မြေပြင်ကို ကန်ထုတ်လိုက်ပြီး ကောင်းကင်သို့ ပျံတက်ကာ သူမ၏ ကိုယ်ဖော့ အတတ်ပညာဖြင့် ရှန်နိုင်ငံဘက်သို့ လှပစွာ ပျံသန်း သွားလေတော့သည်။
တစ်ချိန်တည်းမှာပင်၊ နယ်မြေများ သိမ်းပိုက်ရာတွင် အလုပ်များနေသော လင်းပိုင်ဖန်သည် အလွန်ပင် ကျေနပ်နေသည်။
သူ၏ မစ်ရှင်မှာ နှစ်ခု ရှိသည်။ ပထမအချက်မှာ အာရုံပြောင်းပြီး မို နိုင်ငံတွင် ပိတ်မိနေသော တပ်များကို ကယ်ဆယ်ရန်၊ ဒုတိယအချက်မှာ ရှန်နိုင်ငံ၏ သယံဇာတများကို သိမ်းယူရန်ပင် ဖြစ်သည်။
သူသည် ဆက်လက် ချီတက်နေခဲ့ပြီး ခံတပ်တွေ တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့ရာ၊ သူ၏ နိုင်ငံအင်အားသည်လည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။
“သံသတ္တုတွင်းက ငါ့ဟာပဲ၊ ရွှေ့လိုက်”
“ကျောက်မီးသွေးတွင်းလည်း ငါ့ဟာပဲ၊ ရွှေ့ရမယ်”
“မြေဩဇာကောင်းတဲ့ မြေလည်း ငါ့ဟာပဲ”
“ဟား…ဟား… အားလုံးက ငါ့ဟာပဲ၊ အကုန်လုံးကို ထုပ်ပိုးပြီး ရွှေ့မယ်”
လင်းပိုင်ဖန်သည် အလွန်ကို ပျော်ရွှင်နေလေသည်၊ စစ်ကို ဆင်နွှဲခြင်းသည် အမှန်တကယ်ပင် အမြတ်အစွန်းရဆုံး စီးပွားရေး ဖြစ်ပေသည်။
ထိုစဉ် စစ်သူကြီးတစ်ဦး အလျင်အမြန် ပြေးလာပြီး သတင်းပို့လိုက်သည်- “အရှင်မင်းကြီး၊ နောက်ဘက်ကနေ သတင်းရထားပါတယ်၊ ရှန်နိုင်ငံက မို နိုင်ငံကနေ စစ်သည် နှစ်သိန်းကို ပြန်ခေါ်ပြီး ကျွန်တော်တို့ကို ရှန်နိုင်ငံအတွင်းမှာ ဝိုင်းရံဖို့ လုပ်နေပါတယ်၊ ကျွန်တော်မျိုးတို့ ဆုတ်ခွာမှ ရပါမယ်”
လင်းပိုင်ဖန်သည် ဤအကြောင်းကို သိပြီးဖြစ်၍ အလွန်ပင် တည်ငြိမ်နေသည်- “မပူပါနဲ့၊ နည်းနည်း ခပ်ကြာကြာလေး ထပ်တိုက်ကြသေးတာပေါ့”
နောက်ဆုံးအနေဖြင့် အလုပ်ကို လုပ်ပြီးပြီ ဆိုမှတော့ မပြန်ခင်လေး ဗိုက်ပြည့်အောင်တော့ စားသွားသင့်သည်။
“ဒါပေမယ့် အရှင်မင်းကြီး...”
ထိုစဉ် သံချပ်ကာဝတ်စုံ ဝတ်ထားသူတစ်ဦးသည် အဝေးမှ ပျံသန်း ဝင်ရောက်လာခဲ့သည်။
စစ်တပ်တစ်ခုလုံး တင်းမာသွားပြီး- “အားလုံး သတိထားကြ”
“အဲဒီလိုလုပ်ဖို့ မလိုဘူး၊ သူက ငါတို့လူပဲ” လင်းပိုင်ဖန်က လက်ကာပြလိုက်သည်။
ခဏအကြာတွင် ထိုပုံရိပ်သည် အနီးသို့ ရောက်လာခဲ့သည်။ သူမသည် လေနှင့် လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် မို နိုင်ငံမှ အလျင်စလိုရောက်လာသော ချိုင်ယွီရှင်းပင် ဖြစ်သည်။
တည်ငြိမ်နေသော လင်းပိုင်ဖန်ကို မြင်လိုက်ရတဲ့အခါ သူမ၏ ရင်ထဲတွင် ဒေါသများ ပြည့်လျှံလာသော်လည်း ထွက်ပေါက်ကို မတွေ့နိုင်ပဲ ဖြစ်နေသည်။
သို့သော် စစ်သူကြီးများစွာ ရှိနေသည်ကို ထည့်သွင်းစဉ်းစား၍ လင်းပိုင်ဖန်ကို တစ်နေရာသို့ ဆွဲခေါ်သွားပြီး အသံကို ထိန်းချုပ်ကာ အမျက်ဒေါသဖြင့် ပြောလိုက်သည်- “လင်းပိုင်ဖန်၊ မင်း ဘာတွေစဉ်းစားနေတာလဲ? မင်း ဘယ်လိုလုပ်ပြီး ရန်သူ့နယ်မြေထဲကို စစ်တပ်ကို ဦးဆောင်ပြီး တစ်ယောက်တည်း နက်နက်ရှိုင်းရှိုင်း ဝင်သွားရတာလဲ။ မင်းက တစ်ဦးတစ်ယောက်တည်း မဟုတ်တော့ဘူး၊ ရှ နိုင်ငံရဲ့ ရှင်ဘုရင်ပဲ။ မင်း မဆင်မခြင် လုပ်လို့ မရဘူး၊ နားလည်လား။ ငါ မင်းကို အပြစ်မပေးဘူးရဲလို့ မင်း ထင်နေလား”
သူမ၏ လက်က လင်းပိုင်ဖန်၏ နားရွက်ကို ဖမ်းဆွဲရန် အသင့်ဖြစ်နေခဲ့သည်။
လင်းပိုင်ဖန်က သက်ပြင်းချလိုက်ပြီး- “ငါ မှားတယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့် မင်း မို နိုင်ငံမှာ ပိတ်မိနေတယ်လို့ ကြားလိုက်ရတဲ့အခါ ငါ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ငါ ကိုယ်တိုင် လူလုံးထွက်ပြမှပဲ သူတို့ကို ပြန်ဆွဲဆောင်နိုင်မယ်ဆိုတာ ငါ သိနေလို့ပဲ။ ကြည့်ပါဦး၊ အခု အဆင်ပြေမသွားဘူးလား”
လင်းပိုင်ဖန်က ချိုင်ယွီရှင်းကို သက်သာရာ ရသည့် ပုံစံဖြင့် ကြည့်လိုက်ပြီး- “မင်း ဘေးကင်းတာကို မြင်ရတော့ ငါ စိတ်အေးရပါပြီ”
ချိုင်ယွီရှင်းတွင် သူ့ကို ပေါက်ကွဲရန် စကားများစွာ ရှိနေသေးသော်လည်း လင်းပိုင်ဖန်၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ သူမတွင် ပြောစရာ စကားမဲ့သွားခဲ့သည်။
သူမ၏ နှာခေါင်းက နှာသံပေါက်ပြီး ငိုချင် လာသော်လည်း ရင်ထဲတွင်မူ ချိုမြိန်မှုဖြင့် ပြည့်နှက်နေခဲ့သည်။
သူ၏ မဆင်မခြင် ပြုမူမှုများက သူမအတွက် ဖြစ်နေသည်ကိုး…
ချိုင်ယွီရှင်း၏ အသံသည် ပျော့ပျောင်းသွားပြီး- “ငါ နားလည်ပါတယ်၊ ဒါပေမယ့် မင်း ဒီလောက်ထိ မဆင်မခြင် မလုပ်သင့်ဘူးလေ။ အခု ငါ့မှာ ချီဖွဲ့တည်ခြင်းအဆင့် ခွန်အား ရှိနေပြီ။ ငါက အရမ်းသန်မာတယ်၊ လွယ်လွယ်နဲ့ ဒုက္ခရောက်မှာ မဟုတ်ဘူး”
လင်းပိုင်ဖန်က ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြီး- “ရပါပြီ၊ ရပါပြီ၊ နောက်ဆို ငါ အရမ်းပကား မလုပ်တော့ပါဘူး”
ထိုစဉ် လင်းပိုင်ဖန်၏ မျက်နှာသည် ဖြူဖျော့သွားပြီး သူသည် လဲကျလုနီးပါး ယိမ်းယိုင်သွားခဲ့သည်။
ချိုင်ယွီရှင်းလည်း ထိတ်လန့်သွားပြီး- “မင်း ဘာဖြစ်တာလဲ”
လဲကျတော့မည့် လင်းပိုင်ဖန်ကို သူမ ချက်ချင်း ဖမ်းထိန်းလိုက်သည်။
မျက်နှာဖြူဖျော့နေသော လင်းပိုင်ဖန်က- “လတ်တလော စစ်ချီတာတွေ၊ တိုက်ခိုက်တာတွေကြောင့် အရမ်း ပင်ပန်းသွားလို့ ဖြစ်မယ်ထင်တယ်။ နည်းနည်း အားနည်းနေသလို ခံစားနေရတယ်”
“နန်းတွင်းသမားတော်ကို ခေါ်ပေးရမလား” ဟု ချိုင်ယွီရှင်းက စိုးရိမ်တကြီး မေးလိုက်သည်။
“မလိုပါဘူး၊ ခဏလေး နားလိုက်ရင် အဆင်ပြေသွားမှာပါ” လင်းပိုင်ဖန်က ချိုင်ယွီရှင်း၏ ရင်ခွင်ထဲသို့ တိုးဝင်ပြီး မျက်လုံးမှိတ်လိုက်သည်။
ချိုင်ယွီရှင်း၏ ရင်ခွင်သည် နွေးထွေးနေသည်။ ဒါပေမယ့် သံချပ်ကာ ဝတ်စုံကတော့ နည်းနည်း အဆင်မပြေပေ။
နောက်တစ်ခါဆိုရင်တော့ ဒါကို ပြောင်းခိုင်းရမည်ဖြစ်သည်။