← Chapters

အခန်း (၆၇)

Vol. 5 Ch. 67

အခန်း (၆၇)

Vol. 5 Ch. 67

စစ်သူကြီးတို့ ထွက်သွားပြီးနောက် ဟီရှန်းသည် လူငယ်တစ်ဦးကို ခေါ်ဆောင်၍ ရောက်ရှိလာခဲ့သည်။

လင်းပိုင်ဖန် က အပြုံးဖြင့်- "အမတ်ကြီး၊ စုဆောင်းရေး ကိစ္စက ဘယ်လိုရှိလဲ"

ဟီရှန်းက ရိုသေစွာ ဦးညွှတ်လိုက်ပြီး လျှောက်တင်လိုက်သည်- "အရှင်မင်းကြီးအား လျှောက်တင်ပါသည်၊ စုဆောင်းရေးအတွက် ကြေညာချက် ထုတ်ပြန်ပြီးတဲ့နောက် တုံ့ပြန်မှုက အံ့မခန်းဖြစ်ပြီး အရည်အချင်း ရှိသူ အများအပြား ရောက်လာကြပါတယ်။ လက်ရှိမှာ မိမိကိုယ်မိမိ အဆိုပြုထားတဲ့ ပါရမီရှင် တစ်သောင်းကျော် ရှိနေပါတယ်။ ဒါပေမယ့်လည်း စာမဖတ်နိုင်၊ စာမရေးနိုင်တဲ့ သူတွေကို ပယ်ချလိုက်မိပါသောကြောင့် ဤလွန်ကျူးမှုအတွက် အရှင်မင်းကြီး၏ ခွင့်လွှတ်မှုကို တောင်းခံပါသည်"

လင်းပိုင်ဖန် က ခေါင်းညိတ်ပြီး- " မောင်မင်း ကောင်းကောင်း လုပ်ဆောင်ခဲ့တာပဲ၊ ဘာများ အပြစ်တင်စရာ ရှိလို့လဲ။ ဒီအချက်ကို သေချာ မစဉ်းစားမိတာက ငါကိုယ်တော်အမှားပဲ"

"ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" ဟီရှန်းက ထပ်မံ ဦးညွှတ်လိုက်သည်။

ဟီရှန်းတွင် အရာရှိအလုပ်အတွက် ပါရမီ ပါသည်ဟု ပြောရပေမည်။

"ဒီလူငယ်က ဘယ်သူလဲ" လင်းပိုင်ဖန် က မေးမြန်းလိုက်သည်။

"အရှင်မင်းကြီးအား လျှောက်တင်ပါသည်၊ ဒါက ကျွန်တော်မျိုး ကိုယ်တိုင် အကြံပြုချင်တဲ့ အရည်အချင်းရှိသူ တစ်ဦး ဖြစ်ပါတယ်" ဟီရှန်းက ပြုံးလျက် လျှောက်တင်လိုက်သည်။ "သူ့ကို လီလင်းဖူ ဟု ခေါ်ပြီး ရာထူး မရှိသေးပါဘူး။ ဒါပေမယ့် ကျွန်တော်မျိုး ဘိလပ်မြေအိမ်တွေ ရောင်းချနေစဉ်မှာ သူက ရှေ့မှနေ၍ ကူညီခဲ့ပါတယ်။ သူက ပညာတတ်ပြီး အလုပ်တွင်လည်း လုံ့လရှိကာ၊ စေ့စပ်သေချာပြီး နှံ့စပ်သူဖြစ်ကာ လူအများထံမှ ချီးကျူးဂုဏ်ပြုမှုကို ရရှိခဲ့တယ်။ ဒါ့ကြောင့် ကျွန်တော်မျိုးက သူ့အား အရှင်မင်းကြီးထံ အကြံပြုချင်လို့ ခေါ်လာခြင်းဖြစ်ပါသည်"

"လီလင်းဖူ?" လင်းပိုင်ဖန် အံ့အားသင့်သွားခဲ့သည်၊ ထိုအမည်ကို အလွန်ရင်းနှီးနေသည်။

ဒါက သမိုင်းထဲမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မဟာလူဆိုးကြီး လီလင်းဖူ များ ဖြစ်နေမလား။

ပါးစပ်ကတော့ ချိုသာတဲ့ စကားလုံးတွေ ပြောပြီး ဝမ်းဗိုက်ထဲမှာ ဓားတစ်ချောင်း ရှိနေတဲ့ အပေါ်ယံမှာ ချီးမွန်းမြှောက်ပင့်ပြီး နောက်ကွယ်မှာ လှည့်ဖြားတက်တဲ့ သူလား..။

နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မဟာလူဆိုးကြီးကို အကြံပြုတာက အလားတူ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အကျင့်ပျက် အရာရှိလားဟ…?။

လီလင်းဖူ သည် လင်းပိုင်ဖန် ၏ အကြည့် အောက်တွင် စိတ်မသက်မသာ ခံစားလိုက်ရပြီး ချောင်းဟန့်ပြီးနောက် လက်နှစ်ဖက်ကို ယှက်၍ ဂါရဝပြုလိုက်သည်- "ဤ သာမန်အရပ်သား လီလင်းဖူက အရှင်မင်းကြီးအား ဂါရဝပြုပါသည်။ အရှင်မင်းကြီး သက်တော် ရာကျော် ရှည်ပါစေ "

"အခမ်းအနားတွေ လုပ်နေစရာ မလိုပါဘူး"

လင်းပိုင်ဖန် က ပြုံးလျက်- "အမတ်ကြီးက မောင်မင်းရဲ့ အရည်အချင်းတွေကို ပြောပြထားတဲ့အတွက်၊ ငါကိုယ်တော် မင်းကို စမ်းသပ်မယ်။ မောင်မင်းသာ ငါကိုယ်တော်ရဲ့ စစ်ဆေးမှုကို အောင်မြင်ရင်၊ မောင်မင်းကို အရေးပါတဲ့ တာဝန်တွေကို ကျိန်းသေ ပေးအပ်မယ်"

"ဤ နိမ့်ကျတဲ့ အရပ်သားကို ဤအခွင့်အရေး ပေးသနားသည့်အတွက် ကျေးဇူးတင်ပါသည် အရှင်မင်းကြီး။ ကျေးဇူးပြု၍ မေးခွန်း မေးတော်မူပါ" လီလင်းဖူ က ထပ်မံ ဦးညွှတ်လိုက်သည်။

ထို့နောက် လင်းပိုင်ဖန်သည် မေးခွန်းများစွာ မေးလိုက်ရာ တစ်ဖက်လူက ကျွမ်းကျင်စွာ ပြန်ဖြေနိုင်ပြီး နှံ့နှံ့စပ်စပ် စဉ်းစားကာ အရည်အချင်းရှိသူ တစ်ယောက်၏ ပါရမီကို အမှန်တကယ် ပြသနိုင်ခဲ့သည်။

ထို့အပြင် ဒီမေးနေစဉ် တစ်လျှောက်လုံးတွင် တစ်ဖက်လူသည် လူတိုင်းကို အမြဲတမ်း ပြုံးရယ်၍ နှုတ်ဆက်နေခဲ့ကာ နွေဦးရဲ့ လေညှင်းကဲ့သို့ လန်းဆန်းပြီး အတူရှိနေရသည်မှာ အလွန် သက်သောင့်သက်သာ ဖြစ်စေသည်။

"နောက်ဆုံး မေးခွန်း"

လင်းပိုင်ဖန် က ပြုံးလျက် မေးလိုက်သည်- "ငါကိုယ်တော်ရဲ့ အမိန့်က တရားမျှတမှုနဲ့ ဆန့်ကျင်ပြီး လူတွေရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်နေရင် မောင်မင်း ဘာလုပ်သင့်လဲ။ ငါကိုယ်တော် အမှန်တရားကို ကြားချင်တယ်။ မောင်မင်း ရိုးရိုးသားသား ဖြေရမယ်၊ လိမ်ညာလို့ မရဘူး"

"အရှင်မင်းကြီး၊ ဒီမေးခွန်းမှာ ပြဿနာရှိပါတယ်" လီလင်းဖူ က ပြောလိုက်သည်။

လင်းပိုင်ဖန်က အံ့အားသင့်သွားပြီး- "ပြဿနာလား?"

လီလင်းဖူက ယုံကြည်ချက် ရှိရှိဖြင့် ပြောလိုက်သည်- "အရှင်မင်းကြီး၊ အရှင်မင်းကြီးက ဒီနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင် ဖြစ်ပါသည်၊ အရှင့်အမိန့်က တရားမျှတမှု ကိုယ်တိုင်ပဲ ဖြစ်ပါတယ်၊ အရှင့် ဆန္ဒက လူထုရဲ့ ဆန္ဒ ဖြစ်ပါတယ်။ အဘယ့်ကြောင့် တရားမျှတမှုနှင့် ဆန့်ကျင်ပြီး လူထု၏ အကျိုးစီးပွားနှင့် ဆန့်ကျင်နိုင်မည်နည်း။ ထို့ကြောင့် ဤမေးခွန်းက ယုတ္တိမရှိပါဘူး”

လင်းပိုင်ဖန်က ပြုံးရွှင်သောမျက်နှာဖြင့် ချီးကျူးလိုက်သည်- "ကောင်းလိုက်လေခြင်း၊ ငါတို့ ရှ နိုင်ငံတော်မှာ မောင်မင်းလို အရည်အချင်းရှိသူတွေ လိုအပ်တယ်"

‘ကြည့်စမ်းပါဦး၊ ဒါဟာ လီလင်းဖူ ပဲ၊ သံသယရှိစရာ မလိုဘူး’

‘သူ့ပါးစပ်က ပျားရည်လို ချိုပြီး မြှောက်ပင့် ပြောဆိုနိုင်စွမ်းက ဟီရှန်း နဲ့ တန်းတူပဲ’

‘သူရှိနေရင် စိတ်အခြေအနေက အမြဲတမ်း ပိုပြီး ပေါ့ပါးလန်းဆန်းနေလိမ့်မယ်…’

လင်းပိုင်ဖန် က- "မောင်မင်းက စာဖတ်အား ကောင်းပြီး စကားပြောကောင်းတယ်၊ ထူးခြားတဲ့ ပြောဆိုပုံရှိတယ်လို့ ငါကိုယ်တော် သတိထားမိတယ်။ ဒါကြောင့် မောင်မင်းကို ပဉ္စမအဆင့် အရာရှိ ဖြစ်တဲ့ သံသမန်ရေးရာ ဝန်ကြီးဌာန မှာ ကြီးကြပ်ရေးမှူး အဖြစ် ခန့်အပ်လိုက်တယ်"

"လက်ရှိမှာ သံသမန်ရေးရာဝန်ကြီးဌာနမှာ ဝန်ထမ်းတွေ လိုအပ်နေတယ်။ ဒါကြောင့် ဒီအချိန်အတွင်း မောင်မင်းက ဝန်ကြီးဌာနရဲ့ ကိစ္စတွေကို တာဝန်ယူရမယ်။ ကောင်းကောင်း လုပ်ဆောင်ပြီး ကြိုးကြိုးစားစား လုပ်ပါ၊ မောင်မင်းသာ ကောင်းကောင်း လုပ်နိုင်ရင် သံသမန်ရေးရာဝန်ကြီးဌာနရဲ့ ဝန်ကြီးရာထူးဟာ မောင်မင်းအတွက် ဖြစ်လာလိမ့်မယ်"

လီလင်းဖူက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး- "အရှင်မင်းကြီးရဲ့ ကြီးမားတဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုးက အကျွန်ုပ်၏ တာဝန်များကို သေသည်အထိ မရပ်မနား ဆောင်ရွက်သွားပါမည်"

ထိုအချိန်တွင် လင်းပိုင်ဖန် သည် အတွေးနက်နက်ဖြင့် စဉ်းစားခန်း ဝင်သွားခဲ့သည်။

သမိုင်းတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော အကျင့်ပျက် အရာရှိများနှင့် ပုန်ကန်တတ်သော မှူးမတ်များသည် ကြိုတင်စီစဉ်ထားခြင်း မရှိဘဲ သူ့ပတ်ပတ်လည်တွင် စုဝေးနေပုံရသည်။

သူသည် ၎င်းတို့ကို ဆွဲဆောင်နေသော မဟာမိုက်မဲလှတဲ့ ဧကရာဇ် တစ်ပါး ဖြစ်နေတာများလား….

လင်းပိုင်ဖန်က ဒီလိုမဖြစ်သင့်ဘူးလို့ ခံစားလိုက်ရသည်၊ ဒါဟာ တိုက်ဆိုင်မှု တစ်ခုသာ ဖြစ်ရပေမည်။

သူသည် ပညာရှိပြီး ရဲစွမ်းသတ္တိရှိသော အချုပ်အခြာအာဏာပိုင် ဧကရာဇ် ဖြစ်သည်။

သူ့ရဲ့ ကိုယ်ပိုင် ထင်မြင်ချက်ကို အတည်ပြုရန်အတွက် လင်းပိုင်ဖန်က အော်ခေါ်လိုက်သည်- "ဟီရှန်း၊ ရာထူးတွေအတွက် မိမိကိုယ်မိမိ အကြံပြုထားသူတွေကို ခေါ်လိုက်ပါ။ အခု အချိန်ရတုန်း ငါကိုယ်တော် သူတို့ကို ကိုယ်တိုင် တွေ့ဆုံမေးမြန်းချင်တယ်"

"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"

ထို့နောက် လင်းပိုင်ဖန်က- "အမတ် လီ၊ မောင်မင်းက အခု သံသမန်ရေးရာ ဝန်ကြီးဌာနရဲ့ ကြီးကြပ်ရေးမှူး ဖြစ်ပြီး ပါရမီရှင် စုဆောင်းရေးအတွက် တာဝန်ရှိတယ်။ ဒီမှာ နေပြီးတော့ လေ့လာပါ"

"ဤ နိမ့်ကျတဲ့ အစေခံအား ဤရှားပါးသော အခွင့်အရေးကို ပေးသနားသည့်အတွက် ကျေးဇူးတင်ပါသည် အရှင်မင်းကြီး" လီလင်းဖူက မျက်ရည်ကျလုနီးပါး ပုံစံဖြင့် ပြောလိုက်သည်။

တစ်နာရီရဲ့ လေးပုံတစ်ပုံခန့် အကြာတွင် ပညာရှင်တစ်ဦး ဝင်လာခဲ့သည်။

လင်းပိုင်ဖန် က တစ်ချက်ကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်- "ကောင်းပြီ၊ မောင်မင်းက စာဖတ်အားကောင်းပြီး အသိပညာတွေ ပြည့်နေတာ သိသာတယ်။ မောင်မင်းရဲ့ စွမ်းဆောင်ရည်က ငါကိုယ်တော်ကို နောက်ပိုင်းမှာ စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ မျှော်လင့်တယ်"

ထိုပညာရှင်သည် အလွန်ဝမ်းသာသွားခဲ့သည်၊ ဧကရာဇ်မင်း၏ မျက်နှာသာကို တစ်ချက် ကြည့်ရုံဖြင့် ရာထူး ရရှိခဲ့သောကြောင့် ဖြစ်သည်။ သူသည် ကောင်းမွန်စွာ တာဝန် ထမ်းဆောင်ပြီး အရေးပါသော ရာထူး တစ်ခုအတွက် ကြိုးစားရန် ဆုံးဖြတ်ထားသည်။

လင်းပိုင်ဖန်က ဆက်တိုက် မေးခွန်းများစွာကို မေးမြန်းခဲ့ပြီး ထိုပညာရှင်က ကျွမ်းကျင်စွာ၊ ဂန္ထဝင်ကျမ်းများနှင့် အာဏာပိုင်များကို ကိုးကား၍ ပြန်ဖြေနိုင်ခဲ့သည်။

လင်းပိုင်ဖန်က အတော်လေး ကျေနပ်သွားပြီး ပြောလိုက်သည်- "ငါကိုယ်တော် မောင်မင်းကို နောက်ဆုံး မေးခွန်းတစ်ခု မေးမယ်။ မောင်မင်း ဒါကို ဖြေနိုင်ရင် တရားရုံးထဲ ဝင်ပြီး အရာရှိအဖြစ် အမှုထမ်းဖို့ အခွင့်အရေး ရလိမ့်မယ်"

ထိုပညာရှင်က ထပ်မံ ဝမ်းသာအားရ ဖြစ်သွားပြီး- "အရှင်မင်းကြီး၊ မေးခွန်း မေးတော်မူပါ"

"ငါကိုယ်တော်ရဲ့ အမိန့်ဟာ ဥပဒေတွေနဲ့ ဆန့်ကျင်ပြီး လူတွေရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်နေရင် မောင်မင်း ဘာလုပ်သင့်လဲ။ ငါကိုယ်တော် အမှန်တရားကို ကြားချင်တယ်။ ရိုးရိုးသားသား ဖြေပါ၊ လိမ်ညာလို့ မရဘူး" လင်းပိုင်ဖန် က ပြုံးလျက် မေးလိုက်သည်။

ထိုပညာရှိက ချက်ချင်းပင် ဂန္ထဝင် စာပေများကို ကိုးကား၍- "အရှင်မင်းကြီး၊ ဘာကြောင့် မေးနေစရာ လိုသေးလို့လဲ၊ ပညာရှိတွေ ပြောထားတာက- ‘ဧကရာဇ်မင်းက ဥပဒေကို ချိုးဖောက်ပါက သာမန် အရပ်သားကဲ့သို့ တရားစီရင်ခြင်းကို ခံရမည် ဖြစ်ပြီး၊ အရှင်မင်းကြီး၏ အမြင်က ဥပဒေရဲ့ နိယာမတွေနှင့် ကွဲလွဲနေပါက ကျွန်တော်မျိုးတို့က ဥပဒေကို ဦးစားပေးရမည်မှာ သေချာပါသည်"

"ပညာရှိက ထပ်မံ ပြောထားသည်မှာ- လူထုသည်ကသာ အရေးအကြီးဆုံးဖြစ်ပြီး၊ နိုင်ငံတော်က ဒုတိယ၊ အုပ်စိုးသူက အရေးပါမှု အနည်းဆုံးဖြစ်ပြီး ပညာရှိက လူထုသည်ကသာ အရေးအကြီးဆုံးဖြစ်ကြောင်းကို ကျွန်တော်မျိုးတို့ကို ပြောပြထားပါသည်။ ထို့ကြောင့် လူထု၏ သဘောထားသည်ကသာ ရှင်ဘုရင်၏ သဘောထား ဖြစ်သင့်ပါသည်"

"ဒါကြောင့် ကျွန်တော်မျိုးက အရာရှိဖြစ်လာြပီး၊ တရားရုံးထဲ ဝင်ရောက်လာနိုင်ခဲ့ရင် အမြဲတမ်း အရှင်မင်းကြီးကို ဥပဒေအရ အုပ်ချုပ်ဖို့နဲ့ လူထုရဲ့ သဘောထားကို လမ်းညွှန်ချက်အဖြစ် ယူဖို့ အကြံပေးရမည်ဖြစ်သည်၊ အရှင်မင်းကြီးကို နာမည်ကျော်ကြားတဲ့ ပညာရှိ အုပ်ချုပ်သူတစ်ဦး ဖြစ်လာစေဖို့ ကူညီရမည် ဖြစ်ပါသည်"

"ကောင်းလိုက်တာ" လင်းပိုင်ဖန် က လက်ခုပ်တီး၍ အော်လိုက်သည်။

ထိုပညာရှင်သည် အလွန်ကို ပျော်ရွှင်သွားလေသည်၊ သူ မှန်ကန်စွာ ဖြေခဲ့သည်ဟု ယုံကြည်နေပြီး ဧကရာဇ်မင်းက သူ့ကို အလွန် အားကိုးအားထောက် ပြုတော့မည်မှာ သေချာနေသည်။

‘ငါ့ရဲ့ အောင်မြင်မှုတွေက ရောက်လာပြီကွ၊ ဟား..ဟား..’

သို့သော် ထိုအချိန်တွင် လင်းပိုင်ဖန် ၏ မျက်နှာအမူအရာ ပြောင်းသွားပြီး- "သူ့ကို ခေါ်သွားပြီး တုတ်ပြားအကြီး နဲ့ အားပြင်းပြင်း ၁၀ ချက် ရိုက်စမ်း"

ထိုပညာရှင်မှာ လုံးဝ ကြောင်အသွားပြီး- "အရှင်မင်းကြီး၊ ကျွန်တော်မျိုး ပြောတာ တစ်ခုခု မှားသွားလို့လား"

"ဟုတ်တယ်၊ မှားတယ်၊ ဆိုးဆိုးရွားရွားကို မှားတယ်"

လင်းပိုင်ဖန် က ဒေါသတကြီးဖြင့်- "စကားပုံအတိုင်းပဲ၊ ရှင်ဘုရင်ရဲ့ ဆန်ကို စားတဲ့သူက ရှင်ဘုရင်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ကူခံစားပေးရမယ်။ မောင်မင်းက ငါ့နိုင်ငံက အစာကို စားတယ်၊ ငါနိုင်ငံက ရေကို သောက်တယ်၊ ငါ့နိုင်ငံက အရင်းအမြစ်တွေကို သုံးတယ်၊ ဒါတောင် ငါ့ကို ပုန်ကန်နေသေးတာလား၊ ဒါက ဘယ်လို ယုတ္တိလဲ၊ ငါကိုယ်တော် မောင်မင်းကို ဘာအတွက် သုံးရမှာလဲ၊ ငါ့ကို ပြော၊ မောင်မင်း အပြစ်ပေးခံရဖို့ မထိုက်တန်ဘူးလား"

ထိုပညာရှင်သည် တစ်ဖန် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။

တကယ်ပဲ ဒီလိုဖြစ်နေတာလား….?

ထိုအချိန်တွင် ဘုရင့်ကိုယ်ရံတော် များသည် ရှေ့သို့ အလျင်အမြန် ပြေးလာပြီး ထိုပညာရှင်ကို မြေပြင်ပေါ် ဖိချလိုက်ပြီး တုတ်ပြား အကြီးကြီးဖြင့် ဖြန်းခနဲ မြည်အောင် ရိုက်ချတော့သည်။

ထိုပညာရှင်သည် နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်- "အရှင်မင်းကြီး၊ အရှင်မင်းကြီး၊ ကျွန်တော်မျိုး မှားယွင်းစွာ ဖြေမိပါတယ်၊ ကျေးဇူးပြုပြီး နောက်ထပ် အခွင့်အရေး ပေးတော်မူပါ၊ တောင်းပန်ပါတယ်..."

"မလိုတော့ဘူး၊ ငါကိုယ်တော် နောက်ထပ် မကြားချင်တော့ဘူး" လင်းပိုင်ဖန် က ဒေါသတကြီး ပြောလိုက်သည်။

“ဤမျှလောက်ထိ အလွဲသုံးစား အပြစ်ပေးရသလား၊ သစ္စာရှိ အမတ်တွေရဲ့ အကြံဉာဏ်ကို နားမထောင်နိုင်တဲ့ မိုက်မဲတဲ့ ဧကရာဇ်၊ တကယ်ပဲ မိုက်မဲလှတဲ့ ဧကရာဇ် ပါတကား….။

လင်းပိုင်ဖန် က- "ငါကိုယ်တော်ကို မျက်နှာချင်းဆိုင်ပြီး မိုက်မဲတဲ့ ဧကရာဇ် လို့ ခေါ်ဝံ့တယ်လား၊ မောင်းမင်း တော်တော် သတ္တိရှိနေတာပဲ။ တုတ်ပြားအကြီးနဲ့ နောက်ထပ် ၁၀ ချက်၊ မဟုတ်ဘူး အချက် ၂၀ တပ်ရိုက်စမ်း"

လီလင်းဖူ သည် သူ့ကိုယ်သူ အေးခဲသွားသလိုတောင် ခံစားလိုက်ရသည်။

လွန်ခဲ့တဲ့ ခဏလေးကမှ အရှင်မင်းကြီးက ပြုံးရွှင်နေပြီး စိတ်ကောင်းနေသေးသည်၊ ဒါပေမယ့် မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူ့မျက်နှာက ပြောင်းသွားခဲ့ပြီဖြစ်သည်။

တကယ်တော့ ဧကရာဇ်ကို အမှုထမ်းရတာက ကျားနဲ့ အတူနေရတာနဲ့ တူသည်။

ကံကောင်းစွာနဲ့ပင် သူ ဘယ်လို မှန်ကန်စွာ ပြောဆိုရမယ်ဆိုတာကို သိသည်။ မဟုတ်ပါက သူ့တင်ပါးလည်း ပန်းပွင့်နေလောက်ပြီ ဖြစ်သည်။

All Chapters