← Chapters

ကံကြမ္မာကျောက်တုံး

Vol. 9 Ch. 115

ကံကြမ္မာကျောက်တုံး

Vol. 9 Ch. 115

"သူက သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရမ်းကိုခန့်ညားတယ်"

ပိုင်လော့က ကျိယွမ်၏ပုံစံကို မှတ်မိသလောက် ပြန်ပြောပြသည်။

ထိုအခါ အဘိုးအိုမှာ အနည်းငယ်အံ့အားသင့်သွားသည်။သ်ို့သော် ထိုမျှလောက်နှင့်တော့ သူ၏အနေအထားကို မယှဥ်နိုင်သေးပါ။

"ဟွန့်၊ သူက အဆင့်ထောင်ချီထဲက အကြီးအကဲတစ်ယောက်ပဲ ဖြစ်ရမယ်"

"သူတို့လိုအကြီးအကဲတွေက ငါတို့လိုသွေးသခင်နဲ့နီးစပ်တဲ့သူတွေမဟုတ်ဘူး၊သူက တော်တော်ဝေးဝေးပဲနေမယ်၊သူတို့တွေက အခြားသူတွေ ယုန်ထင်ကြောင်ထင်ဖြစ်အောင် သွေးသခင်လိုတုပပြီး ဝတ်တတ်ကြတယ်၊မသိရင်သူတို့က သွေးသခင်နဲ့ အလွန်နီးစပ်သလိုလိုပေါ့လေ"

တစ်ချိန်လုံးငြိမ်နေခဲ့သော ဟေးယွီသည် တစ်စုံတစ်ခုကို သတိရသွားကာ ဝင်ပြောလိုက်သည်။

"သူက သူ့ကိုယ်သူ သွေးသခင်လို့လည်း ပြောခဲ့သေးတယ်"

"ဘာ"

အဘိုးအို၏ မှုန်မွဲနေသော မျက်လုံးများ ရုတ်တရက် တောက်ပလာခဲ့ပြီး သူ၏ အင်အားမရှိသော ခန္ဓာကိုယ်ထဲမှ ခွန်အားများ ပေါက်ထွက်လာကာ ဟေးယွီ၏ လည်ပင်းကို ဆွဲကိုင်၍ မေးလိုက်သည်။

"သူက သူ့ကိုယ်သူ သွေးသခင်ပါလို့ ပြောခဲ့တယ်ပေါ့ ဟုတ်လား"

သွေးသခင်၏ သွန်သင်ဆုံးမမှုများကို နာခံကြသောလူတိုင်းသည် သူ့ကိုအလွန်လေးစားကြည်ညိုကြသည်။

သူတို့သည် သွေးသခင်ကို ဖခင်တစ်ဦးသဖွယ်မြင်ပြီး ဆရာတစ်ဦးအဖြစ် လေးစားကြ၏။

မည်သူတစ်ဦးတစ်ယောက်ကမျှ သွေးသခင် အဖြစ်ဟန်ဆောင်ရန် မဝံ့ရဲကြပါ။

"သူ့ရုပ်ရည်က ဘယ်လိုလဲ"

အဘိုးအိုက အလျင်အမြန် မေးလိုက်ပါသည်။

ပိုင်လော့နှင့် ဟေယွီးတို့သည် သူတို့၏ ဆရာ ဤမျှလောက်စိတ်လှုပ်ရှားနေသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ကြပါ။

ပိုင်လော့က သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ရေမျက်နှာပြင်တစ်ခု ဖန်တီးလိုက်သည်။

ထိုရေပြင်တွင် မရေမရာ ပုံသဏ္ဌာန်တစ်ခု စတင်ပေါ်ပေါက်လာသည်။

သို့သော်လည်း ပုံသဏ္ဌာန်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုပုံသဏ္ဌာန်သည် ချက်ချင်းကွဲကြေသွားလေ၏။

သူတို့တွေ့ဆုံခဲ့သူ၏ ရုပ်ရည်ကိုပြသခြင်းအား တားဆီးနေသော မရှင်းပြနိုင်သည့် စွမ်းအားတစ်ရပ် ရှိနေပုံရသည်။

ပိုင်လော့နှင့်ဟေးယွီတို့မှာ နားမလည်နိုင်ဖြစ်နေ၏။

ဤအရာကို မြင်သော် အဘိုးအို၏ မှေးနေသောမျက်လုံးများပင် ကျယ်လာပြီး ငြိမ်သက်သွားသည်။

"ဒါ.ဒါက.. တကယ်ပဲ ဆရာသခင်များ ဖြစ်နေမလား"

သွေးသခင်သည် မွေးရာပါ မြင့်မြတ်သူဖြစ်ပြီး မည်သည့်ပုံရိပ်ကမျှ သူ၏ ရုပ်ရည်ကို ဖမ်းယူနိုင်ခြင်း မရှိခဲ့ပါ။

ထို့အပြင် မည်သည့်ရတနာ၊မည်သည့်နည်းစနစ်များကိုပင်သုံးပါစေ သူ၏မျက်နှာကို ပုံဖော်နိုင်ခြင်း မရှိခဲ့ပေ။

ပိုင်လော့သည်လည်း သူမငယ်ဘဝမှ အဖြစ်အပျက်တစ်ခုကို ရုတ်တရက်သတိရသွားခဲ့သည်။

သူမသည် သွေးသခင်ကို အလွန်လေးစားခဲ့ပြီး တစ်ချိန်က သူမ၏ဆရာအဘိုးအိုကို သွေးသခင်၏ပုံရိပ်ကိုပြသရန် တောင်းဆိုခဲ့ဖူးသည်။သို့သော်လည်း ယနေ့လိုပင် ပြသနိုင်ခဲ့ခြင်း မရှိခဲ့ပါ။

"သူက တကယ်ပဲ သွေးသခင် လား"

ပိုင်လော့က အလွန်စိတ်လှုပ်ရှားစွာရေရွတ်သည်။

သို့သော်သူမက ခေါင်းယမ်းမိလေ၏။

"ဒါပေမဲ့... ကံကြမ္မာကျောက်တုံး က သွေးသခင် သေဆုံးသွားပြီလို့ ပြောခဲ့တယ်မဟုတ်လား"

ကံကြမ္မာကျောက်တုံးသည် လျူဖုန်းနယ်မြေ၏ အမြင့်မြတ်ဆုံးသောရတနာဖြစ်သည့်အတွက် မှားယွင်းစရာအကြောင်းမရှိပါ။

အဘိုးအိုသည် မည်သည့်တုန့်ပြန်မှုမှ မပေးဘဲ ခေါင်းငုံ့ကာ အတွေးထဲ နစ်မြောနေ၏။

ထိုအခိုက် ပိုင်လော့သည် တစ်စုံတစ်ခုကို သတိရသွားပြီး သူမ၏ သိမ်မွေ့သောလက်ကို ဆန့်တန်းလိုက်သည်။

"ဆရာ ဒါက သူကျွန်မတို့ကို ပေးတဲ့ လက်ဆောင်သေးသေးလေးပဲ"

သွေးနီရောင်အရည်တစ်စက်သည် သူမ၏လက်ပေါ်၌ ပေါ်လာခဲ့သည်။

အဘိုးအို၏ မျက်လုံးများသည် ထိုသွေးစက်ပေါ်တွင် စူးစိုက်သွား၏။

သူက ဆွံ့အစွာ မယုံနိုင်စွာ တုန်လှုပ်စွာ ကြည့်နေသည်။

"ဆရာသခင်လား..ဒါ..ဒါဆို သူက.. တကယ်ကို..သွေးသခင်ပဲ"

အဘိုးအိုသည် ထိုလူမှာ သွေးသခင် ဖြစ်ကြောင်း လုံးဝယုံကြည်သွားလေပြီ။

"သူ..သူ ဘယ်ကိုသွားလဲ"

သူက အလွန်ပူပန်သော အသွင်ဖြင့် အလျင်အမြန် မေးလိုက်သည်။သူက နေရာသိသည်နှင့် ချက်ချင်းပြေးလိုက်သွားမည့်အလား ရှိ၏။မဟာမိတ်အဖွဲ့ကိုလည်း ​ကြောက်ရွံ့နေတော့မည့်ပုံ မရှိပေ။

ပိုင်လော့သည် ဖြစ်ပျက်

ခဲ့သမျှကို သူမ၏ဆရာအား လျင်မြန်စွာရှင်းပြလိုက်သည်။

အားလုံးကို ကြားပြီးနောက် အဘိုးအိုသည် ဝမ်းနည်းစွာ ငိုကြွေးလေတော့သည်။

"သူက သွေးသခင်အစစ်ပဲ"

သူသည် မျှော်လင့်တကြီးဖြင့် ပိုင်လော့ကြကို ကြည့်ကာမေးသည်။

"သွေးသခင်က စာဝါငှက်ကအပြင် တခြားသူအကြောင်း ပြောခဲ့သေးလား။ ငါ့ကိုရော မေးခဲ့သေးလား"

ပိုင်လော့မှာ ဖြေရခက်သွား၏။သူမက စဥ်းစားနေသလိုလိုဖြင့် ယောင်တောင်တောင်လုပ်နေလိုက်သည်။

အဆင့် ၁၀၀ လောက်က နောက်လိုက်တစ်ယောက်ကို သွေးသခင်ရဲ့အဆင့်အတန်း ဘယ်လိုလုပ်မှတ်ထားမှာလဲ။

စိတ်လှုပ်ရှားနေသော ဟေယွီးက အေးစက်စွာဖြေပေးလိုက်သည်။

"မပြောခဲ့ပါဘူး"

ထိုစကားကိုကြားသောအခါ အဘိုးအိုသည် စိတ်ပျက်မသွားခဲ့ပါ။

"ဆရာသခင်က အမှတ်မရှိဘူး။ ငါ့ကို မပြောတာ သဘာဝပါပဲ။ ဒါပေမဲ့ သူက သူ့နှလုံးသားထဲမှာတော့ ငါ့ကို သေချာပေါက် မှတ်မိနေမှာပါ"

ပိုင်လော့ကတော့ သူမ၏ဆရာဖြစ်သူကို ကြည့်ကာ ပြောစရာစကားများပင်ပျောက်ဆုံး၏။

ငါ့ဆရာက လယ်ပြင်မှာဆင်သွားသလို ထင်ရှားနေတာတောင် မလျှော့သေးပါလား။

အဘိုးအိုက အကြွားသန်သော်လည်း လက်ရှိအခြေအနေကိုတော့ မမေ့သေးပုံရသည်။

"မင်းတို့ပြောပုံအရဆိုရင် ဆရာသခင်က ကမ္ဘာမြေအဆုံးကို သွားနေတာ ဖြစ်ရမယ်၊ ဒီသတင်းကို ကမ္ဘာမြေအဆုံးကို အမြန်ဆုံး ပို့ဖို့လိုနေပြီ"

အဘိုးအိုသည် သတင်းကို မည်သို့ပေးပို့ရမည်ကို စဉ်းစားရင်း လက်နောက်ပစ်ကာ ခေါက်တုန့်ခေါက်ပြန်လက်လျှောက်နေ၏။

ခဏအကြာတွင် သူသည် ဆုံးဖြတ်ချက်ချလိုက်ပြီး "ကမ္ဘာမြေအဆုံးကို သွားကြမယ်" ဟု ပြောလိုက်သည်။

သူသည် သူ၏ဆရာသခင်ကိုတွေ့ရန် ကမ္ဘာမြေအဆုံးကို သွားချင်နေသည်။

တစ်ချိန်တည်းမှာပင် သူသည် သွေးသခင် ပြန်လာပြီဆိုသည့်သတင်းကို သွေးနန်းတော် သို့ အထူးလမ်းကြောင်းများမှတစ်ဆင့် အသိပေးရန် စီစဉ်ခဲ့သည်။

အဘိုးအိုသည် လျူဖုန်းနယ်မြေ၏ မြောက်ဘက်အရပ်ဆီသို့ ငေးကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

"ဆရာသခင်..ကျွန်တော်တို့လိုက်လာပါပြီ"

............

ကောင်းကင်ယံ၌ အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

များစွာသောကျင့်ကြံသူတို့သည် ကောင်းကင်ပေါ်သို့ ကြည့်ကာ သူတို့၏ မျက်လုံးများတွင် လေးစားကြည်ညိုမှုများ ပြည့်နှက်နေသည်။

ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ကျင့်ကြံသူအချို့ကတော့ အံ့အားသင့်နေကြပြီး မက်ဆေ့ချ်များစွာကို ခရမ်းရောင် ကောင်းကင်မဟာမိတ်အဖွဲ့ သို့ အဆက်မပြတ် ပေးပို့နေသည်။

ပျံသန်းနေသော အလင်းတန်းရပ်နားလိုက်သော နေရာတိုင်းတွင် ကောင်းကင်မှသွေးနီရောင် ဓားအရိပ်တစ်ခု ဆင်းသက်လာကာ ခရမ်းရောင် ကောင်းကင်မဟာမိတ်အဖွဲ့ ၏ ခံတပ်တစ်ခုကို ဖျက်ဆီးပစ်လေ့ရှိသည်။

လျူဖုန်းနယ်မြေတစ်ခုလုံးသည် လုံးဝ မငြိမ်မသက်ဖြစ်နေခဲ့လေပြီ။

ခံတပ်ပေါင်းစုံ၊ နေရာပေါင်းစုံမှ မက်ဆေ့ချ်များစွာသည် ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့ ၏ ဌာနချုပ်သို့ အဆက်မပြတ်ရောက်လာနေသည်။

ထိတ်လန့်စရာကောင်းသော သတင်းစကားတစ်ခုကလည်း လျူဖုန်းနယ်မြေ တစ်ခုလုံးကို ပျံ့နှံ့လာ၏။

သွေးသခင်သည် ရှင်ပြန်ထမြောက်လာပြီး ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့ ကို လာရောက်တိုက်ခိုက်နေသည်ဆိုသော သတင်းပင်ဖြစ်လေသည်။

ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့ ဌာနချုပ်၌ ခန့်ညားသော အမျိုးသားတစ်ဦးသည် ဖီးနစ်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး သူ၏ မျက်နှာတွင် လှောင်ပြောင်သောအရိပ်အယောင်များ ပေါ်နေသည်။

"သွေးသခင် ရှင်ပြန်ထမြောက်တယ်ဆိုတာ လုံးဝကိုဟာသပဲ"

သူသည် ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မ၏ ယောက်ျားလေးအချစ်တော်တစ်ယောက် ဖြစ်သည်။

သူသည် ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့ ၏ အကြီးအကဲတစ်ဦးလည်းဖြစ်သည်။

"ကံကြမ္မာကျောက်တုံးဟာ ကမ္ဘာ့အမြင့်မြတ်ဆုံးရတနာပဲ၊မှားယွင်းစရာအကြောင်း လုံးဝမရှိဘူး"

"သွေးသခင်က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သေဆုံးသွားခဲ့ပြီ၊ အခုလူက အယောင်ဆောင်တစ်ယောက်ပဲ ဖြစ်ရမယ်"

"ကျွန်တော် ထင်တာကတော့ သွေးနန်းတော်ရဲ့အကြွင်းအကျန်တွေပဲ။ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေ ကမ္ဘာမြေအဆုံးကို ချီတက်တာကိုမြင်တော့ မခုခံနိုင်မဲ့အတူတူ ကျန်ခဲ့တဲ့ခံတပ်တွေကို ဖျက်ဆီးဖို့ ကျွမ်းကျင်သူအချို့ကို စေလွှတ်တာ ဖြစ်ပါလိမ့်မယ်"

သုံးမီတာကျော်မြင့်သော အမျိုးသားတစ်ဦးက ခေါင်းလောင်းသံတမျှ ကျယ်လောင်သော အသံဖြင့် မှတ်ချက်ချလိုက်၏။

သူ၏ယူဆချက်ကို ခန်းမထဲမှလူများအားလုံးက သဘောတူကြသည်။

ဖီးနစ်ကုလားထိုင်ပေါ်မှ အကြီးအကဲလင်ရှောင်မိန်က မာနထောင်လွှားစွာ အမိန့်ထုတ်လိုက်သည်။

"ခေတ်တွေက ပြောင်းလဲသွားပြီ။ သွေးသခင် ရှင်ပြန်ထမြောက်ရင်တောင် ဘာဖြစ်လဲ"

"ခရမ်းရောင်ဝတ်ရုံလုပ်ကြံရေးဆယ့်သုံးယောက်၊ အဲဒီ သွေးသခင်ဆိုတာကို တကယ်ပဲဖြစ်စေ၊ အတုပဲဖြစ်စေ ရှင်းလင်းပစ်လိုက်"

ခန်းမထဲ၌ ခရမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော လူဆယ့်သုံးဦး ပေါ်လာကြပြီး တစ်ဦးစီတိုင်းက အားကောင်းသော အော်ရာများ ထုတ်လွှတ်နေကြသည်။

ထိုဆယ့်သုံးဦးစလုံးသည် မြေကမ္ဘာဒဏ္ဍာရီ အဆင့်တွင် ရှိကြပြီး အလွန်အစွမ်းထက်ကြသည်။

"နားလည်ပါပြီ"

ခရမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော လုပ်ကြံသူဆယ့်သုံးဦးသည် ခန်းမထဲမှ လျှင်မြန်စွာပျောက်ကွယ်သွာသည်။

ထို့နောက် အကြီးအကဲလင်ရှောင်မိန်က ပြုံးကာ မေးလိုက်သည်။

"မနက်ဖြန်က ငါ့ရဲ့ နှစ်တစ်ရာပြည့်မွေးနေ့ပဲ၊ ပြင်ဆင်မှုတွေ ဘယ်လိုလဲ"

ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မသည် တပ်ဖွဲ့ကိုဦးဆောင်ကာ ကမ္ဘာမြေအဆုံးသို့ ချီတက်နေသောကြောင့် လင်ရှောင်မိန်သည် ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့ချုပ်ကို ခေတ္တတာဝန်ယူထားရသည်။

မနက်ဖြန်သည် သူ၏နှစ်တစ်ရာပြည့် မွေးနေ့ ဖြစ်လေသည်။

ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မ၏ ယောက်ျားလေးအချစ်တော်များသည် တစ်ဦးမျှ အသက်တစ်ရာ မကျော်ခဲ့ကြပေ။

သူမက ငြီးငွေ့လာသောအခါ အများစုကို စွန့်ပစ်ပြီးနောက် သတ်ဖြတ်ပစ်ခဲ့သည်။

သို့သော် လင်ရှောင်မိန်သည် ထိုသူများနှင့်မတူပါ။

သူသည် သူမ၏ယောက်ျားလေးအချစ်တော်တစ်ဦးဖြစ်ပြီး အသက်တစ်ရာပြည့်အထိ နေရသော ပထမဆုံးအချစ်တော် ဖြစ်လာတော့မည်မဟုတ်ပါလား။

ထို့ကြောင့် သူသည် သူ၏နှစ်တစ်ရာပြည့် ဧည့်ခံပွဲနှင့် ပတ်သက်၍ အလွန်စိုးရိမ်ပူပန်နေခဲ့သည်။

သူ၏ ဧည့်ခံပွဲနှင့် နှိုင်းယှဉ်ပါက သွေးသခင် သည် သူ့အတွက် အရေးမပါပေ။

"စိတ်ချပါ၊ အရာအားလုံး အဆင်သင့်ဖြစ်နေပါပြီ"

အကြီးအကဲတစ်ဦးက နှိမ့်ချစွာ ပြောလိုက်သည်။

ခန်းမအတွင်း၌ရှိနေသူတိုင်းသည် လင်ရှောင်မိန်၏အရိပ်အခြေကိုကြည့်ကာ ချော့မော့ပြုံးရယ်နေကြရ၏။

မည်သို့ပင်ဖြစ်စေ ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မ၏အိပ်ရာထဲသို့ တတ်နိုင်ခြင်းကပင် အထင်ကြီးလောက်စရာအောင်မြင်မှုကြီးတစ်ခု မဟုတ်ပါလား။

ဤသို့ဖြင့် ညဉ့်နက်ပိုင်းသို့ရောက်လာခဲ့သည်။

တုန်ထျန်းမြို့တော်တစ်ခုလုံးသည် နေ့ခင်းဘက်ကဲ့သို့ မီးရောင်များလင်းထိန်နေ၏။

မနက်ဖြန်သည် ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့ ၏ အကြီးအကဲလင်ရှောင်မိန်၏ နှစ်တစ်ရာပြည့်မွေးနေ့ ဖြစ်သောကြောင့် တုန်ထျန်းမြို့တော်တစ်ခုလုံးကို မီးပုံးများဖြင့် အလှဆင်ထားပြီး ပျော်ရွှင်စရာ အငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။

မြို့ထဲရှိစားသောက်ဆိုင်တစ်ခုမှာတော့ ကိုယ်ရောင်ဖျောက်ထားသော အမျိုးသား သုံးဦး ရောက်ရှိနေကြသည်။

ဦးဆောင်လာသူ၏ မျက်နှာပေါ်တွင် အမာရွတ်တစ်ခုရှိပြီး ကြမ်းတမ်းသော အသွင်အပြင် ရှိသည်။

"လင်ရှောင်မိန်၊ အဲဒီ ခွေးမသားကို မနက်ဖြန် ငါ သတ်ပစ်ရမယ်"

အခြားနှစ်ဦးကလည်း ခေါင်းညိတ်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များက လင်းလက်နေခဲ့သည်။

သူတို့သုံးဦးစလုံးသည် လင်ရှောင်မိန်အပေါ် ပြန်လည်ရင်ကြားစေ့၍မရနိုင်သော အငြိုးအတေးတပုံတပင် ရှိကြသူများချည်းဖြစ်လေသည်။

သူတို့၏ မိဘများနှင့် ဇနီးများသည် လင်ရှောင်မိန်၏ လက်ချ​က်ဖြင့် သေဆုံးခဲ့ကြရ၏။

ယနေ့ညမှာတော့ သူတို့သည် ရန်သူကို လုပ်ကြံသတ်ဖြတ်ရန်အတွက် ပူးပေါင်းခဲ့ကြသည်။

ဝါးခမောက်ဆောင်းထားသော အမျိုးသားတစ်ဦးက တိုးတိုးတိတ်တိတ်မေးလိုက်သည်။

"ဒါနဲ့ သူ့ကိုယ်သူသွေးသခင်လို့ ပြောတဲ့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်က ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့ ကို တိုက်ခိုက်နေတာကို မင်းတို့ကြားလား"

"သွေးသခင်ကလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သေဆုံးသွားခဲ့ပြီကို ၊ အယောင်ဆောင်တစ်ယောက် ဖြစ်နိုင်လောက်တယ်"

အမာရွတ်ရှိသူက သူ၏အမြင်ကို ထုတ်ဖော်၏။

"ဒီနေ့ ခရမ်းရောင်ဝတ်ရုံလုပ်ကြံရေးဆယ့်သုံးယောက်က သူ့ကိုရှင်းဖို့သွားကြပြီတဲ့၊ သူက ဒီကို ရောက်လာနိုင်တော့မယ် မထင်ဘူး"

ဝါးခမောက်ဆောင်းထားသော အမျိုးသားက သက်ပြင်းချကာ နှမြောသလိုညည်းညူလေသည်။

"သူသာ ဒီကို ရောက်လာနိုင်မယ်ဆိုရင် ငါတို့ ညီအစ်ကိုသုံးယောက် သူနဲ့ပူးပေါင်းပြီး လင်ရှောင်မိန်ဆိုတဲ့ ခွေးမျိုးကို သတ်ပစ်နိုင်မှာသေချာတယ်"

"တုတု စစ်စစ်ကွာ ၊ ဒီလို သူရဲကောင်းတစ်ယောက်နဲ့အတူသေဆုံးရတာ ဂုဏ်ယူစရာကြီးပဲ"

သူတို့သုံးဦးစလုံးသည် ယခုကိစ္စတွင် အသက်ရှင်သန်ရန်လမ်းမရှိကြောင်း သိထားသဖြင့် သေရန်ပြင်ဆင်ထားကြပြီဖြစ်သည်။

မနက်ဖြန်၌ လင်ရှောင်မိန်ကို လုပ်ကြံသတ်ဖြတ်ရာတွင် အောင်မြင်မည်မဟုတ်ကြောင်းသေချာသလောက်ရှိသော်လည်းယခုလိုအခွင့်အရေးမျိုးက မလွယ်ကူပါ။

နောက်ထပ်စောင့်နေလျှင် အခွင့်အရေး ပို၍ပင် နည်းပါးသွားမည်ဖြစ်သောကြောင့် မတုံ့ဆိုင်းဘဲ ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့ကြခြင်းပင်။

တစ်ချိန်လုံးတိတ်ဆိတ်နေသော အရပ်ပုပုအမျိုးသားက လေးနက်စွာဝင်ပြောသည်။

"ငါသွေးနန်းတော်ထဲက လူတစ်ယောက်ကို သိတယ်၊ ဒီသွေးသခင်က တကယ်ဖြစ်နိုင်တယ်လို့ သူကပြောခဲ့တယ်"

"သွေးသခင် အစစ်တဲ့လား"

အမာရွတ်နှင့်အမျိုးသားက အံ့အားသင့်သွားသည်။သို့သော် ထူးထူးခြားခြားတော့ တုန်လှုပ်မသွားပေ။

သွေးသခင်အစစ် ရှင်ပြန်ထမြောက်ရင်တောင် ဘာဖြစ်လဲ။

ယခုအချိန်၌ ကမ္ဘာကြီးသည် ခရမ်းရောင် ကောင်းကင်မဟာမိတ်အဖွဲ့ ၏ လက်အောက်သို့ လုံးဝကျရောက်နေခဲ့လေပြီ။

ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့ တွင် အဓိပတိအဆင့်တစ်ရာရှိပြီး ထိုအင်အားက ကမ္ဘာကြီးကို ဖိနှိပ်ရန် လုံလောက်​သည် မဟုတ်ပါလား။

ဒဏ္ဍာရီလာသွေးသခင်သည် မွေးရာပါ မြင့်မြတ်သူဖြစ်နိုင်သော်လည်း ကျင့်ကြံခြင်းနယ်ပယ်တွင်တော့ အဓိပတိအဆင့်မဖြစ်နိုင်ပေ။

ထိုသိူ့မဟုတ်ဘဲ သွေးသခင်သည် အဓိပတိဖြစ်နေလျင်ပင် သူကတစ်ဦးတည်းသမားဖြစ်သောကြောင့် အမြင့်ဆုံးရလဒ်အထိ မျှော်လင့်ရန် မဖြစ်နိုင်ပါ။

"ထားတော့ စားစရာရှိတာစားပြီး အနားယူထားကြ"

သူတို့သုံးဦးစလုံး စိတ်လေးလံနေကြပြီး အတွေးကိုယ်စီနှင့် တိတ်ဆိတ်စွာ စားသောက်လိုက်ကြသည်။

တုန်ထျန်းမြို့တော်မှာတော့ မီးရှုးမီးပန်းသံများ ဆက်လက်ထွက်ပေါ်နေပြီး ညကောင်းကင်က အစွမ်းကုန်တောက်ပနေခဲ့သည်။

ရုတ်တရက် ထူးဆန်းသောအသံတစ်ခုထွက်ပေါ်လာကာ တုန်ထျန်းမြို့တော် တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။

"ခရမ်းရောင် ကောင်းကင်မဟာမိတ်အဖွဲ့၊ ငါသွေးသခင် အလည်လာတယ်"

ကျယ်လောင်သောအသံသည် လူတိုင်း၏ နားထဲတွင် မိုးခြိမ်းသံကဲ့သို့ ဝင်ရောက်သွားသည်။

တုန်ထျန်းမြို့တော်ပေါ်တွင် အဆုံးမရှိသောသွေးစွမ်းအင်သည် သမုဒ္ဒရာတစ်ခုကဲ့သို့ ပျံ့နှံ့သွားခဲ့ပြီး ကြီးမားသောသွေးတိမ်တိုက်ကြီးက ကောင်းကင်ယံမှ မြို့တော်ပေါ်သို့ ဖိနှိပ်ကျဆင်းလာသည်။

ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့ချုပ်အတွင်းမှလည်း မရေမတွက်နိုင်သောဒေါသ သံများ မြည်ဟည်းလာခဲ့သည်။

"ဒီနေရာမှာ ဘယ်သူကများ ဒီလိုအာကျယ်ဝံ့တာလဲ"

"ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့ ကို စော်ကားသူမှန်သမျှ သေရမယ်"

အော်ဟစ်သံများနှင့်အတူ လူရိပ်ခြောက်ဆယ်သည် ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။

သူတို့အားလုံးသည် ခရမ်းရောင်ဝတ်ရုံများ ဝတ်ဆင်ထားကြပြီး သူတို့၏ စွမ်းအင်များသည် အလွန်ထိတ်လန့်စရာ ကောင်းနေ၏။

"သူတို့အားလုံးက မြေကမ္ဘာဒဏ္ဍာရီ ကျင့်ကြံသူတွေပဲ"

အမာရွတ်နှင့်အမျိုးသားက မသာယာသောမျက်နှာထားနှင့် ထိုလူရိပ်များကို မော့ကြည့်နေမိသည်။

သူတို့အတွက်မူ မြေကမ္ဘာဒဏ္ဍာရီအဆင့်ခြောက်ဆယ်သည် အဓိပတိတစ်ဦးကိုပင် စုပေါင်းသတ်ဖြတ်ရန် လုံလောက်သည်။

သွေးသခင်သည် အဓိပတိအဆင့်ဖြစ်နေလျှင်ပင်သေချာပေါက် သေဆုံးရတော့မည်။

ဝါးခမောက်ဆောင်းထားသူကလည်း စိတ်မကောင်းစွာ မှတ်ချက်ချလေ၏။

"သွေးသခင်က အမြော်အမြင်နည်းတာပဲ၊သူက တိတ်တဆိတ်ထိုးဖောက်ဝင်ရောက်ပြီး လင်ရှောင်မိန်ကို လုပ်ကြံသတ်ဖြတ်ခဲ့သင့်တာ"

"သူတို့နဲ့ အခုလိုထိပ်တိုက်ရင်ဆိုင်တိုက်တာက ပညာမဲ့ရာကျလွန်းတယ်"

ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့၏ ခန်းမထဲတွင်ရှိနေသေ လင်ရှောင်မိန်၏ မျက်နှာတွင် မကျေနပ်သော အရိပ်အယောင် ပေါ်လာခဲ့သည်။

"ခရမ်းရောင်ဝတ်ရုံလုပ်ကြံရေးဆယ့်သုံးယောက်က အသုံးမကျလိုက်တာ၊ သွေးသခင်လောက်ကိုတောင် မတားနိုင်ခဲ့ဘူး"

သူ၏အနီးမှ အကြီးအကဲတစ်ဦးက သတိရှိစွာဆိုသည်။

"သွေးသခင်က အခုလိုပေါ်ပေါ်ထင်ထင် လာတာဟာ ထောင်ချောက်တစ်ခု ဖြစ်ရမယ်"

"ဟွန့်..ငါတို့ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ အင်အားနဲ့ဆိုရင် သူ့

ထောင်ချောက်က ဘာအရေးစိုက်စရာ ရှိလဲ"

အဓိပတိတစ်ဦးက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

လင်ရှောင်မိန်သည် ခန်းမထဲမှ အဓိပတိ ဆယ့်တစ်ဦးကို ကြည့်ကာ ရင်ကော့၏။

"ခင်ဗျားတို့ ရှိနေရင် ကျူပ်ကဘာကြောက်စရာ ရှိမှာလဲ"

အဓိပတိများသည် ထိုစကားကိုဘဝင်မကျသော်လည်း မတတ်သာစွာခေါင်းညိတ်ကာ ပြုံးပြလိုက်ကြသည်။

သူများလက်နဲ့မြွေဖမ်းချင်နေတဲ့ကောင်ကိုမှ ဆရာတင်မိရတယ်လို့၊ငါတို့ဘဝကလည်း ဆိုးပါ။

မြေကမ္ဘာဒဏ္ဍာရီအဆင့် ခြောက်ဆယ်ကတော့ ကောင်းကင်ယံတွင် ရပ်နေကြပြီး ကြီးမားသောစွမ်းအားကို ထုတ်လွှတ်ကာ ခရမ်းရောင် ကောင်းကင်မဟာမိတ်အဖွဲ့ ၏ အင်အားကို ပြသနေသည့်အလားပင်။

ထို့အချိန်မှာပင် မြို့အထက်ကောင်းကင်ယံမှ သွေးတိမ်တိုက်များသည် ဓားတစ်ချောင်းအသွင် ပြောင်းသွားခဲ့သည်။

"ငါ့ကိုဧည့်ခံဖို့ သာမန်နောက်လိုက်တွေကိုပဲ လွှတ်လိုက်တယ်၊မင်းတို့က ငါ့ကိုအထင်သေးနေတာပဲ"

အသံဆုံးသည်နှင့် သွေးတိမ်တိုက်ဓားသည် မြေကမ္ဘာဒဏ္ဍာရီအဆင့် ခြောက်ဆယ်ဆီသို့ ပစ်မှတ်ထားကာ ဆင်းသက်လာတော့သည်။

သွေးဓား၏အလင်းသည် ကောင်းကင်ကို ဖြတ်ကျော်သွားသည်နှင့်အမျှ ကြီးမားသောအသံတစ်ခု ပဲ့တင်ထပ်သွားခဲ့သည်။

"သေ"

အ​ဆုံးမရှိဟုထင်ရသော သွေးရောင်ဓားအလင်းက ကျင့်ကြံသူ ၆၀ ထံသို့ အနီရောင်ဥက္ကာခဲများကျဆင်းသလို လင်းလက်ကာ ကျရော​က်သွားသည်။

မရေမတွက်နိုင်သော သွေးဓားအလင်းများသည် သွေးနီရောင်ဥက္ကာခဲများကဲ့သို့ လင်းလက်သွားခဲ့သည်။

ဒဏ္ဍာရီအဆင့်ကျင့်ကြံသူ ခြောက်ဆယ်သည် ဖက်ထုပ်များကဲ့သို့ ရုတ်တရက်ပြုတ်ကျကုန်သည်။

ထိုအရာကို မြင်တွေ့ရသော ကျင့်ကြံသူများအားလုံးမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

ဓားတစ်ချက်တည်းဖြင့် မြေကမ္ဘာဒဏ္ဍာရီ ကျင့်ကြံသူခြောက်ဆယ်ကို သတ်နိုင်သည်။

ဒါက လူမှဟုတ်သေးရဲ့လား။

ဝါးခမောက်ဆောင်းထားသူမှာ သူ၏စကားများကိုပင် ပြန်ရှက်ရွံ့မိသွား၏။

"သွေးသခင်ရဲ့အစွမ်းက ခရမ်းရောင် ကောင်းကင်ဆန်းကြယ်သခင်မရဲ့ အဆင့်နီးပါး ရှိတယ်"

အမာရွတ်ရှိသူအမျိုးသားသည် တံတွေးမျိုချလိုက်မိသည်။

သူတို့ကြည့်နေစဥ်မှာပင် ကောင်းကင်ယံတွင် သွေးနီရောင်ဝတ်ရုံဝတ်ဆင်ထားသူတစ်ဦး ပေါ်လာပြီး သူ၏နဖူးတွင် သွေးအမှတ်အသားတစ်ခုရှိကာ အလွန်ချောမောခန့်ညားသည်။

ကျိယွမ်သည် အောက်သို့ ငုံ့ကြည့်ကာစိတ်ပျက်စွာ ကောက်ချက်ချသည်။

"ငါက ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့ က တန်ဖိုးရှိတဲ့ ပြိုင်ဘက်တစ်ယောက်လို့ ထင်ခဲ့တာ၊ ဒီလောက်ပဲလား"

ခန်းမထဲရှိလူများမှာတော့ လင်ရှောင်မိန်အစ အဓိပတိ ၁၃ ဦးအဆုံး အားလုံး ပါးစပ်အဟောင်းသားဖြစ်နေသည် ။

"အဓိပတိတွေ သူကိုသတ်"

သတိဝင်လာသော လင်ရှောင်မိန်က ကျယ်လောင်စွာအမိနိ့ပေးလိုက်သည်။

ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မ၏ အချစ်တော်များမှာ တစ်ဦးမျှ အသက်တစ်ရာ မကျော်ခဲ့ကြပေ။

ထို့ကြောင့် သူ၏နှစ်တစ်ရာပြည့် မွေးနေ့မတိုင်မီ တစ်နာရီအလိုတွင် ထိုကံကြမ္မာမျိုး​နှင့်မတွေ့ကြုံချင်ပါ။

အဓိပတိများက အချင်းချင်းကြည့်လိုက်ကြပြီး ပြိုင်တူလှုပ်ရှားလိုက်ကြသည်။

"သတ်"

"ခုနက သူ့ရဲ့တိုက်ခိုက်မှုက သူ့ကို အားကုန်သွားစေမှာ သေချာတယ်"

"ငါတို့ သူ့ထက် ပိုပြီးခွန်အားသာနေပြီ""

ကျိယွမ်က သူ့အားဝိုင်းထားသော အဓိပတိများကို တည်ငြိမ်စွာရင်ဆိုင်လိုက်သည်။

"မူလစွမ်းအားကို နားမလည်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် အဓိပတိလို့ ခေါ်နိုင်သေးလား"

"မင်းတို့က ဂိမ်းရဲ့စူပါစစ်သား တွေသက်သက်ပဲ"

ကျိယွမ်သည် အနှစ်သာရနားလည်ခြင်းလောကတွင် အဆင့် (၁၂၀) အထက် ကျင့်ကြံသူများသည် အဓိပတိဖြစ်နေလျှင်ပင် မူလစွမ်းအားများ မရှိကြကြောင်း သိနေသိမှာ ကြာခဲ့လေပြီ။

သူရှေ့မှ အဓိပတိဆိုသူများသည် တိကျွဲ့မှအဘိုးကြီးများကိုပင် ယှဥ်နိုင်ခြင်းမရှိပါ။

"ငါ့ဓားကို ခံကြည့်လိုက်"

သူ၏ လက်ကို မြှောက်လိုက်ရာ သွေးတိမ်တိုက်များမှ ဓားဆယ့်တစ်ချောင်း ဖြစ်ပေါ်လာပြီး သူ၏​နောက်ဘက်ခေါင်းပေါ်သို့ ပျံဝဲလာကြသည်။

သွေးဓားဆယ့်တစ်ချောင်းသည် ထိတ်လန့်စရာကောင်းသော စွမ်းအားများကို ထုတ်လွှတ်နေ၏။

သတ်ဖြတ်လိုစိတ်ခြင်း၊ မာန၊ လောဘ၊ ကာမဂုဏ်...

ဓားများသည် ကမ္ဘာပေါ်ရှိ ကြောက်စရာအကောင်းဆုံးသော မကောင်းမှုဒုစရိုက်များကို ပေါင်းစပ်ထားပုံရသည်။

ကျိယွမ်၏အကြည့်ရွေ့လျားသွားသည်နှင့် ဓားဆယ့်တစ်ချောင်းသည် အဓိပတိများထံသို့ လှစ်ခနဲ့ပျံသန်းသွားသည်။

အဓိပတိများအားလုံး ထိတ်လန့်သွားကြပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်အင်ကို အာရုံခံမိလိုက်ကြသည်။

အထူးသဖြင့် သွေးဓားများမှ ထွက်ပေါ်လာသော မကောင်းမှုစွမ်းအင်သည် သူတို့၏ စိတ်ဝိညာဉ်များကို လှုပ်ခါစေပြီး မလှုပ်ရှားနိုင်အောင် ဖြစ်သွားစေခဲ့သည်။

"မဟာနတ်ဆိုး... မင်းက မဟာနတ်ဆိုး ပဲ"

"နှလုံးသားနတ်ဆိုး၊ မင်းက နတ်ဆိုးပဲ"

"အား..."

"မကောင်းတော့ဘူး နှလုံးသားနတ်ဆိုးတွေ ထွက်ပေါ်လာပြီ"

အဓိပတိများအားလုံး၏ ကိုယ်ထဲမှ နှလုံးသားနတ်ဆိုးများက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ထိုအခိုက် ဓားရောင်တစ်ချက်စီလင်းလက်ပြီးနောက် အဓိပတိ ၁၁ ဦး၏ဦးခေါင်းမပါတော့သည်ခန္ဓာကိုယ်များက မြေပြင်ပေါ်သို့ တဘုတ်ဘုတ်ပြုတ်ကျကုန်၏။

ကျိယွမ်သည် တည်ငြိမ်နေပြီး ထူးခြားစွာ ခန့်ညားနေခဲ့သည်။

သူ၏ဆင့်ခေါ်မှုကြောင့် ဖြစ်ပေါ်လာသော ဓားများကို ကြည့်မိသောအခါ မူလစွမ်းအားများ ပါဝင်နေသည်ကို သူတွေ့ ရသည်။

"မကောင်းမှုရဲ့အနှစ်သာရတွေက ငါ့ရဲ့ မူလစွမ်းအားလား"

ထိုစွမ်းအားဖြင့် သက်ရောက်မှုခံရသူများသည် နှလုံးသားနတ်ဆိုးများ ပေါ်လာမည်၊ ရူးသွပ်သွားမည်၊ နှလုံးသား၏ မှောင်မိုက်သောစွဲလမ်းမှုထဲသို့ ကျရောက်သွားလိမ့်မည်။

ထိုအရာက ကန်းလန်းနယ်မြေမှ ကျင့်ကြံသူများအပေါ်တွင်တော့ ထင်သလောက်အလုပ်ဖြစ်မည် မဟုတ်ပေ။

သို့သော်လည်း လျူဖုန်းနယ်မြေမှ ကျင့်ကြံသူများအပေါ်တွင်တော့ သေချာပေါက် ကြီးမားစွာအကျိုးသက်ရောက်ပေလိမ့်မည်။

သူ၏ စွမ်းအားသက်ရောက်ခြင်းခံရသူမည်သူမဆို နတ်ဆိုးအဖြစ် ပြောင်းလဲသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ယခုအချိန်တွင် ကျိယွမ်သည် သူသာအလိုရှိလျှင် မကောင်းမှု၏အနှစ်သာရကို သူ၏ မူလစွမ်းအားအဖြစ် ချက်ချင်းဖန်တီးနိုင်ပြီး စစ်မှန်သောအဓိပတိ ဖြစ်လာနိုင်သည်ဟု ခံစားရသည်။

သို့သော်လည်း သူသည် မကောင်းမှု၏အနှစ်သာရကို သူ၏မူလစွမ်းအားအဖြစ် တိုက်ရိုက် မဖန်တီးခဲ့ပေ။

မကောင်းမှု၏အနှစ်သာရသည် မဟာနတ်ဆိုးနှင့် ခွဲခြားမရအောင်ဆက်စပ်နေသည်။

ယခုအချိန်မှာပင် လူများသည် သူ့ကို မဟာနတ်ဆိုး အဖြစ် မြင်နေကြပြီးဖြစ်၏။

သူသည် မကောင်းမှုအနှစ်သာရဖြင့် မူလစွမ်းအားကို ဖန်တီးလိုက်လျှင် မဟာနတ်ဆိုး အသစ် ဖြစ်လာမည် မဟုတ်ပါလား။

သူသည် ကစားသမား တစ်ဦးဖြစ်သည်။

မည်သည့်အခါမှ မဟာနတ်ဆိုးဖြစ်မလာနိုင်ပါ။

ကျိယွမ်၏ အကြည့်သည့် လင်ရှောင်မိန်အပေါ်သို့ ကျရောက်သွားသည်။

လင်ရှောင်မိန်သည် ကျိယွမ်ကို ကြည့်နေပြီး အံ့အားသင့်ဖွယ် တည်ငြိမ်နေခဲ့သည်။

"ခေါင်းဆောင်ပြောတာ မှန်တယ်ထင်ပါသည်၊ မင်းက မဟာနတ်ဆိုး ပြန်ဝင်စားလာတဲ့သူပဲ"

"ငါက ငါပဲ၊ အဲဒီ ကျိန်စာတိုက်ခံရတဲ့ မဟာနတ်ဆိုး မဟုတ်ဘူး"

ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"မဟာနတ်ဆိုး၊ မင်း မဖုံးကွယ်နဲ့တော့။ ဓားတစ်ချက်တည်းနဲ့ နှလုံးသားနတ်ဆိုးတွေကို ဖြစ်စေတယ်၊ မင်းသာ မဟာနတ်ဆိုး မဟုတ်ရင် ဘယ်သူလဲ"

လင်ရှောင်မိန်က ဖြောင့်မတ်သောသူတစ်ယောက်၏အမူအယာဖြင့်ဆက်ပြောသည်။

"မဟာနတ်ဆိုး၊ ငါတို့ခေါင်းဆောင်က ရှားပါးတဲ့ ပါရမီရှင်ပဲ၊ မင်းက ခေါင်းဆောင်ရဲ့ ဖျက်ဆီးခြင်းကို သေချာပေါက် ခံရမယ်"

"ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့က တရားမျှတမှုနဲ့ လူသားမျိုးနွယ်အတွက်

မဟာနတ်ဆိုး ကို ကမ္ဘာပေါ်ကနေ ဖယ်ရှားပစ်ရမယ်"

ပြောပြီးနောက် လင်ရှောင်မိန်သည် သူ၏နှလုံးသွေးကြောကိုဖြတ်တောက်ကာ သွေးအန်ပြီး သေဆုံးသွားခဲ့သည်။

သူသည် နတ်ဆိုးတစ်ပါးကို ရင်ဆိုင်ရဲသော ဖြောင့်မတ်သူတစ်ဦးအလားထင်ရလေ၏။

ကျိယွမ်က သဘောကျသလို ရယ်လိုက်သည်။

"ဟား.ဟား..ဟားဟား၊ငါက အခု လူဆိုးကြီး ဖြစ်သွားပြီလား။ စိတ်ဝင်စားစရာပဲ"

သူကသာမန်ရယ်လိုက်ခြင်းဖြစ်သော်လည်းသူ၏ရယ်သံသည် အလွန်ထူးဆန်းသည်။

ပတ်ဝန်းကျင်ရှိတွင်ရှိနေသော ခရမ်းရောင် ကောင်းကင်မဟာမိတ်အဖွဲ့ အဖွဲ့ဝင်များသည် ငရဲမှထွက်ပေါ်လာသောနတ်ဆိုးတစ်ပါးကို မြင်ရသကဲ့သို့ ထိတ်လန့်တုပ်လှုပ်သွားကာ မြေပြင်ပေါ်တွင် လူးလဲနေကြတော့သည်။

"ငါက အဲဒီလောက်တောင်ကြောက်စရာ ကောင်းနေလား"

ကျိယွမ်သည် ရေပြင်မျက်နှာပြင်တစ်ခုကိုဖန်တီးပြီး ကြည့်လိုက်သည်။

ရေကြေးမုံ၌ သူမတူအောင် ချောမောခန့်ညားလွန်းသော သူ၏မျက်နှာကိုမြင်ရလေသည်။

"ဒီလောက် သဘောကောင်းပြီး ချောမောတဲ့ရုပ်ရည်ပိုင်ရှင်ဆိုတာ အသိသာကြီးကို၊ စာဝါငှက်တောင်က ငါ့ရဲ့အလှကို တန်ဖိုးထားသင့်တာ၊ ဒါကို သူကချည်းအမြဲတမ်း ကြွားလုံးထုတ်နေတယ်"

ထို့နောက်သူ၏အကြည့်က ရေကြေးမုံပြင်မှ ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့ဆီသို့သို့ရောက်ရှိသွားသည်။

ပေါ့ပေါ့ပါးပါးပြုံးနေသော မျက်နှာကပျောက်ကွယ်သွားပြီး သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသော အကြည့်များက တောက်ပလာသည်။

"သတ်"

..........................

ထိုည၏သတင်းသည် တောမီးပမာပျံ့နှံ့သွားသည်။

သွေးသခင်သည် ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့ ဌာနချုပ်ကို တစ်ယောက်တည်းဖြင့် မုန်တိုင်းဆင်ခဲ့သည်။

ဓားတစ်ချက်တည်းဖြင့် မြေကမ္ဘာဒဏ္ဍာရီအဆင့်ခြောက်ဆယ်ကို သတ်ပစ်၏။

နောက်ထပ်ဓားတစ်ချက်ဖြင့် အဓိပတိဆယ့်တစ်ဦးကို သတ်ခဲ့ပြန်သည်။

ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့ ၏ အကြီးအကဲသည် ရှက်ရွံ့မှုကို မခံနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပြီး တရားမျှတမှုနှင့်လူသားမျိုးနွယ်အတွက် မဟာနတ်ဆိုးကို ဖယ်ရှားပစ်ရမည်ဟု ကြေညာခဲ့သည်။

ကမ္ဘာကြီးသည် အုတ်အော်သော်နင်း ဆူညံသွားလေတော့သည်။

အဓိကဂိုဏ်းကြီးများ၊ အဓိကမိသားစုကြီးများနှင့် အစွမ်းထက်သူများစွာသည် အရေးပေါ်တွေ့ဆုံမှုတစ်ခုပြုလုပ်ကာ ငြိမ်းချမ်းရေးအတွက် မဟာနတ်ဆိုးကို သုတ်သင်ရန်ပူးပေါင်းလိုက်ကြသည်။

...................

လျူဖုန်းကုန်းမြေတိုက်တစ်နေရာတွင် ဖြစ်သည်။

ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မ၏ မျက်လုံးများပွင့်လာသည်။

မျက်လုံးများက သူမ၏နာမည်နှင့်လိုက်ဖက်စွာ ခရမ်းရောင်အလင်းဖြင့် တောက်ပနေခဲ့သည်။

"ရှောင်မိန်... သေသွားပြီ"

"သွေးသခင်... ရှင်ပြန်ထမြောက်လာပြီလား"

သူမ၏ အမူအရာသည် တည်ငြိမ်နေခဲ့ပြီး အံ့အားသင့်မှုအရိပ်အယောင် အနည်းငယ်သာ ရှိသည်။

သူမ၏ရှေ့တွင်ရှိနေသော ကျောက်ပြားတစ်ချပ်ကို အာရုံအပြည့်ဖြင့်စိုက်ကြည့်လိုက်သည်။

သူမ၏အကြည့်နှင့်မြင်ကွင်းများက အချိန်ကို ဖြတ်ကျော်သွားပုံရသည်။

"သေခြင်းမှ ရှင်ပြန်ထမြောက်တယ်တဲ့လား"

"မဟာနတ်ဆိုး မသေသေးဘူးပေါ့၊ မဟာနတ်ဆိုး မပျောက်ကွယ်သေးဘူး"

"မဟာနတ်ဆိုး ရှင်ပြန်ထမြောက်ရင်တောင် ဘာဖြစ်လဲ။ သူ့ကို အနန္တအသွင်ကူးပြောင်းတံခါးထဲမှာချိပ်ပိတ်လိုက်ရင် အားလုံးပြန်ပြီးငြိမ်းချမ်းသွားမှာပဲ"

"ကမ္ဘာကြီးက ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ ပိုင်ဆိုင်မှုပဲ "

"သွေးသခင်လား။ မဟာနတ်ဆိုး လား၊ရှေးခေတ်ဟောင်းက အကြွင်းအကျန်တစ်ခုလောက်ပါပဲ။ ငါက အခု ကံကြမ္မာကျောက်တုံးရဲ့သခင်ဖြစ်တယ် ဘာကိုဂရုစိုက်နေရမှာလဲ"

ထိုအခိုက် ကံကြမ္မာကျောက်တုံးပေါ်တွင် သွေးအလင်းတစ်ခု လင်းလက်သွားပြီးစာကြောင်းတစ်ကြောင်း ပေါ်လာခဲ့သည်။

"တစ်လအတွင်း အနန္တအသွင်ကူပြောင်းတံခါးပွင့်မည်၊ အဓိပတိများ ဝင်ရောက်နိုင်သည်"

ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မသည် ထူးဆန်းစွာ ပြုံးလိုက်၏။

"တကယ်ပဲ ကောင်းကင်က ငါ့ကို ကူညီနေတယ်"

မူလအစီအစဉ်မှာ သူမ၏တပ်ဖွဲ့ကို ချီတက်စေပြီး သွေးနန်းတော်ကိုဖျက်ဆီးကာ ကမ္ဘာမြေအဆုံးကိုသိမ်းပိုက်ပြီး အနန္တအသွင်ကူးပြောင်းတံခါးကို ထိန်းချုပ်ရန် ဖြစ်သည်။

ယခု သွေးသခင်ပေါ်လာသောအခါ

သူမ၏အစီအစဉ်သည် နောက်ထပ် အဆင့်တစ်ခု တိုးလာခဲ့သည်။

သွေးသခင်ကိုကမ္ဘာမြေများ၏ အနန္တအသွင်းကူးပြောင်းတံခါး၌ချိပ်ပိတ်ပြီး သူ့ကိုအပြီးအပိုင် ဖျက်ဆီးပစ်ရမည်။

"ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်။ အဓိပတိအားလုံး ငါ့နောက်ကိုလိုက်ပြီး ကမ္ဘာမြေအဆုံးကို သွားရမယ်"

ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မသည် မြေကမ္ဘာဒဏ္ဍာရီအဆင့်နှင့်အခြားတပ်ဖွဲ့ဝင်များအားလုံးကို စွန့်ပစ်ရန်ဆုံးဖြတ်လိုက်ခြင်းပင်။သူမက အဓိပတိများကိုသာ ခေါ်ဆောင်၍ ကမ္ဘာ​မြေအဆုံးသို့ သွားရန်ဆုံးဖြတ်ခဲ့သည်။

တပ်ဖွဲ့ထဲတွင်ရှိသောဂိုဏ်းအမျိုးမျိုးမှအဖွဲ့ဝင်များသည် နားမလည်နိုင်ဖြစ်နေကြသော်လည်း သူမ၏အမိန့်ကို မည်သူမှမဆန့်ကျင်ရဲကြပါ။

အချိန်အနည်းငယ်ကြာပြီးနောက် ခရမ်းရောင်ကောင်းကင်သခင်မသည် အဓိပတိများခြံရံလျှက် မြောက်ဘက်သို့ဦးတည်ကာ ပျံသန်းပျောက်ကွယ်သွားလေသည်။

............................

"ဆရာသခင်... အသက်ရှင်နေတုန်းလား"

အရူးတာအိုသည် အလင်းတန်းအဖြစ်ပြောင်းလဲကာ ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မတို့နောက်ကို လိုက်ပါသွားသည်။

သွေးသခင်၏သတင်းကို ကြားသောအခါကဆိုလျှင် သူသည်မယုံနိုင်လောက်အောင် ဖြစ်သွားပြီး အလွန်စိတ်လှုပ်ရှားခဲ့ရသည်။

ကံကြမ္မာကျောက်တုံးသည် မည်သည့်အခါမှ မမှားခဲ့ပါ။

သို့သော်လည်း ယခုအခြေအနေများအရ ဆရာသခင်၏ရှင်ပြန်ထမြောက်ခြင်းကလည်း သေချာနေသည်။

သူ မည်သို့စိတ်လှုပ်ရှားမှုမရှိဘဲ နေနိုင်မည်နည်း။

"ဒီသတင်းကို ရန်ရန်နဲ့ ပိုင်ကျိကို ပြောပြရမည်"

ကုန်လွန်ခဲ့သောနှစ်များတွင် သွေးနန်းတော်ရှင်သန်မှုအတွက် သူသည် အော့နှလုံးနာစွာ

ဖြင့် ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့တွင် သူလျှိုအဖြစ် ဝင်ရောက်ခဲ့ရသည်။

ယခုအချိန်မှာတော့ သူအိမ်ပြန်ရမည့်အချိန်ရောက်ခဲ့လေပြီ။

အရူးတာအိုသည် ရှေ့မှအဓိပတိတစ်ရာနှင့် ကြောက်မက်ဖွယ်ကောင်းသောခရမ်းရောင် ကောင်းကင်ဆန်းကြယ်သခင်မကို ကြည့်ကာ အံကြိတ်လိုက်သည်။

ထို့နောက်အနီရောင်သွေးတစ်စက်ပေါ်လာပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။

ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မ၏ မျက်ခုံးများတွန့်သွားပြီး သူမ၏ မျက်နှာတွင် သတ်ဖြတ်လိုစိတ်များ တမူဟုတ်ချင်း ဖြင့် ပြည့်နှက်လာ၏။

"သွေးသခင်ရဲ့အကြွင်းအကျန်တွေလား"

သူမ၏ လက်ဖဝါးကိုတစ်ချက်ဝှေ့ယမ်းလိုက်ရာ စွမ်းအားတစ်ခုသည် ထွက်ပြေးနေသောအလင်းတန်းကို ထိမှန်လေသည်။

အလင်းတန်းသည် မှိန်ဖျော့သွားကာ ပြုတ်ကျမလိုဖြစ်ပြီးမှ ကောင်းကင်ကို ဖြတ်ကျော်သွားပြီး အနီရောင်သွေးလမ်းကြောင်းတစ်ခုကို ချန်ရစ်ခဲ့လေသည်။

------------------

All Chapters