ဓားတစ်ချက်နဲ့ မလုံလောက်ရင် ဆယ်ချက်၊ ဆယ်ချက်နဲ့မရရင် တစ်ရာကွာ
Vol. 9 Ch. 117
"မဟာနတ်ဆိုးကို ဖျက်ဆီးကြ"
"ကမ္ဘာလောကကြီးဆီကို အလင်းပြန်ပေးကြမယ်"
"မဟာနတ်ဆိုး သေဆုံးသွားရင် နှလုံးသားနတ်ဆိုးတွေ ကွယ်ပျောက်သွားပြီ၊ ငါတို့ကလည်း ထာဝရသူရဲကောင်းတွေ ဖြစ်လိမ့်မယ်"
ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့မှ အဓိပတိအမြောက်အမြားသည် ကမ္ဘမြေအဆုံးပိုင်းမှ သွေးနန်းတော်ဆီသို့ဦးတည်လာကြလေပြီ။
ရှန်ရန်ရန်၊ ပိုင်ကျိနှင့် အရူးတာအိုစသည့်အကြီးအကဲများလည်း ရောက်ရှိလာကာ ခ
ကျိယွမ်၏ဘေးတွင် ရပ်လိုက်ကြသည်။
သူတို့သည် အဝေးမှလာနေသော ဧရာမစစ်သင်္ဘောကြီးကို ကြည့်ရင်းမျက်လုံးများတွင် ပြင်းပြသောတိုက်ပွဲဝင်စိတ်ဓာတ်နှင့် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ပြည့်နှက်နေသည်။
ထိုစစ်သင်္ဘောကြီးပေါ်တွင် အဓိပတိတစ်ရာ့နှစ်ဆယ့်သုံးဦး ရှိသည်။
၎င်းတို့အနက် ကိုးဆယ်ကျော်သည် ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့မှ ဖြစ်သည်။
ကျန်သောသူများသည် အခြားသောအဓိက အင်အားကြီးအဖွဲ့အစည်းများမှ ဖြစ်လေ၏။
သူတို့အားလုံးသည် စစ်သင်္ဘောပေါ်တွင် ရပ်လျက် အားကောင်းသော တိုက်ခိုက်လိုစိတ်များကို ထုတ်ဖော်နေကြသည်။
စစ်သင်္ဘောသည် ကမ္ဘာမြေအဆုံးမှ ငါးမိုင်ခန့်အကွာတွင် ရပ်တန့်ကာ ကောင်းကင်ယံတွင် ပျံဝဲနေသည်။
ကမ္ဘာမြေအဆုံးပိုင်းတွင်ရှိသော သွေးနန်းတော်မှလူများမှာ ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။
စစ်သင်္ဘောပေါ်တွင်ရှိသော အဓိပတိတစ်ရာ့နှစ်ဆယ်ကျော်တို့ကသာ တစ်ပြိုင်နက် တိုက်ခိုက်လာပါက ဤနေရာတွင်ရှိနေသောသူများသည် ဓားချက်တစ်ချက်ကိုပင် ခံနိုင်မည်မဟုတ်ပါ။
သို့သော် သွေးနီရောင်ဝတ်ရုံဝတ်ဆင်ထားသည့် သွေးသခင်၏ တည်ငြိမ်သောအမူအရာကို မြင်လိုက်ရသောအခါ သူတို့သည် အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။
ထိုအချိန်တွင် အမျိုးသမီးတစ်ဦး၏ သိမ့်မွေသောအသံက ပဲ့တင်ထပ်လာသည်။
"မဟာနတ်ဆိုးကို လက်လွှဲပေးလိုက်၊ သွေးနန်းတော်ကလူတွေကို အသက်ရှင်ခွင့်ပေးမယ်"
ထိုသိမ်မွေ့သောအသံပိုင်ရှင်မှာ လျူဖုန်းနယ်မြေ၏သခင် ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မဖြစ်သည်။
သွေးနန်းတော်မှ လူများ၏အမူအယာများသည် မပြောင်းလဲဘဲရှိနေသည်။
ရှန်ရန်ရန်က လှောင်ပြုံးပြုံးလျက် အော်ဟစ်လိုက်သည်။
"ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မကို ငါတို့ဆီလက်လွှဲပေးလိုက်၊ နင်တို့ရဲ့ အသက်တွေကို ငါတို့ချမ်းသာပေးချင်ပေးနိုင်တယ်"
"ဘာကွ"
"ရာရာ စစ"
"ဒင်းတို့ကများ.."
စစ်သင်္ဘောပေါ်မှ အဓိပတိများက ပြင်းထန်စွာဒေါသ ထွက်ကုန်ကြသည်။
သို့သော် ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မက စိတ်မဆိုးပါ။ သူမ၏အကြည့်သည် သွေးနီရောင်ဝတ်ရုံနှင့်ကျိယွမ်ထံ ကျရောက်သွားပြီး မျက်လုံးများက အေးစက်သွားသည်။
"အရင်တုန်းကတော့ နင်ကကရုဏာရှင်နတ်ဘုရားဖြစ်ခဲ့ပေမဲ့၊ မိစ္ဆာမတစ်ယောက်အတွက် အမှောင်လမ်းကို လျှောက်လှမ်းခဲ့တယ်၊ အဆုံးမရှိတဲ့ နှလုံးသားနတ်ဆိုးတွေကို ဖြစ်ပေါ်စေပြီး လျူဖုန်းနယ်မြေက သန်းပေါင်းများစွာသောအသက်တွေကို သေဆုံးစေခဲ့တယ်။ နင့်ရဲ့ အပြစ်က ခွင့်လွှတ်နိုင်စရာ မရှိဘူး။"
"မဟာနတ်ဆိုး၊ နင် ကိုယ့်ကိုယ်ကိုယ် သက်သေသင့်တယ်၊အဲဒါဆိုရင် သွေးနန်းတော်က တခြားသူတွေကို ငါဒုက္ခပေးမှာ မဟုတ်ဘူး။"
ကျိယွမ်က ရယ်မောလိုက်သည်။
"နင်က 'နတ်ဆိုးချုပ်နှောင်ရေးနည်းစနစ်' ကို လိုချင်တာပဲ ၊ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ။ ဘာလို့ မဟာနတ်ဆိုးတွေ ဘာတွေလျှောက်ပြောပြီး ငါ့ကို အပြစ်ပုံချနေရတာလဲ၊ တကယ့်ကို ပုစွန်ဦးနှောက်မ တစ်ယောက်ပဲ။"
"ဘာကွ"
စစ်သင်္ဘောပေါ်မှ လူတစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မဟာနတ်ဆိုး၊ ကံကြမ္မာကျောက်တုံးက မင်းဟာမဟာနတ်ဆိုး ဖြစ်တယ်လို့ မှတ်တမ်းတင်ထားတယ်။မင်းက အဖြစ်မှန်ကို ဖျောက်ဖျက်ချင်သေးတာလား။ အခုပဲ လက်နက်ချလိုက်"
ကျိယွမ်၏ မျက်နှာက တည်ငြိမ်နေသည်။သူက ထိုအဓိပတိကို ပြန်မေးလိုက်၏။
"နေစမ်းပါဦး ၊ကျောက်တုံးကမှတ်တမ်းတင်ထားကို မင်းမြင်တာလား"
"သခင်မကိုယ်တိုင်မြင်တာကွ ၊မင်းဘာငြင်းချင်သေးလဲ"
ကျိယွမ်က ထိုအဓိပတိအား အရူးတစ်ယောက်အလားကြည့်လိုက်၏။
"ကျောက်တုံးက မင်းမိန်းမလင်ငယ်နေတယ်လို့ ပြောနေတယ်ဆိုပြီး သူကကြေငြာရင်ရော မင်းယုံမှာပဲလား"
အဓိပတိမှာ ရှူးရှူးရှဲရှဲဖြစ်သွားသည်။
"တော်စမ်း အခြေအမြစ်မရှိတဲ့စကားတွေနဲ့ လှည့်စားဖို့မကြံနဲ့ ဒီနေ့မင်းကို လုံးဝအလွတ်မပေးဘူး"
ကျိယွမ်က ပုခုံးသာတွန့်ပြလိုက်သည်။
"ပုံမှန်ဆိုရင် တိုက်ပွဲမစခင် အလကားစကားတွေ ပြောရတာ ငါတော်တော်မကြိုက်ဘူး။"
"ဒါပေမဲ့ ဒီနေ့တော့ နောက်ဆုံးအနေနဲ့ ငါသိခဲ့ရတာလေးပြောချင်လာတယ်.."
ကျိယွမ်၏ လေသံက ပြောင်းလဲသွားသည်။
သူက မသေခင်တွင် နောက်ဆုံးအနေဖြင့် ပြောကြားချင်သည့်အရာများကို ဖွင့်ဟချင်ခဲ့ပုံရလေ၏။
"ခရမ်းရောင်ကောင်းကင်မဟာမိတ်အဖွဲ့ ဌာနချုပ်ကို ငါဖျက်ဆီးတုန်းက၊ နင့်ရဲ့ ယောက်ျားလေးအချစ်တော်က သူမသေခင်လေးမှာ နင်နဲ့ပတ်သတ်တဲ့ ထိတ်လန့်စရာလျှို့ဝှက်ချက်တစ်ခု ပြောပြခဲ့တယ်၊ငါဖြင့်ကြားရတုန်းက ယုံတောင်မယုံနိုင်ဘူး "
ကျိယွမ်၏ စကားများက လူတိုင်း၏ စိတ်ဝင်စားမှုကို ချက်ချင်း လှုံ့ဆော်လိုက်သည်။
လူတိုင်းက ချီယွမ်ကိုအာရုံစိုက်ကာကြည့်လာပြီး ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မနှင့် ပတ်သက်သောလျှို့ဝှက်ချက်ကို သိချင်နေကြသည်။
မသေခင်နောက်ဆုံးအနေဖြင့်ပြောသောစကားများက မှန်တတ်သည်မဟုတ်ပါလား။
လင်ရှောင်မိန်က မသေခင်ပြောခဲ့သောလျှို့ဝှက်ချက်ကို သွေးသခင်ကလည်း သူမသေခင်ပြောခဲ့ချင်သော ဆန္ဒရှိပုံရသည်။
"အဲဒီယောက်ျားလေးအချစ်တော်က ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မက သူ့ရဲ့အမေဖြစ်တယ်လို့ ငါ့ကိုဖွင့်ဟခဲ့တယ်"
ကျိယွမ်၏အသံက အလွန်ကျယ်လောင်၏။
အသံသည် မိုင်နှစ်ဆယ်ကျော်အထိ ပျံ့နှံ့သွားသည်။
လူတိုင်း အံ့အားသင့်သွားကြသည်။
သွေးနန်းတော်မှ လူများသည် အစပိုင်းတွင် တုန်လှုပ်သွားကြပြီးနောက် သဘောပေါက်ကာ ရယ်မောကြတော့သည်။
အဟုတ်မှတ်၍ နားထောင်မိခဲ့သောစစ်သင်္ဘောပေါ်မှ အဓိပတိများသည် အလွန်ဒေါသထွက်နေကြသည်။သို့သော်လည်း အချို့မှာ မဟာမိတ်သခင်မကို ထူးဆန်းသောအဓိပ္ပါယ်များဖြင့် ကြည့်နေကြသည်။
ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မ၏ မျက်နှာသည် ရုတ်တရက်
ညိုမည်းလာပြီး သတ်ဖြတ်လိုစိတ်များ ရုတ်ရက်ပေါက်ကွဲလာသည်။
ကျိယွမ်က ဆက်ပြောလိုက်သည်။
"လူတိုင်း လုပ်ကြံဇာတ်လမ်းတွေ ပြောတတ်တာပဲကို"
"ငါလည်း ကောလာဟလတွေ ဖြန့်လို့ရတယ်၊မင်းတို့လည်းဖြန့်လိူ့ရတယ်၊ ဘာမှမခက်ဘူး နားလည်လား"
"ဒါပေမဲ့ မှတ်ထားကြ၊ ငါက မဟာနတ်ဆိုးဟုတ်မဟုတ်ဆိုတာကို သက်သေပြဖို့ စိတ်မဝင်စားဘူး"
"မင်းတို့ အပြစ်ပုံချတာ၊ အသရေဖျက်တာတွေလည်း ငါဂရုမစိုက်ဘူး"
သူ၏အကြည့်များက စူးရဲလာ၏။
"မင်းတို့က ငါ့ကို မဟာနတ်ဆိုးကြီးပါ၊ လောကကို ဒုက္ခပေးမယ့် ဘေးကပ်ဆိုးကြီးလို့ ခေါ်ကြတယ်။ အေး.... ဒီနေ့၊ ငါက မင်းတို့အရမ်းဖြစ်စေချင်နေတဲ့ မဟာနတ်ဆိုးအဖြစ်သရုပ်ဆောင်ပြီး လောကကို ကပ်ဘေးဆိုးတွေ ယူဆောင်လာပေးမယ်"
"ငါ့မှာ ဓားရှိတယ်၊သူက မင်းတို့ကိုစကားပြောလိမ့်မယ်"
ကျိယွမ်၏ ခံယူချက်က ရှင်းလေသည်။
မိမိအပြစ်ကင်းစင်ကြောင်း သက်သေပြရန် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းမျိုးရန်သူထံမှ လှောင်ပြောင်မှုကိုသာ ဖိတ်ခေါ်လိမ့်မည် ဖြစ်သည်။
အကောင်းဆုံးနည်းလမ်းမှာ... သတ်ဖြတ်ခြင်း ဖြစ်သည်။
ကျိယွမ်သည် စကားအရာဖြင့်တိုက်ခိုက်ခြင်း သို့မဟုတ် ခုခံကာကွယ်ခြင်းတွင် မကျွမ်းကျင်ပါ။
သူကျွမ်းကျင်သည်မှာ ခေါင်းဖြတ်ခြင်းသာ ဖြစ်သည်။
ကျိယွမ်၏ စကားများနှင့်အတူ သူ၏နောက်ကျောဘက်ရှိ ပင်လယ်ကြီးသည် ဆူပွက်လာတော့သည်။
ပင်လယ်ရေပြင်တစ်ခုလုံးသည် ဆယ်မိုင်ပတ်လည်အထိ သွေးနီရောင်သို့ ပြောင်းလဲသွားသည်။
ထိုသွေးနီရောင်ရေများသည် လျင်မြန်စွာ စုစည်းကာ ဧရာမသွေးနီရောင်ဓားတစ်ချောင်း ဖြစ်ပေါ်လာ၏။
ကျိယွမ်၏ ဘယ်ဘက်လက်တွင် ဓားရှည်တစ်ချောင်း ပေါ်လာသည်။
အရာအားလုံးကို လွှမ်းမိုးနိုင်သောအရှိန်အဝါတစ်ခု ပျံ့နှံ့သွားပြီး ကျိယွမ်ကို အမှန်တကယ်ပင် မဟာနတ်ဆိုးတစ်ပါးကဲ့သို့ ထင်ရစေသည်။
ကျိယွမ်ကို မြင်သူတိုင်း မရှင်းပြနိုင်သော ကြောက်ရွံ့မှုကို ခံစားလာရသည်။
ကျူးယန်ကတော့ မကြောက်ပါ။ သူမ၏ မျက်လုံးများသည် ကျိယွမ်ကို လေးစားကြည်ညိုစိတ်ဖြင့် စူးစူးစိုက်စိုက် ကြည့်နေသည်။
ဒါမှ ငါ့ရဲ့ငယ်သူငယ်ချင်း။အရမ်းမိုက်တယ်။
သူမက သိမ်မွေ့စွာ ပြောလိုက်သည်။
"သွေးပုလဲ၊ ငါ ညီမရန်ရန် ဆီ သွားလိုက်မယ်"
သွေးပုလဲသည် ကြီးမားသော တိုက်ပွဲကို စတင်တော့မည်ဖြစ်ရာ သူ၏လက်ကို ဆုပ်ကိုင်ထားခြင်းသည် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်လိမ့်မည်။
ကျိယွမ်က ပြုံးလိုက်သည်။
"သူတို့ကို သတ်ဖို့လောက်လေးနဲ့ နင်က ဘာလို့ ထွက်သွားရမလဲ။"
"နင့်ကို ကာကွယ်ဖို့ တခြားဘယ်သူ့ကိုမှ ငါ မယုံဘူး၊ နင့်ကို ငါကာကွယ်ပေးမှသာ အလုံခြုံဆုံးလို့ ငါ ခံစားရတယ်"
သူသည် ရှန်ရန်ရန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် စစ်သင်္ဘောဆီသို့ အကြည့်ကို ပြန်လည်ပို့လိုက်သည်။
ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မ၏ အမူအရာသည် လုံးဝတင်းမာနေသည်။
"နင့်ကို မဟာနတ်ဆိုးလို့ ဘာ့ကြောင့် ခေါ်ကြလဲဆိုတာ အံ့သြစရာ မရှိဘူးပဲ။ နင့်ရဲ့ မကောင်းမှုစွမ်းအားက တကယ်ပဲ အားကြီးလွန်းတယ်။"
"ဒါပေမဲ့ လောကကြီးတစ်ခုလုံးကို ဆန့်ကျင်ဖို့ ကြိုးစားနေတာက သေမင်းကို ဖိတ်ခေါ်နေတာပဲ"
ကံကြမ္မာကျောက်တုံး ရှိနေခြင်းကြောင့်သူမ၏ယုံကြည်မှုသည် အလွန်ခိုင်မာနေသည်။
ကံကြမ္မာကျောက်တုံးသည် သူမ စိတ်ကူးထားသည်ထက် ပို၍ အစွမ်းထက်သည်။
ထို့အပြင် သူမသည် ၎င်း၏စစ်မှန်သောလျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ခဲ့သည်။ ထိုလျှို့ဝှက်ချက်များကို ဗုဒ္ဓပင်လျှင် မတွေ့ရှိခဲ့ပါ။
ကံကြမ္မာကျောက်တုံးရှိနေသဖြင့် ဗုဒ္ဓကိုယ်တိုင်ပြန်လည် ရှင်သန်လာလျှင်ပင် သူမ ကြောက်စရာ မလိုပါ။
ကျိယွမ်က မဲ့လိုက်သည်။သူက ရန်သူများကိုကြည့်ကာ အေးစက်စွာဆိုလိုက်၏
"သေမင်းကို ဖိတ်ခေါ်နေတာက နင်တို့ပဲ"
ကျိယွမ်သည် သူ၏ဓားကို ကောင်းကင်ပေါ်သို့ မြင့်မားစွာမြှောက်လိုက်သည်။
ကောင်းကင်ပိုင်းဖြတ်ဓားချက်။
ခြားနားသည်မှာ ယခုအကြိမ်မှာတော့ သူက မလှုပ်ရှားခဲ့ပါ။
သွေးနီရောင်ဓားသည် ကောင်းကင်ယံသို့ ပျံတက်သွားလေ၏။
ဓားသည် ရုတ်တရက် တစ်မိုင်အထိ ကြီးမားသွားသည်။
အားကောင်းသော သွေးနီရောင်ဓားကြီးသည် ကျိယွမ်၏ အော်ဟစ်သံနှင့်အတူ ကောင်းကင်ယံမှ တဟုန်ထိုးဆင်းသက်လာသည်။
သွေးနန်းတော်မှလူများမှာ ကြောက်ရွံ့တုန်လှုပ်စွာ ကြည့်နေကြသည်။
အထူးသဖြင့် ရှန်ရန်ရန်ပင်။ သူမနှင့် သူမ၏ဆရာသခင်ကြားက ကွာဟချက်သည် မကြီးလှဟု ထင်ခဲ့သည်။
သို့သော် ယခုအခါမှာတော့ ကွာဟချက်သည် အလွန်ကြီးမားလှသည်ကို သူမ သိရှိသွားလေပြီ။
ထိုဓားချက်သည် သူမကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည် မဟုတ်ပါလား။
၎င်းသည် သူမကိုသာမက သွေးနန်းတော်မှ လူတိုင်းကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
စစ်သင်္ဘောပေါ်မှ အဓိပတိများလည်း စိတ်လှုပ်ရှားသွားကြပြီး အချို့မှာ ကြောက်လန့်တုန်လှုပ်နေကြသည်။
ဆန်းကြယ်သခင်မတစ်ဦးတည်းသာ တည်ငြိမ်စွာ ရှိနေသည်။
သူမမျိုချထားသည့် ကံကြမ္မာကျောက်တုံးသည် တောက်ပလာပြီး သူမက ဂုဏ်ယူဝင့်ကြွားစွာ ဟိန်းဟောက်လိုက်သည်။
"ဒီလောကကြီးမှာ ငါက မရှုံးနိမ့်နိုင်ဘူး"
သူမသည် လက်ကို ဆန့်ထုတ်လိုက်သောအခါ အလွန်ကြီးမားသောစွမ်းအားတစ်ရပ်သည် လှိုင်းလုံးများပမာ ထွက်ပေါ်လာပြီး ကြီးမားသော လက်ကြီးတစ်ဖက်ကို ဖန်တီးလိုက်သည်။
ကံကြမ္မာကျောက်တုံး၏စွမ်းအားသည် သူမ၏လက်ထဲသို့ စီးဆင်းဝင်ရောက်သွားသည်။
သူမသည် ထိုလက်ဖြင့် သွေးနီရောင်ဓားကို ဆုပ်ကိုင်လိုက်သည်။
ဂျွပ်..
တစ်ချက်ညှစ်လိုက်သည်နှင့်
သွေးနီရောင်ဓားသည် မတည်မငြိမ်ဖြစ်သွားကာ သူမ၏ကြီးမားသောစွမ်းအားထဲတွင် ဖြည်းဖြည်းချင်း ပျော်ဝင်သွားလေ၏။
ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မက ပြုံးလိုက်သည်။
"တရားမျှတမှုက အမှောင်ထုအပေါ် အမြဲတမ်း အောင်ပွဲခံတယ်။ နင့်ရဲ့ အားအကောင်းဆုံး တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်ပြီ။ နင် ဘာလုပ်နိုင်သေးလဲ။"
ရှန်ရန်ရန်၏ မျက်နှာသည် အေးစက်သွားပြီး တိုက်ပွဲဆီသို့ အနီးကပ်တိုးကာစောင့်ကြည့်နေသည်။
အခြေအနေ မကောင်းလာပါက၊ သူမသည် ဒုတိယ အစီအစဉ်ကို အကောင်အထည်ဖော်မည်ဖြစ်ပြီး ကမ္ဘမြေအဆုံးပိုင်းမှ ထွက်ပြေးရန် ဖြစ်သည်။
အခြားသူများလည်း သူမနည်းတူခံစားရသည်။
သွေးသခင်၏ စွမ်းအားသည် သူတို့ကို အံ့အားသင့်စေသော်လည်း ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မသည် ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်မှာ ထင်ရှားလှသည်။
ကျိယွမ်ကိုယ်တိုင်ပင် ဆန်းကြယ်သခင်မအားထူးဆန်းသောအမူအရာဖြင့် ကြည့်မိသည်။
သူ၏ ကောင်းကင်ပိုင်းဖြတ်ဓားချက်ကိုအဆင့်တူသူ မည်သူကမှ ယခုလိုလွယ်ကူစွာ ပိတ်ဆို့နိုင်ခြင်း မရှိခဲ့ပါ။
ပုံမှန်အားဖြင့် ဤဓားချက်သည် အဆင့်များစွာ မြင့်မားသူများကိုပင် သတ်နိုင်စွမ်း ရှိသည်။
သူ၏ မျက်လုံးများ အလုပ်လုပ်လာ၏။
[ကျိထျန်ရွှမ်းနွီ၊ သာမန် ကျင့်ကြံသူတစ်ဦး၊ လက်ရှိ အထူးအခြေအနေတွင် ရှိသည်။]
အထူးအခြေအနေတဲ့လား။
ကံမကောင်းစွာဖြင့် သူ၏ မျက်လုံးများသည် အရာအားလုံးကို သိနိုင်စွမ်း မရှိချေ။
ထို့ကြောင့် အထူးအခြေအနေသည် ဘာကို ရည်ညွှန်းသည်ကို သူ မသိခဲ့ပါ။
သို့သော်လည်း ဂရုစိုက်စရာ မလိုပေ။
"နင်က ငါ့ကို အံ့အားသင့်စေတာ အမှန်ပဲ၊ ဒါပေမဲ့ ဒီလောက်ပါပဲ။"
ကျိယွမ်က နောက်တစ်ကြိမ်ဓားထုတ်လိုက်သည်။
ကောင်းကင်ပိုင်းဖြတ်ဓားချက် × ၁၀
ကျိယွမ်သည် အလွန်များပြားသော စွမ်းအင်များကို ပိုင်ဆိုင်ထားသည်။
ထိုသို့မပိုင်ထားလျှင် တိကျွဲ့တွင် အဘိုးအိုများကို သူတစ်ယောက်တည်းဖြင့် သတ်နိုင်ခဲ့မည်မဟုတ်ပါ။
သူ၏နောက်မှ ပင်လယ်ပြင်သည် ဗြောင်းဆန်သွားကာ သွေးနီရောင်သို့ ပြန်ပြောင်းသွားသည်။
ချက်ချင်းဆိုသလို ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင်ဓား ဆယ်ချောင်း ပုံဖော်လာပြီး ကောင်းကင်ယံသို့ ပျံသန်းကာ ရပ်တန့်သွားကြ၏။
ကျိယွမ်၏အကြည့်က စစ်သင်္ဘောပေါ်သို့ကျရောက်သွားသည်နှင့် သွေးဓား ၁၀ ချောင်းလုံးသည် ထိုနေရာသို့ ပြင်းထန်စွာကျဆင်းသွားတော့သည်။
ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မ၏ အမူအယာမှာလည်း သိသိသာသာပြောင်းလဲသွား၏။
သူမက သွားများကိုစေ့ပြီး ပြောလိုက်သည်။
"နင်ကလည်း ငါ့မျှော်လင့်ချက်ထားတာထက်ကို ကျော်လွန်သွားခဲ့တယ်၊ ဒါပေမဲ့ ဒီလောက်ပါပဲ"
သူမသည် သွားများကို ကြိတ်လိုက်ပြီး သူမ၏သွေး သုံးပုံတစ်ပုံကို ကံကြမ္မာကျောက်တုံးထဲသို့ ထိုးသွင်းလိုက်သည်။
သူမသည် လက်ကို ထပ်မံ ဆန့်ထုတ်လိုက်ပြီး စစ်သင်္ဘောဆီသို့ကျဆင်းလာသော ဓားဆယ်ချောင်းကို ပိတ်ဆို့လေသည်။
ခလွမ်......
ဓားများသည် ပထမအကြိမ်ကဲ့သို့ ပျက်စီးသွားပြန်သည်။
သူမ၏ မျက်နှာသည်လည်း သိသာစွာ ဖြူဖျော့သွား၏။သို့သော် မျက်ဝန်းများထဲမှာတော့ အဆုံးမရှိသော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
စစ်သင်္ဘောပေါ်ရှိ ထိတ်လန့်နေသော လူတိုင်းမှာ အံ့အားသင့်သွားပြီးနောက် ပျော်ရွှင်စွာအော်ဟစ်ကြသည်။
"မဟာမိတ်ခေါင်းဆောင်က ပြိုင်ဘက်ကင်းတယ်"
"ဒီလောက်အစွမ်းထက်တဲ့ နည်းစနစ်တွေကို အသုံးပြုလိုက်တာ မဟာနတ်ဆိုး စွမ်းအားကုန်တော့မှာ သေချာတယ်"
"သူ အကြီးအကျယ် အားနည်းသွားပြီ"
"ဒီနေ့ နတ်ဆိုးကို သတ်ပစ်ရမယ်"
"မဟာမိတ်ခေါင်းဆောင် အတုမရှိ"
"နတ်ဆိုးကို သုတ်သင်တော့မယ်"
သူတို့၏ခေါင်းဆောင်သာမရှိလျှင် မဟာနတ်ဆိုးသည် လောကကြီးကို အမှန်တကယ်ပင် အထိန်းအကွပ်မဲ့စွာ လွှမ်းမိုးသွားလိမ့်မည် ဖြစ်သည်။ယခုကြုံတွေ့နေရသော စွမ်းအားမှာ ထိတ်လန့်ဖွယ်ရာကောင်းလှသည် မဟုတ်ပါလား။
ကျိယွမ်က ပင်ပန်းနွမ်းနယ်နေသော ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ကံကြမ္မာကျောက်တုံးက တကယ်ကို အဖိုးတန်ရတနာတစ်ပါး ဖြစ်ပုံရတယ်၊ နင့်ကို ဒီအဆင့်အထိ မြှင့်တင်ပေးနိုင်တယ်၊ ဒါပေမဲ့... ဒါက အသုံးဝင်ရဲ့လား ကြည့်တာပေါ့"
ကျိယွမ်သည် ရပ်နေရာမှ လုံးဝ မလှုပ်ရှားပါ။
သူ၏ အကြည့်ကနောက်တစ်ကြိမ် လေးနက်သွား၏။
သူ၏နောက်ဘက်ရှိ ပင်လယ်ကြီးသည် သွေးရောင်ပြောင်းလဲကာ တစ်ဖန် ပွက်လောရိုက်လာပြန်သည်။
ယခုတစ်ကြိမ်မှာတော့ သွေးရောင်ရေပြင်သည် ပထမအကြိမ်ထက် အဆတစ်ရာ ပိုကျယ်ပြန့်၏။
ကောင်းကင်ပိုင်းဖြတ်ဓားချက် × ၁၀၀။
သေခြင်း၏အလင်းရောင်။
ယခုအကြိမ်မှာတော့ ကျိယွမ်သည် သေခြင်း၏အလင်းရောင်ကိုပါအသုံးပြုလိုက်သည်။
သူသည် စွမ်းအင်အချို့ကို ပြန်လည်ဖြည့်တင်းရန် လိုအပ်နေသောကြောင့်ဖြစ်သည်။
ကောင်းကင်ပိုင်းဖြတ်ဓားချက် အခုတစ်ရာကို တစ်ပြိုင်နက်တည်း အသုံးပြုရခြင်းသည် သူ့အတွက်ပင် အနည်းငယ် များလွန်းနေ၏။
ထို့ကြောင့် သေဆုံးတော့မည့် အဓိပတိများထံမှ စွမ်းအင်ပြန်လည်ဖြည့်တင်းရန် သေခြင်း၏အလင်းရောင်ခြည်ကို အသုံးပြုလိုက်ခြင်းပင်။
သတ်....
မိုင်တစ်ရာအရှည်ရှိသော သွေးရောင်ဓားကြီးများသည် လေထဲတွင် တွဲလောင်းကျနေပြီး ခမ်းနားထည်ဝါ၍ ကြောက်မက်ဖွယ် ကောင်းသည်။
လောကတစ်ခုလုံးပင် သွေးနီရောင်သို့ ပြောင်းလဲသွားပြီး တစ်လောကလုံးသို့ အနီရောင်သတ်ဖြတ်လိုစိတ်က ရာသီဥတုတစ်ခုလို လွှမ်းခြုံပစ်သည်။
ချီယွမ်သည် ကျူးယန်၏လက်ကို ညာဘက်လက်ဖြင့် ဆုပ်ကိုင်ထားပြီး ဘယ်ဘက်လက်က စစ်သင်္ဘောသို့ ဖြေးညင်းစွာလက်ညှိုးထိုးလိုက်၏။
သူ၏ လက်သည် ဖြည်းဖြည်းချင်း အောက်သို့ ကျဆင်းသွားသည်။
စစ်သင်္ဘောပေါ်ရှိ လူတိုင်းမှာ နေစရာမရှိအောင် တုန်လှုပ်ချောက်ချားသွားကြသည်။
သူတို့၏ ပျော်ရွှင်မှုများမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့သည်။
ဒါက လူသားတစ်ဦးမှ ဟုတ်သေးရဲ့လား။
မယုံနိုင်အောင်ကြီးမားသည် ဓားကြီးများ..။
တစ်ဆယ် နှစ်ဆယ် မဟုတ်ပါ အခုတစ်ရာတိတိရှိ၏။
ပထမဆုံးအကြိမ်အဖြစ် ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများပေါ်လာခဲ့သည်။
သို့သော်လည်း သူမသည် ဆက်လက် ထိန်းထားပြီး "ကံကြမ္မာကျောက်တုံး" ဟု အော်ဟစ်လိုက်သည်။
သူမသည် ကံကြမ္မာကျောက်တုံး၏ အနက်ရှိုင်းဆုံးလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်း၏ စစ်မှန်သော သခင်ဖြစ်နေလေပြီ။
ထိုရတနာက ပေးသောစွမ်းအားသည် လောကတစ်ခုလုံးကို ဖြတ်ကျော်ဖို့ လုံလောက်သင့်သည်ဟု သူမယုံကြည်၏။
သို့သော် ယခုတစ်ကြိမ်တွင် သူမမျှော်လင့်ထားသလိုဖြစ်မလာခဲ့ပါ။
သူမ၏ အော်ဟစ်သံကို မကြားသည့်အလား ကံကြမ္မာကျောက်တုံးက ပြုမူနေသည်။ ကံကြမ္မာကျောက်တုံးသည် တုံ့ပြန်မှုမရှိဘဲ လုံးဝတိတ်ဆိတ်ငြိမ်သက်နေ၏။
ထိုအချိန်မှာပင် ဧရာမသွေးရောင်ဓားကြီးများက ဆင်းသက်လာခဲ့ပြီး ဆန်းကြယ်သခင်မ၏လက်မှာ ဓားတစ်ချက်ဖြင့်ကြေမွသွားသည်။
ဆက်တိုက်ဆိုသလိုပင် စစ်သင်္ဘောတစ်ခုလုံးသည်လည်း လုံးဝဖျက်ဆီးခံလိုက်ရသည်။
ခရမ်းရောင်ကောင်းကင်သခင်မ၏ မျက်နှာပေါ်တွင် မယုံနိုင်သောအမူအယာပေါ်လာပြီး အော်ဟစ်လိုက်သည်။
"မဖြစ်နိုင်ဘူး"
သူမ နားမလည်နိုင်ခဲ့ပါ။
ထိုအတူ ယုံလည်းမယုံကြည်နိုင်ခဲ့ပါ။
သူမကိုကြီးမားသောစွမ်းအားများ ပေးခဲ့ပြီး အချိန်မြစ်ကို ဖြတ်ကျော်ကာ နိုင်ငံများကိုတစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်စေခဲ့သော ကံကြမ္မာကျောက်တုံးသည် အဘယ်ကြောင့် ယခုအခါ အသံတိတ်နေရသနည်း။
ဒါတွေအားလုံးဟာ ပုံရိပ်ယောင်တွေလား။
ဝုန်း..
ဧရာမသွေးဓားအလက်တစ်ရာက အရွယ်အစားသည်အင်အားဖြစ်ကြောင်းနှင့် အရေအတွက်သည်အရည်အသွေးဖြစ်ကြောင်းကို လောကကြီးအား သက်သေပြလိုက်သည်။
စစ်သင်္ဘောသည် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီး အဓိပတိများအားလုံးသည်လည်း ထွက်ပြေးရန် အချိန်မရခဲ့ပါ။
တိုက်ပွဲတစ်ခုလုံးတွင် ခရမ်းရောင်ကောင်းကင်ဆန်းကြယ်သခင်မ ကျိထျန်ရွှမ်းနွီ၏ ပျက်စီးနေသောခန္ဓာကိုယ်နှင့် သာမန် ကျောက်တုံးတစ်တုံးသာ ကျန်ရစ်ခဲ့သည်။
ထို့အတူ ကမ္ဘာမြေအဆုံးပိုင်းတွင် အဆုံးမရှိသော သွေးမိုးများက ထူးဆန်းစွာစတင်ရွာချလာ၏။
ကျိယွမ်၏ မျက်နှာပေါ်တွင် မထီမဲ့မြင်နိုင်သအမူအရာ ပေါ်လာသည်။
"ငါကမဟာနတ်ဆိုး မဟုတ်ဘူး။ ငါ စတုတ္ထ မြောက်ကပ်ဘေးဆိုးဖြစ်ပြီး မဟာနတ်ဆိုးထက် အဆတစ်ထောင်၊ အဆတစ်သောင်း မက ပိုကြောက်ဖို့ကောင်းတယ်"
မဟာနတ်ဆိုးသည် သူ၏ ဖိနပ်ကိုပင် သယ်ဆောင်ခွင့် မရထိုက်ပါ။
သွေးနန်းတော်မှလူများက ဤမြင်ကွင်းကို မြင်ပြီး အသက်ရှုရန်ပင် မေ့လျောနေကြသည်။ အားလုံးမှာ သူတို့ကိုယ်သူတို့ပင် မေ့လျော့သွားလောက်အောင် အံ့သြမင်သက်နေကြ၏။ထို့နောက် အကြီးအကျယ် တုန်လှုပ်သွားကြတော့သည်။
အဓိပတိတစ်ရာကျော်နှင့်အတူ ကံကြမ္မာကျောက်တုံးကို ပိုင်ဆိုင်သောကျိထျန်ရွှမ်းနွီပါမကျန် ၊ အားလုံးသည် သွေးသခင်၏ ဓားချက်တစ်ချက်တည်းဖြင့် ဖျက်ဆီးခံလိုက်ရသည်တဲ့လား။
ဘာလို့များ ဒီလောက် စွမ်းအားကြီးမားနေရတာလဲ။
သူတို့အားလုံးသည် ယခုတိုက်ပွဲသည် အလွန်ခက်ခဲမည်ဖြစ်ပြီး မိမိတို့အများစုမှာ သေဆုံးရမည်ဟု ထင်ခဲ့ကြသည်။
သို့သော် သူတို့သည် တိုက်ခိုက်ရန်မဆိုထားနှင့် လက်နက်များကိုထုတ်ရန်ပင် အခွင့်အရေး မရလိုက်ကြပါ။
သွေးသခင်သည် သူ၏နှုတ်ခမ်းကိုသာ လှုပ်ရှားခဲ့သည် ။သူသည်နေရာမှပင် ခြေတစ်လှမ်းမရွှေ့ခဲ့ပေ။
စစ်သင်္ဘောပေါ်မှ အဓိပတိတစ်ရာကျော်သည် အစအနလေးပင်မကျန်အောင် ပျောက်ကွယ်သွားလေသည်။
လူတိုင်းသည် ကြောက်ရွံ့ခြင်းပြင်းစွာဖြင့် ကျိယွမ်အား ငေးကြည့်နေကြသည်။
ကျူးယန်သည်လည်း ဝမ်းသာပျော်ရွှင်မှုနှင့်အတူ အလွန်စိတ်လှုပ်ရှားသွားပြီး ခြေဖျားထောက်ကာ ကျိယွမ်၏ ပါးကို နမ်းလိုက်သည်။
"သွေးပုလဲ၊ နင် တကယ်တော်တယ်"
ကျိယွမ်သည် သူမ၏အနမ်းကြောင့် တအံ့တဩ ဖြစ်သွားသည်။
ဂိမ်းထဲ၌ သူ့အားတစ်ယောက်ယောက်က နမ်းခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ပါလား။
သို့သော် ကျိယွမ်သည် သူ၏သတိကိုလက်မလွှတ်ခဲ့ပါ။
ထို့အခိုက် ပျက်စီးနေသော ကျိထျန်ရွှမ်းနွီ၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မည်သူမျှ မတုံ့ပြန်နိုင်မီ အနန္တအသွင်ကူးပြောင်းတံခါးထဲသို့ ဝင်ရောက်သွားသည်။
သူမ၏ခန္ဓာကိုယ်သည် တံခါး၏အတွင်း၌ရှိနေသော ကြောက်မက်ဖွယ်ကောင်းသည့် မူလနှလုံးသားနတ်ဆိုးကို တစ်စုံတစ်ရာ ပြောင်းလဲစေလိုက်ပုံရသည်။သို့မဟုတ် ခွန်အားတစ်မျိုးမျိုးပေးလိုက်ပုံရသည်။
တံခါးဆီမှကျယ်လောင်သော နှလုံးခုန်သံကြီးတစ်ခုက အပြင်လောကသို့ ပဲ့တင်ထပ်လာ၏။
ကျိယွမ်သည် အနန္တအသွင်ကူးပြောင်းတံခါးကို လျင်မြန်စွာစစ်ဆေးလိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော မမြင်နိုင်သည့်နတ်ဆိုးတစ်ကောင်သည် တံခါးပေါက်ထဲမှ လမ်းလျှောက်ထွက်လာသည့်အလား ခံစားရသည်။
ထိုအရာက အပြင်ဘက်တွင်ရှိနေသောလူတိုင်းအတွက် ဆိုးရွားသောအပြောင်းအလဲတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
"သွေးပုလဲ... ငါ့ခေါင်း နာလာတယ်"
ကျူးယန်သည် ကျိယွမ်ကိုတုန်ယင်စွာပြော လိုက်သည်။ သူမ၏စွမ်းအင်များ လုံးဝ ကုန်ခန်းသွားပြီး သူမ၏လှပသောမျက်နှာသည် စက္ကူကဲ့သို့ ဖြူဖျော့နေကာ တစ်ခုခုကို ခံစားနေရပုံရသည်။
"ငါ့ရဲ့... နှလုံးသားနတ်ဆိုး"
ရှန်ရန်ရန်၏ မျက်နှာသည်လည်း ဖြူဖျော့သွားသည်။
"အနန္တအသွင်ကူးပြောင်းတံခါးထဲက နှလုံး သားနတ်ဆိုး... ထွက်လာနေပြီ"
အရူးတာအိုသည်လည်း နာကျင်သောအမူအရာဖြင့် သူ၏ နှလုံးသားနတ်ဆိုးကို ဖိနှိပ်ရန်ကြိုးစားနေသည်။
ကျိယွမ်၏ မျက်နှာသည် ပထမဆုံးအကြိမ်အဖြစ် တင်းမာသွား၏ ။
သူ့လူများ၏အခြေအနေကို သူချက်ချင်း သဘောပေါက်သွားသည်။
"နတ်ဆိုးချုပ်နှောင်ရေးနည်းစနစ်" သည် လူတိုင်း၏ နှလုံးသားနတ်ဆိုးများကို ထိန်းချုပ် ထားခဲ့သည်။
သူတို့ သဘာဝအတိုင်း သေဆုံးမှသာလျှင် သူတို့၏ နှလုံးသားနတ်ဆိုးများက နတ်ဆိုးများအဖြစ် ထွက်ပေါ်လာရမည်ဖြစ်သည်။
သို့သော် ယခုအခါ အနန္တအသွင်ကူးပြောင်းတံခါးထဲမှ ကြောက်မက်ဖွယ်ကောင်းသော မူလနှလုံးသားနတ်ဆိုး ထွက်ပေါ်လာခြင်းက လူတိုင်း၏ နှလုံးသားနတ်ဆိုးများကို လှုပ်နှိုးနေသည်။
ဤအတိုင်း ဆက်သွားပါက၊ လူတိုင်း၏
နှလုံးသားနတ်ဆိုးများ လွတ်မြောက်လာပြီး သူတို့၏ သေဆုံးခြင်းကို ဖြစ်ပေါ်စေတော့မည်။
တံခါးထဲမှ မူလနှလုံးသားနတ်ဆိုးသာ ပြည့်ဝစွာ ထွက်ပေါ်လာပါက လောကရှိ လူတိုင်း သေဆုံးနိုင်ဖွယ် ရှိသည်။
ကျိယွမ်သည် ကျူးယန်ကို တင်းကျပ်စွာဖက်ထားရင်းမှ သူ၏မျက်လုံးများတွင် ဝန်လေးသောအမူအရာတစ်ခု ပေါ်လာသည်။
"ကျူးယန် ၊ ငါ အနန္တအသွင်ကူးပြောင်းတံခါးထဲကို ဝင်မှရတော့မယ်၊ နင်သေချာမှတ်ထားပါ... ငါ အချိန်ရဲ့အဆုံးမှာ နင့်ကို တွေ့အောင်ရှာမယ်"
ယခုတစ်ကြိမ် အနှစ်သာရကို နားလည်သဘောပေါက်ခြင်းသည် ဖြစ်ရပ်များစွာတွေ့ကြုံခဲ့ရသော်လည်း အချိန်ကတော့ ယခင်အခါများထက် တိုတောင်းလေသည်။
ကျိယွမ်သည် အနှစ်သာရလောကတွင် နှစ်လပင် မပြည့်ခဲ့ပါ။ကျူးယန်နှင့် ပြန်လည်တွေ့ဆုံခွင့်ရပြီးနောက် သူတို့တဖန်ခွဲခွာရပေဦးတော့မည်။
ကျူးယန်၏မျက်နှာသည် ဖြူဖျော့နေသော်လည်း သူမကတောက်ပသော အပြုံးတစ်ခုကို အားတင်းကာ ပြုံးလိုက်သည်။
"ငါ... နင့်ကို စောင့်နေမယ်။"
ကျိယွမ်သည် အနားတွင်ရှိနေသူအားလုံးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကံကြမ္မာကျောက်တုံးရှိရာ နေရာကို ကြည့်လိုက်သည်။
သို့သော် ကံကြမ္မာကျောက်တုံးက ထိုနေရာတွင်မရှိတော့ချေ။
သူသည် ရှာဖွေရန်အချိန်မရတော့ပါ။
သူက ကျူးယန်အားတစ်ချက်ပြုံးပြီးနောက် အနန္တအသွင်ကူးပြောင်းတံခါးထဲသ်ို့ တုံ့ဆိုင်းမှုမရှိဘဲ ပျံသန်းဝင်ရောက်သွားသည်။
သွေးနီရောင်ပုံရိပ် ပျောက်ကွယ်သွားသည်နှင့်အမျှ အနန္တအသွင်ကူးပြောင်းတံခါးသည်လျှင် တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား ပြန်လည်ပိတ်သွားသည်။
ကြောက်မက်ဖွယ်ကောင်းသော နှလုံးခုန်သံကြီးသည်လည်း အားနည်းသွားလေ၏။
ကျူးယန်၏ မျက်နှာတွင် ဖြူဖျော့မှုများ ပျောက်ကွယ်သွားသည်။ သူမသည် အနန္တအသွင်ကူးပြောင်းတံခါးကို ဝမ်းနည်းခြင်းနှင့်အတူ ဝန်လေးသောမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
"သွေးပုလဲ ... သူ အဆင်ပြေပါ့မလား။"
ထိုအချိန်တွင် အခြားသူများမှာလည်း
ဖြည်းဖြည်းချင်း ပုံမှန်အခြေအနေသို့ ပြန်ရောက်လာပြီး ရှန်ရန်ရန်၏ မျက်နှာတွင် ကြီးမားစွာစိုးရိမ်ပူပန်သည့်အအမူအရာ ပေါ်လာသည်။
"အနန္တအသွင်ကူးပြောင်းတံခါးထဲမှာ အဆုံးမရှိတဲ့ နှလုံးသားနတ်ဆိုးတွေ ရှိတယ်။"
"သွေးသခင် ဝင်ရောက်သွားရင်၊ အလွန်ကြီးမားပြင်းထန်တဲ့ နာကျင်မှုကို ခံစားရပြီး ၊ ဓားချက်ပေါင်းထောင်သောင်းနဲ့ ဖြတ်ခံရသလို ဖြစ်နေမှာ။"
အားလုံးသည် ဝမ်းနည်းမှုနှင့်အတူ ရင်ထဲတွင်နာကျင်စွာခံစားကြရသည်။
"သွေးသခင်ဟာ ငါတို့အတွက်၊ ဒီလောကကြီးအတွက် သူ့ကိုယ်သူ စတေးပြီး နတ်ဆိုးတွေကို အစာကျွေးဖို့ ဆန္ဒရှိတယ်။"
"ဒါတောင်မှ ဒီလောကကြီးက သူ့ကို မဟာနတ်ဆိုးလို့ ခေါ်သေးတယ်။ တကယ် ရယ်စရာကောင်းတဲ့လောကကြီးပဲ"
ပိုင်ကျိက ဝမ်းနည်းစွာ ပြောလိုက်သည်။
ကျူးယန်ကတော့ တံခါးကိုသာ စူးစ်ုက်ကြည့်နေ၏ ။
"သွေးပုလဲ.. ဘယ်တော့လောက်မှ ထွက်လာနိုင်မှာလဲ။"
သူမသည် လောကက သွေးပူလဲကို မည်သို့မြင်သည်ကို ဂရုမစိုက်ပါ။ သူ အသက်ရှင်လျက် ထွက်လာဖို့ကိုသာ ဂရုစိုက်သည်။
ရှန်ရန်ရန်က စိတ်ပျက်အားငယ်စွာ ခေါင်းခါလိုက်သည်။
"အနန္တအသွင်ကူးပြောင်းတံခါးထဲက ဘယ်သူမှ ပြန်မထွက်လာခဲ့ဘူး။"
"သူ... နောက်ဆုံးမှာ နှလုံးသားနတ်ဆိုးအဖြစ် ပေါင်းစည်းသွားလိမ့်မယ်။"
နှလုံးသားနတ်ဆိုး... သွေးသခင်နတ်ဆိုးလား။
"မဖြစ်နိုင်ဘူး၊မဖြစ်ရဘူး...."
ကျူးယန်က တုန်လှုပ်ခြောက်ချားစွာ အော်ဟစ်လိုက်သည်။
"နည်းလမ်းတစ်ခုခုတော့ ရှိရမယ်"
ကျူးရန်သည် စကားဆုံးသည်နှင့် အနန္တအသွင်ကူးပြောင်းတံခါးဆီသို့ ပြေးလေသည်။
သို့သော် သူမသည် တံခါးအနီးသို့ပင် မရောက်နိုင်ပါ။
တံခါးကြီးသည် အနီးနားတွင်ရှိသော်လည်း ကမ္ဘာ၏အဆုံးပိုင်းကဲ့သို့ အလှမ်းဝေးနေပုံရသည်။
သွေးနန်းတော်မှ လူများအားလုံးမှာ ဝမ်းနည်းစွာခြင့် တိတ်ဆိတ်နေကြသည်။
ရှန်ရန်ရန်၏ မျက်လုံးများတွင် ထူးဆန်းသောအလင်းတစ်ခု ပေါ်လာပြီး နည်းလမ်းတစ်ခုကို စဥ်းစားမိသွား၏။
"ကံကြမ္မာကျောက်တုံး၊ အဲဒါနဲ့ သွေးသခင်ကို ကယ်တင်ဖို့ နည်းလမ်းတစ်ခု ရှာတွေ့ကောင်း ရှာတွေ့နိုင်တယ်"
လူတိုင်းသည် ကံကြမ္မကျောက်တုံး ရှိရာနေရာကို ကြည့်လိုက်ကြသော်လည်း ထိုနေရာတွင် မည်သည့်အရာမှ မရှိတော့ပါ။
...................
အနန္တအသွင်ကူးပြောင်းတံခါး၏အတွင်းပိုင်းတွင် အဆုံးမရှိသော နာကျင်မှုများက ကျိယွမ်၏ စိတ်ဝိညာဉ်ကို ကိုက်ခဲနေသည်။
ကျိယွမ်သည် အလွန်ပြင်းထန်သော နာကျင်မှုကို ခံစားရသည်။
ယခုခံစားနေရသောနာကျင်မှုသည် တိကျွဲ့မှနတ်ဆိုးအဘိုးအိုများကို ရင်ဆိုင်ရခြင်းထက် အဆတစ်ရာ၊ အဆတစ်ထောင်မက ပို၍ ပြင်းထန်သည်။
သူ၏နာကျင်သောဝေဒနာကိုအံတုကာ သူဝင်ရောက်လာသောအပေါက်မှ ရှေ့သို့မျှော်ကြည့်လိုက်သည်။
လှေကားတစ်ခုသည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး အမြင့်ကိုမသိနိုင်လောက်အောင် ရှည်လျားမြင့်မားနေ၏။
ကောင်းကင်ယံတွင် အခြားတံခါးတစ်ချပ်လည်း ရှိနေသည်။
လှေကားပေါ်တွင်တော့ ညှိုးခြောက်နေသော အလောင်းတစ်လောင်း ရှိနေ၏။
ထိုရုပ်အလောင်းသည် သပ်ရပ်သော သင်္ကန်းကို ဝတ်ဆင်ထားပြီး အလွန်တည်ငြိမ်နေပုံရသည်။
အလောင်း၏အရေပြားသည် နှစ်ထောင်ပေါင်းများစွာ ရေမထိထားသည့် ခြောက်သွေ့နေသောသစ်ခေါက်အလားရှိလေသည်။
ရုပ်အလောင်းသည် တွန့်လိမ်နေပြီး အနံ့အသက်ဆိုးများ ထွက်နေကာ ဟောက်ပတ်ကျကာခွက်ဝင်နေသော မျက်လုံးများက ကျိယွမ်ကို ရန်လိုသော အကြည့်ဖြင့် စူးစိုက်ကြည့်နေသည်။
ထိုရုပ်အလောင်းသည် ကျိယွမ်ဝင်လာသောတံခါးကိုတွန်းဖွင့်ရန်အလို့ငှာ လှေကားထစ်များအတိုင်း ကျိယွမ်ထံ ဆင်းလာ၏။
"မင်းက မဟာနတ်ဆိုးရဲ့ မူလနှလုံးသားနတ်ဆိုးလား။"
ကျိယွမ်က ပြင်းထန်သောဝိညာဥ်နာကျင်မှုကို အံကြိတ်ခံရင်းမေးလိုက်သည်။
ညှိုးခြောက်နေသော ရုပ်အလောင်းထံမှ စိတ်ရှည်သည်းခံတတ်သော ဟန်ပါသည့်
အသံသြသြတစ်ခု ထွက်ပေါ်လာသည်။
"နတ်ဆိုးတစ်သောင်းတံခါးထဲကို ဝင်လာပြီး တံခါးကိုအချိန်မီပိတ်ဖို့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
"မဟုတ်လို့ ငါသာ ထွက်သွားခဲ့ရင်၊ ဒီလောကကြီးဟာ လုံးဝ ပျက်စီးသွားလိမ့်မယ်"
အသံသည် နူးညံ့သိမ်မွေ့သော်လည်း၊ အကြည့်သည် ရန်လိုနေပြီး ရုန်းကန်နေပုံရသည်။
"နတ်ဆိုးတစ်သောင်းတံခါးတဲ့လား"
ကျိယွမ်မှာ ခေတ္တနားမလည်ဖြစ်သွားသော်လည်း အနန္တအသွင်ကူးပြောင်းတံခါးသည် တံခါးအားလုံး၏ ဂိတ်တံခါးဖြစ်ပြီး မည်သည့်တံခါးမဆို ဖြစ်နိုင်ကြောင်း ပြန်လည်အမှတ်ရလိုက်သည်။
ဗုဒ္ဓအတွက်မူ ၎င်းသည် နတ်ဆိုးတစ်သောင်းတံခါး ဖြစ်သော်လည်း၊ ကျိယွမ်အတွက်မူ အခြားတံခါးတစ်ချပ် ဖြစ်နေနိုင်၏။
"ဒီတံခါးကို မင်းဝင်ရောက်လာတာ၊ တံခါးကြီးကိုပိတ်ဖို့နဲ့ ငါ့ကို အပြင်မထွက်အောင် တားဆီးဖို့ သက်သက်တော့ မဟုတ်ဘူး။"
ညှိုးခြောက်နေသောအလောင်းက ထပ်မံ ပြောလိုက်သည်။
"ဟုတ်တယ်"
ကျိယွမ် ခေါင်းညိတ်လိုက်သည်။
သူ ဤနေရာသို့ ရောက်လာခြင်းသည် အရေးကြီးသော ရည်ရွယ်ချက်တစ်ခုအတွက် ဖြစ်သည်။
၎င်းမှာ မူလအနှစ်သာရကို နားလည်သဘောပေါက်ရန် ဖြစ်သည်။
အနန္တအသွင်းကူးပြောင်းတံခါးကြီးထဲတွင် လည်း သူ၏နားလည်သဘောပေါက်မှုသည် ဆက်လက်ဖြစ်ပေါ်နေပြီး အလွန်မြန်ဆန်နေသည်ဟုပင် ထင်ရသည်။
"မင်းရည်မှန်းချက်ကို ငါ မသိဘူး"
"ဒါပေမဲ့ အဲဒါကို အောင်မြင်ဖို့အတွက်၊ မင်းဟာ ငါ့ကိုဘဝအသစ်ထဲကို ပို့ဆောင်ပေးဖို့နဲ့နတ်ဆိုးတစ်သောင်းလှေကားထစ်တွေကို တက်ဖို့ လိုအပ်တယ်"
ညှိုးခြောက်နေသောအလောင်းက စည်းကမ်းတစ်ခု သတ်မှတ်လိုက်သည်။
ဘဝသစ်ထဲသို့ ပို့ဆောင်ခြင်းဆိုသည်မှာ ၎င်းကို သတ်ပစ်ခြင်း ဖြစ်သည်။
ကျိယွမ်က ခေါင်းညိတ်ပြပြီး မေးလိုက်သည်။
"ဒီလျူဖုန်းနယ်မြေနဲ့ ခင်ဗျားနဲ့က မသက်ဆိုင်တဲ့ပုံရတယ်။"
သူ၏ မျက်လုံးများက ရုပ်အလောင်းထံမှ အသုံးဝင်သော အချက်အလက်များကို မြင်လိုက်ရသည်။
ရန်လိုသောအကြည့်သည် နူးညံ့သွားပြီး အတိတ်ကို အမှတ်ရနေသကဲ့သို့ ဖြစ်သည်။
"ငါက ဗုဒ္ဓနယ်မြေကနေ လာခဲ့တာပဲ"
"ဒီနယ်မြေက ကျိန်စာသင့်နေပြီး နတ်ဘုရားတွေ စွန့်ပစ်ထားတယ်၊ ဒီက သတ္တဝါတွေဟာ ဘဝသစ်ကို မဝင်စားနိုင်သလို နိဗ္ဗာန်ကိုလည်း မရောက်နိုင်ဘူး။"
"ငါ့ရဲ့ နက်နဲတဲ့ကျင့်ကြံမှုနဲ့ ဗုဒ္ဓရဲ့ကျမ်းစာသုံးထောင်ကို ဒီနေရာကို ယူဆောင်လာပြီး၊ ဒီနယ်မြေကို အလင်းပေးဖို့အတွက် နတ်ဆိုးတစ်သောင်းသောင်းတံခါးကို ဖွင့်ပြီးဝင်ရောက်ဖို့ စဉ်းစားခဲ့တယ်။"
"ဒါပေမဲ့ ငါ့ရဲ့ အသိဉာဏ်နည်းမှုက နှလုံးသားနတ်ဆိုးတွေကို ဖြစ်ပေါ်စေပြီး ဘေးအန္တရာယ်ကို ယူဆောင်လာခဲ့တယ်"
"ကျေးဇူးပြုပြီး ငါ့ကို လွတ်မြောက်အောင် ကူညီပေးပါ၊ ဒီနယ်မြေကို ကယ်တင်ပေးပါ"
"တံခါးသာပွင့်သွားရင်၊ ကျိန်စာက ဗုဒ္ဓနယ်မြေကိုပါ ပျံ့နှံ့သွားပြီး ပျက်စီးခြင်းကို ဖြစ်ပေါ်စေလိမ့်မယ်"
ရုပ်အလောင်းက ထိုသို့ပြောပြီးသည်နှင့် ရန်လိုသောအကြည့်ဖြင့် ကျိယွမ်ကို ပြန်ကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် ကျိယွမ်ဆီသို့ ခုန်ဝင်သွားပြီး သူ့ကို ဆွဲဖြဲပစ်မည့်အလားရှိသည်။
ကျိယွမ်၏အကြည့်က အေးစက်သွားလေ၏။
ဒီဘုန်ကြီးအလောင်းက ပါးစပ်ကဘုရားဘုရား၊လက်က ကားယားကားယားဆိုတဲ့ကောင်မျိုးလား။
သို့သော်သူက အကျိုးအကြောင်းရှင်းပြလိုက်သည်။
"ခင်ဗျားကို လွတ်မြောက်အောင် ကျွန်တော် ကူညီပေးနိုင်ပါတယ်၊ ဒါပေမဲ့ ဒီလောကကို ကယ်တင်ဖို့ကတော့ ကျွန်တော့်ရဲ့စွမ်းရည်ထက် ကျော်လွန်နေတယ်"
ဤလောကအပေါ်တွင် သူသည်အကြွေးမတင်ခဲ့ဖူးပါ။ သူက အဘယ့်ကြောင့် ကယ်တင်ရမည်နည်း။
------------------------------