တရားဟောခြင်းနှင့် အဓိပတိအဆင့်သို့ ရောက်ရှိခြင်း
Vol. 9 Ch. 122
ဟေးဝူသည် နင်းထောင်ကို တစ်ချက်ကြည့်ပြီး စဥ်းစားနေ၏။
အချိန်အတော်ကြာမှ သူကအရေးကြီးသည်ကိုထောက်ပြလာ၏။
“ကမ္ဘာမြေအဆုံးကိုသွားဖို့ဆိုတာက မြို့ပေါင်း တစ်သိန်းရှစ်ထောင်ကို ဖြတ်သွားရမှာ။ ငါတို့လို မြောက်ပိုင်းကနတ်ဆိုးတွေအနေနဲ့တော်တော်လေး သတိထားရလိမ့်မယ်”
မြောက်ပိုင်းမှ စုန်း ၁၃ ယောက်ထဲတွင် မဟာအဓိပတိအဆင့်ရောက်သူမှာ နင်းထောင်နှင့် ဟေးဝူ နှစ်ယောက်သာရှိသည်။
ထိုစကားကိုကြားသော် နင်းထောင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွား၏။
“ခရမ်းရောင်တာအိုကလည်း အဲဒီ မြို့ပေါင်း တစ်သိန်းရှစ်ထောင်ထဲမှာလား”
ခရမ်းရောင်တာအိုက သူမကိုသစ္စာဖောက်ခဲ့ပြီး သွေးနတ်ဆိုးအကြောင်း ပေါက်ကြားစေခဲ့သောကြောင့် သူမသည် မရပ်မနားလိုက်လံဖမ်းဆီးခြင်း ခံခဲ့ရသည်။
သူမ ‘ခင်ပွန်း’၏ အကူအညီကိုသာမရခဲ့လျှင် ဤအချိန်၌ သွေးအိုင်ထဲတွင် သေဆုံးနေလောက်ပြီ ဖြစ်သည်။ထိုရန်ကြွေးကို သူမက မည်သို့ကျေအေးပေးနိူင်မည်နည်း။
“သူက မြို့ပေါင်းတစ်ထောင်တိုက်ပွဲနယ်မြေထဲမှာ ရှိလောက်တယ်”
ဟေးဝူသည် အမှန်တရားကို မဖုံးကွယ်ခဲ့ချေ။
“ဒါပေမဲ့ မသွားသင့်ဘူးလို့ ငါအကြံပေးချင်ပါတယ်။ နင်ကသူ့ထက် ပိုသန်မာပေမဲ့ အများကြီး သာတာတော့မဟုတ်ဘူး။ သူသာ နင့်ကိုထောင်ချောက်ဆင်ထားပြီး မြောက်ပိုင်းက အခြားအဓိပတိအဆင့်တွေကပါ ပူးပေါင်းလာရင် နင့်ကို အဲဒီနေရာမှာ ချုပ်ထားနိုင်လိမ့်မယ်”
နင်းထောင်သည် ညင်သာစွာ ရယ်မောလိုက်ပြီး သူမ၏ အပြုံးတွင် ခက်ထန်သော အသွင်အပြင် ရှိနေ၏။
“ငါက တစ်ချက်ပဲ သွားကြည့်ရုံပါ”
“ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ”
ဟေးဝူသည် နင်းထောင်ကို တစ်ချက်ကြည့်လိုက်၏။
“ငါ သွားတော့မယ်။ နင်နဲ့ အကြာကြီး နေမယ်ဆိုရင်... နင့်ကို သတ်ချင်တဲ့စိတ်ကို မထိန်းနိုင်မှာ စိုးရိမ်ရတယ်”။
ထိုသို့ပြောပြီးနောက် ဟေးဝူ၏ ပုံရိပ်သည် ဆီးနှင်းဖုံးနေသော တောအုပ်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
နင်းထောင်သည် သူမ၏မျက်နှာ ဘယ်ဘက်ခြမ်းကို ကိုင်လိုက်ပြီး၊ သူမ၏ နောက်တွင် သံကြိုးတပ်ထားသော သွေးရောင်အသားတုံးကို ကြည့်ကာ ဆွဲဆောင်မှုရှိစွာပြုံးလိုက်၏။
“ကျွန်မရဲ့ယောက်ျားကလည်း ကျွန်မကို မြင်ရမှာ ကြောက်နေတာက ကျွန်မကို သတ်ချင်စိတ်ကို မထိန်းနိုင်မှာ စိုးရိမ်နေတာလား”
မြောက်ပိုင်းမှ ဝမ်းတွင်းပါစုန်း ၁၃ ဦးကို ကောင်းကင်ဘုံနှင့်သက်ရှိအားလုံးက ရွံမုန်းကြရုံသာမက သတ်ပါသတ်ချင်ကြလေ၏။
အထူးသဖြင့် နင်းထောင်သည် မြောက်ပိုင်း နတ်ဆိုးများထဲတွင် အထူးခြားဆုံး ဖြစ်သည်။
သူမ၏ ‘စုန်း’ သဘာဝက ပိုမိုနက်ရှိုင်းပုံရသည်။ သူမနှင့် အချိန်ဖြုန်းသူတိုင်းသည် သူမကို သတ်လိုသော ပြင်းပြသည့် စိတ်ဆန္ဒကို မထိန်းနိုင်ဘဲ ခံစားကြရသည်။
တခြားသော စုန်းများအပေါ်တွင်လည်း ထိုသို့ ခံစားကြရသည်၊ သို့သော်လည်း သူမလောက် မပြင်းထန်ချေ။
စုန်းအချင်းချင်းပင် သူမအနားတွင်ကြာကြာနေမိလျှင် သတ်ချင်စိတ်များပေါ်လာ၏။
--------------------------------------
ဝူကွေမြို့တွင် ကျိယွမ်သည် ထုံးစံအတိုင်းမြို့ရိုးပေါ်တွင် ထိုင်နေ၏။
“အခုလောက်ဆိုရင် လက်တွေ့ကမ္ဘာမှာ ငါ့ရဲ့ကျင့်ကြံမှုက အခြေတည်အဆင့်အထွတ်အထိပ်နဲ့ နီးစပ်လောက်ရောပေါ့"
အချိန်စီးဆင်းမှု ကွာခြားချက်ကြောင့် သူသည် ဂိမ်းမှထွက်သင့်၊ မထွက်သင့် မသေချာသေးပေ။
“ဘာပဲပြောပြော ငါက အားနည်းနေတုန်းပဲ”
ကျိယွမ် သက်ပြင်းချလိုက်၏။
လက်တွေ့ကမ္ဘာမှာပဲဖြစ်စေ၊ ဂိမ်းကမ္ဘာမှာပဲဖြစ်စေ သူသည်အားနည်းနေ၏။
မကြာသေးမီက ကျိယွမ်သည် မဟာအဓိပတိအဆင့် တစ်ယောက်ကိုသတ်ဖြတ်နိုင်ခဲ့သည်။
အများအမြင်တွင် လွယ်ကူပုံရသော်လည်း လက်တွေ့တွင် အလွန်ခက်ခဲလှသည်။
ကျိယွမ်၏ မဟာမေ့လျော့မှုကျမ်းကို ကျွမ်းကျင်မှုသည် အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။
ထို့ကြောင့် မဟာအဓိပတိအဆင့် ခရမ်းရောင်တာအိုကို သတ်ဖြတ်ခြင်းသည် ထိုစွမ်းရည်ကို ကုန်ခန်းစေခဲ့ပြီး ပြန်လည်ပြည့်ဝရန် အချိန်ယူရဦးမည် ဖြစ်သည်။
ဟင်းလင်းပြင်နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထခြင်းစွမ်အားကတော့ များစွာကျန်ရှိနေသေးပြီး ကုန်ခန်းနိုင်ဖွယ် မရှိချေ။
ထိုစွမ်းရည်ကို အနည်းငယ်သုံးရုံဖြင့်ပင် အဆင့်တူအဓိပတိများကို ဖိနှိပ်နိုင်သောကြောင့် တော်ရုံနှင့်လည်းကုန်ခန်းနိုင်မည် မဟုတ်ပေ။
“ဟင်း"
ကျိယွမ်စိတ်ပျက်စွာ ညည်းညူလိုက်သည်။
."လက်တွေ့ကမ္ဘာမှာဆိုရင် ငါကအခြေတည်အဆင့်နဲ့ စိတ်ဝိညာဥ်အဆင့်ကို နှစ်ဆင့်တက်ပြီးသတ်နိုင်ပေမဲ့ ၊ဂိမ်းထဲက အမြင့်ဆုံးအဆင့်က ဘာလို့ယင်နတ်ဘုရားတွေကို မသတ်နိုင်ရတာလဲ"
ကျိယွမ်သည် သူ၏ ဂိမ်းဇာတ်ကောင်မှာ အလွန် အားနည်းနေသည်ဟု ခံစားရသည်။သူသည် အဆင့်တူများကိုသာ အနိုင်ယူနိုင်ပြီး အဆင့်မြင့်သူများကို စိန်ခေါ်ရန် ရုန်းကန်နေရသည်။
ထိုအချက်သည် အဆင့်ကြီးများနှင့်အဆင့်ငယ်များအကြား ခွန်အားအမျိုးအစားခြားနားချက်ကြောင့်ဖြစ်နိုင်သည်ဟု သူတွေးမိသည်။
“လက်တွေ့ကမ္ဘာမှာဆိုရင် အမြုတေအဆင့်ကို ချိုးဖြတ်နိုင်ရင်တောင်မှ ယင်နတ်ဘုရားတွေကို နှစ်ဆင့်ကျော်ပြီးပြီး တိုက်ခိုက်ဖို့က တော်တော်ခက်ခဲမှာပဲ"
“အလင်းနန်းတော်ကို အမြန်ဖျက်ဆီးရမယ်၊ မဟုတ်ရင် ရေခဲတောင်သခင်မသာ အလင်းနန်းတော်ရဲ့ အတိုးကြီးချေးငွေတွေနဲ့ ထောင်ချောက်မိသွားရင် အကုန် ဒုက္ခရောက်ကုန်လိမ့်မယ်”
“ငါ ဝူကွေမြို့ကို စောင့်ရှောက်နေတာ တော်တော်ကြာပြီဆိုတော့ ဂိမ်းက ဘာဆုချမလဲ မသိဘူး။ အမြုတေအဆင့်နဲ့ ယင်နတ်ဘုရားတွေကို သတ်ဖို့ အကူအညီ ဖြစ်ပါ့မလား”
“သော့ အပိုင်းအစတွေပဲပေးမှာလား”
“မဟုတ်မဟပ်တွေဆိုရင်တော့... လျူဖုန်းနယ်မြေတစ်ခုလုံးကို ငါ့အမြုတေထဲ ထည့်သွင်းပေါင်းစပ်ရလိမ့်မယ်၊ ဟားဟားဟား...”
ထိုအချိန်၌ ကျိယွမ်သည် ကမ္ဘာကြီး အနည်းငယ်တုန်ခါသွားသလို ရုတ်တရက်ခံစားလိုက်ရသည်။
ငါအမြင်မှားတာလား။
ကမ္ဘာကြီးက ဘယ်လိုလုပ်ပြီး တုန်ခါနိုင်မှာလဲ။
သေချာတယ်၊ ငါအမြင်မှားတာပဲ ဖြစ်ရမယ်။
သို့သော် ကျိယွမ်က ကိစ္စတစ်ခုကို တွေးမိလိုက်သည်။
“ကမ္ဘာကြီး တုန်ခါတာ မဟုတ်ဘူး၊ ချန်းဟွမ် ပြန်လာတာ ဖြစ်မယ်”
ကျိယွမ်သည် မြို့ရိုးပေါ်မှ ထရပ်လိုက်ပြီး အဝေးကို ကြည့်လိုက်၏။ သူသည် လူငါးဦးပါအဖွဲ့တစ်ဖွဲ့က ဝူကွေမြို့ဆီသို့ အပြေးလာနေသည်ကို တွေ့ရသည်။
သူတို့ကို ဦးဆောင်သူမှာ ချန်းဟွမ် ဖြစ်လေသည်။သူ၏နောက်တွင် မြေကမ္ဘာဒဏ္ဍာရီအဆင့်လေးယောက် လိုက်ပါလာသည်။
သုံးယောက်သည် သိသိသာသာအိုမင်းပုံ ပေါ်နေပြီး တစ်ယောက်ကတော့နုပျိုသည့် အသွင်အပြင်ကို အနည်းငယ်ထိန်းထားနိုင်ဆဲ ဖြစ်သည်။
သူတို့သည် သက်တမ်းကုန်ခါနီးပြီဖြစ်ပြီး သူတို့၏စွမ်းအင်များ ကုန်ခမ်းလုနီးပြီ ဖြစ်သည်ကို သူမြင်နိုင်သည်။
ယခုကမ္ဘာတွင် ဒဏ္ဍာရီအဆင့်များသည် နှစ်ပေါင်းတစ်ထောင်ခန့်သာ သက်တမ်းရှိပြီး ကန်းလန်နယ်မြေမှ စိတ်ဝိညာဥ်အဆင့်များထက် သက်တမ်းများစွာ ပို၍တိုတောင်းကြသည်။
ထိုပုဂ္ဂိုလ်များသည် သေခါနီးကာ ခန္ဓာကိုယ်များသည် သင်္ချိုင်းထဲ တစ်ဝက်ရောက်နေပြီဟုပင် ဆိုနိုင်၏။
လူလေးယောက်သာ ရလာသော်လည်း ကျိယွမ်သည် အံ့သြခြင်း မရှိပါ။
မီးပွားလေးတစ်ခုသည်ပင် မြက်ခင်းပြင်ကြီးတစ်ခုလုံးကို မီးလောင်ကျွမ်းစေနိုင်သည်မဟုတ်ပါလား။
သူ တစ်ကြိမ် တရားဟောလိုက်ရုံနှင့် ဝူကွေမြို့သို့ပိုများသောလူများ ရောက်လာကြမည်မှာ သေချာသည်။
မဟုတ်လျှင် ဤကမ္ဘာသည် တစ်ခုခု မှားနေပြီး ပြင်ဆင်ရန် လိုအပ်ပေလိမ့်မည်။ဤမျှကောင်းသောအခွင့်အရေးကို မလိုချင်ကြလျှင် ရူးနေကြခြင်းသာ မဟုတ်ပါလား။
“အစ်ကိုကြီး၊ ကျွန်တော် မဟာဝမ်းနည်းမြို့ကို သွားခဲ့ပေမဲ့ ဒီလေးယောက်ပဲ ခေါ်လာနိုင်ပါတယ်”
ချန်းဟွမ်၏ မျက်လုံးများတွင် အပြစ်ရှိသလို ခံစားချက်များ ပြည့်နှက်နေ၏။
သူ၏နောက်မှ လိုက်ပါလာသူလေးယောက်သည် ကျိယွမ်ကို သေချာစစ်ဆေးနေကြသည်။
အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး၊ အလွန် ချောမောခန့်ညားကာ၊ မျက်လုံးများတွင် နက်ရှိုင်းသော သွေးနီရောင်သမ်းနေ၏။ သို့သော် သူသည်ထိန်းချုပ်ထားပုံလည်းရသည်။
ထိုသူကို စကားလုံး တစ်လုံးတည်းဖြင့်ဖော်ပြရမည်ဆိုလျှင် “ဖမ်းစားနိုင်စွမ်းရှိသူ” ဟု ဆိုရမည် ဖြစ်သည်။
ဝမ်ကိုင်းသည် ကျိယွမ်ကို ကြည့်လေ၊ ပို၍ သိချင်စိတ် ပြင်းပြလာလေဖြစ်၏။
သူသည် ထိုသို့သော ထူးခြားသည့်.လူတစ်ယောက်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
မဟာအဓိပတိအဆင့်များပင် ဤခံစားချက်မျိုး မပေးနိုင်ချေ။
သူသည် သူတို့ကို အဓိပတိအဆင့်သို့ ထိုးဖောက်နိုင်ရန် တကယ်ကူညီပေးနိုင်ပါ့မလား။
“ မင်းတို့ဘာသာဘယ်ကလာလာ ငါ့ဝူကွေမြို့ကို လာပြီဆိုရင် ငါ့ရဲ့သွေးနန်းတော်ကို ဝင်ရမယ်။ နားလည်လား”
ကျိယွမ်၏ အေးဆေးတည်ငြိမ်စွာဖြင့် ထိုလေးယောက်ကို ပြောလိုက်သည်။
“မြို့စောင့်သခင်၊ ရှင်သာ ကျွန်မကိုအဓိပတိအဆင့်ဖြစ်အောင် ကူညီပေးမယ်ဆိုရင်၊ ကျွန်မ သွေးနန်းတော်ကို အစေခံရုံမက လိုအပ်တယ်ဆိုရင် မဟာဝမ်းနည်းမြို့ကိုပါ ဆန့်ကျင်ပါမယ်”
အသက်ငယ်သေးသောအမျိုးသမီးက ရဲဝံ့စွာဆို၏။
ဝမ်ကိုင်းနှင့် တခြားသူများကလည်း ခေါင်းညိတ်ကြသည်။
သူတို့သာအဓိပတိအဆင့် ဖြစ်နိုင်မည်ဆိုလျှင် ငြင်းစရာမရှိပါ။
ထို့အပြင် ဝူကွေမြို့စောင့် သတ်မှတ်ထားသော စည်းကမ်းချက်များသည် လုံးဝ မခက်ခဲပေ၊ အမှန်အတိုင်းဝန်ခံရလျှင် လွယ်ကူလွန်း၍ ယုံကြည်ရန်ပင် ခက်ခဲနေသည်။
ဤကမ္ဘာတွင် ဒဏ္ဍာရီအဆင့်များ မည်မျှရှိသနည်း။
ဘယ်သူမှ အတိအကျမသိနိုင်ပေ။
သို့သော် အဓိပတိအဆင့်များကတော့ ထောင်ဂဏန်း အနည်းငယ်သာ ရှိသည်။
အဓိပတိအဆင့်ဖြစ်လာခြင်းက ကျင့်ကြံသူတစ်ဦးအား ခြယ်လှယ်ခံဘဝထက်ကောင်းမွန်သော ခြယ်လှယ်သူဖြစ်လာရန် အခွင့်အရေးကို ပေးနိုင်၏။
အဓိပတိအဆင့်အောက်တွင်ရှိသောသူအားလုံးသည် အခြယ်လှယ်ခံများဖြစ်ကြဆဲ မဟုတ်ပါလား။
သူတို့အတွေးနက်နေစဥ်မှာပင် ကျိယွမ်၏ အသံထွက်လာ၏။
“ကောင်းပြီ၊ ဒါဆို တရားဟောတာကို စတင်ရအောင်”
သူသည် ထိုကိစ္စကို ထမင်းစားရေသောက်ပမာပြောလိုက်ခြင်းဖြစ်သည်။
ဝမ်ကိုင်း၏ နှလုံးခုန်နှုန်းများ မြန်ဆန်သွားပြီး ကျိယွမ်အား ထူးဆန်းသလိုကြည့်သည်။
ဒီလောက် မြန်တာလား။
သွေးစာချုပ်ချုပ်တာ မလုပ်ဘူးလား။
နှလုံးသားနတ်ဆိုးကိုကျိန်ဆိုတာမျိုးလည်း မလုပ်ဘူးပေါ့။
သစ္စာစောင့်သိမှုကို စမ်းသပ်တာ မရှိဘူး။
အဓိပတိအဆင့်ဖြစ်လာဖို့ အခွင့်အရေးကို ဒီလောက် လွယ်လွယ်နဲ့ပေးလိုက်တာလား။
ဝမ်ကိုင်းသည် ထိုအရာမှာ အရမ်းကို ပေါ့ပေါ့ဆဆနိုင်လွန်းသည်ဟု ခံစားရသည်။
အခုမှတွေ့သည် အခုပင်ပညာသင်ပေးတော့မည်ဟု ပြောနေ၏။
လက်ခံဖို့ပင် ခက်ခဲနေသည်။
ဒါကြီးက ကိုးယောက်မြောက်မယားငယ်ယူတာထက်တောင် ပိုလွယ်နေတာလေ။
တခြားသူများမှာလည်း ဝမ်ကိုင်းကဲ့သို့သံယယအတွေးများ ရှိကြသည်။
သူတို့သည် ကျိယွမ်၏လုပ်ရပ်က အရမ်းကို ဖြစ်ကတက်ဆန်းနိုင်လွန်းသည်ဟု ခံစားရပြီး စိတ်ပျက်အားငယ်မှုဆီသို့ ဦးတည်သွားခဲ့သည်။
သူတို့အသိမိတ်ဆွေများပြောသလို အတုအယောင်ဖြစ်နိုင်ခြေက ပိုများနေလေပြီ။
တစ်စုံတစ်ယောက်က လိမ်ရန်အတွက် တကူးတကဟန်ဆောင်ဖို့ပင် စိတ်မဝင်စားသောကြောင့် ယုံချင်လည်းယုံ မယုံချင်လည်းနေကြဆိုပြီး တာဝန်ကျေလိမ်သလို ဖြစ်နေသည်။
ချန်းဟွမ်သည် ကျိယွမ်၏စရိုက်ကို ကောင်းကောင်းသိနေသောကြောင့်အထူးအဆန်းမဖြစ်ပါ။သစ္စာဆိုခြင်း သစ္စာခံခြင်းမလုပ်ခိုင်းသည်မှာ သူ့အကြောင်းနှင့်သူရှိမည်ဟု သူယုံကြည်၏။
ချန်းဟွမ်သည် ဝူကွေမြို့၏ အပြင်ဘက်ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်၏။
“ကျွန်တော်တို့နောက်ကို မဟာဝမ်းနည်းမြို့က ပိုးကောင်လေးတွေ လိုက်လာနေတာ ရှိတယ်။ ရှင်းပစ်ရမလား”
“မလိုဘူး၊ ငါတို့ သွေးနန်းတော်မှာ လူထုဆက်ဆံရေးဌာန မရှိဘူး။ သူတို့ကို ငါတို့အတွက် ကြော်ငြာခိုင်းလိုက်ရုံပေါ့၊ ဒါဆို လစာပေးစရာတောင် မလိုတော့ဘူး”
ကျိယွမ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
သူသည်လည်း ဝူကွေမြို့ပြင်နှင့်မလှမ်းမကမ်းတွင်ရှိနေသော ဒဏ္ဍာရီအဆင့်အနည်းငယ်ကိုသတိထားမိခဲ့သည်။
သို့သော် ဂရုစိုက်စရာမဟုတ်သောကြောင့် ဂရုမစိုက်ခဲ့ခြင်းပင်။
“အားလုံး... တရားဟောတာ အခုစတော့မယ်”
ကျိယွမ်သည် ထိုလေးယောက်ကို ကြည့်လိုက်ပြီး သူ၏အကြည့်သည် ဖောက်ထွင်းသွားတော့မလို နက်နဲလာ၏။
သူ၏အရှိန်အဝါသည် ပို၍လျှို့ဝှက်ဆန်းကြယ်လာပြီး ကမ္ဘာကြီးနှင့်ပေါင်းစပ်သွားသလို သိမ်မွေ့သွားလေ၏။
ဒဏ္ဍာရီအဆင့်လေးယောက်၏ အမူအရာများသည်လည်း အလေးအနက် ဖြစ်လာပြီး အာရုံစိုက် နားထောင်ကြသည်။
အမှန်ပဲဖြစ်စေ၊ အတုပဲဖြစ်စေ၊ အဓိပတိအဆင့်ဖြစ်လာမည့်ကိစ္စသည် အရေးကြီးသည်။ တစ်သန်းမှာတစ်ခုသော အခွင့်အရေး ရှိရင်တောင် အလေးအနက်ထားရမည် ဖြစ်သည်။
“လူသာနတ်ဆိုး လမ်းစဥ်၊ လူသားများ၏ လမ်းစဥ်နှင့်နတ်ဆိုးများ၏ လမ်းကြောင်း...”
“လူသားများနှင့် နတ်ဆိုးများသည် တစ်ခုတည်း၊ အကြွေစေ့၏ နှစ်ဖက်ဖြစ်သည်..အကြင်သူသည် လူသားဖက်အခြမ်းကို အားပြုနေခိုက်......”။
သူ၏အသံသည် နတ်များ၏ဂီတကဲ့သို့ ပျံ့လွင့်နေ၏။
နားထောင်သူလေးယောက်သည် နက်ရှိုင်းသော အာရုံစူးစိုက်မှု အခြေအနေသို့ ရောက်ရှိသွားပြီး၊ ကောင်းကင်ဘုံ၊ ကြိုးကြာများနှင့် ကျောက်စိမ်းကန်များ၊ မင်္ဂလာရှိသော မိုးတိမ်များနှင့် ပျံသန်းနေသော ဖီးနစ်ငှက်များ ရှိရာအရပ်သို့ ရောက်သွားသလို ခံစားကြရသည်။
ရုတ်တရက်ဆိုသလိူ သူတို့ ပတ်ဝန်းကျင်သည် ပြောင်းလဲသွားပြီး၊ အဆုံးမဲ့ နတ်ဆိုးဘုံထဲ ရောက်သွားသလို ဖြစ်လာသည်။
ကြိုးကြာများသည် ကျီးနက်များအဖြစ် ပြောင်းလဲသွားပြီး၊ ကျောက်စိမ်းကန်များသည် သွေးကန်များ ဖြစ်လာကာ၊ မိုးတိမ်များ ပျောက်ကွယ်သွားပြီး၊ အနီရောင်နှင့် အဖြူရောင် မီးတောက်နေသော မီးလျှံတိမ်များက ကောင်းကင်၌ ပြည့်နေ၏။
မြေပြင်မှ နတ်ဆိုးပေါင်းများစွာက သူတို့၏ ခြေချင်းဝတ်များကို လှမ်းဆွဲပြီး ငရဲသို့ ဆွဲခေါ်ရန် ကြိုးစားနေကြသည်။
ကျိယွမ်သည် သိမ်မွေ့သောတရားသံက ဆက်လက်ထွက်ပေါ်လျှက်ရှိသည်။
ချန်းဟွမ်သည် ဘေးတွင် ရပ်လျက် အာရုံစိုက်ကာ နားထောင်နေ၏။
အဓိပတိအဆင့်သို့ရောက်နေလင့်ကစား၊ တရားများကို ထပ်မံ နားထောင်ခြင်းသည် နက်ရှိုင်းသော ထိုးထွင်းသိမြင်မှုများကို ဆောင်ကြဉ်းပေးပြီး သူ၏ ခွန်အားကို များစွာ မြှင့်တင်ပေးခဲ့သည်။
ဝူကွေမြို့ ပြင်တွင်ရှိနေကြသော ဒဏ္ဍာရီအဆင့်သုံးယောက်သည် အံ့အားသင့်သည့် အမူအရာများ ရှိနေသည်။
“တရားဟောတာ စနေပြီလား။ ဒါက အရမ်း ပေါ့ပေါ့ဆဆနိုင်လွန်းတယ်”
လီယွန်းကျီဟူသောအမျိုးသားက ဝေဖန်လိုက်သည်။
သူသည် ဝူကွေမြို့ထဲသို့ဝင်သွားသော ဝမ်ကိုင်း၏ ရင်းနှီးသောမိတ်ဆွေဖြစ်သည်။
သူ၏မိတ်ဆွေဝင်သွားသောအခါ လီယွန်းကျီသည် သတင်းတုသတင်းမှားဖြစ်နေမည်ကို စိုးရိမ်သောကြောင့် သွေးနန်းတော်သို့ မဝင်သင့်ကြောင်း အကြံပေးခဲ့သည်။
သို့သော် ဝမ်ကိုင်းသည် သူ၏မိသားစုကို တွေးပြီး ဝူကွေမြို့သို့သွားရန် ရွေးချယ်ခဲ့သည်။
လီယွန်းကျီသည် စိုးရိမ်နေသဖြင့် မဟာဝမ်းနည်းမြို့၏ အဓိပတိအဆင့်တစ်ဦး၏ အမိန့်ကို လိုက်နာကာ ဝူကွေ့မြို့သို့ ရောက်လာခဲ့သည်။
ဝူကွေမြို့ကာကွယ်သူက ဝမ်ကိုင်းတို့အား မည့်သည်အတွက် အသုံးချရန်ဆွဲဆောင်ခဲ့သည်ကို စောင့်ကြည့်တားဆီးရမည်ဖြစ်သည်။
ဝူကွေမြို့ကာကွယ်သူသည် သဘာဝ သူတော်စင်တစ်ယောက်ဖြစ်ပြီး လူများကို အဓိပတိအဆင့် ဖြစ်အောင်ကူညီနိုင်သည်ဆိုသောသတင်းအတွက်မူ သူကမစိုးရိမ်ပါ။
ထိုအရာက အရမ်းကိုရယ်စရာကောင်းသော လိမ်လည်မှုဖြစ်နေသောကြောင့်ပင်။
လူသားတို့၏ခေါင်းဆောင် အဖြူရောင် ဧကရာဇ်သို့မဟုတ် နတ်ဆိုးထိန်းချုပ်သူတို့၏ခေါင်းဆောင် အကြွင်းမဲ့သခင်တို့ပင် ထိုသို့ မလုပ်နိုင်ကြချေ။
“ဒီအခြေအနေက သံသယ ဖြစ်စရာပဲ။ ဝူကွေမြို့ကာကွယ်သူရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ”
ယခုကဲ့သို့သော အလွယ်တကူခွဲခြား၍ရနေသော သတင်းတုသတင်းမှားကို အဘယ့်ကြောင့် ဝါဒဖြန့်နေရသနည်း။
လီယွန်းကျီ အဖြေရှာမရပါ။
"အေးဆို..ဏ္ဍာရီလာအဆင့်နည်းနည်းပါးပါးကို လှည့်စားဖို့အတွက် ဒီလောက်ဒုက္ခခံနေဖို့ လိုလို့လား။ သူက အဓိပတိအဆင့်ကို ရောက်နေပြီလေ။ဒဏ္ဍာရီအဆင့်တပည့်တွေကို လိုချင်တာများ ၊ ဒီလောက်ရှုပ်ထွေးစရာ မလိုပါဘူး”
ပညာရှိတစ်ယောက်နှင့်တူစေရန် ပညာရှိလိုမုတ်ဆိတ်မွှေးများထားသော မုတ်ဆိတ်မွေးနှင့်လူကလည်း စဉ်းစားသည်။
“ဝူကွေမြို့ကာကွယ်သူက တကယ်ပဲ သဘာဝသူတော်စင် ဖြစ်နေမလား”
သူတို့ထဲမှ တစ်ဦးတည်းသော အမျိုးသမီးကျင့်ကြံသူက နောက်ပြောင်လိုက်သည်။
လီယွန်းကျီက ခေါင်းခါပြသည်။
“သဘာဝသူတော်စင်တစ်ယောက်ဖြစ်လည်းလူတွေကို အဓိပတိအဆင့် ဖြစ်အောင် မကူညီနိုင်ဘူး။”
“အဖြူရောင်ဧကရာဇ်တောင် လူတွေကို သူတို့ရဲ့ မူလအစအနှစ်သာရကို နားလည်အောင် မလုပ်ပေးနိုင်ဘူး။”
“လူတစ်ယောက်က သူရဲ့မူလအစကို သူကိုယ်တိုင် နားလည်မှသာလျှင် သူရဲ့လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်မယ်”။
ပညာရှိလိုမုတ်ဆိတ်အရှည်ကြီးထားသောသူက ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်၏။
“ယွန်းကျီပြောတာ မှန်တယ်။ ဒီလို ရိုးရှင်းတဲ့ အမှန်တရားကို သူတို့ဘယ်လိုလုပ် နားမလည်နိုင်ရတာလဲ”
လီယွန်းကျီက ဆက်ပြောသည်။
“ကျင့်ကြံခြင်းဆိုတာ ကောင်းကင်ဘုံကို ဆန့်ကျင်တိုက်ခိုက်ခြင်းပဲ ။ ပြီးတော့ ကမ္ဘာကြီးရဲ့အရင်းအမြစ်တွေက နည်းလာပြီး အကန့်အသတ်ရှိနေပြီ။”
“ဒါကြောင့် ဒီကမ္ဘာကြီးက အမြင့်ဆုံးအဆင့် အများကြီးကို ထုတ်ပေးနိုင်မှာ မဟုတ်တော့ဘူး။”
“ဝူကွေမြို့ကာကွယ်သူက သဘာဝ သူတော်စင်ဖြစ်ရင်တောင် လူတွေကို အဓိပတိဖြစ်အောင် ကူညီတာက ကမ္ဘာ့ စည်းမျဉ်းကိုဆန့်ကျင်တာမို့ ကောင်းကင်ဘုံ ရဲ့အပြစ်ဒဏ်ကို ဆောင်ကြဉ်းလာလိမ့်မယ်"
အချက်အလက်အမျိုးမျိုးကို သုံးသပ်ပြီးနောက် လီယွန်းကျီက ကောက်ချက်ချလိုက်သည်။
ယခုကိစ္စသည် မယုံနိုင်စရာ လှည့်ဖြားမှုတစ်ခုဖြစ်သည်။
ထိုသို့မဟုတ်လျင်တော့ ဝူကွေမြို့ကာကွယ်သူသည် ရူးသွပ်နေခြင်း ဖြစ်ရမည်။
ထို့နောက် သူတို့ သုံးယောက်သည် ဝူကွေမြို့ အပြင်ဘက်တွင် ဆက်လက်စောင့်ကြည့်နေကြသည်။
တဖြည်းဖြည်းနှင့်အချိန်များ ကုန်ဆုံးသွားပြီး ညဘက် ရောက်လာသည်။
လီယွန်းကျီသည် ပျင်းရိစွာ ခါးဆန့်ထုတ်လိုက်၏။
“ငါတို့ တော်တော်ကြာကြာ စောင့်ရဦးမယ် ထင်တယ်။ သူ တရားဟောတာ နှစ်တွေကြာသွားပြီးမှ ငါရဲ့မိတ်ဆွေ လူမိုက်ကြီးဝမ်ကိုင်းက အတွင်းထဲမှာသက်တမ်းကုန်ပြီးသေသွားရင်... ဝူကွေမြို့ကာကွယ်သူရဲ့ တရားဟောတာက ဘာမှဖြစ်မလာဘူးဆိုတာ သူငြင်းဆိုလို့ မရတော့ဘူး”။
ထိုအချိန်တွင် အမျိုးသမီးကျင့်ကြံသူက မျက်မှောင်ကြုတ်လိုက်၏။
“ဝူကွေမြို့ကာကွယ်သူက.. ထွက်သွားပြီ။ တရားဟောတာ ပြီးသွားပြီလား”
သူတို့ သုံးယောက် အံ့အားသင့်သွားသည်။
လီယွန်းကျီသည် မတတ်နိုင်သလို ရယ်လိုက်၏။
“ဝူကွေမြို့ကာကွယ်သူက... တကယ်ကို မမျှော်လင့်စရာပဲ”
သူက တရားဟောခြင်းက ရက်များစွာကြာလိမ့်မည်ဟု ပြောနေတုန်းသာရှိသေးသည် တရားဟောခြင်းက ပြီးသွားခဲ့သည်။
“အလုပ်ဖြစ်သွားလား”
ပညာရှိတစ်ယောက်လိုမုတ်ဆိတ်ရှည်ထားသူက စိတ်ရှုပ်ထွေးစွာ မေးသည်။
“မူလအစကို နားလည်တာက ဒီလောက် မရိုးရှင်းဘူး။ အလုပ်ဖြစ်ခဲ့ရင်တောင် လနဲ့ချီ ကြာလိမ့်မယ်..ပြီးတော့..ပြီးတော့...”
လီယွန်းကျီသည် စကားပြောနေရာမှ ရပ်တန့်သွားပြီး ဆက်မပြောနိုင်တော့ပေ။
သူသည် မြို့ရိုးပေါ်ရှိ ဝမ်ကိုင်းကို ကြည့်လိုက်ပြီး မျက်လုံးများကျယ်သွားသည်။
ဒဏ္ဍာရီအဆင့်တွင် ပိတ်မိနေခဲ့သော သူ၏မိတ်ဆွေကြီးသည် ယခုအခါ ကြောက်စရာကောင်းသောအော်ရာကို ထုတ်လွှတ်နေသည်မဟုတ်ပါလား။
“မူလအစ အနှစ်သာရပဲ"
လီယွန်းကျီ၏ မျက်လုံးများပြူးသွားသည်။
ဒီအော်ရာက...
သူ ကောင်းကောင်းသိသည်။ ထိုအော်ရာသည် ရာစုနှစ်ပေါင်းများစွာ သူအိပ်မက်မက်ခဲ့ရသော မူလအစ၏အော်ရာမဟုတ်ပါလား။
အမျိုးသမီး၏မျက်လုံးများသည်လည်း ကြေးခေါင်းလောင်းများကဲ့သို့ ပြူးကျယ်နေ၏။
"တကယ် မူလအစပဲ"
“ဟာကွာ”
ပညာလိုမုတ်ဆိတ်မွေးထားသောသူက သူ့ကိုယ်သူရိုက်လိုက်ပြီး လီယွန်းကျီကို ကြည့်ကာ “မင်းရဲ့မိတ်ဆွေက ပါရမီရှင်တော့ မဟုတ်ဘူး မှတ်လား” ဟု မေးသည်။
“ဘယ်က ဟုတ်ရမှာလဲ"
လီယွန်းကျီက ဒေါသတကြီး ပြောလိုက်သည်။
“ဒီကောင်က ငါ့ထက်တောင် အရည်အချင်း ပိုညံ့တယ်၊ ငါကတောင် သူ့ထက်နည်းနည်း ပိုအောင်မြင်ခဲ့တာ၊ ဘယ်လိုလုပ်ပြီးရုတ်တရက်ကြီး အဓိပတိအဆင့် ဖြစ်သွားရတာလဲ”
ဤနေရာသို့ မလာခင်က သူသည်သူ၏ မိတ်ဆွေအတွက် တောက်ပသော အနာဂတ်ကို မျှော်လင့်ခဲ့သည်။
သို့သော်လည်း ယခုလိုကြီး ဝမ်ကိုင်းသည် အဓိပတိအဆင့်ထဲသို့ ဝင်တော့မည်ကို မြင်လိုက်ရသောအခါ သူသည် မနာလိုစိတ် ဖြစ်ပေါ်လာခဲ့သည်။
သူသည် သူ၏ မိတ်ဆွေ ဆင်းရဲစွာ နေထိုင်မည်ကို ကြောက်ခဲ့သည်၊ သို့သော် သူ ပို၍ ကြောက်သည်မှာ ထိုသူက သူ့ထက်ချမ်းသာသွားမည်ကို ဖြစ်နေသည်။သူက မိတ်ဆွေအား မဆင်းရဲစေချင်သော်လည်း မသိစိတ်၌ သူထက်လည်း ချမ်းသာမသွားစေချင်ပါ။
“ဒါက သံသယ ဖြစ်စရာပဲ။ ငါ့ရဲ့ မြင့်မားတဲ့ဥာဏ်ပညာနဲ့တောင် သော့ချက်ကို နားမလည်နိုင်ဘူး။ ငါတို့ အဓိပတိကို အစီရင်ခံသင့်တယ်လို့ ထင်တယ်”
ပညာရှိလိုမုတ်ဆိတ်မွေးထားသူက အလေးအနက် ပြောလိုက်သည်။
အမျိုးသမီးက သူ့ကိုပြန်ဟောက်၏။
“အခု ဘာကို အစီရင်ခံရမှာလဲ”
“ဒါပေမဲ့ ငါတို့သာ အဓိပတိရဲ့တာဝန်ကို မအောင်မြင်ရင် အပြစ်ပေးခံရမှာလေ”
ပညာရှိလိုမုတ်ဆိတ်မွေးထားသူက
အလေးအနက် ပြောနေခြင်းဖြစ်သည်။
“ဟွန်း...ငါတို့သာ အဓိပတိအဆင့် ဖြစ်သွားရင် သူက ငါတို့ကို အပြစ်ပေးနိုင်ဦးမှာလား”
လီယွန်းကျီသည် စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး ဝူကွေ့မြို့ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် ပြင်းပြသော ဆန္ဒများ ပြည့်နေ၏။
အမျိုးသမီးကျင့်ကြံသူသည်လည်း အလားတူ ခံစားရသည်။
တာဝန်ကို မေ့ပစ်လိုက်တော့။
ဒါဟာ အဓိပတိအဆင့် ဖြစ်လာဖို့ အခွင့်အရေးပဲ။
“သွားကြရအောင်”
အမျိုးသမီးကပြောပြီးသည်နှင့် အလင်းတန်းအဖြစ် ပြောင်းလဲကာ ဝူကွေ့မြို့ဆီသို့ ပျံသန်းသွားသည်။
"ငါလည်းလိုက်မယ်ဟေ့"
လီယွန်းကျီကလည်း မဆိုင်းမတွ လိုက်သွားသည်။
ပညာရှိလိုမုတ်ဆိတ်မွေးထားသောသူသည် တွန့်ဆုတ်နေပြီး နားမလည်နိုင် ဖြစ်နေသည်။
“သူတို့ အစီရင်ခံစာအတွက် အချက်အလက်တွေ စုဆောင်းဖို့ ဝင်သွားတာလား”
သူက ထို့သို့စဉ်းစားပြီးနောက် အမြန် လိုက်သွားလေသည်။
"ငါ့လည်းစောင့်ကြပါဦး"
မြှောက်ပင့်ပြောတတ်သူများကို သူ့ထက် သာလွန်အောင် အခွင့်ပေးလို့ မဖြစ်ချေ။
ခဏအကြာတွင် ထိုသုံးယောက်သည် ဝူကွေမြို့ရိုးသို့ ရောက်ရှိသွားသည်။
ချန်းဟွမ်က သူတို့ကို ကြည့်ပြီး ပြုံးပြ၏။
“ဒီနေ့ တရားဟောတာ ပြီးသွားပြီ။ သွေးသခင်က ခဏခဏဟောပြောရတာကို မကြိုက်ဘူးလို့ ပြောတယ်။ ဒါကြောင့် နောက်တစ်ကြိမ် တရားဟောတာကို လူဆယ်ယောက်ပြည့်တဲ့အထိ စောင့်ရလိမ့်မယ်။ အဲဒီနောက်ထပ်တစ်ကြိမ်ဆိုရင် နှစ်ဆယ်၊ ဒါမှမဟုတ် တစ်ရာ၊ ဒါမှမဟုတ် တစ်ထောင် ဖြစ်ချင်ဖြစ်သွားမှာ”
“ဘာ”
လီယွန်းကျီသည် စိတ်ပျက်သွားသော်လည်း အမြန် ပြန်လည်ကောင်းမွန်လာသည်။
“ဒါက လက်ခံနိုင်စရာပဲ။ တရားဟောတာက ဒီလောက် ဘယ်လွယ်မလဲ၊သဘာဝကျပါတယ်"
ချန်းဟွမ်သည် ထိုမျှသာပြောကာ လှည့်ထွက်သွားပြီး ဝူကွေမြို့ထဲသို့ ပြန်ဝင်သွားသည်။
သူတို့သုံးယောက်မှာ ထိုနေရာတွင် ရပ်ကျန်နေခဲ့သည်။
သူတို့သည် မြို့ရိုးပေါ်ရှိ လေးယောက်ကို ကြည့်လိုက်ပြီး မျက်လုံးများတွင် မနာလိုစိတ်များ ပြည့်နေ၏။
“အားလုံး မူလအစအော်ရာတွေ ရှိနေကြပြီ...”
ဝမ်ကိုင်းအပြင် တခြားသုံးယောက်သည်လည်း မူလအစ၏အော်ရာများကို ဖြည်းဖြည်းချင်း ပြသလာသည်။
လီယွန်းကျီသည် တစ်ရက်၊ နှစ်ရက်အတွင်း ဒီလေးယောက်သည် အမြင့်ဆုံးအဆင့် ဖြစ်လာတော့မည်ကို သေချာသိသည်။
"တောက်...ငါသိတယ်၊ငါမြင်သင့်တာ..ဒါပေမဲ့.ဒီလိုအခွင့်အရေးမျိုးက..."
သူသည် ကောင်းကင်ကို မော့ကြည့်ပြီး နက်နက်နဲနဲ စဉ်းစားနေမိသည်။
ပညာရှိလိုမုတ်ဆိတ်မွေးထားသောသူက ထိုစကားကိုနားမလည်ချေ။
သူက လီယွန်းကျီလို ကောင်းကင်အားမော့ကြည့်လိုက်သော်လည်း ဘာမှ မမြင်ရသဖြင့် မေးလိုက်သည်။
“ယွန်းကျီ၊ မင်း ဘာကို ကြည့်နေတာလဲ”
“ကောင်းကင်ဘုံက ဘာလို့ ပြစ်ဒဏ် မချသေးတာလဲဆိုတာကို တွေးနေတာပါ”
ဝူကွေ့မြို့ကာကွယ်သူ၏ လုပ်ရပ်များသည် သဘာဝ စည်းမျဉ်းကို ဆန့်ကျင်နေ၏။
သို့သော် ဘာမှ မဖြစ်ခဲ့ချေ။
“ဘယ်လို ပြစ်ဒဏ်လဲ၊ မင်း သတင်းအချက်အလက်တွေ စုဆောင်းရမယ် မဟုတ်လား၊ ဘာလို့ သွေးနန်းတော်ထဲ ဝင်လိုက်တာလဲ”
“နင် နှလုံးသားနတ်ဆိုးကြောင့် ခေါင်းပျက်နေတာလား။ အဓိပတိအဆင့် ဖြစ်လာဖို့ပေါ့ဟဲ့”
အမျိုးသမီးက ပညာရှိမုတ်ဆိတ်ကို ဟောက်လိုက်သည်။
“သွားကြစို့၊ မြို့ကာကွယ်သူရဲ့ တရားဟောခြင်းကို နားထောင်ဖို့ မဟာဝမ်းနည်းမြို့မှာ လူဆယ်ယောက် စုရမယ်”
လီယွန်းကျီသည် အလွန် စိတ်အားထက်သန်နေသည်။
သူ၏ မိတ်ဆွေသည် ရက်ပိုင်းအတွင်း အဓိပတိအဆင့် ဖြစ်တော့မည်။
ဒီကောင်က ငါ့ကိုဆရာကြီးလုပ်ပြီး ကြွားတာမျိုး အဖြစ်မခံနိုင်ဘူး။ငါလူရအောင် စုပြမယ်။
...............................
နောက်တစ်နေ့သို့ ရောက်သောအခါ...
မဟာဝမ်းနည်းမြို့၌ဖြစ်သည်။
ဟွမ်မုန်လင်သည် သတင်းပို့ချက်ကို ဖတ်ကာ သူမ၏မျက်နှာသည် မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်နေ၏။
“အဓိပတိအဆင့်... တကယ်ပဲ အဓိပတိအဆင့်၊ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ”
ယခုလေးတင် မဟာဝမ်းနည်းမြို့အတွင်းမှ သတင်းရောက်လာခဲ့ပြီး ဝူကွေမြို့သို့သွားခဲ့သောလေးယောက်သည် မူလအစအနှစ်သာရကိုနားလည်ခဲ့ပြီး သူတို့၏ မူလစွမ်းအားများကို ဖွဲ့စည်းနေပြီ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
အောင်မြင်သည်နှင့် ၎င်းတို့သည် စစ်မှန်သော အဓိပတိအဆင့်များ ဖြစ်လာကြမည်ဖြစ်သည်။
သတင်းက မယုံနိုင်စရာ ဖြစ်သည်။
ဟွမ်မုန်လင်သည် ဝမ်ကိုင်းကို မကြာသေးမီကပင် မြင်ခဲ့သည်။
သူသည် အိုမင်းပြီးအားနည်းနေကာ မူလအစကိုနားလည်ရန် မည်သို့မှ နီးစပ်ခြင်းမရှိချေ။
“ဒီသတင်းက အမှန်လား၊ အတုလား”
ဟွမ်မုန်လင်သည် ယခုထိ မယုံကြည်နိုင်သေးပေ။
“ဒါက... လုံးဝ အမှန်ပါ”
မဟာဝမ်းနည်းမြို့၏ အဓိပတိအဆင့်များထဲမှတစ်ဦးက အတည်ပြုသည်။
ဟွမ်မုန်လင်သည် လုံးဝတိတ်ဆိတ်သွား၏။
သူမသည် ဝူကွေ့မြို့ ကာကွယ်သူကို လွန်ခဲ့သော ရက်အနည်းငယ်က တွေ့ဆုံခဲ့သည်။
သူက ချန်းဟွမ်နှင့်အတူတူပဲ ဖြစ်ပုံရတာကို ဘယ်လိုလုပ် ရုတ်တရက် အဓိပတိအဆင့် ဖြစ်သွားရတာလဲ။
“ဒီကိစ္စက... အရမ်း သံသယ ဖြစ်စရာပဲ”
ဟွမ်မုန်လင်သည် အတန်ကြာလမ်းလျှောက်ကာစဥ်းစားပြီးနောက်၊ နောက်ဆုံးတွင် ဆုံးဖြတ်လိုက်သည်။
“ကျွန်မ စီနီယာအစ်ကိုကြီးကို အစီရင်ခံရမယ်”
သူမသည် အဖြူရောင်ဧကရာဇ်ထံ တိုက်ရိုက် ဝင်ရောက်ခွင့် မရှိပေ။
ထို့ကြောင့် ယခုလိုအရေးကြီးသောကိစ္စမျိုးကို သူမ၏အစ်ကိုကြီးကို အစီရင်ခံရမည် ဖြစ်သည်။
သူမဘေးတွင်ရပ်နေသော အဓိပတိအဆင့်က ခေါင်းညိတ်သည်။
ယခုလို အရေးကြီးသောကိစ္စကို မဟာအဓိပတိကြီးများ သိရမည်ဖြစ်သည်။
သူသည် အဓိပတိအဆင့် တစ်ယောက် ဖြစ်သော်လည်း အစောပိုင်းအဆင့်တွင်သာရှိသေးသောကြောင့် ယခုကိစ္စကို ကိုင်တွယ်ရန် မတတ်နိုင်ပေ။
ထို့နောက် သူသည် တစ်စုံတစ်ခုကို သတိရသွားပြီး အမြန် ပြောလိုက်သည်။
“မကြာသေးခင်က မြို့ပေါင်းတစ်ထောင်က နတ်ဆိုးထိန်းချုပ်သူ အဓိပတိအဆင့်တွေ ပျောက်သွားခဲ့ကြတယ်။ ခရမ်းရောင်တာအိုတောင် မပေါ်လာတော့ဘူးတဲ့။ ဒါက ဝူကွေမြို့နှင့်ပတ်သတ်နေတဲ့ ပူးပေါင်းကြံစည်မှုတစ်ခုခု ရှိနိုင်တယ်ထင်တယ်”
“ဘာ.. အဓိပတိအဆင့်တွေ ပျောက်နေတာလား”
ဟွမ်မုန်လင် အံ့အားသင့်သွားသည်။
ချန်းဟွမ်က ဝူကွေမြို့ကာကွယ်သူက ခရမ်းရောင်တာအိုနှင့် အခြားအဓိပတိများကို သတ်ခဲ့သည်ဟု ပြောခဲ့သည်ကို ပြန်သတိရလိုက်သည်။
ထိုအချိန်က သူမ မယုံခဲ့ချေ။
ဒါပေမဲ့ အခုတော့ ခရမ်းရောင်တာအိုပင် ပျောက်နေပြီတဲ့လား။
ဒါဆို... သူ တကယ်ပဲ သေသွားတာလား။
ဟွမ်မုန်လင်ခေါင်းယမ်းလိုက်သည်။
ခရမ်းရောင်တာအိုသည် မဟာအဓိပတိဖြစ်သည်။
သူမ၏ စီနီယာအစ်ကိုကြီးပင် သတ်ရန် မလွယ်ကူပါ။
အဓိပတိအသစ်လေးများဆိုလျင်တော့ ပြောစရာပင်မလိုပေ။
သို့မဟုတ် အခြားလှည့်ကွက်တစ်ခုခု ရှိနေနိုင်မလား။
ဟွမ်မုန်လင်သည် သူမ၏နားထင်များကို ပွတ်သပ်ကာ တွေးနေပြီး ၊ နောက်ဆုံးတွင် ပြောလိုက်၏။
“ယင်အဓိပတိ.၊ ခရမ်းရောင်တာအို... သေသွားပြီလားဆိုတာ စုံစမ်းဖို့ လူတွေ စေလွှတ်လိုက်ပါ”
“သေသွားပြီ... ဘာ”
ယင်အဓိပတိ ထိတ်လန့်သွားသည်။
သူကဟွမ်မုန်လင်ကို နားမလည်သလိုကြည့်၏။
မဟာအဓိပတိဆိုသည်မှာ အစွမ်းအထက်ဆုံး သက်ရှိများထဲမှ တစ်ဦးဖြစ်သည်။အဘယ့်ကြောင့် သေဆုံးမည်နည်း။
ငါနားကြားမှားတာလား။
“နောက်ပြီးတော့..တစ်ခုရှိသေးတယ် ၊ မကြာခင်မှာ မြောက်ပိုင်းက စုန်း ၁၃ ယောက်ဟာ မြို့ပေါင်းတစ်သိန်းရှစ်ထောင်ကို ဖြတ်သွားနိုင်ပြီး ၊မဟာဝမ်းနည်းမြို့ကိုလည်း ဖြတ်သွားနိုင်တယ်။ သူတို့ကို မတားဆီးပါနဲ့၊ ဒါက စီနီယာအစ်ကိုကြီးရဲ့ဆန္ဒပါ”
စီနီယာအစ်ကိုကြီး၏ဆန္ဒသည် အဖြူရောင် ဧကရာဇ်၏ဆန္ဒကို ကိုယ်စားပြုနိုင်ဖွယ် ရှိသည်။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ”
ယင်အဓိပတိက ကယောင်ကတမ်းနှင့်သဘောတူလိုက်သည်။ ပထမ ကိစ္စနှင့် နှိုင်းယှဉ်လျှင် ဒုတိယကိစ္စသည် အသေးအဖွဲသာ ဖြစ်သည်။
“ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ်၊ ယင်အဓိပတိ၊ဒီလောက်ပါပဲ"
ဟွမ်မုန်လင်၏ စကားများသည် သူထွက်သွားရန် အရိပ်အမြွက် ပြသနေ၏။
ယင်အဓိပတိသည် သံသယများဖြင့် ပြည့်နေသော မျက်လုံးများဖြင့် ထွက်ခွာသွားသည်။
ဟွမ်မုန်လင်၏ခေါင်းသည် ကိုက်ခဲနေ၏။
ဖြစ်လာသမျှကိစ္စများသည် သူမမျှော်လင့်ထားသည်ထက်ကျော်လွန်နေသည်။
ထိုအရာများက ကောင်းဖို့လား၊ဆိုးဖို့လားဆိုသည်ကို သူမလည်း မမှန်းဆနိုင်တော့ပါ။
“စီနီယာအစ်ကိုကြီးက ဒါကို ဖြေရှင်းနိုင်မယ်လို့ ပဲမျှော်လင့်ပါတယ်”
-------------------