← Chapters

အဖြူရောင်ဧကရာဇ်၏ တပည့် တုန်လှုပ်သွားခြင်း

Vol. 9 Ch. 113

အဖြူရောင်ဧကရာဇ်၏ တပည့် တုန်လှုပ်သွားခြင်း

Vol. 9 Ch. 113

မူလအနှစ်သာရအပေါ် နားလည်မှုကို မည်သို့ပြောပြပေးနိုင်ပါ့မလဲ။ ထိုအရာက မဖြစ်နိုင်သည့် ကိစ္စပင်။

ထို့အပြင် ပြောပြပေးပါ့မည်ဆိုသော အစ်ကိုကြီးကိုယ်တိုင်ကပင် မူလအနှစ်သာရအကြောင်းကို ဘာမျှမသိရှာပေ။

အစီအစဉ်၏ ပထမအဆင့်ကိုပင် အကောင်အထည်မဖော်နိုင်ပါက၊ ကျန်အဆင့်များမှာလည်း အဓိပ္ပာယ်မဲ့သွား​မည်မဟုတ်ပါလား။

"မူလအနှစ်သာရကို မကူးပြောင်းပေးနိုင်ဘူးလို့ ဘယ်သူပြောတာလဲ"

ကျိယွမ်က ချန်းဟွမ်အားကြည့်ကာ ညင်သာစွာ ဆိုလိုက်သည်။

"ချန်းဟွမ် မင်းကိုငါက မူလအနှစ်သာရကို သင်ကြားပေးပြီး အဓိပတိဖြစ်အောင် ကူညီပေးမယ်ဆိုရင်၊ မင်း ငါ့ကို နှစ်တစ်ရာတိတိ အလုပ်အကျွေးပြုမလား"

"နှစ်တစ်ရာ မကဘူး၊ နှစ်တစ်ထောင်တောင် ရတယ်"

ချန်းဟွမ်က ပေါ့ပေါ့ပါးပါးပင် ချက်ချင်းပြန်ဖြေသည်။

"မင်းရဲ့ နှလုံးသားနတ်ဆိုး ကို သက်သေတည်ပြီး ကျိန်ဆိုရဲလား"

"အစ်ကိုကြီး မင်းတကယ်ပြောနေတာလား"

ချန်းဟွမ်သည် ကျိယွမ်ကနောက်ပြောင်နေသည်ဟု ထင်နေခဲ့သည်။

သို့သော် ကျိယွမ်၏စကားသံက လေးနက်နေသဖြင့် သူဇဝေဇဝါဖြစ်သွားသည်။

"ဟုတ်တယ်"

ကျိယွမ်က ခေါင်းညိတ်ပြီး ချန်းဟွမ်အားကြည့်လိုက်သည်။

"အခွင့်အရေးက မင်းရှေ့မှာပဲ၊ မင်း ဆုပ်ကိုင်နိုင်မလားဆိုတာကတော့ မင်းပေါ်ပဲ မူတည်တယ်"

"ကျိန်ဆိုရမယ်ဆိုတော့လည်း ကျိန်ရုံပေါ့၊ ဘယ်သူက ကြောက်နေလို့လဲ"

ပေါ့ပေါ့ဆဆစရိုက်ရှိသော ချန်းဟွမ်က မဆိုင်းမတွပင် ကျိန်ဆိုလိုက်သည်။

"ကျွန်ုပ်ချန်းဟွမ်သည် ကျွန်ုပ်၏ နှလုံးသားမာန်နတ်ကို သက်သေတည်၍ ကျိန်ဆိုပါသည်။ ဝူကွေမြို့ကာကွယ်သူသည် ကျွန်ုပ်အား မူလအနှစ်သာရကို အောင်မြင်စွာ သင်ကြားပေးပြီး အဓိပတိဖြစ်အောင် ကူညီပေးပါက၊ ကျွန်ုပ်သည် သူ့အားနှစ်တစ်ရာတိတိ အလုပ်အကျွေး ပြုပါမည်။ အကယ်၍ ကျွန်ုပ်သည် ဤကတိကို ဖောက်ဖျက်ပါက၊ ကျွန်ုပ်၏ နှလုံးသားနတ်ဆိုးသည် ကျွန်ုပ်အား လောင်မြိုက်စေပြီး ကျွန်ုပ်၏ ခန္ဓာကိုယ်သည် နတ်ဆိုးတစ်ကောင်၏ လက်ချက်ဖြင့် ပျက်စီးပါစေသတည်း"

လျူဖုန်းနယ်မြေတွင် မိမိ၏နှလုံးသားနတ်ဆိုးကိုသက်သေတည်၍ ကျိန်ဆိုခြင်းသည် အခမ်းနားဆုံးကျိန်ဆိုမှု ဖြစ်သည်။

ထိုကျိန်ဆိုမှုကို ဖောက်ဖျက်ပါက နှလုံးသားနတ်ဆိုးကချက်ချင်းပေါက်ကွဲထွက်ပြီး၊ စောစီးစွာ သေဆုံးရမည်ဟုယုံကြည်ကြ၏။

"အစ်ကိုကြီး၊ ကျွန်တော် ကျိန်ဆိုပြီးပြီ။ အခု ကျွန်တော့်ကို အဓိပတိ ဖြစ်လာအောင် လမ်းညွှန်ပေးလိုက်တော့"

ချန်းဟွမ်က ပေါ့ပေါ့ပါးပါးပခုံးတွန့်ရင်း တောင်းဆိုလိုက်သည်။

သူကထိုကိစ္စကို မယုံကြည်ပါ။သူ၏သဘာဝအတိုင်း အပျင်းပြေသဘောဆောင်ရွက်လိုက်ခြင်းသာဖြစ်သည်။

ထိုအခိုက် ကျိယွမ်၏ အဝတ်အစားများသည် သွေးနီရောင်သို့ ပြောင်းလဲသွားပြီး၊ ဝတ်ရုံတစ်ထည်ကလည်း သူ့အားလွှမ်းခြုံလာသည်။

နက်နဲသောအရှိန်အဝါသည် သူ့အား ဝန်းရံသွားပြီး ချန်းဟွမ်၏ဘေးတွင်ရပ်နေသော်လည်း သူသည် ခမ်းနားသော နတ်ဘုံနန်းဆောင်တစ်ခုတွင် ရောက်ရှိနေသကဲ့သို့ ခံစားရသည်။

ထိုမြင်ကွင်းကြောင့် အံ့အားသင့်ပြီးစိတ်လှုပ်ရှားသွားသော ချန်းဟွမ်သည် ရှေးဟောင်းနတ်ဘုရားများ တိုးတိုးလေးပြောဆိုနေသကဲ့သို့သော အသံတစ်ခုကို ကြားလိုက်ရသည်။

"လူသားနတ်ဆိုးချီစွမ်းအင်၏ မူလအနှစ်သာရသည် အပြစ်ခုနစ်ပါးဖြစ်သော လောဘ၊ မာန......

........"

"ခဏတာ တိုက်ခတ်သော လေများသည် နံနက်ခင်းတစ်ခုထိ မတည်မြဲ၊ ရုတ်တရက် ရွာသောမိုးသည်လည်း တစ်နေ့တာလုံး မတည်မြဲနိုင်၊ လူ့နှလုံးသားသည်ကား ထာဝရမဆုံးနိုင်သော....

........."

"အကြင်သူသည် တစ်စုံတစ်ရာကို တက်မက်အံ့၊ ဦးစွာပေးဆပ်ရခြင်းသည်သာ ဓမ္မတာဖြစ်သည်..."

"အကြင်သူသည်..တစ်စုံတစ်ရာကို ပေးဆပ်မူအံ့.....၊ထိုသူကား...."

သူနားမလည်နိုင်သော အသံသည် ချန်းဟွမ်၏ နားထဲသို့စိမ့်ဝင်သွားပြီး၊ သူ့၏ စိတ်ဝိညာဉ်ကို ပြည့်လျှံစေသည်။

သူသည် မိုးကုတ်စက်ဝိုင်းပေါ်၌ ရှိနေသကဲ့သို့၊ မြေကြီးနက်နက်ထဲ၌ ရောက်ရှိနေသကဲ့သို့ ခံစားနေရသည်။

ကျယ်ပြောလှသော ကောင်းကင်ယံတွင်၊ တိုးတိုးလေးပြောဆိုသံများသည် သူ့အပေါ်သို့ ပျားရည်များကဲ့သို့ ကျဆင်းလာသည်။

သူ၏ ခြောက်သွေ့နေသော ခန္ဓာကိုယ်သည် စိုစွတ်လာပြီး၊ ပထမဆုံးအကြိမ်အဖြစ် သူ၏ ရေငတ်နေသော စိတ်ဝိညာဉ်သည် ပြည့်ဝလာသည်။

အချိန်မည်မျှ ကြာသွားမှန်းမသိပြီးနောက်၊ သူသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ၊ ထိတ်လန့်ဖွယ်ရာ အလင်းရောင်တစ်ခုသည် သူ့ဆီမှ ထွက်ပေါ်လာသည်။

"ငါ... နားလည်သွားပြီ"

ချန်းဟွမ်သည် ယခုအခါ သွေးနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ချီယွမ်ကို ကြည့်လိုက်ပြီး၊ မဖော်ပြနိုင်သော ရောထွေးနေသည့် ခံစားချက်များကို ခံစားရသည်။

သို့မဟုတ်၊ သူ စိတ်ကူးပင်မယဉ်နိုင်ခဲ့သည့်အရာကို တွေ့နေရသည်ဟုပင် ဆိုရမည်။

ဝူကွေမြို့ငယ်လေး၏ကာကွယ်သူတစ်ဦးသည် မူလအနှစ်သာရကို မည်သို့ နားလည်နိုင်လိမ့်မည်နည်း။

ချန်းဟွမ် ရှုပ်ထွေးနေသည်။

သူ နားလည်တယ်ဆိုရင်တောင် ဘယ်လိုလုပ်ပြီး သင်ကြားပေးနိုင်မှာလဲ၊ ပြီးတော့ တခြားသူတွေကရော ဘယ်လိုလုပ်ပြီး သူသင်ပေးရုံနဲ့ နားလည်နိုင်မှာလဲ။

အထူးသဖြင့် သင်ကြားပေးခြင်းမှတဆင့် မူလအနှစ်သာရကိုနားလည်ခြင်းသည် လုံးဝမဖြစ်နိုင်ပေ။

သမိုင်းအဆက်ဆက် ယခင်ကလည်းမရှိခဲ့သလို နောက်တွင်လည်းဖြစ်လာမည့်ကိစ္စမဟုတ်ပါ။

လျူဖုန်းနယ်မြေ၏ အင်အားအကြီးဆုံးနှစ်ဦးဖြစ်သော အဖြူရောင်အင်ပါယာနှင့် အကြွင်းမဲ့သခင်ကဲ့သို့သော ပုဂ္ဂိုလ်များပင်လျှင် မူလအနှစ်သာရကို အခြားသူများ နားလည်သဘောပေါက်အောင် သင်ကြားပေးနိုင်စွမ်း မရှိခဲ့ပေ။

ဝူကွေမြို့၏ကာကွယ်သူမှာ ရှေးဟောင်းခေတ်များမှာ ထင်ရှားသောစွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦး၏ ပြန်လည်ဝင်စားခြင်း ဖြစ်နေမလား။

သို့သော် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့လျှင်တောင် မူလအနှစ်သာကို သင်ကြားပေးနိုင်စွမ်း မရှိသင့်ပေ။

ချန်းဟွမ်မှာ တွေဝေစွာဖြင့် ငိုင်ငိုင်ကြီးရပ်နေမိသည်။

"မင်း ဘယ်လို ခံစားရလဲ"

ကျိယွမ်၏အသံသည် ချန်းဟွမ်ကို သူ၏အတွေးများထဲမှ ဆွဲထုတ်လိုက်သည်။

ကျိယွမ်ကို ကြည့်လိုက်သောအခါ၊ သွေးနီရောင်ဝတ်ရုံ ပျောက်ကွယ်သွားပြီး ချန်းဟွမ်အကျွမ်းတဝင်ရှိသော နဂိုပုံပန်းသဏ္ဌာန်သို့ ပြန်လည်ရောက်ရှိနေသည်။

ချန်းဟွမ်၏ ထိတ်လန့်ခြင်းနှင့်လေးစားခြင်း ခံစားချက်များ လျော့နည်းသွားသည်။

ရုတ်တရက် ချန်းဟွမ်သည် သုတ်ကနဲ ဒူးထောက်လိုက်ပြီး "အဖေ ၊ဖခင်ကြီး..ကျွန်တော်ကအဖေ့ရဲ့ ကြာမြင့်စွာ ပျောက်ဆုံးနေတဲ့ သားပါ" ဟု ဆိုလိုက်သည်။

သူသည် ကျိယွမ်၏ ခြေထောက်ကိုပင် ဖက်တွယ်လိုက်၏။

"ထွက်သွားစမ်း"

ကျိယွမ်က ချန်းဟွမ်ကို ကန်ထုတ်လိုက်ပြီး အမိန့်ပေးလိုက်၏။

"ငါ့ရဲ့ မဟာအစီအစဉ်ကြီး ပြီးမြောက်ဖို့ အဓိပတိဖြစ်အောင် အမြန်ဆုံးလုပ်တော့"

စကားဆုံးသည်နှင့်ကျိယွမ်က ပျောက်ကွယ်သွားရာ ချန်းဟွမ်တစ်ယောက်တည်း မြို့ရိုးပေါ်တွင် ကျန်ခဲ့လေသည်။

သူက လွမ်းဆွေးသော ခံစားချက်များပြည့်နေသည့် မျက်နှာဖြင့် ညည်းညူလိုက်သည်။

"ဘယ်လောက်တောင် နှမြောဖို့ ကောင်းလိုက်လဲ... အဖေအဖြစ် အသိအမှတ်ပြုဖို့ အခွင့်အရေးကို လွဲချော်ခဲ့ပြီ"

ချန်းဟွမ်သည် စိတ်ပျက်နေ၏။ ၎င်းသည် သန်းပေါင်းများစွာ တန်သော ထီလက်မှတ်ကို အိမ်သာစက္ကူအဖြစ် အသုံးပြုခဲ့ပြီးမှ ကံထူးရှင်မှန်းသိလိုက်ရသကဲ့သို့ ဖြစ်သည်။

"ဒါပေမယ့်..."

ချန်းဟွမ်၏ စိတ်ဓာတ်များ ပြန်လည်မြင့်တက်လာသည်။

"ငါကမဟာပုဂ္ဂိုလ်ရဲ့ သားမဖြစ်နိုင်ရင်တောင်၊ သူ့ရဲ့ လက်ထောက်ဖြစ်ရတာကလည်း မဆိုးပါဘူး" ဟု တွေးလိုက်သည်။

ချန်းဟွမ်က သူကိုယ်သူဂုဏ်ယူစွာ ပြန်ကြည့်၏။

" အသက် ထောင့်တစ်ရာပဲ ရှိသေးတဲ့ ငါဟာ အဓိပတိဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး၊ ပြီးတော့ သာမန်အဓိပတိတောင် မဟုတ်ဘူး"

ချန်းဟွမ်မှာ အလွန်စိတ်လှုပ်ရှားနေသည်။

ကျိယွမ် သူ့အားသင်ကြားပေးခဲ့သော မူလအနှစ်သာရသည် သာမန်အဓိပတိများ နားလည်ထားသည်နှင့် မတူပေ။

အခြားသူများက မူလအနှစ်သာရအပေါ် မည်သို့ ခံစားရသည်ကို သူ မသိသော်လည်း၊ ၎င်းသည် သူနှင့်ကွဲပြားသည်ကိုတော့ သူအလိုလိုသိနေသည်။

ပုံမှန်မူလအနှစ်ရကို နားလည်သဘောပေါက်ခြင်းသည် အနိမ့်ဆုံးအဆင့်ရှိသော မူလစွမ်းအားကိုသာ မွေးဖွားပေးနိုင်သည်။

သို့သော် ချန်းဟွမ်သည် ရွေးချယ်ရန် လမ်းကြောင်းများစွာ ရှိပြီး၊ တစ်ခုချင်းစီသည် ခမ်းနားသော လမ်းမကြီးများ ဖြစ်သည်ဟု ခံစားရ၏။

သူသည် အဆင့်နိမ့်အဓိပတိ မဟုတ်ဘဲ၊ ကြီးမားသော အလားအလာရှိသူ ဖြစ်သည်ဟု တွေးမိသည်။

"ငါလိုလူ ဇမ္ဗူမှာ ရှိသေးရဲ့လား"

.....................

အဆုံးမဲ့ သွေးပင်လယ်တွင်ဖြစ်သည်။

သွေးပင်လယ်သည် ၄င်း၏ထုံးစံအတိုင်း အဆက်မပြတ်ကြမ်းတမ်းခက်ထန်နေ၏။

ထိုအခိုက်ပင်လယ်ပြင်မှ တီးတိုးရေရွတ်သံတစ်ခုပဲ့တင်လာသည်။

"ရင်းနှီးတဲ့ခံစားချက်၊ တစ်ခါက ရဖူးခဲ့တဲ့ ခံစားချက်မျိုး"

ပင်လယ်အတွင်းမှ သွေးစွမ်းအင်များက တရကြမ်းတိုးပွားလာပြီး အမျိုးမျိုးသော နတ်ဆိုးများသည် သွေးပင်လယ်ထဲ၌ ရုန်းကန်နေကြသည်။

ထိုအသံသည် ဆက်လက်၍ ထွက်ပေါ်နေသည်။

"မိကျောင်းလေး၊ဒီဓားကို တစ်သိန်းရှစ်ထောင်သောမြို့တွေဆီကို ယူသွားလိုက်၊အကယ်၍ မင်းတစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုနဲ့တွေ့ဆုံပြီး ဓားကအနီရောင် တောက်ပလာခဲ့ရင် အဲဒီလူကို ဒီနေရာကို ခေါ်လာခဲ့ပါ။သူ့ကို... ငါ့ထက်တောင်ပိုပြီး​ကောင်းကောင်းဆက်ဆံရမယ်ဆိုတာ မမေ့နဲ့"

ထိုနောက် အသံသည် အဆုံးမဲ့သွေးပင်လယ်တစ်လျှောက်ပဲ့တင်ပြီးနောက် တိုးတိတ်ပျောက်ကွယ်သွားသည်။

ဧရာမ မိကျောင်းကြီးတစ်ကောင်သည်လည်း ဓားတစ်ချောင်းကိုသယ်ဆောင်လျှက် သွေးပင်လယ်ထဲမှပျံသန်းထွက်ခွာသွားပြီး ပျောက်ကွယ်သွားလေသည်။

သွေးပင်လယ်ကို စောင့်ရှောက်နေသော အဓိပတိများအားလုံးသည်လည်း အကြွင်းမဲ့သခင်၏အသံကို ကြားလိုက်ကြသည်။

သူတို့၏ မျက်လုံးများသည် ရှုပ်ထွေးမှုနှင့် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

အထူးသဖြင့် "သူ့ကို... ငါ့ထက် ပိုကောင်းအောင် ဆက်ဆံလိုက်ပါ" ဟူသော စကားများကြောင့် ဖြစ်သည်။

တစ်သိန်းရှစ်ထောင်မြို့များတွင် မည်သူများ ပေါ်လာခဲ့ပါသနည်း။

အကြွင့်မဲ့သခင်၏ လေသံအရ၊ ထိုပုဂ္ဂိုလ်သည်... အတော်လေး ထူးခြားပုံရသည်။

ထိုအချိန်နှင့် တပြိုင်နက်တည်းမှာလိုလိုပင် အဖြူရောင်ဧကရာဇ်နန်းတော်တွင် အလင်းတန်းတစ်ခု လင်းလက်သွားသည်။

နှစ်ပေါင်းတစ်ထောင်ကြာအောင် မဖွင့်ဘဲ ပိတ်ထားခဲ့သော အတွင်းစည်းခန်းမသည် ပွင့်လာပြီး ကြိုးကြာဖြူတစ်ကောင်ပျံထွက်လာပြီး တစ်သိန်းရှစ်ထောင်မြို့များဆီသို့ ဦးတည်သွားလေသည်။

ကြိုးကြာဖြူကို မြင်တွေ့ကြရသော အဓိပတိများအားလုံး အံ့အားသင့်သွားကြသည်။

အဖြူရောင်ဧကရာဇ်၏ ကြိုးကြာဖြူသည် အဘယ့်ကြောင့် ထွက်ပေါ်လာရသနည်း။

ထိုအရာထွက်ပေါ်မလာသည်မျာ နှစ်ပေါင်းထောင်ချီခဲ့ပြီ မဟုတ်ပါလား။

မြောက်နှင့်တောင်သဘောတူညီချက်ကို ဆုံးဖြတ်ချက်ချသည့် အရေးကြီးအချိန်မျိုးမှာပင် ၎င်းသည် ထွက်ပေါ်မလာခဲ့ပါ။

အဖြူရောင်ဧကရာဇ်နန်းတော်မှ သတင်းများသည် လျူဖုန်းနယ်မြေ၏ ထောင့်တိုင်းနေရာတိုင်းသို့ ပျံ့နှံ့သွားသည်။

အဓိပတိအများအပြား၏ အာရုံများသည် တစ်သိန်းရှစ်ထောင်သောမြို့များဆီသို့ စုပြုံကျရောက်လာတော့သည်။

လျူဖုန်းနယ်မြေကြီးကတော့ တိုက်ပွဲများနှင့် ပရမ်းပတာ ဖြစ်နေခဲ့သည်။

..............

"အစ်ကိုကြီး၊ ကျွန်တော် အဓိပတိဖြစ်သွားပြီ"

ချန်းဟွမ်သည် ကျိယွမ်၏နောက်မှ လိုက်လာရင်း ဆိုလိုက်သည်။ သူ၏ လေသံသည် ယခင်အတိုင်း ဖြစ်သော်လည်း ပို၍လေးစား​သော အရိပ်အငွေ့များ ပါဝင်နေသည်။

ပထမတွင် ကျိယွမ်ကိုမည်သို့ ရင်ဆိုင်စကားပြောရမည်ကို သူတွေးရခက်နေခဲ့သည်။

ထိုသူက ဒဏ္ဍာရီမှာပင်မကြားဖူးသော မြင့်မြတ်သောပုဂ္ဂိုလ်ထူးဖြစ်နေသောကြောင့်ပင်။

ထိုပုဂ္ဂိုလ်မျိုးကို သူမည်သို့ဆက်ဆံသင့်သနည်း။

ချန်းဟွမ်မှာ ဆုံးဖြတ်ရခက်လှသည်။

သို့သော် သူသည် အချိန်အကြာကြီး စဉ်းစားပြီးနောက်မှာတော့ ပုံမှန်အတိုင်း ပြုမူရန် ဆုံးဖြတ်ခဲ့သည်။

သွေးသောက်ညီအစ်ကိုဖွဲ့ရန်အကြောင်းကိုတော့ သူထပ်ပြောတော့မည် မဟုတ်ပါ။

နောက်အခါမှ မွေးစားအဖေအဖြစ် အသိအမှတ်ပြုရန် ကြိုးစားနိုင်သေးသည်ဟု တွေးလိုက်သည်။

"မင်း အဓိပတိဖြစ်သွားတာ တော်တော်လေးကောင်းတယ်"

ကျိယွမ်သည်လည်းဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည်။

"ခုနစ်ရက်အတွင်းမှာ အဓိပတိ ဖြစ်လာတယ်ဆိုတော့ ငါ့ရဲ့မဟာအစီအစဉ်ကို အပြည့်အဝ အကောင်အထည် ဖော်နိုင်တော့မှာပဲ"

ယခုအချိန်မှာတော့ ချန်းဟွမ်၏မျက်နှာက မဲ့မသွားတော့ပါ။

"အစ်ကိုကြီးရဲ့ အစီအစဉ်က အပြစ်အနာအဆာကင်းတယ်။ ဒါမျိုး တစ်ခါမှမရှိဖူးဘူး"

ချန်းဟွမ်က ချီးကျူးလိုက်သည်။

"ဒါဆိုရင်လည်း အဓိပတိတွေကို လိုက်ဖမ်းကြတာပေါ့"

ကျိယွမ်က စိတ်အားထက်သန်စွာ ဆိုလိုက်သည်။

သူသည် အဓိပတိများကို မသတ်နိုင်ပါ။

သို့သော် ၄င်းတို့ကို ပြင်းထန်စွာတိုက်ခိုက်ပြီးဒဏ်ရာရစေရန်အတွက် ချမ်းဟွမ်ကိုတော့ကူညီပေးနိုင်သည်။၊ ထို့နောက် ​ဒဏ်ရာပြင်းထန်သော အဓိပတိများကို သူကိုယ်တိုင် သတ်ပစ်နိုင်၏။

ထိုနည်းလမ်းဖြင့် သူသည် အတွေ့အကြုံရမှတ်များ များစွာရရှိနိုင်ပေမည်။

လက်ရှိအခြေအနေအရ ကျိယွမ်သည် အဆင့်မြှင့်တင်ရန် လိုအပ်နေသည်။

သာမန်နတ်ဆိုးများက အတွေ့အကြုံရမှတ်များရနိုင်သော်လည်း အလွန်နည်းပါး၏။

သူသည် အတွေ့အကြုံရမှတ်များ ပိုမိုရရှိရန်နှင့် အဆင့်၁၂၀ သို့ ရောက်ရှိရန် အဓိပတိများကို သတ်ရန် လိုအပ်လာသည်။

မဟာအဓိပတိဖြစ်သော ခရမ်းရောင်တာအိုဆိုသူပေါ်လာပြီးနောက်၊ ကျိယွမ်သည် စိတ်မအေးမချမ်း ဖြစ်နေရသည်။

သူသည် အဆင့် ၁၂၀ သို့ လျင်မြန်စွာ ရောက်ရှိရန်မှာ ပို၍အရေးကြီးလာခဲ့လေသည်။

"အဓိပတိတွေကို လိုက်ဖမ်းရမှာလား"

ချန်းဟွမ်၏ ပျော်နေသောစိတ်လေးပင် အနည်းငယ်ယိမ်းယိုင်သွားရသည်။မနေ့တနေ့ကမှ အဓိပတိဖြစ်တယ် ဒီနေ့အဓိပတ်တွေကို ဖမ်းရတော့မှာတဲ့လား။

"အစ်ကိုကြီး၊ကျွန်တော်တို့ တကယ်ပဲ လုပ်နိုင်ပါ့မလား"

"မင်း ပါနေတာပဲ၊ ဘာကြောက်စရာ ရှိလို့လဲ"

ကျိယွမ်က ယုံကြည်မှုရှိစွာ ဆိုသည်။

"ကျွန်တော် ကြားချင်တာက ဒါ မဟုတ်ဘူး"

ချန်းဟွမ်က သူ့ကိုယ်သူ သံသယဝင်နေခြင်းဖြစ်သည်။ အပြင်မှအဓိပတိများက ထိုအဆင့်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီးဖြစ်ကာ သူ၏အဓိပတိသက်တမ်းက ၇ ရက်ပင်မပြည့်သေးပါ။

အခုမှ အဓိပတိလေးဖြစ်လို့ ပျော်မလို့ရှိသေးတာ ၊ ချက်ချင်းသေရတော့မှာလား။

"ပြီးတော့ ငါက မင်းကိုကူညီပေးဦးမှာ။ စကြဝဠာထဲမှာ အကောင်းဆုံးလက်ထောက်တစ်ယောက်ရှိခြင်းရဲ့ တန်ဖိုးကို လျှော့မတွက်လိုက်နဲ့"

ထိုစကားကို ကြားလိုက်သောအခါ ချန်းဟွမ် အနည်းငယ် စိတ်သက်သာရာရသွားသည်။

ဒဏ္ဍာရီလာမြင့်မြတ်သူတစ်ဦးက အဓိကနေရာမှတိုက်ခိုက်မည်ဆိုလျှင် သူသည် လက်ထောက်လုပ်ရုံသာ မဟုတ်ပါလား။

"အစ်ကိုကြီး၊ ကျွန်တော်တို့ အဓိပတိတွေကို ဘယ်လို ရှာရမလဲ"

ချန်းဟွမ်က မေးသည်။အဓိပတိများမှာ လမ်းဘေးခွေးများလို အလွယ်တကူတွေ့နိုင်သူများ မဟုတ်ပါ။

"ငါ့နောက် လိုက်ခဲ့၊ မင်း မှားစရာ မရှိဘူး"

ကျိယွမ်သည် မကြာခဏဆိုသလို နတ်ဆိုးများကို လိုက်လံသတ်ဖြတ်လေ့ရှိပြီး၊ တစ်ခါတစ်ရံတွင် တိုက်ဆိုင်မှုများလည်း ရှိတတ်ရာ အဓိပတိများမကြာခဏ ပေါ်လာတတ်သည့် နေရာများကို သိထားသည်။

သူသည် မြို့ပေါင်းတစ်ထောင်တိုက်ပွဲနယ်မြေမှ အဓိပတိများအကြောင်းကို အနည်းငယ် နားလည်သည်။

"သွားကြစို့"

"ဟုတ်ကဲ့"

ချန်းဟွမ်က ကျိယွမ်၏နောက်မှ လျင်မြန်စွာ လိုက်ပါလာရင်း သူ၏နှလုံးသည် တဒိန်းဒိန်း ခုန်နေသည်။

အဓိပတိတွေကို ဖမ်းရမယ်။

အဓိပတိတွေကို လိုက်ဖမ်းရမယ်တဲ့လား။

ဘယ်လိုအပြစ်တွေကို ငါကျူးလွန်မိလို့ ကောင်းကင်ဘုံကငါ့ကို အခုလိုဒဏ်ခတ်ရတာလဲလို့။

............

လျူချွမ်းနတ်ဆိုးဂူတွင်ဖြစ်သည်။

နတ်ဆိုးထိန်းချုပ်သူများနှင့် နတ်ဆိုးသတ်သမားများအားလုံးသည် ဤနေရာသို့ လာရောက်ရန် မုန်းတီးကြသည်။

တစ်သိန်းရှစ်ထောင်သောမြို့သိမ်းတိုက်ပွဲများတွင် ပါဝင်နေသောနတ်ဆိုးများသည် ဤနေရာမှ ထွက်ပေါ်လာခြင်းဖြစ်၏။

ယခုအချိန်မှာတော့ ဒေါသကြီးနေသောအမျိုးသမီးတစ်ဦးသည် ဂူထဲသို့ ရောက်လာသည်။

အောက်ဘက်တွင် တိုင်းပြည်အစောင့်ဒါဇင်များစွာနှင့် မြေကမ္ဘာဒဏ္ဍာရီအဆင့်များအားလုံးသည် ကြောက်ရွံ့လွန်း၍ တုန်ယင်နေကြ၏။

"အဓိပတိ ယုပိုင်၊ လျူချွမ်းနတ်ဆိုးဂူကိစ္စက ကျွန်တော်တို့ရဲ့ ပေါ့ဆမှုကြောင့်ဖြစ်ပါတယ်"

မြေကမ္ဘာဒဏ္ဍာရီအဆင့်တစ်ဦးက အားတင်းကာ ခက်ခက်ခဲခဲ စကားဆိုသည်။

"ဟွန့်၊ မြို့တစ်ထောင်မှာ နတ်ဆိုးဂူ ကိုးဆယ့်ကိုးခုပဲ ရှိတယ်။ဒီဂူကို ဖောက်ဖျက်ခံလိုက်ရတော့ နောက်ဆယ်နှစ်ကြာတဲ့အထိ နတ်ဆိုးတွေ ပေါ်မလာတော့ဘူး။ စစ်ပွဲသာ နီးကပ်မလာရင် ငါ သတိထားမိမှာတောင် မဟုတ်ဘူး။ နင်တို့က ဘယ်လောက်ကြာကြာ ဖုံးကွယ်ထားဖို့ စဉ်းစားခဲ့ကြတာလဲ"

အဓိပတိယုပိုင်မှာ ပြောရင်း ပို၍ဒေါသထွက်လာ၏ ။

နတ်ဆိုးထိန်းချုပ်သူများ၏ နတ်ဆိုးများကို ထိန်းချုပ်နိုင်စွမ်းသည် နတ်ဆိုးဂူများနှင့် ဆက်စပ်နေသည်။

ယခုအခါ ဂူသည် ဆိုးရွားစွာပျက်စီးနေပြီး နတ်ဆိုးများ ဆက်လက်ပေါ်လာနိုင်ရန်အတွက်ဆိုလျှင် အဓိပတိတစ်ဦး၏ မူလစွမ်းအားဖြင့် ဖြည့်တင်းပေးရန် လိုအပ်နေလေသည်။

"ကျွန်တော်တို့ အစီရင်ခံခဲ့ပါတယ်၊ ဒါပေမယ့် အထက်က အရေးမထားခဲ့တဲ့အတွက်..."

မြေကမ္ဘာဒဏ္ဍာရီအဆင့်ကျင့်ကြံသူတစ်ဦးသည် ရှင်းပြရန်ကြိုးစားရင်းမှ ပြောရခက်ဟန် တုံ့ဆိုင်းသွားသည်။

"နင်က ငါ့အပြစ်လို့ ပြောချင်တာလား"

ယုပိုင်၏ ဒေါသကြောင့် လေထုတစ်ခုလုံးတွင် လူသားနတ်ဆိုးချီက ပြည့်နှက်သွားသည်။

အစွမ်းထက်သော မြေကမ္ဘာဒဏ္ဍာရီအဆင့်ကျင့်ကြံသူသည် အသက်ရှူမရနိုင်ဖြစ်ကာ ခန္ဓာကိုယ်တစ်ခုလုံး လေဖြတ်နေသကဲ့သို့ ဖြစ်သွားသည်။

"အထက်လူကြီးတွေကို လှည့်စားပြီး၊ အောက်လူတွေကို လှည့်စားတာ၊ နင်သေထိုက်တယ်"

ယုပိုင်က သူမ၏ လက်ကို ဖမ်းဆုပ်သလိုပြုလိုက်ရာ အဝေးတွင်ရှိနေသော မြေကမ္ဘာအဆင့်ကျင့်ကြံသည် သွေးမှုန်အဖြစ် ကြေမွသွားသည်။

သူ့ကို သတ်ပြီးနောက် ယုပိုင်သည် ပြန်လည် တည်ငြိမ်သွားပုံရသည်။

သူမက ကျန်သောလူများကို ကြည့်လိုက်ပြီး လိုရင်းကို မေးလိုက်သည်။

"လျူချွမ်းနတ်ဆိုးဂူကို ဘယ်သူ ဖောက်ဖျက်ခဲ့တာလဲ။ ရှင်းပြချက် လိုချင်တယ်"

"အဓိပတိကို အစီရင်ခံပါတယ်။ ဒီနေရာက ယုကျိုးနဲ့ အနီးဆုံး ဖြစ်တာကြောင့် ဝူကွေမြို့ကာကွယ်သူ ဖြစ်ဖို့များပါတယ်။"

"သူက မြေကမ္ဘာဒဏ္ဍာရီအဆင့်ဖြစ်ပြီး တော်တော်အစွမ်းထက်ပါတယ်၊မကြာခဏဆိုသလို ဒီဘက်ကိုလာပြီး နတ်ဆိုးတွေကို တိုက်ခိုက်လေ့ရှိပါတယ်"

အခြားမြေကမ္ဘာအဆင့်တစ်ဦးက အဖြစ်နိုင်ဆုံးကို တင်ပြသည်။

နောက်ထပ်မြေကမ္ဘာအဆင့်တစ်ဦးက ဖြည့်စွတ်၏။

"မဟာအဓိပတိ ရောက်ရှိလာတဲ့အတွက် မြို့တစ်ထောင်လုံးက လူသားတွေအားလုံးဟာ မဟာဝမ်းနည်းခြင်းမြို့တော်ကို ဆုတ်ခွာသွားကြပါပြီ၊အခုဆို ယူကျိုးမှာ ဘယ်သူမှမကျန်တော့ပါဘူး၊ဒါပေမဲ့ ဝူကွေမြို့မှာတော့ အဲဒီမိုက်မဲတဲ့ကာကွယ်သူက တစ်ယောက်တည်း ကျန်နေခဲ့တာပါ"

ထိုစကားကို ကြားလိုက်သောအခါ အဓိပတိယုပိုင်၏ မျက်နှာတွင် လှောင်ပြောင်လိုခြင်းနှင့်အတူ မထီမဲ့မြင်အမူအယာများပေါ်လာသည်။

"မြေကမ္ဘာဒဏ္ဍာရီအဆင့် တစ်ယောက်က ဒီလောက် မာနကြီးနေတာလား။နင် လူတချို့ကို ခေါ်သွားပြီး ဝူကွေမြို့ကို ဖျက်ဆီးလိုက်"

သူမသည် ထို့သို့သော သာမန်ကိစ္စလေးတစ်ခုကြောင့် အာရုံနောက်မခံချင်ပါ။ထို့ကြောင့် အနှောက်အယှက်ပေးနေသူကို မြန်မြန်ရှင်းခိုင်းလိုက်သည်။

အောက်တွင်ရှိနေသောမြေကမ္ဘာဒဏ္ဍာရီအဆင့်ကျင့်ကြံသူများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ပြန်လည် မတုံ့ပြန်ဝံ့ကြပေ။

"ဘာလဲ၊ သာမန် ဒဏ္ဍာရီအဆင့်လေးတစ်ယောက်ကိုတောင် နင်တို့ မကိုင်တွယ်နိုင်ကြဘူးလား"

"အဓိပတိခင်ဗျာ ၊ အဲဒီ မြေကမ္ဘာဒဏ္ဍာရီအဆင့်ကသာမန် မဟုတ်ပါဘူး။

ကျွန်တော်တို့ဘက်က အဆင့်တူသုံးယောက်က သူ့ကို ဝိုင်းထားဖူးပါတယ်၊ သူက ဓားတစ်ချက်တည်းနဲ့ အားလုံးကို သတ်ပစ်ခဲ့တာပါ"

"ဝူကွေမြို့ကာကွယ်သူက အဖြူရောင်ဧကရာဇ်ရဲ့တပည့်လို့ ကောလာဟလတွေ လည်း ထွက်နေပါတယ်"

ယူကျိုးတွင်ရှိသော ဒဏ္ဍာရီအဆင့်နတ်ဆိုးထိန်းချုပ်သူများသည် နှစ်များစွာအတွင်း အလွန်မသက်မသာခံစားနေကြရသည်။

ယူကျိုးသည် သူတို့အတွက် သေမင်းတမန်နယ်မြေ ဖြစ်လာခဲ့သလိုပင်။

ထိုသေမင်းတမန်ကြယ်ပွင့်၏ လက်ထဲတွင် သေဆုံးရမည်ကို ကြောက်ရွံ့သောကြောင့် အားလုံးသည် အပြင်ဘက်သို့ပင် ပေါ်မလာဝံ့ကြချေ။

"ဟွန့်၊ မြေကမ္ဘာဒဏ္ဍာရီအဆင့် တစ်ယောက်က နင်တို့ကို ဒီလောက်တောင်ကြောက်အောင် လုပ်နိုင်တယ်ပေါ့၊ ရယ်စရာပဲ"

အဓိပတိယုပိုင်က မကျေမနပ် ဖြစ်နေသည်။

"သူ့မှာ ခြေခြောက်ချောင်းနဲ့ လက်ခုနစ်ဖက်များ ရှိနေလို့လား"

ငယ်သားအားလုံးသည် ခေါင်းကို ငုံ့ထားကြပြီး၊ ပြန်လည် မတုံ့ပြန်ဝံ့ကြပေ။

ထိုအခိုက် ထင်မှတ်မထားသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ဘာကိုခြေခြောက်ချောင်းလဲ၊ နင် ငါ့ကို ဘယ်လိုများ စွပ်စွဲရဲတာလဲ။ နင်တို့အကုန်လုံး သေသင့်တယ်"

အသံသည် သူချည်းသပ်သပ်လာခြင်းမဟုတ်ဘဲ တောက်ပသောဓားရောင်တစ်ခုကပါ ကပ်ပါလာ၏။

အလစ်ချောင်းကာ တိုက်ခိုက်ခြင်းပင်ဖြစ်သည်။

ထိုနေရာမှကျင့်ကြံသူများအားလုံးသည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်ကို ခံစားလိုက်ရပြီး သူတို့၏ ဦးရေပြားများ စူးနင့်လာကာ သွေးများ အေးခဲသွားသည်။

ထိုဓားသာ သူတို့အပေါ်သို့ကျရောက်ပါက ဧကန်မုချ အပိုင်းပိုင်းပြတ်၍ သေဆုံးမည်မှာ သေချာလှသည်။

ဝုန်း။

ဝုန်း ဝုန်း ။

ဓားအလင်းရောင်နှင့်အတူ ဂူမျက်နှာကျက်မှ ကျောက်တုံးများ တဝုန်းဝုန်းပြိုကျလာသည်။

အဓိပတိယုပိုင်၏ မျက်လုံးများက ဒေါသအပြင်မာနများဖြင့် တောက်ပသွားသည်။

"သာမန် မြေကမ္ဘာဒဏ္ဍာရီအဆင့်လေးက ငါ့ကို ဓားနဲ့ ချောင်းပြီးတိုက်ခိုက်ရဲတယ်ပေါ့"

"တိုက်တော့ဘာဖြစ်လဲ"

ထိုအချိန်မှာပင် ကျိယွမ်၏ဓားက သူမဆီသို့ကျရောက်လာသည်။

ကျိပိုင်သည် ငြိမ်သက်စွာ ရပ်နေပြီး မခုခံဘဲ ဓားကို သူမ၏ရင်ဘတ်ကို ထိမှန်စေသည်။

ဒန်..

ဓားက သူမအပေါ်သို့ ကျသည်နှင့် မူလစွမ်းအင်ဒိုင်းကာတစ်ခု ဖြစ်ပေါ်လာသည်။

မြေကမ္ဘာဒဏ္ဍာရီအဆင့်များကို တို့ဟူးလှီးသလို အလွယ်တကူ သတ်နိုင်သော အစွမ်းထက်ဓားချက်သည် အမာကျောဆုံး သံမဏိကို ထိမှန်သကဲ့သို့ ပြန်ကန်ထွက်သွားတော့သည်။

မှော်စွမ်အားအားဖြည့်ထားသော ကျိယွမ်၏ဓားသည် သူမ၏ အဝတ်အစားတွင် အပေါက်တစ်ခုသာ ဖြစ်စေခဲ့သည်။

ထိုအပေါက်မှတဆင့် နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေကိုပင် မြင်နိုင်၏။

ဓားခုတ်ချက်သည် သူမ၏နူးညံ့သော ဖြူဖွေးသောအသားအရေတွင် အနီရောင်အစင်းကြောင်းလေးပင် မပြုလုပ်နိုင်ခဲ့ပါ

။

အဓိပတိယုပိုင် တုန်လှုပ်သွားသည်။ ထိုဓားချက်က သူမ၏အဝတ်အစားကို ဖောက်ထွင်းသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဓားသည် သူမကို မထိခိုက်စေသော်လည်း၊ သူမ၏ အဝတ်အစားကို ဖောက်ထွင်းသွားခြင်းကပင် အံ့သြစရာကောင်းနေသည်။

သူမသည် တုန်လှုပ်သွားလေ၏။

သို့သော် ကျိယွမ်က ပို၍ပင်တုန်လှုပ်သွား၏။

"နင်.. အရမ်းမာကျောလွန်းနေတာပဲ၊

နင်သာ အိမ်ထောင်ကျရင် နင့်ရဲ့ယောက်ျားက အဓိပတိမဟုတ်လို့ကတော့ နင့်ရဲ့အတားအဆီးကို ဖြတ်ကျော်ဖို့ ခက်ခဲနေမှာ မဟုတ်ဘူးလား"

ယုပိုင်၏ ဖြူဖွေးသောမျက်နှာက ဒေါသကြောင့် နီရဲသွားသည်။

"နင်က ငါ့ကို စော်ကားရဲတာလား၊ ကောင်လေး.. နင်က သေခြင်းကို တောင်းခံနေတာပဲ"

ဒဏ္ဍာရီအဆင့်လေးတစ်ယောက်က အဓိပတိတစ်ပါးကို စိန်ခေါ်နေ၏ ။

ထိုသတင်းသာ ထွက်ပေါ်သွားပါက မြောက်ဘက်တွင် သူမကို အများတကာကရယ်မောနေကြလိမ့်မည်။

ရန်သူများဆိုလျှင် သူမကိုလူသိရှင်ကြား ပင် လှောင်ပြောင်ကြပေမည်။

"အဓိပတိတစ်ပါးက ဘာလဲဆိုတာ နင့်ကိုပြပေးလိုက်မယ်"

အဓိပတိယုပိုင်သည် မုလစွမ်းအားကိုအသုံးပြုပြီး ကျိယွမ်ကို ပြင်းထန်စွာတိုက်ခိုက်သည်။

ကျိယွမ်က သူ့ဆီသို့အလင်းတန်းတစ်ခုပမာ ပြေးဝင်လာသော အပ်တစ်ချောင်းကို မြင်လိုက်၏။

အပ်သည် အရှိန်ပြင်းထန်ရုံသာမက သတ်ဖြတ်လိုစိတ်များပြည့်ဝနေသည်။၄င်းသာထိမှန်ခံရပါက တောင်တန်းကြီးတစ်ခုပင် အမှုန့်ဖြစ်သွားမည်ဟု သူအလိုလိုခံစားမိနေသည်။

ကျိယွမ်သည် တည်ငြိမ်စွာရပ်နေပြီး သူ၏ မျက်လုံးများသည် ပျံသန်းလာသောအပ်အပေါ် စူးစိုက်ထားသည်။

လျှပ်တပြတ်အတွင် ဓားကျိုးကို ခုတ်တော့မလို မြှောက်ပြီး အော်လေသည်။

"ချန်းဟွမ်၊ မူလစွမ်းအားမှာ အလွှာသုံးလွှာ ရှိတယ်။ သူ့ရဲ့ သာ့ရှင်းအမှတ် နဲ့ရှောင်ကုန်းအမှတ်... ကိုတိုက်ခိုက်"

အနီးတွင်ပုန်းနေသော ချန်းဟွမ်ကလည်း ကျိယွမ်ပြောသော အမှတိများဆီသို့ မူလစွမ်းအားကို ထုတ်လွှတ်ကာ လျပ်တပြတ်တိုက်ခိုက်လိုက်သည်။

အဓိပတိယုပိုင်က လှောင်သလို ပြုံးရယ်လိုက်သည်။

"ငါ နင့်ကို စောင့်နေတာ"

သူမသည် အနီးအနားတွင် အခြားတစ်ယောက် ပုန်းအောင်းနေသည်ကို အာရုံခံမိခဲ့သည်။

အဖော်ပါလာ၍သာ မြေကမ္ဘာဒဏ္ဍာရီတစ်ဦးက သူမကိုတိုက်ခိုက်ရဲခြင်းဖြစ်သည်ကို သူမတပ်အပ်သိလေသည်။

"ဟွန့်..မြေကမ္ဘာဒဏ္ဍာရီတစ်ယောက်ကို သားကောင်အဖြစ်သုံးပြီး အဓိပတိကို ချောင်းတိုက်မယ်တဲ့လား၊ငါ့ကို အထင်သေးလွန်းတယ် ၊သေစမ်း.."

သူမထံမှ အပ်သုံးချောင်း ထွက်ပေါ်လာပြီး၊ ချန်းဟွမ်ဆီသို့ ဝှစ်ခနဲပျံသန်းသွားသည်။

ချန်းဟွမ်၏ မျက်နှာမည်းမှောင်သွားပြီး ပြင်းထန်သော အန္တရာယ်ကို ခံစားလိုက်ရသည်။ သူသည် အဓိပတိအဆင့်သို့ တက်ရောက်လာသည်မှာ မကြာသေးသောကြောင့် မည်သို့ တုံ့ပြန်ရမည်ကို မသိဖြစ်သွားရသည်။

ငါတော့ အစ်ကိုကြီးရဲ့အစီအစဥ်ကို ဖျက်ဆီးမိတော့မယ်၊ဒီပုံဆို အစ်ကိူကြီးလည်း ခံနိုင်မှာမဟုတ်ဘူး။

ထိုအချိန်တွင် ကျိယွမ်၏ အသံသည် သူ့ဆီသို့ ရောက်ရှိလာသည်။

"ကောင်းကင်ယံမှာ ချုပ်နှောင်၊ကြိုးကြာဖြူတစ်ကောင်ကို အတွေးပို့၊့မြင်နေရတိုင်း တကယ်မရှိ၊ မမြင်ရပေမဲ့လည်း ရှိနေတယ်..."

မှောင်မည်းနေသောချန်းဟွမ်၏မျက်နှာသည် ဝမ်းမြောက်မှုကြောင့် လင်းလက်သွားသည်။

"ငါ နားလည်ပြီ"

အဓိပတ်ယုပိုင်၏ ကြောက်မက်ဖွယ်တိုက်ခိုက်မှုသည် ယခုအခါ သူ့အတွက် ချို့ယွင်းချက်များ ပြည့်နှက်နေသည်ဟု မြင်ရသည်။

သူက လျှင်မြန်စွာလှုပ်ရှားသည်။

ချန်းဟွမ်သည် ယုပိုင်၏ မူလစွမ်းအားကို မယုံနိင်စရာရှောင်တိမ်းသွားပြီး၊ သူမ၏ နောက်ကျောတွင် ပေါ်လာသည်။

အသင်္ချေကြယ်တာရာမြစ်။

ကျိယွမ်၏ သင်ကြားမှုများတွင်၊ သူသည် ကြယ်တာရာမြစ်တစ်ခုကို စိတ်ကူးယဉ်ခဲ့သည်။

ကြယ်များကို တစ်ခါမျှ မမြင်ဖူးသော်လည်း သူသည် ကြယ်များကို တောင့်တခဲ့သည်။

ထို့ကြောင့် ၎င်းကို သူ၏မူလစွမ်းအားအဖြစ် ပြောင်းလဲလိုက်သည်။

ချန်းဟွမ်၏ ကြယ်တာရာမြစ်မူလစွမ်းအားသည် ယုပိုင်အား တိုက်ရိုက်ထိမှန်သွားတော့သည်။

"ဘုန်း.."

ယုပိုင်၏မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာ ပေါ်လာသည်။

ကျိယွမ်၏အသံက ထပ်မံ ရောက်ရှိလာသည်။

"အမှတ်သုံးခုကို ဖိနှိပ်ပြီးး၊ နှလုံးသားကို ချုပ်နှောင်"

ချန်းဟွမ်သည် မဆိုင်းမတွပင် ကျိယွမ်၏ ညွှန်ကြားချက်များကို လိုက်နာပြီး ယုပိုင်၏အမှတ်သုံးခုကို တိုက်ခိုက်လိုက်ပြီး မူလစွမ်းအားကို သူမ၏နှလုံးနေရာသို့ ပစ်လွှတ်၏။

ပထမဆုံးအကြိမ်အဖြစ် အဓိပတိယုပိုင်သည် ကြောက်ရွံ့မှုကို ပြသလာခဲ့သည်။

"နင် ..နင်..ဘယ်သူလဲ၊ ဘာလို့... ငါ့ရဲ့ မူလစွမ်းအားကို ဒီလောက်တောင် ကောင်းကောင်း သိနေရတာလဲ"

ထိုသူသည် ရင်းနှီးရုံသာမက၊ သူမ သိသည်ထက်ပင် ပိုမိုသိနေသည်။

"နင့်ကို သတ်မယ့်သူက ငါပဲ"

ကျိယွမ်သည် သူမ၏ ရှေ့တွင် ပေါ်လာ၏။ ဓားကျိုးကို ကိုင်ထားပြီး သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

"နင်.."

ယုပိုင်သည် ကျိယွမ်အားနားမလည်နိုင်စွာကြည့်နေသည်။

သူမ၏ မူလစွမ်းအားသည် မြေကမ္ဘာဒဏ္ဍာရီ အဆင့်တစ်ဦးကို အလွယ်တကူ သတ်နိုင်ခဲ့သင့်သည်။

သူ ဘာလို့ အသက်ရှင်နေသေးတာလဲ။

"သေလိုက်တော့"

ကျိယွမ်သည် သူမ၏သံသယများကို ဓားတစ်ချက်ဖြင့်အဖြေပေးလိုက်သည်။

ဓားကျိုးက သူမ၏ခန္ဓကိုယ်ထဲသို့ ထိုးစိုက်သွား၏။

ချန်းဟွမ်က သူမ၏မူလစွမ်းအား၏ အားနည်းချက်ကိုဖိကာ ပိတ်ဆို့ထားသဖြင့် ခုခံနိုင်စွမ်းမရှိဘဲ သေဆုံးသွားတော့သည်။

"နောက်ဆုံးတော့ ပျော့သွားပြီပေါ့"

ကျိယွမ်သည် ဓားကျိုးကိုပြန်ဆွဲထုတ်ရင်း မေးလိုက်၏။

အတွေ့အကြုံရမှတ်များက ဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ စီးဆင်းလာသည်။

ကျိယွမ် အလွန်ပျော်ရွှင်သွားလေ၏။

သူ၏ အတွေ့အကြုံဘားတန်းသည် ဆက်တိုက်မြင့်တက်လာသည်မဟုတ်ပါလား။

အချိန်တိုအတွင်း ဘားတန်းသည် ၁၁၉ ထိတက်လာပြီး အဆင့် ၁၂၀ သို့ နီးကပ်လာခဲ့သည်။

မူလအနှစ်သာရကို နားလည်သဘောပေါက်ရန် နောက်ထပ် အခွင့်အရေးတစ်ခုနီးလာလေပြီ။

ကျိယွမ်၏အကြည့်က ထိတ်လန့်နေကြသော ငယ်သားများအပေါ် ကျရောက်သွားသည်။

ခြင်ခြေထောက်လည်း အသားပဲ၊ဒီကောင်တွေလည်း တန်းဖိုရှိတယ်။

သူသည် အဓိပတိများကို မသတ်နိုင်သော်လည်း၊ မြေကမ္ဘာဒဏ္ဍာရီများကတော့ လွယ်ကူသော သားကောင်များ ဖြစ်သည်။

အချိန်ခဏအတွင်း ဂူထဲတွင်အလောင်းများ ပုံထပ်သွားသည်။

အားလုံးကို သတ်ဖြတ်ပြီးနောက် သွေးများပေကျံနေသော ချန်းဟွမ်ကို ကြည့်လိုက်သည်။

"မင်း ဘယ်လိုနေလဲ"

"ဒဏ်ရာတော့ နည်းနည်းရသွားတယ်၊ ဒါပေမယ့် အဆင်ပြေပါတယ်"

ချန်းဟွမ်သည် လက်တွေ့မကျသကဲ့သို့ ခံစားနေရသည်။

အဓိပတိတစ်ယောက်ကို ထိုမျှလွယ်ကူစွာဖြင့် သတ်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပါ။

သူသည် ကျိယွမ်၏အကူအညီဖြင့် ယုပိုင်၏မူလစွမ်းအားထဲမှ ချို့ယွင်းချက်များကို အခွင့်ကောင်းယူကာ သူမ၏ အဓိကနေရာများကို တိုက်ရိုက် တိုက်ခိုက်နိုင်ခဲ့သည်။

သို့သော် နောက်ဆုံး ရင်ဆိုင်တိုက်ခိုက်မှုတွင် သူလည်း ဒဏ်ရာရရှိခဲ့သည်။

ချန်းဟွမ်သည် စိတ်လှုပ်ရှားလွန်း၍ သူ၏ ဒဏ်ရာများကိုပင် လျစ်လျူရှုထားသည်။

"မင်း အဆင်ပြေရင် သွားကြမယ်၊ ငါတို့ တခြားနတ်ဆိုးဂူတွေကို သွားသတ်ကြတာပေါ့"

ကျိယွမ်သည် အဆင့် ၁၂၀ သို့ရောက်ရှိရန်အတွက် အတွေ့အကြုံရမှတ်များလိုအပ်နေ၏။ထို့ကြောင့် နတ်ဆိုးများကို ပိုမိုသတ်ရန် စိတ်အားတက်ကြွနေသည်။

"သွားကြတာပေါ့"

ချန်းဟွမ်သည် မဆိုင်းမတွခေါင်းညိတ်လိုက်သည်။

ယခုတိုက်ပွဲကို အနိုင်ရ​ရှိပြီးနောက် စိတ်လှုပ်ရှားခြင်းနှင့်အတူ ယုံကြည်ချက်လည်း မြင့်မားနေ၏။သူ၏အဓိပတိစွမ်းအားကို လေ့ကျင့်ရန် တိုက်ပွဲများများလိုအပ်သည်ကို ချန်းဟွမ်သဘောပေါက်သည်။

ထို့အပြင် သူသည် ကျိယွမ်၏ လွှမ်းမိုးမှုခံခဲ့ရပြီး သတ်ဖြတ်ခြင်းကို စွဲလမ်းလာသည်။

"သွားမယ်..."

သူတို့နှစ်ယောက်သည် လျူချွမ်းနတ်ဆိုးဂူမှ ပျေက်ကွယ်သွား၏။

သဲကန္တာရအလယ်တွင် အလင်းတန်းနှစ်ခုသည် နတ်ဆိုးဂူများဆီသို့ ဦးတည်နေ၏။

မြို့ပေါင်းတစ်ထောင်တိုက်ပွဲနယ်မြေ၏ နတ်ဆိုးထိန်းချုပ်သူများ အဓိကစခန်းတွင်ရှိနေသော ခရမ်းရောင်တာအိုသည် ထိတ်လန့်စွာဖြင့်မျက်လုံးများပွင့်လာ၏။

"အဓိပတိ ယုပိုင် သေသွားပြီ"

-----------------

All Chapters