← Chapters

နာမည်မကြီးလိုသောကြောင့် အလုပ်မှ နုတ်ထွက်ရန် ဆုံးဖြတ်ခြင်း

Vol. 1 Ch. 1

နာမည်မကြီးလိုသောကြောင့် အလုပ်မှ နုတ်ထွက်ရန် ဆုံးဖြတ်ခြင်း

Vol. 1 Ch. 1

“မင်း အလုပ်ထွက်မလို့လား…”

လူ့စွမ်းအားအရင်းအမြစ် ဌာနမှ မန်နေဂျာဖန် က သူ့ရှေ့သို့ အလုပ်ထွက်စာ လာတင်သော ချူကျန့် အား မယုံကြည်နိုင်သော အကြည့်များဖြင့် ကြည့်လာ၏။ ခဏအကြာတွင်မှ ဒေါသတကြီးဖြင့် စားပွဲကိုရိုက်ချပြီး အော်ဟစ်လိုက်သည်။

“ချူကျန့်… အာ ချူကျန့်… မင်း ရူးနေတာလား… ကုမ္ပဏီက မနေ့ကပဲ မင်းကို သိုင်းစတန့်သမား ကနေ သိုင်းသရုပ်ဆောင်ကို တိုက်ရိုက်ရာထူးတိုးပေးဖို့ ဆုံးဖြတ်ပြီးပြီ မဟုတ်ဘူးလား…”

“ယဉ်ကျေးမှုနဲ့ ဖျော်ဖြေရေးဌာနကို တာဝန်ယူထားတဲ့ ဒါရိုက်တာလီ ကတောင် မင်းကို နောက်ထွက်မဲ့ သိုင်းဇာတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်ဖို့နဲ့ နာမည်ကြီးအောင် ပံ့ပိုးပေးဖို့အထိ ရည်ရွယ်ထားတာ… ဒီလောက် ကောင်းတဲ့ အခွင့်အရေးက အနုပညာပါရမီရှင်တော်တော်များများ အိပ်မက်တောင် မမက်ဖူးတဲ့ အခွင့်အရေးပဲသိလား…”

“မင်းမှာ ဘာမကျေနပ်စရာ ရှိသေးလို့လဲ… တကယ်ကြီး အလုပ်ထွက်ချင်တယ် ဟုတ်လား…”

သူ့အား ဒေါသတကြီး အော်ဟစ်နေသည့် မန်နေဂျာဖန် ၏ ရှေ့ရှိ ချူကျန့်မှာတော့ စိတ်ထဲတွင် အံ့ဩဖို့ကောင်းစွာ တည်ငြိမ်နေ၏။ သူက ပြတင်းပေါက်အပြင်ဘက်ရှိ စင်္ကြံလမ်းသို့ပင် အကြည့်လွှဲနေလိုက်သေးသည်။

အပြင်ဘက်က နေဝင်ဆည်းဆာ ရှုခင်းကို ကြည့်ရတာ မကောင်းဘူးလား။ ဘေးစင်္ကြံလမ်းမှ ဖြတ်သွားဖြတ်လာ လုပ်နေကြတဲ့ လှလှပပ ပြင်ဆင်ထားတဲ့ စာရေးမလေးတွေကို ကြည့်ရတာ မကောင်းဘူးလား။ ဘာဖြစ်လို့ မန်နေဂျာဖန် ၏ ဒေါသကြောင့် ရှုံ့မဲ့နေသော မျက်နှာကို ကြည့်နေရမှာလဲ။

ခဏအကြာတွင် မန်နေဂျာဖန် ၏ ပြင်းထန်သော အသက်ရှူသံများ အနည်းငယ် တည်ငြိမ်သွားသည်ကို ကြားမှ ချူကျန့် က ခေါင်းပြန်လှည့်၍ ပြုံးကာ ပြောလိုက်သည်။

“မန်နေဂျာဖန်… ကျွန်တော် သိုင်းသရုပ်ဆောင် အဖြစ် ပြောင်းလုပ်ဖို့ကို မနေ့က သုံးခါမက ငြင်းပြီးပါပြီ… ကျွန်တော်က နောက်ကွယ်မှာပဲနေပြီး မျက်နှာမပြရတဲ့ သိုင်းစတန့်သမား ပဲ လုပ်ချင်တာပါ… ဒါပေမဲ့ ယဉ်ကျေးမှုနဲ့ ဖျော်ဖြေရေးဌာနက ဌာနမှူးက ဘယ်လိုမှ သဘောမတူဘဲနဲ့ ကျွန်တော့်ကို ‘အထက်လူကြီးရဲ့ အစီအစဉ်ကို မလိုက်နာရင် အလုပ်ထွက်ပြီး ထွက်သွား’ လို့တောင် အော်ငေါက်ခဲ့တယ်… ခင်ဗျား ကြည့်လေ… ကျွန်တော် အခု အလုပ်ထွက်ဖို့ ရောက်လာပြီ မဟုတ်လား…”

“မင်း… မင်း…”

မန်နေဂျာဖန် က သူ့ကို လက်ညှိုးထိုးရင်း ဒေါသကြောင့် တဆတ်ဆတ် တုန်နေ၏။

“ချူကျန့်… မင်းက ကုမ္ပဏီပေးတဲ့ အခွင့်အရေးကို မကျေနပ်သေးလို့ အလုပ်ထွက်စာတင်ပြီး တမင် ခြိမ်းခြောက်နေတာလား… လူငယ်တစ်ယောက်အနေနဲ့ ရောင့်ရဲတတ်ဖို့ ကျေးဇူးသိတတ်ဖို့ သင်ယူရမယ်…”

“လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ မင်းက သိုင်းစတန့်သမား အဖြစ် အေးအေးဆေးဆေး လုပ်ကိုင်ခဲ့တာရယ် ကွန်ဖူး ရော ရုပ်ရည်ပိုင်းရော မဆိုးတာရယ် နာမည်ကြီးနိုင်ခြေ ရှိတာရယ်ကြောင့် မဟုတ်ရင် ဒီလိုအခွင့်အရေးကောင်းက မင်းလို ဘာမှမရှိ ဘာနောက်ခံမှမရှိတဲ့ လူငယ်တစ်ယောက်ဆီ ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူး…”

သူ ဘယ်လိုလုပ် စိတ်မတိုဘဲ နေနိုင်မည်နည်း။ ကုမ္ပဏီက ဒီကောင်လေးကို ဘယ်လို နာမည်ကြီးအောင် လုပ်ပေးမလဲဆိုတာကအစ ကြိုတင်စီစဉ်ထားပြီး ဖြစ်သည်။ ရှေ့ပိုင်းတွင် ငွေလည်း မနည်းမနော ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်၏။ ယခုတော့မှ သူ့အား လာ၍ မလုပ်တော့ဘူးဟု ပြောနေသည်။

မန်နေဂျာဖန် မှာ ဤမျှ အလိုက်ကန်းဆိုးမသိသည့်လူစားမျိုးကို တစ်ခါမှပင် မမြင်ဖူးချေ။

တခြား သုံးနှစ်လုံးလုံး အရံခုံမှာ ထိုင်နေခဲ့ရသော သိုင်းစတန့်သမား လုပ်ခဲ့ရသော အနုပညာပါရမီရှင်သာဆိုလျှင် ကုမ္ပဏီ၏ ဤအစီအစဉ်ကို ကြားရသည်နှင့် ထီပေါက်သကဲ့သို့ ဝမ်းသာအားရ ဖြစ်နေမည် မဟုတ်လော။ နာမည်ကြီးလာသည်နှင့် လူသိများမှုက တဟုန်ထိုး တက်လာမည်ဖြစ်ပြီး ငွေကြေးများကလည်း သူ့အလိုလို လိုက်ပါလာမည်ပင်။

“မန်နေဂျာဖန်… ခင်ဗျား အထင်လွဲနေပါပြီ… ကျွန်တော် လက်ရှိလစာနဲ့ ခံစားခွင့်တွေအပေါ် ဘာမှ မကျေနပ်တာ မရှိပါဘူး… ဟုတ်ပါတယ်… ကျွန်တော့်ကို လစာနဲ့ ဘောနပ်စ်တွေ တိုးပေးရင်တော့ ပျော်မိမှာပါ… ဒါပေမဲ့ ဒါက တကယ်ကို လစာကိစ္စ မဟုတ်ပါဘူး… အဓိကအကြောင်းရင်းက ကျွန်တော် ခုနက ပြောခဲ့သလိုပဲ… ကျွန်တော် သိုင်းသရုပ်ဆောင် မလုပ်ချင်ဘူး… ကင်မရာရှေ့မှာ မျက်နှာပြရတာကို အကျင့်မဖြစ်ဘူး… ပိုပြီးတော့ နာမည်မကြီးချင်ဘူး…”

ချူကျန့် ၏ မျက်နှာမှာ ဖြူစင် ရိုးသားနေသော်လည်း မန်နေဂျာဖန် ကမူ ယုံကြည်ခြင်း တစ်စက်တစ်လေမျှ မရှိဘဲ ဒေါသတကြီးဖြင့် ကြမ်းတမ်းစွာပြောဆိုလိုက်သည်။

“ပေါက်တတ်ကရတွေ… ဘယ် သိုင်းစတန့်သမား က စတား မဖြစ်ချင်လို့လဲ… နာမည်မကြီးချင်လို့လဲ…”

သိုင်းစတန့်သမား မဆိုထားနှင့် အရံလူစုထဲမှ သရုပ်ဆောင်လေးများပင် နာမည်ကြီးလာရန်အတွက်ဆိုလျှင် မည်သည့်အရာမဆို လုပ်ဆောင်ရန် အသင့်ရှိကြသည်။

“ကျွန်တော်လေ…”

ချူကျန့် က သူ့မျက်နှာသူ ရိုးသားစွာ လက်ညှိုးထိုးပြလိုက်သည်။

“မင်း…”

မန်နေဂျာဖန် ၏ နဖူးမှ အကြောစိမ်းများ ထောင်ထလာပြီး ဒေါသကြောင့် နှလုံးရောဂါပင် ရတော့မည့်အလား။ သူက အသက်ပြင်းပြင်းရှူ၍ သူ့ကိုယ်သူ အတင်း တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် အေးစက်စက် ပြောလိုက်၏။

“ငါ သိပြီ… တခြားကုမ္ပဏီက မင်းကို ပိုကောင်းတဲ့ အခွင့်အရေးတွေပေးပြီး လာခေါ်တယ် မဟုတ်လား… မင်း အလုပ်ထွက်ချင်တယ်ပေါ့… ရတယ်လေ… ငါ ခွင့်ပြုတယ်…”

ဘုန်းခနဲ အသံနှင့်အတူ ထူထဲသော စာရွက်စာတမ်းတစ်ထပ်က ချူကျန့် ၏ ရှေ့သို့ ကျလာ၏။ ထိုအရှိန်ကြောင့် ချူကျန့် ၏ နဖူးမှ ဆံပင်များကိုပင် လွင့်သွားစေသည်။

“ဒီစာရွက်စာတမ်းတွေကို ဖြည့်လိုက်… စာချုပ်ထဲပါတဲ့ စည်းကမ်းအတိုင်း ဒဏ်ကြေးပေးဆောင်လိုက်… ပြီးရင် မင်းကြိုက်တဲ့ဆီ သွားတော့…”

ချူကျန့် မှာ စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ကြည့်လေ… ဒီလိုဖြစ်မယ်လို့ သူ ထင်ထားပြီသား။

သူ ဤလက်တွေ့ကမ္ဘာသို့ ရောက်ခါစအချိန်တုန်းက အခြေအနေ အရပ်ရပ်ကို ကောင်းစွာ နားမလည်ခဲ့ပေ။ ရလဒ်အနေဖြင့် အလုပ်ရှာ၍ စာချုပ်ချုပ်ဆိုသောအခါ အနုပညာပါရမီရှင် စာချုပ်မှန်း သတိမထားမိခဲ့သကဲ့သို့ ဝန်ဆောင်မှုသက်တမ်း ပါဝင်နေသည်ကိုလည်း သတိမပြုမိခဲ့ချေ။ စည်းကမ်းချက်ထဲတွင် ဤကုမ္ပဏီ၌ ၁၀ နှစ် မပြည့်မီ အလုပ်ထွက်ပါက ဒဏ်ကြေးအမြောက်အမြား ပေးဆောင်ရမည်ဟု ပါရှိသည်။

မန်နေဂျာဖန် ၏ အမူအရာကို ကြည့်ရသည်မှာ သူ ဒဏ်ကြေးမဆောင်ဘဲ အလုပ်ထွက်ရန် အတော်လေး ခက်ခဲလိမ့်မည် ဖြစ်၏။ ကံကောင်းသည်မှာ ဤပြဿနာကို ဖြေရှင်းရန်အတွက် သူက အရန်အစီအစဉ် သုံးခုကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။

ပြောရလျှင် ပထမဆုံး အရန်အစီအစဉ်မှာ အခုတင် အစွမ်းပြသင့်နေပြီ။ ထိုလူက အလုပ်လုပ်ရာ၌ နှောင့်နှေးသောသူ မဟုတ်ပေ။

ချူကျန့် က အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ရှိနေသေးသည်ကို မြင်သောအခါ မန်နေဂျာဖန် မှာ ဒေါသထွက်လွန်း၍ ရယ်လိုက်၏။

“ဘာလဲ… စာချုပ်မှာ လက်မှတ်မထိုးချင်ဘူးလား… ဒါမှမဟုတ် ဒဏ်ကြေး မပေးချင်ဘူးလား… ကောင်းပြီလေ… ချူကျန့်… မင်းက ငါ့ဆီမှာ လာပြီး ရိုင်းစိုင်းရဲတယ်ပေါ့… ငါ ပြောထားမယ်… ဘုရင်မင်းမြတ် ကိုယ်တိုင် ရောက်လာရင်တောင် ငါ့နေရာမှာတော့ အမြီးကုပ်ပြီး ခေါင်းငုံ့ထားရမှာပဲ… ဒီနေ့ ဒီအလုပ်တွေ မပြီးရင် မင်း အလုပ်ထွက်ဖို့ အိပ်မက်မက်မနေနဲ့… မဟုတ်ရင် ရှေ့နေဆီက စာကိုသာ စောင့်နေလိုက်…”

ထိုသို့ ပြောပြီးနောက် သူက ယခင်ကဲ့သို့ နူးညံ့သိမ်မွေ့သော အပြုံးကို ပြန်လည် ဆင်မြန်းလိုက်သော်လည်း သူ၏ အသံမှာမူ ကိုးထပ်မြောက်အေးစက်ခြင်းငရဲကဲ့သို့ ရေခဲတမျှ အေးစက်နေ၏။

“ဒါပေါ့… မင်း အလုပ်မထွက်ရင်တောင် ကောင်းကောင်းမွန်မွန် နေရမယ်လို့ မထင်နဲ့… ဒီနေ့ကိစ္စကို ငါ ဒါရိုက်တာလီ ဆီ အမှန်အတိုင်း အကုန် သတင်းပို့မယ်… လာမဲ့နှစ်တွေမှာ အရံခုံမှာထိုင်ပြီး အခြေခံလစာနဲ့ပဲ နေဖို့သာ ပြင်ထားလိုက်…”

ထိုအခိုက်တွင် သူ၏ လက်ထောက်မလေးက ရုံးခန်းတံခါးကို ကမန်းကတန်း လာခေါက်၏။ သူမက သူ၏ ခွင့်ပြုချက်ကိုပင် မစောင့်ဘဲ တံခါးကို တွန်းဖွင့်၍ ထိတ်လန့်တုန်လှုပ်နေသော အမူအရာဖြင့် ပြေးဝင်လာသည်။ မန်နေဂျာဖန် က သူမအား မကျေမနပ် စိုက်ကြည့်လိုက်သော်လည်း လက်ထောက်မလေးက သူ၏ နားနားကပ်၍ စကားအနည်းငယ် တိုးတိုးလေး ပြောလိုက်သောအခါ သူ၏ မျက်နှာမှာ ရုတ်ခြည်း ဖြူဖျော့သွားပြီး နဖူးမှ ချွေးစေးများ ထွက်ကျလာသည်။

ထို့နောက် လက်ထောက်မလေးကို လက်ကာပြ၍ ထွက်သွားစေပြီးနောက် မန်နေဂျာဖန် က သူ၏ ကြီးမားသော စားပွဲခုံမှ အမြန် ထွက်လာပြီး ချူကျန့် ၏ ရှေ့သို့ ရောက်လာကာ မျက်နှာချိုသွေး၍ ခေါင်းငုံ့ကာ ပြောလိုက်သည်။

“အိုက်ယား… မစ္စတာချူ က ဒီလိုလူမျိုးကိုး… ကျွန်တော်က တကယ်ကို မျက်စိရှေ့မှာ တန်ဖိုးရှိတာကိုတောင် မမြင်တတ်တဲ့သူပါ… ကျွန်တော့်ရဲ့ ဒီခွေးမျက်လုံးကို ကြည့်ပါဦး…”

ထိုသို့ပြောရင်း သူ့ပါးသူ အားကုန် တစ်ချက် ရိုက်လိုက်၏။ ထို့နောက် နီရဲ ရောင်ကိုင်းနေသော ပါးပြင်နှင့်ပင် ပြုံးရွှင်သော မျက်နှာဖြင့် ပြော၏။

“ခင်ဗျားကို တကယ် လေးစားပါတယ်… အဲဒီလောက် အဆင့်အတန်းရှိတဲ့ ပုဂ္ဂိုလ်နဲ့ အဲဒီလောက် ရင်းနှီးနေတာကို ကျွန်တော့်ကို တစ်ခါမှ မပြောပြဘူး… ခင်ဗျားသာ ကျွန်တော့်ကို စောစောစီးစီး ပြောပြခဲ့ရင် ဒီလို အထင်လွဲမှုတွေ ဖြစ်လာမှာ မဟုတ်ဘူး… ကုမ္ပဏီကလည်း ခင်ဗျားကို ဒီလောက်ကြာအောင် သိုင်းစတန့်သမား အဖြစ် ခိုင်းစေမှာ မဟုတ်ဘူး… လာပါ… လာပါ… မစ္စတာချူ ဒီဘက်မှာ လာထိုင်ပါ… ကျွန်တော် ခင်ဗျားအတွက် အကောင်းဆုံး မင့်ချန်လုံကျင်း လက်ဖက်ရည်ကို ချက်ချင်း ဖျော်ပေးပါ့မယ်…”

ဒီလူက ငါ မြင်ဖူးသမျှ မျက်နှာပြောင်တိုက်ပြီး အောက်တန်းကျတဲ့လူတွေထဲမှာတော့ တော်တော်သူရဲဘောကြောင်တဲ့ မြေခွေးအိုကြီးပဲ။ ချူကျန့် စိတ်ထဲမှ တွေးလိုက်သော်လည်း သူ၏ မျက်နှာပေါ်တွင်မူ အနေအေးပြီး ကျိုးနွံသော အမူအရာကို ဆက်ထိန်းထားကာ ပြုံး၍ ပြောလိုက်သည်။

“မန်နေဂျာဖန်… ကျွန်တော် ဒဏ်ကြေး ပေးရဦးမှာလား…”

“မလိုပါဘူး… မလိုပါဘူး… ဒီစာရွက်စာတမ်းတွေလည်း ဖြည့်စရာမလိုတော့ပါဘူး… အလုပ်ထွက်တဲ့ ကိစ္စရပ် အားလုံးကို ကျွန်တော်ကပဲ ခင်ဗျားအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါ့မယ်… ဒါနဲ့… ခင်ဗျား တကယ်ပဲ ကုမ္ပဏီကနေ ထွက်တော့မှာလား… ခင်ဗျားလို အရည်အချင်းရှိတဲ့ လူတစ်ယောက် မရှိတော့တာက တကယ်ကို ကုမ္ပဏီအတွက် အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုပါပဲ… မင်းသာ ဒီမှာဆက်နေမယ်ဆိုရင် လစာနဲ့ တခြားအခွင့်အရေးတွေ အားလုံး ညှိနှိုင်းလို့ရပါတယ်… ကုမ္ပဏီက မင်းကို အအောင်မြင်ဆုံး သိုင်းကြယ်ပွင့် ဖြစ်လာအောင် အစွမ်းကုန် ပံ့ပိုးပေးမှာ…”

“…ဒါဆိုရင်တော့ ကျွန်တော် သွားတာပဲ ကောင်းပါတယ်…”

ချူကျန့်သည် ဆံပင်များကိုဖွ အနက်ရောင် ဘောင်ထူထူ မျက်မှန်တစ်လက်ကိုဝတ်ကာ သူ၏ သိုင်းစတန့်သမား အလုပ်ဝတ်စုံကို သာမန်အဝတ်အစားများဖြင့် လဲလှယ်ဝတ်ဆင်ပြီး ကုမ္ပဏီတံခါးမကြီးမှ ထွက်လာသောအခါ နေဝင်ဆည်းဆာ အချိန်သို့ ကျရောက်နေပြီဖြစ်ရာ နွေရာသီ၏ ပူနွေးသောလေညှင်းတို့က သူ့မျက်နှာကို လာရောက် ရိုက်ခတ်လာသည်။

ချူကျန့် သက်ပြင်းတစ်ချက်ချ၍ ရေရွတ်လိုက်၏။

“နာမည်ကြီးသွားပြန်ပြီ… ဒီဒဏ်ကြေးကို ချွေတာဖို့အတွက် နာမည်ကြီးအောင် လုပ်လိုက်ရပြန်ပြီ… ကံကောင်းတာက အရန်အစီအစဉ် တစ်က တခြားလူရဲ့ အစွမ်းကို ငှားသုံးတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်လိုက်တာမျိုးတော့ မဟုတ်ဘူး… ဒီနေရာကို နောက်ထပ် လာလို့မဖြစ်တော့ဘူး… လုပ်ဖော်ကိုင်ဖက် အားလုံးကို Blacklist ထဲ ထည့်ထားလိုက်တော့မယ်… အေးအေးဆေးဆေးနဲ့ ပိုက်ဆံများများ ရှာလို့ရပြီး နာမည်ကြီးမှာလည်း မစိုးရိမ်ရတဲ့ ဒီအလုပ်ကောင်းလေးကို နှမြောလိုက်တာ…”

သူ လမ်းဘေးသို့ လျှောက်သွားစဉ်မှာပင် လှပခမ်းနားသော အမိုးဖွင့် အနီရောင် Porsche ကားတစ်စီးက သူ့ဘေးမှ အရှိန်ဖြင့် ဖြတ်မောင်းသွားပြီး လွင့်တက်လာသော ဖုန်များက ချူကျန့် ၏ မျက်နှာနှင့် တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။

ကားမောင်းနေသော လူငယ်မှာမူ ထိုအဖြစ်အပျက်ကို သတိမပြုမိဘဲ ဖုန်းပြောရင်း အားရပါးရ ရယ်မောကာ လီဗာကို နင်း၍ ကားကို မောင်းထွက်သွားတော့သည်။

လွင့်တက်လာသော ဖုန်မှုန့်များကြောင့် ချူကျန့် ၏ မထင်မရှား ပကတိ အဝတ်အစားများမှာ ပို၍ပင် ဖုန်အလိမ်းလိမ်း ဖြစ်သွား၏။ သို့သော်လည်း သူက အနည်းငယ်မျှပင် အရေးမစိုက်ဘဲ ခပ်ဖျော့ဖျော့ ပြုံး၍ မျက်နှာမှ ဖုန်များကို လက်ဖြင့် အသာ သုတ်လိုက်သည်။

တစ်ချိန်တစ်ခါက လျှို့ဝှက်သိုင်းကမ္ဘာတွင် နေထိုင်ခဲ့စဉ်က သူသည်လည်း ဤသို့ပင် နာမည်နှင့် အကျိုးအမြတ်အတွက် မြန်ဆန်သောမြင်းကို စီး၍ အကောင်းဆုံးအဝတ်ကို ဝတ်ဆင်ကာ ပကာသနများဖြင့် နေထိုင်ခဲ့ဖူးသည်။

အမြန်ဆုံးမြင်းကို စီး၍ အတောက်ပဆုံး အဝတ်ကို ဝတ်ဆင်ကာ အမြင့်ဆုံးတောင်ကို တက်၍ အပြင်းဆုံးသောအရက်ကို သောက်လျက် အထက်ဆုံးဓားကို ကိုင်၍ အကြမ်းတမ်းဆုံးလူကို သတ်ဖြတ်ကာ နောက်ဆုံး၌ “မိုးကုတ်အောက်ရှိ နံပါတ်တစ် အထွတ်အထိပ် ပါရမီရှင်” “စွယ်စုံကျမ်းပမာ အသက်အငယ်ဆုံး ဂိုဏ်းချုပ်”

ဟူသော ကြီးမားသော ဂုဏ်သတင်းကို ရရှိခဲ့၏။

ဂုဏ်သတင်း ကျော်ကြားလာသောအခါ ငွေကြေးဓနများကလည်း တဖွဲဖွဲ ဝင်ရောက်လာပြီး သူမှာ ကြွယ်ဝချမ်းသာလာခဲ့သည်။

သို့သော် ရလဒ်ကကော…

သူက နံ့သာကြိုင်သော မြင်းရထားများပေါ်လိုက်ပါစီးနင်း၍ သူဌေးသူကြွယ်ဘဝကို ကောင်းကောင်း မခံစားလိုက်ရမီပင် သူ၏ အိမ်မှာ ငါးစိမ်းတန်းတစ်ခုကဲ့သို့ စည်ကားလာပြီး နေ့စဉ်နေ့တိုင်း ပညာတောင်းရန် တပည့်ခံရန် အကာအကွယ်တောင်းရန်နှင့် သူ့အား ထောက်ပံ့ရန် တောင်းဆိုသူများဖြင့် ပြည့်နှက်နေခဲ့တော့သည်။

ထို့ထက်ပို၍ များပြားသည်မှာ အိမ်တိုင်ရာရောက် စိန်ခေါ်ရန် အဆိပ်ခတ်ရန် ဆေးခတ်ရန် မီးရှို့ရန် မြားပစ်ရန်နှင့် လျှို့ဝှက်လက်နက်များဖြင့် တိုက်ခိုက်ရန် ရောက်လာကြသော ရန်သူများ ဖြစ်ကြပြီး သူ့ထံမှ လျှို့ဝှက်ကျမ်းများနှင့် ပစ္စည်းဥစ္စာများကို လုယူရန် ကြံစည်ကြသည့် လျှို့ဝှက်ကြံစည်မှုများနှင့် အကွက်ချမှုများလည်း ရှိနေသေး၏။

ထိုအရာများက သူ့အား မချိမဆံ့ ခံစားရစေပြီး သူ့မှာ တစ်ရက်မျှ အေးချမ်းစွာ မနေခဲ့ရပေ။ ရေသောက်လျှင်ပင် အဆိပ်ခတ်ခံရမည်ကို စိုးရိမ်နေရသဖြင့် ပျော်ရွှင်မှုကို မဆိုထားနှင့်တော့။ သူ၏ အိမ်မှ တောင်ကဲ့သို့ ပုံနေသော ရွှေငွေရတနာများမှာပင် ဂိုဒေါင်ထဲ၌ မှိုတက်နေရုံသာ တတ်နိုင်ခဲ့သည်။

ချူကျန့် အနေဖြင့် လုံးဝဥဿုံလက်မခံနိုင်သည့်အရာမှာ သူ၏ ပကာသနများခြင်းနှင့် နာမည်ကျော်ကြားခြင်းတို့ကြောင့် သူ၏ မိသားစုဝင်များပင် အသက်အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ အဖြစ်အပျက် မျိုးစုံက ချူကျန့် အား နာမည်ကြီးခြင်းနှင့် ယခင်က သူ၏ ပကာသနများသော နေထိုင်မှုပုံစံကို ရောဂါတစ်ခုသဖွယ် ငြီးငွေ့ စက်ဆုပ်သွားစေခဲ့သည်။

သို့ဖြစ်ရာ သူ နှစ်နှစ်ဆယ်ကြာ နေထိုင်ခဲ့သော “လျှို့ဝှက်သိုင်းကမ္ဘာ” မှ ဤသိပ္ပံနည်းပညာ ထွန်းကားသော လူ့အဖွဲ့အစည်းသို့ မမျှော်လင့်ဘဲ ရောက်ရှိလာသောအခါ သင်ခန်းစာရသွားသော ချူကျန့် က အနာဂတ်တွင် သက်သောင့်သက်သာနှင့် အေးချမ်းသော သူဌေးဘဝကို ရရှိနိုင်ရန်အတွက် သူ့ကိုယ်သူ

“အနေအေးခြင်းက ပထမ ငွေရှာခြင်းက ဒုတိယ တိတ်ဆိတ်စွာ ချမ်းသာအောင်လုပ်ပြီး နာမည်ကြီးအောင် ဘယ်တော့မှမလုပ်”

ဟူသော သန္နဋ္ဌာန်ကို ချမှတ်ခဲ့ပြီး ၎င်းကို အောက်ပါ စည်းမျဉ်း သုံးချက်အဖြစ် အသေးစိတ် ခွဲခြား သတ်မှတ်လိုက်၏။

ပထမအချက် - လူမှုဆက်ဆံရေးနှင့် အလုပ်လုပ်ရာတွင် အနေအေးစွာ နေထိုင်ရန် နောင်တွင် သူ၏ ကိုယ်ခန္ဓာက ဒုံးကျည်များကိုပင် ခုခံနိုင်သည့်တိုင်အောင် မည်သည့်နေရာတွင်မှ ကြွားဝါခြင်း မပြုရန်။

ဒုတိယအချက် - အနေအေးခြင်းစည်းမျဉ်းကို ပျက်ပြားစေနိုင်သော လူများနှင့် အဖြစ်အပျက်များ အားလုံးကို ရှောင်ရှားရန် ငွေနည်းနည်းပဲ ရလျှင်တောင်မှ ဖြစ်သည်။

တတိယအချက် - အကယ်၍ မလွှဲမရှောင်သာဘဲ ဂုဏ်ဖော်ရမည့် အခြေအနေ ဖြစ်ပေါ်လာပါက မိမိကိုယ်တိုင်က ထူးချွန်သူဖြစ်ကြောင်း အခြားသူများကို အသိမပေးရန် လိုအပ်ပါက အခြားသူ၏ အစွမ်းကို ငှားသုံးခြင်း သို့မဟုတ် အခြားသူအပေါ် လွှဲချခြင်းများ ပြုလုပ်နိုင်သည်။

ဤစည်းမျဉ်း သုံးရပ်၏ အကျိုးသက်ရောက်မှုမှာ အလွန်ပင် ကောင်းမွန်လှသည်ဟု ဆိုရပေမည်။ ပုံမှန်အားဖြင့် စားသောက် ဝတ်ဆင်ရာတွင် အနည်းငယ်မျှ အလေးမထားသော ချူကျန့် က သုံးနှစ်တာကာလအတွင်း စုငွေ တစ်သန်းကျော် စုဆောင်းနိုင်ခဲ့သည်ကို မည်သူမျှ တွေးထင်မိမည် မဟုတ်ပေ။

ချူကျန့် အတွက်မူ အနေအေးစွာ ငွေရှာခြင်း များများရှာ၍ နည်းနည်းသုံးခြင်းတို့ကသာ သူ၏

“ပထမဆုံး သန်းတစ်ရာ ရှာဖွေရေး”

ဟူသော ပန်းတိုင်ငယ်လေးကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်စေမည်ဖြစ်ပြီး ထို့နောက်မှ အငြိမ်းစားယူ၍ အေးချမ်း သက်သောင့်သက်သာရှိသော သူဌေးဘဝကို ဖြတ်သန်းနိုင်မည် ဖြစ်သည်။

ထိုအချိန်ကျမှ နေ့စဉ်နေ့တိုင်း ပင်လယ်ကမ်းစပ် အိမ်လေးမှ သဲသောင်ပြင် ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း နေဝင်ဆည်းဆာကို ကြည့်ကာ အရက်လေး သောက်လိုက် ဘေးတွင် အလှလေးတစ်ယောက်က နှိပ်နယ်ပေးလိုက်နှင့် ဘဝကို အရသာခံမည်ပင်။

“ဒါပေမဲ့ သန်းတစ်ရာဆိုတဲ့ ပန်းတိုင်နဲ့ အဝေးကြီး လိုသေးတာပဲ… အနေအေးပြီး ငွေလည်းရတဲ့ တခြားအလုပ်တွေ ရှိရင် သိပ်ကောင်းမှာပဲ…”

ထိုအခိုက်တွင် အတော်လေး ဟောင်းနွမ်းနေသော ဘတ်စ်ကားတစ်စီးက ကားမှတ်တိုင်ဆီသို့ မောင်းနှင်လာသည်ကို လှမ်းမြင်လိုက်ရသဖြင့် ချူကျန့် က ခြေလှမ်းကျဲကျဲတို့ဖြင့် အမြန်လျှောက်သွားလိုက်သည်။

သူ့အတွက်မူ ကားစီးမည်ဆိုလျှင် ဤသို့သော ကားမျိုးကိုသာ စီးနင်းသင့်သည်။ ခရီးသည်တစ်ဦးအနေဖြင့် လူအုပ်ထဲတွင် ရောနှော ပျောက်ကွယ်နေနိုင်ပြီး အနည်းငယ်မျှ ထင်ပေါ်နေမည် မဟုတ်ပေ။ ထို့အပြင် ကားအတွင်းပိုင်းမှာ ကျယ်ဝန်းသဖြင့် ကားပေါ်တက်ရာတွင် ခါးကိုင်းစရာ မလိုသကဲ့သို့ ခေါင်းနှင့် ကားခေါင်မိုး ဆောင့်မိမည်ကိုလည်း စိုးရိမ်စရာမလိုချေ။ ကားပေါ်မှ ထိုင်ခုံများမှာ အနည်းငယ် မာကျောသော်လည်း အေးမြသဖြင့် ဤနွေရာသီတွင် အသင့်တော်ဆုံး ဖြစ်သည်။ အဓိကအချက်မှာ ကားခမှာလည်း အလွန် သက်သာခြင်း ဖြစ်သည်။

၎င်းကို

“အနေအေးခြင်း ဈေးသက်သာခြင်းနှင့် သက်သောင့်သက်သာရှိခြင်း ဟူသော အချက်သုံးချက်ကို တစ်ပြိုင်နက်တည်း ဖြည့်ဆည်းပေးနိုင်သော အကောင်းဆုံး သယ်ယူပို့ဆောင်ရေးယာဉ်”

ဟုပင် ခေါ်ဆိုနိုင်၏။

ထို Porsche ကားမှာ ဘတ်စ်ကားနှင့် နှိုင်းယှဉ်လျှင် ဖုန်မှုန့်မျှပင် မတန်ပေ။

ဘတ်စ်ကားကို တီထွင်ခဲ့ကြတဲ့ ကြီးကျယ်ခမ်းနားတဲ့ သိပ္ပံပါရမီရှင်များကို ကျွန်တော်နှင့်အတူ ဂုဏ်ပြုလိုက်ကြပါစို့။

ချူကျန့်က စကားများ တတွတ်တွတ် ရေရွတ်ရင်း အပြေးလေး သွားလိုက်သော်လည်း ခြေလှမ်း အနည်းငယ် လှမ်းပြီးသည်နှင့် ဘေးမှ သစ်ပင်အောက်တွင် ဝတ်စုံပြည့် အမျိုးသားတစ်ဦးက သူ့အား စူးစမ်းကြည့်ရှုနေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

ချူကျန့် ၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး ထိုနေရာသို့ လှမ်းကြည့်လိုက်သော် သူ၏ ထက်မြက်လှသော အရှိန်အဝါက တစ်ချက်မျှ လင်းလက်သွားပြီးနောက် လျင်မြန်စွာပင် သာမန်လူတစ်ဦးကဲ့သို့ မှုန်ကုပ်၍ ထိုင်းမှိုင်းသော အကြည့်သို့ ပြန်လည် ပြောင်းလဲသွားသည်။

စောစောက မျက်တောင်တစ်ခတ်အတွင်းမှာပင် သူက ထိုအမျိုးသား၏ ကိုယ်ခန္ဓာမှာ ပုံမမှန်ကြောင်း အသက်ရှူနှုန်းမှာ တိုတောင်းပြီး အားနည်းကြောင်းနှင့် သိုင်းပညာ တတ်ကျွမ်းလျှင်ပင် အလွန် အားနည်းလိမ့်မည် ဖြစ်ကြောင်း သုံးသပ်လိုက်မိသည်။ သူ ကြိုတင်ရေးဆွဲထားသော အရေးပေါ်တုံ့ပြန်မှု အစီအစဉ် ၇၉ ချက်ထဲမှ တစ်ခုခုကို အသုံးပြုလိုက်ရုံဖြင့် ဤအမျိုးသားအား မည်သူမျှ မသိလိုက်ဘဲ ဖယ်ရှားနိုင်သည် သို့မဟုတ် မေ့လဲသွားအောင် လုပ်နိုင်ပေသည်။

ထိုဝတ်စုံပြည့်နှင့်အမျိုးသားက ချူကျန့် အား အကြိမ်အနည်းငယ် ကြည့်ပြီးနောက် ခေါင်းငုံ့၍ သူ၏ ဖုန်းထဲမှ ဓာတ်ပုံကို အချိန်အတော်ကြာ ကြည့်ရှုလိုက်ပြီးမှ နေကာဦးထုပ် ဆောင်းထားပြီး အနက်ရောင် မျက်မှန် တပ်ဆင်ထားသော ဤမထင်မရှား လူငယ်မှာ သူ ရှာဖွေနေသောသူ ဖြစ်ကြောင်း သေချာသွားပုံရ၏။ သူက အမြန် ပြေးလာ၍ ရိုရိုသေသေလေး ပြောလာသည်။

“မစ္စတာချူကျန့်…ဟုတ်လားခင်ဗျ”

သူ့အား သူစိမ်းတစ်ယောက်က တကူးတက လာမရှာသည်မှာ အချိန်မည်မျှ ကြာသွားပြီ ဖြစ်ကြောင်း ချူကျန့် ပင် မေ့နေခဲ့ပြီ ဖြစ်သဖြင့် သူပို၍သတိထားလိုက်သည်။ သို့သော်လည်း သူ၏ မျက်နှာပေါ်တွင်မူ မည်သည့်အမူအရာမျှ မပြောင်းလဲဘဲ ရိုးသားသော ပုံစံဖြင့် ပြောလိုက်သည်။

“ကျွန်တော်ပါပဲ… ခင်ဗျားက အာမခံ လာရောင်းတာလား… တောင်းပန်ပါတယ်… ကျွန်တော့်မှာ တကယ် ပိုက်ဆံမရှိလို့ပါ…”

ဝတ်စုံပြည့်နှင့်အမျိုးသားက အနည်းငယ် ကြောင်သွား၏။ မျက်စိရှေ့မှ လူ၏ ပေါ်လာချိန်နှင့် နေရာမှာ မှန်ကန်နေပြီး ရုပ်ရည်မှာလည်း တူညီနေသဖြင့်သာ သူ ရှာဖွေနေသောသူမှာ သည်သာမန်လူငယ်လေး ဖြစ်ကြောင်း ယုံကြည်နေရခြင်းပင်။

သူက ကမန်းကတန်း ပြောလိုက်သည်။

“ကျွန်တော် အာမခံရောင်းတဲ့သူ မဟုတ်ပါဘူး… ကျွန်တော်တို့ရဲ့ ဒုတိယသခင်မလေးက ဒီပစ္စည်းကို မစ္စတာချူကျန့် ဆီ ပေးခိုင်းလိုက်တာပါ… ခင်ဗျား ဖုန်းမက်ဆေ့ချ်ကို ကြည့်လိုက်ရင် သိပါလိမ့်မယ်…”

သူက သူ၏ လက်ထဲမှ အိတ်ကို ချူကျန့် ၏ ရှေ့သို့ ပို့ပေးလိုက်သည်။

ချူကျန့် ၏ ထက်ရှသောအမြင်အာရုံအရ သည်ဝတ်စုံပြည့်ဖြင့်အမျိုးသား၏ ခန္ဓာကိုယ် လှုပ်ရှားမှု မျက်နှာအမူအရာနှင့် စကားပြောဟန်တို့မှတစ်ဆင့် သူ့တွင် ရန်လိုစိတ် မရှိကြောင်း သုံးသပ်နိုင်၏။

လျှို့ဝှက်သိုင်းကမ္ဘာတွင် နေ့စဉ်နေ့တိုင်း လုပ်ကြံခံရပြီး လျှို့ဝှက်ကြံစည်မှုများထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရမှုကြောင့် ချူကျန့် မှာ သူစိမ်းတစ်ယောက်ကို အလွယ်တကူ ယုံကြည်ရန် အလွန် ခက်ခဲနေလေပြီ။ ဤသို့သော သတိထားမှုနှင့် အဝေးမှနေခြင်းမှာ အနေအေးစွာ နေထိုင်လိုမှုကဲ့သို့ပင် သူ၏ မသိစိတ်ထဲတွင် ရောဂါတစ်ခုကဲ့သို့ စွဲမြဲနေသော အကျင့်တစ်ခု ဖြစ်နေခဲ့သည်။

ချူကျန့် က သတိထားနေရာမှ စိတ်လျှော့ချလိုက်သည်။

သူက သူ၏ ဖုန်းကို ထုတ်၍ ကြည့်လိုက်ရာ မက်ဆေ့ချ်အသစ်တစ်စောင် ရောက်နေသည်ကို အမှန်ပင် တွေ့လိုက်ရ၏။ ထူးဆန်းသည်မှာ ထိုမက်ဆေ့ချ်ကို “ချင်” က ပေးပို့ထားခြင်း ဖြစ်သည်။

“လက်ခံလိုက်…”

အမည်နာမ မပါ နှုတ်ဆက်စကား မပါဘဲ အေးစက်စက်နှင့် အမိန့်ပေးသော လေသံနှင့်တကွ ဒါက ထိုလူ၏ ပုံစံပင် ဖြစ်သည်။

“ခင်ဗျား မြေကြီးပေါ်မှာပဲ ချထားလိုက်ပါ… ကျွန်တော် ခဏနေရင် ကိုယ့်ဘာသာကိုယ် ယူလိုက်ပါ့မယ်…”

ချူကျန့် က မက်ဆေ့ချ်ပြန်နေဟန်ဆောင်ရင်း ယဉ်ကျေးစွာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ… ဒါဆိုရင် မနှောင့်ယှက်တော့ပါဘူး…”

ဝတ်စုံပြည့်နှင့်အမျိုးသားက အိတ်ကို ချထား၍ ချူကျန့် အား အလွန် ယဉ်ကျေးစွာ ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်သွားသည်။

ပစ္စည်းမှာ “ချင်” က ပေးပို့ထားသောကြောင့် အန္တရာယ်ရှိနိုင်ခြေ အလွန် နည်းပါးကြောင်း သိနေသော်လည်း ချူကျန့် က သူ၏ စွမ်းအင်ကို အသုံးပြု၍ ထိုအိတ်၏ အလေးချိန်ကို အဝေးမှ တိုင်းတာကြည့်လိုက်ရာ တစ်ကီလိုဂရမ်ပင် မရှိကြောင်း တွေ့ရှိရသဖြင့် သူသတိထားနေမှု၏ လေးပုံတစ်ပုံကို ထပ်မံ ဖြေလျှော့လိုက်၏။ မည်သို့ပင်ဆိုစေ သူ၏ လက်ရှိ စွမ်းအားဖြင့်မူ သူ့ကိုယ်သူ စွမ်းအင်ဖြင့် ကာကွယ်ထားပါက တစ်ကီလိုဂရမ် ပမာဏရှိသော ဗုံးပေါက်ကွဲမှုကို အလွယ်တကူ ခုခံနိုင်ပေသည်။

သူက ထိုအိတ်ထဲမှ ပစ္စည်းကို ဖွင့်ကြည့်လိုက်၏။

အတွင်းထဲတွင် ဦးထုပ်ကဲ့သို့သော အဝိုင်းပုံ ပစ္စည်းတစ်ခု ရှိပြီး ထိုဦးထုပ်ပေါ်တွင်

“မဟာသိုင်းလောကခေတ်ဂိမ်းဦးထုပ် ”

ဟူသော စာတန်းတစ်ကြောင်း ရိုက်နှိပ်ထားသည်။

ဟင်… မဟာသိုင်းလောကခေတ်…

၎င်းမှာ အလွန်ပင် ရေပန်းစားနေသော ဂိမ်းတစ်ခု ဖြစ်ပုံရ၏။ ကမ္ဘာ့ပထမဆုံးသော နည်းပညာဖြင့် တီထွင်ထားသည့် Virtual Holographic ပကတိအမြင် ဝူရှပုံစံ အွန်လိုင်းဂိမ်းတစ်ခု ဖြစ်သည်ဟု ဆိုကြပြီး လူများကို အမှန်တကယ် သိုင်းလောကထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရစေနိုင်သောကြောင့် ဂိမ်းစတင် လွှင့်တင်ပြီး နှစ်နှစ်မပြည့်မီမှာပင် တစ်ကမ္ဘာလုံး၌ အလွန် ရေပန်းစားသွားခဲ့သည်။ ကလေးများမှစ၍ လူကြီးများအထိ လူပေါင်းမည်မျှ ထိုဂိမ်းထဲတွင် စွဲလမ်းနစ်မြုပ်နေကြသည်ကို မသိနိုင်ချေ။

ပြီးခဲ့သည့်နှစ်က ဂိမ်းပြိုင်ပွဲ တစ်ခု ကျင်းပခဲ့ရာ အလွန်ပင် အောင်မြင်ခဲ့သဖြင့် ချူကျန့် ပင် ရုပ်မြင်သံကြားမှတစ်ဆင့် သက်ဆိုင်ရာ သတင်းများကို အကြိမ်ပေါင်းများစွာ ကြည့်ရှုခဲ့ဖူးသည်။

သို့သော်လည်း ဤဂိမ်းဦးထုပ်မှာ ဈေးမပေါသကဲ့သို့ ချူကျန့် ကလည်း ဂိမ်းကစားခြင်းကို စိတ်ဝင်စားမှု သိပ်မရှိသဖြင့် တစ်ခါမှ မကစားဖူးခဲ့ချေ။

ထိုအခိုက်တွင် သူ၏ ဖုန်းက တုန်ခါလာပြီး “ချင်” ထံမှ မက်ဆေ့ချ် နောက်တစ်စောင် ရောက်ရှိလာပြန်သည်။

“ဒီ မဟာသိုင်းလောကခေတ် ဂိမ်းဦးထုပ်ကို မင်း သုံးတတ်တယ် မဟုတ်လား…”

စာရေးသူတွင် အနည်းငယ် ပြောစရာရှိပါသည်:

ဒါကတော့ ရေးနေတာ အခန်း ၃၀၀ ရောက်သွားပြီးမှ အနာဂတ်က စာဖတ်သူတွေ တော်တော်များများ မေးတတ်တဲ့ မေးခွန်းပေါင်းစုံကိုအခြေခံပြီး အတိတ်ကိုပြန်လာဖြေပေးတဲ့ စာရေးသူရဲ့ အမှာစကားပါ—

၁။ ဒီစာအုပ်က အွန်လိုင်းဂိမ်းပုံစံကို နောက်ခံယူထားတဲ့ သိုင်းပေါင်းစုံဝတ္ထုတစ်ပုဒ်ပါ။ ဇာတ်လမ်းရဲ့ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ ဇာတ်လိုက်နဲ့ ကျင်းယုံ၊ ကုလုံ၊ ဟွမ်ယီတို့လို စာရေးဆရာကြီးတွေရဲ့ နာမည်ကြီးဇာတ်ကောင်တွေကြားက ဆက်စပ်ပတ်သက်မှုတွေကိုပဲ အဓိကထားမှာဖြစ်ပြီး တခြားကစားသမားတွေ ဂိမ်းနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းတွေ မစ်ရှင်ဇာတ်လမ်းတွေကတော့ နည်းနည်းပဲပါမှာပါ။

၂။ ဇာတ်လမ်းရဲ့နောက်ပိုင်းမှာ ကမ္ဘာကြီးပြောင်းလဲသွားပြီး ကစားသမားတွေက ဇာတ်လမ်းမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာရင်တောင် အဲ့ဒါက ဇာတ်လမ်းဇာတ်ကွက်အတွက် အသုံးချခံရတာသက်သက်ပါပဲ။ အွန်လိုင်းဂိမ်းက ဇာတ်လမ်းရဲ့ အဓိကအချက်မဟုတ်ပါဘူး။

၃။ သိုင်းပေါင်းစုံဇာတ်လမ်းကို အွန်လိုင်းဂိမ်းပုံစံသုံးပြီး ဘာလို့ဇာတ်အိမ်တည်ရတာလဲဆိုတဲ့အချက်ကတော့ ဂိမ်းကမ္ဘာရဲ့ အဓိကကျတဲ့ လျှို့ဝှက်ချက်နဲ့ သက်ဆိုင်နေလို့ နောက်ပိုင်းဇာတ်လမ်းမှာ အသေးစိတ်ရှင်းပြထားပါတယ်။

၄။ ဇာတ်လိုက်က အစပိုင်းမှာ ဘာလို့စိတ်မမှန်တဲ့သူ အစွဲအလမ်းကြီးတဲ့သူလို ဖြစ်နေရတာလဲ အကြောင်းကတော့ ဇာတ်လိုက်မူလနေထိုင်ခဲ့တဲ့ လျှို့ဝှက်သိုင်းကမ္ဘာက စာရေးဆရာ 'ကုလုံ' ဖော်ကျူးတဲ့ သိုင်းလောကနဲ့ ဆင်တူပြီး အဲ့ဒီလောကက လူအများစုက စိတ်ဓာတ်မကောင်းကြဘဲ အပေါ်ယံမှာ သူတော်ကောင်းယောင်ဆောင်ပြီး ရက်စက်ကြမ်းကြုတ် ဆိုးသွမ်းယုတ်မာကြလို့ပါ။ သူတို့က အေးစက်ပြီး ခံစားချက်ကင်းမဲ့ကာ ကိုယ့်အကျိုးစီးပွားကိုပဲ အဓိကထားကြတယ်။ ဇာတ်လိုက်က အဲ့လိုပတ်ဝန်းကျင်မှာ အချိန်အကြာကြီး လုပ်ကြံခံနေရတာကြောင့် အစိုးရိမ်လွန်ကဲတဲ့ စိတ်ဝေဒနာနဲ့ စစ်မြေပြင်ပြန် စစ်သားတွေမှာဖြစ်တတ်တဲ့ စိတ်ဖိစီးမှုဝေဒနာမျိုး ခံစားနေရတယ်ဆိုပြီး နားလည်ထားလို့ရပါတယ်။ ဒါကြောင့် ဇာတ်လိုက်ရဲ့ အစောပိုင်းအမူအကျင့်တွေက အဆင်မပြေဘဲ အေးစက်ပြီး ခံစားချက်ကင်းမဲ့ကာ လောကကြီးကို ပြက်ရယ်ပြုတတ်ပြီး ဘယ်သူ့ကိုမှ မယုံကြည်ပါ။ နောက်ပိုင်းမှာ ဂိမ်းထဲကိုဝင်ပြီး နာမည်ကြီးသိုင်းသမားကောင်းတွေနဲ့ သိကျွမ်းသွားမှ သူ့ရဲ့မူလစိတ်ထားကို တဖြည်းဖြည်းပြန်ရလာခဲ့ကာ ဒီစာအုပ်ရဲ့ အဓိကဇာတ်လမ်းတစ်ခုက ဇာတ်လိုက်ရဲ့ စရိုက်လက္ခဏာပြောင်းလဲမှုပါပဲ။ ဒါကြောင့် စာဖတ်သူတွေအနေနဲ့ ပထမအခန်းသုံးခန်းက ဂိမ်းဇာတ်လမ်းတည်ဆောက်ပုံကို အာရုံစိုက်နေဖို့မလိုဘဲ ဇာတ်လိုက်ရဲ့ အစောပိုင်းအမူအကျင့် အဆင်မပြေမှုတွေကလည်း အခန်း ၄၀ ကျော်ကစပြီး ပြောင်းလဲလာမှာဖြစ်ပြီး နောက်ပိုင်းရောက်လေလေ အပြောင်းအလဲက ကြီးမားလေလေဖြစ်ပြီး ချန်လင်စု နဲ့ပတ်သက်တဲ့ ဇာတ်လမ်းပိုင်းက ဇာတ်လိုက်ရဲ့ ဇာတ်ကောင်ဖွံဖြိုးတိုးတက်မှု အတွက်အဓိကကျတဲ့ အလှည့်အပြောင်း ဖြစ်လာပါလိမ့်မယ်။ အဲ့ဒီနောက်မှာ ဇာတ်လိုက်က အရမ်းကို ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက် ဖြစ်လာတာကို မင်းတို့ တွေ့ရပါလိမ့်မယ်။

၅။ ဇာတ်လိုက်မင်းသမီးနဲ့ပတ်သက်ပြီး မေးမြန်းကြတာ အရမ်းများလို့ ဒီနေရာမှာ အကုန်စုပြီး ဖြေပေးလိုက်ပါ့မယ်။ ဒီစာအုပ်ဟာ ဇာတ်ကောင်မိန်းကလေးတွေအားလုံး အပျိုစင်တွေဖြစ်ပြီး အားလုံးကို ဇာတ်လိုက်က လက်ထပ်ယူမဲ့ စိတ်ပျက်စရာမရှိ စွန့်ပစ်ခံရသူမရှိ သေဆုံးသူမရှိ ဘယ်လိုဖောက်ပြန်မှု သစ္စာမဲ့မှုမှ မပါဝင်တဲ့ ဇာတ်လိုက်မင်းသမီးတစ်ဦးတည်းကိုသာ အဓိကထားတဲ့ Haremဝတ္ထုအမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ အချစ်ဇာတ်လမ်းတွေကို အလေးပေးပါဝင်မှာဖြစ်ပြီး (မိန်းမတွေကို လိုက်ယူရုံသက်သက် ဝတ္ထုမျိုးမဟုတ်ပါဘူး Haremဝတ္ထုနဲ့ အဲ့လိုဝတ္ထုမျိုးတွေရဲ့ ခြားနားချက်ကို ခွဲခြားသိစေချင်ပါတယ်)

နောက်ပိုင်းမှာ အချစ်ဇာတ်လမ်းချိုမြိန်မှုတွေ မကြာခဏပါဝင်လာမှာဖြစ်လို့ ရိုမန့်ကြိုက်တဲ့လူတွေ ဖတ်နိုင်ပါတယ်။ ပျော်စရာကောင်းတဲ့ပြိုင်ဆိုင်မှုတွေ ပါဝင်ပေမဲ့ စာဖတ်သူကို အနည်းငယ်လေးမှ စိတ်အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ပါဘူး။ ဘာကြောင့် ဇာတ်လိုက်မင်းသမီးတစ်ယောက်တည်းလို့ဆိုပြီး Haremလို့ပြောရတာလဲဆိုတာကိုတော့ နောက်ပိုင်းမှာ အသေးစိတ်ရှင်းပြထားမှာဖြစ်လို့ ဇာတ်လမ်းက ဝမ်းနည်းစရာဇာတ်သိမ်း ဒါမှမဟုတ် စိတ်မချမ်းမြေ့စရာဇာတ်လမ်းဖြစ်မှာကို စိတ်ပူစရာမလိုပါဘူး။ ထပ်ပြီးတော့ အလေးအနက်ပြောချင်တာက ဇာတ်လမ်းထဲက စိတ်ထားကောင်းတဲ့ မိန်းကလေးတွေအားလုံးကို ဇာတ်လိုက်က လက်ထပ်ယူမှာဖြစ်ပြီး အားလုံးအတွက် ကောင်းမွန်တဲ့ဇာတ်သိမ်းတွေ ရှိကြမှာပါ။ ဒီစာအုပ်ကိုရေးသားရတဲ့ မူလရည်ရွယ်ချက်က မူရင်းဝတ္ထုတွေက နောင်တရစရာတွေကို ဖြည့်ဆည်းပေးဖို့ဖြစ်ပြီး လူကောင်းတွေက ကောင်းကျိုးခံစားရမှာဖြစ်သလို စိတ်ထားကောင်းတဲ့ မိန်းကလေးတွေလည်း စွန့်ပစ်ခံရမှာမဟုတ်ပါဘူး။

ဒီစာအုပ်ရဲ့ ရှေ့ပိုင်းက ပေါ့ပါးတဲ့ဟာသကို အဓိကထားပြီး အခန်းတစ်ရာကျော်ကစပြီး ပုံမှန်စိတ်လှုပ်ရှားစရာအခန်းတွေ ပိုပြီးပါဝင်လာပါလိမ့်မယ်။

ဒီဝတ္ထုက မင်းတို့အတွက် ပျော်ရွှင်ချမ်းမြေ့စရာတွေ ယူဆောင်လာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

_______________

[1] Virtual Holographic -

(အနီးစပ်ဆုံးဆို Iron-man ကားထဲက Holographic တွေကိုသာမြင်ယောင်ကြည့်လိုက်ပါ)

[2] ဂိမ်းဦးထုပ် (Gaming Helmet) -

All Chapters