← Chapters

ပြီးပြည့်စုံသော သိုသိုသိပ်သိပ် ချမ်းသာရေး အစီအစဉ်

Vol. 1 Ch. 2

ပြီးပြည့်စုံသော သိုသိုသိပ်သိပ် ချမ်းသာရေး အစီအစဉ်

Vol. 1 Ch. 2

သူက ငါ့ကို ကြည့်နေတာလား။

ချူကျန့် က မျက်မှောင်ကြုတ်၍ ပတ်ပတ်လည်သို့ ကြည့်လိုက်ရာ မီတာ နှစ်ရာ သုံးရာခန့်အကွာမှ လမ်းဘေးတွင် ရပ်ထားသော မည်သည့်တံဆိပ်မှန်း မသိသည့် အလွန်အမင်း ဇိမ်ကျလေသော အနက်ရောင် ကားတစ်စီးကို တခဏချင်း တွေ့လိုက်ရသည်။ ကားမှန်များမှာ အနက်ရောင်ဖြစ်ပြီး အထဲမှ အပြင်သို့သာ မြင်နိုင်သည့် မှန်အမျိုးအစား ဖြစ်၏။

ဤသို့ တစ်စုံတစ်ယောက်၏ တိတ်တဆိတ် စောင့်ကြည့်ခြင်းကို ခံနေရသည့် ခံစားချက်က ချူကျန့် ကို အလွန် မနှစ်မြို့စေဘဲ မလုံမလဲ ဖြစ်စေသည်။

အမှန်တကယ်တွင် ချူကျန့် က ထို “ချင်” ဆိုသူနှင့် တစ်ခါသာ တွေ့ဖူးပြီး ရင်းနှီးကျွမ်းဝင်ခြင်း မရှိချေ။ နာမည်နှင့် မျိုးရိုးနာမည် အတိအကျကိုပင် မသိဘဲ ထိုသူမှာ သိုင်းလောက ကုမ္ပဏီ၏ ဥက္ကဋ္ဌပင် ခေါင်းငုံ့၍ အရိုအသေ ပေးရလောက်အောင် မြင့်မားသော အဆင့်အတန်းရှိသည့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်းကိုသာ သိ၏။

အကယ်၍သာ သူ၏အစွမ်းအစ ဆယ်ပုံတစ်ပုံခန့်ကို မတော်တဆ ထုတ်ပြမိပြီးနောက် ပါးစပ်ပိတ် သတ်ပစ်ရန် နည်းလမ်းမရှိခဲ့ပါလျှင် အရာရာကို သိုသိုသိပ်သိပ် နေရန် ကြိုးစားနေသည့် ချူကျန့် ၏ လက်ရှိ စိတ်ဓာတ်ဖြင့် ဤသို့သော ထင်ပေါ်ကျော်ကြားသည့် ပုဂ္ဂိုလ်ကြီးများနှင့် မည်သို့မျှ ပတ်သက်လိုမည် မဟုတ်ပေ။

ဤတစ်ကြိမ်တွင်လည်း "ချင်" က ကျေးဇူးကြွေးဆပ်ဖို့ရန် အကြိမ်ကြိမ် မက်ဆေ့ချ်ပို့ တောင်းဆိုလာသောကြောင့်သာ ချူကျန့် က သူ့ကို အားကိုး၍ ကုမ္ပဏီ အကြီးအကဲများကို နှုတ်ဆက်ခိုင်းကာ စာချုပ်ဖောက်ဖျက်ကြေးကို ပယ်ဖျက်ခိုင်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူနှင့် ဆက်လက်၍ မည်သို့မျှ အဆက်အသွယ်လုပ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သို့သော် သူက ဤဂိမ်းဦးထုပ်ကို ရုတ်တရက် ပို့လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ကြည့်ရသည်မှာ ချူကျန့်ကို ကစားစေချင်သည့်ပုံပင်။

ချူကျန့် က မက်ဆေ့ချ်ပြန်ရန် စိတ်မပါတော့ဘဲ ဖုန်းခေါ်ဆိုသည့် ခလုတ်ကို တိုက်ရိုက် နှိပ်လိုက်သည်။

တစ်ဖက်မှ ချက်ချင်း ဖုန်းချလိုက်ပြီးနောက် မက်ဆေ့ချ်တစ်ခု ဝင်လာ၏။

"မက်ဆေ့ချ်နဲ့ပဲ ပြောမယ်…"

ချူကျန့် မှာ ပို၍ စိတ်မရှည်တော့ဘဲ စာပြန်ရိုက်၍ ပြန်လိုက်သည်။

"မက်ဆေ့ပို့ခက ပိုက်ဆံမပေးရဘူးလား... WeChat မှ မဟုတ်တာ... အခု ငါက အလုပ်လက်မဲ့... အလုပ်လက်မဲ့ဆိုတာ ဘာလဲ မင်းသိရဲ့လား..."

မကြာမီပင် သူ့ဖုန်းထဲသို့ မက်ဆေ့ချ် နှစ်စောင် ထပ်ဝင်လာသည်။

ပထမတစ်စောင်မှာ ဖုန်းအော်ပရေတာမှ ပို့သည့်စာဖြစ်၏။

"လေးစားရပါသော သုံးစွဲသူ... သင်၏ ဖုန်းနံပါတ်ထဲသို့ ဖုန်းဘေယွမ် ၅၀၀၀ ဖြည့်သွင်းပြီးဖြစ်ပါသည်…"

ဒုတိယတစ်စောင်မှာ "ဒါက စေတနာကြေး…"

ဤသည်ကို စကားတစ်ခွန်းမျှ မပြောဘဲ ပိုက်ဆံဖြင့်ပစ်ပေါက်သည်ဟု ဆိုကြသလား။ အလွန် ဖြုန်းတီးတာပင် တစ်ကြိမ်တည်းနှင့် ဖုန်းဘေလ် ယွမ် ၅၀၀၀ ပင် ဖြည့်လိုက်ပါသည်တကား။ ငွေသားဖြင့် ပေးလိုက်ပါလျှင် ဘယ်လောက် ကောင်းလိုက်မည်နည်း။ ချူကျန့် နှမြောနေစဉ်မှာပင် နောက်ထပ် မက်ဆေ့ချ်တစ်စောင်ကြောင့် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားရ၏။

"လစာ ငါးသောင်းရတဲ့ အလုပ်တစ်ခုရှိတယ်... လိုချင်လား…"

လစာ ငါးသောင်းတန် အလုပ်တဲ့လား။ တကယ်ကြီး ငါ့ကို ပိုက်ဆံနဲ့ ပေါက်တော့မဲ့ အစီအစဉ်ပါလား။

ထွီ... ငါက ဒီလို ပိုက်ဆံနဲ့ လူကို ပေါက်တဲ့ သူဌေးသမီးတွေကို အထင်အသေးဆုံးပဲ... ပိုက်ဆံများတာက အထင်ကြီးစရာ ကောင်းလို့လား... ငါက ပိုက်ဆံမြင်ရင် မျက်စိကျတတ်တဲ့ သာမန်လူစားမျိုးလား။

ထို့ကြောင့် ချူကျန့် က မာန်တင်း၍ ဟင်းခနဲ တစ်ချက် သက်ပြင်းချလိုက်ပြီးမှ ပြန်စာ ရိုက်လိုက်၏။

"ဒီမေးခွန်းက မေးတာကောင်းတယ်... ပြီးတော့ ငါ့ကို ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင်လည်း လုပ်သွားသေးတယ်။ လိုချင်တယ်လို့ ပြောရအောင်... ငါ့အကျင့်အတိုင်းဆိုရင် အလုပ်ထွက်ပြီးရင် အနားယူရမှာ။ မလိုချင်ဘူးလို့ ပြောပြန်ရင်လည်း မင်းပေးတဲ့ဈေးက အရမ်းကို ကောင်းလွန်းနေတယ်... တစ်ချိန်တည်းမှာပဲ မင်း လူတော်တွေကို အရမ်းလိုအပ်နေတယ်ဆိုပြီး ခံစားမိတယ်။ ကောင်းပြီလေ... မင်းမျက်နှာကို ထောက်ထားပြီး ငါ ခြွင်းချက်အနေနဲ့ တစ်ခါလောက် လုပ်ပေးလိုက်ပါမယ်။ ငါတို့က ဒီလောက် ရင်းနှီးနေကြတာပဲ... လစာကို တစ်ထောင် နှစ်ထောင်လောက် တိုးပေးလည်း ကိစ္စမရှိပါဘူး... အချိန်မှန် လွှဲပေးရင် ရပြီ…"

သာမန်လူများထက် သာလွန်သော သူ၏အကြားအာရုံကြောင့် ချူကျန့် က အဝေးမှ ဇိမ်ခံကားထဲမှ ကြည်လင်သာယာသော မိန်းကလေးတစ်ဦး၏ ရယ်သံကို ကြားလိုက်ရသည်။ ထိုရယ်သံမှာ တခဏအတွင်း ရပ်တန့်သွားသော်လည်း နောက်ထပ် မက်ဆေ့ချ်၏ လေသံမှာ သိသိသာသာ ပျော်ရွှင်နူးညံ့သွား၏။

"စိတ်ချ... ဒီအလုပ်က ပရော်ဖက်ရှင်နယ် ဂိမ်းကစားသမား... တရားဝင် အလုပ်ပဲ ဒီည သန်းခေါင်ယံမှာ 'မဟာသိုင်းလောကခေတ်’ ရဲ့ ပြည်တွင်း ဆာဗာ အသစ် ဖွင့်တော့မှာ... နင်က ဒီဂိမ်းကို ကောင်းကောင်း ကစားပေးရုံပဲ... တခြား အထူးတလည် တောင်းဆိုချက် မရှိဘူး အိတ်ထဲမှာ ပုံနှိပ်ထားတဲ့ စာချုပ် အသေးစိတ် ရှိတယ်... နင်သဘောတူရင် လက်မှတ်ထိုးလိုက်... ဒီလရဲ့ လစာ ငါးသောင်းကို နင်အမြဲသုံးနေတဲ့ ဘဏ်ကတ်ထဲကို ချက်ချင်း လွှဲပေးနိုင်တယ်…"

ပရော်ဖက်ရှင်နယ် ဂိမ်းကစားသမား ဂိမ်းကစားရုံနှင့် လစာရမည်။

ကောင်းကင်ပေါ်က မုန့်ပြားကျလာသကဲ့သို့ ကောင်းသော အရာမျိုး အမှန်ပင် ရှိနေပါတကား။

ချူကျန့် က အိတ်ထဲမှ စာချုပ်ကို ထုတ်၍ ဖွင့်ကြည့်လိုက်၏။ အထဲမှ အချက်အလက်များမှာ ရိုးရှင်းလှပြီး ချူကျန့် အား ယွင်မုန်ကုမ္ပဏီ ၏ ပရော်ဖက်ရှင်နယ် ဂိမ်းကစားသမားအဖြစ် လစာ ယွမ် ငါးသောင်းဖြင့် ခန့်အပ်ပြီး အာမခံများ အမျိုးစုံ ပါဝင်သည်။ သူ၏ တာဝန်မှာ "မဟာသိုင်းလောကခေတ် " ၏ ဆာဗာ အသစ်တွင် "လမ်းသစ်ဖောက်ရန်” ဖြစ်သည်။

"လမ်းသစ်ဖောက်ခြင်း" ဟုခေါ်ဆိုသည့် အရာမှာ အမှန်တကယ်တွင် မည်သည့်တောင်းဆိုချက်များမှ မရှိဘဲ အွန်လိုင်းတွင် ရှိနေရမည့် အချိန်ကိုပင် ကန့်သတ်မထားချေ။ လစဉ် ကုမ္ပဏီသို့ ဂိမ်းရွှေပြား ၃၀ ပေးသွင်းရခြင်းမှအပ တစ်ခုတည်းသော တောင်းဆိုချက်မှာ အနာဂတ်တွင် ချူကျန့် က မဟာသိုင်းလောကခေတ်ဂိမ်း ၏ ပရော်ဖက်ရှင်နယ် ပြိုင်ပွဲဝင် ကစားသမား ဖြစ်လာပါက ယွင်မုန်ကုမ္ပဏီ မှ သတ်မှတ်ထားသော ပရော်ဖက်ရှင်နယ် အသင်းသို့ ဝင်ရောက်ရမည်ဖြစ်ပြီး ထိုအခါ လစာမှာ တစ်သိန်းမှ စတင်မည်ဖြစ်ကာ အသေးစိတ်ကို နှစ်ဦးနှစ်ဖက် ညှိနှိုင်း၍ စာချုပ် ထပ်မံ ချုပ်ဆိုနိုင်၏။

ချူကျန့် ချက်ချင်းပင် သဘောပေါက်သွားသည်။

အမှန်တကယ် ရည်ရွယ်ချက်မှာ နောက်ဆုံးအချက်ဖြစ်ပြီး ချင် က သူ၏ အနာဂတ်ကို ချုပ်ကိုင်ထားလိုခြင်း ဖြစ်၏။

သို့သော်လည်း ချူကျန့် က စာချုပ်ထဲတွင် ဟာကွက်တစ်ခုကို လျင်မြန်စွာ တွေ့ရှိလိုက်သည်။ ထိုစာချုပ်တွင် သူ့ကို မဟာသိုင်းလောကခေတ်ဂိမ်း ၏ ပရော်ဖက်ရှင်နယ် ပြိုင်ပွဲဝင် ကစားသမား ဖြစ်ရမည်ဟု လုံးဝ တောင်းဆိုမထားချေ။ ဆိုလိုသည်မှာ သူက ကစားသမားပေါင်းများစွာ၏ အားကျမှုကို ခံရသော ဤပရော်ဖက်ရှင်နယ် ပြိုင်ပွဲဝင် ကစားသမားအဖြစ်မကစားဘဲ အေးအေးလူလူ ဂိမ်းကစားကာ လစာ ငါးသောင်းကို ဆက်လက် ရယူနိုင်သည်ဟူ၍ ဖြစ်သည်။

စာချုပ်ကို အစအဆုံး အကြိမ်ကြိမ် လှန်လှော ကြည့်ရှုပြီးနောက် မမြင်နိုင်သော မင်ဖြင့် ရေးသားထားသည့် စာလုံးများ မရှိကြောင်း သေချာသွားသောအခါ ချူကျန့် မှာ နောက်ဆုံးတွင် စိတ်အေးသွား၏။ သို့သော်လည်း သူက အိတ်ထဲမှ ဂိမ်း အချက်အလက် စာရွက်များကို ထုတ်၍ ဖတ်ရှုကြည့်လိုက်ရာ မကြာမီပင် ကာလရှည်ကြာစွာ နာမည်ကြီးနေသော ဤဂိမ်းအကြောင်းကို အကြမ်းဖျင်း နားလည်သွားသည်။

ရိုးရှင်းစွာ ဆိုရလျှင် မဟာသိုင်းလောကခေတ်ဂိမ်း သည် သိုင်းကားဆန်သော ရုပ်လုံးပေါ် မျက်မှန်ဖြင့် ကစားရသည့် ဂိမ်းတစ်ခု ဖြစ်သည်။ "စစ်မှန်သောကျန်းဟူ(သိုင်းလောက) ကို ပြန်လည် ပုံဖော်မည်" ဟု ကြွေးကြော်ထားပြီး အဓိက အားသာချက်များမှာ -

တစ်။ ။ ဂိုဏ်းကြီးများ၏ သီးသန့် သိုင်းပညာများကို သင်ယူနိုင်သကဲ့သို့ ကိုယ်ပိုင် သိုင်းပညာများကိုလည်း တီထွင်နိုင်ခြင်း။

နှစ်။ ။ NPC[1] များတွင် နောက်ဆုံးပေါ် AI နည်းပညာ ထည့်သွင်းထားပြီး လူသားများနှင့် နီးပါးတူညီကာ ခင်မင်ရင်းနှီးမှု တည်ဆောက်၍ အထူး မစ်ရှင်များ ရရှိနိုင်ခြင်း။

သုံး။ ။ ဂိမ်းရွှေပြားများကို တကယ့်ငွေကြေးနှင့် လဲလှယ်နိုင်ပြီး ဂိမ်းရွှေပြား တစ်ပြားလျှင် ယွမ် ၁၀၀ နှင့် ညီမျှခြင်း။

လေး။ ။ မျှတသော လောင်းကြေးများပါဝင်သည့် တိုက်ခိုက်မှုစနစ်။

နောက်ဆုံးအချက်မှာ- အွန်လိုင်းနှင့် အော့ဖ်လိုင်း ပရော်ဖက်ရှင်နယ် ပြိုင်ပွဲများရှိပြီး အဖွဲ့လိုက်နှင့် တစ်ဦးချင်း ပြိုင်ပွဲများ၏ ပထမဆုမှာ ယွမ် သန်းငါးဆယ်အထိ မြင့်မားကာ နာမည်ကြီး ကြယ်ပွင့်များနှင့် တန်းတူ ကြော်ငြာမှုများနှင့် လူသိများမှုကို ရရှိနိုင်ခြင်းတို့ပင် ဖြစ်တော့သည်။

စာချုပ်ကိုဖတ်ကြည့်ပြီးနောက် ချူကျန့် က ခေါင်းမော့၍ ရယ်မောချင်စိတ်ပင် ပေါက်သွား၏။

အိုဟိုဟို... ချင်မမလေး... ချင်မမလေး... မင်းကနုပါသေးတယ်ကွာ... မင်း ငါက ဒီယွမ်သန်းငါးဆယ်နဲ့ ကစားသမားတွေရဲ့ အားကျမှုကို ခံရတဲ့ ဂုဏ်လေးရဖို့အတွက်နဲ့ လူအများရဲ့ အာရုံစိုက်မှုကို ခံရတဲ့ ပရော်ဖက်ရှင်နယ် ပြိုင်ပွဲဝင် ကစားသမား ဖြစ်လာမယ်လို့ ထင်နေတာလား။

မှားပြီကွ။ သိုသိုသပ်သပ်လေး ချမ်းသာဖို့က ငါ့ရဲ့ ပန်းတိုင်ပဲသိလား။

ချူကျန့် မှာ စိတ်ပိုင်းဖြတ်ပြီးသွားလေပြီ။ သူက တစ်ယောက်တည်း တိတ်တဆိတ် ဂိမ်းကစား၍ ရွှေပြားများ ရှာဖွေကာ ပိုက်ဆံရှာရန်သာ လိုအပ်သည်။ လစဉ် အနည်းဆုံး လစာ ငါးသောင်း ရရှိမည်ဖြစ်ပြီး ပေးသွင်းရန် လိုအပ်သည်များမှ ပိုလျှံသော ရွှေပြားများကိုလည်း တကယ့်ငွေကြေးနှင့် လဲလှယ်နိုင်ရာ လစဉ် ဝင်ငွေမှာ ငါးသောင်းအထက်တွင် ရှိနေမည်မှာ သေချာသည်။ ဤသည်မှာ သူ စတန့်မင်းသား လုပ်စဉ်ကထက် နှစ်ဆနီးပါး များ၏။

အဓိက အချက်မှာ ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်ရန် လက်တွေ့လောကတွင် မျက်နှာပြရန် မလိုအပ်ခြင်းပင်။ ထို့အပြင် ရွှေပြား မည်မျှပင် ရှာဖွေသော်လည်း မည်သူမျှ သိရှိနိုင်မည် မဟုတ်ချေ။

မဟာသိုင်းလောကခေတ်ဂိမ်း ၏ ပရော်ဖက်ရှင်နယ် ကစားသမားအလုပ်မှာ ချူကျန့် ၏ သိုသိုသိပ်သိပ် ချမ်းသာလိုသော စည်းမျဉ်းနှင့် အလွန်ကိုက်ညီလှပေသည်။

"အေးအေးလူလူ ဂိမ်းကစားတာလေးပဲ မဟုတ်လား... ဂိမ်းကစားတာ ငါမတော်ပေမဲ့ အသံတိတ် အေးဆေးနေတာမှာတော့ ငါ့ကို ဘယ်သူမှ မမီဘူး…"

ချူကျန့် က ဟက်ခနဲ ရယ်ရင်း အိတ်ထဲမှ ဘောပင်ကို ယူ၍ သူ၏ နာမည်ကို ရွှစ်ခနဲ ရွှစ်ခနဲ ရေးထိုးလိုက်၏။

မကြာမီပင် ဝတ်စုံပြည့် အမျိုးသားတစ်ဦးက သူလက်မှတ်ထိုးထားသော စာချုပ်ကို လာယူ၍ ထိုဇိမ်ခံကားဆီသို့ ပို့ဆောင်ပေးလိုက်သည်။ ခဏအကြာတွင် စာချုပ်တစ်စောင် ချူကျန့် ထံ ပြန်လည် ယူဆောင်လာရာ ချူကျန့် ကြည့်လိုက်သောအခါ ထိုစာချုပ်ပေါ်တွင် ယွင်မုန်ကုမ္ပဏီ ၏ တံဆိပ်တုံးနှင့် သေသပ်လှပသော လက်မှတ်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

ချင်ရူယွင်…

ချင်ဟူသည်မှာ ချင်ရူယွင်ပင်…

ပြီးသည်နှင့် ဇိမ်ခံကားက ချက်ချင်း မောင်းထွက်သွားသော်လည်း မက်ဆေ့ချ်တစ်ခု ထပ်ဝင်လာ၏။ "ဂိမ်းအကောင့် မှတ်ပုံတင်ပြီးရင် ID ကို ပို့ပေး…"

"ရပြီ~" ချူကျန့် က သူ့ဖုန်းထဲမှ "ချင်" ဆိုသည်ကို "ချင်ရူယွင်" ဟု ပြောင်းလိုက်သည်နှင့် နောက်တစ်စက္ကန့်တွင် ဘဏ်မှ လက်ကျန်ငွေ ပြောင်းလဲသွားကြောင်း မက်ဆေ့ချ် ဝင်လာသည်။ လစာ ယွမ် ၅၀၀၀၀ မှာ အကောင့်ထဲသို့ ရောက်ရှိနေပြီ ဖြစ်၏။ ကောင်းလိုက်တာ၊ ဒီကောင်မလေး အလုပ်လုပ်တာ တယ်မြန်တာပဲ။ ငါသဘောကျတယ်။

ယွမ် သန်းတစ်ရာဖြင့် အနားယူရန် ရည်မှန်းချက်ဆီသို့ သေးငယ်လှသော ခြေတစ်လှမ်း ထပ်မံ နီးကပ်သွားလေပြီ။

ချူကျန့် က ပျော်ရွှင်စွာဖြင့် ဘတ်စ်ကားပေါ်သို့ တက်၍ မဟာသိုင်းလောကခေတ်ဂိမ်း တွင် မည်သို့ ငွေရှာရမည်ကို ဖုန်းဖြင့် ရှာဖွေ ကြည့်ရှုလိုက်သည်။

သိပ်မကြာခင်မှာပင် ချူကျန့်တစ်ယောက် သက်မွေးပညာများနှင့် "ရွှေ" ရှာရန် အလွန်လွယ်ကူကြောင်း တွေ့လိုက်ရသည်။ မဟာသိုင်းလောကခေတ်ဂိမ်း တွင် သိုင်းပညာများအပြင် ဆေးပင်ခူးခြင်း၊ ချက်ပြုတ်ခြင်း၊ အမဲလိုက်ခြင်း၊ လက်နက်သွန်းလုပ်ခြင်း၊ ဆေးပညာ၊ ဆေးဖော်စပ်ခြင်း စသည့် အတတ်ပညာပေါင်း နှစ်ရာကျော် ပါဝင်သော အမျိုးမျိုးသော ဘဝရပ်တည်မှု၊ ထုတ်လုပ်မှုနှင့် အထူး စွမ်းရည်များ ရှိသည်။ ထို့အပြင် "အိမ်တော်" တည်ဆောက်ခြင်းနှင့် "အိမ်မွေးတိရစ္ဆာန်" မွေးမြူခြင်းတို့လည်း ပါဝင်ရာ ဘဝရပ်တည်မှု ကစားသမားများအတွက် ကြီးမားသော ဝယ်လက်ဈေးကွက်ကို ဖန်တီးပေးထားသည်။

သိုင်းလောကတွင် မည်သူက အစွမ်းထက် လက်နက်များနှင့် ဓာတ်လုံးဆေးများကို မကြိုက်ဘဲ နေမည်နည်း။ ထို့ကြောင့် လက်နက်သွန်းလုပ်ခြင်း၊ ဓာတ်လုံးဆေး ဖော်စပ်ခြင်း စသည့် ဒုတိယ အတတ်ပညာများကို ကောင်းစွာ တတ်မြောက်ပါက ငွေအမြောက်အမြား ရှာဖွေနိုင်မည်မှာ သေချာသည်။ အိမ်တော်ကို လှပစွာ ဒီဇိုင်းဆွဲနိုင်သော ဒီဇိုင်နာများ၊ အိမ်မွေးတိရစ္ဆာန်များကို အစွမ်းထက်အောင် လေ့ကျင့်ပေးနိုင်သော သင်ကြားရေး ဆရာများ၊ ထပ်ပေါင်းအစွမ်း (Buff) တွေ ပေးနိုင်သည့် အစားအစာများကို ချက်ပြုတ်နိုင်သော စားဖိုမှူးများမှာ ကစားသမားများ၏ အားကျမှုကို ပို၍ပင် ခံရ၏။

မဟာသိုင်းလောကခေတ်ဂိမ်း တွင် ဤမျှ များပြားသော ငွေရှာနိုင်သည့် ဘဝရပ်တည်မှု အတတ်ပညာများ ရှိနေပါမှတော့ သိုင်းလောက ဂိုဏ်းဂဏများ၊ အစွမ်းထက် သိုင်းကျမ်းများ၊ သိုင်းလောက ပြိုင်ဆိုင်မှုများ အားလုံး အဝေးကို လွင့်သွားပါစေ။ ငါက လျှို့ဝှက်သိုင်းလောကကတည်းက ငြီးငွေ့နေပြီ။

ထို့ကြောင့် ချူကျန့် က သူ၏ ဂိမ်းကစားနည်း အစီအစဉ်ကို လျင်မြန်စွာ ချမှတ်လိုက်၏။

ပထမအဆင့်။ ။ မဟာသိုင်းလောကခေတ်ဂိမ်း တွင် စာရင်းသွင်း၍ ဘဝရပ်တည်မှု အတတ်ပညာများအတွက် အသင့်တော်ဆုံး ဇာတ်ကောင်ကို ဖန်တီးမည်။

ဒုတိယအဆင့်။ ။ အေးဆေးစွာ ဂိမ်းကစား၍ လစာယူကာ သိုသိုသိပ်သိပ်ဖြင့် ဘဝရပ်တည်မှု အတတ်ပညာများဖြင့် ငွေအမြောက်အမြား ရှာဖွေမည်။

တတိယအဆင့်။ ။ နေ့စဉ် အိပ်ချင်မှထ၊ ငွေရေတွက်ရသည်မှာ လက်ညောင်းသည်အထိ ဖြစ်စေရမည်။

အဓိက စည်းမျဉ်းမှာ သိုသိုသိပ်သိပ် ချမ်းသာရန်။

ချူကျန့် က သူ၏ အစီအစဉ်မှာ အပြစ်အနာအဆာကင်း၍ ပြီးပြည့်စုံသည်ဟု ထင်မြင်မိသည်။ ကောင်းလေစွ။ ဤအတိုင်းပင် လုပ်မည်။

ဘတ်စ်ကားပေါ်မှ ဆင်းပြီးနောက် ချူကျန့် က သူငှားရမ်းထားသော တည်းခိုခန်းရှိ အခန်းငယ်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။ လမ်းတွင် အင်တာနက်ဆိုင်တစ်ခုကို ဖြတ်သွားသောအခါ တန်းစီနေသော လူတန်းကြီးကို တွေ့လိုက်ရသည်။ သူတို့၏ စကားများအရ သူတို့အားလုံးမှာ "မဟာသိုင်းလောကခေတ်ဂိမ်း" ၏ Server အသစ်တွင် လမ်းသစ်ထွင်ရန် တစ်ညလုံး ကြိုတင်စာရင်းပေးထားသော ကစားသမားများ ဖြစ်ကြ၏။

"မဟာသိုင်းလောကခေတ်ဂိမ်း" ၏ ပြည်တွင်းဆာဗာတွင် လက်ရှိတွင် ဆာဗာခွဲသုံးခုသာ ရှိသည်။ နှစ်ခုမှာ အခြေခံ ဆာဗာများ ဖြစ်ပြီး တစ်ခုမှာ အခြေခံ Server များမှ အစွမ်းထက် ကစားသမားများသာ ဝင်ရောက်ခွင့်ရှိသော အဆင့်မြင့် ဆာဗာ(ချန်ပါးဖူ) ဖြစ်သည်။ အခြေခံဆာဗာတစ်ခုစီတွင် မှတ်ပုံတင်တစ်ခုလျှင် အကောင့်တစ်ခုသာ ဖွင့်လှစ်နိုင်ပြီး ဖျက်၍ ပြန်လည် ဖန်တီး၍ မရပေ။ ထို့ကြောင့် ကစားသမားဟောင်း အများအပြားမှာ ယနေ့ည ဖွင့်လှစ်မည့် အခြေခံဆာဗာအသစ်တွင် သူတို့၏ အစွမ်းအစများကို ပြသရန် ပြင်ဆင်နေကြသည်။ အင်တာနက်မှ ခန့်မှန်းချက်များအရ ကစားသမား သန်းတစ်ရာကျော် ဆာဗာအသစ်သို့ ဝင်ရောက်လာဖွယ် ရှိ၏။

ချူကျန့် ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။

သွေးစွန်းတဲ့ သိုင်းလောကမှာ ကြိုးစားတိုက်ခိုက်ကြတော့ လူငယ်‌‌ေလးတို့၊ အနာဂတ်ရဲ့ သူရဲကောင်းများတွေနဲ့ နတ်ဆိုးကြီးတွေက မင်းတို့အပေါ် မူတည်နေ၏။

ချူကျန့် က ညတွင်မျက်စိမမြင်နိုင်သည့်ရောဂါ ရှိမရှိ စမ်းသပ်နိုင်သည့်အထိ မှောင်မိုက်သော လမ်းမီးရောင်အောက်တွင် ခြေလှမ်းလှမ်းလိုက်၏။ ထို့နောက် သူသည် အရေပြား ခြောက်သွေ့မည်ကို စိုးရိမ်ရန် မလိုအောင် စိုစွတ်သော လမ်းကြားကျဉ်းလေးထဲသို့ ဝင်သွားပြီးနောက် သန့်ရှင်းသည်ဟု ဆိုနိုင်သော တံခါးတစ်ခုရှေ့သို့ ရောက်ရှိလာသည်။

ကြည့်လိုက်အုံး…ဒီနေရာက ဘယ်လောက် သိုသိပ်ပြီး သတိမထားမိစရာကောင်းလဲ။ ဤနေရာတွင် နေထိုင်သော ချူကျန့် မှာ လစဉ်ဝင်ငွေ သောင်းချီသော ဝင်ငွေမြင့်မားသူတစ်ဦး ဖြစ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မိမည် မဟုတ်ပေ။ ထို့ကြောင့် ငွေကြေးအတွက် အသက်အန္တရာယ်ကို ကြံစည်၍ သူ့ကို သဘာဝလွန်အစွမ်းအစများ ထုတ်ဖော်ပြသရန် တွန်းအားပေးသည့် ဇာတ်လမ်းမျိုးများ ဖြစ်ဖို့ရန် မဖြစ်နိုင်တော့ချေ။

တည်းခိုခန်းထဲသို့ဝင်၍ ပိုင်ရှင် အဒေါ်ကြီးဖန်း ကို နှုတ်ဆက်ပြီးနောက် ဒုတိယထပ်မှ ထမင်းဆိုင်ငယ်တွင် ထမင်းဗူးတစ်ဗူးကို ဝယ်စားကာ ချူကျန့်တစ်‌ယောက် သူငှားရမ်းထားသော အခန်းငယ်သို့ ပြန်လာခဲ့သည်။

"အရင်ဆုံး တရားဝင် ဖိုရမ်မှာ လက်နက်သွန်းလုပ်နည်းနဲ့ ဆေးဖော်စပ်နည်း လမ်းညွှန်တွေကို ရှာကြည့်ဦးမှပဲ…"

သိုသိုသိပ်သိပ်ဖြင့် သာမန်လူတစ်ဦးအဖြစ် ရွယ်တူများကြားတွင် ရောနှောနေထိုင်နိုင်ရန် ယဉ်ကျေးသော လူ့အဖွဲ့အစည်းသို့ ရောက်ရှိလာပြီးနောက် ချူကျန့် က သာမန်အသိပညာများစွာကို ကြိုးစားသင်ယူခဲ့သည်။ ထို့ကြောင့် ယခုအခါတွင် ဘတ်စ်ကား၊ မြေအောက်ရထား၊ ရုပ်ရှင်ရုံမှအစ တီဗီ၊ ကွန်ပျူတာ၊ ဖုန်း စသည့် အဆင့်မြင့် နည်းပညာ ပစ္စည်းများအထိ သူ ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီ ဖြစ်သည်။ အခြေခံအားဖြင့် သူသည် ဤလူ့အဖွဲ့အစည်းတွင် ကြီးပြင်းလာသော လူငယ်တစ်ဦးနှင့် မည်သို့မျှ ခြားနားခြင်း မရှိတော့ဘဲ အင်တာနက်တွင် အချက်အလက် ရှာဖွေခြင်းမှာ သူအတွက် အလွန် လွယ်ကူသော ကိစ္စတစ်ခု ဖြစ်၏။

ပြန်လာရာ လမ်းတွင် ချူကျန့် တစ်ယောက် စဉ်းစားခဲ့သည်။ လက်ရှိတွင် အကျော်ကြားဆုံးဖြစ်သော ဒီဇိုင်နာ၊ တိရစ္ဆာန် သင်ကြားသူ၊ စားဖိုမှူး စသည့် အတတ်ပညာများနှင့် နှိုင်းယှဉ်လျှင် လက်နက်သွန်းလုပ်ခြင်းနှင့် ဆေးဖော်စပ်ခြင်းတို့မှာ သူ၏ သိုသိုသိပ်သိပ် ငွေရှာလိုသော ရည်ရွယ်ချက်နှင့် ပို၍ ကိုက်ညီ၏။ သွန်းလုပ်ပြီးသော လက်နက်များနှင့် ဖော်စပ်ပြီးသော ဆေးများကို မြို့ကြီးများမှ NPC*များ၏ ဆိုင်များတွင် အပ်နှံ ရောင်းချနိုင်ရာ သူကိုယ်တိုင် အခြားကစားသမားများနှင့် ထိတွေ့ဆက်ဆံရန် မလိုအပ်သကဲ့သို့ မျက်နှာပြရန်လည်း မလိုဘဲ ရောင်းချပြီးနောက် ငွေသားကိုသာ ထိုင်စောင့်နေရန် လိုအပ်သည်။ ထို့အပြင် သတ္တုတူးဖော်ခြင်းဖြစ်စေ၊ ဆေးပင်ခူးခြင်းဖြစ်စေ တောင်များထဲတွင်သာ ပြုလုပ်ရသဖြင့် တစ်ချိန်တည်းတွင် လုပ်ဆောင်၍ အချိန်ကုန် သက်သာစေနိုင်၏။ တစ်ခုတည်းသော အားနည်းချက်မှာ အပ်နှံရောင်းချပါက NPC များက ကော်မရှင်ခ အနည်းငယ် ယူခြင်းဖြစ်သော်လည်း နာမည်ကြီး လက်နက်သွန်းလုပ်သူ၊ ဆေးဖော်စပ်သူအဖြစ် လူသိများခြင်းနှင့် နှိုင်းယှဉ်လျှင် ဤသို့သော အသုံးစရိတ်မှာ လုံးဝ လက်ခံနိုင်ဖွယ်ရာ ရှိသည်။

သူက ကုတင်ပေါ်တွင် ထိုင်၍ ဖုန်းဖြင့် မဟာသိုင်းလောကခေတ်ဂိမ်း ၏ ဖိုရမ်ကို ကြည့်ရှုလိုက်သည်။

ကစားသမား သန်းပေါင်းများစွာ ရှိသည်ဟု ကြွေးကြော်ထားသည့် အလွန်ကျော်ကြားသော ဂိမ်းတစ်ခုဆိုသည့်အတိုင်း ပို့စ်များမှာ ရေတွက်၍ မကုန်နိုင်အောင် များပြားလှ၏။ သို့သော်လည်း ရှေ့ဆုံး စာမျက်နှာတစ်ရာခန့်မှာ အငြင်းပွားသည့် ပို့စ်များသာ ဖြစ်သည်။ တစ်စုံတစ်ယောက်က ပို့စ်ထဲတွင် မိမိကိုယ်မိမိ ကြွားဝါပြီးနောက် ဂိမ်းထဲတွင် ချက်ချင်းပင် လုယက်ခံရသည်။ ထိုသူများထဲတွင် ဆာဗာဟောင်းများ၌ "သိုင်းလောက တစ်ခွင်လုံး ကြေညာချက်" တွင် ပါဝင်ခဲ့သဖြင့် လူအများ၏ မနာလိုတိုက်ခိုက်မှုကို ခံရကာ ရှားပါး ပစ္စည်းများ၊ သိုင်းကျမ်းများ ဆုံးရှုံးခဲ့ရသူများလည်း ပါဝင်၏။ သူတို့ကိုယ်တိုင် လက်စားမချေနိုင်သောအခါ ထိုသူများ၏ ပစ္စည်းများနှင့် သိုင်းကျမ်းများကို လုယူသွားသော ရန်သူ၏အိုင်ဒီကို ဖိုရမ်တွင် ကြေညာ၍ အခြားကစားသမားများအား လုယက်တိုက်ခိုက်စေသည်။

ချူကျန့် မှာ ပို့စ်အနည်းငယ်ကို ဖတ်ရှုပြီးနောက် ဆက်မဖတ်ချင်တော့ပေ။ ဤသို့သော အဖြစ်အပျက်များကို သူက လျှို့ဝှက် သိုင်းလောကတွင် အလွန်အမင်း တွေ့မြင်ခဲ့ဖူးရာ ထူးဆန်းအံ့ဩစရာ တစ်စုံတစ်ခုမှ မရှိ။

ထို့အပြင် သိုင်းလောက ဟူသည် အငြင်းပွားမှုများဖြင့် ပြည့်နှက်နေသည် မဟုတ်လော။ မနေ့က အစွမ်းထက် လက်နက်ကို အကြောင်းပြ၍၊ ယနေ့ သိုင်းကျမ်းကို အကြောင်းပြ၍၊ နက်ဖြန် လက်စားချေခြင်းကို အကြောင်းပြ၍ တိုက်ခိုက်နေကြသည်မှာ နာမည်နှင့် အကျိုးစီးပွားအတွက်သာ ဖြစ်သည်။ ချူကျန့်မှာ ဤ သိုင်းလောက ရွှံ့နွံထဲသို့ ထပ်မံ၍ ခြေချရန် စိတ်ကူး လုံးဝ မရှိတော့ချေ။

ချူကျန့် ဖိုရမ်တွင် အချိန်အတော်ကြာ ရှာကြည့်လိုက်ပြီးနောက် Keywordsများဖြင့်ရှာဖွေလိုက်ပြီး ဟိုးနောက်ဆုံးမှ စာမျက်နှာများတွင် လက်တွေ့လုပ်ဆောင်နိုင်ဖွယ်ရှိသော ပို့စ်နှစ်ခုကို တွေ့ရှိလိုက်သည်။

"အစွမ်းထက်ဆုံး လက်နက်ပါရမီရှင် ဖြစ်လာဖို့ အမှတ်တွေ ဘယ်လို ခွဲဝေမလဲ" နှင့် "ပရော်ဖက်ရှင်နယ် ဆေးဖော်စပ်ဆရာ၊ အစမှသည် ဆရာကြီးအဆင့်အထိ"

ရီပလိုင်းအရေအတွက်မှာ နှစ်သိန်း၊ သုံးသိန်းကျော် ရှိပြီး တစ်ချိန်က အတော်နာမည်ကြီးခဲ့ပုံ ရသည်။

ဤပို့စ်နှစ်ခုမှာ လွန်ခဲ့သော ခြောက်လက တင်ထားခြင်း ဖြစ်သော်လည်း ချူကျန့် က ရီပလိုင်းဆယ်မျက်နှာခန့်ကို ဖတ်ရှုကြည့်ရာ ပို့စ်တင်သူကို ချီးကျူး၍ အလွန်အသုံးဝင်ကြောင်း မှတ်ချက်များသာ ဖြစ်သဖြင့် စိတ်ချလက်ချ ဖတ်ရှု လေ့လာလိုက်၏။

T/N

[1] NPC - သူက ဂိမ်းထဲမှာ နဂို Storyline မှာကတည်းက ပါပြီးသား ဇာတ်ကောင်တွေကိုပြောတာပါ။ ကစားမဲ့လူတွေ ရွေးထားတဲ့ ဇာတ်ကောင်တွေမဟုတ်ဘဲ၊ Game Storyline ကိုအထောက်အကူပြုဖို့နဲ့ ဇာတ်ကြောင်းပြောပြဖို့အတွက် ပါတဲ့ Character တွေကို NPC (Non-player Character) လို့ခေါ်ပါတယ်။

All Chapters