ဂိမ်းထဲရောက်ပြီး တစ်စက္ကန့်အတွင်း နာမည်ကြီးသွားခြင်း
Vol. 1 Ch. 4
ချူကျန့် ဂိမ်းထဲမှ ထွက်၍ ဂိမ်းဦးထုပ်ကို ချွတ်လိုက်ပြီးနောက် သဘောတူထားသည့်အတိုင်း သူ၏အိုင်ဒီကို ချင်ရူယွင် ထံ မက်ဆေ့ချ်ပို့လိုက်၏။ ထို့နောက် သူက သက်သောင့်သက်သာ ရေချိုးလိုက်သည်။
သူ ရေချိုးနေသည့် အတောအတွင်းမှာပင် မဟာသိုင်းလောကခေတ်၏ ဖိုရမ်မှာ ပွက်လောရိုက်သွားလိမ့်မည်ဟု သူ လုံးဝ မသိခဲ့ပေ။
အကြောင်းမှာ ဂိမ်းကုမ္ပဏီက တရားဝင် ဝက်ဘ်ဆိုက်နှင့် တရားဝင် ဖိုရမ်တို့တွင် သတင်းတစ်ပုဒ်ကို တစ်ပြိုင်နက် ကြေညာခဲ့သောကြောင့် ဖြစ်၏။
“ဂိမ်း၏ ပင်မစနစ်မှ စစ်ဆေးချက်အရ ကစားသမား ‘ချူ**’ သည် မဟာသိုင်းလောကခေတ် စတင်သည့် အချိန်မှစ၍ လျှို့ဝှက်အစွမ်းအစ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်သည့် ပထမဆုံး ကစားသမား ဖြစ်လာပြီး အပိုဆု လျှို့ဝှက်ဆုလာဘ်ကို ရရှိသွားကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။ ကစားသမားများ အနေဖြင့် ဂိမ်း၏ အသေးစိတ် အချက်အလက်များကို ပိုမို အာရုံစိုက်၍ ဂိမ်း၏ လျှို့ဝှက် လုပ်ဆောင်ချက်များကို ဖော်ထုတ်ကာ အပိုဆု လျှို့ဝှက်ဆုလာဘ်များ ရယူနိုင်ရန် ကြိုးစားကြပါရန်…"
ရေထဲသို့ ကျောက်တစ်လုံး ပစ်ချလိုက်သကဲ့သို့ ဤသတင်းသည် ဖိုရမ်ပေါ်မှ ကစားသမားများအကြား အုတ်အော်သောင်းတင်း ဖြစ်သွားစေ၏။
လျှို့ဝှက်အစွမ်းအစ စမ်းသပ်မှုလား။ အဲဒါကဘာလဲ ဘာလို့ ဘယ်သူမှ ဘာမှ မပြောခဲ့ဖူးတာလဲ။
အွန်လိုင်းဂိမ်းများ ကစားသည့် ကစားသမားတိုင်းက “လျှို့ဝှက်” ဟူသော စကားလုံးပါလျှင် ကောင်းမွန်သည့် အရာများ ဖြစ်ကြောင်း သိကြ၏။ လျှို့ဝှက်တာဝန်များ၊ လျှို့ဝှက်သိုင်းကျမ်းများ၊ လျှို့ဝှက်ဂိုဏ်းဂဏများ အစရှိသည်တို့က ယေဘုယျအားဖြင့် သာမန်အရာများထက် များစွာ သာလွန်ကောင်းမွန်ကြပြီး လျှို့ဝှက်ဆုလာဘ်များ ရရှိခြင်းက မရေမတွက်နိုင်သော လူများ၏ အိပ်မက်ပင် ဖြစ်သည်။
ယခုအခါ တစ်စုံတစ်ယောက်က လျှို့ဝှက်အစွမ်းအစ စမ်းသပ်မှုကို ပထမဆုံး ကျော်ဖြတ်နိုင်ခဲ့ကြောင်း ကြားသိရသောအခါ မရေမတွက်နိုင်သော လူများ၏ စိတ်ဝင်စားမှုကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့၏။ သူတို့က အသေးစိတ်ကို သိလိုစိတ်ဖြင့် စပ်စုကြသလို အခြားသူများက ပိုကောင်းသည့် အကျိုးကျေးဇူးများ ရရှိသွားသည့်အတွက် မနာလို ဖြစ်ကြသည်။ ထိုမျှမက ထိုလျှို့ဝှက်ဆုလာဘ်ကို တပ်မက်သူများပင် ရှိနေ၏။
သို့သော်လည်း ယခုတစ်ကြိမ်တွင် တရားဝင် ကြေညာချက်ကို ဂိမ်းထဲ၌ ဆာဗာတစ်ခုလုံးသို့ ကြေညာခြင်း မဟုတ်ဘဲ ဝက်ဘ်ဆိုက်နှင့် ဖိုရမ်တို့တွင်သာ ထုတ်ပြန်ခဲ့သဖြင့် ချူလော့ကျွင်း ၏ ID ကို တမင် ဖုံးကွယ်ထားပြီး ပထမဆုံး စာလုံးကိုသာ ဖော်ပြထားသည်။
သို့ဖြစ်လင့်ကစား ကစားသမားများထဲတွင် ထက်မြက်သူများ ရှိနေ၏။ အထူးသဖြင့် အမှောင်လမ်းစဉ်ကို လိုက်ရန် သံန္နိဋ္ဌာန် ချထားသည့် ကစားသမားအများစုက “လျှို့ဝှက်အစွမ်းအစ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့” ဟူသော စကားရပ်မှ “ချူ**” ဆိုသူမှာ ဆာဗာအသစ်သို့ ရောက်လာမည်ဟု ခန့်မှန်းမိကြသည်။
သို့ဖြစ်၍ လူများက “ချူ**” ကို စိတ်ထဲတွင် မှတ်ထားလိုက်ကြပြီး ဂိမ်းထဲတွင် ချူ ဖြင့် အစပြုသည့် ကစားသမားနှင့် တွေ့ပါက “ယဉ်ကျေးစွာ” နှုတ်ဆက်ရန် ကြံရွယ်ထားကြ၏။ ဟုတ်ပေ၏ သည်နှုတ်ဆက်ခြင်းက ဓားဖြင့်ဖြစ်မလား လှံဖြင့်ဖြစ်မလားကမူ တစ်ဦးချင်းစီ၏ အကျင့်စရိုက်အပေါ်တွင် မူတည်နေပေလိမ့်မည်။
ချူကျန့် မှာ ဤအဖြစ်အပျက်များကို လုံးဝ မသိရှိခဲ့ချေ။ သူ ပြန်လာ၍ ဖုန်းကို ဖွင့်ကြည့်သောအခါ ချင်ရူယွင် ထံမှ အကြောင်းပြန်စာ မတွေ့သဖြင့် စိတ်ထဲတွင် မထားတော့ပေ။ အချိန်က နီးကပ်လာပြီ ဖြစ်သဖြင့် သူက တစ်မိနစ် ကြိုတင်၍ ဂိမ်းထဲသို့ ဝင်ကာ ဆာဗာအသစ် ဖွင့်မည့် အချိန်ကို ငြိမ်သက်စွာ စောင့်ကြည့်နေလိုက်၏။
သူ၏ စိတ်ထဲတွင် အနည်းငယ် တက်ကြွနေသည်ကို ခံစားမိသောအခါ ချူကျန့် က သူ့ကိုယ်သူ သရော်ပြုံး ပြုံးလိုက်သည်။
“သိုင်းလောကမှာ မင်း ကျင်လည်ခဲ့တာ အန်ချင်တဲ့အထိပဲ… ဘာကိုများ မျှော်လင့်နေသေးတာလဲ…”
သို့သော်လည်း ငြင်းမရသည့် အချက်မှာ ခုနက မြင်ကွင်းတိုလေးက သူ့ကို အမှန်ပင် အံ့အားသင့်စေခဲ့၏။ သူက အလုံးစုံမြင်နိုင်သော ဂိမ်းတစ်ခုက ဤမျှ လက်တွေ့ကျလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။ လက်တွေ့ကမ္ဘာနှင့် လုံးဝ ခြားနားမှု မရှိသလောက်ပင်။
“မဟာသိုင်းလောကခေတ်” ကို “လက်တွေ့ကမ္ဘာနှင့် ယှဉ်တွဲနေသော သိုင်းကမ္ဘာ” ဟု အချို့လူများက တင်စားခေါ်ဝေါ်ကြသည်မှာ အံ့ဩစရာ မဟုတ်ချေ။
“လေးစားအပ်ပါသော ကစားသမား… ဆာဗာအသစ်ကို ဆယ်စက္ကန့်အတွင်း ဖွင့်လှစ်ပါမည်… စိတ်ရှည်စွာ စောင့်ဆိုင်းပေးပါ…”
“ဆယ်… ကိုး… ရှစ်… နှစ်… တစ်… သုည…”
ဆာဗာအသစ်၏ အမည်နှင့်အတူ “ဝင်ရောက်ရန်” ခလုတ် ပေါ်လာသောအခါ အတွေးနယ်ချဲ့နေသည့် ချူကျန့် က အမှတ်မထင် လက်ဖြင့် တစ်ချက် နှိပ်လိုက်ရာ ဂိမ်းကမ္ဘာထဲသို့ ချက်ချင်း ရောက်ရှိသွားသည်။
“ မိုခုနှစ် မိုလ မိုရက်နေ့တွင် သင်သည် လှည့်ကွက်ပေါင်းများစွာနှင့် ပြည့်နှက်နေသော မဟာသိုင်းလောကခေတ်သို့ မတော်တဆ ရောက်ရှိလာခဲ့သည်… သင့်ကို စောင့်ကြိုနေသည်မှာ အဆုံးမရှိသော အန္တရာယ်များနှင့် အဆုံးမရှိသော အခွင့်အလမ်းများ ပြည့်နှက်နေသည့် သိုင်းလောကခရီးလမ်း ဖြစ်ပေလိမ့်မည်…”
မာန်ပါသော အမျိုးသားတစ်ဦး၏ အသံနှင့်အတူ ခမ်းနားထည်ဝါသော မှိုင်းခံပန်းချီကားချပ်ကြီး တစ်ချပ် ပေါ်ထွက်လာ၏။ နယ်နိမိတ်မရှိသော မြေပြင်ကျယ်ကြီးပေါ်တွင် ကြယ်များကဲ့သို့ ပြန့်ကျဲနေသော မြို့တော်များ၊ တောင်တန်းများ၊ ကွေ့ကောက်နေသောနဂါးကြီးများကဲ့သို့ မြစ်ချောင်းများက ချူကျန့် ၏ မျက်စိရှေ့မှ တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားသည်။ နောက်ဆုံးတွင် လူဦးရေ ထူထပ်ပြီး အနည်းငယ် ဟောင်းနွမ်းနေသော မြို့ငယ်လေးတစ်မြို့က သူ၏ မျက်စိရှေ့တွင် တဖြည်းဖြည်း ချဲ့ကားလာပြီး သူ သတိပြန်ဝင်လာသောအခါ စည်ကားလှသော လမ်းမကြီးပေါ်တွင် ရပ်နေမိပြီ ဖြစ်သည်။
ချူကျန့် မှာ ချက်ချင်းပင် စိတ်အေးသွား၏။
ခုနက မြင်ကွင်းကျယ် မြေပုံအရ ဤမဟာသိုင်းလောကခေတ်သည် အလွန် ကျယ်ပြန့်လှသည်ကို တွေ့မြင်နိုင်၏။ မရေမတွက်နိုင်သော NPC များနှင့်အတူ ကစားသမား သန်းတစ်ရာကျော် ရှိနေသဖြင့် လူဦးရေမှာ အလွန်ပင် များပြားလှသည်။ သူကဲ့သို့ သာမန် ကစားသမားတစ်ဦး ဤဂိမ်းကမ္ဘာသို့ ရောက်ရှိလာခြင်းသည် ပင်လယ်ထဲသို့ ရေစက်တစ်စက် ကျသွားသကဲ့သို့ မည်သည့် လှိုင်းဂယက်မျှ မထနိုင်ပေ။
သူက တမင်တကာ ခြေငြိမ်ငြိမ်နေမည်ကို မဆိုထားနှင့်၊ နာမည်ကြီးအောင် လုပ်ချင်လျှင်ပင် သူ့ကို သတိပြုမိမည့်သူ များများစားစား ရှိမည် မဟုတ်ချေ။
ကောင်းပြီ…သိုသိုသိပ်သိပ်လေးနဲ့ အေးအေးဆေးဆေး ပိုက်ဆံရှာမဲ့ သိုင်းလောကဘဝကို စလိုက်ကြစို့…
“တင်… သိုင်းလောကတစ်ခုလုံးသို့ ကြေညာချက်… ကစားသမား ‘ချူေလာ့ကျွင်း’ သည် မဟာသိုင်းလောကခေတ် ဆာဗာအသစ်သို့ ပထမဆုံး ဝင်ရောက်လာသည့် ကစားသမား ဖြစ်လာပြီး တုံ့ပြန်ချိန်မှာ ၀.၀၁ စက္ကန့်ဖြင့် ယခင် ၀.၃ စက္ကန့် စံချိန်ဟောင်းကို ချိုးဖျက်နိုင်ခဲ့သည်… အပိုဆုအဖြစ် သံမဏိဓားတစ်လက် (အစိမ်းရောင် အဆင့်တစ်) ချီးမြှင့်လိုက်သည်… ဤအဖြစ်အပျက်ကို ဆာဗာအသစ်၏ ‘ပိုင်ရှောင်းရှန်၏ မဟာသိုင်းလောက ဒဏ္ဍာရီမှတ်တမ်း’ တွင် မှတ်တမ်းတင်လိုက်ပြီ ဖြစ်သည်… ကစားသမားများ အနေဖြင့် သူ့ကို စံနမူနာယူ၍ မိမိတို့၏ ထူးချွန်သော လုပ်ဆောင်ချက်များကို ‘ပိုင်ရှောင်းရှန်၏ မဟာသိုင်းလောက ဒဏ္ဍာရီမှတ်တမ်း’ တွင် မှတ်တမ်းတင်နိုင်ရန် ကြိုးစားကြပါ…”
“တင်… သိုင်းလောကတစ်ခုလုံးသို့ ကြေညာချက်… ကစားသမား ‘ချူလော့ကျွင်း ’ ၏ ထူးချွန်သော လုပ်ဆောင်ချက်က ‘ပိုင်ရှောင်းရှန်၏ မဟာသိုင်းလောက ဒဏ္ဍာရီမှတ်တမ်း’ ၏ ဖွင့်လှစ်ရန် အခြေအနေကို ဖြစ်ပေါ်စေခဲ့သဖြင့် ‘ပိုင်ရှောင်းရှန်၏ မဟာသိုင်းလောက ဒဏ္ဍာရီမှတ်တမ်း’ ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်… ကစားသမားများ အနေဖြင့် စနစ်လုပ်ဆောင်ချက်များတွင် ကိုယ်တိုင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်…”
ဆာဗာအသစ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသော ဂိမ်းသတိပေးသံ နှစ်ခုက ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာသည်။
“…”
ချူကျန့် မှာ ချက်ချင်းပင် ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားပြီး သူ၏ မျက်နှာအမူအရာမှာ မေးခွန်းပေါင်းများစွာနှင့် နားမလည်နိုင်ဖြစ်သွားတော့သည်။
“ဘာဖြစ်သွားတာလဲ… ငါ့နာမည်ကို ပြောလိုက်သလိုပဲ…”
ချူကျန့် မှာ ကြောင်ငေးသွားပြီး ခဏအကြာမှ ခုနက သိုင်းလောကတစ်ခုလုံးသို့ ကြေညာချက်၏ အကြောင်းအရာကို ပြန်လည် သတိရသွားသည်။
မဟုတ်သေးပါဘူး… ငါက လက်ယောင်ပြီး နှိပ်လိုက်တာနဲ့ ဂိမ်းထဲကို ပထမဆုံး ဝင်ခွင့်ရသွားတာလား… တခြား ကစားသမားတွေက ထမင်းပဲ ငုတ်တုတ်ထိုင်စားနေကြတာလား…
ထိုက်တောင် ပြိုကျသည့်တိုင် မျက်နှာအရောင်မပျက်ဟု ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသော ချူကျန့် မှာ ယခုအခါ နဖူးမှ ချွေးစေးများပင် ထွက်လာသည်။
သူက အတွေးလွန်နေချိန်တွင် လက်မြန်သွားသည်ကို သတိမပြုမိဘဲ ဂိမ်းစံချိန်ကို ချိုးဖျက်မိသွားပြီး သည် အဖြစ်အပျက်ကို ဖြစ်ပေါ်စေခဲ့ခြင်းပင်။
ဒုက္ခပဲ… သိုင်းလောက ကြေညာချက်ကို ဆာဗာအသစ်က အွန်လိုင်းဖြစ်နေတဲ့ ကစားသမားတိုင်း ကြားရမှာပဲ… ဒါဆို အခု လူတိုင်း ငါ့နာမည်ကို ကြားသွားပြီပေါ့… ငါ ဂိမ်းထဲဝင်ဝင်ချင်း နာမည်ကြီးသွားပြီလား…
လာနောက်နေတာလားဟ….
ချူကျန့် မှာ စိတ်ထဲမှ တိတ်တိတ်ကလေး ကျိန်ဆဲလိုက်၏။
အထူးသဖြင့် သူ့အား အထူးပစ္စည်း ချီးမြှင့်လိုက်ကြောင်း ကြားလိုက်ရသောအခါ ပို၍ပင် အခြေအနေမကောင်းတော့မှန်း ခံစားလိုက်ရသည်။
ထိုအချိန်တွင် သူ့ပတ်ဝန်းကျင်မှ ကစားသမားများက အော်ဟစ်နေကြလေပြီ။
“ဝါး… ပထမဆုံး သိုင်းလောက ကြေညာချက်ပဲ… ‘ပိုင်ရှောင်းရှန်၏ မဟာသိုင်းလောက ဒဏ္ဍာရီမှတ်တမ်း’ မှာတောင် မှတ်တမ်းတင်ခံရတယ်…”
“ငါက ခလုတ်ကို အဆက်မပြတ် နှိပ်နေတာတောင် ဒီ ချူလော့ကျွင်း ဆိုတဲ့ကောင်လောက် မမြန်ဘူး… ၀.၀၁ စက္ကန့်တဲ့… ဒါက လူနှိပ်နိုင်တဲ့ အမြန်နှုန်းလား… မှားနေပြီထင်တယ်…”
“ကြားတယ်မလား… ဆုက အစိမ်းရောင် လက်နက်တဲ့… ‘အစပျိုးလေ့ကျင့်ခြင်း’ အဆင့်က Boss ကို သတ်မှ ကျမှာထင်တယ်… အဲဒါသာ တပ်ထားလိုက်ရင် ငါတို့ကို အများကြီး ကျော်သွားမှာပဲ…”
“ဟုတ်တယ်… အဲဒီ ချူ** ဆိုတဲ့ကောင်ကို ဘယ်သူတွေ့သေးလဲ… ဟုတ်သား… အဲဒီကောင် နာမည်က ချူ ဘာလဲ… အော်… ‘ပိုင်ရှောင်းရှန်၏ မဟာသိုင်းလောက ဒဏ္ဍာရီမှတ်တမ်း’ ထဲမှာ တွေ့ပြီ… ချူလော့ကျွင်း တဲ့… သောက်ကျိုးနည်း… ဒီနာမည်က မှတ်ရခက်လိုက်တာ… မှားဖတ်မိနိုင်တယ်… သူ့ကို ဘယ်သူတွေ့သေးလဲ… အစိမ်းရောင် လက်နက်ကို ဖောက်ခွဲပြီး အန်စာတုံး လှိမ့်ခွဲကြမယ်…”
ဂိမ်းပစ္စည်းများကို အရည်အသွေးနှင့် ရှားပါးမှုအလိုက် “အဖြူ၊ အစိမ်း၊ အပြာ၊ ခရမ်း၊ လိမ္မော်၊ ငွေ၊ ရွှေ” ဟူ၍ အရောင်ခုနစ်မျိုး ခွဲခြားထားပြီး အဖြူရောင်မှာ အညံ့ဆုံး ဖြစ်သည်။ အရောင်တစ်ခုချင်းစီ၏ စွမ်းအားကိုလည်း “အဆင့်တစ်” မှ “အဆင့်ငါး” အထိ ထပ်မံ ခွဲခြားထား၏။ အစိမ်းရောင် အဆင့်တစ် အရည်အသွေးရှိသော ပစ္စည်းသည် ဂိမ်းအစပိုင်းတွင် အလွန်ကောင်းမွန်သည်ဟု သတ်မှတ်နိုင်ရာ လူဘယ်လောက်များများ လုယက်ချင်ကြမလဲဆိုတာ မသိနိုင်ပေ။
လုယက်ခံရရန် အလွယ်ကူဆုံး ပစ်မှတ်မှာ သိုင်းလောကတစ်ခုလုံးသို့ ကြေညာချက်တွင် ပါဝင်သူ ဖြစ်သောကြောင့် ကစားသမားများမှာ သိုင်းလောက ကြေညာချက်တွင် ပါဝင်ရခြင်းကို ဂုဏ်ယူသလို ခေါင်းလည်းခဲကြရသည်။
ချူကျန့် က အခြေအနေမကောင်းကြောင်း မြင်သောအခါ ထွက်ပြေးခြင်းက အကောင်းဆုံးဟု မှတ်ယူ၍ အမြန်ဆုံး အော့ဖ်လိုင်းဆင်းပြီး ဂိမ်းမှ ထွက်လိုက်သည်။
အသိစိတ်က အခန်းငယ်လေးထဲမှ ကုတင်ပေါ်သို့ ပြန်ရောက်လာသောအခါ ချူကျန့် က ဂိမ်းဦးထုပ်ကို ဖြေလျော့၍ သက်ပြင်းရှည်ကြီး ချလိုက်၏။
လူသတ်ပြီး ပစ္စည်းလု ခံရတော့မလို့ပဲ။
သိုင်းလောကတွင် အားနည်းသူကို အားကြီးသူက အနိုင်ကျင့်ခြင်းသည် အခြေခံအကျဆုံး ရှင်သန်မှု နိယာမ ဖြစ်သည်။ သို့ဖြစ်၍ “အစစ်မှန်ဆုံး သိုင်းလောကကို ပြန်လည်ပုံဖော်သည်” ဟု ကြွေးကြော်ထားသော မဟာသိုင်းလောကခေတ်တွင် ပဋိပက္ခတိုက်ပွဲများနှင့် ပစ္စည်းလုယက်ခြင်းကို တားမြစ်ထားခြင်း မရှိပေ။ နာမည်ဆိုးဖြင့် ကန့်သတ်ခြင်းနှင့် တားဆီးခြင်းသာ ပြုလုပ်ပြီး မုဒ်ဝခြောက်ခုက အရေးယူရန် အသင့်ရှိနေသည်။ သို့သော်လည်း အမှောင်လမ်းစဉ်ကို လိုက်ရန် သန္နိဋ္ဌာန် ချထားသည့် ကစားသမားများအတွက်မူ နာမည်နီခြင်းက အကြိုက်ဆုံး အခြေအနေ ဖြစ်ပြီး နာမည်ဆိုး တန်ဖိုး မြင့်မားလေ အမှောင်ဂိုဏ်းမှ မကောင်းဆိုးဝါးကြီးများ၏ တပည့် ဖြစ်လာရန် လွယ်ကူလေ ဖြစ်သည်။
ချူကျန့် ၏ လက်ရှိ မွေးရာပါ အရည်အချင်းများအရ သာမန်လူတစ်ဦး၏ အစွမ်းအစသာ ရှိသေးသည်။ ကစားသမား ဆယ်ဦး ဝိုင်းအုံလာလျှင်ပင် သူ့ကို အလွယ်တကူ သတ်၍ ပစ္စည်းများ လုယူသွားနိုင်၏။ ခုနက စကားပြောနေသည့် ကစားသမားများမှာ အနည်းဆုံး ဆယ်ဂဏန်း ရှိနေသဖြင့် အကယ်၍ သူ့ကို တွေ့ရှိသွားပါက တစ်စက္ကန့်အတွင်း အသတ်ခံရမည်မှာ သေချာသည်။ ထို သံမဏိဓား လုယက်ခံရခြင်းက အသေးအဖွဲကိစ္စဖြစ်သော်လည်း အဓိက အချက်မှာ သေဆုံးသွားပါက မွေးရာပါ အရည်အချင်းများ ကျဆင်းသွားမည် ဖြစ်သည်။ ချူကျန့် မှာ သူ၏ စိတ်ကူးထဲမှ မွေးရာပါ အရည်အချင်းများကို အနိုင်နိုင် ရရှိထားခြင်း ဖြစ်ရာ အမှတ်များ ကျဆင်းသွားမည်ကို မလိုလားချေ။
“အာ… အစမကောင်းတော့ဘူး… အိပ်တော့မယ်… အိပ်တော့မယ်…”
ချူကျန့် က သက်ပြင်းချလိုက်ပြီး ဂိမ်းဆက်ကစားရန် စိတ်မရှိတော့ဘဲ အိပ်စက်လိုက်တော့သည်။
မည်သို့ပင်ဖြစ်စေ အနည်းဆုံးတော့ သူ လစာ ရထားပြီး ပိုက်ဆံရှာရန် အရေးတကြီး မလိုအပ်ပေ။ အဘယ့်ကြောင့် လူအများ၏ ပစ်မှတ်ဖြစ်နေချိန် မရေမတွက်နိုင်သော အမှောင်သမားများ၏ လိုက်လံသတ်ဖြတ်ခြင်း ခံနေရချိန်တွင် ဂိမ်းကစားရန် စွန့်စားရမည်နည်း။
ချူကျန့် မှာ အိပ်ရာမှ နိုးလာသည်အထိ အိပ်စက်လိုက်ရာ သူ၏ စိတ်အခြေအနေမှာ အများကြီး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်၏။ သူက နာရီဝက်ခန့် တရားထိုင်၍ အတွင်းအားကျင့်စဉ် လေ့ကျင့်ပြီးနောက် တည်းခိုခန်း ဒုတိယထပ်မှ ထမင်းစားခန်းငယ်သို့ သွား၍ မနက်စာ စားပြီးမှ သူ၏ အခန်းသို့ အေးအေးလူလူ ပြန်လာ၍ လှဲလျောင်းလိုက်သည်။ အချိန်ကို ကြည့်လိုက်သောအခါ ဆာဗာအသစ် ဖွင့်လှစ်ပြီးနောက် ကိုးနာရီ ကြာသွားပြီ ဖြစ်ရာ သူ့အမည်ကို ကြားဖူးသည့် ပထမဆုံး အသုတ် ကစားသမားများအားလုံး ကျန်းကျားခို့ မြို့မှ ထွက်ခွာသွားလောက်ပြီဟု သူ ခန့်မှန်းလိုက်သည်။
မဟာသိုင်းလောကခေတ်၏ ဂိမ်းဦးထုပ်က ကစားသမားများကို တစ်ဝက်တစ်ပျက် အိပ်စက် အနားယူစေနိုင်သည့် Mode ရှိပြီး ဂိမ်းထဲမှ အချိန်ကို ပို၍ နှေးကွေးအောင် ချိန်ညှိနိုင်၏။ လက်တွေ့ကမ္ဘာမှ တစ်နာရီသည် ဂိမ်းထဲမှ တစ်ရက်နှင့် ညီမျှရာ ယခုဆိုလျှင် ဂိမ်းထဲတွင် ကိုးရက် ကြာမြင့်သွားပြီ ဖြစ်သည်။ သိုင်းပါရမီရှင် ကစားသမား အများအပြားအတွက်မူ သိုင်းလောကတွင် လှည့်လည်သွားလာပြီး နာမည်ရနေလောက်ပြီ ဖြစ်သည်။
ချူကျန့် မှာ ဤသိုင်းလောကမှ ထူးချွန်သူများကို သဘာဝကျကျပင် စိတ်မဝင်စားပေ။ ဂိမ်းအစပိုင်းမှ ပိုက်ဆံရှာသည့် အခွင့်အရေးကို လက်လွှတ်လိုက်ရသည့်အတွက် အနည်းငယ် နှမြောမိသော်လည်း သိပ်ပြီး စိတ်ထဲမထားပေ။
ဂိမ်းဦးထုပ်ကို ပြန်လည် တပ်ဆင်လိုက်သောအခါ “မဟာသိုင်းလောကခေတ်သို့ ပြန်လည်ကြိုဆိုပါသည်” ဟူသော သတိပေးသံနှင့်အတူ သူက ယခင် အော့ဖ်လိုင်းဆင်းခဲ့သည့် လမ်းပေါ်သို့ ပြန်လည် ရောက်ရှိသွားသည်။