ရှားရှားပါးပါး ရိုးသားသူ
Vol. 1 Ch. 5
ချူကျန့် က ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ပတ်ဝန်းကျင်မှ ကစားသမားများမှာ နံနက်ပိုင်းထက် တစ်ဝက်ခန့် သိသိသာသာ နည်းပါးသွားသည်ကို တွေ့လိုက်ရ၏။ ပထမဆုံး အမာခံပရိသတ်များမှာ ကျန်းကျားခို့ မှ ထွက်ခွာ၍ နေရာအနှံ့သို့ သွားရောက် စွန့်စားနေကြပြီ ဖြစ်သည်။ ယခုအခါ အများစုမှာ ဆွဲဆောင်ခံရ၍ ရောက်ရှိလာသော ကစားသမားသစ်များ ဖြစ်လောက်၏။ အဘယ်ကြောင့် သည်လို ကောက်ချက်ချရသနည်း။ သူတို့၏ တူညီသော ကစားသမားသစ် ဝတ်စုံကို ကြည့်ရုံဖြင့် သိနိုင်သောကြောင့် ဖြစ်သည်။
သူ ရောက်ရှိနေသည့် နေရာမှာ ရှေးဟောင်းမြို့ငယ်လေး တစ်ခု၏ လမ်းမပေါ်ဖြစ်ပြီး ပတ်ဝန်းကျင်တွင် အနည်းငယ် ယိုယွင်းနေသော နေအိမ်များနှင့်အတူ အရက်ဆိုင်၊ လောင်းကစားရုံ၊ ပစ္စည်းပို့ဆောင်ရေး၊ အထည်ဆိုင်၊ လက်နက်အရောင်းဆိုင်၊ စာပေပစ္စည်းဆိုင်၊ ကုန်မျိုးစုံဆိုင် စသည့် ရှေးဟောင်း ကုန်သွယ်ရေးဆိုင်များ ရှိနေ၏။ လမ်းပေါ်တွင် သွားလာနေသူများဖြင့် စည်ကားနေပြီး ကုန်သည်များ၊ အလုပ်သမားများဖြင့် ရှေးဟောင်း အငွေ့အသက်များ လွှမ်းခြုံနေကာ ချူကျန့် မှာ လျှို့ဝှက်သိုင်းကမ္ဘာသို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
“တင်… ချူ သူရဲကောင်းလေး… သင်သည် မဟာသိုင်းလောကခေတ်၏ ပထမဆုံး နေရာဖြစ်သော ‘ကျန်းကျားခို့’ သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်… သင်သည် ဂိမ်းထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကစားသမားသစ် လမ်းညွှန်ကို လက်ခံရန် အကြံပြုအပ်ပါသည်… သို့မဟုတ်ပါက သင်၏ သိုင်းလောကခရီးလမ်းမှာ အလွန် ခက်ခဲကြမ်းတမ်းပြီး လမ်းပျောက်နိုင်ပါသည်… ဤအကြံပြုချက်ကို လက်ခံပါသလား…”
လက်ခံရမှာပေါ့… ဘာလို့ လက်မခံရမှာလဲ…
ချူကျန့် က မနက်စာ စားနေစဉ်တွင် အင်တာနက်ပေါ်၌ အထူးတလည် ရှာဖွေကြည့်ရှုခဲ့၏။ မည်သည့် အခြေအနေမျိုးတွင် သိုင်းလောကကြေညာချက်မှာ ပါနိုင်သလဲ။ ကစားသမားအများစု မလုပ်နိုင်သော ထူးချွန်သည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်မိသည့်အခါ၊ ဥပမာအားဖြင့် Boss ကို ပထမဆုံး သတ်နိုင်ခြင်း၊ ကစားကွင်းကို ပထမဆုံး ပြီးဆုံးအောင် ကစားနိုင်ခြင်း၊ ကစားကွင်းပြီးဆုံးချိန် စံချိန်သစ်တင်ခြင်း စသည်တို့ ဖြစ်သည်။ ချူကျန့် မှာ ဤအရာများကို တက်ကြွစွာ သွားရောက် လုပ်ဆောင်မည် မဟုတ်သော်လည်း သူ ကာကွယ်ထားရမည့် အန္တရာယ်တစ်ခု ရှိနေ၏။ ၎င်းမှာ အတွေ့အကြုံ ပြဿနာ ဖြစ်သည်။
သူက အွန်လိုင်းဂိမ်းကို တစ်ခါမျှ မကစားဖူးသည့်အပြင် ဤမဟာသိုင်းလောကခေတ်ကိုလည်း ကျွမ်းကျင်သည်ဟု မဆိုနိုင်ပေ။ သို့သော်လည်း သိုင်းလောကကြေညာချက်တွင် ပါဝင်ခြင်းသည် နာမည်နှင့် အကျိုးကျေးဇူးကို ဆိုလိုကြောင်း သူ သိထား၏။ အကယ်၍ မတော်တဆ သိုင်းလောကကြေညာချက်ကို ထပ်မံ ဖြစ်ပေါ်စေမိပြီး ကစားသမားများကြားတွင် နာမည်ကြီးကာ လိုက်လံသတ်ဖြတ် ပစ္စည်းလုယက်ခံရလျှင် ငိုစရာမြေပင် ရှိတော့မည် မဟုတ်ချေ။
ဤအခြေအနေကို ရှောင်ရှားရန် အလုံခြုံဆုံး နည်းလမ်းမှာ ဂိမ်း၏ လမ်းညွှန်အတိုင်း စည်းကမ်းတကျ လိုက်နာဆောင်ရွက်ခြင်း ဖြစ်သည်။
ဘာလဲ… ကစားသမားသစ် လမ်းညွှန်က ပျင်းစရာကောင်းပြီး အချိန်ကုန်တယ်လား… ငါက အချိန်ကုန်မှာကို အကြောက်ဆုံး မဟုတ်ဘူး… သိုင်းပါရမီရှင် ဖြစ်လာဖို့ အချိန်မီအောင် ကြိုးစားေလ့ကျင့်ဖို့လည်း မစဉ်းစားထားဘူး… ငြိမ်ငြိမ်နေပြီး အသက်မွေးဝမ်းကျောင်း ပညာနဲ့ ပိုက်ဆံရှာဖို့ပဲ စဉ်းစားထားတာ…
ကစားသမားသစ် လမ်းညွှန်က ရိုးရှင်းတယ်မလား… ဒါက အကောင်းဆုံးပဲ… ငါက ရိုးရိုးသားသား လက်ခံပြီး ဂိမ်းရဲ့ တောင်းဆိုချက်အတိုင်း တစ်ဆင့်ချင်း တိတိကျကျ လိုက်လုပ်မယ်… ဒါဆိုရင် ကမ္ဘာကို တုန်လှုပ်စေမဲ့ ထူးချွန်တဲ့ လုပ်ဆောင်ချက်တွေ လုပ်မိမှာ မဟုတ်တော့ဘူးမလား…
အများစုနှင့် သင့်တော်ခြင်း = သာမန်ဖြစ်ခြင်း
ပြဿနာ မရှိ ပြီးပြည့်စုံပြီ။
ကစားသမားသစ် လမ်းညွှန်ကို လက်ခံရန် သဘောတူလိုက်ပြီးနောက် မကြာမီပင် ဆံပင်ဖြူနှင့် ခမ်းနားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ဦးက သူ့ထံသို့ လျှောက်လှမ်းလာသည်။ ချူကျန့် ၏ မျက်စိရှေ့တွင် အဘိုးအို၏ အချက်အလက်များ ချက်ချင်း ပေါ်လာ၏။
“ကျန်းကျားခို့ မှ အတွေ့အကြုံရင့် အဘိုးအို…ဧည့်ဝတ်ကျေပွန်ပြီး ကစားသမားသစ်များကို လမ်းညွှန်ပေးရန် တာဝန်ယူထားသည်… သူ့ကို ယဉ်ကျေးရိုးသားစွာ ဆက်ဆံရန် အကြံပြုပါသည်…"
ယဉ်ကျေးစွာ ဆက်ဆံရမည်လား။ ချူကျန့် က လျှို့ဝှက်သိုင်းကမ္ဘာမှ သိုင်းလောကစည်းကမ်းများအတိုင်း လက်သီးဆုပ်၍ အရိုအသေပြုလိုက်၏။
“အဘိုးကို နှုတ်ဆက်ပါတယ်… အဘိုးကို ဒုက္ခပေးရပါတော့မယ်…”
အဘိုးအို၏ မျက်လုံးများထဲတွင် အံ့အားသင့်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ ယခုခေတ်တွင် သူ့ကို အရိုအသေပြုသူများ မနည်းလှသော်လည်း သိုင်းလောကစည်းကမ်းများကို ဤမျှ စံချိန်မီပြီး ကျောင်းသုံးစာအုပ်ထဲမှ နမူနာကဲ့သို့ လုပ်ဆောင်နိုင်သည့် လူငယ်များမှာ ရှားပါးသွားပြီဟု သူ စိတ်ထဲတွင် တွေးလိုက်မိသည်။ သူက ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။
“လူငယ်လေး… မင်းက ကျန်းကျားခို့ ကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား… ကျန်းကျားခို့ ရဲ့ သမိုင်းကြောင်းကို အရင်ဆုံး နားထောင်ချင်သလား…”
နားထောင်မယ် ကစားသမားသစ် လမ်းညွှန်က နားထောင်ခိုင်းရင် ငါက နာနာခံခံလေးနဲ့နားထောင်မယ်။
ချူကျန့် က ရိုးသားစွာ ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ အဘိုးအိုက ချောင်းတစ်ချက် ဟန့်၍ ရှည်လျားသော စကားများကို စတင် ပြောကြားတော့သည်။
“ငါတို့ ကျန်းကျားခို့ အကြောင်း ပြောရမယ်ဆိုရင် ရှန်ချန် က ကောကျင့် သူရဲကောင်းကြီးနဲ့ သူတောင်းစားဂိုဏ်းက ဟွမ်းရုန် ဂိုဏ်းချုပ်အကြောင်းကို မပြောဘဲ ချန်ထားလို့ မဖြစ်ဘူး… သူတို့နှစ်ယောက် ပထမဆုံး တွေ့ဆုံခဲ့တာ ငါတို့ ကျန်းကျားခို့ မှာပဲ… အဲဒီတုန်းက ကျန်းကျားခို့ က ဈေးငယ်လေးတစ်ခုပဲ ရှိသေးတယ်… နယ်စပ်ဒေသက သားရေတွေကို ဝယ်ယူရောင်းချကြတဲ့ နေရာလေးတစ်ခုပေါ့…”
“အော် ဟုတ်သားပဲ… မင်း ကောကျင့် နဲ့ ဟွမ်းရုန် အကြောင်း ကြားဖူးမှာပါ…”
ချူကျန့် က ဂိမ်း၏ သတိပေးချက်အရ ရိုးသားရန် လိုအပ်ကြောင်း သတိရသွားပြီး ပွင့်လင်းစွာ ပြောလိုက်သည်။
“နာမည်ပဲ ကြားဖူးပါတယ်… ကျန်တာတော့ မသိပါဘူး…”
ဤယဉ်ကျေးသော လူ့အဖွဲ့အစည်းသို့ ရောက်ရှိလာပြီးနောက် သူက ခေတ်မီနည်းပညာ ယဉ်ကျေးမှုမျိုးစုံကို စိတ်ဝင်စားသော်လည်း သိုင်းဝတ္ထုများ၊ တီဗီဇာတ်လမ်းများနှင့် ရုပ်ရှင်များကိုမူ အရေးမစိုက်ခဲ့ပေ။ လျှို့ဝှက်သိုင်းကမ္ဘာတွင် ဆယ်နှစ်ကျော်ကြာ ကျင်လည်ခဲ့ပြီးနောက် သိုင်းလောကဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို သူ ကောင်းစွာ သိရှိထားရာ ဤ “ယောက်ျားများ၏ ဒဏ္ဍာရီပုံပြင်များ” ကို အဘယ်မှာ စိတ်ဝင်စားပါတော့မည်နည်း။
ရှသျောက် နှင့် ကောကျင့်၊ ဟွမ်းရုန် တို့မှာ အလွန်ကျော်ကြားသဖြင့် ချူကျန့် မှာ ဝက်ဘ်ဆိုက် ကြည့်ရှုရင်း မတော်တဆ သူတို့၏ နာမည်များကို တွေ့မြင်ခဲ့ဖူးခြင်းသာ ဖြစ်ပြီး ကျန်သည့်အရာများကိုမူ လုံးဝ မသိရှိပေ။
“အမ်… လူငယ်လေး… မင်းက ကောကျင့် နဲ့ ဟွမ်းရုန် တို့ရဲ့ သူရဲကောင်းပုံရိပ်တွေကို မကြားဖူးဘူးလား… ဒါက ဘယ်ဖြစ်မလဲ… ငါ မင်းကို ပြောပြရမယ်… ဒါပေမဲ့ ကောကျင့် လင်မယားအကြောင်း ပြောရမယ်ဆိုရင် အရင်ဆုံး ဒီခေတ်အကြောင်းကနေ စပြောရလိမ့်မယ်…”
ဆံပင်ဖြူ အဘိုးအိုမှာ ဤမျှ ပူးပေါင်းဆောင်ရွက်သော နားထောင်သူကို ရှားရှားပါးပါး တွေ့ရှိရသဖြင့် စိတ်အားထက်သန်စွာ တံတွေးများ စင်အောင် ပြောပြလေတော့၏။ သူက ကျန်းကျားခို့ မှစ၍ လက်ရှိခေတ်၏ အခြေအနေအထိ ပြောပြ၏။ အပြင်တွင် ကျင်း၊ မုန်၊ ချီးသျန် သုံးနိုင်ငံက ကျူးကျော်နေပြီး အတွင်းတွင် အမတ်ယုတ်များနှင့် မိန်းမစိုးများက ကြီးစိုးနေကာ သွေးသောက်စစ်သည်တော်များနှင့် အရှေ့ပိုင်းအင်အားစု အနောက်ပိုင်းအင်အားစု တို့က မွှေနှောက်နေကြ၏။ သဘာဝဘေးအန္တရာယ်များနှင့် လူတို့၏ ဘေးဒုက္ခများကြောင့် သူပုန်များ ထကြွပြီး ပြည်သူများမှာ ဒုက္ခရောက်နေကြသည်။ ဤအခြေအနေကြောင့် သိုင်းလောကတွင် ဂိုဏ်းဂဏများ ပေါ်ပေါက်လာပြီး သိုင်းလောကသားများ၊ သူရဲကောင်းများနှင့် မိစ္ဆာများမှာ မရေမတွက်နိုင်အောင် ပေါ်ထွက်လာ၏။ မည်သို့ပင်ဖြစ်စေ ဤသည်က ရောထွေးနေသော စိတ်ကူးယဉ် နန်းတွင်းတစ်ခု ဖြစ်ကြောင်းကိုမူ ကြားရုံဖြင့် သိနိုင်ပေသည်။
လက်ရှိခေတ်အကြောင်း ပြောပြီးနောက် ကောသူရဲကောင်းကြီး လင်မယားအကြောင်း ဆက်ပြော၏။
“ဒီလို အခြေအနေမျိုးမှာ မွန်ဂိုကနေ ပြန်လာခါစ ကောကျင့် သူရဲကောင်းကြီးနဲ့ သူတောင်းစားလေးအဖြစ် ဟန်ဆောင်ထားတဲ့ ဟွမ်းရုန် မိန်းကလေးတို့ တွေ့ဆုံခဲ့ကြတယ်… သူတို့ရဲ့ အချစ်ဇာတ်လမ်းက ပေါက်စီလုံးတစ်လုံးကနေ စခဲ့တာ…”
ရှေ့နောက် မိနစ်သုံးဆယ်နီးပါး မရပ်မနား ပြောဆိုပြီးနောက်မှ ကျန်းကျားခို့ ၏ အတိတ်နှင့် ပစ္စုပ္ပန်အကြောင်းသို့ ရောက်ရှိလာ၏။ အနာဂတ်အကြောင်း မပြောရုံတမယ်ပင်။
ချူကျန့် မှာ နားထောင်ရင်းဖြင့် သမ်းဝေလာသော်လည်း ကစားသမားသစ် လမ်းညွှန်မှ သွေဖည်သွားမည်ကို စိုးရိမ်သဖြင့် စိတ်ဝင်စားဟန်ဆောင်၍ နားထောင်နေသည့် အမူအရာကို ပြုလုပ်ထား၏။ သူက ငြိမ်ငြိမ်နေရန် အကျင့်ပါနေပြီ ဖြစ်ရာ သူ၏ မျက်နှာနှင့် မျက်လုံးများပေါ်မှ ရိုးသားသော အပြုံးတွင် အပြစ်အနာအဆာ တစ်စက်မျှ မတွေ့ရပေ။
ပြောဆိုရလွန်း၍ နှုတ်ခမ်းများ ခြောက်ကပ်လာသောအခါ အဘိုးအိုက ချူကျန့် ကို ကြေးနီစ အနည်းငယ် ပေး၍ လမ်းဘေးမှ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည် ဝယ်သောက်တတ်အောင် သင်ပေး၏။ နွေးထွေးသော လက်ဖက်ရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီးနောက် အဘိုးအိုက ကျေနပ်စွာ သက်ပြင်းချလိုက်သည်။
“တော်ပြီ လူငယ်လေး… မင်း ကျန်းကျားခို့ ရဲ့ သမိုင်းကို တော်တော်လေး ရင်းနှီးသွားလောက်ပြီ… ငါ မင်းကို လိုက်ပြပေးမယ်…”
“အဘိုးကို ဒုက္ခပေးရပါတော့မယ်…”
ချူကျန့် က မည်သည့် သဘောထားကိုမျှ မပေးဘဲ ရိုးသားစွာ ပြုံး၍ ခေါင်းညိတ်လိုက်၏။ အဘိုးအိုက သူ့ကို ကျန်းကျားခို့ ၏ လမ်းများပေါ်တွင် လှည့်လည်သွားလာစေပြီး အရှေ့ဘက်အိမ်အတွက် ကြက်တစ်ကောင် ရှာပေးစေ၏။ အနောက်ဘက်အိမ်အတွက် ဆေးဝယ်ပေးစေ၏။ တောင်ဘက်အိမ်အတွက် ထမင်းပို့ပေးစေ၏။ မြောက်ဘက်အိမ်အတွက် စာတစ်စောင် ပို့ပေးစေ၏။
မည်သို့ပင်ဖြစ်စေ ဦးနှောက်သုံးရန် မလိုအပ်သည့်အပြင် ကစားသမားသစ် လမ်းညွှန် ပြီးဆုံးမှသာ အသက်မွေးဝမ်းကျောင်းတာဝန်များ လုပ်ဆောင်နိုင်မည် ဖြစ်သဖြင့် ချူကျန့် မှာ ဖြည်းညင်းစွာ လုပ်ဆောင်နေ၏။ ခိုင်းသည့်အတိုင်း လုပ်ဆောင်ပြီး အကြိမ်တိုင်းတွင် NPC ဇာတ်ကောင်များနှင့် စိတ်ရှည်စွာ အရိုအသေပြု၏။ အခြားသူများ ပေးသော လက်ဆောင်ငယ်များကို ငြင်းပယ်နိုင်လျှင် ငြင်းပယ်ပြီး မငြင်းပယ်နိုင်လျှင် ကျေးဇူးတင်စကား ပြောဆို၍ လက်ခံလိုက်၏။ မည်မျှ ပျင်းစရာကောင်းပြီး ငြီးငွေ့ဖွယ် ဖြစ်နေပါစေ ကစားသမားသစ် လမ်းညွှန်၏ အဆင့်တိုင်းကို ပြီးပြည့်စုံအောင် လုပ်ဆောင်ပြီး ကိုယ်ပိုင်သဘောဖြင့် လွတ်လပ်စွာ လုပ်ဆောင်ခြင်းကို လုံးဝ မပြုလုပ်ချေ။
အဘိုးအိုက သူ့ကို ကစားသမားသစ် ဓားတစ်ချောင်း ပေးလျှင် ချက်ချင်း တပ်ဆင်လိုက်၏။ စိုက်ခင်းကို ဖျက်ဆီးနေသော ယုန်များကို နှစ်ချက် ခုတ်သတ်ခိုင်းလျှင် သုံးချက် မခုတ်သတ်ချေ။ “တည့်တည့်ထိုး” ကို အသုံးပြုခိုင်းလျှင် လက်တည့်စမ်း၍ “အောက်စိုက်ခုတ်” ဟု မပြောင်းလဲချေ။
အခြား ကစားသမားများက လမ်းလု၍ သို့မဟုတ် ယုန်များကို လုသတ်လျှင်လည်း ချူကျန့် မှာ အလျင်မလိုဘဲ အခြားသူများ သတ်ပြီးမှ သွားသတ်၏။ မည်သို့ပင်ဖြစ်စေ ယုန်များ ကုန်သွားလျှင် အဘိုးအိုက အခြား တာဝန်တစ်ခုသို့ ပြောင်းလဲပေးမည် ဖြစ်ရာ နောက်ဆက်တွဲ လမ်းညွှန်ကို မထိခိုက်ပေ။
ကစားသမားသစ်တာဝန် တစ်ခုလုံးမှာ ငြိမ်သက်အေးဆေးစွာ ပြီးဆုံးသွားပြီး မည်သည့် ကစားသမား၏ အာရုံစိုက်မှုကိုမျှ မခံရသည့်အပြင် မည်သည့် သိုင်းလောကကြေညာချက်ကိုမျှလည်း ဖြစ်ပေါ်စေခြင်း မရှိသဖြင့် ချူကျန့် မှာ အလွန် ကျေနပ်နေ၏။ ဤကဲ့သို့ ငပျင်းတစ်ယောက်လို ဂိမ်းကစား၍ လစာရသည့် ဘဝသည် အကောင်းဆုံးပင် မဟုတ်ပါလော။
အဘိုးအိုမှာ သူ၏ မျက်နှာအမူအရာကို အမြဲတမ်း အကဲခတ်နေပြီး သူက အစမှအဆုံး နူးညံ့ရိုးသားသော အပြုံးကို ဆင်မြန်းထားသည်ကို မြင်သောအခါ စိတ်ထဲတွင် အလွန်ပင် လေးစားသွားသည်။
ရှားရှားပါးပါး ရိုးသားတဲ့သူပါလား။
အဘိုးအိုမှာ ကျန်းကျားခို့ သို့ ပထမဆုံး ရောက်ရှိလာသည့် လူငယ် မည်မျှလောက်ကို ဧည့်ခံခဲ့ဖူးသည်ကို မသိတော့ချေ။ ဤကဲ့သို့ စိတ်ထားနူးညံ့ပြီး ရိုးသားဖြောင့်မတ်သည့် လူငယ်ကိုမူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
အခြား လူငယ်များမှာ အဘယ်သို့နည်း။
အချို့က ခေါင်းကို မော့၍ မောက်မာကြပြီး ငါက အနာဂတ်ရဲ့ သိုင်းပါရမီရှင်ကြီး ဖြစ်လာမှာဟု ထင်နေသည့်ပုံစံဖြင့် သူ့ဇာတ်လမ်းကို စိတ်အေးလက်အေး နားထောင်ခြင်း မရှိဘဲ အစပျိုးရုံရှိသေး စကားဖြတ်ပြောတတ်ကြ၏။
မျက်နှာချိုသွေးသူများပင်လျှင် အောင့်အည်း၍ နောက်ဆုံးအထိ နားထောင်ကြသော်လည်း မျက်နှာပေါ်တွင် ငြီးငွေ့ဟန်ဖြင့် သမ်းဝေနေပြီး ငါက တာဝန် ကြောင့်သာ မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားထောင်နေရတာဟု ဆိုသည့် မကျေမနပ် မျက်နှာပေးမျိုးဖြင့် ရှိနေတတ်ကြ၏။
သူ၏ သင်ကြားပြသမှုများကိုမူ အလျင်စလို လုပ်ဆောင်ကြပြီး တာဝန် များကို စိတ်ပါလက်ပါ မလုပ်ဆောင်ကြသည့်အပြင် သာမန်ပြည်သူများနှင့် ဆက်ဆံရာတွင်လည်း စိတ်ရှည်သည်းခံမှု အနည်းငယ်မျှ မရှိဘဲ မကြာခဏ မျက်နှာထားတင်းတင်းဖြင့် ဆက်ဆံတတ်ကြ၏။
ယုန်သတ်သည့်အခါတွင်လည်း ကိုယ်ပိုင်သဘောဖြင့် လျှောက်ခုတ်သူများမှာ မရေမတွက်နိုင်အောင် များပြားပြီး စိတ်တိုတတ်သူများဆိုလျှင် အခြားသူများနှင့် စကားများကာ ဆဲဆိုကြိမ်းမောင်းတတ်ကြသေး၏။
ဤကဲ့သို့သော ဖြစ်ရပ်များမှာ အလွန် များပြားလှရာ နှိုင်းယှဉ်ကြည့်လျှင် မျက်စိရှေ့မှ လူငယ်၏ နွေးထွေးတည်ကြည်ပြီး ယဉ်ကျေးသော အပြုအမူများမှာ အလွန်ပင် နှစ်လိုဖွယ်ကောင်းပြီး နွေးထွေးမှုကို ခံစားရစေသည်။
နှမြောစရာပါပဲ…
အဘိုးအိုက ခေါင်းခါ၍ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်၏။ သူကလည်း သိုင်းလောကတွင် နာမည်မထင်ရှားသော သိုင်းပါရမီရှင်တစ်ဦး ဖြစ်ရာ မျက်စိရှင်သဖြင့် ဤလူငယ်မှာ ခန္ဓာကိုယ် ကြံ့ခိုင်သန်မာပုံ ပေါက်သော်လည်း မွေးရာပါ အရိုးအကြောမှာ အလွန် ညံ့ဖျင်းသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်၏။ ဤကဲ့သို့သော ကိုယ်ခန္ဓာဖြင့် သိုင်းပညာ လေ့ကျင့်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ထို့အပြင် သူ၏ ရိုးသားဖြောင့်မတ်သော အသွင်အပြင်ကို ကြည့်လျှင် ဉာဏ်ရည်မှာလည်း အတော်လေး နိမ့်ကျလောက်သည်ဟု သူ တွေးလိုက်သည်။
ဤကဲ့သို့သော လူငယ်သည် မွေးရာပါ အားအင်ကြီးမားလျှင်ပင် အပြင်ပန်း သိုင်းပညာအချို့ကိုသာ လေ့ကျင့်နိုင်ပြီး “သိုင်းပါရမီရှင်” ဟူသော ဂုဏ်ပုဒ်နှင့် ထာဝရ ဝေးကွာနေပေလိမ့်မည်။
နှမြောစရာပဲ… တကယ်ကို နှမြောစရာပဲ…