← Chapters

သည်လူငယ်ကို ကူညီရမယ်

Vol. 1 Ch. 6

သည်လူငယ်ကို ကူညီရမယ်

Vol. 1 Ch. 6

“နောက်တစ်ခုက ထမင်းမစားဘဲ အိမ်မပြန်တဲ့ ကလေးကို သွားရှာရမှာလား…”

ထိုအချိန်တွင် ချူကျန့် မှာ သီချင်းတအေးအေးဖြင့် မြစ်ကမ်းနားသို့ လျှောက်သွားပြီး မကြာမီပင် ပန်းတိုင်သို့ ရောက်ရှိသွား၏။ တာဝန်နှင့် သက်ဆိုင်သော မိန်းကလေးငယ်မှာ ငိုယိုနေပြီး သူမ၏ စွန်မှာ မြစ်ကမ်းနားမှ မိုးမခပင်ပေါ်တွင် ချိတ်နေသဖြင့် ပြန်မရသောကြောင့် အိမ်မပြန်ဘဲ နေခြင်း ဖြစ်သည်။

ချူကျန့် အနည်းငယ် အခက်တွေ့သွား၏။ ပတ်ဝန်းကျင်တွင် အသုံးပြုနိုင်သည့် တုတ်ရှည် တစ်ချောင်းမျှ မရှိသည့်အပြင် လက်ရှိ ဂိမ်းထဲမှ အတွင်းအား တစ်စက်မျှ မရှိသော ခန္ဓာကိုယ်ဖြင့် သူက လေပေါ်ခုန်တက်ခြင်း ကဲ့သို့သော ပေါ့ပါးခြင်း သိုင်းပညာ သို့မဟုတ် လက်တွေ့တွင် သူ တတ်ကျွမ်းသော လေထဲမှ ပစ္စည်းကို လှမ်းယူသည့် သိုင်းပညာကို အသုံးပြုနိုင်မည် မဟုတ်ရာ မိုးမခပင်ပေါ်သို့ တက်၍ ဆွဲယူရတော့သည်။

သူ၏ လက်ချောင်းများက စွန်ကို မမီတမီလေးတွင် သစ်ကိုင်းက ရုတ်တရက် ကျိုးကျသွားပြီး ချူကျန့် မှာ စွန်နှင့်အတူ အေးစက်ပြီး တဝေါဝေါစီးဆင်းနေသည့် မြစ်ရေထဲသို့ ဝေါခနဲ ကျသွားသည်။

အခြေအနေ မကောင်းပါလား။ တကယ်လို့ စွန် စိုသွားရင် ဤတာဝန် ပြီးမြောက်မှုကို ထိခိုက်နိုင်တယ် မဟုတ်လား။

ချူကျန့် မှာ မတော်တဆမှုများ ဖြစ်ပွား၍ အလုပ်ရှုပ်မည်ကို စိုးရိမ်သဖြင့် ရေထဲသို့ ကျသည့် ပုံစံကို အမြန် ပြင်ဆင်လိုက်ပြီး စွန်ကို မြစ်ရေ မစိုစေရန် မြင့်မြင့် မြှောက်ထားလိုက်၏။

“တော်သေးတယ်… စွန်ကို ကယ်နိုင်လိုက်တယ်…”

ကမ်းစပ်သို့ တစ်ကိုယ်လုံးရေစိုဖြင့် ပြန်ရောက်လာသောအခါ ချူကျန့် မှာ သက်ပြင်းချလိုက်၏။ အရာအားလုံးက ကစားသမားသစ်တာဝန်မှ သွေဖည်မသွားသဖြင့် အလွန် ကောင်းမွန်သည်။ သူက စွန်ကို မိန်းကလေးငယ်ထံ ပြန်ပေးလိုက်ပြီး ပျော်ရွှင်စွာ) ဖြင့်ပြုံး၍ ပြောလိုက်သည်။

“ရပြီ… စွန် ပြန်ရပြီ… မြန်မြန် အိမ်ပြန်တော့… မင်းအမေက မင်းကို ထမင်းစားဖို့ ခေါ်နေပြီ…”

သူ၏ တစ်ကိုယ်လုံးမှာ စိုရွှဲနေပြီး အေးစက်သော ရေစက်များက သူ၏ သာမန် မျက်နှာပေါ်မှ လျှောကျနေသဖြင့် ပို၍ပင် သနားစရာ ကောင်းနေ၏။ သို့သော်လည်း သူ၏ မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးကို ဆင်မြန်းထားပြီး သူ၏ အသံမှာလည်း နူးညံ့ပျော့ပျောင်းကာ စိတ်မတို စိတ်မရှုပ်ဘဲ မည်သည့် မကျေမနပ်စကားကိုမျှ မပြောချေ။

ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသော အဘိုးအိုမှာ အလွန်ပင် တုန်လှုပ်သွားပြီး မျက်ရည်များပင် ဝဲလာသည်။

ဘယ်လောက်တောင် စိတ်ထားကောင်းတဲ့ လူငယ်လေးလဲ။

ယခုလို မကောင်းမှုကို ဂုဏ်ယူပြီး မိစ္ဆာကို အထင်ကြီးနေသည့် သိုင်းလောကကြီးတွင် ဤမျှ ရိုးသားပြီး စိတ်ထားကောင်းသည့် လူငယ်ကို အဘယ်မှာ တွေ့နိုင်တော့မည်နည်း။

စိတ်ဓာတ် ဤမျှ ကောင်းမွန်သည့် လူငယ်လေးက အဆင့်မြင့် သိုင်းပညာများကို လေ့ကျင့်နိုင်ခွင့် မရှိဘဲ နိုင်ငံနှင့် ပြည်သူအတွက် အကျိုးဆောင်မည့် သိုင်းလောကသားကြီး တစ်ဦး ဖြစ်လာနိုင်ခြင်း မရှိသည်မှာ တရားမျှတမှု မရှိသည့်အပြင် ကောင်းကင်ဘုံကပင် မျက်နှာလွှဲခဲပစ် လုပ်ရက်ပေစွ။

အဘိုးအိုမှာ လည်ချောင်းထဲတွင် တစ်စုံတစ်ခု ဆို့နင့်နေသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ စိတ်နှလုံးမှာလည်း တစ်စုံတစ်ခုဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားသကဲ့သို့ နာကျင်နေ၏။

မဖြစ်ဘူး ငါ ဒီလူငယ်လေးကို ကူညီဖို့ တစ်ခုခု လုပ်ရမယ်။

ဤကဲ့သို့ အရိုးအကြော ညံ့ဖျင်းပြီး ဉာဏ်ရည်နိမ့်ကျသည့် လူငယ်ကို ပျိုးထောင်ပေးနိုင်မည့်သူမှာ ကမ္ဘာပေါ်တွင် အံ့ဩဖွယ် သူရဲကောင်းကြီး ရှီဖော်ထျန်း နှင့် “ကမ္ဘာ့ပထမဆုံး သူရဲကောင်း” ဟု အမည်တွင်သည့် ရှန်ချန် မှ သူရဲကောင်းကြီး ကောကျင့် တို့သာ ရှိပေလိမ့်မည်။

သို့သော်လည်း ရှီဖော်ထျန်း မှာ တောထဲတွင် သိုသိပ်စွာနေထိုင်နေပြီး သိုင်းလောကတွင် မျက်နှာပြတော့ခြင်း မရှိပေ။ တစ်ဦးတည်းသော ရွေးချယ်စရာမှာ ရှန်ချန် တွင် မွန်ဂိုများကို ခုခံတိုက်ခိုက်နေသည့် ကောကျင့် သာ ရှိတော့သည်။

သို့သော်လည်း မိမိနှင့် ကောကျင့် မှာ မျက်မှန်းတန်းမိရုံသာ သိကျွမ်းပြီး သူ့ကို အနည်းငယ် ကူညီခဲ့ဖူးသော်လည်း နှစ်ပေါင်းများစွာ ကြာပြီးနောက် သူ မှတ်မိပါဦးမလား…

“အဘိုး… ဘာအကူအညီ လိုသေးလဲ…”

အဘိုးအို တွေးတောနေစဉ် ချူကျန့် က မျက်နှာပေါ်မှ ရေစက်များကို သုတ်ရင်း ရိုးသားစွာ ပြုံး၍ မေးလိုက်သည်။

သူ၏ ရိုးသားသော အပြုံးကို ကြည့်ရင်း အဘိုးအို မျက်ရည်များပင် ကျလုမတတ် ဖြစ်သွား၏။ သူက မျက်နှာကို အမြန် လွှဲလိုက်ပြီး အသက်ကို ပြင်းပြင်းရှူကာ မျက်ရည်များကို အနိုင်နိုင် ထိန်းချုပ်လိုက်ပြီးနောက် မေးလိုက်သည်။

“လူငယ်လေး… မင်း အနာဂတ်အတွက် ဘာအစီအစဉ် ရှိသလဲ…”

“အနာဂတ်လား…”

ချူကျန့် ၏ မျက်လုံးများက အရောင်တောက်သွား၏။ အဘိုးအို၏ စိတ်အခြေအနေ ပြောင်းလဲမှုက အနည်းငယ် ထူးဆန်းသော်လည်း သူက မိမိ၏ အနာဂတ်ကို လမ်းညွှန်ပေးမည့်ပုံ ပေါက်နေသည်။

“အနာဂတ်မှာ ကျွန်တော် ပန်းပဲပညာ ဒါမှမဟုတ် ဆေးဖော်စပ်ပညာလိုမျိုး သင်ချင်တယ်…”

“အိုး… မင်း သိုင်းပညာ မလေ့ကျင့်ချင်ဘူးလား…”

ချူကျန့် က ပခုံးတွန့်လိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့် ရိုးသားစွာ ပြုံး၍ ပြောလိုက်သည်။

“ကျွန်တော့်ရဲ့ အရည်အချင်းက အရမ်းညံ့တော့ သိုင်းပညာ လေ့ကျင့်လို့ မရဘူး… ဒါကြောင့် ပန်းပဲထုတာ ဒါမှမဟုတ် ဆေးဖော်စပ်တာနဲ့ အသက်မွေးဝမ်းကျောင်း ပြုချင်တယ်… ဒီသိုင်းလောကနဲ မပတ်သက်နိုင်ရင် အကောင်းဆုံးပဲ…”

သူက သူသိုင်းပညာ လေ့ကျင့်လို့ မရနိုင်ဘူးဆိုတာကို အစကတည်းက ကြိုသိထားတာလား… အဲဒါကိုတောင်မှ ပေါ့ပေါ့ပါးပါး သရော်တဲ့အပြုံးနဲ့ ပြောနိုင်တယ်… ဘယ်လောက်တောင် စိတ်ဓာတ်ကြံ့ခိုင်လိုက်သလဲ…

အဘိုးအို အနိုင်နိုင် ထိန်းချုပ်ထားသော မျက်ရည်များက ထပ်မံ ကျဆင်းလာတော့မည့်ဆဲဆဲ ဖြစ်သွားသည်။

ရှားပါးတယ်…သည်လိုလူမျိုးသိပ်ရှားတယ်။ ဤကဲ့သို့ စိတ်ထားကောင်းမွန်ပြီး အကောင်းမြင်တတ်ကာ ဘဝနှင့် အနာဂတ်ကို လက်မလွှတ်ဘဲ ကြိုးစားနေသည့် လူငယ်ကို မိမိက သူ၏ တစ်သက်တာလုံး ပန်းပဲဖိုနှင့် ဆေးဖော်စပ်သည့် ဖိုနှင့်သာ အချိန်ကုန်ဆုံးနေသည်ကို မျက်စိမှိတ် ကြည့်နေရမည်လား။

မဖြစ်ဘူး သူ့ဂုဏ်သိက္ခာကို ဘေးချိတ်ထားရမည်ဆိုလျှင်တောင် သည်လူငယ်ကို သိုင်းပါရမီရှင် လမ်းစဉ်ပေါ်သို့ လျှောက်လှမ်းနိုင်အောင် ကူညီရမည်။ သို့မဟုတ်ပါက သိုင်းလောက၏ ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်သွားလိမ့်မည်။

အဘိုးအိုမှာ အသက်အရွယ်အရ ဤကဲ့သို့ စိတ်လှုပ်ရှားမှုမျိုးကို ကြာမြင့်စွာ မခံစားခဲ့ရတော့ပေ။ ဤတစ်ခဏတွင် သူက မျက်နှာနှင့် စိုးရိမ်မှုများကို ဘေးဖယ်ထားလိုက်ပြီး စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့သည်။

ငါ အခုပဲ ပြန်ပြီးတော့ ကောကျင့် သူရဲကောင်းကြီးကို ထောက်ခံစာ ရေးပေးမယ်။ မျက်နှာပြောင်တိုက်ပြီး အတိတ်က ကျေးဇူးလေးကို ပြန်ဖော်ရရင်တောင် ကော သူရဲကောင်းကြီးက ဒီလူငယ်လေးကို တပည့်အဖြစ် လက်ခံအောင် လုပ်ရမယ်။

အဘိုးအိုက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး မလှမ်းမကမ်းမှ ယိုယွင်းနေသော အိမ်ကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။

“အဲဒီတံတားနားမှာ ထိုင်နေတဲ့ ရှောင်ကူအာ က သူ တစ်ခါမှ မမြင်ဖူးတဲ့ သူ့အဖေ ပြန်လာတာကို စောင့်နေတယ်… ဖြစ်နိုင်ရင် မင်း သူ့ကို ငါ့ကိုယ်စား နှစ်သိမ့်ပေးပြီး ပျော်အောင် လုပ်ပေးပါ… ငါ့မှာ ကိစ္စရှိသေးလို့ ခဏနေရင် မင်းတို့ဆီ ပြန်လာခဲ့မယ်…”

ဟု ဆိုကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။

ချူကျန့် အနည်းငယ် နားမလည် ဖြစ်သွားသော်လည်း အဘိုးအိုက ကစားသမားသစ် လမ်းညွှန် ဖြစ်သဖြင့် သူ၏ စကားကို နားထောင်ရမည် ဖြစ်ပြီး လျှော့ပေါ့ နားထောင်၍ မဖြစ်ပေ။

အဘိုးအို ထွက်သွားပြီးနောက် ချူကျန့် က တံတားနားသို့ လာခဲ့ရာ ရှောင်ကူအာ ဟု အမည်ရသော ရှစ်နှစ်၊ ကိုးနှစ်အရွယ် ကလေးငယ်ကို တစ်ချက်တည်းနှင့် တွေ့လိုက်ရ၏။ သူက ကျောက်စရစ်ခဲလေးများကို ကောက်၍ မြစ်ရေပေါ်မှ သစ်ရွက်ခြောက်များကို လှမ်းပေါက်နေသည်။

ဂိမ်းက တာဝန်သတိပေးချက်ကို ချက်ချင်း ထုတ်ပြန်လိုက်၏။

“ရှောင်ကူအာ မွေးဖွားကတည်းက ဖခင်ကို တစ်ခါမျှ မမြင်ဖူးသော သနားစရာ ကလေးငယ်၊ စိတ်ဓာတ်ကျနေသူ၊ စိတ်ရှည်စွာ ဆက်ဆံရန် အကြံပြုသည်…"

မဟာသိုင်းလောကခေတ်တွင် NPC နှင့် ကစားသမားမှာ အခြေခံအားဖြင့် ခြားနားမှု မရှိသည့်အပြင် ခေါင်းပေါ်တွင်လည်း မည်သည့် အမည်နာမမျှ ပြသထားခြင်း မရှိချေ။ တာဝန်ဇာတ်ကောင် NPC အနားသို့ ချဉ်းကပ်မှသာ ဂိမ်းက အနည်းငယ် သတိပေးချက် ထုတ်ပြန်ပေးသည်။ ရှောင်ကူအာ မှာ ကစားသမားသစ် တာဝန် ဇာတ်ကောင် ဖြစ်သဖြင့် သတိပေးချက်မှာ အနည်းငယ် အသေးစိတ်ကျ၏။

ချူကျန့် မှာ နောက်စေ့ကို ကုတ်လိုက်၏။ သူက ကလေးချော့ရာတွင် အတွေ့အကြုံ သိပ်မရှိသော်လည်း အဘိုးအိုက တာဝန် ပေးအပ်ခဲ့သဖြင့် ပြီးမြောက်အောင် လုပ်ဆောင်ရမည်။

“ရှောင်ကူအာ… မင်း ဒီလိုပစ်ရင် ဘယ်တော့မှ မှန်‌မှာမဟုတ်ဘူး”

ချူကျန့် က ဘေးတွင် ဝင်ထိုင်လိုက်၏။ ရှောင်ကူအာ က သူ့ကို မျက်စောင်းထိုးကြည့်ပြီး သူ၏ ကျောက်တုံးများကို ဆက်လက် ပစ်ပေါက်နေသည်။ ဆယ်လုံးကျော် ပစ်ပေါက်ပြီးသော်လည်း တစ်လုံးမျှ မမှန်ခဲ့ချေ။

ချူကျန့် က ပတ်ဝန်းကျင်တွင် အခြားကစားသမားများ မရှိသည့်အပြင် NPC တစ်ဦးတစ်ယောက်မျှ မတွေ့ရသဖြင့် တာဝန် ဇာတ်လမ်း မြင်ကွင်းထဲသို့ ဝင်ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်၏။ ဤသည်က ကစားကွင်းနှင့် တူညီပြီး တတိယ ကစားသမားတစ်ဦးတစ်ယောက်မျှ ပေါ်ထွက်လာမည် မဟုတ်ချေ။ ထိုအခါမှ သူက စိတ်အေးလက်အေး ကျောက်တုံးတစ်လုံးကို ကောက်ယူ၍ လျှို့ဝှက်လက်နက်ပစ်သည့် နည်းစနစ်ဖြင့် ချိန်ရွယ်ကာ လက်ကို လွှဲပစ်လိုက်ရာ ပလပ်ခနဲ အသံနှင့်အတူ သစ်ရွက်တစ်ရွက်ကို တည့်တည့်မှန်၍ မြစ်ရေထဲသို့ ကျသွားစေသည်။

သူက ဆက်လက်၍ ကောက်ယူ ပစ်ပေါက်ရာ ကျောက်စရစ်ခဲ ဆယ်လုံးစလုံး ပစ်မှတ်ကို ထိမှန်ပြီး မြစ်ရေပြင်ပေါ်မှ သစ်ရွက်များအားလုံးကို ပစ်ပေါက်ပြီးမှ လက်ရပ်လိုက်သည်။

သူက ယခင် လျှို့ဝှက်သိုင်းကမ္ဘာတွင် “စွယ်စုံကျမ်းသဖွယ် အသက်အငယ်ဆုံး သခင်” ဟု အမည်တွင်ခဲ့ပြီး သိုင်းပညာ တစ်ဆယ့်ရှစ်မျိုးစလုံးကို ကျွမ်းကျင်သည့်အပြင် လျှို့ဝှက်လက်နက်ပညာမှာလည်း ထိပ်တန်းအဆင့် ဖြစ်သည်။ ထိုအချိန်တွင် သူက အတွင်းအား တစ်စက်မျှ မရှိသော်လည်း ထက်မြက်သော မျက်လုံးများမှာ ရှိနေသေးသည့်အပြင် အမှတ် ၄၀ ပြည့် မွေးရာပါ ခွန်အားကြောင့် ဆယ်မီတာ၊ ရှစ်မီတာအကွာမှ ပစ်မှတ်ကို ထိမှန်အောင် ပစ်ပေါက်ခြင်းမှာ အလွန် လွယ်ကူသော ကိစ္စဖြစ်သည်။

ရှောင်ကူအာ မှာ နောက်ဆုံးတွင် အံ့အားသင့်စွာဖြင့် လှည့်ကြည့်လာ၏။

“အစ်ကိုကြီး တော်လိုက်တာ… ကျွန်တော့်ကို သင်ပေးလို့ ရမလား…”

ချူကျန့် က သူ့ကို အလွယ်ကူဆုံး လျှို့ဝှက်ချက်အချို့ကို သင်ပြပေးလိုက်၏။ ရှောင်ကူအာ က အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် နောက်ဆုံးတွင် ရေထဲမှ သစ်ရွက်ကို အောင်မြင်စွာ ပစ်မှန်နိုင်ခဲ့သည်။ ဤကလေးငယ် ပြုံးနေသည်ကို မြင်ပြီး တာဝန် ပြီးမြောက်သွားသောအခါ ချူကျန့် က လက်ခါ၍ ထရပ်ရန် ပြင်လိုက်သည်။

“ဟေ့… အစ်ကိုကြီး… အစ်ကိုကြီးက သိုင်းလောကသားလား…”

“မဟုတ်ဘူး…”

ချူကျန့် က လှည့်ကြည့်လိုက်သောအခါ ရှောင်ကူအာ ၏ မျက်နှာပေါ်မှ အပြုံးမှာ ပျောက်ကွယ်သွားပြီး ပြောမပြတတ်သော အထီးကျန်မှုသာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရသည်။

ဒီကောင်လေး…ဘာလို့ ဒီလောက် အထီးကျန်နေရတာလဲ။

အဘိုးအို လမ်းညွှန် ပြန်မလာသေးသဖြင့် ချူကျန့် မှာ စဉ်းစားပြီးနောက် ပြန်လည် ထိုင်ချလိုက်သည်။

ရှောင်ကူအာ က ထပ်မေးလိုက်၏။

“အစ်ကိုကြီး ပြောကြည့်ပါ… သိုင်းလောကက ပျော်စရာ ကောင်းလား…”

“မကောင်းဘူး… တစ်စက်မှ မကောင်းဘူး…”

“ဒါဆို ကျွန်တော့်အဖေက ဘာလို့ သိုင်းလောကမှာ သွားကစားနေတာလဲ… သွားကစားလိုက်တာ အိမ်ပြန်ဖို့တောင် မေ့သွားတယ်… ကျွန်တော် သူ့ကို တစ်ခါမှ မမြင်ဖူးဘူး…”

မင်းအဖေက သိုင်းလောကရဲ့ ဘယ်ထောင့်တစ်နေရာမှာ သတ်ခံလိုက်ရပြီလဲ မသိဘူး။ ချူကျန့် မှာ စကားက လည်ချောင်းဝအထိ ရောက်လာပြီးမှ ပြန်မျိုချလိုက်၏။ အကယ်၍ တကယ် ပြောထွက်လိုက်ရင် ဒီကောင်လေး ငိုယိုတော့မှာ သေချာတယ်။ အကယ်၍ ပြန်လာတဲ့ အဘိုးအိုက တွေ့သွားရင် ဒုက္ခရောက်ပြီ။ တာဝန်ရှုံးနိမ့်သွားတယ်လို့ သတ်မှတ်ပြီး ဒီကောင်လေးကို ပျော်အောင်လုပ်ခိုင်းရင် ဘယ်လိုလုပ်မလဲ။

သူက လိမ်ညာ၍ ပြောလိုက်ရသည်။

“သူက လုပ်စရာတွေ မပြီးသေးလို့ နေမှာပေါ့… ပြီးရင် ပြန်လာမှာပါ…”

“ဟုတ်တယ်… ကျွန်တော့်အမေလည်း ဒီလိုပဲ ပြောတယ်…” ရှောင်ကူအာ က အဝေးကို လှမ်းကြည့်ရင်း ပြောလိုက်သည်။

“ကျွန်တော့်အဖေက သွားခါနီးတုန်းက အမေ့ကို ပြောခဲ့တယ်… သူက လက်နက်စာရင်းဝင် လူတွေဖြစ်တဲ့ ရှန်ကွမ်းကျင်းဟုန်, လီရွှင်းဟွမ်, ကောစုန့်ယန်, လျိုဖုန်းရှန် တို့ကို သွားရှာပြီး သူတို့ကို အနိုင်တိုက်… နာမည်ကြီးအောင် လုပ်ပြီးရင် ပြန်လာမယ်တဲ့… အစ်ကိုကြီး… ရှန်ကွမ်းကျင်းဟုန် နဲ့ လီရွှင်းသွမ် တို့က တော်လား… ကျွန်တော့်အဖေ သူတို့ကို အနိုင်တိုက်နိုင်ပါ့မလား…”

အခြားသူများကို ချူကျန့် သိပ်မသိသော်လည်း လီရွှင်းဟွမ် ကိုမူ မဟာသိုင်းလောကခေတ်၏ ကြော်ငြာတွင် တွေ့ဖူး၏။ သူ၏ ဓားပျံမှာ လွဲချော်ခြင်း မရှိဟု ဆိုပြီး NPC များထဲတွင် အလွန်ပင် ထူးချွန်သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

အွန်လိုင်းဂိမ်းများ၏ ထုံးစံအရ ဤကဲ့သို့သော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များကို အနိုင်တိုက်နိုင်သူမှာ ကစားသမားများသာ ဖြစ်ပြီး သူ၏ ဖခင်မှာ NPC တစ်ဦးသာ ဖြစ်ရာ အနိုင်တိုက်နိုင်ရန် မည်သို့ ဖြစ်နိုင်မည်နည်း။

“မနိုင်သေးလို့ နေမှာပေါ့… နိုင်ရင် ပြန်လာလောက်ပြီ…”

“အင်း…”

ရှောင်ကူအာ က ခေါင်းငုံ့လိုက်၏။

“အစ်ကိုကြီး… ကျွန်တော့်ကို ဓားသိုင်းတစ်ကွက်လောက် ထုတ်ပြလို့ ရမလား… ကျွန်တော့်အဖေက ဓားသိုင်း လေ့ကျင့်တာ… ဒါပေမဲ့ ကျွန်တော့်အမေက သိုင်းပညာ တစ်စက်မှ မတတ်ဘူး… ကျွန်တော် ဓားသိုင်းကတာ တစ်ခါမှ မမြင်ဖူးဘူး…”

ချူကျန့် က အပေးအယူ လုပ်လိုက်သည်။

“ရတယ်… ဒါပေမဲ့ မင်း ငါ့ကို ကိစ္စနှစ်ခု ကတိပေးရမယ်… တစ်ခုက ငါ ဓားသိုင်းကတဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောရဘူး… နောက်တစ်ခုက မင်း ငါ မသွားခင်အထိ ပျော်ပျော်ရွှင်ရွှင်ပြုံးနေရမယ်…”

“ကောင်းပြီလေ… ဒါပေမဲ့ ကျွန်တော် အလှဆုံး ဓားသိုင်းကို ကြည့်ချင်တယ်…”

“ပြဿနာမရှိဘူး… ငါတို့ လက်သန်းချိတ်ကြမယ်… စကားမတည်ရင် မရဘူးနော်…”

ရှောင်ကူအာ က လက်သန်းကို ဆန့်ထုတ်၍ သူနှင့် ချိတ်လိုက်သည်။

All Chapters