အတင်းအကျပ် တပည့်အဖြစ် လက်ခံခြင်း
Vol. 1 Ch. 9
ကောကျင့်၏ ရုပ်ရည်မှာ သာမန်မျှသာ ဖြစ်သော်လည်း သူ၏ မျက်လုံးများကမူ အလွန် အစွမ်းထက်ပြီး လူကို စူးရှစွာ ကြည့်နိုင်စွမ်းရှိသဖြင့် ဒေါမထွက်ဘဲနှင့်ပင် ဩဇာအာဏာ ရှိလှ၏။
ချူကျန့်က သူ၏ နားထင်ကြောများ အနည်းငယ် ဖောင်းကြွနေပြီး မျက်လုံးများက တောက်ပ၍ နေသည်ကို သတိပြုမိလိုက်သည်။ သူ၏ အတွင်းအား (ချီ)မှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူ၏ ခြေလှမ်းများမှာ နဂါးနှင့် ကျားကဲ့သို့ တည်ငြိမ်ပြီး တစ်ကိုယ်လုံးမှာ တိုက်ခိုက်ရန် အသင့်ပြင်နေသော ကျားသစ်တစ်ကောင်ကဲ့သို့ အားအင်များ ပြည့်နှက်နေသည်။ ဒါတောင် ယခုအခြေအနေက သူ၏ သာမန် အခြေအနေသာ ဖြစ်ပြီး ရန်သူနှင့် ရင်ဆိုင်သည့် အခြေအနေ မဟုတ်ချေ။ အကယ်၍ သူ အမှန်တကယ် တိုက်ခိုက်ပါက မည်မျှ ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်လွှတ်မည်ကို စဉ်းစားကြည့်နိုင်၏။
ချူကျန့်မှာ အံ့ဩသွားပြီး ဤကဲ့သို့ အထွတ်အထိပ် သိုင်းသမားကြီးက ဂိမ်းထဲတွင် အမြင့်ဆုံးအဆင့်ဖြစ်သော “အဆင့် ၉၀၀ (ရိုးရှင်းခြင်း၏ အလှ)” သို့ ရောက်ရှိနေပြီဟု သူ တွေးလိုက်မိသည်။ သူ ကွယ်ဝှက်သိုင်းကမ္ဘာတွင် အကောင်းဆုံး အခြေအနေ၌ပင် ဤကဲ့သို့ အားကြီးသော ရန်သူနှင့် ရင်ဆိုင်ရပါက ပေါ့ဆရဲမည် မဟုတ်ချေ။
ယခု သူ ဂိမ်းထဲတွင် သာမန်မျှသာ ဖြစ်ပြီး အလွယ်တကူ အသတ်ခံရနိုင်သဖြင့် မာနကြီးရဲမည် မဟုတ်ပေ။ ထို့ကြောင့် သူ အမြန်ပင် လက်သီးကို ဆုပ်၍ အရိုအသေပေးကာ ပြောလိုက်သည်။
“မျိုးဆက်သစ် ချူလော့ကျွင်းက သူရဲကောင်းကြီး ကောကို အရိုအသေ ပြုပါတယ်…”
ကောကျင့်က သူ၏ ယဉ်ကျေးမှုကို မြင်လျှင် ဝမ်းသာသွားပြီး သူ့ကို လက်ဖြင့် ထူပေးလိုက်သည်။
“ညီလေး… ယဉ်ကျေးစရာ မလိုပါဘူး…”
သူ၏ လက်က ချူကျန့်၏ ကိုယ်ပေါ်သို့ ရောက်သွားသောအခါ ချူကျန့်၏ ခန္ဓာကိုယ်မှာ ကြံ့ခိုင်ပြီး သဘာဝအတိုင်း အားကြီးကြောင်း သိလိုက်ရသည်။ အဆစ်အမြစ်များကလည်း ပျော့ပျောင်းပြီး အရိုးအကြောမှာ အလွန် ညံ့ဖျင်းပြီး သွေးကြောများ ပိတ်ဆို့နေသဖြင့် အတွင်းအား (ချီ) အခြေခံ လုံးဝ မရှိချေ။
“ညီလေး… ဒီဘက်မှာ ထိုင်ကွာ…ငါ သူရဲကောင်းတွေနဲ့ စကားပြောနေလို့ စာကြည့်ခန်းထဲ သွားတွေ့ဖို့ အချိန်မရလို့…”
ချူကျန့်က အလျင်အမြန် ပြောလိုက်သည်။
“မလိုပါဘူး… သူရဲကောင်းကြီးက အလုပ်များတာကိုး… ကျွန်တော်က စာလာပို့တာပါ… စာပို့ပြီးရင် ပြန်ပါ့မယ်…”
သူက စာအိတ်ကို ထုတ်၍ လက်နှစ်ဖက်ဖြင့် ကောကျင့်ထံသို့ ပေးလိုက်သည်။
“သူရဲကောင်းကြီး… ဖတ်ကြည့်ပါ…”
ကောကျင့်က စာအိတ်ကို ယူ၍ ကြည့်လိုက်ပြီးနောက် အံ့ဩစွာ ပြောလိုက်သည်။
“သြော်… ကျန်းကျားခို့မြို့က သခင်ကြီးရွှီပါလား… သူ့ကိုမတွေ့မိတာတောင် ဆယ်နှစ်ကျော်နေပြီ သူ နေကောင်းရဲ့လား မသိဘူး…”
ချူကျန့်က အဘိုးကြီး၏ အခြေအနေကို အတိုချုပ် ပြောပြလိုက်ရာ ကောကျင့်က သက်ပြင်းချ၍ စာကို ဖွင့်ကာ အသေးစိတ် ဖတ်ရှုလိုက်သည်။
စာကို ဖတ်ပြီးနောက် သူ အတန်ကြာအောင် စဉ်းစားကာ သက်ပြင်းချလိုက်သည်။
“သခင်ကြီးရွှီက ကျွန်တော့်အပေါ် ကျေးဇူးရှိတယ်… သူက ညီလေးကို ဒီလောက်ထိ အထင်ကြီးပြီး ကျွန်တော့်ဆီ အပ်နှံမှတော့ ကျွန်တော်လည်း မငြင်းသာတော့ဘူး…”
ချူကျန့်မှာ စိတ်ထဲမှ ဝမ်းသာသွားသည်။ အဘိုးကြီးက အတော်လေး အလိုက်သိပါပေတယ်။ ငါ ပန်းပဲဆရာနဲ့ ဆေးဖော်ဆရာ လုပ်ချင်တဲ့အကြောင်း သူရဲကောင်းကြီး ကောကို ပြောပြထားတာပဲ။ ရှန်ချန်မြို့က အကျော်ကြားဆုံး သွန်းလုပ်ဆရာကြီးနဲ့ ဆေးပါရမီရှင်ကြီးဆီကို သူရဲကောင်းကြီး ကောကို မိတ်ဆက်ပေးခိုင်းတာနေမှာ။
သူ ကောကျင့်ကို ကျေးဇူးတင်စကား ပြောရန် စဉ်းစားနေစဉ်မှာပင် ကောကျင့်က မျက်နှာထား ပြောင်းသွားပြီး တည်ကြည်စွာ ပြောလိုက်သည်။
“ချူလော့ကျွင်း… ဒီနေ့ ဒီက သူရဲကောင်းတွေ ရှေ့မှာ မင်းကို ငါ့ရဲ့ နောက်ဆုံးတပည့်အဖြစ် တရားဝင် လက်ခံချင်တယ်… မင်း သဘောတူရဲ့လား…”
ဤသည်မှာ အရေးကြီးသော ကိစ္စ ဖြစ်သဖြင့် ဆရာတပည့် မဖြစ်သေးသော်လည်း “ငါ” ဟု မသုံးတော့ဘဲ နှိမ့်ချသော စကားလုံးများကို မသုံးတော့ပေ။
(T/N အစောပိုင်းက သုံးတဲ့ ငါ နဲ့ အခုသုံးလိုက်တဲ့ငါက Degree ချင်းကွာပါတယ်)
“သူရဲကောင်းကြီးကို ကျေးဇူးတင်ပါတယ်… ကျွန်တော် ဘယ်တော့မှ မမေ့ပါဘူး… ဟင်… ကျွန်တော့်ကို နောက်ဆုံးတပည့်အဖြစ် လက်ခံမယ်…”
ချူကျန့်၏ မျက်လုံးများက ပြူးကျယ်သွားပြီး ကြောင်အစွာဖြင့် မျက်တောင်ခတ်လိုက်သည်။ သူ အသိပြန်ဝင်လာသောအခါ တုန်လှုပ်စွာဖြင့် ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်လိုက်၏။
ငါ့ကို ပန်းပဲဆရာနဲ့ ဆေးဖော်ဆရာဆီ မိတ်ဆက်ပေးမှာ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက် ငါ့ကို တပည့်အဖြစ် လက်ခံလိုက်ရတာလဲ။ ပြီးတော့ နောက်ဆုံးတပည့်က သာမန်တပည့် မဟုတ်ဘူး။ နောက်ဆုံး လက်ခံတဲ့ တပည့်ဖြစ်ပြီး ဂိုဏ်းထဲမှာ အဆင့်အတန်း မြင့်မားပြီး သိုင်းပညာ အမွေအနှစ်ကို အလွယ်တကူ ရရှိနိုင်တယ်။
ငါနဲ့ မင်းက ပထမဆုံးအကြိမ် တွေ့ဖူးတာကို မင်းက ငါ့ကို နောက်ဆုံးတပည့်အဖြစ် လက်ခံတယ် ဟုတ်လား။
သူရဲကောင်းကြီး ကော… ခင်ဗျား စာမတတ်လို့ စာကို မှားဖတ်တာများလား ကျွန်တော် ဖတ်ပြရမလား။
ချူကျန့်မှာ စိတ်ထဲတွင် စိုးရိမ်နေသော်လည်း ထိုကဲ့သို့ ပြောရဲမည် မဟုတ်သဖြင့် လှည့်ပတ်၍ မေးလိုက်သည်။
“သူရဲကောင်းကြီး… ခင်ဗျား မှားနေတာများလား… စာထဲမှာ သခင်ကြီးက…”
ကောကျင့်က သူ၏ တုန်လှုပ်၍ မယုံနိုင်သော မျက်နှာကို မြင်လျှင် ပြုံး၍ ပြောလိုက်သည်။
“မမှားပါဘူး… မင်းလည်း နားကြားမမှားပါဘူး… ငါ တကယ်ပဲ မင်းကို တပည့်အဖြစ် လက်ခံမလို့ပါ… အခုက အရေးကြီးတဲ့ အချိန်ဆိုတော့ တပည့်ခံပွဲ အကြီးအကျယ် မလုပ်တော့ဘူး… မင်း လက်ဖက်ရည် ကပ်ပြီး တပည့်ခံလိုက်ရင် ရပြီ… ဒီက သူရဲကောင်းတွေလည်း သက်သေရှိတယ်… လာကြ… လက်ဖက်ရည် ပြင်ဆင်ကြ…”
သူ၏ နာမည်က တစ်လောကလုံး ကျော်ကြားပြီး လူတိုင်းက သူ့တပည့် ဖြစ်ချင်ကြသည်ကို သူ သိသည်။ ဤလူငယ်မှာ အံ့ဩလွန်း၍ မယုံနိုင်ခြင်းမှာ ပုံမှန်ပင် ဖြစ်၏။
သခင်ကြီးရွှီ၏ စိတ်နေစိတ်ထားကို သူ ကောင်းကောင်း မသိလျှင် ချူကျန့်၏ အရိုးအကြောနှင့် ဉာဏ်ရည်မှာ သူ ငယ်ငယ်ကနှင့် တူညီ၍ သနားစိတ် မဝင်ခဲ့လျှင် သူ သဘောတူမည် မဟုတ်ပေ။ အခုက မွန်ဂိုနှင့် တိုက်ခိုက်နေရသည့် အရေးကြီးသည့် အချိန်ဖြစ်ပြီး သူ့တွင် တပည့်ကို ဖြည်းဖြည်းချင်း သင်ပေးရန် အချိန်မရှိချေ။
“သူရဲကောင်းကြီး ကောကို ဂုဏ်ယူပါတယ်… ညီလေးကိုလည်း ဂုဏ်ယူပါတယ်…”
ထိုနေရာရှိ ဧည့်သည်များအားလုံးက ထ၍ ဂုဏ်ပြုစကား ပြောကြသည်။
ပတ်ဝန်းကျင်ရှိ ကောစံအိမ်မှ တပည့်များမှာလည်း အံ့ဩ၍ မနာလိုသော မျက်နှာများဖြင့် တီးတိုး ပြောဆိုနေကြပြီး သူတို့၏ စကားများတွင် မနာလိုမှုများ ပြည့်နှက်နေ၏။
ချူကျန့်မှာမူ လုံးဝ ကြောင်အသွားသည်။
သူ၏ တိတ်ဆိတ်သော စိတ်ထားအရ ကောကျင့်ကဲ့သို့ လူသိများသော သူရဲကောင်းများနှင့် ပတ်သက်လိုမည် မဟုတ်ပေ။ ဤသည်မှာ သူ့ကို အလင်းရောင်အောက်သို့ တွန်းပို့နေခြင်း မဟုတ်လော။ သို့သော်လည်း အခြေအနေအရ သူ ငြင်းဆန်ရန် ခက်ခဲလှသည်။ ကောကျင့် ဧည့်သည်များနှင့် ကောစံအိမ်မှ တပည့်များ၏ အပြုအမူကို ကြည့်လျှင် မည်သူကမှ သူ ငြင်းမည်ဟု မထင်ကြပေ။
“တင်… သင်သည် တစ်ဦးတည်းသော လျှို့ဝှက် တာဝန်‘ကောကျင့်၏ တပည့်ခံပွဲ’ ကို စတင်လိုက်ပြီ ဖြစ်သည်။ ကျေးဇူးပြု၍ တပည့်ခံရန် သဘောတူ မတူကို ဖြေကြားပေးပါ။ သတိပြုရန် - ကောကျင့်သည် ‘စကားတစ်ခွန်းက တည်မြဲခြင်း’ ကို အလိုအလျောက် အသုံးပြုလိုက်ပြီ ဖြစ်သည်။ အကယ်၍ သင် ငြင်းဆန်ပါက ရှန်ချန်မြို့သူမြို့သားများ ကောကျင့်၏ မိတ်ဆွေများ တပည့်များနှင့် ရန်သူ ဖြစ်သွားမည် ဖြစ်ပြီး ထိုသူများနှင့် သက်ဆိုင်သော လူများ၏ တပည့်အဖြစ် ဘယ်တော့မှ ခံယူနိုင်တော့မည် မဟုတ်ပါ…"
ချူကျန့်မှာ လုံးဝ စကားမပြောနိုင်တော့ချေ။
သူ ဘယ်လို ငြင်းရမလဲဟု စဉ်းစားနေစဉ်မှာပင် ဂိမ်းမှ သတိပေးချက် ထွက်ပေါ်လာသဖြင့် သူ ငြင်းဆန်လိုက်ပါက ရှန်ချန်မြို့မှ အသက်ရှင်လျက် ထွက်သွားနိုင်ပါ့မလားဟု သူ တွေးလိုက်မိသည်။
ကောကျင့်က စိတ်ထားကောင်း၍ ဘာမှ မပြောလျှင်ပင် သူ၏ မိတ်ဆွေများကရော၊ သူ၏ တပည့်များကရော၊ သူ၏ အိမ်စောင့်များကရော။ ကောကျင့်ကို စော်ကားသည်ဟု သူတို့ ထင်ကြမည် မဟုတ်လော။
တစ်လောကလုံး ကျော်ကြားပြီး လူတိုင်း လေးစားရသော သူရဲကောင်းကြီးတစ်ယောက်က လူရှေ့သူရှေ့တွင် တပည့်အဖြစ် လက်ခံပါလျက် သင်က ငြင်းဆန်လိုက်လျှင် မျက်နှာကို ဖြတ်ရိုက်ခြင်း မဟုတ်လော။ လူရှေ့သူရှေ့တွင် ကောကျင့်ကို အရှက်ခွဲခြင်းပင် ဖြစ်သည်။
သူ၏ “သူရဲကောင်းကြီး ကောက တကယ်ပဲ ဒီလောက် လူကြိုက်များတာလား” ဟူသော စကားတစ်ခွန်းကြောင့် သူစိမ်း မြင်းရထားထိန်းတစ်ယောက်က သူ့ကို ဒေါသတကြီး ကြိမ်လုံးနှင့် ရွယ်ခဲ့သည်ကို သူ သတိရလိုက်သည်။ အကယ်၍ သူ ကောကျင့်၏ မျက်နှာကို ထိခိုက်စေသော အပြုအမူကို လုပ်မိပါက သူ၏ အဆုံးသတ်မှာ…
ချူကျန့်မှာ သူ့ကိုယ်ပေါ်သို့ ပစ်ပေါက်လာမည့် ကြက်ဥပုပ်နှင့် ဟင်းသီးဟင်းရွက်ပုပ်များကိုပင် မြင်ယောင်လာသည်။
သူ ဘာမှမတတ်နိုင်တော့ဘဲ စိတ်ထဲမှ ခါးသီးမှုကို မျိုချလိုက်ပြီး လူတိုင်း၏ မနာလိုသော မျက်လုံးများအောက်တွင် လက်ဖက်ရည်ကို ယူကာ ကောကျင့်ထံသို့ လေးစားစွာဖြင့် တပည့်ခံပွဲ ပြုလုပ်လိုက်၏။
“တင်… ဂုဏ်ယူပါသည် သင်သည် ကောကျင့်၏ တပည့် ဖြစ်သွားပြီ ဖြစ်သည်။ သတိပြုရန် - ဂိုဏ်းမှ ထွက်ခွာခြင်း သို့မဟုတ် ကောကျင့်၏ ခွင့်ပြုချက် မရမီ သင်သည် မည်သူ့ကိုမှ တပည့်အဖြစ် ခံယူနိုင်မည် မဟုတ်သကဲ့သို့ မည်သည့် ဂိုဏ်းကိုမှ ဝင်ရောက်နိုင်မည် မဟုတ်ပေ…"
ကျေနပ်သော အပြုံးနှင့် ပြုံးနေသော ကောကျင့်နှင့် ဂုဏ်ပြုစကား ပြောနေသော ဧည့်သည်များကို ကြည့်၍ ချူကျန့်မှာ စိတ်ဓာတ်ပင်ကျသွားသည်။
သူ၏ ပြီးပြည့်စုံသော အစီအစဉ် ဂိမ်းထဲတွင် တိတ်တဆိတ် လက်နက်သွန်းလုပ်၍ ဆေးဖော်စပ်ကာ ပိုက်ဆံရှာမည့် တိတ်ဆိတ်သော ဂိမ်းကစားနည်းမှာ အကြီးအကျယ် လွဲချော်သွားပြီ ဖြစ်ကြောင်း သူ သိလိုက်ရသည်။
ထားလိုက်ပါတော့… ငါ သိုင်းပညာ မတတ်တဲ့ ပုံစံမျိုးနဲ့ နေပြီး ကောကျင့်ကို စိတ်ပျက်အောင် လုပ်ပြီး ဂိုဏ်းကနေ နှင်ထုတ်ခံရအောင် လုပ်ရမယ်… ဒါမှ ရှန်ချန်မြို့သူမြို့သားတွေနဲ့ ကောစံအိမ်က လူတွေက ငါ့ကို သနားကြပြီး မုန်းတီးမှာ မဟုတ်တော့ဘူး…
ချူကျန့်မှာ သူ့ကိုယ်သူ ကယ်တင်ရန် နည်းလမ်းများ စဉ်းစားနေစဉ်မှာပင် ဂိမ်းမှ သတိပေးသံက ထပ်မံ ထွက်ပေါ်လာသည်။
“တင်… သိုင်းလောကကြေညာချက် - ကစားသမား ‘ချူလော့ကျွင်း’ သည် ‘ရှန်ချန် သူရဲကောင်းကြီး’ ကောကျင့်၏ တပည့်အဖြစ် အောင်မြင်စွာ ခံယူနိုင်ခဲ့ပြီး ‘မဟာသိုင်းလောကခေတ်’ ဆာဗာသစ်တွင် ‘ရိုးရှင်းခြင်း၏ အလှ’ အဆင့် အထွတ်အထိပ် သိုင်းသမားကြီး၏ တပည့်အဖြစ် ပထမဆုံး ခံယူနိုင်သော ကစားသမား ဖြစ်လာသဖြင့် ကျပန်း အထူးပစ္စည်းတစ်ခုကို လက်ဆောင်အဖြစ် ရရှိမည် ဖြစ်သည်။ ဤအဖြစ်အပျက်ကို ‘ပိုင်ရှောင်ရှန်း၏ မဟာသိုင်းလောက ရာဇဝင်မှတ်တမ်း’ တွင် မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ ကစားသမားများ အနေဖြင့် သူ့ကို စံနမူနာယူ၍ ကြိုးစားကြပါရန် တိုက်တွန်းအပ်ပါသည်…"
“တင်… သိုင်းလောကကြေညာချက် - ကစားသမား ‘ချူလော့ကျွင်း’ သည် ‘ရိုးရှင်းခြင်း၏ အလှ’ အဆင့် အထွတ်အထိပ် သိုင်းသမားကြီး၏ တပည့်အဖြစ် အောင်မြင်စွာ ခံယူနိုင်ခဲ့သဖြင့် ‘ဂိုဏ်း အဆင့်သတ်မှတ်ချက်’ ကို စတင်လိုက်ပြီ ဖြစ်သည်။ ‘ဂိုဏ်း အဆင့်သတ်မှတ်ချက်’ ကို ဖွင့်လှစ်ပြီး ဖြစ်ပြီး ကစားသမားများ အနေဖြင့် စနစ်၏ လုပ်ဆောင်ချက်များတွင် ကိုယ်တိုင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်…"
ဝုန်း…
ချူကျန့်မှာ အားအင်ကုန်ခမ်းစွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူ နောက်တစ်ကြိမ် သိုင်းလောကကြေညာချက်တွင် ပါဝင်သွားပြန်ပြီ။
လွန်ခဲ့သော နာရီအနည်းငယ်ကမှ သူ ကစားသမားများ၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး ယခု သူ ကောကျင့်၏ တပည့်ဖြစ်သွားကြောင်းကို တစ်ဆာဗာလုံးသို့ အသိပေးလိုက်သဖြင့် လူတိုင်းက သူ့ကို ပို၍ မနာလိုကြတော့မည် မဟုတ်လော။ သူ့ကို သတ်ဖြတ်ရန် လိုက်လံ ရှာဖွေကြပေလိမ့်မည်။ ထို့အပြင် ကြေညာချက်တွင် အထူးပစ္စည်း လက်ဆောင် ရရှိသည်ဟု ပါဝင်သဖြင့် ဤသည်မှာ သူ ဂိမ်းစကစားချိန်မှစ၍ တတိယမြောက် ပစ္စည်း ဖြစ်သည်။ ဤသည်မှာ ကစားသမားများက သူ့ကို သတ်ဖြတ်၍ ပစ္စည်းလုယူရန် အကောင်းဆုံး ပစ်မှတ်အဖြစ် သတ်မှတ်စေမည် ဖြစ်သည်။
ပြဿနာမှာ သူ၏ လက်ရှိ အလွန် ညံ့ဖျင်းသော ဇာတ်ကောင်ဖြင့် အခြား သိုင်းပညာကို အလေးအနက် ကျင့်ကြံသော ကစားသမားများကို ဘယ်လို တိုက်ခိုက်နိုင်မည်လဲ။ အခြား ကစားသမားများက ဂိမ်းထဲတွင် ဆယ်ရက်ခန့် ရှိနေပြီ ဖြစ်ပြီး လျင်မြန်သူများက ဂိုဏ်းဝင်ရန် စတင်နေလောက်ပြီ ဖြစ်သည်။ သူတို့၏ ခွန်အားက ပို၍ ကြီးမားပေလိမ့်မည်။ ချူကျန့်မှာ တွေးရင်းတွေးရင်းနှင့် ပို၍ စိတ်ဓာတ်ကျသွားပြီး မြေပြင်ပေါ်တွင် လဲလျောင်းကာ စကားပင် မပြောနိုင်တော့ချေ။