စိတ်လှုပ်ရှားနေသော မော့ဟွား
Vol. 1 Ch. 11
သည်လိုဖြစ်အောင် ဘယ်လိုလမ်းညွှန်လျှင် အလွယ်ကူဆုံး ရနိုင်မည်နည်း။
လူတို့သည် အပျော့ကိုနိုင်၍ အမာကိုကြောက်တတ်ကြသည်မှာ ယုံမှားသံသယ ရှိစရာမလိုချေ။ သစ္စာရှိပြီး ရိုးသားဖြောင့်မတ်သည့်အပြင် စိတ်ထားကောင်း၍ ပျော့ညံ့သူတစ်ဦးသည် သူတစ်ပါး၏ အနိုင်ကျင့်လိုစိတ်ကို အလွယ်တကူ နှိုးဆွနိုင်၏။ ထို့အပြင် မနာလိုဝန်တိုစိတ်များ၏ အောက်တွင် အနိုင်ကျင့်သူများက တစ်လက်မရလျှင် တစ်မိုင်လိုချင်စိတ်များ လျင်မြန်စွာ ဖြစ်ပေါ်လာလိမ့်မည်။
အောက်ကျို့ခံကာ ရိုးသားအဟန်ဆောင်ခြင်း၊ သာမန်လူတစ်ယောက်ကဲ့သို့ ဟန်ဆောင်ခြင်းတို့၌ သူသည် အဘိုးကြီးအဆင့် သရုပ်ဆောင်စွမ်းရည် ရှိလေသည်။
မိမိ "အနိုင်ကျင့်" ခံနေရသည်ကို ကောကျင့်က "မတော်တဆ" မြင်သွားသည်နှင့် သူ၏ သံယောဇဉ်ကြီးပြီး တရားမျှတမှုကို မြတ်နိုးသော စိတ်ထားအရ သူ့အပေါ် အပြစ်ရှိသလို နက်နက်ရှိုင်းရှိုင်း ခံစားရမည်မှာ သေချာ၏။ ထိုအခါ မိမိအနေဖြင့် ကောစံအိမ်၌ နေလျှင် ဒုက္ခခံရရုံသာမက သိုင်းပညာလည်း တတ်မြောက်မည်မဟုတ်ကြောင်း ပြောဆိုကာ သံရည်ကျိုပညာ သင်ယူလိုကြောင်း ထပ်မံ အဆိုပြုလိုက်လျှင် ကောကျင့်က သူ့အမှားကို ပြန်လည် ပေးဆပ်လိုသည့်အနေဖြင့် အကောင်းဆုံး ပန်းပဲဆရာကြီးနှင့် မိတ်ဆက်ပေးမည်မှာ သေချာသည်။ သင်တန်းကြေးကိုပင် သူက တစ်ခါတည်း အကုန်ပေးချင် ပေးလိုက်ဦးမည် ဖြစ်၏။
ချူကျန့်မှာ ထိုအကြောင်းကို တွေးလေလေ ပျော်လေလေ ဖြစ်ပြီး မနေနိုင်ဘဲ ဟီးခနဲ ရယ်မောလိုက်မိသည်။
အစီအစဉ် လွဲချော်မှုမရှိစေရန်အတွက် အနိုင်ကျင့်မည့် ဗီလိန်ဇာတ်ကောင်ကို ကောကျင့်၏ သမီးအကြီးဆုံးဖြစ်သူ ကောဖူ၏ အပေါ်သို့ ပုံချထားနိုင်၏။ သတင်းအချက်အလက်များအရ ထိုသမီးကြီးမှာ ရင်သားကြီးသော်လည်း ဦးနှောက်မရှိ... လူကို မမြင်ဖူးသေးဘဲ ခန္ဓာကိုယ်ကို မဝေဖန်သင့်ပေ။ သို့သော် အနှီသူ့တွင် ဦးနှောက်မရှိဘဲ စိတ်တိုင်းကျ ပြုမူတတ်ခြင်း မဆင်မခြင် ဒေါသထွက်လွယ်ခြင်းနှင့် စိတ်ခံစားမှုနားလည်နိုင်စွမ်း နိမ့်ခြင်းတို့က သံမှိုစွဲသကဲ့သို့ ခိုင်မာနေသည်။ သူ အနည်းငယ် မြှောက်ပင့်ပေးလိုက်ရုံဖြင့် အောင်မြင်မည်မှာ သေချာပြီး အစီအစဉ်တစ်ခုလုံးကို အပြစ်အနာအဆာမရှိဘဲ ထိန်းချုပ်နိုင်မည် ဖြစ်၏။
အစီအစဉ် တစ်ခုလုံးကို အဘက်ဘက်မှ စေ့စေ့စပ်စပ် စဉ်းစားပြီး သေချာသွားသောအခါ ချူကျန့်၏ စိတ်မှာ ချက်ချင်းပင် တက်ကြွရွှင်လန်းလာသည်။
အစီအစဉ်က အပြစ်ကင်းစင်ပြီး ပြည့်စုံလှပေစွ။
ချူကျန့်က မိမိကိုယ်မိမိ နန်းတွင်း လုပ်ကြံမှုများတွင် ပါရဂူမြောက်သူ ဖြစ်လာနိုင်သည့် အရည်အချင်းပင် ရှိသည်ဟု ခံစားလိုက်ရသည်။
ထိုအချိန်တွင် အပြင်ဘက်၌ ကောင်းကင်မှာ တဖြည်းဖြည်း မှောင်လာပြီး မီးထွန်းရန် အချိန်ကျရောက်လာ၏။ ချူကျန့်က အနည်းငယ် ဗိုက်ဆာလာသည်ဟု ခံစားနေစဉ်တွင် ရုတ်တရက် အနီးအနားမှ ခြေသံတစ်စုံကို ကြားလိုက်ရသည်။ ခြေလှမ်းများမှာ ပေါ့ပါးလှသဖြင့် သိုင်းပညာမတတ်သော နူးညံ့သိမ်မွေ့သည့် မိန်းမပျိုတစ်ဦး ဖြစ်သင့်သည်။ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ ချူကျန့်မှာ အထက်ပါ ကောက်ချက်ကို အလွယ်တကူ ဆွဲနိုင်ခဲ့၏။
တံခါးခေါက်သံ ထွက်ပေါ်လာပြီး ထိုမိန်းမပျိုက ခပ်တိုးတိုးနှင့် ကြောက်ရွံ့စွာ ပြောလာသည့်အသံကို ကြားလိုက်ရသည်။
“သခင်လေးချူ… ကျွန်မ သခင်လေးအတွက် ဆေးရည် လာပို့တာပါ…”
အစေခံမလေးတစ်ယောက်ပါလား။ အစေခံမလေးတွေက မဟုတ်မမှန် သတင်းလေးတွေကို အဆင့်ဆင့် ဖြန့်ဝေရတာ အနှစ်သက်ဆုံး မဟုတ်လား။
ချူကျန့်၏ ပျော်ရွှင်သွားကာ အစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော်လိုက်၏။ ဤအစေခံမလေးထံမှ စတင်မည်။ သူမမှတစ်ဆင့် မိမိ "ပျော့ညံ့၍ အနိုင်ကျင့်ရန် လွယ်ကူသည်" ဟူသော ဂုဏ်သတင်းကို ဖြန့်ကျက်စေရမည်။
...
မော့ဟွားမှာ ယခုအချိန်တွင် အလွန် စိတ်လှုပ်ရှားနေ၏။
သူမ ကောစံအိမ်သို့ အစေခံအဖြစ် ရောက်ရှိနေသည်မှာ ခြောက်လကျော်ပြီ ဖြစ်သည်။ မြို့ပြင်ရှိ သူမ၏ အိမ်နှင့် လယ်မြေများမှာ မွန်ဂိုလီးယားစစ်တပ်၏ တိုက်ခိုက်မှုကြောင့် မြေပြန့်ဖြစ်သွားခဲ့ပြီး မိဘများမှာလည်း မွန်ဂိုလီးယားမြင်းတပ်၏ ခွာအောက်တွင် အသက်ပျောက်ခဲ့ရသည်။ သူမနှင့် မောင်လေးနှစ်ယောက်သာ ထွက်ပြေးလာသော လူအုပ်ကြီးနှင့်အတူ ရှန်ချန်မြို့သို့ လွတ်မြောက်လာခဲ့ပြီး ကံကောင်းစွာပင် ကောစံအိမ်က သူမကို အစေခံအဖြစ် ဝယ်ယူခဲ့သဖြင့် မောင်လေးကို ကျွေးမွေးနိုင်မည့် အလုပ်တစ်ခု ရရှိခဲ့သည်။
ကောစံအိမ်သို့ ရောက်ပြီးနောက် သူမမှာ သေးငယ်သော အမှားတစ်ခုပင် မလုပ်ရဲဘဲ အလွန် သတိထား၍ နေထိုင်ခဲ့သည်။ ကောစံအိမ်မှ အနှင်ခံရပါက သူမနှင့် မောင်လေးမှာ လမ်းဘေးတွင် ဆာလောင်မွတ်သိပ်စွာ သေရမည်ကို စိုးရိမ်သောကြောင့်ပင်။
ခေါ်လျှင်လာ မောင်းလျှင်သွားတတ်သော မော့ဟွား၏ စိတ်ထားကောင်းမှုကြောင့် သူမကို စိတ်ထားအဆိုးဆုံးဖြစ်သည့် သခင်မလေးကောဖူ၏ အနားတွင် အစေခံအဖြစ် တာဝန်ချထားခြင်း ခံရဟန်တူသည်။ ကောဖူမှာ အိမ်ထောင်ကျပြီး ဖြစ်သော်လည်း သူမ၏ ခင်ပွန်း ယဲ့လွီချီးက သူမကို အလွန်အမင်း ချစ်ခင်ကြင်နာပြီး အရာရာတိုင်းလိုလိုတွင် သူမ၏ သဘောအတိုင်း လိုက်လျောသောကြောင့် သူမ၏ သခင်မလေးစိတ်မှာ အပျိုဘဝကထက်ပင် ပို၍ ကြီးထွားလာခဲ့သည်။ တစ်နေ့လုံး မာနထောင်လွှား၍ အစေခံများကို မျက်လုံးစွေ၍ပင် မကြည့်ချေ။ ထိုကဲ့သို့သော သခင်မလေးကို အလုပ်အကျွေးပြုရသဖြင့် မော့ဟွားမှာ စကားပင် များများမပြောရဲဘဲ မိမိအလုပ်ကိုသာ တိတ်တဆိတ် လုပ်ကိုင်နေရသည်။
သူမ၏ ဤသို့ တိတ်ဆိတ်စွာနေတတ်ပြီး လျှာမရှည်တတ်သည့် အားသာချက်ကို ကောဖူက သဘောကျသွား၍လောဟု မသိ။ ယနေ့တွင် သူမအား အလွန်အရေးကြီးသော တာဝန်တစ်ခုကို ထမ်းဆောင်ရန် စေခိုင်းလိုက်၏။ ထိုတာဝန်မှာ ကောသခင်ကြီး အသစ်ခေါ်ထားသော တပည့်၏ ဒေါသကို ဆွပေးရန်ဖြစ်ပြီး သူ ဒေါသထွက်၍ ပါးရိုက်လာအောင် ပြုလုပ်ကာ သူ၏ ယုတ်မာသောမျက်နှာဖုံးကို ဖော်ထုတ်ရန် ဖြစ်သည်။
သခင်မလေးကောဖူက အဘယ့်ကြောင့် ဤသို့သော တာဝန်ကို ပေးအပ်သည်ကို မော့ဟွား မသိချေ။ သို့သော် သခင်မလေး၏ မကျေမနပ် ရေရွတ်သံဖြစ်သော “နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ကွက်ကိုတောင် ကိုကိုချီးကို အကုန်မသင်ပေးဘဲနဲ့ ဘာလို့ နောက်ဆုံးတပည့် ခေါ်နေသေးတာလဲ…” ဟူသော စကားမှ တစ်စုံတစ်ခုကို အမှတ်မထင် ခန့်မှန်းမိလိုက်သည်။
သို့သော်လည်း ထိုအရာများမှာ အရေးမကြီးတော့ချေ။ အရေးကြီးသည်မှာ သူမကို အလွန်အန္တရာယ်များပြီး အကျိုးအမြတ်မရှိသလောက်ဖြစ်သော ဤတာဝန်ကိုစေခိုင်းလိုက်ပြီး သူမမှာလဲ မလုပ်ရဲဘဲ မနေနိုင်ခြင်းပင် ဖြစ်သည်။
ဤတာဝန်ကို မပြီးမြောက်ပါက သခင်မလေး၏ စိတ်ထားအရ အနည်းဆုံး ဆဲဆိုကြိမ်းမောင်းခံရမည်ဖြစ်ပြီး အဆိုးဆုံးမှာ ကြိမ်လုံးဖြင့် အကြိမ်ပေါင်းများစွာ ရိုက်နှက်ကာ စံအိမ်မှ နှင်ထုတ်ခံရမည် ဖြစ်သည်။
သို့သော် ဤတာဝန်ကို အမှန်တကယ် ထမ်းဆောင်မည်ဆိုလျှင်... အသစ်ရောက်လာသော ဤသခင်လေးချူကို ရန်စသလို ဖြစ်သွားပေမည်။
သခင်လေးချူမှာ ကောသခင်ကြီး၏ ကိုယ်တိုင်သင်ကြားပေးမည့် တပည့်ဖြစ်၏။ ကောစံအိမ်ရှိ သခင်လေးဝူနှစ်ယောက်၏ ရာထူးမှာ သခင်ငယ်ေလးကောဖော့လုထက်ပင် မြင့်မားသည် မဟုတ်လော။ ဤသခင်လေးချူမှာ အသစ်ရောက်လာသဖြင့် သခင်လေးဝူနှစ်ယောက်လောက် ရာထူး မမြင့်သေးသော်လည်း သူမကဲ့သို့သော အစေခံမလေးတစ်ဦး ရန်စနိုင်မည့်သူမျိုး မဟုတ်သည်မှာ သေချာသည်။
ထို့အပြင် သခင်မလေး၏ အမိန့်အတိုင်း သခင်လေးချူကို အောင်မြင်စွာ ဒေါသထွက်အောင် လုပ်နိုင်ခဲ့လျှင်ပင် သူမမှာ ချီးကျူးစကားတစ်ခွန်းမျှ ရရှိမည်မဟုတ်ဘဲ အစေခံမလေးအဖြစ် ဆက်လက်လုပ်ကိုင်ခွင့်ရလျှင်ပင် တော်လှပြီဟု မှတ်ယူရပေမည်။
ထို့ကြောင့် မော့ဟွားမှာ ယခုအချိန်တွင် အလွန် စိတ်ရှုပ်ထွေးနေပြီး... ရှုပ်ထွေးလွန်းသဖြင့် ဘာပြောရမည်ကိုမေ့နေကာ ဘာလုပ်ရမည်ကိုလည်း မသိတော့ချေ။
သို့သော် သခင်မလေး၏ လူယုံတော် အစေခံမလေးမှာ အနောက်ဘက် မလှမ်းမကမ်းတွင် စောင့်ကြည့်နေမည်မှာ သေချာသဖြင့် မော့ဟွားမှာ နောက်ဆုတ်ရန် မရဲချေ။
သူမက တုန်တုန်ယင်ယင်ဖြင့် တံခါးခေါက်၍ အော်ခေါ်လိုက်စဉ်တွင် တံခါးမှာ မမျှော်လင့်ဘဲ ပွင့်လာပြီး ရုပ်ရည် သာမန်ရှိသော လူငယ်တစ်ဦး သူမ၏ ရှေ့တွင် ပေါ်လာသည်။
မော့ဟွားမှာ ဤသခင်လေးချူ၏ ရုပ်ရည်အကြောင်းကို ကြိုတင် စုံစမ်းထားပြီးဖြစ်ရာ ယခု တွေ့လိုက်ရသောအခါ အမှန်ပင် သာမန်မျှသာဖြစ်ပြီး တစ်ချက်ကြည့်ရုံဖြင့် မှတ်မိနိုင်သော ထူးခြားချက် တစ်ခုမျှမရှိချေ။
ထိုလူငယ်က အပြင်ထွက်ရန် ကြံရွယ်နေ၍လား သို့မဟုတ် မော့ဟွားက စိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းလိုက်မိ၍လား မသိ။ သူမ၏ လက်ထဲမှ လင်ပန်းမှာ လူငယ်၏ ကိုယ်နှင့် မတော်တဆ တိုက်မိသွားပြီး အငွေ့တထောင်းထောင်းထနေသော ဆေးရည်ပူများမှာ သူ၏ ရင်ဘတ်အင်္ကျီပေါ်သို့ အကုန်လုံး ဖိတ်စင်သွား၏။
“ခွမ်း” ဟူသော အသံနှင့်အတူ ဆေးပန်းကန်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျ၍ အစိတ်စိတ်အမွှာမွှာ ကြေမွသွားပြီး ဆေးဖတ်အချို့မှာ လူငယ်၏ ဖိနပ်ပေါ်သို့ပင် စင်ကျသွားသည်။
မော့ဟွား၏ စိတ်ထဲတွင် “သွားပြီ” ဟုရေရွတ်မိသွားပြီး ခြေလက်များမှာ အေးစက်သွားကာ မျက်နှာပေါ်တွင် သွေးတစ်စက်မျှ မရှိတော့ချေ။
သွားပြီ... ဒီတစ်ခါတော့ တကယ်... တကယ် သွားပြီ…
ဤမျှကြီးမားသော အမှားကို ကျူးလွန်မိသဖြင့် ကောသခင်ကြီး၏ တပည့်ရင်းဖြစ်သော သခင်လေးချူကို မဆိုထားနှင့်၊ ကောစံအိမ်မှ သာမန် အိမ်တော်ထိန်းတစ်ဦးကိုပင် ဤသို့ ပွက်ပွက်ဆူနေသော ဆေးရည်ဖြင့် လောင်းမိပါက ဒေါသတကြီးဖြင့် သူမကို သေလုမျောပါး ရိုက်နှက်ပြီး စံအိမ်မှ နှင်ထုတ်လိမ့်မည်။
မော့ဟွားမှာ ပါးစပ်ကိုဟ၍ တောင်းပန်ရန် ကြိုးစားသော်လည်း စိုးရိမ်ထိတ်လန့်မှုကြောင့် စကားတစ်လုံးမျှ မထွက်နိုင်ဘဲ တစ်ကိုယ်လုံးမှာ ကျောက်တုံးတစ်တုံးကဲ့သို့ မာကျောတောင့်တင်းနေသည်။
တစ်ဖက်မှ လူငယ်၏ နှုတ်ခမ်းများ လှုပ်သွားပြီး ကြိမ်းမောင်းတော့မည်ကဲ့သို့ မြင်လိုက်ရသဖြင့် မော့ဟွားမှာ အလိုအလျောက် မျက်လုံးများကို မှိတ်လိုက်၏။ သူမ၏ ဦးနှောက်မှာ ဗလာကျင်းသွားပြီး ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ကျရောက်လာမည့် ပါးရိုက်ချက်ကိုသာ စောင့်မျှော်နေတော့သည်။
"အိုက်ယိုး… တောင်းပန်ပါတယ်… ကျွန်တော့်အမှားပါ… မင်း ဘာမှမဖြစ်ဘူး မဟုတ်လား…"
လူငယ်၏ အသံထဲတွင် ရိုးသားဖြောင့်မတ်မှုများ အပြည့်ပါဝင်နေပြီး ဖုံးကွယ်မရသော ထိတ်လန့်မှုနှင့် အပြစ်ရှိသလို ခံစားနေရသည့် လေသံလည်း ပါဝင်နေ၏။
ဟင်… တောင်းပန်ပါတယ် ဟုတ်လား…
မော့ဟွားမှာ မိမိကိုယ်မိမိ အလွန်အမင်း ထိတ်လန့်မှုကြောင့် အကြားမှားသည်ဟု ထင်လိုက်မိသည်။
ကောစံအိမ်မှ ကြီးမြတ်သောပုဂ္ဂိုလ်များထံမှ ဤစကားနှစ်လုံးကို သူမ တစ်ခါမျှ မကြားဖူးခဲ့ချေ။
“ကျွန်တော့်အမှားပါ”
တဲ့… သခင်လေးချူက ဒေါသထွက်လွန်း၍ စကား ပြောင်းပြန် ပြောနေတာလား… သူ့ကို လှောင်ပြောင်ပြီးမှ ပါးရိုက်မှာလား…
မော့ဟွားမှာ လုံးဝ ကြောင်သွားပြီး မလှုပ်မယှက် ရပ်နေကာ စကားတစ်ခွန်းမျှ မဆိုနိုင်တော့ချေ။
"မင်း နောက်ကို နှစ်လှမ်းလောက် ဆုတ်လိုက်… မြေကြီးပေါ်က အစတွေကို မနင်းမိစေနဲ့…"
မော့ဟွားမှာ ကြောင်တောင်တောင်ဖြင့် သူပြောသည့်အတိုင်း နောက်သို့ နှစ်လှမ်းဆုတ်လိုက်သည်။
သူမကို ပို၍ အံ့အားသင့်စေသော... မဟုတ်... ထိတ်လန့်စေသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့၏။
သခင်လေးချူက သူ၏ သိုလှောင်အိတ်ထဲမှ အဝတ်တစ်စကို ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရသည်။ သို့သော် သူက ဆေးရည်များ စွန်းပေနေသော သူ၏အင်္ကျီကို သုတ်မည့်အစား ခါးကို ကုန်း၍ သူမ၏ ပန်းထိုးဖိနပ်ပေါ်မှ ဆေးဖတ်အနည်းငယ်ကို ညင်သာစွာ သုတ်ပေးလိုက်၏။
"ပြီးပြီ… မင်း အပူလောင်မိမှာ မဟုတ်ဘူး… ဖိနပ်နဲ့ ဘောင်းဘီ နည်းနည်းပေသွားတာပဲ ရှိတယ်… ပြန်လျှော်လိုက်ရင် ရပြီ…"
သခင်လေးချူက နွေးထွေးသော မျက်နှာပန်းလေးဖြင့် ပြောလိုက်၏။ ထို့နောက် သူက သူမ၏ လက်ထဲမှ လင်ပန်းကို ယူ၍ ခါးကုန်းကာ မြေပြင်ပေါ်မှ ကြွေပန်းကန်ကွဲစများနှင့် ဆေးဖတ်များကို အကုန် ကောက်ယူ၍ လင်ပန်းထဲသို့ ထည့်လိုက်သည်။ မြေပြင်ကိုပင် အဝတ်ဖြင့် သန့်ရှင်းအောင် သုတ်ပြီးမှ ထိုအဝတ်ကိုပါ လင်ပန်းထဲသို့ ထည့်လိုက်သည်။
မော့ဟွားမှာ လုံးဝ ကျောက်ရုပ်ကဲ့သို့ ဖြစ်သွားပြီး သူမ၏ မျက်လုံးများကို မယုံနိုင်အောင် ဖြစ်နေသည်။
သခင်လေးချူ... ကောသခင်ကြီး၏ နောက်ဆုံးတပည့်... အရေးကြီးကိစ္စများမရှိလျှင် ကောစံအိမ်တွင် ကောသခင်ကြီး၊ သခင်ကြီးယဲ့လွီ၊ သခင်လေးဝူနှစ်ယောက်နှင့် သခင်လေးငယ်ကောတို့ပြီးလျှင် ရာထူးအမြင့်ဆုံးသော အမျိုးသား... အိမ်တော်ဝန်ထက်ပင် မြင့်မားသော ပုဂ္ဂိုလ်... သူမကို ပါးတစ်ချက်မျှ မရိုက်သည့်အပြင် အစေခံများသာ လုပ်ရမည့် အလုပ်များကိုပင် လုပ်ဆောင်နေပါသည်တကား။
ထိုတစ်ခဏ၌ မော့ဟွားမှာ မိမိကိုယ်မိမိ အိပ်မက်မက်နေသည်ဟု ထင်လိုက်မိ၏။