ဆရာကတော် ဟွမ်ရုံ
Vol. 1 Ch. 12
ချူကျန့်က လင်ပန်းကို သူမ၏ လက်ထဲသို့ ပြန်ထည့်ပေးလိုက်ပြီး လက်အုပ်ချီကာ ခပ်တိုးတိုး တောင်းပန်လိုက်သည်။
“ဒီတစ်ခါက ကျွန်တော် မတော်တဆ လုပ်မိတဲ့ အမှားပါ… အစ်မကို စိတ်အနှောင့်အယှက် ဖြစ်စေမိတဲ့အတွက် တကယ် တောင်းပန်ပါတယ်… တခြားသူတွေကို မပြောပါနဲ့နော်… ကျွန်တော် ဒီဆေးရည်ကို ဖြုန်းတီးမိတာ ဆရာသိသွားရင် ကျွန်တော့်ကို အပြစ်တင်လိမ့်မယ်… ဒီအမှိုက်တွေကို တိတ်တိတ်လေး ရှင်းပေးလို့ ရမလားဟင်…”
ထိုအချိန်မှ မော့ဟွားမှာ သတိပြန်ဝင်လာသည်။
သခင်လေးချူ... အားလုံးကို သူ့ကိုယ်သူပဲအပြစ်တင်တာပါလား။
သူ အစောက လုပ်ခဲ့သောအရာများမှာ စိတ်ရင်းအမှန်ဖြင့် လုပ်ခဲ့ခြင်းလား။ လောကကြီးတွင် ဤသို့သော လူကောင်းတစ်ယောက် အမှန်တကယ် ရှိပါသလော။
မော့ဟွားမှာ မယုံနိုင်ဘဲ တုန်ယင်သော အသံဖြင့် မေးလိုက်သည်။
“သခင်လေးချူ… သခင်လေးရဲ့ အင်္ကျီ…”
"ဪ… ကိစ္စမရှိပါဘူး… ကျွန်တော် ခဏနေရင် ကိုယ့်ဘာသာ လျှော်လိုက်မယ်… အခုက နွေရာသီဆိုတော့ မနက်ဖြန်ဆို ခြောက်သွားမှာပါ… အစ်မပဲ ဖိနပ် အရင်ပြန်လဲလိုက်ပါ… မင်းကို လန့်သွားစေတဲ့အတွက် တကယ် တောင်းပန်ပါတယ်…"
သူ၏ ရိုးသားဖြောင့်မတ်သော မျက်လုံးများကို ကြည့်ပြီးနောက် မော့ဟွားမှာ နောက်ဆုံးတွင် ယုံကြည်သွားပြီး ပြောမပြတတ်သော နွေးထွေးမှုနှင့် ကြည်နူးမှုတို့က သူမ၏ နှလုံးသားထဲသို့ ချက်ချင်း ပျံ့နှံ့သွားသည်။
ကောစံအိမ်သို့ ရောက်လာပြီးနောက် ဤမျှကြာအောင် တစ်ယောက်မျှ သူမကို ဤသို့ နူးညံ့သိမ်မွေ့စွာ စကားပြောဖူးခြင်းမရှိချေ။ ဤသို့သော အမှားကြီးတစ်ခုကို ကျူးလွန်ပြီးနောက် အပြစ်ပေးမည့် အရိပ်အယောင်ပင် မပြဘဲ ဤသို့ နူးညံ့စွာ ဂရုစိုက်ခြင်းကို မဆိုထားနှင့်။
နွေးထွေးသော စီးကြောင်းတစ်ခုက သူမ၏ တစ်ကိုယ်လုံးသို့ စီးဆင်းသွားပြီး အေးစက်နေသော သူမ၏ ခန္ဓာကိုယ်ကို အနွေးဓာတ် ပြန်လည်ရရှိစေကာ ဦးနှောက်မှာပင် ယခင်ကထက် ပို၍ လင်းထိန်သွားသည်။
အစောက အဖြစ်အပျက်တိုင်းကို ပြန်လည်စဉ်းစားကြည့်လျှင် သခင်လေးချူက အစကတည်းက တောင်းပန်ခြင်း၊ သူမ၏ ဖိနပ်ပေါ်မှ ဆေးဖတ်များကို သုတ်ပေးခြင်း၊ အကွဲစများ ကောက်ခြင်းမှသည် အဆုံးတွင် တာဝန်ကို မိမိအပေါ်သို့ ယူလိုက်သည့် တောင်းပန်စကားများအထိ... ခြေလှမ်းတိုင်းမှာ သူမ၏ ထိတ်လန့်နေသော စိတ်ဝိညာဉ်နှင့် မြူမှုန်မျှသာ တန်ဖိုးရှိတော့သော ဂုဏ်သိက္ခာကို ဂရုတစိုက် ကာကွယ်ပေးနေခြင်း ဖြစ်သည်။
လောကကြီးတွင် အဘယ့်ကြောင့် သည်လို လူကောင်းတစ်ယောက် ရှိနေရသနည်း။
ကောသခင်ကြီးက သူ့ကို နောက်ဆုံးတပည့်အဖြစ် ရွေးချယ်ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ချေ။ လောကတွင် ဤသို့ နူးညံ့ကြင်နာသော အမျိုးသားမှသာလျှင် ဤကုသိုလ်ကံကို ခံစားထိုက်ပေ၏။
မော့ဟွား၏ မျက်ဝန်းများမှာ စိုစွတ်လာပြီး သူမမှာ နှုတ်ခမ်းကိုကိုက်ကာ လိမ့်ဆင်းကျလာတော့မည့် မျက်ရည်များကို အတင်းအကျပ် ထိန်းချုပ်ထားလိုက်၏။
"သခင်လေးချူ… ကျေးဇူးတင်ပါတယ်… သခင်လေးရဲ့ ကျေးဇူးကို ကျွန်မ တစ်သက်မမေ့ပါဘူး…"
မော့ဟွားက သူမ၏ ချစ်စဖွယ် မျက်နှာလေးကို မော့၍ သူ့ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်သည်။ ရုတ်တရက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သကဲ့သို့ သူ၏ အနားသို့ တိုးကပ်သွားပြီး သူတို့နှစ်ဦးသာ ကြားနိုင်သော အသံတိုးတိုးဖြင့် ပြောလိုက်၏။
“သခင်လေး… သခင်မလေးကောဖူကို သတိထားပါ… သခင်မလေးက သခင်လေးကို ဒေါသထွက်အောင် ဆွပေးပြီး မတော်တရော် ပြုမူလာအောင်လုပ်ပြီး သခင်လေးရဲ့ နာမည်ကို ဖျက်ဆီးဖို့ ကျွန်မကို လာခိုင်းတာပါ… ဒါပေမဲ့ သခင်လေး စိတ်ချပါ… ကျွန်မ သခင်လေးကို ထိခိုက်စေမဲ့ စကားတစ်ခွန်းမှ အပြင်မှာ မပြောပါဘူး…”
ဘာလဲ… မင်း တစ်ခုခု မှားနေတာလား…
ချူကျန့်မှာ ချက်ချင်းပင် ကြောင်သွား၏။
သူအနိုင်ကျင့်ဖို့လွယ်တဲ့ ရိုးသားတဲ့ဖိုးသခွားလေးအဖြစ် သရုပ်ဆောင်ပြခဲ့ပြီးပြီ မဟုတ်လား။
“ငါ့ကို အနိုင်ကျင့်လို့ အရမ်းကောင်းတယ်နော်… အမှားလုပ်မိမှာ မစိုးရိမ်နဲ့… ငါ့အကြောင်း မကောင်းပြောပြီး လျှောက်ဖြန့်လို့ရတယ်”
ဟု မျက်နှာပေါ်တွင် စာတန်းထိုးရုံသာ ကျန်တော့သည်။ သို့သော် အဘယ့်ကြောင့် ဤအစေခံမလေးမှာ တစ်လက်မရလျှင် တစ်မိုင်လိုချင်စိတ် မရှိသည့်အပြင် ချက်ချင်း မျက်ရည်ကျမတတ် ကြည်နူးသွားပြီး ဘက်ပြောင်းသွားရသနည်း။
လောကကြီးကပဲ ချာချာလည်နေတာလား သူ့ရဲ့ သရုပ်ဆောင်ပညာကပဲ ညံ့ဖျင်းနေတာလား။ ရိုးသားသာမန်လူတစ်ယောက်အဖြစ် သရုပ်ဆောင်လာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး တစ်ခါမျှ အမှားမဖြစ်ဖူးပေ။
မော့ဟွားက နောက်သို့ နှစ်လှမ်းဆုတ်၍ ကျယ်လောင်စွာ ပြောလိုက်သည်။
"ကျွန်မ ဆေးအသစ်ပြန်ကျိုပြီး လာပို့ပေးပါ့မယ်…"
သူမက ခန္ဓာကိုယ်ရှိ အားအင်အကုန်သုံး၍ ချူကျန့်ကို လေးလေးနက်နက် အရိုအသေပေးလိုက်ပြီးမှ လင်ပန်းကိုကိုင်ကာ ထွက်ခွာသွားသည်။
ထိုအချိန်၌ မော့ဟွား၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့၏။ သခင်မလေးက စံအိမ်မှ နှင်ထုတ်သည်ဖြစ်စေ၊ ရိုက်သတ်သည်ဖြစ်စေ သူမမှာ သခင်လေးချူ၏ ကောစံအိမ်မှ ရာထူးကို အနည်းငယ်မျှပင် ထိခိုက်စေမည့် အပြုအမူမျိုးကို ဘယ်သောအခါမှ ပြုလုပ်တော့မည် မဟုတ်ချေ။
“ဟေ့… မင်း တကယ်ပဲ လျှောက်မတွေးပါနဲ့… စိတ်ချလက်ချနဲ့ မင်းသခင်မလေး ပြောတဲ့အတိုင်း ငါ့နာမည်ကို ဖျက်ဆီးလိုက်ပါဟ…”
ချူကျန့်က စိတ်ထဲတွင် စိတ်ပျက်စွာ အော်ဟစ်လိုက်သော်လည်း မော့ဟွား၏ ခေါင်းမာသော ပုံရိပ်ကိုကြည့်၍ နှုတ်ခမ်းများ လှုပ်သွားသော်လည်း အဆုံးတွင် စကားတစ်လုံးမျှ မထွက်လာခဲ့ချေ။
အမှန်တကယ် အော်ပြောလိုက်ပါက လူရူးဟု အထင်ခံရမည်ကိုလည်း သူ စိုးရိမ်ရသေးသည်။
အား…သူများက…ငါ့ကို ပျော့ညံ့ပြီး အနိုင်ကျင်ရလွယ်တယ်လို့ ထင်စေချင်ရုံလေးပါ…ဘာလို့ဒီလောက်ခက်နေရတာလဲ…
ချူကျန့်မှာ ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီး အခန်းထဲသို့ပြန်ကာ တံခါးပိတ်၍ အဝတ်အစားလဲရန် ဗီရိုကို ဖွင့်လိုက်၏။
ထိုအချိန်၌ ပေနှစ်ဆယ်၊ သုံးဆယ်ခန့်အကွာရှိ လမ်းထောင့်တစ်နေရာတွင် ကောကျင့် ဇနီးမောင်နှံမှာ ကောဖူ၏ "လမ်းညွှန်မှု" ဖြင့် ဤအဖြစ်အပျက်ကို အစအဆုံး မြင်တွေ့လိုက်ရသည်။ ကောဖူမှာ သိုင်းပညာ အားနည်းလွန်းသဖြင့် အသံတိတ်ပြဇာတ်ကိုသာ ကြည့်လိုက်ရသော်လည်း ကောကျင့်နှင့် ဟွမ်ရုံတို့၏ အတွင်းအား (ချီ)မှာ မြင့်မားသော အဆင့်သို့ ရောက်နေပြီဖြစ်သဖြင့် နားအလွန်ပါးကာ မျက်စိရှင်၏။ အစောက မော့ဟွား နားနားကပ်၍ တိုးတိုးလေးပြောသွားသော စကားနှစ်ခွန်းမှလွဲ၍ ကျန်စကားများအားလုံးကို သူတို့ ကြားလိုက်ရသည်။
ကောဖူက မျက်လုံးပြူးကာ ကြောင်ရပ်နေသည်နှင့် မတူဘဲ ကောကျင့်မှာ မျက်နှာအပြည့် အပြုံးပန်းဝေလျက် ဟားတိုက်ရယ်မောလိုက်၏။
“ရုံအာ… ဘယ်လိုလဲ… ငါ အသစ်ရွေးထားတဲ့ တပည့် မဆိုးဘူး မဟုတ်လား…”
ဟွမ်ရုံက သူ့ကို မျက်စောင်းထိုးလိုက်၏။
“ကိုယ့်ငါးချဉ် ကိုယ်လာချဉ်ပြမနေနဲ့… ဒါပေမဲ့…”
သူမမှာ ချက်ချင်း ပြုံးလိုက်ပြီး ပြောလိုက်သည်။
“ဒီလူငယ်လေးက တကယ် မဆိုးဘူး… ရှင့်ထက်တောင် စိတ်ထားပိုကောင်းတဲ့သူကို ကျွန်မ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ…”
ကောကျင့်၏ မျက်လုံးများတွင် ချီးကျူးမှုများ အပြည့်ဖြစ်နေသည်။
“သူက စိတ်ထားကောင်းရုံတင်မကဘူး… စာရိတ္တလည်း ကောင်းတယ်… တခြားဟာတွေ မပြောနဲ့… အစောက သူက ကိုယ့်ထက် သူတစ်ပါးကို ဦးစားပေးပြီး အစေခံမလေးတစ်ယောက်အတွက် ခါးကုန်းပြီး ဖိနပ်သုတ်ပေးရဲတဲ့ စိတ်ထားမျိုးက လောကမှာ ရှားပါးတယ်… ငါတောင် သူ့လောက် မလုပ်နိုင်ဘူး…”
"အသေးအဖွဲကနေ အကြီးကြီးကို သိနိုင်တယ်… ဒီလူငယ်လေးက တကယ်ကို ရှားပါးတဲ့ စာရိတ္တကောင်းမွန်သူပဲ… ရှင်နဲ့ ပထမဆုံး တွေ့တုန်းက အချိန်ကို ပြန်သတိရမိတယ်… အဲဒီတုန်းက ရှင့်ပုံစံကလည်း ဒီလို မဟုတ်လား…”
သူမ၏ ခင်ပွန်းက ထိုအချိန်က သူမနှင့် မသိကျွမ်းသေးဘဲ ရက်ရောစွာ ပေးကမ်းလှူဒါန်းတတ်ပြီး ရွှေငွေ၊ သားမွေးဝတ်ရုံနှင့် မြင်းတို့ကိုပင် မတွန့်ဆုတ်ဘဲ ပေးခဲ့သည်ကို သူမ ပြန်သတိရလိုက်မိ၏။ အကယ်၍ ဤသို့သော ဖြူစင်သည့်စိတ်ထားက သူမကို မလှုပ်ရှားစေခဲ့ပါလျှင် သူမက အဘယ့်ကြောင့် ဤသို့သော ရိုးအသည့် ကောကျင့်ကို စိတ်ဝင်စားမိမည်နည်။
ထိုအတိတ်က အဖြစ်အပျက်များကို ပြန်တွေးမိသောအခါ ဟွမ်ရုံ၏ နှလုံးသားမှာ နူးညံ့သွားပြီး ချူလော့ကျွင်းကို ကြည့်ရသည်မှာပင် မျက်စိအမြင် ပိုကြည်လင်လာသည်။ မူလက သူမနှင့် မတိုင်ပင်ဘဲ နောက်ဆုံးတပည့်တစ်ဦးကို လက်ခံလိုက်သည့်အပေါ် ခင်ပွန်းဖြစ်သူအပေါ် အနည်းငယ် မကျေမနပ်ဖြစ်နေသော စိတ်မှာလည်း လွင့်ပြယ်ပျောက်ကွယ်သွား၏။
"ဒါပေမဲ့လေ… ရှင့်ရဲ့ ဒီတပည့်က ရှင့်ထက် အများကြီး ပိုတော်ပုံရတယ်…”
"အိုး… ရုံအာ… မြန်မြန်ပြောပြပါဦး…”
ကောကျင့်မှာ သူ၏ ဇနီးသည်က မည်သူနှင့်မျှမတူအောင် ထက်မြက်ကြောင်းကို သိထားသဖြင့် သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။
“သူက ဆေးရည်ဖြုန်းတီးမိတာ ရှင့်ကိုသိမှာစိုးလို့ စိတ်ဆိုးမှာကြောက်တယ်ဆိုပြီး အစေခံမလေးကို တိတ်တိတ်နေဖို့ တောင်းဆိုခဲ့တယ်… တကယ်တော့ အဲဒါက အစေခံမလေးကို စိတ်ချပါ… ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပါဘူးလို့ သွယ်ဝိုက်ပြောလိုက်တာပဲ… တာဝန်ကို သူ့အပေါ်ယူတာပဲဖြစ်ဖြစ်… ဒီလိုစကားမျိုးပြောတာပဲဖြစ်ဖြစ်… သူက အစေခံမလေးရဲ့စိတ်ကို တည်ငြိမ်စေချင်လို့… အစေခံမလေး ကြောက်လန့်ပြီး ညဘက်အိပ်မပျော်မှာ စိုးလို့… ဒီလို ထက်မြက်တဲ့ စိတ်ကူးမျိုးကို ရှင့်သာဆိုရင် အလျင်စလိုနဲ့ တွေးမိမှာလား…”
ကောကျင့်က ပေါင်ကို တစ်ချက်ပုတ်၍ ဝမ်းမြောက်စွာ ပြောလိုက်သည်။ "ဟုတ်တယ်… ဂိုဏ်းချုပ်ဟွမ်ကပဲ မျက်စိရှင်ပြီး လူ့စိတ်ကို ထိုးထွင်းသိမြင်နိုင်တာပဲ…"
ဟွမ်ရုံမှာ သူတောင်းစားဂိုဏ်း၏ ဂိုဏ်းချုပ်အဖြစ်မှ နုတ်ထွက်သွားပြီ ဖြစ်သော်လည်း ဂိုဏ်းသားများစွာမှာ သူမကို "ဂိုဏ်းချုပ်ဟွမ်" ဟု အကျင့်ပါကာ ခေါ်ဝေါ်နေဆဲဖြစ်ပြီး ကောကျင့်မှာ စိတ်ကောင်းဝင်နေလျှင် နောက်ပြောင်သည့်အနေဖြင့် ထိုသို့ခေါ်ဝေါ်လေ့ရှိသည်။
ဟုတ်သည်၊ ကောကျင့်မှာ ယခုအချိန်တွင် အလွန် စိတ်ရွှင်လန်းနေ၏။
သူ၏တပည့်မှာ စာရိတ္တကောင်း၊ စိတ်ထားကောင်းသည့်အပြင် လိမ္မာပါးနပ်မှုလည်း မနည်းပါးကြောင်း တွေ့ရှိလိုက်ရသဖြင့် ကောကျင့်မှာ ကျေနပ်လွန်း၍ သူ့ကို အမွေဆက်ခံသူအဖြစ် သတ်မှတ်လိုစိတ်မှာ ပို၍ ပြင်းထန်လာသည်။
ဘေးမှ ကောဖူမှာ ကြားလေလေ မကျေမနပ်ဖြစ်လေလေဖြစ်ပြီး ညည်းညူလိုက်သည်။
"လမ်းခရီးရှည်မှ မြင်းရဲ့ခွန်အားကို သိနိုင်တယ်… အချိန်ကြာမှ လူ့စိတ်ကို မြင်နိုင်တယ်… ဒီလူက အခုမှ ရောက်လာတာ… အပေါ်ယံတစ်မျိုး အတွင်းတစ်မျိုး ဟုတ်လားဆိုတာ ဘယ်သူသိနိုင်မှာလဲ…”
ကောကျင့်၏ မျက်နှာမှာ ချက်ချင်းမည်းမှောင်သွားပြီး အော်ငေါက်လိုက်သည်။
"ဖူအာ… သူများကွယ်ရာမှာ ဒီလို စကားပြောရသလား…”
ကောဖူမှာ ဤသို့ တင်းမာသော ဖခင်ကို အမြဲကြောက်ရွံ့သဖြင့် ဟွမ်ရုံ၏ နောက်သို့ အမြန်ပုန်းလိုက်သည်။
ဟွမ်ရုံကမူ ပြောလိုက်၏။
“ဖူအာ… မင်းရဲ့ အစေခံမလေးက လက်ပေါက်ကပ်တယ်လို့ ငါထင်တယ်… မင်းကို ကောင်းကောင်းမွန်မွန် အလုပ်အကျွေးပြုနိုင်မှာ မဟုတ်ဘူး… နောက်ဆို သူ့ကို ကျွင်းအာရဲ့ နေထိုင်စားသောက်မှုအတွက် တာဝန်ယူခိုင်းလိုက်… ငါ မင်းအတွက် တခြားအစေခံမလေးတစ်ယောက် ထပ်ခန့်ထားပေးမယ်…”
ကောဖူ၏ နှလုံးသားမှာ တစ်ချက် တုန်လှုပ်သွားသည်။ မိခင်က ထိုသူမှာ သူမ၏ အစေခံဖြစ်ကြောင်း သိသွားပြီလော။ ထို့အပြင် ဤစကားထဲတွင် သတိပေးသည့်အဓိပ္ပာယ်များ ပါဝင်နေသလော။ သူမမှာ မိခင်က အလွန် ထက်မြက်သည်ကို သိထားသဖြင့် စိတ်ထဲတွင် အပြစ်ရှိသလို ခံစားနေရရာ "မဟုတ်ဘူး" ဟု တစ်လုံးမျှ မပြောရဲဘဲ ခပ်တိုးတိုးသာ ပြန်ဖြေလိုက်ရသည်။ “မေမေပြောတဲ့အတိုင်း လုပ်ပါ့မယ်…”
ကောဖူကို ထွက်သွားစေပြီးနောက် ဟွမ်ရုံက ပြုံးလိုက်၏။ “သွားရအောင်… အစ်ကိုကျင့်… ရှင့်ရဲ့ တပည့်ကို သွားတွေ့ရအောင်…”
...
ချူကျန့် အဝတ်အစားလဲပြီးနောက် ခုတင်ပေါ်တွင် လှဲလျောင်းရင်း အစောက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို စိတ်ပျက်စွာ ပြန်လည်သုံးသပ်နေမိသည်။
သူ၏ ကျွမ်းကျင်လှသော သရုပ်ဆောင်စွမ်းရည်၏ ပြဿနာမဖြစ်နိုင်ပေ။ တစ်ခုတည်းသော အမှားမှာ လူရွေးမှားခြင်းပင် ဖြစ်သည်။ သူ ကြည့်ဖူးသော နန်းတွင်းဇာတ်လမ်းများအရ မိန်းမတို့၏ ပြိုင်ဘက်မှာ များသောအားဖြင့် မိန်းမများသာဖြစ်ပြီး သူတို့ အပြင်းထန်ဆုံး အနိုင်ကျင့်သည့် ပစ်မှတ်မှာလည်း မိန်းမများပင်ဖြစ်ကာ ယောက်ျားရန်သူများကို အလွယ်တကူ ရန်မစရဲကြချေ။
ထို့အပြင် ထိုအစေခံမလေး၏ ပုံစံမှာလည်း သူများမကောင်းကြောင်းကို ကွယ်ရာတွင် ပြောတတ်သည့် လျှာရှည်သူတစ်ဦးနှင့် မတူပေ။
အား... အကယ်၍ မိမိသာ အောက်ကိုဖိနှိပ်ပြီး အထက်ကိုဖားတတ်သည့် ပါးစပ်များသော အစေခံတစ်ဦးကို ပစ်မှတ်ထားခဲ့ပါက ရလဒ်မှာ တစ်မျိုးတစ်ဖုံ ဖြစ်နိုင်ပေသည်။
မှန်သားပဲ... အစောက အစေခံမလေးက သူ့ကို ဘယ်လိုခေါ်လိုက်တာပါလိမ့် သခင်လေးချူ။
ချူကျန့်မှာ မျက်မှောင်ကြုတ်လိုက်သည်။
ကွယ်ဝှက်သိုင်းကမ္ဘာမှ လာသော သူဖြစ်သဖြင့် "သခင်လေး" ဟူသော အခေါ်အဝေါ်ကို သူ ကောင်းကောင်းနားလည်သည်။ စံအိမ်ကြီးတစ်ခုတွင် "သခင်လေး" ဟု အခေါ်ခံရသူများမှာ အခြေခံအားဖြင့် အတော်အသင့် ရာထူးရှိသော ယောက်ျားများသာ ဖြစ်ကြ၏။
မိမိအနေဖြင့် "ကောကျင့်၏ နောက်ဆုံးတပည့်" ဟူသော ရာထူး၏ ကောစံအိမ်ရှိ အဆင့်အတန်းကို လျစ်လျူရှုထားမိပုံရသည်။
"မဖြစ်ဘူး… အိမ်စေ၊ အစေခံတွေကို ပစ်မှတ်ထားလို့ သိပ်အကျိုးသက်ရောက်မှု မရှိနိုင်တော့ဘူး… သူတို့က ကွယ်ရာမှာ ငါ့ကို ခွေးကောင်ကံကောင်းသွားတယ်လို့ တွတ်တီးတွတ်တာ ပြောရုံပဲရဲလိမ့်မယ်… ငါ့ကို တကယ် 'အနိုင်ကျင့်' ဖို့ မလုပ်ရဲဘူး… တကယ့်ပစ်မှတ်ကို အလွန်အမင်း အလိုလိုက်ခံထားရပြီး စိတ်ထားမကောင်းတဲ့ ကောဖူဆီပဲ ထားရမယ်… နောက်ပြီးတော့ အမှားမဖြစ်အောင် ဝူညီနောင်ကိုလည်း အရံပစ်မှတ်အဖြစ် ထားရမယ်… ဝူညီနောင်က စိတ်မတည်ငြိမ်ဘဲ မနာလိုတတ်တယ်… ငါသာ ကောကျင့်ရဲ့ နှစ်သက်မှုကို ရရင် သူတို့က မနာလိုဝန်တိုပြီး ငါ့ကို ဖယ်ကြဉ်အနိုင်ကျင့်တာမျိုး မဖြစ်နိုင်စရာ မရှိဘူး…"
သူက ဤသို့ ကြံစည်နေစဉ်မှာပင် ကောကျင့်က လှပသော အမျိုးသမီးတစ်ဦးနှင့်အတူ သူ့ကို လာတွေ့၏။
“ကျွင်းအာ… နေလို့ကောင်းရဲ့လား… မင်းဆရာကတော်က မင်းကို လာကြည့်တာ…”
သည်လှပသော အမျိုးသမီးကြီးက ဟွမ်ရုံလား။
ချူကျန့်မှာ အလျင်အမြန် အရိုအသေပေးလိုက်သည်။
"ချူလော့ကျွင်းက ဆရာကတော်ကို ဂါရဝပြုပါတယ်…"
ဟွမ်ရုံမှာ အသက်သုံးဆယ့်ငါးနှစ်၊ ခြောက်နှစ်ခန့်ဟုသာထင်ရသော်လည်း ကောကျင့်မှာ အသက်ငါးဆယ်ကျော်ပြီဖြစ်ရာ ဟွမ်ရုံမှာ အသက်ငါးဆယ်ဝန်းကျင် ရှိရပေမည်။ ဤသို့ နုပျိုလှပမှုကို ထိန်းသိမ်းထားနိုင်ခြင်းမှာ အံ့မခန်းသော စွမ်းရည်ပင် ဖြစ်သည်။
ချူကျန့်၏ စိတ်ထဲတွင် အံ့ဩနေသော်လည်း ဟွမ်ရုံနှင့် မျက်လုံးချင်းဆုံလိုက်သည်နှင့် သူ၏ စိတ်ထဲတွင် တစ်ချက် တုန်လှုပ်သွားသည်။ တော်တော် ထက်မြက်တဲ့ မျက်လုံးေတွပါလား။ ဟွမ်ရုံမှာ ကမ္ဘာပေါ်တွင် အထက်မြက်ဆုံးဖြစ်သည်ဟု ဆိုကြ၏။ ယနေ့ တွေ့လိုက်ရသောအခါ ကြားဖူးသည်ထက် ပို၍ ထူးခြားနေသည်ကို တွေ့ရသည်။
ကံကောင်းစွာပင် ချူကျန့်မှာ အောက်ကျို့၍ သာမန်လူတစ်ယောက်အဖြစ် သရုပ်ဆောင်ရာတွင် သူ၏ အရိုးထဲသွေးထဲထိ စွဲဝင်နေပြီဖြစ်ရာ စိတ်ထဲတွင် အံ့အားသင့်ပြီး သတိထားနေသော်လည်း မျက်နှာပေါ်တွင် တစ်စုံတစ်ရာ မပြဘဲ ရိုးသားသော မျက်နှာထားဖြင့်သာ နေလိုက်သည်။
ဟွမ်ရုံက ပြုံးလျက် သူ့ကို ထူပေးမည့်ဟန် ပြုလိုက်သော်လည်း ချူကျန့်နှင့် မျက်လုံးချင်းဆုံသည့်အခိုက်တွင် ရုတ်တရက် လှုပ်ရှားလိုက်ပြီး သူ၏ လည်ပင်းရှိ အကြောနေရာသို့ လက်ဝါးဖြင့် ရိုက်ချလိုက်၏။ လက်ဝါးအားမှာ အလွန် ပြင်းထန်လှသည်။
ဤသည်မှာ လူ့ခန္ဓာကိုယ်၏ အရေးကြီးသော အကြောနေရာဖြစ်ပြီး ပြင်းထန်စွာ အရိုက်ခံရပါက မသေလျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားမှာပင်။