← Chapters

အန္တရာယ် ဝိုင်းနေသော ကောစံအိမ်

Vol. 1 Ch. 14

အန္တရာယ် ဝိုင်းနေသော ကောစံအိမ်

Vol. 1 Ch. 14

ကောစံအိမ်က အလွန် ကြီးမား၏။ သို့သော်လည်း မကြာသေးမီက မွန်ဂိုလီးယား စစ်တပ်ကြီး တောင်ဘက်သို့ စစ်ချီလာရန် အလားအလာ ရှိနေသောကြောင့် ကောကျင့်မှာ မြို့ကို ကူညီကာကွယ်ပေးရန် မိတ်ဆွေ အမြောက်အများကို ဖိတ်ခေါ်ထားခဲ့သည်။ ထို့ကြောင့် ကောစံအိမ်ထဲတွင် ဂိုဏ်းပေါင်းစုံမှ ဂိုဏ်းချုပ်များနှင့် တပည့်များ တစ်မုဟုတ်ချင်း တိုးလာပြီး အတော်လေး စည်ကားနေသကဲ့သို့ ရှိနေ၏။

သို့သော်လည်း ကောကျင့် မိသားစုနှင့် ဝူညီနောင်မှာ သီးသန့်ဆန်သော တောင်ဘက်ခြံဝင်းထဲတွင် နေထိုင်ကြသဖြင့် အတော်လေး တိတ်ဆိတ်ငြိမ်သက်၏။

စားသောက်ခန်းထဲသို့ ရောက်သောအခါ စားပွဲဝိုင်းကြီး တစ်လုံးပေါ်တွင် ဟင်းလျာများ အပြည့်ခင်းကျင်းထားပြီး ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဤသည်မှာ ချူကျန့်ကို ကြိုဆိုသည့် ဧည့်ခံပွဲ ဖြစ်နိုင်ပြီး စားဖွယ်သောက်ဖွယ်များက အလွန်ပင် စုံလင်လှသည်။

ကောကျင့်၏ မိသားစု ညစာစားပွဲ ဖြစ်သောကြောင့် လာရောက်သူများမှာ အရင်းနှီးဆုံး လူများသာ ဖြစ်၏။ ထို့ကြောင့် စားပွဲဝိုင်းတွင် ဟွမ်ရုံနှင့် လူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သာ ထိုင်စောင့်နေကြသည်။ ကောကျင့်က ချူကျန့်ကို ခေါ်ဆောင်လာသည်ကို မြင်သောအခါ အားလုံးက ကမန်းကတန်း ထရပ်လိုက်ကြ၏။

"ဒါက ငါ အခုမှ လက်ခံထားတဲ့ တပည့် ချူလော့ကျွင်းပဲ… နောက်ဆိုရင် ကိုယ့်လူအချင်းချင်း ဖြစ်သွားပြီ… မင်းတို့ လူငယ်တွေ အချင်းချင်း ကူညီစောင့်ရှောက်ပြီး ချစ်ချစ်ခင်ခင် နေကြရမယ်… အတူတူ အကျိုးခံစားပြီး အတူတူ အခက်အခဲ ရင်ဆိုင်ရမယ်…"

ကောကျင့်က ချူကျန့်၏ အခြေအနေကို အကျဉ်းချုံး မိတ်ဆက်ပေးလိုက်ပြီးနောက် ထိုနေရာတွင် ရှိနေသော လူတစ်ယောက်ချင်းစီကို ချူကျန့်အား ညွှန်ပြ မိတ်ဆက်ပေးလိုက်သည်။

"ဒါက ငါ့သမီးကြီး ကောဖူ… ငါ့ရဲ့ ပထမဆုံး တပည့်လို့ သတ်မှတ်လို့ ရတယ်…"

ချူကျန့်၏ စိတ်ထဲတွင် လှုပ်ခတ်သွား၏။ ဤသူက အဓိက အာရုံစိုက်ရမည့် ပစ်မှတ်ပင်။

သူက စိတ်ကို တည်ငြိမ်အောင် ထား၍ သေချာ ကြည့်လိုက်သောအခါ ကောဖူမှာ အသက် သုံးဆယ်ကျော် ရှိနေပြီး ကြက်သွေးရောင် သန်းသော ပါးပြင်နှင့် မက်မွန်သီးကဲ့သို့ မျက်နှာသွင်ပြင် ရှိကာ ရုပ်ရည်မှာ အလွန် တင့်တယ်လှပကြောင်း တွေ့လိုက်ရ၏။ သူမက ဟွမ်ရုံ၏ ရုပ်ရည်ကောင်းကို အမွေဆက်ခံထားသည်။ သူမ၏ ကိုယ်ပေါ်တွင် အပြာရောင် ပိုးသား အပေါ်အင်္ကျီနှင့် လက်ရာမြောက်လှသော အဖြူရောင် စကတ်ရှည်ကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်မှ ရွှေဆံထိုး၊ လည်ပင်းမှ ပုလဲလည်ဆွဲ၊ လက်ကောက်ဝတ်မှ ရှုပ်ထွေးသော ပန်းကနုတ်ပုံ ရွှေချည်ထိုးကြာပန်းလက်ကောက်တို့က သူမ၏ မြင့်မြတ်သော အရှိန်အဝါကို နေရာတိုင်းမှ ထုတ်ဖော် ပြသနေကာ လူတိုင်းကို အလိုလို သိမ်ငယ်စိတ် ဝင်သွားစေသည်။

သို့သော်လည်း ချူကျန့်မှာ ယခင်က ကွယ်ဝှက်သိုင်းကမ္ဘာတွင်... ချောင်း... ချောင်း... မဟုတ်သေး... မှားသွားတာ ပြန်ပြင်ပြောရမည်ဆိုလျှင် သူမြင်ဖူးခဲ့သော မိန်းမလှလေးများမှာ တစ်ထောင်မရှိလျှင်ပင် ရှစ်ရာတော့ ရှိလိမ့်မည် ဖြစ်၏။ ကောဖူကဲ့သို့ အပြင်ပန်း လှပသော်လည်း အတွင်းစိတ်က ကောက်ရိုးသာ ရှိသည့် မိန်းမလှမျိုးကို သူ လုံးဝ စိတ်မဝင်စားပေ။

“အစ်မကြီး မင်္ဂလာပါ…”

ကောဖူက မပြုံးချင်ပြုံးချင် ပြုံးလိုက်သည်။

"မင်းက အဖေ အခုမှ လက်ခံထားတဲ့ တပည့်လား… နောက်ဆိုရင် သိုင်း ကောင်းကောင်းကျင့်… ငါ့အဖေကို အရှက်ရအောင် မလုပ်နဲ့…"

“ဟုတ်ကဲ့ပါ… အစ်မကြီးရဲ့ ဆုံးမစကားကို လိုက်နာပါ့မယ်…” ချူကျန့်က ကောဖူ၏ ရန်လိုသည့် အရိပ်အငွေ့ကို လုံးဝ သတိမထားမိသည့်အလား ရိုးသားဖြောင့်မတ်စွာ နာခံသည့် ပုံစံ ပြုလုပ်လိုက်ရာ ကောဖူ၏ စိတ်ထဲတွင် ပို၍ပင် မကျေမနပ် ဖြစ်သွားသည်။ သို့သော်လည်း သူမအဖေ၏ မျက်နှာက တင်းမာသွားသည်ကို မြင်သောအခါ ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ပြီး စကားတစ်ခွန်းမှ မပြောရဲတော့ချေ။

ကောကျင့်က ကောဖူ၏ ဘေးမှ ရုပ်ရည်ချောမောသော အမျိုးသားကို ညွှန်ပြလိုက်၏။

"ဒါက ငါ့သမက်ကြီး ယဲ့လွီချီးပဲ… အစောက မင်း သူနဲ့ တစ်ခါ ဆုံဖူးပြီးပြီ… သူလည်း ငါ့ဆီမှာ သိုင်းပညာ လိုက်သင်နေပေမဲ့ တရားဝင် တပည့်တော့ မခံရသေးဘူး… သူ့ကို အစ်ကိုချီးလို့ ခေါ်ရင် ရပြီ…"

“အစ်ကိုချီး မင်္ဂလာပါ…”

ယဲ့လွီချီးက ချူကျန့်ကို နွေးထွေးစွာ ပြုံးပြပြီး အားပေးစကား အနည်းငယ် ပြောလိုက်သည်။

ထို့နောက်တွင်တော့ ဝူရှိုးဝမ်နှင့် ဝမ်ယန်ဖျဉ်၊ ဝူသွင့်ရူနှင့် ယဲ့လွီယန် ဇနီးမောင်နှံနှစ်တွဲ ဖြစ်ကြသည်။

ဝူသွင့်ရူက ခရမ်းရင့်ရောင် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝူရှိုးဝမ်က အပြာရောင် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထား၏။ သူတို့နှစ်ယောက်လုံး၏ ခါးတွင် ပန်းထိုးထားသော သူရဲကောင်းခါးပတ်များ စည်းထားပြီး သိုင်းပါရမီရှင် သူရဲကောင်းများကဲ့သို့ ဟန်ပန် ရှိနေသည်။ ဝမ်ယန်ဖျဉ်နှင့် ယဲ့လွီယန်တို့ကလည်း လှပသော ဝတ်ရုံများ၊ တင့်တယ်သော ရုပ်ရည်များဖြင့် အတော်လေး ချောမောလှပကြ၏။

ချူကျန့်က ကောကျင့်၏ ညွှန်ကြားချက်အတိုင်း သူတို့နှစ်ယောက်ကို "အစ်ကိုကြီးနှစ်" နှင့် "အစ်ကိုကြီးသုံး" ဟု အသီးသီး ခေါ်ဝေါ်လိုက်သည်။ သို့သော်လည်း ဝူညီနောင်မှာ ချူကျန့်ကို အထင်မကြီးကြသည်မှာ ထင်ရှားပြီး အပေါ်ယံ ယဉ်ကျေးစကား တစ်ခွန်း၊ နှစ်ခွန်း ပြောကာ ဝင်ထိုင်လိုက်ကြသည်။

နောက်ဆုံးတစ်ယောက်မှာ အသက် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ခန့် ရှိပြီး မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူးနှင့် တောင့်တင်းသော လူငယ်လေး တစ်ယောက် ဖြစ်သည်။

"ဒါက ငါ့သားငယ် ကောဖော့လုပဲ… သူလည်း ငါ့ဆီမှာ တရားဝင် တပည့် မခံရသေးဘူး… ကျွင်းအာ… မင်းက အသက် နည်းနည်း ပိုကြီးတော့ သူ့ကို 'ဖော့လု' လို့ပဲ ခေါ်လိုက်…"

ချူကျန့်မှာမူ ကောဖော့လုကို အနှစ်သက်ဆုံး ဖြစ်၏။ အကြောင်းရင်းမှာ အခြားမဟုတ်ပေ။ ဤလူငယ်လေးမှာ သူ့အဖေ၏ အရိပ်အငွေ့ ရှိပြီး ရိုးသားဖြောင့်မတ်သူ ဖြစ်မှန်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်သဖြင့် လိမ်ညာလှည့်စားရန် လွယ်ကူသောကြောင့် ဖြစ်သည်။

ကောကျင့်က မိတ်ဆက်ပေးပြီးသောအခါ လူတစ်ယောက် လျော့နေသည်ကို သတိပြုမိသဖြင့် မျက်မှောင်ကြုတ်၍ မေးလိုက်၏။ "ရှန်းအာကော…"

ကောဖူက သူများဒုက္ခရောက်သည်ကို ဝမ်းသာအားရ ပြောလိုက်သည်။ "အရှေ့ပိုင်းကနတ်ဆိုးလေးက ဒီညမှာ သောကြာဂြိုဟ်နဲ့ လနဲ့ ထိစပ်မှာမို့လို့ ကြယ်တာရာ ကြည့်ချင်တယ်တဲ့… ဒါကြောင့် ထမင်းစား မလာတော့ဘူးတဲ့လေ…"

“မဟုတ်တရုတ်တွေ…”

ကောကျင့်၏ မျက်နှာက မသာမယာ ဖြစ်သွား၏။

"ဖူအာ… မင်းက မင်းညီမကို ဘာလို့ မထိန်းတာလဲ…"

ကောဖူက မကျေမနပ် ပြောလိုက်သည်။

"ရှန်းအာက အမြဲတမ်း စိတ်ထင်တိုင်း လုပ်တတ်တာ… သမီးက သူ့ကို ဘယ်လိုလုပ် ထိန်းနိုင်မှာလဲ…"

ဟွမ်ရုံက ဖျောင်းဖျလိုက်၏။

"ကျွန်မတို့ အဲဒီကောင်မလေးကို ဂရုမစိုက်ဘဲ ထားလိုက်ကြရအောင်ပါ… ဘာပဲဖြစ်ဖြစ် သူကတော့ အငတ်နေမှာ မဟုတ်ပါဘူး…"

ကောကျင့်က သက်ပြင်းချ၍ ချူကျန့်ကို သူ့ဘေးတွင် ထိုင်ခိုင်းလိုက်၏။ စားပွဲဝိုင်းမှ လူများက ပျော်ရွှင်ချမ်းမြေ့စွာ ထမင်း စားသောက်ကြသည်။

ချူကျန့်က ရိုးသား၍ စကားနည်းသူ တစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာ စကား စမပြောဘဲ ခေါင်းငုံ့၍သာ ထမင်းစားနေ၏။ ကောကျင့်ကမူ သူ စိတ်အနှောင့်အယှက် ဖြစ်မည် စိုးသဖြင့် သူ့ကို အကြိမ်ကြိမ် ဟင်းခပ်ပေးနေသည်။

ချူကျန့်က အားလုံး၏ မျက်နှာအမူအရာများကို ခိုးကြည့်လိုက်ရာ ကောဖူမှာ မကျေမနပ် ဖြစ်နေပြီး ဝူညီနောင်က မနာလိုမုန်းတီးစိတ်များ ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ယဲ့လွီချီးနှင့် အခြား မရီးနှစ်ယောက်မှာမူ မရပ်မနား ပြုံးရယ် စကားပြောရင်း ချူကျန့်ကို နွေးထွေးစွာ ဂရုစိုက်နေကြ၏။

ညစာစားပွဲ ပြီးသောအခါ စစ်သည်တစ်ယောက် ရောက်လာပြီး စစ်သူကြီးက ကောသခင်ကြီး ဇနီးမောင်နှံကို တွေ့ဆုံရန် ခေါ်ခိုင်းလိုက်ကြောင်း လာရောက် သတင်းပို့သည်။ ကောကျင့်နှင့် ဟွမ်ရုံတို့မှာ အရေးပေါ် ရန်သူ့အခြေအနေ တစ်ခုခု ရှိမည် စိုးသဖြင့် အလျင်အမြန် ထွက်ခွာသွားကြ၏။ သူတို့ မသွားမီတွင် ဝူညီနောင်ကို ချူကျန့်အား ကောစံအိမ် ပတ်ဝန်းကျင်နှင့် ရင်းနှီးအောင် လိုက်ပြခိုင်းပြီး စီစဉ်ပေးထားသည့် နေရာအသစ်ဖြစ်သော "နွေမိုးဥယျာဉ်" သို့ ပို့ဆောင်ခိုင်းခဲ့သည်။

ချူကျန့်က စကားများများ မပြောဘဲ ကျေးဇူးတင်စကား ဆိုပြီးနောက် ဝူညီနောင်၏ နောက်မှ ရိုးသားစွာ လိုက်ပါသွား၏။

စင်္ကြံကို ဖြတ်၍ ခြံဝင်းကို ကျော်ကာ ခဏမျှ လျှောက်သွားပြီးနောက် သူတို့၏ ရှေ့မှ အိမ်စေ တစ်ယောက် လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ထိုအိမ်စေက ခေါင်းငုံ့၍ ဝူညီနောင်ကို ရိုသေစွာ အရိုအသေ ပေးလိုက်သော်လည်း ဝူညီနောင်က သူ့ကို တစ်ချက်မျှပင် မော့မကြည့်ဘဲ ခေါင်းမော့၍ ကျော်ဖြတ်သွားကြသည်။

ချူကျန့်မှာမူ မူမမှန်သည့် အခြေအနေကို သတိပြုမိလိုက်သည်။ ထိုအိမ်စေက သူတို့သုံးယောက် အနားသို့ ရောက်လာသောအခါ အနည်းငယ် တင်းမာသွား၏။ တစ်စုံတစ်ခုကို သတိထား စောင့်ကြည့်နေသည်မှာ ထင်ရှားသည်။

ထို့ပြင် ထိုအိမ်စေက အားအင်မရှိသည့် သိုင်းပညာ မတတ်မြောက်သူ တစ်ယောက်ကဲ့သို့ ဟန်ဆောင်နေသော်လည်း သူ၏ ခြေလှမ်းများနှင့် ခြေလှမ်းအကြိမ်နှုန်းမှာ သိုင်းလောကမှ ပါရမီရှင်များ၏ ထူးခြားသော စည်းချက်ကို အမှတ်မထင် ထိန်းသိမ်းထားဆဲ ဖြစ်သည်။ ဤအသေးစိတ် အချက်အလက်များကို ကောကျင့်ပင် သတိပြုမိမည် မဟုတ်ပေ။ သို့သော်လည်း ချူကျန့်က မည်သူနည်း။ သူက ဇာတ်မြှုပ်ထားရန်အတွက် သိုင်းပညာ မတတ်မြောက်သူ သို့မဟုတ် သိုင်းပညာ ညံ့ဖျင်းသူ တစ်ယောက်ကဲ့သို့ ဟန်ဆောင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သဖြင့် "ဇာတ်မြှုပ်ခြင်းသခင်ကြီး" ဟု ခေါ်ဆိုနိုင်၏။ ထိုအိမ်စေ၏ သရုပ်ဆောင်မှုမှာ ချူကျန့်၏ ရှေ့တွင် လုံးဝ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

ချူကျန့်က တိတ်တဆိတ် သတိဝီရိယထားလိုက်သည်။

ထိုကဲ့သို့ အခြေအနေမျိုးကို သုံးကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ရပြီး မူမမှန်သော အိမ်စေနှင့် အစေခံမ ငါးယောက် ရှိကာ အားလုံးမှာ ရန်လိုစိတ်များ ဖုံးကွယ်ထားသည့် သိုင်းပါရမီရှင်များ ဖြစ်ကြသည်။

သိုင်းလောကတွင် နှစ်ရှည်လများ ကျင်လည်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုများနှင့် လျှို့ဝှက်ပူးပေါင်း ကြံစည်မှုများ အမြဲတမ်း ဝန်းရံခံနေရသော ချူကျန့်မှာ အန္တရာယ် အငွေ့အသက်ကို ချက်ချင်း အနံ့ခံမိလိုက်သည်။

ကောကျင့်နှင့် ဟွမ်ရုံတို့မှာ လောကတစ်ခွင်တွင် ကျော်ကြားပြီး မိတ်ဆွေများစွာ ရှိသော်လည်း ရန်သူများလည်း မနည်းလှဟု ထင်ရ၏။

ချူကျန့်က တိတ်တဆိတ် ခေါင်းခါလိုက်ပြီး ဘယ်တော့မှ နာမည်မကြီးအောင် ဇာတ်မြှုပ်နေရန် သူ့ဆုံးဖြတ်ချက်ကို ထပ်မံ ခိုင်မာစေလိုက်သည်။

သူ၏ ဘေးတွင် လျှောက်နေသော ဝူညီနောင်မှာမူ ပြဿနာ တစ်စုံတစ်ရာ ရှိကြောင်း လုံးဝ သတိမထားမိဘဲ တစ်စုံတစ်ယောက်က ပိုက်ဆံအကြွေးတင်နေသည့်အလား ဒေါသတကြီး ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ လျှောက်နေကြ၏။ သူတို့က ချူကျန့်ကို တမင်တကာ နောက်ချန်ထားခဲ့ချင်ပုံ ရသည်။

ချူကျန့်က စိတ်ထဲမှ ရယ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် မင်းတို့ ကောစံအိမ်က သိုင်းပါရမီရှင်ကြီး နှစ်ယောက် ရှိနေတာပဲ… ငါက ဘာလို့ ပူပင်သောက ရောက်နေရမှာလဲ။

သူတို့ သုံးယောက်မှာ စကားတစ်ခွန်းမှ မပြောဘဲ ကောစံအိမ်၏ သုံးပုံတစ်ပုံခန့်ကို လျှောက်သွားပြီးနောက် ဝူရှိုးဝမ်မှာ သူ့အစ်ကိုလောက် စိတ်မထိန်းနိုင်ဘဲ စတင် စကားပြောလိုက်သည်။

“ညီလေး… ဒီနေ့ မင်း မူးလဲသွားတယ်လို့ ကြားတယ်… ခန္ဓာကိုယ် ဘာမှ မဖြစ်ဘူး မဟုတ်လား…”

“အစ်ကိုကြီးသုံးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်…”

ချူကျန့်က ရိုးသားသည့် မျက်နှာဖြင့် ပြောလိုက်၏။

“ဆရာက ရှန်ချန်မြို့က အတော်ဆုံး သမားတော်ကို ကျွန်တော့်ကို ကြည့်ခိုင်းပြီးပြီ… ဘာမှ အရေးမကြီးဘူးလို့ ပြောတယ်…”

ထို့နောက် သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး အနီးအနားတွင် လူမရှိကြောင်း သေချာသွားသောအခါ ချီးကျူးလိုက်သည်။

“ဒီနေရာက အရမ်း လှတာပဲ… ကျွန်တော် ဒီလောက်လှတဲ့ အိမ်တော်မျိုး တစ်ခါမှ မရောက်ဖူးဘူး…”

"ရှန်ချန်မြို့က အတော်ဆုံး သမားတော်" ဟူသော စကားကို ကြားသောအခါ ညီနောင်နှစ်ယောက်၏ စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်သွား၏။ ထိုအချိန်တွင် သူ၏ တောသားပုံစံကို မြင်သောအခါ ပို၍ပင် အထင်သေးသွားသည်။ ဝူသွင့်ရူက ပြောလိုက်၏

“ညီလေး… မင်း စောစော ပြန်နားရင် မကောင်းဘူးလား…”

သူက သူ့ကို လိုက်မပြချင်တော့သည်မှာ ထင်ရှားနေသည်။

ချူကျန့်က စိတ်ထဲမှ အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေပြီး တိတ်တဆိတ် ခေါင်းခါလိုက်မိ၏။ မင်းတို့နှစ်ယောက် ကောသခင်ကြီးဆီမှာ သိုင်းပညာ သင်ခဲ့တာ နှစ်နှစ်ဆယ်ကျော်ပြီ ဖြစ်သော်လည်း ဒီလောက်ထိ ကောက်ရိုးသာသာပဲဖြစ်နေသည်မှာ အံ့ဩစရာ မရှိတော့ပေ။ ဒီလောက် သည်းခံနိုင်စွမ်းနဲ့ မျက်စိရှင်မှုတောင် မရှိဘဲနဲ့ တစ်သက်လုံး အမြောက်စာ ဖြစ်နေတာ…မင်းတို့နဲ့တန်တယ်။

အဘိုးကြီး က ကောကျင့်နှင့် ဟွမ်ရုံတို့၏ ဇာတ်လမ်းကို ပြောပြစဉ်က ဝူညီနောင်ကို ‘ထက်မြက်သော ဆရာထံမှ တပည့်ညံ့များ ထွက်ပေါ်လာတတ်သည့် ပုံစံမျိုးဖြစ်ပြီး အတော်လေး အသုံးမကျကြပေ’ ဟု မှတ်ချက်ပေးခဲ့ဖူးသည်။ ချူကျန့်မှာ အနည်းငယ် မယုံသင်္ကာ ဖြစ်ခဲ့သော်လည်း ယနေ့ တွေ့မြင်ရသောအခါ ကြားရသည်ထက် ပိုဆိုးနေမှန်း သိလိုက်ရ၏။ "အတော်လေး" ဆိုသည်ထက် "အလွန်" ဟု သုံးနှုန်းလျှင် ပို၍ မှန်ကန်ပေမည်။

ချူကျန့်က အလွန် နာခံတတ်စွာ ခေါင်းညိတ်လိုက်၏။

“ဟုတ်ကဲ့ပါ… ဆရာက ကျွန်တော့်ကို ချွမ်ကျန်းအတွင်းအားကျင့်စဉ်ကို အရင် သင်ပေးပြီး အခြေခံ ကောင်းကောင်း တည်ဆောက်ခိုင်းထားတယ်… ပြီးမှ ကျွန်တော့်ကို နဝင်းယင်ကျမ်းထဲက အတွင်းအားသိုင်း သင်ပေးမယ်တဲ့… ကျွန်တော်လည်း ပြန်ပြီး ကောင်းကောင်း လေ့ကျင့်သင့်ပါတယ်…”

“ဘာ… နဝင်းယင်ကျမ်း…”

ဝူညီနောင်မှာ လှည့်ထွက်သွားတော့မည် ဖြစ်သော်လည်း ထိုစကားကို ကြားသောအခါ ချက်ချင်း ရပ်တန့်သွားကြသည်။ သူတို့က ကောကျင့်နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သော်လည်း သင်ယူခဲ့ရသည့် အများစုမှာ ကျန်းနန်သူရဲကောင်းခုနစ်ဖော်၏ သိုင်းပညာနှင့် မက်မွန်ကျွန်း၏ သိုင်းပညာ အချို့သာ ဖြစ်သည်။ အများဆုံး ဆိုလျှင် နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ကွက်မှ ပုံစံ အနည်းငယ်သာ ပါဝင်ပြီး ကျော်ကြားလှသော နဝင်းယင်ကျမ်းနှင့် လုံးဝ မထိတွေ့ခဲ့ရဖူးချေ။

သူတို့လည်း ကောကျင့်ကို နဝင်းယင်ကျမ်းမှ သိုင်းပညာများ သင်ပေးရန် တောင်းဆိုခဲ့ဖူးသော်လည်း ကောကျင့်က သူတို့၏ အခြေခံ မခိုင်မာသေးဟု ယူဆပြီး နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ကွက်ကိုပင် ကောင်းစွာ မကျင့်ကြံနိုင်သေးသဖြင့် နဝယင်ကျမ်းမှ အဆင့်မြင့် သိုင်းပညာများကို လေ့ကျင့်လျှင် သူတို့၏ နောင်ရေး သိုင်းပညာ လမ်းကြောင်းကို ထိခိုက်စေနိုင်သည်ဟု ဆိုကာ ယခုအချိန်ထိ သူတို့ကို မသင်ပေးသေးပေ။

မရရှိနိုင်လေ ပို၍ လိုချင်လေ ဆိုသကဲ့သို့ ညီနောင်နှစ်ယောက်မှာ သူတို့ အမြဲတမ်း တောင့်တနေခဲ့သော်လည်း မရရှိနိုင်ခဲ့သော နဝင်းယင်ကျမ်းကို ဆရာက ဤအသစ်လက်ခံထားသော ညီငယ်ကို သင်ပေးမည်ဟု လုံးဝ မထင်ထားခဲ့ကြပေ။

ဝူရှိုးဝမ်က ချူကျန့်၏ ရိုးသားသည့် မျက်နှာကို မြင်သောအခါ စိတ်ထဲမှ မနာလိုစိတ်ကို ထိန်းချုပ်၍ မေးလိုက်သည်။

“ညီလေး… ဆရာက မင်းကို နဝင်းယင်ကျမ်း သင်ပေးမယ်လို့ တကယ် ပြောတာလား…”

ချူကျန့်က ညီနောင်နှစ်ယောက်၏ ပေါ်ထွက်လာတော့မည့် မနာလိုစိတ်ကို လုံးဝ သတိမထားမိသည့်အလား ရိုးသားစွာ ပြုံးလိုက်၏။

“ဟုတ်ပါတယ်… ဆရာက သူတတ်တဲ့ နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ကွက်၊ လက်ညှိုးဖြတ်သိုင်း၊ ခုန်းမင်လက်သီး၊ နဝင်းယင်ကျမ်း စတာတွေ အားလုံးကို ကျွန်တော့်ကို ကောင်းကောင်း သင်ပေးမယ်လို့ ပြောတယ်… သူတတ်သမျှ သိုင်းပညာ အကုန်လုံးကို ကျွန်တော့်ကို သင်ပေးမှာ…”

ဝူညီနောင်မှာ အမှတ်မထင် တံတွေးမျိုချလိုက်ကြပြီး သူတို့၏ စိတ်ထဲမှ မနာလိုမှုနှင့် မကျေနပ်မှုများက ချက်ချင်းပင် အထွတ်အထိပ်သို့ ရောက်သွား၏။

ဆရာက ဘက်လိုက် လိုက်ကာ မိမိတို့ ညီနောင်နှစ်ယောက် သူ့နောက်သို့ ဤမျှကြာအောင် လိုက်ခဲ့သော်လည်း အိတ်သွန်ဖာမှောက် သင်ပေးခြင်း မရှိဘဲ ဤတပည့်ကို တစ်ရက်သာ လက်ခံထားပြီး ဤမျှ ဂရုစိုက်နေသည်လား။

အထူးသဖြင့် ချူကျန့်၏ မိုက်မဲသော မျက်နှာကို မြင်သောအခါ သူက ဤသိုင်းပညာများ၏ တန်ဖိုးကို လုံးဝ မသိရှိပုံရပြီး ဤသို့ မသိမသာ ကြွားဝါနေခြင်းက လူကို ပို၍ သည်းမခံနိုင်အောင် ဖြစ်စေသည်။

ဝူရှိုးဝမ်မှာ လူငယ်ဖြစ်သဖြင့် စိတ်လိုက်မာန်ပါ လှောင်ရယ်လိုက်၏။

“ကြည့်ရတာ ညီလေးက ဆရာ့အကြိုက်ကို ကောင်းကောင်း ဆောင်တတ်ပုံပဲနော်…”

ချူကျန့်က ပြုံးလိုက်သည်။

"အကြိုက်ဆောင်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ… ကျွန်တော် နားမလည်ဘူး… ဒါပေမဲ့ ဒီနေ့ ဆရာက ဆရာကတော်ကို ကျွန်တော့်ရဲ့ သွေးကြောတွေကို ဖွင့်ပေးခိုင်းတယ်… ဒါမှ ကျွန်တော် ချွမ်ကျန်းအတွင်းအားကျင့်စဉ်ကို လေ့ကျင့်တဲ့အခါ ပိုမြန်ပြီး နဝင်းယင်ကျမ်းကို အမြန်ဆုံး လေ့ကျင့်နိုင်မယ်လို့ ပြောတယ်…"

သူက တစ်ခွန်းပြောလိုက်တိုင်း နဝင်းယင်ကျမ်းဟု ပါနေသဖြင့် ဝူညီနောင်၏ မျက်နှာမှာ သံပုရာသီး စားမိသကဲ့သို့ ဖြစ်သွားသည်။ အထူးသဖြင့် ဟွမ်ရုံက သူ့အတွက် သွေးကြောများ ဖွင့်ပေးခဲ့သည်ကို ကြားသောအခါ ဤသည်မှာ မည်မျှ မြင့်မားသော အခွင့်အရေး ဖြစ်သနည်း။ ဝူရှိုးဝမ်မှာ သည်းမခံနိုင်တော့ဘဲ ရှေ့သို့ တက်၍ ပြောလိုက်၏။

“ညီလေး… အစ်ကိုနဲ့ လက်ရည်စမ်းချင်လား…”

ချူကျန့်က တိတ်တဆိတ် ပြုံးလိုက်သည်။ သည်ကောက်ရိုးနှစ်မျှင်မှာ အနည်းငယ် လှုံ့ဆော်လိုက်ရုံနှင့် မီးတောက်လာပါလား။ သူက ဝူရှိုးဝမ်နှင့် လက်ရည်စမ်းမည် မဟုတ်သည်မှာ သေချာ၏။ ယခု ကောကျင့်လည်း မရှိတော့သဖြင့် သူက မကျေနပ်မှု မျိုးစေ့ကို ချထားလိုက်ရုံသာ လိုအပ်သည်။ ထို့ကြောင့် သူက ပြောလိုက်၏။

“ကျွန်တော် သိုင်းပညာ တစ်စက်မှ မတတ်သေးဘူး… အခု ရင်ဘတ်ထဲကလည်း နည်းနည်း အောင့်နေသေးတယ်… အစ်ကို့ရဲ့ တစ်ကွက်တောင်မှ ခံနိုင်မှာ မဟုတ်ပါဘူး…”

ဝူညီနောင်မှာ နောက်ဆုံးတွင် လက်မလွန်ရဲဘဲ ဤမုန်းစရာကောင်လေးကို မတော်တဆ ထိခိုက်မိသွားလျှင် ဆရာ့ထံတွင် ရှင်းပြရ ခက်မည် စိုးသဖြင့် သူ့ကို မကျေမနပ် စိုက်ကြည့်၍ လှည့်ထွက်သွားကြသည်။

အောင်မြင်သွားပြီ… ကောဖူဘက်က ရန်လိုစိတ် ပိုများနေပြီး မိမိ ထပ်မံ လှုံ့ဆော်ရန် မလိုအပ်လောက်တော့ပေ။

ပျော်လိုက်တာ…

မကြာခင်မှာ ကောစံအိမ်က ထွက်ပြီး ငါ့ရဲ့ သာမန် ဇာတ်မြှုပ်ပြီး ပိုက်ဆံရှာတဲ့ ဘဝလမ်းကို ပြန်သွားနိုင်တော့မယ်။

ကောစံအိမ်ထဲမှာ အန္တရာယ် ဝိုင်းနေတာလား။ အဲဒါသူနဲ့ ဘာဆိုင်သလဲ။ ဒီသိုင်းလောကက အမုန်းတရားတွေ၊ အငြိုးအတေးတွေကို သူ တစ်စက်မှ မပတ်သက်ချင်တော့ပေ။

ထို့ပြင် ကောကျင့်နှင့် ဟွမ်ရုံတို့၏ သိုင်းပညာဖြင့် ဤအမှိုက်သရိုက် ပါရမီရှင်များမှာ လုံးဝ ဖော်ပြစရာ မလိုချေ။

ချူကျန့်မှာ စိတ်ရွှင်လန်းစွာဖြင့် သီချင်းညည်း၍ လျှောက်သွားရန် စဉ်းစားလိုက်၏။ ဝူညီနောင် မပါဘဲ လမ်းမပြလျှင်လည်း အရေးမကြီးပေ။ ဘာပဲဖြစ်ဖြစ် တကယ့် အိမ်စေ တစ်ယောက်ကို ရှာတွေ့လျှင် မေးလိုက်ရုံသာ ဖြစ်သည်။

သူ ခြေလှမ်းအနည်းငယ် လှမ်းပြီးသောအခါ မလှမ်းမကမ်းမှ အဆောက်အအုံပေါ်မှ ခစ်ခနဲ ရယ်လိုက်သံကို ရုတ်တရက် ကြားလိုက်ရသည်။ အသံကို နားထောင်ကြည့်လျှင် အလွန် ငယ်ရွယ်ပြီး မိန်းကလေးငယ် တစ်ယောက် ဖြစ်ပုံရ၏။

All Chapters