ထူးဆန်းသော လက်စားချေမှု
Vol. 50 Ch. 748
*ငါ့ဆေးစံအိမ်ကို ခေါင်းပုံဖြတ် အမြတ်ကြီးစားချင်တာလား၊ ဒီလူတွေက တကယ်ကို ကြီးကြီးကျယ်ကျယ် အိပ်မက် မက်နေတာပဲ*
သူက စာရွက်စာတမ်းများကို တုန်းမြောင်မြောင်ထံ ပြန်ပေးလိုက်သည်။
“ဒီစာရွက်တွေကို ဖတ်နေစရာ မလိုဘူး၊ နိုင်ငံတိုင်းက သူတို့ရဲ့ စာရွက်စာတမ်းတွေ ပို့လိုက်တာလား”
“ဟုတ်ပါတယ်၊ သူတို့အားလုံးက ပူးပေါင်းဆောင်ရွက်မှုတချို့ကို လိုချင်နေတာပါ၊ ဒါပေမဲ့ သူတို့ ကမ်းလှမ်းလာတဲ့ ဈေးက …”
တုန်းမြောင်မြောင် မျက်မှောင်ကြုတ်သွားသည်။
“ငါတို့က အခြေအနေတစ်ခုတည်းကိုပဲ လိုအပ်တယ်လို့ သူတို့ကို ပြောလိုက်ပါ၊ ဆေးစံအိမ်က ဆေးတွေ အားလုံးအတွက် ထာဝရ အခွန်ကင်းလွတ်ခွင့်ကို ပေးမယ်လို့ ကတိပေးဖို့ပဲ လိုတယ်”
ရဲ့လင်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။
တုန်းမြောင်မြောင် မျက်ခုံးလှုပ်သွားသည်။
“ဥက္ကဋ္ဌရဲ့၊ ရှင် ဒါကို ကျွန်မတို့ဘာသာ ရောင်းဖို့ စဉ်းစားနေတာလား၊ အဲ့ဒါက နည်းနည်း ခက်လောက်တယ်နော်”
“ဟုတ်တယ်၊ ဆေးစံအိမ်က ပြည်တွင်း ဈေးကွက်ပဲဖြစ်ဖြစ်၊ ပြည်ပ ဈေးကွက်ပဲ ဖြစ်ဖြစ် တစ်ဆင့် ရောင်းဝယ် ပေးမယ့်သူ မလိုအပ်ဘူး၊ ငါတို့ ကိုယ့်ဘာသာကိုယ် ရောင်းရင်ရောင်း ဒါမှမဟုတ်ရင် … ငါတို့ အဲ့နိုင်ငံကို ထောက်ပံ့မှု ဖြတ်လိုက်ရုံပဲ”
ရဲ့လင်းချန် အခိုင်အမာ ပြောလိုက်သည်။
“သူတို့ကို ငါတို့အတွက် ဆိုင်ခွဲတွေ ထောက်ပံ့ပေးဖို့ မတောင်းဆိုတာနဲ့တင် ငါ တော်တော်ကြီး ရက်ရောနေပြီ”
“ကျွန်မတို့ဘာသာ ရောင်းမယ်ဆိုရင် အခုလတ်တလော လူအင်အား အလုံအလောက် မရှိဘူး”
တုန်းမြောင်မြောင်က ပြောလာသည်။
"ငါတို့ ဆိုင်ခွဲတွေ တည်ထောင်မယ်ဆိုရင် ဆေးစံအိမ်ကနေ ကိုယ်စားလှယ် နှစ်ယောက်ကို စီမံခန့်ခွဲစေပြီး ဒေသခံတွေကို စငှားလို့ရတယ်၊ သူတို့က အရောင်းပိုင်းကိုပဲ တာဝန်ယူဖို့ လိုတယ်၊ ကုန်ပစ္စည်းအတွက်ကတော့ ဆန်းကြယ်ကျွန်းကနေပဲ တင်ပို့ရမယ်၊ အဲ့ဒီ ပြဿနာတွေအတွက် မင်း စိတ်ပူစရာ မလိုဘူး၊ သူတို့ကို သတင်းပဲ ပေးလိုက်၊ သူတို့က မင်းအတွက် အလိုလို ဖြေရှင်းပေးဖို့ ကြိုးစားလိမ့်မယ်”
"အဲ့ဒါအပြင် ဈေးနှုန်းတွေကို တရုတ်ပြည်တွင်းမှာ ရောင်းချတဲ့ ဈေးနှုန်းထက် နှစ်ဆ သတ်မှတ်လိုက်၊ ဘာပဲဖြစ်ဖြစ် ငါတို့က တရုတ်လူမျိုးတွေလေ၊ အဲ့တော့ ငါတို့နိုင်ငံသားတွေ ဒီအတွက် ဂုဏ်ယူစရာလေး ဖြစ်အောင် လုပ်သင့်တယ်”
ယခုအခါတွင် တရုတ်နိုင်ငံမှ သားရဲရန်စွယ်ဆေးနှင့် ပတ်သက်ပြီး နိုင်ငံခြားသားများက သိထားပြီးဖြစ်သဖြင့် မရေတွက်နိုင်သော လူများက သူတို့နိုင်ငံသို့ တင်ပို့နိုင်ရန် အပူတပြင်း ဖြစ်နေကြသည်။ အထူးသဖြင့် ခွေးရူးပြန်ရောဂါ ခံစားနေရသည့်သူများပင်။ သူတို့သည် ငိုယို၍ ဆေးစံအိမ်အား မြန်မြန် ရောက်လာရန် တောင်းဆို နေကြသည်။ အလွန် စိတ်မရှည်နိုင်သည့် အချို့သောသူများဆိုလျှင် ၎င်းတို့ကို ဝယ်ယူရန်တရုတ်နိုင်ငံသို့ပင် ခရီးထွက်လာကြသည်။ ဤအချိန်တိုအတွင်း၌ တရုတ်နိုင်ငံတွင် နိုင်ငံခြားသားများ အလွန် တိုးလာလေသည်။
သူတို့၏ အကြောင်းပြချက်က မည်သို့ပင် ဖြစ်စေကာမူ အခြားနိုင်ငံများသည် ဆေးစံအိမ်မှ သားရဲရန်စွယ်ဆေး သူတို့ကို ပံ့ပို့ရန် စိတ်မရှည်နိုင် ဖြစ်နေကြသည်။ သူ၏ တောင်းဆိုချက်က အကျိုးအကြောင်း မဆီလျော်လျှင်တောင်မှ သူတို့ အံကိုကြိတ်၍ သဘောတူနေရသည်။
“ဪ ဟုတ်သားပဲ၊ ထပ်ရှိသေးတယ် …”
ရဲ့လင်းချန် ပြုံးနေပြီး သူ၏ မျက်လုံးထဲတွင် ညစ်ကျယ်ကျယ် အကြည့်တစ်ချက် ဖြတ်ပြေးသွားသည်။
“မင်း ကိုရီးယားနိုင်ငံကို ခေါက်ထားလိုက်လို့ရတယ် … သူတို့ဘက်က လီဆောင်းယွန်းကို လူသိရှင်ကြား တောင်းပန်ချက် ထုတ်ပြန်ချက် ထုတ်ပေးရင်တော့ တစ်မျိုးပေါ့လေ”
“လီဆောင်းယွန်း ဟုတ်လား”
တုန်းမြောင်မြောင် ဇဝေဇဝါ ဖြစ်သွားသည်။
“ဟုတ်တယ်၊ သူက အပြစ်မရှိတဲ့ အသက်တွေကို နုတ်ယူပြီးတော့ သတ်ဖြတ်ချင်စိတ် များတယ်၊ ပြီးတော့ သူက တဏှာရူး၊ သူ့ကို လူသိရှင်ကြား တောင်းပန်ခိုင်းပြီးတော့ သူ့အပြစ်တွေကို ဝန်ခံခိုင်း၊ သူက အရှက်မရှိတဲ့ လူယုတ်မာဆိုတာကို သိအောင် လုပ်ရမယ်၊ အဲ့ဒီအခါမှသာ ဆေးစံအိမ်က ကိုရီးယားနိုင်ငံကို တံခါးဖွင့်ပေးမယ်”
ရဲ့လင်းချန်က နတ်ဆိုးအပြုံးနှင့် ပြုံးကာ ပြောလိုက်သည်။
၎င်းသည် စိတ်ကူးပေါက်ရာ အတွေးတစ်ခု ဖြစ်ပြီး သူ တွေးလေလေ ပိုသဘောကျလေလေ ဖြစ်လာသည်။ သူက ခပ်သွက်သွက် ထပ်ပြောလိုက်သည်။
“ငါတို့ ပန်းနာရင်ကျပ် ရောဂါကို ကုသပေးနိုင်မယ့် ဆေးသစ်တစ်မျိုးကို သုတေသန လုပ်နေတယ်လို့ အင်တာနက်ပေါ်မှာ ကြေညာလိုက်ပါ၊ အဲ့ဒါကို အသက်ရှူ ချောမွေ့ခြင်း ဆေးလုံးလို့ ခေါ်မယ်၊ ငါ အဲ့အတွက် ဆေးညွှန်းကို မင်းကို နောက်ကျရင် ပေးထားမယ်၊ ကြေညာပြီးတာနဲ့ ကိုရီးယားနိုင်ငံကို ထပ်ပိတ်ပင်ထားလိုက်”
“ကောင်းပါပြီ”
တုန်းမြောင်မြောင်က ခေါင်းညိတ်၍ သူ့အမိန့်အတိုင်း လျင်မြန်စွာ ဆောင်ရွက်လေသည်။
ရဲ့လင်းချန်က ဆေးစံအိမ်အတွင်း ဆက်၍ လှည့်ပတ်ကြည့်နေသည်။
ဆေးစံအိမ်တွင် နှစ်ဆယ့်လေးထပ် ရှိပြီး မြေအောက်ခန်း ၃ လွှာ ပါရှိသည်။ ၎င်းကို အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟူ၍ ခွဲခြားထားသည်။ အရှေ့ပိုင်းက ထုတ်လုပ်ရေးကို တာဝန်ယူပြီး အနောက်ပိုင်းက အမျိုးမျိုးသော ဆေးများအတွက် သိုလှောင်ရုံအဖြစ် အသုံးပြုကာ အမျိုးအစားအလိုက် ခွဲခြားထားသည်။
မြေအောက်ခန်းမှာမူ ရဲ့လင်းချန်၏ သီးသန့်နယ်မြေဖြစ်ပြီး အဓိကလူများသာ ဝင်ရောက်ခွင့်ပြုသည်။ ၎င်းအား ဈေးကွက်အတွင်း မရောက်သေးသည့် အထူးဆေးဝါးများကို သန့်စင်ရန် အသုံးပြုပေမည်။ လက်ရှိတွင် သူသည် စစ်သည်တော်များအတွက် ဆေးဝါး သန့်စင်ရန် ရည်ရွယ်ထားသည်။
မြေအောက်ခန်းနှင့်ဆိုလျှင် အဆောက်အဦးက စုစုပေါင်း နှစ်ဆယ့်ခုနစ်ထပ် ရှိသည်။ ရဲ့လင်းချန်က ၎င်းတို့ကို ဧည့်သည်သဖွယ် လေ့လာပြီး ဖြည်းဖြည်းချင်း ကြည့်နေသည်။ လက်ရှိတွင် ပထမ နှစ်ထပ်သာ လူရှိလေသည်။ အခြား အထပ်များသည် ဟာလာဟင်းလင်း ဖြစ်နေပြီး ပရိဘောဂ မရှိသေးပေ။ ဆရာသခင်ဟောင်သည် တကယ်ကို နာမည်ကြီး ဗိသုကာ ပညာရှင် ဖြစ်ပြီး တည်ဆောက်ပုံ ဒီဇိုင်းများက အနာအဆာ ကင်းပြီး ရဲ့လင်းချန် ပုံကြမ်း ဆွဲပြထားခဲ့သည့် အတိုင်းပင်။
အနာဂတ်တွင် ဤနေရာသည် ကမ္ဘာ့ ဆေးဝါးဆိုင်ရာ သုတေသန၏ ဗဟို ဖြစ်လာပေလိမ့်မည်။ မဟုတ်သေး … ယင်းက အစသာ ရှိပေဦးမည်။ ဆန်းကြယ်ကျွန်းသည် တစ်နေ့တွင် ကမ္ဘာအတွက် အခရာ ဖြစ်လာပေမည်။
ထိုအခိုက်တွင် တုန်းမြောင်မြောင်သည် ရဲ့လင်းချန် အမိန့်ပေးခဲ့သည့်အတိုင်း အသက်ရှူ ချောမွေ့ခြင်း ဆေးလုံးနှင့် ပတ်သက်သည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
ဆန်းကြယ်ကျွန်း၏ app ကို တရုတ်လူမျိုးများသာ download လုပ်ထားခြင်း မဟုတ်ဘဲ နိုင်ငံခြားသားများကပါ downlaod လုပ်ထားခဲ့သည်။ ရက်အနည်းငယ်အတွင်း download အရေအတွက်က သန်း ၃၀ ကျော်သွားလေပြီ။
အသုံးပြုသူများသည် အသက်ရှူ ချောမွေ့ခြင်း ဆေးလုံး၏ ကြေညာချက်ကို ရရှိပြီး အလွန်အမင်း အံ့ဩ သွားကြသည်။
ပန်းနာရင်ကျပ် ရောဂါသည် ကမ္ဘာတဝန်းတွင် ဖြစ်နေသော ရောဂါ ဖြစ်သည်။ ပန်းနာရင်ကျပ် ရောဂါ ရှိသူများသည် သူတို့ သက်တမ်းတစ်လျှောက်လုံးတွင် ဆေးများပေါ်၌ မှီခိုခဲ့ရသည်။ ရောဂါ ထလာသည်နှင့် ဒုက္ခများပြီး အသက်ရှူရ ခက်ခဲစေသည်။ ပန်းနာရင်ကျပ် ရောဂါ ခံစားနေရသည့် လူအရေအတွက် မည်မျှ ရှိသည်ဟူသော မှတ်တမ်းမျိုး မရှိသော်လည်း အရေအတွက်က များလှပေသည်။
ဤရောဂါက မရေတွက်နိုင်သော အသက်ပေါင်းများစွာကို ညှင်းပန်းပြီး ခံရသူများအား တစ်သက်လုံး ဒုက္ခရောက် စေသည်။
ချက်ချင်းဆိုသလိုပင် အသက်ရှူချောမွေ့ခြ်ငး ဆေးလုံးက ရေပန်းစားနေသော ရှာဖွေမှုစာရင်း၏ ထိပ်ဆုံးသို့ ခုန်တက်သွားသည်။
အနုပညာ သတင်းများတွင်တောင်မှ ၎င်းကို တင်ပြနေပြီး အဓိက သတင်းကွန်ရက်အားလုံး၏ ခေါင်းစီး ဖြစ်နေသည်။
[လခွမ်း … အသက်ရှူ ချောမွေ့ခြင်း ဆေးလုံးတဲ့၊ ဆေးစံအိမ်က တကယ်ကို အံ့ဩစရာ ကောင်းတာပဲ]
[သားရဲရန်စွယ်ဆေး ထွက်တာ ဘယ်လောက် ရှိသေးလို့လဲ၊ အခု သူတို့က နောက်ထပ် နတ်ဆေးဘုရားလို ဆေးလုံး ထုတ်လာပြီလား၊ ဒါက အရမ်း အံ့ဩဖို့ကောင်းလွန်းတယ်]
[အား … ဆေးစံအိမ်က မယုံနိုင်စရာ ကောင်းလိုက်တာ၊ နတ်ဆေးဆရာဝိုင် အသက်ရှည်ပါစေ]
[ဟင့်ဟင့်ဟင့် … ငါ ကလေးလို ကုန်အော်နေမိပြီ၊ ငါ ပန်းနာရင်ကျပ် ရောဂါကို ခံစားနေရတာ ဆယ့်ငါးနှစ် ရှိပြီ၊ ငါ့ရဲ့ အကြီးမားဆုံး ဆန္ဒက ငါ အသက်ရှင်နေတုန်းလေး တစ်ယောက်ယောက်က ငါ့ပန်းနာရင်ကျပ် ရောဂါကို ကုသပေးတာကို မြင်ရဖို့ပဲ]
[ငါ့သမီးအတွက် မျှော်လင့်ချက် ရှိပြီပဲ၊ ဟင့်ဟင့်ဟင့် … အခု ငါ့သမီးမှာ မျှော်လင့်ချက် ရှိပြီ၊ ငါတို့ တစ်မိသားစုလုံး အိမ်မှာ ငိုနေပြီ၊ ဒါ တကယ်ပဲ]
[ကြီးမြတ်လိုက်တာ၊ ဆေးစံအိမ်က သမိုင်းမှာ မှတ်တမ်းတင်ခံရတော့မှာပဲ၊ ငါတို့နိုင်ငံက ဒီလို အံ့ဩစရာ ကောင်းတဲ့သူကို မွေးထုတ်ပေးနိုင်တဲ့အတွက် ငါ သိပ်ဂုဏ်ယူတာပဲ]
[ငါ့သားမှာလဲ ပန်းနာရင်ကျပ် ရောဂါ ရှိတယ်၊ ပြီးတော့ သူက တစ်ချိန်လုံး အားနည်းနေခဲ့တာ၊ သူ အနာဂတ်မှာ တစ်ယောက်ယောက်နဲ့ အိမ်ထောင်မပြုနိုင်မှာကို ငါ စိုးရိမ်နေခဲ့ရတာ၊ အခု ငါ ထပ်ပြီး စိတ်ပူစရာ မလိုတော့ဘူး]
…
ပြည်ပတွင်လည်း ပန်းနာရင်ကျပ် ရောဂါရှင်များစွာ ရှိလေသည်။
[ဘုရားသခင် … တရုတ်က တကယ်ကို အံ့ဩစရာကောင်းတဲ့ နိုင်ငံပဲ]
[အသက်ရှူ ချောမွေ့ခြင်း ဆေးလုံးရဲ့ တည်ရှိမှုက အံ့ဩစရာပဲ၊ ဆေးစံအိမ်က ရာစုနှစ်ရဲ့ အကြီးမားဆုံး တည်ရှိမှုပဲ]
[သားရဲရန်စွယ်ဆေးက ဘာလို့ ငါတို့နိုင်ငံမှာ မရသေးတာလဲ၊ ဆေးစံအိမ်ကို အကူအညီတောင်းလေ]
[အား … ငါက ဘာလို့ တရုတ်လူမျိုး မဟုတ်ရတာလဲ၊ မဖြစ်ဘူး၊ ငါ အဲ့ဒီကို ပြောင်းတော့မယ်]
[အပေါ်ကလူ၊ မင်း သတိထားမိတာ နည်းနည်းလေး နောက်ကျသွားပြီ၊ အဲ့ဒီကို ရွှေ့ပြောင်းချင်တဲ့သူတွေကို တန်းစီလိုက်ရင် ပစိဖိတ် သမုဒ္ဒရာ တစ်လျှောက်လုံးပဲ၊ မရေတွက်နိုင်တဲ့လူတွေက အဲ့ဒီကို ရွှေ့ပြောင်းပြီးနေပြီ]
[တရုတ် နိုင်ငံသား ဖြစ်ခွင့်က အခု အရမ်း ဝယ်လိုအား မြင့်နေတယ်၊ နိုင်ငံသားဖြစ်ခွင့်ကို စွန့်လာခဲ့တဲ့ တရုတ်လူမျိုးတွေ အခု တကယ်ကို နောင်တ ရနေကြပြီ]
…
ထိုအခိုက်တွင် ပြည်ပ ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရေး ကုမ္ပဏီများစွာတို့သည် စိုးရိမ်ပြီး ရင်းနှီးမြှုပ်နှံမှုကို ပိုတိုးကာ ဆေးစံအိမ်က သူတို့နှင့် ပူးပေါင်းရန် မျှော်လင့်နေကြသည်။
သို့သော် ထိုသတင်း နာမည်ကြီးသွားချိန်တွင် ဆေးစံအိမ်က နောက်ထပ် ကြေညာချက်တစ်ခု ထပ်မံ ထုတ်ပြန် လာသည်။ ဤကြေညာချက်သည် တစ်ကမ္ဘာလုံးအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။
[ဆေးစံအိမ်က တစ်ကမ္ဘာလုံးကို ဆေးပံ့ပိုးဖို့ တံခါးဖွင့်ပေးမှာပါ၊ သားရဲရန်စွယ်ဆေးနဲ့ အသက်ရှူ ချောမွေ့ခြင်း ဆေးလုံးအပြင် လူတွေကို အကျိုးရှိစေမယ့် နောက်ထပ် အသက်ကယ်ဆေးတွေ ထပ်လာဖို့ ရှိတယ်၊ လိုအပ်တာဆိုလို့ နိုင်ငံတစ်နိုင်ငံချင်းဆီက ကျုပ်တို့ကို အခွန်ကင်းလွတ်ခွင့် ပေးဖို့ပါပဲ၊ အဲ့လိုဆိုရင် ကျုပ်တို့ ချက်ချင်း ပို့ဆောင်နိုင်ပါတယ်၊ ဒါပေမဲ့ ကိုရီးယားနိုင်ငံကတော့ ချွင်းချက်ပါ၊ ကျုပ်တို့ ကိုရီးယား နိုင်ငံကို အမည်ပျက် စာရင်း သွင်းပြီး တစ်သက်လုံး ပိတ်ပင်ထားပါမယ်]
ကြေညာချက်၏ ပထမ တစ်ဝက်က အဆင်ပြေသေးပြီး နိုင်ငံခြားသားများစွာကို ပျော်ရွှင်သွားစေသည်။ နိုင်ငံ တော်တော်များများက ချက်ချင်း အခွန်ကင်းလွတ်ခွင့်ကို ထုတ်ပြန်လာကြသည်။ သူတို့သည် ဆေးစံအိမ်အား အကောင်းဆုံး လက်လီလက်ကား ဆိုင်ကိုပင် ပေးလာကြသည်။
သို့သော် ဒုတိယ တစ်ပိုင်းမှာ လူအများအား မယုံနိုင်လောက်အောင် ရယ်စရာ ဖြစ်သွားစေသည်။ ကိုရီးယား နိုင်ငံသားများ ချက်ချင်းလက်ငင်း ငိုကြီးချက်မ ဖြစ်သွားကြလေသည်။