တစ်နေရာပြီး တစ်နေရာ၌ စန်းထခြင်း
Vol. 50 Ch. 749
သူတို့က ပေါ်ပေါ်တင်တင် ပစ်မှတ်ထားနေလေပြီ။
ကိုရီးယားနိုင်ငံအတွင်းမှ နိုင်ငံသားများအားလုံး မှင်တက်သွားကြသည်။ ထို့နောက် မကျေနပ်နိုင်သော ငိုကြွေးသံများ လှိုင်းလုံးအလား ထွက်ပေါ်လာ၏။
[ခွဲခြားဆက်ဆံတာ၊ ဒါ သေချာပေါက် ခွဲခြားဆက်ဆံတာပဲ]
[မင်းတို့က ငါတို့ကို ဘာအကြောင်းပြချက်နဲ့ တားမြစ်တာလဲ၊ သူ့ကို တရားစွဲမယ်၊ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ကနေ သူ့ကို ဖမ်းခိုင်းမယ်၊ ငါ လက်မခံနိုင်ဘူး]
[ဒါ လူပေါင်းများစွာရဲ့ သေခြင်းရှင်ခြင်းကို ထိခိုက်စေတယ်၊ ဆေးစံအိမ်ရဲ့ လုပ်ရပ်က လုံးဝ လူမဆန်ဘူး]
[ဆန္ဒပြမယ်၊ ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်]
[ဒီကိစ္စကို ဂရုစိုက်မယ့်သူ တစ်ယောက်မှ မရှိတော့ဘူးလား၊ ဒီလိုပဲ သူ့သဘောအတိုင်း လုပ်ခွင့်ပေးတော့မှာလား]
[ဆေးစံအိမ်က တစ်ကမ္ဘာလုံး အကျိုးရှိစေဖို့အတွက် ဆေးညွှန်းကို လူသိအောင် ထုတ်ပြန်သင့်တယ်]
…
၎င်းက အလွန် အုတ်အော်သောင်းနင်း ဖြစ်စေခဲ့သည်။ သို့သော ကိုရီးယားနိုင်ငံ၏ ကံဆိုးမှုကို အချို့ တရုတ်လူမျိုးများ ဝမ်းသာပြီး ကိုရီးယားနိုင်ငံသားများဖြင့် စကားစစ်ထိုးမှုများမှလွဲလျှင် အခြားဘယ်သူကမှ တုံ့ပြန်မှု မလုပ်ကြချေ။
လက်ရှိတွင် နိုင်ငံအားလုံးသည် ဆေးစံအိမ်က သူတို့၏ ထောက်ပံ့မှု ဖွင့်ပေးသည်ကို ဂုဏ်ပြုနေကြသည်။ ဘယ်သူက ကိုရီးယားနိုင်ငံဘက်၌ နေရဲမည်နည်း။ သူတို့ ထိုသို့လုပ်သည်နှင့် ဆေးစံအိမ်က သူတို့ကိုပါ ပိတ်ပင်လာလျှင် သူတို့ ဘယ်လိုလုပ်ရမည်နည်း။
ယခင်က ကိုရီးယားနိုင်ငံသည် Gala နွေဦးပွဲတော် ဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြဿနာ ရှာခဲ့ဖူးသည်။ ရဲ့လင်းချန်သည် သူတို့ကို နာမည်ပျက် စာရင်းသွင်းရန် အမိန့်ပေးခဲ့ပြီး သူတို့ ထုတ်လုပ်သမျှ ဆေးလုံးအားလုံးအတွက် ကိုရီးယားနိုင်ငံကို ထောက်ပံ့မှု ဖြတ်တောက်ခိုင်းခဲ့သည်။
အစက ကိုရီးယားနိုင်ငံသည် ၎င်းအား ဟာသအဖြစ်သာ သဘောထားခဲ့သည်။ လက်ရှိတွင် သူတို့ စိုးရိမ်ပူပန်နေပြီ ဖြစ်သည်။
သားရဲရန်စွယ်ဆေးနှင့် အသက်ရှူ ချောမွေ့ခြင်း ဆေးလုံးတို့သည် ဆန်းကြယ်သော ကုသဆေးများ ဖြစ်သည်။ ဘယ်သူက စိတ်မလှုပ်ရှားဘဲ နေမည်နည်း။ သူတို့ ကြောင်များ၊ ခွေးများနှင့် မထိတွေ့ဘဲ နေမည်ဟု မည်သူက အာမခံနိုင်မည်နည်း။ အကယ်၍ သူတို့နိုင်ငံ၌ ထိုဆေးများ ရှိပါက သူတို့နိုင်ငံသားများအတွက် ကြီးမားသော အာမခံ တစ်ခု ဖြစ်ပေမည်။ တစ်နည်းအားဖြင့် ၎င်းအား ဂုဏ်ယူစရာဟု သတ်မှတ်နိုင်ပေ၏။
ကိုရီးယားနိုင်ငံမှလွဲပြီး တစ်ကမ္ဘာလုံးက ထိုဆေးလုံးများ ရရှိနိုင်သည်က စိတ်မကောင်းစရာပင်။ ခြားနားမှုက ကြီးမားလွန်းလှသည်။ ကိုရီးယားနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့်က အခြားနိုင်ငံများနှင့် ယှဉ်လျှင် အလွန် အဆင့် ကျဆင်းသွားလေသည်။
ရဲ့လင်းချန်သည် အွန်လိုင်းပေါ်မှ ဆွေးနွေးမှုများကို အရေးမလုပ်ပေ။ သူသည် သူ၏ နေ့ရက်များကို ပုံမှန်အတိုင်း ဖြတ်သန်းနေ၏။ သူ၏ သိုင်းပညာ လေ့ကျင့်ခြင်းအပြင် ဆန်းကြယ်ကျွန်း၏ တိုးတက်မှုကို ကြီးကြပ်နေသည်။ အရာအားလုံးက စီစဉ်ထားသည့်အတိုင်း သွားနေလေသည်။
တဖြည်းဖြည်းနှင့် ငါးရက် ကုန်လွန်သွားလေပြီ။ ထိုအချိန်အတွင်း ရဲ့လင်းချန်၏ ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ် စွမ်းအင်သည် ငါးဆယ် ရာခိုင်နှုန်း တိုးလာပြီး စစ်သည်တော်များအတွက် သင့်တော်သော ဆေးလုံးများ သန့်စင်ခြင်းအတွက် အကြံအချို့ ရလာသည်။ သူသည် လိုအပ်သော အရာအားလုံးကို စုဆောင်းပြီး နိုင်ငံတကာ သိုင်းပညာ တံခွန်စိုက်ပြိုင်ပွဲ မတိုင်ခင် တစ်ချို့တလေကို သန့်စင်ရန် စိတ်ကူးထားသည်။
ထိုအခိုက်တွင် ထိုငါးရက်သည် ကိုရီးယားနိုင်ငံအတွက် ငရဲပင်။
အစက သူတို့သည် ပြဿနာရှာပြီး ဆေးစံအိမ်ကို အရေးယူရန် ပြောဆိုကာ တရုတ်ဘက်မှ ဖြေရှင်းချက် ပေးရန် တောင်းဆိုကြသည်။ သူတို့က သူတို့ကိုယ်သူတို့ ဘဝင်မြင့်နေခြင်း ဖြစ်သည်။ အချိန် ကြာလာသည်နှင့် နိုင်ငံသားများ ဇဝေဇဝါဖြစ်ကာ နောက်ဆုံး၌ သွေးပျက်လာသည်။
အခြားနိုင်ငံမှလူများ ပျောက်ကင်းသွားပြီး တစ်ယောက်ပြီး တစ်ယောက် အောင်ပွဲခံသည့် ပို့စ်များ တင်ကြသည်ကို မြင်သော် သူတို့စိတ်ထဲမှ ချောက်ချားမှုက ပို၍ ကြီးထွားလာသည်။ သူတို့အားလုံးက လူသားများပင်၊ အဘယ်ကြောင့် သူတို့က သီးခြား ဆက်ဆံရနေရသနည်း။
တောင်းပန်သံများ ပိုပို၍ ထွက်ပေါ်လာပြီး ဆေးစံအိမ်က သူတို့ကို အခွင့်အရေးပေးပြီး ကိုရီးယားနိုင်ငံ၏ လူများကို ကယ်ပေးရန် မျှော်လင့်နေကြသည်။ အထူးသဖြင့် ခွေးရူးပြန်ရောဂါနှင့် ပန်းနာရင်ကျပ်ရောဂါ ခံစားနေရသည့် သူများပင်။ သူတို့အားလုံး တစ်ပြိုင်တည်း ငိုယို၍ တောင်းပန်နေကြသည်။ နေ့တိုင်း ရက်ကြာလာလေလေ သူတို့ ပိုကြီးမားသော အန္တရာယ်နှင့် ပိုကြုံတွေ့ရလေလေပင်။
ဆေးစံအိမ်က သူတို့ကို လုံးဝ လျစ်လျူရှုထားပြီး ကမ္ဘာပေါ်ရှိ အခြားသူများအားလုံးကလည်း ဝင်မပါရဲချေ။ နောက်ဆုံးတွင် ကိုရီးယားနိုင်ငံသားများသည် သူတို့ အစိုးရထံမှ ဖြေရှင်းချက်ကိုသာ တောင်းဆိုကြလေတော့သည်။
လူပေါင်းများစွာက ကိုရီးယားနိုင်ငံ၏ ဆေးရုံရှေ့တွင် စုဝေးပြီး ဝင်ပေါက်ကို ပိတ်ဆို့ထားသလို ဖြစ်နေသည်။
“ခွေးရူးပြန်ရောဂါက အခု ကုသလို့ ရနေပြီ၊ ဒါပေမဲ့ မင်းတို့က သားရဲရန်စွယ်ဆေးကို အရမယူနိုင်ကြပါလား၊ မင်းတို့ ငါ့ကလေးကို ကယ်ပေးဖို့ လိုတယ်”
“ငါ့သမီးရဲ့ ပန်းနာရင်ကျပ် ရောဂါကို မင်းတို့ ဆေးရုံမှာ ကုတာ ထောင်ချီကုန်တယ်၊ ဒါပေမဲ့ သက်ရောက်မှုက မရှိသလောက်ပဲ၊ အခု အသက်ရှူ ချောမွေ့ခြင်း ဆေးလုံး ရှိလာပြီဆိုတော့ ဘာလို့ မင်းတို့က နိုင်ငံထဲ မတင်သွင်းတာလဲ၊ မင်းတို့ ငါ့ဆီကနေ ပိုက်ဆံ ထပ်လိမ်ယူဖို့ ကြိုးစားနေတာလား”
“မင်းတို့တွေက အသုံးကိုမကျဘူး၊ ဆေးစံအိမ်ကို ခွင့်လွှတ်ပေးဖို့ သွားတောင်းပန်ကြပါလား”
“ငါတို့နိုင်ငံက ဘာအပြစ်တွေ ကျူးလွန်မိလို့လဲ၊ အင်း … ထားပါတော့လေ၊ မင်းတို့ ဆေးစံအိမ်ကို တောင်းပန်သင့်တယ်”
…
ကိုရီးယားနိုင်ငံ၏ နိုင်ငံသား ခံယူခွင့် စွန့်လွှတ်ခြင်း အဆောက်အဦး၌ ဆေးရုံထက် လူပိုများနေ၏။ တန်းစီနေသည့် လူများက မယုံနိုင်လောက်အောင် ရှည်လျားလေသည်။
“မြန်မြန်လုပ်၊ ငါတို့ ဒီနိုင်ငံမှာ ထပ်ကြာကြာ နေလို့ မဖြစ်ဘူး”
“ငါ တရုတ်မှာ အိမ်တစ်လုံး ဝယ်ပြီးသွားပြီ၊ ငါ အဲ့ကို ပြောင်းသွားဖို့ပဲ လိုတော့တာ”
“ငါ အရမ်း မနာလိုတာပဲ၊ သူတို့က အခု နိုင်ငံသား ခံယူခွင့် စွန့်လွှတ်တာကို ကန့်သတ်နေပြီ၊ လခွမ်းပဲ … သူတို့က ငါတို့ကို သွားခွင့်မပေးဘူး”
“ဟုတ်တယ်၊ အခု ဘယ်သူက တရုတ်ကို မပြောင်းဘဲ နေချင်မှာလဲ၊ ဘာပဲဖြစ်ဖြစ် အခု ကိုရီးယားက နေလို့ကောင်းတဲ့ နေရာ မဟုတ်ဘူးလေ”
“ဆေးစံအိမ်က နောက်လဲ ပိုပြီး ဆန်းကြယ်တဲ့ ဆေးတွေ ထုတ်မယ်လို့ ငါ ကြားထားတယ်၊ ပြီးတော့ ဈေးက ပိုတောင် သက်သာဦးမှာ၊ အဲ့ဒီ တရုတ်လူမျိုးတွေတော့ တကယ် ကံကောင်းတာပဲ”
…
ထို့အပြင် လတ်တလော တရုတ်နိုင်ငံသို့ သွားမည့် လေယာဉ်လက်မှတ်များကလည်း အကုန် ကုန်သွားလေသည်။ ကိုယ်ပိုင် ဈေးဝယ်သူများအတွက် ဈေးတောင်မှ မိုးထိုးမတတ် မြင့်မားနေ၏။
လူတော်တော်များများက အရင်အဖြစ်များကို အစဖော်ပြီး သူတို့၏ မကျေနပ်ချက်ကို ကင်ဟျွန်းမင်အပေါ် ထပ်၍ ဒေါသ ပုံချကြသည်။ အစွန်းရောက်သူ အချို့သည် ဆေးစံအိမ်ကို ချွေးသိပ်ရန် ကင်ဟျွန်းမင်ကို စတေးရန်ပင် အကြံပေးနေကြသည်။ တရုတ်နိုင်ငံမှ ကင်ဟျွန်းမင်၏ ရဲတင်းသော လုပ်ရပ်များကြောင့်သာ မဟုတ်လျှင် သူတို့ ဆေးစံအိမ်ကို ရန်စမိမည် မဟုတ်ပါ။
ကိုရီးယားနိုင်ငံ၏ ကောင်းကင်ဘုံစံအိမ်၌။
ထိုနေရာ၌ စုဝေးနေသည့် လူများအားလုံးသည် အဆင့်အတန်း မြင့်မားသောသူများ ဖြစ်ကြသည်။ သူတို့သည် သိုင်းပညာရှင်များ ဖြစ်ရုံသာမက ကပ်ဘေးနှင့် ရင်ဆိုင်ရလျှင်တောင်မှ ဂရုမစိုက်တတ်သော တစ်နိုင်ငံလုံးမှ ဩဇာရှိသော ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။ သို့သော် လက်ရှိအချိန်၌ သူတို့အားလုံး စိုးရိမ်ပူပန်နေပြီး သူတို့၏ မျက်နှာတွင် ကူကယ်ရာမဲ့သော အမူအရာများ ပေါ်လွင်နေ၏။
မောပန်းနေသော အမူအရာရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် မျှော်လင့်တကြီး မေးလာသည်။
“အခြေအနေ ဘယ်လိုရှိလဲ”
“ဘာမှမထူးဘူး၊ စစ်သည်တော်ဌာနက ငါတို့ကို ဘာတုံ့ပြန်ချက်မှ မပေးဘူး၊ သူတို့က ဆေးစံအိမ်က သူတို့ စီရင်ပိုင်ခွင့်အောက်မှာ မရှိဘူးလို့ ပြောလာတယ်”
“ခွေးမသား”
လူလတ်ပိုင်းအရွယ် အမျိုးသားက ကျိန်ဆဲလေသည်။
“အခြားနိုင်ငံတွေကရော ဘယ်လိုလဲ”
“သူတို့က ဆေးစံအိမ်နဲ့ ပျော်ပျော်ကြီး ပူးပေါင်းမယ်လို့ ပြောပြီးတော့ ပြဿနာ မရှာချင်ကြဘူး၊ ငါတို့ကိုယ် ကိုယ့်ဘာသာကိုယ် ဖြေရှင်းဖို့ ပြောတယ် …”
“လခွမ်း”
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရုတ်တရက် ဆတ်ခနဲ မတ်မတ် ထိုင်မိသွားသည်။ သူ အသက်ကို ပြင်းပြင်းရှူ၍ မေးလိုက်သည်။
“လက်ရှိ အခြေအနေက ဘယ်လိုရှိလဲ”
“ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ငါတို့ နိုင်ငံသား တစ်သိန်းကျော်နဲ့ မရေတွက်နိုင်တဲ့ ပိုင်ဆိုင်မှုတွေကို ဆုံးရှုံးခဲ့ရတယ် … နောက်ထပ် လူတွေကလဲ ခရီးသွားမယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ နိုင်ငံကနေ ထွက်သွားချင်ကြတယ်”
လူလတ်ပိုင်းအရွယ် အမျိုးသား၏ နဖူးကြောများ တဆတ်ဆတ် ခုန်လာပြီး အံကိုကြိတ်၍ ပြောလိုက်သည်။
“ဆန်းကြယ်ကျွန်း၊ ဆေးစံအိမ်၊ ရဲ့လင်းချန်”
နိုင်ငံတစ်နိုင်ငံက မည်မျှ သန်မာပါစေ၊ ၎င်း၏ နိုင်ငံသားများက အခြေခံ အုတ်မြစ် ဖြစ်သည်။ ထို့အပြင် ကိုရီးယား နိုင်ငံသည် နိုင်ငံငယ် တစ်ခု ဖြစ်ပြီး ထိုမျှ ကြီးမားသော နိုင်ငံသား ဆုံးရှုံးမှုက မယုံနိုင်စရာကောင်းသော ဆုံးရှုံးမှု ဖြစ်သည်။
“အဲ့နေ့ကတည်းက အဲ့ကောင်ကို ငါ သတ်ခဲ့သင့်တာ”
လီဆောင်းယွန်းတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာ ရှိနေသည်။ သူ၏ မျက်လုံးတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေ၏။
လူလတ်ပိုင်းအရွယ် အမျိုးသားက မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။
“လူဝင်မှု ကြီးကြပ်ရေး ဌာနကို တားဆီးလိုက်၊ ပြီးတော့ ငါတို့ ဆေးစံအိမ်နဲ့ ဆွေးနွေးနေတုန်း ဖြစ်ပြီးတော့ မကြာခင် သူတို့ရဲ့ ဆေးတွေကို တင်ပို့နိုင်တော့မယ်လို့ လူသိအောင် ကြေညာလိုက်၊ ငါတို့ အခုလောလောဆယ်တော့ ပြည်သူတွေ မငြိမ်မသက် ဖြစ်နေတာကို တည်ငြိမ်အောင် လုပ်ရမယ်”
ထို့နောက် သူ၏ အကြည့်က လီဆောင်းယွန်းထံ ရောက်သွားသည်။
“ငါတို့ အခု မတူညီတဲ့ ခေတ်ကို ရောက်နေပြီ၊ ဟင်းလင်းပြင်နယ်မြေက တကယ့် တန်ဖိုးအစစ် ရှိတဲ့နေရာပဲ၊ ငါတို့ မကြာခင် ဟင်းလင်းပြင်နယ်မြေ အသစ်ကို ရတော့မှာ၊ ပြီးတော့ အနာဂတ် အောင်မြင်မှုတွေက ဆေးစံအိမ် ထင်ထားတာထက်တောင် ကျော်လွန်နေဦးမယ်၊ အဲ့အခါကျမှ လက်စားချေရင် နောက်မကျသေးဘူး”
“အဲ့ကောင်လေးက ပြဿနာ မရှိပါဘူး”
လီဆောင်းယွန်းက အထင်အမြင်သေးစွာ ရယ်မောနေသည်။
“အခု ကမ္ဘာကြီးက လုံးဝ ပြောင်းလဲနေပြီ၊ သူ့ရဲ့ အဲ့ဒီ ပေါက်ကရ လှည့်ကွက်တွေက မလုံလောက်ဘူး၊ ငါ့ရှေ့မှာ သူ ထပ်ပေါ်လာရဲခဲ့ရင်တော့ ငါ သူ့ကို လက်ချောင်း တစ်ချောင်းတည်းနဲ့ သတ်ပစ်မယ်”
“ငရဲတံခါးနားမှာ ပြင်ဆင်နေတာ အခြေအနေ ဘယ်လိုရှိလဲ”
“ကျွန်တော်တို့ အနီးအနားက ပင်လယ်ဧရိယာကို ပိတ်ဆို့ထားပြီးပါပြီ၊ စစ်သည်တော်ဌာနက ခဏခဏ ပေါ်လာပင်မယ့် အားလုံး ကျွန်တော့်ကြောင့် ပြန်ပြေးသွားရတာပါပဲ”
လီဆောင်းယွန်းက ရယ်နေသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားက ခနဲ့လိုက်သည်။
“တရုတ်က ဟင်းလင်းပြင်နယ်မြေ လေးခုတောင် ရှိနေပြီးတော့ တစ်ခုက ကျယ်ပြန့်လာတဲ့ အဆင့်မှာ ရှိနေတာ၊ သူတို့ရဲ့ ပညာရှင် အများစုက မလှုပ်နိုင် ဖြစ်နေပြီ၊ အခုလောလောဆယ် သူတို့ပြဿနာကိုတောင် သူတို့ မဖြေရှင်းနိုင်သေးဘူး၊ ဒီနေရာအတွက် ငါတို့နဲ့ တိုက်ခိုက်ဖို့ ကြိုးစားနေတာက သူတို့အတွက် ရယ်စရာ ဖြစ်နေပြီ”
သူ တစ်ခဏမျှ ရပ်သွားပြီးမှ ဆက်ပြောလိုက်သည်။
“အဲ့ဒီ ဆန်းကြယ်ကျွန်းကလည်း အနီးအနားမှာပဲ၊ အခွင့်အရေးသာ ရှိလာရင် ဟင်းလင်းပြင်နယ်မြေက သတ္တဝါတစ်ချို့ကို အဲ့ကျွန်းဘက် မျှားထုတ်ဦးမယ်”
လီဆောင်းယွန်း၏ မျက်လုံးများ တောက်ပသွားပြီး အားပါးတရ အော်ဟစ်ရယ်မောလိုက်သည်။
“သိပ်ကောင်းတဲ့အကြံပဲ၊ ဆန်းကြယ်ကျွန်းက အဲ့ကောင်စုတ်ရဲ့ ဌာနချုပ် ပြီးတော့ ဆေးစံအိမ်ကို အဲ့ဒီမှာ ဆောက်ထားတာ၊ ငါ အဲ့ကောင်စုတ်ရဲ့ ကြိုးစားအားထုတ်ထားတာတွေကို တခါတည်းနဲ့ ပျက်စီးသွားစေချင်တယ်”