← Chapters

ထူးဆန်းသော ခေါင်းဆောင် ( ၂ )

Vol. 6 Ch. 91

ထူးဆန်းသော ခေါင်းဆောင် ( ၂ )

Vol. 6 Ch. 91

“ မောင်လေး၊ အစ်မနာမည်က ရွှီရန်ဟုန်၊ အစ်မက တိဌာနခွဲအမှတ်ကိုးအသင်းကလေ။ ဒီနေ့က အစ်မ တာဝန်ကျတဲ့နေ့ဖြစ်နေတော့ အစ်မတို့နှစ်ယောက် လာဆုံသွားတာပေါ့ ”

ရွှီရန်ဟုန်က ရွှီချင်းကို ခေါ်လာရင်း လူဆိုးထိန်းဌာနထဲ လျှောက်လာကြသည်။ ထို့နောက် အဆောက်အအုံအသီးသီးကို လက်ညှိုးထိုး၍လည်း သူ့ကို ရှင်းပြပေးလိုက်သည်။

“ ဒါက လက်ထောက်ဌာနမှူးရဲ့ရုံးခန်း၊ ဒါလည်း လက်ထောက်ဌာနမှူးရဲ့ရုံးခန်းပဲ ”

“ ဂိုဏ်းတူအစ်မရွှီ၊ ဒီမှာ လက်ထောက်ဌာနမှူးတွေ ဘယ်လောက်တောင် ရှိတာလဲ ”

ရွှီချင်းက တွေးတွေးဆဆဖြင့် မေးမြန်းလိုက်သည်။

“ အစ်မတို့ လူဆိုးထိန်းဌာနမှာ ဌာနမှူးတစ်ယောက်နဲ့ လက်ထောက်ဌာနမှူးလေးယောက်ရှိတယ်။ ပြီးတော့ တျန်၊တိ၊ ရွှမ်၊ ဟွမ်ဆိုပြီး ဌာနခွဲလေးခုရှိတယ်။ ဌာနခွဲတစ်ခုစီမှာ ကင်းလှည့်အသင်းကိုးသင်း ရှိတယ်။ မောင်လေးကတော့ ရွှမ်အမှတ်ခြောက်အသင်းကပဲ ”

“ မောင်လေးကံက မဆိုးဘူး။ မောင်လေးတို့ဌာနခွဲက လက်ထောက်ဌာနမှူးက တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံနေတာဆိုတော့ သူ့ကို မြင်ရခဲတယ်။ အားလပ်ချိန်တွေ ပိုရတာပေါ့ ”

ရွှီချင်း၏ ဂိုဏ်းတူအစ်မခေါ်သည့်စကားကြောင့် မိန်းမပျိုက ထပ်မံပြုံးပြ၍ ရှင်းပြလိုက်သည်။

မကြာခင် မိန်းမပျို၏ဦးဆောင်မှုအောက်တွင် ရွှီချင်းက ရွှမ်ဌာနခွဲကို ရောက်လာသည်။ ရွှမ်ဌာနခွဲက လူဆိုးထိန်းဌာန၏ အနောက်တောင်အရပ်တွင် တည်ရှိပြီး ထိုနေရာ၌အဆောက်အအုံလေးဆယ်လုံးကျော်ရှိကာ ကျင့်ကြံသူအများအပြား ဝင်ထွက်သွားလာနေကြသည်။

ဌာနခွဲအသီးသီးကြားတွင် တားမြစ်ချက်များ ရှိဟန်တူသည်။ ရွှီရန်ဟုန်က အထဲကို မဝင်ချေ။ ရွှီချင်းကို လိုက်ပို့ပြီးနောက် အသံပို့လွှတ်ကာ ထွက်ခွာသွားသည။

ထိုနေရာ၌ အမှတ်ခြောက်အသင်းခေါင်းဆောင်ကို ရွှီချင်း တွေ့လိုက်ရသည်။

ထိုလူကို ရွှီချင်း တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူသည် ယမန်နေ့ညက သူ့ကို သတိပေးစကားပြောခဲ့သော လူငယ်မှလွဲ၍ တခြားလူမဟုတ်ပေ။ ထိုတိုက်ဆိုင်မှုကြောင့် ရွှီချင်းသည် ပို၍ သတိထားသွားသည်။

လူငယ်က ရွှီချင်းကို မြင်သောအခါ ရွှီချင်းကို ဖျပ်ခနဲ လှမ်းကြည့်လိုက်ပြီး ချက်ချင်း မှတ်မိသွားသည်။ သို့သော် ရွှီချင်း ရောက်လာခြင်းကြောင့် သူ အံ့သြသွားဟန်မပြပေ။

ထိုအခြင်းအရာကြောင့် ရွှီချင်း အတွေးနက်သွားရပြီး ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။

“ ဒီမနက်ခင်းက ဌာနမှူးကို မင်းကို ဒီအသင်းဆီ ပို့ပေးဖို့ ငါ တောင်းဆိုခဲ့တာ။ မင်းက မျက်နှာသစ်လိုက်တော့ ဒီလောက်ကြီး ပြောင်းလဲသွားမယ်လို့ ငါ မထင်ထားဘူး ”

အမှတ်ခြောက်အသင်းခေါင်းဆောင်က ဘာကိုမှ ကွယ်ဝှက်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

“ ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ် ”

ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်ကာ ပို၍ သတိထားနေသည်။

“ မင်း မအံ့ဩသွားဘူးလား ”

အမှတ်ခြောက်အသင်းခေါင်းဆောင်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

“ ကျနော် အံ့ဩသွားပါတယ် ”

ရွှီချင်းက ခေါင်းညိတ်ပြလိုက်သည်။

“ ဒါဆို မင်းက ဘာလို့ ဒီလောက် တည်ငြိမ်နေရတာတုံးကွ ”

အမှတ်ခြောက်အသင်းခေါင်းဆောင်က အံ့အားတသင့် မေးမြန်းလိုက်သည်။

ရွှီချင်းသည် စကားပြောမတတ်သူ တစ်ယောက်ဖြစ်သော်လည်း တစ်ဖက်လူ၏စကားများက ကျိုးကြောင်းဆီလျော်ကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် သူ စဉ်းစားလိုက်ပြီး အံ့အားသင့်သွားဟန် လုပ်ပြလိုက်သည်။

“…”

အမှတ်ခြောက်အသင်းခေါင်းဆောင်မှာ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။

“ ငါ မင်းကို ခေါ်လိုက်ရတာက အရင်ရက်တွေက ငါ့အသင်းဝင်နည်းနည်းပါးပါး သေသွားတော့ လူအင်အားနည်းနေလို့ပဲ။ ပြီးတော့ နောက်လာမယ့်တာဝန်တွေကလည်း သိပ်ကြီးတယ် ”

ထိုစကားကိုပြောပြီးနောက် အမှတ်ခြောက်အသင်းခေါင်းဆောင်က ရွှီချင်းကို ကြည့်လိုက်သည်။

ရွှီချင်းသည် အသင်းဝင်များ သေသွားသည့်စကားကို ကြားသောအခါ ရင်ထဲလေးလံသွားရသည်။ သို့သော်လည်း ထိုအကြောင်းကို မမေးမြန်းဘဲ ခေါင်းဆောင်ကိုကြည့်၍ သူ ဆက်ပြောမည့်စကားကို စောင့်နေလိုက်သည်။

ထိုကဲ့သို့ ရွှီချင်း၏အမူအရာကို မြင်သောအခါ အမှတ်ခြောက်အသင်းခေါင်းဆောင်က စိတ်ကျေနပ်သွားဟန်ဖြင့် ပြုံးလိုက်သည်။

“ မဆိုးဘူး။ မင်းက အရင်က လူသစ်တွေထက် ပိုအစွမ်းထက်တာပဲ။ ရွှီချင်း၊ ဒီနေရာကို ဒီနေ့မှ မင်းက ရောက်ဖူးတော့ အစိမ်းသက်သက်ဖြစ်နေဦးမှာပဲ။ ငါ မင်းကို လှည့်ပြပြီး လူဆိုးထိန်းဌာနရဲ့ တာဝန်တွေကို အသေးစိတ်ရှင်းပြမယ်ဆိုရင် မင်း ဘယ်လိုသဘောရလဲ ”

ခေါင်းဆောင်သည်လည်း စိတ်ဆတ်သော လူတစ်ယောက်ပင်။ စကားပြောပြီးနောက် တခြားအဖွဲ့ဝင်များနှင့် ရွှီချင်းကို မိတ်ဆက်ပေးမနေတော့ဘဲ ရွှီချင်းနှင့်အတူ လမ်းများပေါ် လျှောက်သွားသည်။

လူစည်ကားသောလမ်းများပေါ်၌ ခေါင်းဆောင်က ရွှီချင်းကို ဦးဆောင်ကာ သွားနေသည်။ အချိန်တိုင်း ခေါင်းဆောင်က ဘေးပတ်လည်ရှိ ဈေးဆိုင်ရှင်များကို ညင်သာစွာ နှုတ်ဆက်သည်။ သို့သော်လည်း ရွှီချင်းသည် ခေါင်းဆောင်၏ ရက်စက်ကြမ်းကြုတ်သော မျက်လုံးများကို ယမန်နေ့ညက မြင်ဖူးထားခဲ့၍ ထိုလူက အပြင်ပန်းတွင် မြင်ရသလောက် နူးညံ့သူတစ်ယောက်မဟုတ်ကြောင်း သိနေသည်။ ထို့ကြောင့် သူက ခပ်ခွာခွာနေကာ သတိထားနေသည်။

ခေါင်းဆောင်၏ကျင့်ကြံခြင်းအဆင့်ကိုလည်း သူ စူးစမ်းလေ့လာလိုက်သည်။ ခေါင်းဆောင်က ချီစုစည်းခြင်းအဆင့်ကိုး သို့မဟုတ် အဆင့်တစ်ဆယ်ကို ရောက်နေနိုင်ကြောင်း သူ ခံစားလိုက်ရသည်။

ချီရွှဲ့ထုံဂိုဏ်းမှ ချီစုစည်းခြင်းအဆင့်ကိုး သို့မဟုတ် အဆင့်တစ်ဆယ်ရှိ ဂိုဏ်းသားများသည် ရွှီချင်းထက် ပို၍ အစွမ်းထက်သည်။

“ နေ့တိုင်း အဲဒီလို မျက်နှာသေကြီး မထားနဲ့။ ဒီကိုရောက်ရင် မျက်နှာနှစ်ဖက် ထားတတ်ဖို့ မင်း သင်ထားရမယ်။ မဟုတ်ရင် မင်း ကြာကြာအသက်ရှင်မှာ မဟုတ်ဘူး ”

အမှတ်ခြောက်အသင်းခေါင်းဆောင်က ရွှီချင်းကို ကြည့်၍ ပြောလိုက်သည်။

ရွှီချင်း ငြိမ်သက်သွားပြီး ခဏအကြာ စဉ်းစားကြည့်လိုက်သည်။ ထိုစကားများက ကျိုးကြောင်းဆီလျော်ကြောင်း သူ ခံစားလိုက်ရ၍ အတတ်နိုင်ဆုံး ကိုယ်ဟန်အမူအရာကို ကြိုးစားပြုပြင်လိုက်သည်။ သို့သော် ခုနစ်နှစ်ကြာသည်အထိ မျက်နှာသေဖြင့် ဖြတ်သန်းလာခဲ့ရသည်ဖြစ်ရာ အချိန်တိုအတွင်း ပြောင်းလဲရန် မဖြစ်နိုင်ပေ။

“ ထားလိုက်တော့။ မင်းဘာသာ အချိန်ရရင် ရသလို ကြိုးစားကြည့်လိုက် ”

အမှတ်ခြောက်အသင်းခေါင်းဆောင်က ကူကယ်ရာမဲ့စွာ ပြုံး၍ ပြောလိုက်သည်။ ငကြောင်တစ်ယောက်ကို သူ သိမ်းသွင်းမိလိုက်သည့်အလား သူ ခံစားလိုက်ရသည်ဖြစ်၍ ဘေးမှ ပန်းသီးအနည်းအကျဉ်း ဝယ်လိုက်ပါသော်လည်း ရွှီချင်းကို မကျွေးချေ။

ရွှီချင်းသည်လည်း ကြည့်၍ ပန်းသီးနှစ်လုံး ဝယ်လိုက်သည်။

“ ငါတို့ သတ္တမမြောက်တောင်ထိပ်က လူဆိုးထိန်းဌာနရဲ့ တာဝန်တွေကို ငါ မင်းကို ပြောပြမယ်။ ငါတို့တာဝန်က တကယ်တော့ တစ်ခုတည်းပဲ။ အဲဒါက လူသတ်တာ … ”

အမှတ်ခြောက်အသင်းခေါင်းဆောင်က စကားပြောနေရင်း လမ်းဘေးရှိ အိမ်ခြေယာမဲ့တစ်ယောက်ကို မြင်သွားသည်။

သူက ဝိညာဉ်ကြေးပြားနှစ်ပြား ပစ်ပေးလိုက်ရာ ထိုအိမ်ခြေယာမဲ့အမျိုးသားမှာ လွန်စွာ ကျေးဇူးတင်သွားသည်။

ရွှီချင်းက အိပ်ခြေယာမဲ့အမျိုးသားကို ကြည့်လိုက်ပြီး ထိုလူက ကျင့်ကြံသူတစ်ယောက် မဟုတ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ခေါင်းဆောင်၏စကားများကို ပြန်စဉ်းစားကာ မေးမြန်းလိုက်သည်။

“ လူသတ်တာလား ”

အမှတ်ခြောက်အသင်းခေါင်းဆောင်က ပန်းသီးကို ကိုက်၍ တဂျွမ်းဂျွမ်း ဝါးစားလိုက်သည်။ သူ အလွန်ကျေနပ်အားရသွားဟန်ဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ ဂိုဏ်းသားတွေနဲ့ လူဆိုးတွေ ရန်လုပ်တာကနေ မြို့သူမြို့သားတွေကို ကာကွယ်ပေးတာ၊ ဘေးကင်းလုံခြုံမှုအတွက် အခွန်ကောက်ခံတာတွေက ကင်းလှည့်ဌာနရဲ့ တာဝန်တွေပဲ။ ဒါပေမဲ့ သူတို့မဖြေရှင်းနိုင်တဲ့ ကိစ္စတွေ ဥပမာ စည်းကျော်လာတဲ့ လူဆိုးတွေ၊ လူရမ်းကားတွေကို ရင်ဆိုင်ရတဲ့အခါ ငါတို့ လူဆိုးထိန်းဌာနက ဝင်ဖြေရှင်းပေးရတယ် ”

“ အဲဒါကြောင့် ငါတို့ ယူထားရတဲ့ တာဝန်တွေက အင်မတန် အန္တရာယ်များသလို ဆုံးရှုံးမှုလဲ ကြီးတယ်။ မင်းရှေ့မှာရှိနေတဲ့အသင်းက အကြိမ်မရေမတွက်နိုင်လောက်အောင် ပြောင်းလဲခဲ့ပြီးပြီ။ တာဝန်ထမ်းဆောင်ရင်း လူတချို့ သေသွားတယ်။ တချို့လူတွေက တိတ်တဆိတ် အသတ်ခံရတယ်။ ဒီတော့ အခုချိန်က စပြီး မင်း သတိသာထားနေတော့ ”

“ ဒါပေမဲ့ ဒီမှာနေရင် မျိုးမျိုးမြတ်မြတ် ရတယ်ကွ။ ငွေရဖို့ ရာဇဝတ်မှုတွေ ဖြစ်ပါစေဆိုပြီး ဆုတောင်းနေရတဲ့ တစ်ခုတည်းသော ဌာနပေါ့ကွာ ”

ထိုစကားကို ပြောပြီးနောက် ခေါင်းဆောင်က ပန်းသီးကို နောက်တစ်ကိုက် ကိုက်လိုက်သည်။

ရွှီချင်းက သူ၏လက်ထဲရှိ ပန်းသီးကိုကြည့်၍ ငြိမ်သက်နေပြီးနောက် တည်ကြည်လေးနက်စွာ မေးမြန်းလိုက်သည်။

“ အဲဒီအသတ်ခံလိုက်ရတဲ့လူရဲ့ ပစ္စည်းတွေကိုကျ ဘယ်လိုလုပ်လဲ ”

“ အမ် ”

အမှတ်ခြောက်အသင်းခေါင်းဆောင်က နောက်လှည့်လာပြီး ပထမဆုံးအကြိမ်အဖြစ် ရွှီချင်းကို လေးလေးနက်နက်ကြည့်လိုက်သည်။ ထို့နောက် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်လာသည်။

All Chapters