အဲဒီကလေး ဘယ်မှာလဲ
Vol. 5 Ch. 61
နောက်တစ်နေ့တွင် အင်စလေသည် ပုံမှန်အတိုင်းပင် အိမ်အကူများ ဝန်းရံကာဖြင့် နိုးထလာသည်။ ယနေ့၌ အိမ်အကူများသည် သူမအား ပြင်သစ်အရုပ်မလေးသဖွယ် ပြင်ဆင်ဝတ်စားပေးထားခြင်း ဖြစ်သည်။
အင်စလေ၏ ဆံပင်အဖျားလေးမှာ အနည်းငယ် ကောက်ကွေးနေပြီး အနားတွန့်များပါသည့် အဖြူရောင်ခေါင်းစည်းဖြင့် ဆင်ယင်ထားသည်။ သူမ ယနေ့ဝတ်ဆင်ထားသည်မှာ အလယ်ခေတ်ပုံစံ အပေါ်အောက် တစ်ဆက်တည်းဝတ်ဖြစ်သည်။ အပေါ်ပိုင်းမှာ မိန်းကလေးဆန်ဆန် အဖြူရောင်ဘလောက်စ်နှင့် အောက်ပိုင်းမှာ A ပုံစံ ပန်းနုရောင်စကပ်ရှည်ဖြစ်သည်။
ခါးမြင့်စကပ်သည် အင်စလေ၏ ရင်ဘတ်အနားသို့ပင် ရောက်လုနီးနီး ဖြစ်ကာ အနားတွန့်လေးများပါသော အဖြူရောင်ဘလောက်စ်သည် ရင်ဘတ်နေရာ၌ ဖဲပြားလေးတစ်ခု ပါရှိသည်။ အင်္ကျီလက်ရှည်သည်လည်း ကလေး၏ လက်မောင်းများအား စေ့စပ်သေသပ်စွာ ဖုံးကာပေးထားသည်။
အင်စလေသည် လမ်းလျှောက်နေသော အရုပ်မလေးနှင့် တူနေပြီဖြစ်သည်။ အိမ်အကူများသည် အင်စလေ၏ ယနေ့ဖက်ရှင်အား ပြီးပြည့်စုံသွားစေရန် အဖြူရောင်အမွေးပွ ယုန်ရုပ်ကိုပင် ပွေ့ဖက်ထားခိုင်းလိုက်သေးသည်။
ဤသည်မှာ ခေတ်သစ်ကမ္ဘာတစ်ခု ဆိုလျှင် အင်စလေမှာ ကလေးမော်ဒယ်တစ်ဦး ဖြစ်လာနိုင်သည်ဟု ခံစားနေရသည်။
မှန်ထဲရှိ ပုံရိပ်အားကြည့်ကာ အင်စလေ သူမ၏ ဆံပင်အဖျားများအား ပြေးဖြောင့်ချင်စိတ်ပင် ပေါ်လာသည်။ သူမ၏ မူလဆံပင်မှာ ဂုတ်ထောက်ရုံမျှသာ ရှိသောကြောင့် အဖျားလေးများအား ကောက်လိုက်ချိန်တွင် ပုံမှန်ထက်ပင် ပိုတိုသွားတော့သည်။
ယခုအခါ သူမကိုယ်သူမ ကြည့်ရသည်မှာ ရှုပ်ပွနေသော ငှက်သိုက်တစ်ခုအလားပင်။ အတော်လေး ကြောင်တောင်တောင် နိုင်သော်ငြား လှပနေဆဲဖြစ်သည်။ အရောင်များမှာ လိုက်ဖက်မှုရှိသည်။ အင်စလေထံမှ အစစ်အမှန် ချမ်းသာကြွယ်ဝသူတစ်ဦး၏ အငွေ့အသက်များ ပြည့်လျှမ်းနေတော့သည်။
‘အင်း.. ကောင်းသားပဲ.. မဆိုးပါဘူး..’
အင်စလေ စိတ်မပါစွာဖြင့် ဤအပြင်အဆင်အား လက်ခံကာ အခန်းထဲမှ ထွက်ပြီး စာကြည့်တိုက်ရှိရာသို့ ဦးတည်လိုက်သည်။ နံနက်စာအား အိပ်ခန်းထဲမှာပင် စားပြီးသွားခြင်း ဖြစ်သောကြောင့် အယ်လီယာနာထံသို့ သွားရောက်လည်ပတ်ရန်သာ ကျန်တော့သည်။
‘ဖင်း ရောက်နေပြီလား သိချင်သား..’
အင်စလေ အရှိန်တင်ပြီး စာကြည့်တိုက်ထံသို့ ပြေးသွားလေသည်။ သူမ၏ နတ်သမီး သူငယ်ချင်းလေးမှာမူ သူမအား သစ်ပင်အိမ်၌ စောင့်မျှော်နေခြင်း ဖြစ်ကြောင်းကိုမူ မသိလိုက်ချေ။
ဆံပင်ရွှေအိုရောင်နှင့် ကောင်လေးသည် မျိုးရိုးမြင့်များ ဝတ်ဆင့်လေ့ရှိသည့် နေဗီပြာရောင် ကုတ်အင်္ကျီအား ကျော့မော့စွာ ဝတ်ဆင်နေသည်ကို တွေ့ရမည်။ အဖြူရောင်ရှပ်အင်္ကျီနှင့် အနားတွန့်လေးများ ပါဝင်သော လည်စည်းကို ထပ်ပေါင်းလိုက်သည့်အခါတွင် ယမန်နေ့ကထက် များစွာပို၍ ခံ့ညားချောမောသည်ဟု ထင်ရသည်။
ကောင်လေးသည် အညိုရောင် ဘောင်းဘီတိုနှင့် အနက်ရောင်သားရေဖိနပ် ဝတ်ဆင်လိုက်ချိန်တွင် ချောမောခံ့ညားသော မျက်နှာကို ပိုမိုထင်ရှား ပေါ်လွင်စေသည်။
‘အမ်.. ကလေးက ဘယ်မှာလဲ..’
ဖင်းလီသည် ဘယ်ဘက်လက်ထဲရှိ အိတ်ဆောင်ကြည့်မှန်အား လှည့်ကာ ဆံပင်ဖြီးလိုက်ပြီး သပ်ရပ်ကျော့မော့အောင် ပြုလုပ်လိုက်သည်။ ကောင်လေးသည် ကလေး ရောက်လာသည်ကို မြင်ရရန် သစ်ပင်အောက်သို့ မကြာခဏ ငုံ့ကြည့်နေလေသည်။
ယမန်နေ့က ဤနေရာတွင် တွေ့ကြရန် ကတိပေးခဲ့ကြသည်။ ထိုကတိအား ဖင်းလီတစ်ဦးတည်းသာ မှတ်မိခြင်းဖြစ်သည်။ အင်စလေသည် ထိုကတိအား ဝမ်းနည်းဖွယ်ကောင်းလောက်အောင် မေ့လျော့သွားလေသည်။
နှစ်ဦးသား တစ်နာရီခန့်ကြာအောင် လွဲချော်နေခဲ့ပြီးမှ အင်စလေသည် ဖင်းလီအား ယမန်နေ့က သူမသွားခဲ့သော သစ်ပင်ကြီး၏ ထိပ်၌ ရှာတွေ့သွားလေသည်။
“ဖွင်း”
အင်စလေ အသက်ပြင်းပြင်းရှူရင်း အော်ခေါ်လိုက်သည်။ ကောင်မလေးသည် စိမ်းစိမ်းစိုစို သစ်ပင်ကြီးအား မျက်ထောင့်နီဖြင့် မော့ကြည့်နေသည်။
ဒီကောင်လေးက ဘာကိစ္စနဲ့ ဒီနေရာမှာ ရှိနေတာလဲ.. ဟမ်.. ဒီမှာစောင့်နေမယ်လို့ ပြောလိုက်တာမျိုးကို သေးသေးလေးတောင် မမှတ်မိဘူးနော်.. ဘာဖြစ်လို့ စာကြည့်တိုက်မှာ လာမစောင့်ရတာလဲ.. ငါက တစ်နာရီတောင် စောင့်နေခဲ့တာ..
အင်စလေသည် သစ်ပင်ပေါ်မှ ခုန်ဆင်းလာသည့် ဖင်းလီအားကြည့်ကာ နှာမှုတ်လိုက်သည်။ ကောင်လေးသည် မြေပြင်ပေါ်သို့ ရောက်သည်နှင့် ချက်ချင်းဆိုသလို တောင်းပန်တိုးလျှိုးသည့် အပြုံးတစ်ခု ပြုံးလိုက်သည်။
“တောင်းပန်ပါတယ်.. ငါတို့ ဒီနေရာမှာ တွေ့ကြမယ်လို့ပဲ ထင်လိုက်မိတာ.. မနေ့က ဒီမှာတွေ့မယ်လို့ သဘောတူထားကြတာ မဟုတ်ဘူးလား..”
ဖင်းလီသည် အင်စလေအား ပွေ့ချီကာ သစ်ပင်ပေါ်သို့ ခုန်တက်လိုက်ပြီး သူ၏ အဝတ်အား သစ်ရွက်များဖြင့် ပွတ်တိုက်မိသံများ ထွက်ပေါ်လာသည်။
ခေတ္တမျှကြာပြီးနောက် နှစ်ဦးသား သူတို့ကိုယ်ပိုင် ပြုလုပ်ထားသော လျှို့ဝှက်စခန်းသို့ ရောက်ရှိလာကြသည်။ အင်စလေအား သူမ၏ခုံတွင် နေရာချပေးပြီးနောက် ဖင်းလီသည် သူတို့၏ ကတိအား ပြန်ပြောလိုက်သည်။
“ဘယ်ကိုရောက်နေတာလဲ.. ဒီမှာစောင့်နေတာ သိရဲ့လား..”
ကောင်လေးသည် နှုတ်ခမ်းဆူနေဆဲဖြစ်သည့် အင်စလေအား ကြည့်လိုက်သည်။ ဤကလေးမှာ သူမ၏ အမှားအား ဝန်မခံလိုပုံရသည်။
“စာကြည့်တိုက်”
အင်စလေ သွားဖြီးကာ ရယ်ပြလိုက်သည်။ ကလေး၏ ဖောင်းအိအိ ပါးလေးများမှာ နီမြန်းနေပြီး ရှက်ရွံ့မှုအား ဖုံးကွယ်ရန် ခက်ခက်ခဲခဲ ကြိုးစားနေရသည်။
ဒီတော့ မှားတာက ငါပေ့ါ.. ငါက တွေ့မဲ့နေရာကို မေ့သွားတာ..
ဖင်းလီ သူမအား လိမ်ညာခြင်း ရှိ၊ မရှိ အင်စလေ ဂရုမစိုက်ချေ။ မည်သို့ပင်ဖြစ်စေ ထိုနားလည်မှု လွဲခြင်းကြောင့် တစ်နာရီတိတိ အချိန်ဖြုန်းခဲ့ရသည်။
ယင်းမှာ ပျော်ဖို့မကောင်းပေ။
အင်စလေ ထိုကိစ္စနှင့် ပတ်သက်၍ ဆက်မပြောလိုတော့မှန်း မြင်ပြီးနောက် ဖင်းလီ ရယ်မောလိုက်သည်။ အင်စလေအား ခေါင်းပုတ်ပြီးနောက် သူ၏ ကိုယ်နေဟန်ထားအား အနည်းငယ် ချိန်ညှိလိုက်သည်။
ယမန်နေ့ကလိုပင် ဖင်းလီသည် သစ်ပင်၏ ပင်မသစ်ကိုင်အား ကျောမှီလျက်ရှိပြီး အင်စလေမှာမူ လူလုပ်ကျောမှီထိုင်ခုံတွင် ထိုင်နေခြင်းဖြစ်သည်။
“အင်.. ဒီနေ့ကော ဘာမေးချင်တာလဲ ပြောပါဦး..”
ဖင်းလီ အသာရယ်လိုက်သည်။ မည်သည်ကြောင့်မှန်း မသိသော်ငြား အင်စလေ ရောက်လာချိန်တွင် ရုတ်တရက် စိတ်လှုပ်ရှားလာမိသည်။
ထို့အပြင် ကလေးမှာ ယနေ့တွင် လမ်းလျှောက်နေသော အရုပ်လေးတစ်ရုပ်နှင့် တူနေသည်ကို သတိပြုပြီးနောက်၌ ဖြစ်သည်။ သူ့အနေဖြင့် ကလေးတစ်ဦးအား စိတ်မဝင်စားသည့်တိုင်အောင် အင်စလေမှာ အမှန်တကယ် ချစ်ဖို့ကောင်းသည်ကိုမူ ဝန်ခံရမည်ပင်။
“မေးချင်တာ..”
အင်စလေသည် အမွေးပွယုန်ရုပ်၏ နားရွက်တစ်ဖက်အား ကိုက်ကာ အတွေးနက်နေပုံရသည်။
သူမစိတ်ထဲ၌ မေးချင်းသည့် အကြောင်းအရာ ရှိပြီးသားဖြစ်သည်။ သို့သော် ဖင်းလီ၏ တုံ့ပြန်ပုံ ပြင်းထန်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
‘ပိုက်ဆံဘယ်လိုရှာရမလဲ ဆိုပြီး မေးလိုက်ရင် ငါက ထူးဆန်းတယ်လို့ ထင်သွားမှာလား..’
အင်စလေ ချီတုံချတုံ ဖြစ်နေမိသည်။ ဖင်းလီသည်လည်း သူမအား အလျင်စလို မတိုက်တွန်းပေ။ ကလေး၏ ပါးဖောင်းဖောင်းလေးအား ဖျစ်ကာ ရယ်မောနေသည်။
‘ညီမလေးတစ်ယောက်ရှိတာ ဒီလိုမျိုးလား.. သူမ ကြီးပြင်းလာပြီး သူမရဲ့ ကံကြမ္မာကနေ လွတ်မြောက်မှာကို ကြည့်ဖို့ မစောင့်နိုင်တော့ဘူး..’
ဖင်းလီသည် အတွေးများဖြင့် ရုန်းကန်နေသော အင်စလေအားကြည့်ကာ မျက်လုံးများ တလက်လက် တောက်နေသည်။ သူ့နှလုံးသားထဲရှိ နတ်ဆိုးလေးမှာ အားနွဲ့သည့် ကလေးတစ်ယောက် တစ်ခုခု ပြုလုပ်ရန် ရုန်းကန်နေခြင်းအား ကြည့်ရသည်ကို နှစ်သက်နေမိသည်။
ထို့နောက် ကလေးသည် သူမထက် အသက်ကြီးသော သူ့ကို မှီခိုလာလိမ့်မည်။ ယင်းမှာ သူ၏ စွမ်းရည်အား ကလေးကို ကြွားဝါရာ မရောက်ပေဘူးလား။
ဖင်းလီ ထိုသို့တွေးရင်း ပြုံးရယ်နေစဉ်မှာပင် ရုတ်တရက် ယမန်နေ့ညက ရရှိလိုက်သော သတင်းအား အမှတ်ရလိုက်သည်။
‘စလိုအန်မိသားစုထဲမှာ လွှတ်ထားတဲ့ သူလျှိုပြောတာကတော့ မိသားစုခေါင်းဆောင်က ပင်မမိသားစုအတွက် အလုပ်လုပ်ပေးနေတဲ့ စာရင်းကိုင်အဖွဲ့ တစ်ဖွဲ့လုံးကို ဖြုတ်ပစ်လိုက်တယ်တဲ့.. သူတို့ကို လူသစ်တွေနဲ့ အစားထိုးမှာလား..’
ဖင်းလီသည် အမွေးပွယုန်ရုပ်၏ နားရွက်တစ်ဖက်အား ကိုက်နေဆဲဖြစ်သည့် မိသားစုခေါင်းဆောင်အား ကြည့်လိုက်သည်။ ယုန်ရုပ်လေးအတွက် စိတ်မကောင်းပင် ဖြစ်မိသည်။
ဖင်းလီသည် ရရှိထားသော သတင်းအပေါ် ပြန်လည်အာရုံစိုက်လိုက်သည်။ သူ၏ သူလျှိုမှာ အင်စလေအား အန္တရာယ်ပြုမည် မဟုတ်သော်ငြား ကလေးအပေါ် မျက်စိတောက်ထောက် ကြည့်နေခြင်းအား မရပ်နိုင်ပေ။
ကလေးသည် သူမ၏ အနာဂတ်အား မည်သို့ ပြောင်းလဲမည်ကိုလည်း သိချင်လှသည်။