စွမ်းရည်များ ပေါင်းစပ်ခြင်း
Vol. 5 Ch. 73
အင်စလေ၏ စိတ်အားထက်သန်မှုနှင့် ရင်ဆိုင်ရချိန်တွင် ဖင်းလီ တည်ငြိမ်စွာ ရှိလေသည်။ သက်ရှိသာဓကနှင့် ရှင်းလင်းချက်အား စတင်လိုက်သည်။
“ဟင်း.. ငါ့အစ်ကိုရဲ့ လူသားသူငယ်ချင်းကလည်း မင်းလိုမျိုး တူညီတဲ့ အတွေ့အကြုံ ရှိခဲ့တယ်..”
ဖင်းလီ သူ့ကိုယ်သူ တခြားနည်းလမ်းဖြင့် လှည့်ပတ်ဖော်ပြလိုက်သည်။
“ငါ့အစ်ကိုက အချိန်နတ်သမီးလေ.. ဝေါ်လ်တာမိသားစုက အမွေဆက်ခံသူနဲ့ ပဋိညာဉ်ပြုထားတဲ့ နတ်သမီးပေါ့.. မင်း သိတယ်မလား..”
ဖင်းလီ နောက်တစ်ကြိမ် မေးခွန်းထုတ်ဟန်ဖြင့် ပြောလိုက်သည်။
“အွင်း.. အာ့ချို..”
အင်စလေသည် ဖင်းလီ၏ နာမည်အား ကြားချိန်၌ မျက်တောင်တစ်ချက်ပင် မခတ်ချေ။ ဖင်းလီ၏ နာမည်အား ကြားလိုက်ရသူတိုင်း၏ တုံ့ပြန်ပုံနှင့် မတူဘဲ အထင်ကြီးကာ သဘောကျပုံလည်း မရှိပေ။
အင်စလေ၏ ထူးမခြားနားဟန် တုံ့ပြန်ပုံကြောင့် ဖင်းလီ နှလုံးသား နာကျင်သွားမိသည်။ ကောင်လေးသည် ခါးသက်သက်ပြုံးရင်း ခေါင်းယမ်းလိုက်သည်။
‘သေချာပေါက်ကို ဉာဏ်ကြီးရှင်တစ်ယောက်က တခြားဉာဏ်ကြီးရှင်အကြောင်း ကြားတဲ့အချိန် တုံ့ပြန်မှု ကြီးကြီးမားမား မပြဘူးပဲ..’
“ဟုတ်ပါပြီ.. ဝေါ်လ်တာမိသားစုရဲ့ အမွေဆက်ခံသူကို သိတယ်ဆိုတော့ သူက အသက် ၆ နှစ်မှာ စွမ်းရည်နိုးထတဲ့ အကြောင်းကိုလည်း သိထားမှာပေါ့.. ဟုတ်တယ် မလား..”
ဖင်းလီ ခါးသီးစွာဖြင့် ဆက်ပြောနေရသည်။
သူ၏နာမည်အား ကြားချိန်တွင် အင်စလေထံမှ အသိအမှတ်ပြုမှု သို့မဟုတ် အထင်ကြီးလေးစားမှုမျိုး ပြလိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ကောင်မလေးမှာ မည်သည့်တုံ့ပြန်မှုမှ မရှိချေ။
ဤခေတ်၏ ဉာဏ်ကြီးရှင်မှာ အင်စလေ၏ မျက်လုံးထဲ၌ အထင်ကြီးဖွယ် မဟုတ်ချေ။
တကယ်တမ်း၌ အင်စလေမှာ ဝေါ်လ်တာမိသားစု၏ အမွေဆက်ခံသူထံ၌ နတ်သမီးတစ်ယောက် ရှိနေခြင်းအား မကြိုက်ရုံသာဖြစ်သည်။
“အွင်း.. အာ့ တိတယ်.. (အဲဒါ သိတယ်..)”
အင်စလေ ဖင်းလီ၏ စကားအား ခေါင်းညိတ်လိုက်သည်။
ဒီနေ့ခေတ်ရဲ့ ဉာဏ်ကြီးရှင်ကို မသိဘဲ နေမှာလား..
အဲဒီကောင်လေးက မြို့တော်တစ်ခုလုံးမှာ နာမည်အရမ်းကြီးနေတာလေ.. ဒါပေမဲ့ သူက အရမ်းပဲ လျှို့ဝှက်ဆန်းကြယ်တယ်တဲ့.. သူ့မိသားစုဝင်တွေက လွဲပြီး တခြားသူတွေက မမြင်ဖူးဘူးလို့ပြောတယ်.. သူက လူထုနဲ့ တရားဝင်မိတ်ဆက်ပွဲ မလုပ်ရသေးဘူးတဲ့..
“အဲဒီသူ.. သူ့နာမည်က ဖွင်းနဲ့တူတယ်..”
အင်စလေ အထင်သေးစွာဖြင့် လျှာတောက်လိုက်ပြီး ဝေါ်လ်တာမိသားစု၏ အမွေဆက်ခံသူမှာ ဖင်းနီ၏ နာမည်နှင့် ဆင်တူကြောင်း အမှတ်ရလိုက်သည်။
ဖင်းလီဝေါ်လ်တာ.. ဗြဲ.. အဲဒီကောင်စုတ်က ဖင်းနီရဲ့ နာမည်ကို ကော်ပီကူးထားတာပဲ ဖြစ်မှာ.. သူ့ရဲ့ ပဋိညာဉ်ပြုထားတဲ့ အချိန်နတ်သမီး ဆိုတာက ဖင်းရဲ့ အစ်ကိုဆိုမှတော့ အဲဒီကောင်က ဖင်းရဲ့ နာမည်ကို အရမ်းကာရော ကော်ပီယူလိုက်တော့တာပေ့ါ..
သူ့ရဲ့ အသွင်အပြင်က တော်ဝင်နတ်သမီးနဲ့ အတော်လေး တူနေတာနဲ့ပဲ ဖင်းရဲ့ နာမည်ကို ကူးလို့ရရောလား..
ဟွန့်.. မုန်းစရာကောင်..
အင်စလေ၏ အထင်အမြင် သေးပုံရသည့် အသံနှင့် မျက်လုံးထဲရှိ မုန်းတီးမှုများအား အာရုံခံမိပြီးနောက် ဖင်းလီ ကြက်သေသေသွားတော့သည်။
ကောင်လေးမှာ ရုတ်တရက် ဤစကားဝိုင်းကိုပင် မဆက်လိုတော့ချေ။
အင်က ငါ့ကိုတောင် မမြင်ဖူးဘဲ ဘာကိစ္စနဲ့ မုန်းနေရတာလဲ.. ငါ ဘာတွေများ လုပ်ခဲ့မိလို့လဲ..
အင်စလေ၏ မုန်းတီးမှုကြောင့် ဖင်းလီမှာ သွေးပွက်ပွက်အန်ပြီး သွေးမျက်ရည် ကျလုနီးနီး ဖြစ်သွားရသည်။
အိုက်ရှ်.. ငါကလည်း ဉာဏ်ကြီးရှင် ဖြစ်နေလို့ သူမက မနာလိုဖြစ်နေတာများလား.. ဂါးးး ဒီကောင်မလေး ၁၀ နှစ်ပြည့်လို့ လူထုမိတ်ဆက်ပွဲလုပ်ရင် သူမအပေါ် ထင်မြင်ချက်ကောင်းကောင်း ပေးမှပဲ..
ဖင်းလီသည် သူ၏ အထောက်အထား အစစ်အမှန်နှင့် အင်စလေရှေ့၌ ပေါ်မလာမိစေရန် ဆုံးဖြတ်ချက်ချလိုက်သည်။ အင်စလေနှင့် ဆော့ကစားနိုင်မည့် အထောက်အထားအား မဆုံးရှုံးလိုပေ။
အင်စလေ အသက် ၁၀ နှစ် နောက်ပိုင်းမှသာ ပွင့်ပွင့်လင်းလင်း တွေ့ဆုံနိုင်မည်ဖြစ်ကြောင်း ဖင်းလီသိထားသည်။ ကံမကောင်းစွာဖြင့် ထိုအချိန် မတိုင်မီအထိ နတ်သမီးဟူသော အထောက်အထားနှင့်သာ သူမနှင့် တွေ့ဆုံနိုင်မည် ဖြစ်သည်။
သူတို့နှစ်ဦး တရားဝင် တွေ့ဆုံပြီးသည်နှင့် ကောင်မလေး၏ နှလုံးသားအား ရယူနိုင်အောင် ကြိုးစားမည်ဟု ကျိန်ဆိုလိုက်သည်။
အခုတော့.. အင့်ကို ကူညီဖို့ပဲ အာရုံစိုက်တာပေါ့..
“အာ.. အဲဒီ ဖင်း ဆိုတဲ့ကောင်ကို စိတ်ထဲမထားနဲ့.. မျိုးရိုးမြင့်တွေက တော်ဝင်နတ်သမီးတွေရဲ့ နာမည်တွေကို ယူသုံးတတ်ကြတာ သာမန်ပါပဲ..”
ဖင်းလီ လက်ယမ်းကာ စကားလွှဲလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကောင်လေးက အသက် ၁၀ နှစ် မတိုင်ခင် စွမ်းရည်နိုးထလာတာလေ.. သူလည်းပဲ အံ့ဖွယ်ဖြစ်ရပ်တွေ မဖြစ်စေခဲ့ဘူး..”
“ဂယ်လား..”
အင်စလေ အော်ဟစ်ရယ်မောလိုက်သည်။ ဖင်းလီဝေါ်လ်တာမှာ ထိုမျှလောက် မုန်းစရာ မကောင်းတော့ဟု ရုတ်တရက် ခံစားမိလိုက်သည်။ အကြောင်းမှာ သူမတို့သည် တူညီသော အတွေ့အကြုံများ ရှိကြသောကြောင့်ပင်။
“ဟုတ်တယ်.. တကယ်ပဲ.. သတ်မှတ်အရွယ် မရောက်ခင် စွမ်းရည်နိုးထတဲ့သူတွေက အံ့ဖွယ်ဖြစ်ရပ်တွေ မဖြစ်စေဘူးလို့ ငါထင်တယ်..”
ဖင်းလီ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“မင်းရဲ့ စွမ်းအင်ပင်ရင်း သေးသေးလေး အတွက်ကတော့ အဲဒီ ဖင်းလီကောင်လေးလည်း ပထမဆုံး စွမ်းရည်နိုးထတော့ ဖန်ဂေါ်လီလုံး လောက်ပဲရှိတဲ့ စွမ်းအင်ပင်ရင်းလေး ရှိခဲ့တာလို့ သူငယ်ချင်းပြောတာ ကြားဖူးတယ်..”
ဖင်းလီသည် ဖန်ဂေါ်လီလုံး မျှသာရှိသော စွမ်းအင်ပင်ရင်းလေးအား အမှတ်ရပြီးနောက် ရယ်မောလိုက်သည်။ ထိုအဖြစ်အပျက်ကြောင့် သူသည်လည်း သေလုမတတ် ထိတ်လန့်သွားခဲ့ရသည်။ သူ၏ အတိတ်ဘဝ၌ ထိုသို့မဟုတ်ချေ။
ကျေးဇူးတင်ဖို့ ကောင်းစွာပင် သူ၏ သူငယ်ချင်းဖြစ်သည့် အချိန်နတ်သမီးအား ထိုအကြောင်းနှင့် ပတ်သက်၍ မေးခဲ့ပြီး အံ့ဖွယ်ဖြစ်ရပ်များ မဖြစ်ရခြင်းနှင့် စွမ်းအင်ပင်ရင်းလေး ၂ ခုစလုံးနှင့် ပတ်သက်သည့် အဖြေအား ရရှိခဲ့သည်။
“အရွယ်မရောက်ခင် စွမ်းရည်နိုးထတာကြောင့် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ စွမ်းအင်ပင်ရင်းက သေးငယ်နေရတာလို့ ထင်တယ်.. ဒါပေမဲ့ အဲဒါက တခြားစွမ်းအင် အရင်းအမြစ်တွေထက် ပိုပြီးခိုင်မာတယ်..”
ဖင်းလီသည် ထိုအကြောင်းများ ရှင်းပြရင်း မျက်လုံးများ အရောင်လက်လာသည်။
သူတို့နှစ်ဦးစလုံးသည် သတ်မှတ်ထားသည့် အသက်အရွယ် မတိုင်မီ စွမ်းရည်နိုးထလာသောကြောင့် ထူးဆန်းသည့် အခြေအနေများ ဖြစ်လာရခြင်းပင်။
ယင်းမှာ မကောင်းဟု မဆိုလိုပေ။
“မင်းရဲ့ စွမ်းအင်ပင်ရင်းက တခြားလူတွေထက် သေးငယ်နေလိမ့်မယ်.. ဒါပေမဲ့လည်း ပိုပြီးတော့ မာကြောပြီး ကျစ်လစ်သိပ်သည်းတယ်.. မင်းရဲ့ ဖန်ဂေါ်လီလုံးလောက် စွမ်းအင်ပင်ရင်းက တခြား စွမ်းရည်အသုံးပြုသူတွေရဲ့ ပင်းပေါင်ဘောလုံး အရွယ်ရှိတဲ့ စွမ်းအင်ပင်ရင်းထက် ပိုပြီးတော့ သန်မာအားကောင်းတယ်..”
ဖင်းလီသည် ထိုသို့ရှင်းပြရင်း မျက်နှာပေါ်၌ သိမ်မွေ့နူးညံ့သော အပြုံးတစ်ပွင့် ရှိနေသည်။ ကောင်လေးသည် အင်စလေ၏ ခေါင်းလေးအား အသာပွတ်ကာ အားပေးလိုက်သည်။
“အဲဒါကြောင့် မင်းက အရည်အချင်းမရှိတာ မဟုတ်ပါဘူး.. မင်းက ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ပဲ.. ဝေါ်လ်တာမိသားစုက ကောင်လေး ဖင်းလီလိုပေါ့..”
ဖင်းလီသည် မရှက်မကြောက်ဘဲ သူ၏ ကိုယ်ပိုင်နာမည်အား ကြော်ငြာဝင်ရန်လည်း မမေ့ချေ။
ကောင်လေးမှာ အရှက်မဲ့လွန်းလှသော်ငြား သူ၏ ကြော်ငြာဝင်မှုသည် အမှန်တကယ်ကိုပင် ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိလေသည်။
ဖင်းလီသည် သူမနှင့် တူညီသော အတွေ့အကြုံမျိုး ရှိခဲ့မှန်း သိပြီးနောက် အင်စလေသည် ကောင်လေးနှင့် အနည်းငယ် ရင်းနှီးသလို ခံစားမိလာသည်။ ယခင်ရှိခဲ့သော မနာလိုမှုနှင့် မုန်းတီးမှုတို့လည်း အတော်လေး လျော့ပါးသွားသည်။
ယခုအခါ အင်စလေသည် သူမနှင့် အတော်လေး တူညီသည်ဟု ဆိုသော ထို “ဉာဏ်ကြီးရှင်” အား မြင်တွေ့ဖူးရန် အနည်းငယ် စိတ်အားထက်သန်လာသည်။
“တိပီ.. အာ့ချို အင်က အတုံးမကျ မုတ်ဝူးပဲ (သိပြီ.. အဲဒါဆို အင်က အသုံးမကျ မဟုတ်ဘူးပဲ)”
အင်စလေ စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက် ပွတ်လိုက်သည်။
သူမသည် အရည်အချင်းမရှိသူ မဟုတ်သည့်အပြင် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်နေသည်ကိုပင် သိလိုက်ရသဖြင့် သူမကိုယ်သူမ ယုံကြည်မှု တိုးလာသလို ခံစားနေရသည်။
“အာ့ချို အစောင့်အရှောက်တွေနဲ့ တွေ့နိုင်ဘီလား”
အင်စလေ ဖင်းလီအား နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။
သူမသည်လည်း ပါရမီရှင်တစ်ဦး ဖြစ်သောကြောင့် အစောင့်အရှောက်များနှင့် တွေ့ဆုံကာ တစ်ကောင်အား ဆွဲဆောင်နိုင်လိမ့်မည်ဟု ခံစားမိသည်။
“အင်း.. တွေ့လို့ရပြီ.. ဒါပေမဲ့ သူတို့ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ပြီး သွေးမျိုးဆက်ကို နိုးထစေဖို့ဆိုရင် မင်းရဲ့ ညှို့ဓာတ်စွမ်းရည်နဲ့ ကံကောင်းခြင်းစွမ်းရည်ကို လိုအပ်လိမ့်မယ်.. ကြောင်စာနဲ့ အရုပ်တွေက မလုံလောက်ဘူး..”
ဖင်းလီ မျက်လုံးများ မှေးကျဉ်းကာ လေးနက်စွာ ပြောသည်။
“အဲဒါကြောင့် ဒီစွမ်းရည် နှစ်ခုကို ပေါင်းစပ်ဖို့ အကြံပေးချင်တယ်..”
ဖင်းလီ၏ အကြံပြုချက်သည် အင်စလေအား ကြောင်အသွားစေသည်။
‘စွမ်းရည် ပေါင်းစပ်ရမှာလား..’