← Chapters

အရမ်းစွမ်းအားကြီးတာလား

Vol. 5 Ch. 74

အရမ်းစွမ်းအားကြီးတာလား

Vol. 5 Ch. 74

“ချွမ်းရည်ပေါင်းချပ်.. (စွမ်းရည်ပေါင်းစပ်)”

အင်စလေ နားမလည်ဟန်ဖြင့် ခေါင်းကလေးစောင်းလိုက်သည်။ အထူးစွမ်းရည်များအား ပေါင်းစပ် အသုံးပြုသည်ဟု မကြားဖူးသောကြောင့် ထိုစကားလုံးမှာ သူမအတွက် အသစ်အဆန်း ဖြစ်နေတော့သည်။

“ဟုတ်တယ်.. စွမ်းရည်ပေါင်းစပ်ဖို့ပဲ.. ပုံမှန်အားဖြင့် အဲဒါမျိုးက ငါ့လိုမျိုး ဒြပ်စင်စွမ်းရည် ရှိတဲ့သူတွေမှာပဲ အလုပ်ဖြစ်တာ..”

ဖင်းလီ လက်ဖြန့်လိုက်ပြီး လက်ပေါ်တွင် လေဝဲတစ်ခု ပေါ်လာသည်။

လေဝဲသည် ညင်သာစွာ လှည့်ပတ်နေပြီးသော်ငြား လေဖိအားကြောင့် အင်စလေ၏ ဆံပင်များပါ လွင့်ဝဲစေသည်။

“ကြည့်.. မီးနဲ့ လေစွမ်းအင်ကို ပေါင်းစပ်ပြမယ်..”

ကောင်လေးသည် လေဝဲအတွင်းသို့ ရဲတောက်နေသည့် မီးလျှံတစ်ခု ပေါင်းထည့်လိုက်ပြီး လေဝဲမှာ အနီရောင်ပြောင်းလာသည်။ လေလှိုင်းများသည် မီးပွားများ ထုတ်လွှင့်ကာ လှပသော်ငြား တစ်ချိန်တည်းမှာပင် သေစေနိုင်လောက်အောင် အန္တရာယ်များသည်။

“ဒါက မီးမုန်တိုင်းလေ.. လေက အရာဝတ္ထုတွေကို ဖြတ်တောက်ပြီး မီးကတော့ အရာအားလုံးကို လောင်ကျွမ်းပစ်လိမ့်မယ်.. လေက မီးကို အားဖြည့်ပေးမယ်..”

ဖင်းလီ တည်ငြိမ်စွာ ရှင်းပြသည်။

ကောင်လေးသည် မီးမုန်တိုင်းအား ငြှိမ်းသတ်ပြီးနောက် လက်ချောင်းထိပ်၌ လေဘောလုံးတစ်ခု ဖြစ်တည်လာသည်။ ထိုလေဘောလုံးထဲသို့ မီးစွမ်းအင် ပေါင်းစပ်လိုက်သော်ငြား ဤတစ်ကြိမ်တွင် လေဘောလုံးမှာ အရောင်ပြောင်းမသွားပေ။

“အခု ကြည့်.. လေနဲ့ မီးကို ပေါင်းစပ်လိုက်ပေမဲ့ မီးစွမ်းအင်ကို နည်းနည်းပဲ ထည့်လိုက်တာ..”

ဖင်းလီသည် လေဘောလုံးအား အင်စလေထံသို့ ပစ်လိုက်သည်။ ကောင်မလေးသည် လေဘောလုံးမှ ထွက်ပေါ်လာသည့် လေနွေးနွေးအား ခံစားမိလိုက်သည်။

လေဘောလုံးမှာ လေထဲ၌ ရစ်ဝဲရင်း ခန္ဓာကိုယ်အား အနွေးပေးရန် အသုံးပြုနိုင်ပုံရသည်။ ပတ်ဝန်းကျင်အား အလင်းပေးနိုင်သော မီးဘောလုံးနှင့် မတူဘဲ လေဘောလုံးအတွင်း ပေါင်းစပ်လိုက်သော မီးစွမ်းအင်မှာ အနည်းငယ် ဖျော့တော့သည်။

သို့သော် ဤလေ-မီး ပေါင်းစပ်ဘောလုံးမှာ မီးဘောလုံးကဲ့သို့ နွေးထွေးသော်ငြား ကလေးများအတွက်မူ အတော်လေး ပူသည်ဟု ဆိုရမည်။

“မြင်လား.. မီးအပူချိန်ကို မြှင့်လိုက်မယ်ဆိုရင် လေက ပိုပြီးပူလာလိမ့်မယ်.. ဘောလုံးကို ဖောက်ခွဲလိုက်တာနဲ့ ရန်သူက လေပူဒဏ်ကို ခံစားရလိမ့်မယ်..”

ဖင်းလီ လေဘောလုံးအတွင်းရှိ မီးအပူချိန်အား တိုးမြှင့်လိုက်ပြီး ဤတစ်ကြိမ်တွင် လေဘောလုံး ပြိုကွဲသွားသည်။

တစ်ချိန်တည်းမှာပင် အင်စလေ၏ မျက်နှာသို့ လေပူများ တိုက်ခတ်သွားသဖြင့် လောင်ကျွမ်းလုနီးနီးပင်။ လေ၏ အကျယ်အဝန်းမှာ မီးဘောလုံးနှင့်ယှဉ်လျှင် ပိုမိုကျယ်ပြန့်သည်ဟု ဆိုရမည်။

စွမ်းရည်နှစ်မျိုးအား ပေါင်းစပ်ကာ ဖင်းလီသည် အခြေအနေပေါ်လိုက်၍ အမျိုးမျိုးသော ကျွမ်းကျင်မှုများအား အသုံးပြုနိုင်သည်။ အင်စလေ၏ မျက်လုံးများ တလက်လက် တောက်ပလာတော့သည်။

“ဝါးးး ရမ်းမိုက်..”

အင်စလေသည် ဖင်းလီ လေဝဲထဲသို့ ရေစက်ကလေးများ ပေါင်းထည့်နေသည်ကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ ဤတစ်ကြိမ်တွင် လေမှာ လေညင်းကဲ့သို့ အေးမြလာသည်။

သို့သော် ဖင်းလီ ရေအပူချိန်အား ထိန်းချုပ်လိုက်သည်နှင့် လေဝဲမှာ ကလေးအား သက်သောင့်သက်သာ မဖြစ်လောက်အောင် အေးလာသည်။

“မြင်လား.. ဒီလိုမျိုး စွမ်းရည်တွေကို ပေါင်းစပ်ပြီး စွမ်းရည်အသစ် ဖန်တီးရမှာ.. ဒါကိုကြည့်ဦး.. ရေနဲ့ မီးစွမ်းရည်ကို ပေါင်းစပ်ပြမယ်..”

ဖင်းလီသည် ဘယ်ဘက်လက်ဖဝါးပေါ်၌ ရေဘောလုံးတစ်လုံးနှင့် ညာဘက်လက်ဖဝါးပေါ်၌ မီးဘောလုံးတစ်လုံး ထုတ်လွှတ်လိုက်သည်။

ထို့နောက် ကောင်လေးသည် ရေနှင့် မီး ဘောလုံးများအား ပေါင်းစပ်လိုက်ပြီး ချက်ချင်းဆိုသလို ကောင်းကင်ပေါ်သို့ ရေနွေးငွေ့ လှိုင်းလုံးကြီးတစ်ခု ပျံတက်သွားတော့သည်။

“ရေနဲ့မီးက ငါ့ရဲ့ စွမ်းရည်တွေ ဖြစ်တာကြောင့် ဒီစွမ်းရည်နှစ်ခုကို ပေါင်းစပ်ပြီး ရေနွေးငွေ့တွေ ထုတ်လွှတ်ဖို့ ထိန်းချုပ်နိုင်တယ်..”

ဖင်းလီ လက်ဖျောက်တီးလိုက်ချိန်တွင် ‌ထိုရေနွေးငွေ့များမှာ အသက်ရှိနေသယောင် သူ၏ လက်ကောက်ဝတ်၌ လှည့်ပတ်နေသည်။

ထိုသို့ဖြင့် ကောင်လေးသည် စွမ်းရည်အမျိုးမျိုး ပေါင်းစပ်ခြင်းမှ စွမ်းအားအသစ်များ ရရှိလာသည်။

“သစ်သားစွမ်းရည် ရလာမယ်ဆိုရင် မီးနဲ့ ပေါင်းစပ်ပြီး မီးခိုးတွေ မြူခိုးတွေ ဖန်တီးနိုင်မှာ.. အဲဒါဆို အဲဒီ မီးခိုးတွေ မြူခိုးတွေကို ထိန်းချုပ်နိုင်မယ်..”

ဖင်းလီ ပြုံးရယ်ကာ သူ၏ လက်ကောက်ဝတ်ရှိ ရေနွေးငွေ့များအား ပယ်ဖျက်လိုက်သည်။

ထို့နောက် ကောင်လေးသည် အင်စလေအား နူးညံ့သိမ်မွေ့စွာ ပြုံး၍ ကြည့်လိုက်သည်။

“စွမ်းရည်တွေကို ဒီလိုမျိုး ပေါင်းစပ်ရမှာ.. လွယ်တယ် ဟုတ်.. မင်းရဲ့ ညှို့ဓာတ်စွမ်းရည်နဲ့ ကံကောင်းခြင်းစွမ်းရည်ကို ပေါင်းစပ်သင့်တယ်..”

ဖင်းလီ ရိုးရိုးသားသား အကြံပြုလိုက်သည်။

“ဟု..”

အင်စလေ တက်ကြွမှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။ ဖင်းလီ၏ လေသံမှာ အတော်လေး ယုံကြည်စိတ်ချမှု ရှိသော်ငြား ရုတ်တရက် သူမ သံသယဝင်လာသည်။

ဒြပ်စင်စွမ်းရည်တွေကို ပေါင်းစပ်တာကတော့ ယုတ္တရှိတယ်လေ.. ဒါပေမဲ့ ဒြပ်စင်စွမ်းရည် မဟုတ်တာတွေကို ဘယ်လိုပေါင်းစပ်ရမှာလဲ..

ကံကောင်းခြင်းစွမ်းရည်နဲ့ ညှို့ဓာတ်စွမ်းရည်ကို ဘယ်လိုပေါင်းစပ်ရမှာလဲ.. ရလဒ်ကကော ဘယ်လို ဖြစ်လာမှာလဲ.. ကံကောင်းသောညှို့ဓာတ်လား..

ထိုအတွေးကြောင့် အင်စလေ မျက်လုံးလှိမ့်လိုက်သည်။

“ဖွင်း.. အင့် ချွမ်းရည်ကတော့ ပေါင်းရို့ရလား”

အင်စလေ မသေချာဟန်ဖြင့် မေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဒြပ်စင်စွမ်းရည် မဟုတ်သည့် စွမ်းရည်များအား ပေါင်းစပ်သည်ကို မမြင်ဖူးချေ။

ဖင်းလီသည် သူမအား စွမ်းရည်များ ပေါင်းစပ်ပုံကို ပြသခဲ့သော်ငြား ယင်းမှာ ဒြပ်စင်စွမ်းရည်များ ဖြစ်သည်။

“အင်း.. ပေါင်းလို့ရတယ်.. ရလဒ်ကတော့ စွမ်းရည်အသစ်တစ်ခု ဖြစ်လာမှာ မဟုတ်ဘူး.. ဒါပေမဲ့ မင်းရဲ့ ကံကောင်းခြင်းစွမ်းရည်က ညှို့ဓာတ်စွမ်းရည်ကို ပိုပြီးတော့ အားကောင်းလာစေလိမ့်မယ်..”

ဖင်းလီ ရယ်မောကာ အင်စလေ၏ ခေါင်းအား လက်ဖြင့်ပွတ်လိုက်သည်။ ကောင်မလေးသည် သူ့အား သံသယဝင်နေသည်ကို မြင်နိုင်သော်ငြား ယင်းမှာ အကျိုးအကြောင်းသင့်သည်။

“မင်း အခုသိသွားပြီ မဟုတ်လား.. မင်းရဲ့ ညှို့ဓာတ်စွမ်းရည်က လူသားတွေပေါ်ကိုပဲ အလုပ်ဖြစ်တာ.. ပြီးတော့ အချိန်အကန့်အသတ် ရှိတယ်.. အတိုင်းအတာကလည်း အဲလောက်ကြီး မကျယ်ပြန့်သေးဘူး..”

ဖင်းလီသည် အင်စလေ၏ နဖူးအား ပုတ်လိုက်ပြီး ကလေး၏ အားနည်းချက်အား ဖော်ထုတ်လိုက်သည်။ သူမသည် အမှန်တကယ်ကို အားနည်းလွန်းသည်။

“ဒါပေမဲ့ ကံကောင်းခြင်းကို ညှို့ဓာတ်စွမ်းရည်နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် လူသားမဟုတ်တဲ့ အရာတွေကိုလည်း ညှို့ယူနိုင်လိမ့်မယ်.. စိတ်ဝိညာဉ်တွေ.. နတ်သမီးတွေ.. သားရဲတွေ.. မွန်းစတားတွေ.. နတ်သူငယ်တွေ စသဖြင့်ပေါ့..”

ဖင်းလီ လက်ဖြန့်ကာ ယုံကြည်မှုရှိရှိ ပြုံးလိုက်သည်။ ထိုသို့ပြုံးလိုက်ချိန်တွင် ဖင်းလီမှာ အပြစ်ကင်း ဖြူစင်သော ကောင်လေးတစ်ဦးလိုပင် ဖြစ်သည်။

“မင်းရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် လူသားတွေအပေါ် အသုံးပြုတဲ့ ညှို့ဓာတ်စွမ်းရည်ထက် အချိန်ကြာကြာ သုံးနိုင်ပေမဲ့ အကျယ်အဝန်းကတော့ ကျဉ်းလိမ့်မယ်.. ဒါပေမဲ့ မြင့်မြတ် အစောင့်အရှောက်တွေရဲ့ အာရုံကို ဆွဲဆောင်ဖို့တော့ လုံလောက်မှာပါ..”

ဖင်းလီ ခပ်ဆိုးဆိုး ကောင်လေးတစ်ယောက်လို ပြုံးရယ်ပြီး သူ့အား သံသယဝင်နေသည့် အင်စလေအား အလင်းပြလိုက်သည်။ ကောင်မလေးသည် ထိုအကြောင်းအား ကြားသည်နှင့် အမှောင်ထဲ၌ ထွန်းလင်းလာသော မီးအိမ်တစ်ခုကဲ့သို့ မျက်လုံးလေးများ တောက်ပလင်းလက်လာသည်။

“ဂယ်ရား.. အင်က လူမုတ်တဲ့ဟာကို ညို့နိုင်မာပေါ့ (တကယ်လား.. အင်က လူမဟုတ်တဲ့ ဟာတွေကို ညှို့နိုင်မှာပေါ့)”

အင်စလေ ဖင်းလီအား အသံမြှင့်ကာ မေးလိုက်မိသည်။ မည်သည်ကြောင့် ထိုသို့မဖြစ်ရမည်နည်း။ သူမသည် ယခုလေးတင် သူမ၏ ညှို့ဓာတ်စွမ်းရည်မှာ လူသားမဟုတ်သူများကိုပင် ညှို့ယူနိုင်မည်ဖြစ်ကြောင်း သိလိုက်ရခြင်းပင်။

“ဟုတ်တယ်.. အမှန်ပဲ.. မင်းသာ ကြိုးစားလေ့ကျင့်မယ်ဆိုရင် လူသားကော လူသားမဟုတ်တဲ့ သက်ရှိတွေကိုပါ ညှို့ယူနိုင်လိမ့်မယ်.. ဒါပေမဲ့ အခုတော့ အားအနည်းဆုံး မြင့်မြတ် အစောင့်အရှောက်ကို ဆွဲဆောင်ဖို့ ကြိုးစားရမယ်..”

ဖင်းလီ ရင်ဘတ်အား လက်ဖြင့်ပုတ်ကာ အင်စလေအား ယုံကြည်စိတ်ချစေသည်။

အင်စလေ၏ ညှို့ဓာတ်စွမ်းရည်သည် မြင့်မြတ် အစောင့်အရှောက်များအား သိမ်းသွင်းနိုင်ခြင်း ရှိ၊ မရှိကိုမူ မသချောခဲ့ချေ။ သို့သော် ကံကောင်းခြင်းစွမ်းရည်နှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် သေချာပေါက် လုပ်နိုင်လိမ့်မည်။

“ပြီးတော့ ကံကောင်းခြင်းစွမ်းရည်ကို စူးရှသော အကြားစွမ်းရည်နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် လူတွေရဲ့ အတွေးကိုပါ ကြားနိုင်လိမ့်မယ်.. ပိုပြီးတော့ စွမ်းအားကြီးလာရင် သူတို့ရဲ့ အစစ်အမှန် ဆန္ဒတွေကိုပါ ကြားနိုင်လိမ့်မယ်..”

အင်စလေ ထိုအကြောင်းအား ကြားပြီးနောက် သစ်ကိုင်းပေါ်မှ ထခုန်မိလုနီးနီးပင်။

သောက်ခွေး.. အဲလောက်ကြီး စွမ်းအားကြီးတာလား..

All Chapters