အကြံကောင်းတစ်ခု မဟုတ်ဘူး
Vol. 5 Ch. 75
အင်စလေ စိတ်လှုပ်ရှားကာ မျက်နှာများ နီမြန်းလာပြီး အသက်ရှူမြန်လာသည်။
ကံကောင်းခြင်းစွမ်းရည်နဲ့ စူးရှသော အကြားစွမ်းရည်ကို ပေါင်းစပ်လို့ရတာလား.. ဘယ်လိုတောင်လား.. ကံကောင်းခြင်းစွမ်းရည်က စွမ်းအားမြှင့်စက်လိုမျိုး ဖြစ်နေတာပေါ့..
ငါ့ရဲ့ စွမ်းအင်ပင်ရင်းက သေးသေးလေးပဲ ရှိသေးတယ် ဆိုပေမဲ့ ကံကောင်းခြင်းစွမ်းရည်ရဲ့ အကူအညီနဲ့ဆိုရင် အကန့်အသတ်ကို ကျော်လွန်ပြီး သုံးလို့ရမယ်..
အင်စလေသည် အခြားသူများ၏ အတွေးများအား ချောင်းနားထောင်ရန်ပင် စိတ်ကူးနေမိတော့သည်။ အနာဂတ်တွင် သူမသည် တိရစ္ဆာန်များနှင့် လူသားမဟုတ်သော သက်ရှိများ၏ အတွေးများကိုပင် ကြားနိုင်မည် ဖြစ်သည်။
ဒါ.. ဒါက အရမ်းကို မိုက်နေတာ မဟုတ်ဘူးလား..
ကောင်မလေးသည် ရုတ်တရက်ဆိုသလို သူမ၏ စွမ်းရည်များအား ပေါင်းစပ်ရန် လေ့လာလိုစိတ်များ ထက်သန်လာတော့သည်။
“အာ့ချို.. အာ့ချို ချွမ်းရည်ပေါင်းဖို့ တင်ပေး (အဲဒါဆို အဲဒါဆို စွမ်းရည်ပေါင်းဖို့ သင်ပေး)”
အင်စလေ ဖင်းလီ၏ အင်္ကျီလက်အား ဆောင့်ဆွဲပြီး သူမ၏ စွမ်းရည်များ ပေါင်းစပ်ရမည့် နည်းလမ်းအား သင်ကြားပေးရန် တောင်းဆိုတော့သည်။
ဖင်းလီသည် ထိုသို့သော စွမ်းရည်များ ပေါင်းစပ်သည့် နည်းလမ်းအား မည်သည့်နေရာမှ သိလာကြောင်း မသိသော်ငြား ထိပ်တန်းမိသားစုများသည် ထိုနည်းလမ်းများအား သိမှာသေချာသည်။
“ဒါပေါ့ ဒါပေါ့.. မစိုးရိမ်နဲ့နော်.. အရင်ဆုံး ရွှေရောင်အငွေ့အသက်ကို ပန်းရောင်အငွေ့အသက်ထဲ ထိုးသွင်းပြီး အငွေ့အသက် နှစ်ခုလုံးကို တစ်ပြိုင်တည်း ဖွင့်ထုတ်လိုက်..”
ဖင်းလီ စိတ်ရှည်လက်ရှည်ဖြင့် သင်ကြားမှု စတင်သည်။
ထိုအငွေ့အသက်များသည် အင်စလေ၏ ဒြပ်စင်စွမ်းရည် မဟုတ်သော စွမ်းရည်များအား ကိုယ်စားပြုသည်။ ယင်းတို့မှ ဒြပ်စင်စွမ်းရည် မဟုတ်သောကြောင့် ဒြပ်စင်စွမ်းရည်များကဲ့သို့ ထိတွေ့ခံစားနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် စွမ်းအားများ ဖွင့်ထုတ်ချိန်တွင် အင်စလေသည် သူမ၏ စွမ်းရည်များအား ကိုယ်စားပြုသည့် အငွေ့အသက်များအပေါ် အာရုံစူးစိုက်ထားရန် လိုအပ်သည်။
အင်စလေ ဖင်းလီ၏ ညွှန်ကြားမှုအတိုင်း နာခံမှုရှိရှိ လိုက်ပါဆောင်ရွက်သည်။
အင်စလေသည် ဖင်းလီနှင့် ၃ ရက်ဆက်တိုက် လေ့ကျင့်ပြီးနောက် စတုတ္ထမြောက်နေ့တွင် မြင့်မြတ် အစောင့်အရှောက် တစ်ကောင်အား ညှို့ယူသိမ်းသွင်းကာ သူတို့၏ သွေးမျိုးဆက်အား နိုးထစေနိုင်မည်ဟု ယုံကြည်ချက် ရှိလာသည်။
ဖင်းလီနှင့် နံနက်ခင်း လေ့ကျင့်မှုပြီးနောက် အင်စလေ နှုတ်ဆက်စကားဆိုကာ နေ့လယ်စာ စားရန် ထမင်းစားခန်းသို့ လျှောက်လှမ်းသွားသည်။
ယနေ့တွင် သူမသည် မြင့်မြတ် အစောင့်အရှောက်များနှင့် တွေ့ဆုံခွင့်ပြုရန် အဖိုးယိုဖန်အား ဖြားယောင်းသိမ်းသွင်းမည် ဖြစ်သည်။
အင်စလေသည် အဖြူရောင်ကော်လံပါသော ပန်းရောင်လက်ပြတ် ရှပ်အင်္ကျီကို ဝတ်ဆင်ကာ နှစ်ဖက်ချည်ထားသည့် ဆံပင်တိုလေးများအား လက်ဖြင့်ထိရင်း တခစ်ခစ် ရယ်မောနေသည်။
ကောင်မလေးသည် ခြေပုတိုလေးများနှင့် ပြေးသွားသောကြောင့် ပန်းရောင် ဖောင်းပွ အစက်အပျောက်များနှင့် အစင်းများ ပါဝင်သည့် စကပ်လေးမှာ လေထဲ၌ ဝဲခါလျက်ရှိသည်။
နောက်ကျောရှိ ဖောင်းကြွအစက်အပျောက်လေးများ ပါဝင်သော ဖဲကြိုးလေးသည် ကလေးအား ပုံမှန်ထက် ပိုမိုချစ်စဖွယ် ဖြစ်စေသည်။ ထို့ကြောင့် ဖင်းလီပင်လျှင် ကလေးအား နေရာမှာတင် ကောက်ယူမွေးစားချင်စိတ်များ ပေါ်လာတော့သည်။
သူမ၏ အသွင်အပြင်မှာ ချစ်စဖွယ်ဖြစ်နေကြောင်း သေချာပြီးနောက် အင်စလေ အယ်လီယာနာနှင့်အတူ ထမင်းစားခန်းသို့ ဝင်ရောက်သွားသည်။ သို့သော် သူမသည် ယခင်နေ့များကဲ့သို့ အယ်လီယာနာအား ပွေ့ချီခွင့် မပြုချေ။
ကလေးသည် အမှီအခိုကင်းသူ ဖြစ်လာလိုသည်။
အင်စလေ ရောက်ရှိချိန်၌ သူတော်စင်တစ်ဦးကဲ့သို့ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးယိုဖန်သည် ချက်ချင်းဆိုသလို သူမအား နှုတ်ဆက်လာသည်။
“ဟေ့.. ငါတို့ရဲ့ ဘောစ့်သေးသေးလေး ရောက်လာပြီကွ..”
အဖိုးယိုဖန်သည် အင်စလေအား စနောက်ကာ ကလေးအား ပွေ့ချီကာ လက်မောင်းထဲ ထည့်လိုက်သည်။
မုတ်ဆိတ်ဖြူများသည် ခပ်စောင်းစောင်းဖြစ်နေပြီး ရွှေအိုရောင်ဆံပင်မှာ ဖင်းလီ၏ ဆံပင်ကဲ့သို့ တောက်ပစွာ ရှိလေသည်။
အင်စလေသည် မျက်စိဖမ်းစားနိုင်သော ရွှေအိုရောင်ဆံပင်အား မုန်းတီးခြင်းမရှိချေ။ ယ်းသည် သူမ၏ သူငယ်ချင်းဖြစ်သော နတ်သမီးလေးကိုပင် အမှတ်ရစေသောကြောင့် ဖြစ်သည်။
“ဟီးဟီးဟီး အားဖားနွန်း ဖိုးဖိုး”
အင်စလေ အဖိုးအို၏ လည်ပင်းအား လက်ဖြင့်ဖက်ရင်း နှစ်ဦးသား ထမင်းစားပွဲရှိရာသို့ သွားကြသည်။ နေ့လယ်စာ ပြင်ဆင်ထားပြီး ဖြစ်သလို ယနေ့ စားဖွယ်ရာမှာ ဘဲကင်နှင့် အရွက်သုပ် ဖြစ်သည်။
အင်စလေ၏ နေ့လယ်စာမှာမူ နူးအိအောင် ပြုတ်ထားသည့် ဘဲသားနှင့် အသီးအရွက် စွပ်ပြုတ်တစ်ခွက် ဖြစ်သည်။
ကလေးဖြစ်ရတာ မကောင်းတဲ့အချိန်တွေ ရှိတယ်နော်..
“အင်း.. အင်း.. နောက်တောင်ကျနေပြီ.. စားကြမယ်နော် သမီး..”
အဖိုးယိုဖန်သည် အင်စလေအား မိသားစုခေါင်းဆောင် ထိုင်ခုံ၌ ဂရုတစိုက် နေရာချလိုက်သည်။ ကလေး ထိုင်ခုံပေါ်မှ ပြုတ်မကျနိုင်ရန် သေချာပြီးနောက်မှသာ သူမအနီးရှိ ထိုင်ခုံ၌ ထိုင်လိုက်သည်။
“အင်း.. စားကြမယ်”
အင်စလေသည် အဖိုးယိုဖန်အား ချက်ချင်း တောင်းဆိုခြင်း မပြုပေ။ သူမ ဗိုက်ပြည့်သည်အထိ စားသောက်ပြီးချိန်တွင် အဖိုးယိုဖန်သည်လည်း တစ်ဝက်ခန့် စားသောက်ပြီး ဖြစ်သည်။ ထိုအချိန်မှသာ စကားစပြောတော့သည်။
“အမ်.. ဖိုးဖိုး.. အင် ဟို ရမ်းမိုက်တဲ့ဖိုးဖိုးကို အိပ်မက်မက်..”
အင်စလေ အဖိုးယိုဖန်အား အလေးအနက် ပြောလိုက်သည်။ ကောင်မလေး၏ ရုတ်တရက် အလေးအနက် ရှိနေပုံနှင့် လျှို့ဝှက်နေပုံကြောင့် အဖိုးယိုဖန် အလေးအနက်မထားဘဲ မနေနိုင်တော့ချေ။
အရမ်းမိုက်တဲ့ ဖိုးဖိုး ဟုတ်လား.. ဂေါ့ဖားသား သခင်ကြီး ဒေ့ဗ်များလား..
အဖိုးယိုဖန် ချက်ချင်းပင် ကျောမတ်လိုက်သည်။ အင်စလေ ထိုဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးနှင့် ပတ်သက်သည့် အိပ်မက်အကြောင်း ပြောသည့်အချိန်တိုင်းတွင် သူ့အနေနှင့် ပေါ့ပေ့ါပါးပါး သဘောမထားရဲပေ။
“အိုး.. တကယ်လား.. ဒီတစ်ကြိမ် ဘာကိစ္စတဲ့လဲ ဖိုးဖိုးကို ပြောပါဦး..”
အဖိုးယိုဖန်၏ မျက်နှာမှာ တည်ငြိမ်နေသော်ငြား အလွန်အမင်း စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။
သခင်ကြီးဒေ့ဗ်က ငါတို့ ဘေဘီအင်ကို သဘောကျတာပဲ.. သူမကို ဒုတိယအကြိမ် အိပ်မက်ပေးပြန်ပြီ..
ထိုသို့ဖြင့် အင်စလေသည် အဖိုးယိုဖန်အား သူမအိပ်မက်ထဲ၌ ကြုံတွေ့ခဲ့သည့် အကြောင်းအရာအား ချက်ချင်းပြောပြလိုက်သည်။ သခင်ကြီးဒေ့ဗ်သည် သူမအား မြင့်မြတ် အစောင့်အရှောက်များနှင့် တွေ့ဆုံရန် အကြံပေးခဲ့သည်ဟု အဖိုးယိုဖန်အား ပြောလိုက်၏။
အခြားကိစ္စရပ် တစ်ခုဆိုလျှင် အဖိုးယိုဖန် ချက်ချင်းပင် သဘောတူလက်ခံလိုက်မည် ဖြစ်သည်။ သို့သော် မြင့်မြတ် အစောင့်အရှောက်များဟု ကြားပြီးနောက် နေရာမှာတင် အေးခဲသွားတော့သည်။
မြင့်မြတ် အစောင့်အရှောက်တွေလား.. တစ်လျှောက်လုံး ဘယ်သူမှ မထိန်းကျောင်းနိုင်ခဲ့တဲ့ သားရဲ ၃ ကောင်ကိုလေ.. သခင်ကြီးဒေ့ဗ်က အင်စလေကို အဲဒီ အရိုင်းအစိုင်း သားရဲတွေနဲ့ တွေ့စေချင်တာလား..
အဖိုးယိုဖန် ပျာယာခပ်သွားသည်။ ဂေါ့ဖားသားသည် ကလေးငယ်လေးအား ထိုသားရဲများနှင့် တွေ့ဆုံရန် အကြံပေးလောက်အောင် ရက်စက်လိမ့်မည်ဟု မထင်မိခဲ့ချေ။
“အင်.. ဒါက အကြံကောင်း မဟုတ်ဘူးလို့ ဖိုးဖိုးထင်တယ်.. အစောင့်အရှောက်တွေက အန္တရာယ်ရှိတယ်.. သူတို့က ကြောင်ပုံစံနဲ့ ရှိနေရင်တောင် မြင့်မြတ်သားရဲတွေ ဖြစ်နေတုန်းပဲ..”
အဖိုးယိုဖန် ခေါင်းယမ်းကာ ခိုင်မာစွာ ငြင်းပယ်လိုက်သည်။
“သခင်ကြီးဒေ့ဗ်က သမီးရဲ့ အကျိုးအတွက် ပြောတယ်ဆိုတာ ဖိုးဖိုးသိပါတယ်.. ဒါပေမဲ့ ဒီကိစ္စမှာတော့ သူ့ရဲ့ စကားကို ဖိုးဖိုးတို့ မလိုက်နာနိုင်လောက်ဘူး.. အင်.. အဲဒီသားရဲတွေရဲ့ လက်ဝါးအောက်မှာ လူဘယ်လောက်တောင် သေဆုံးခဲ့ရလဲ သမီးသိလား..”
အဖိုးယိုဖန် ချဲ့ကားပြောလိုက်သည်။ သားရဲများအား အနှောင့်အယှက် ပေးသူများသာ သေဆုံးခဲ့ကြခြင်း ဖြစ်သော်ငြား အင်စလေသည် မြင့်မြတ်သားရဲများအား မတော်တဆ အပြစ်ပြုမိမည်ကို စိုးရိမ်မိသည်။
သူမက အခုမှ ကလေးပေါက်စလေးပဲ ရှိသေးတာလေ.. အစောင့်အရှောက်တွေကို တွေ့တဲ့အခါ အမှား မလုပ်မိဘူးလို့ ဘယ်သူပြောနိုင်မလဲ..
ပြီးတော့ အဲဒီသားရဲတွေရဲ့ အသိုက်ထဲကို လူတစ်ယောက်ပဲ ဝင်နိုင်တာ.. သူမ တစ်ခုခု အမှားအယွင်း လုပ်မိရင် ကယ်နိုင်မဲ့သူ မရှိဘူး..
လုံးဝပဲ.. မိသားစုခေါင်းဆောင်ကို ဒီလိုမျိုး အသေခံဖို့ ခွင့်ပြုရမှာလား..
အဖိုးယိုဖန်၏ မျက်လုံးနီများနှင့် ခေါင်းမာသည့် အကြည့်အား မြင်သည့်အခါ အင်စလေ၏ နှုတ်ခမ်းများ မဲ့ကျသွားပြီး ရုတ်တရက် ခေါင်းကိုက်လာတော့သည်။
ဂါးး ဒီအဖိုးကြီးက အဲလောက်ကြီး ပြင်းပြင်းထန်ထန် တုံ့ပြန်လိမ့်မယ်လို့ မတွေးထားမိဘူး.. ဒီပုံတိုင်းဆို သူက ငါ့ကို အစောင့်အရှောက်တွေနဲ့ တွေ့ဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး..