← Chapters

အရည်အချင်းမရှိသူ

Vol. 5 Ch. 72

အရည်အချင်းမရှိသူ

Vol. 5 Ch. 72

‘ဒီစွမ်းရည်အကြောင်း ဖင်း ကို မေးသင့်လား.. သူကတော့ သိလောက်မှာပါ.. ဂါးးး ဘယ်လိုဖြစ်ပြီး ဒီ ကံကောင်းခြင်းစွမ်းရည်ကို ရုတ်တရက်ကြီး ရလာတာလဲ.. စွမ်းရည်နိုးထတဲ့ လက္ခဏာတွေလည်း မခံစားမိဘူး..’

အင်စလေ မျက်လုံးဖွင့်ကာ အိပ်ရာပေါ်၌ ခြေပစ်လက်ပစ် လဲနေမိသည်။

သူမ အမှန်တကယ် စိတ်ရှုပ်ထွေးနေရခြင်း ဖြစ်သည်။ စာအုပ်များထဲ၌ ရေးထားသည်မှာ အထူးစွမ်းရည် နိုးထသည့်အခါ အံ့ဖွယ်ဖြစ်ရပ်များ ဖြစ်ပေါ်တတ်သည်ဟု ဆိုသည်။

ဥပမာအားဖြင့် ညှို့ဓာတ်စွမ်းရည် နိုးထချိန်တွင် စွမ်းရည်ပိုင်ရှင်၏ အနီးဝန်းကျင်ရှိ အရာအားလုံး ဒူးထောက်ကြရသည်။

အသစ်မွေးဖွားလာသော စွမ်းရည်အဆင့်အတန်း မြင့်မားလေလေ အံ့ဖွယ်ဖြစ်ရပ်များမှာ ပိုမိုထင်ရှား မြင်သာလာလေဖြစ်သည်။ ယင်းမှာ ကျင့်ကြံခြင်း ဝတ္ထုများမှ အဆင့်ချိုးဖြတ် တက်လှမ်းပုံနှင့် တူလှသည်။

သို့သော် အင်စလေ၏ စွမ်းရည်များ နိုးထလာချိန်တွင် မည်သည့်ဖြစ်ရပ်မှ ပေါ်ထွက်မလာခဲ့ချေ။

ဆိုလိုသည်မှာ သူမ၏ စွမ်းရည်မှာ အလွန်အဆင့်နိမ့်သောကြောင့် အံ့ဖွယ်ဖြစ်ရပ်များအား လှုပ်ခတ်စေနိုင်ခြင်း မရှိခြင်း ဖြစ်နိုင်သည်။

အင်စလေ၏ မျက်နှာ ဖြူဖျော့လာသည်။ ကောင်မလေးသည် လက်သီးများဆုပ်ကာ သူမ၏ ဝမ်းဗိုက်အတွင်းရှိ အလုံးလေးအား စစ်ဆေးလိုက်သည်။ ထိုအလုံးလေးသည် သူမ၏ စွမ်းအားကို ကိုယ်စားပြုပြီး သူမ စွမ်းရည်များ၏ စွမ်းအင်ပင်ရင်းလည်း ဖြစ်နိုင်သည်။

စွမ်းရည် စတင်နိုးထချိန်၌ ကြီးမားသော စွမ်းအင်ပင်ရင်း ဖြစ်တည်လာသူများသည် အနာဂတ်တွင် အခြားသူများထက် အင်အားကြီးသူများ ဖြစ်လာရန် အလားအလာရှိသည်ဟု ဆိုကြသည်။

သို့သော် သူမ၏ စွမ်းအင်ပင်ရင်းမှာ ဖန်ဂေါ်လီလုံးမျှသာရှိသည်။

အင်စလေ နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်သည်။ သူမ၏ မျက်နှာထက်တွင် ဝမ်းနည်းမှုတို့ ထင်ဟပ်နေသည်။

‘ငါက တကယ်ပဲ အရည်အချင်း မရှိတာလား.. ဒါပေမဲ့ စာအုပ်တွေထဲမှာတော့ စွမ်းရည်မျိုးစုံ ပိုင်ရှင်တွေက ပါရမီရှင်တွေလို့ ရေးထားတာပဲ.. ပြီးတော့ သူတို့ပိုင်ဆိုင်တဲ့ စွမ်းရည်တိုင်းက တူညီတဲ့ စွမ်းရည်ပိုင်ဆိုင်တဲ့ တခြားသူတွေထက် နည်းနည်းပိုပြီး သန်မာတယ်တဲ့..’

ညှို့ဓာတ်စွမ်းရည် ရှိသူမှာ အင်စလေတစ်ဦးတည်း မဟုတ်ကြောင့် သိထားရမည် ဖြစ်သည်။ ဂေ့ါလိဖ်နိုင်ငံတစ်ဝှမ်းရှိ အချို့လူများသည်လည်း ညှို့ဓာတ်စွမ်းရည် အသုံးပြုသူများ ဖြစ်ကြသည်။ သို့သော် စွမ်းရည် အဆင့်၊ အရည်အသွေးနှင့် ပြင်းအားတို့ ကွဲပြားမှု ရှိကြသည်။

အင်စလေ၏ ညှို့ဓာတ်စွမ်းရည်မှာ ပိုမိုသန်မာလာလျှင် အခြား ညှို့ဓာတ်စွမ်းရည် အသုံးပြုသူများအား သူမ၏ စွမ်းရည်ဖြင့် ဖိနှိပ်ထားနိုင်လိမ့်မည်။

သောက်ရမ်းမိုက်တယ်..

သူမထံ၌ စွမ်းရည် ၃ မျိုး ရှိသည့်အတွက် သူမ၏စွမ်းရည် တစ်ခုစီတိုင်းမှာ အံ့ဖွယ်ဖြစ်ရပ်များအား ဆွဲဆောင်နိုင်ရန် လုံလောက်အောင် စွမ်းအားကြီးသင့်သည်။

သို့သော် ထိုသို့ဖြစ်မလာခဲ့ချေ။

အင်အားအနည်းဆုံး စွမ်းရည်အသုံးပြုသူပင်လျှင် အံ့ဖွယ်ဖြစ်ရပ် တစ်စွန်းတစ်စအား ဆွဲဆောင်နိုင်လိမ့်မည်။ သို့သော် အင်စလေထံ၌ အရိပ်အမြွက်မျှပင် ဖြစ်မလာခဲ့ချေ။ သူမ၏ စွမ်းအင်ပင်ရင်းမှာလည်း အလွန်သေးငယ်သည်။

အင်စလေ မတုန်လှုပ်ဘဲ မနေနိုင်ချေ။

ဘာလုပ်ရမလဲ.. ငါက တကယ်ပဲ အရည်အချင်း မရှိတဲ့သူဆို မိသားစုကို မာဖီးယားလောကရဲ့ ထိပ်ဆုံးရောက်အောင် ခေါ်ဆောင်သွားရမလဲ.. ဒီမိသားစုကို ဘယ်လိုမျိုး ပြန်အသက်သွင်းပြီး ကာကွယ်ပေးရမလဲ.. ရုပ်သေးခေါင်းဆောင် တစ်ယောက်လိုပဲ နေပြီးတော့ သာမန်ဘဝနဲ့ပဲ နေသွားရမလား..

အင်စလေ နှုတ်ခမ်းကိုက်ကာ သက်ပြင်းချလိုက်သည်။ သူမ၏ မျက်လုံးများမှာ အရည်လဲ့နေသည်။ အင်စလေ လက်ရှိအချိန်၌ ဖိအားများ ခံစားနေရသည်။ အကြောင်းမှာ သူမသည် ရုပ်သေးခေါင်းဆောင်တစ်ဦး မဖြစ်လိုသောကြောင့်ပင်။

သူမသည် ဝိညာဉ်ကူးပြောင်းလာသူတစ်ဦး ဖြစ်သောကြောင့် သာမန်အမျိုးသမီးတစ်ဦး ဖြစ်နိုင်မည်လား။ အတိတ်ဘဝ၌ သာမန်လူတစ်ဦး ဖြစ်ခဲ့သည် ဆိုလျှင်ပင် သူမ၏ ဒုတိယဘဝ၌ ထိုသို့သော လူမျိုး မဖြစ်လိုပေ။

အင်စလေ ပျင်းရိစွာ နေထိုင်ပြီး တက်ကြွမှုမရှိသည့် သာမန်ဘဝ၌ နေထိုင်ရန် ငြင်းပယ်သည်။ အဓိပ္ပါယ်မရှိသည့် ဘဝတစ်ခု၌ နေထိုင်ရမည်ထက် သေဖို့ကိုသာ ရွေးချယ်မည် ဖြစ်သည်။

ထိုသို့ စဉ်းစားပြီးနောက် အင်စလေသည် သူမအခန်းရှိ ပြတင်းပေါက်မှတဆင့် အပြင်ဘက်အား ကြည့်ကာ မျက်လုံးများ မှေးကျဉ်းသွားသည်။

“ဖင်းကို မေးရမယ်.. ငါတစ်ယောက်တည်း အဖြေမထုတ်နိုင်ရင် စာကြည့်တိုက်နတ်သမီး ဖင်းနီကို မေးရမယ်.. သူက အများကြီးသိမှာ သေချာတယ်..”

အင်စလေ ဖင်းလီအား ချက်ချင်း မေးရန် လိုအပ်သည်ဟု ခံစားရသည်။ သူမသည် အရည်အချင်းမရှိသူဟု မတွေးလိုပေ။ သူမသည် အရည်အချင်းမရှိသူဟူသော အချက်အား ယုံကြည်ရန် ငြင်းဆန်သည်။ သူမသည် အမှန်တကယ် အရည်အချင်းမရှိသူ တစ်ဦးဖြစ်လျှင်ပင် ထိုအချက်အား လက်ခံမည်မဟုတ်ပေ။

ဆန္ဒရှိလျှင် နည်းလမ်းလည်း ရှိလိမ့်မည်။

ထို့ကြောင် အင်စလေ အခန်းထဲမှ ပြေးထွက်ကာ အနောက်ဘက်ဥယျာဉ်ရှိ သစ်ပင်ကြီးရှိရာသို့ ဦးတည်သွားသည်။ သစ်ပင်ကြီးသည် သူမနှင့် ဖင်းလီတို့ တွေ့ဆုံရာ ဆုံမှတ်တစ်ခု ဖြစ်လာသည်။

အင်စလေ ရောက်ရှိချိန်တွင် ဖင်းလီသည် သူမအား ကြိုတင်စောင့်နေသည်။ အဖြူရောင် လက်ပြတ်အင်္ကျီနှင့် အညိုရောင် ဘောင်းဘီတိုအား ဝတ်ဆင်ထားသော ကောင်လေးသည် အင်စလေအား လက်မပြမီ သူ၏ အညိုရောင်လည်စည်းအား သပ်ရပ်အောင် ပြုပြင်ပြီးနောက် လေစွမ်းရည်ကို ထိန်းချုပ်ကာ အင်စလေအား သစ်ပင်ပေါ်သို့ ခေါ်ဆောင်သွားသည်။

“မောနီး..”

အင်စလေသည် ဖင်းလီအား နှုတ်ဆက်ကာ သစ်ကိုင်းပေါ်၌ ထိုင်လိုက်သည်။ သူမအတွက် ဖင်းလီ အထူးတလည် ပြင်ဆင်ပေးထားသော သူမ အနှစ်သက်ဆုံး နေရာ၌ ထိုင်လိုက်ခြင်းဖြစ်သည်။

“မောနင်း.. တစ်ပတ်တောင် ရှိသွားပြီ.. မြင့်မြတ်အစောင့်အရှောက်တွေနဲ့ တွေ့ဖို့ ဆုံးဖြတ်ပြီးပြီလား..”

ယနေ့၌ ဖင်းလီသည် အလာပ သလာပ စကားများအား မပြောဘဲ အဓိက အကြောင်းအရာအား တိုက်ရိုက်မေးလိုက်သည်။

အင်စလေသည် မြင့်မြတ် အစောင့်အရှောက် တစ်ကောင်အား သိမ်းသွင်းပြီး မကြာမီ ကာစီနိုမှ ပိုက်ဆံများစွာ ရှာဖွေနိုင်လိမ့်မည်ဟု သူခံစားရသည်။

“ခု မုတ်သေးဝူး (ခု မဟုတ်သေးဘူး..)”

အင်စလေ ခေါင်းယမ်းပြီးနောက် ဖင်းလီအား သူမ၏ စိုးရိမ်ပူပင်မှုများအား ပြောပြတော့သည်။ သူမ၏ လက်ရှိစွမ်းအားနှင့်ဆိုလျှင် အစောင့်အရှောက်များသည် သူမ၏ တည်ရှိမှုအား သတိထားမိလိမ့်မည်ပင် မဟုတ်ဟု သံသယရှိသည်။

ထို့ကြောင့် ကောင်လေးသည် ဖင်းလီအား သူမ၏ စွမ်းရည်များနှင့် အသစ်ရရှိလာသည့် စွမ်းရည်အကြောင်း ပြောပြပြီး အံ့ဖွယ်ဖြစ်ရပ်များ ဖြစ်လားခြင်း မရှိသည့် အကြောင်းကိုလည်း ပြောလိုက်သည်။

အခြားသူများအား မိမိ၌ရှိသော စွမ်းရည်များအကြောင်း ပြောပြခြင်းသည် မိမိ၏ ဝှက်ဖဲအား ဖော်ထုတ်ခြင်းနှင့် တူညီသည်။ သို့သော် အင်စလေသည် တုံ့ဆိုင်းမှုမရှိဘဲ ဖင်းလီအား မချွင်းမချန် ပြောပြလိုက်ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမသည် ဖင်းလီအား ယုံကြည်ပြီး ဖင်းလီ၏ စွမ်းရည်များကိုလည်း သိရှိထားသည်။

ကောင်လေးသည် ယခုအခါ၌ လေ၊ ရေနှင့် မီး စွမ်းရည်များအား ထိန်းချုပ်နိုင်သည်။ သို့သော် များမကြာမီမှာပင် ဒြပ်စင်စွမ်းရည်များအား ထိန်းချုပ်လာနိုင်ပြီး ထိုစွမ်းရည်များအား စုပေါင်းကာ စွမ်းရည်အသစ်တစ်မျိုး ရရှိလာလိမ့်မည်။

အင်စလေ၏ ဇာတ်လမ်းအား နားထောင်ပြီးနောက် ဖင်းလီ မျက်မှောင်ကြုတ်လိုက်သည်။ သိမ်မွေ့သော မျက်လုံးများမှာ ခက်ထန်လာသဖြင့် အင်စလေ စိတ်လှုပ်ရှားစွာဖြင့် တံတွေးမျိုချမိလိုက်သည်။

“အာ့ ဘာရို့ရဲ”

အင်စလေ ခေါင်းလေးစောင်းကာ ဖင်းလီအား သူမကို အကြံဉာဏ်ပေးနိုင်ရန် မေးလိုက်သည်။

သူမ၏ စွမ်းရည်နိုးထသော်ငြား အံ့ဖွယ်ဖြစ်ရပ်များ မဖြစ်ရသည့် အကြောင်းအရင်မှန်အား အလွန်အမင်း သိချင်နေမိသည်။

ဖင်းလီသည် မျက်လုံးများ အရောင်လက်ကာ သူမအား အံ့အားသင့်သည့် မျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်ပြီးနောက် အင်စလေ ပို၍ပင် စိတ်လှုပ်ရှားလာသည်။

ဖင်းလီ၏ အကြည့်မှာ သတင်းကောင်းလား၊ သတင်းဆိုးလား အင်စလေ မသိချေ။ ထို့ကြောင့် ဖင်းလီအား စကားပြောရန် တံတောင်ဖြင့်တွတ်လိုက်သည်။

ဖင်းလီ သက်ပြင်းချပြီးနောက် နှုတ်ခမ်းများ ကွေးတက်ကာ အင်စလေ၏ ခေါင်းအား အသာဖွလိုက်သည်။ ထို့နောက် နူးညံ့သိမ်မွေ့သော လေသံဖြင့် ပြောလေသည်။

“မစိုးရိမ်ပါနဲ့.. မင်းက အရည်အချင်းမရှိတာ မဟုတ်ပါဘူး.. အံ့ဖွယ်ဖြစ်ရပ်တွေ မဖြစ်ရတဲ့ အကြောင်းအရင်း ရှိလို့ပါ..”

ဖင်းလီ၏ စကားများအား ကြားသည့်အခါ အင်စလေ နားစွင့်ထားလိုက်သည်။ ကောင်မလေးသည် ချက်ချင်းဆိုသလို ဖင်းလီအား မျက်လုံးတောက်တောက်လေးများဖြင့် ကြည့်လိုက်သည်။

“အာ့ ဘာပေါဒါရဲ (အဲဒါ ဘာပြောတာလဲ..)”

အင်စလေ ဖင်းလီ၏ အင်္ကျီလက်အား ဆောင့်ဆွဲလိုက်သည်။

‘ငါ့ရဲ့ စွမ်းရည်နိုးထမှုက အံ့ဖွယ်ဖြစ်ရပ်တွေ မဖြစ်စေတဲ့ အကြောင်းအရင်း ရှိတယ်ဆို အဲဒါက ဘာလဲ..’

All Chapters