← Chapters

စွမ်းရည် ၃ မျိုး

Vol. 5 Ch. 71

စွမ်းရည် ၃ မျိုး

Vol. 5 Ch. 71

“အေး.. မဟာအကြီးအကဲ ယိုဖန်ဆိုရင် လေဒီအင်အတွက် အဖြူရောင် မြင်းပုတစ်ကောင် ဝယ်ပေးထားတယ်တဲ့..”

အဲလီမိသားစုမှ လူတစ်ဦး ခေါင်းယမ်းလိုက်ပြီး အကြီးအကဲများ လျှို့လျှို့ဝှက်ဝှက်ဖြင့် အင်စလေအား သည်းသည်းလှုပ် ချစ်ခင်ပုံကို သဘောတကျ ပြောနေလေသည်။

ထိုသို့သော စကားဝိုင်းများမှာ အဲလီမိသားစု တစ်ခုတည်း၌သာ ရှိနေခြင်းမျိုး မဟုတ်ပေ။ အခြားမိသားစုခွဲများသည်လည်း အင်စလေအကြောင်း ဆွေးနွေးပြောဆိုကြသည်။ ကလေးသည် သူတို့ထံသို့ နေ့စဉ်နေ့တိုင်း လာရောက်လည်ပတ်ကာ နှုတ်ဆက်စကားနှင့် သူတို့၏ အလုပ်ကြိုးစားမှုအတွက် ကျေးဇူးတင်တတ်သည်။

ကလေးမှ “ဟရို ဦးဦးတို့ တီတီတို့ အလုပ်ကြိုးစားလို့ ကျေးချူးဘာ” ဟု ပြောလာချိန်တိုင်း၌ ထိုသို့သော ချီးကျူးမှုနှင့် အသိအမှတ် ပြုမှုများအောက်တွင် မည်သူမဆို အရည်ပျော်သွားမည်သာ။

ကလေးသည် သူမနှင့် တွေ့သူတိုင်းအား ပြုံးပြလေ့ရှိပြီး မိသားစုရှိ ခေါင်းဆောင်ပိုင်းများ မှအပ လူတိုင်း၏ နှလုံးသားအား သိမ်းပိုက်ထားလေသည်။

အင်စလေသည် နှိမ့်ချရိုကျိုးကာ ကြင်နာတတ်သော်ငြား ထက်မြက်သူလည်းဖြစ်သည်။ မကောင်းသော အတွေးရှိသူများသည် ကလေးမှာ ရင်ဆိုင်ရန် ခက်ခဲကြောင်း သိလိုက်ရပြီးနောက် သူမအား ဆန့်ကျင်ရန် ချင့်ချိန်နေရသည်။

သို့သော် သူမသည် မိသားစုခေါင်းဆောင်တစ်ဦး ဖြစ်သည်ဟု တွေးလိုက်လျှင် ထိုသို့သော ထူးချွန်ထက်မြက်မှုမှာ သာမန်သာဖြစ်သည်။

သူမအနေနှင့် အသက် ၃ နှစ်သာ ရှိသေးသော်ငြား သက်တူရွယ်တူ ကလေးများအား ကျော်လွန်နိုင်ခြင်း မရှိလျှင် မာဖီးယားမျိုးဆက် တစ်ဦးအနေနှင့် အရှက်ရလိမ့်မည်။

အင်စလေ၏ ကြိုးစားအားထုတ်မှုသည် သာမန်မိသားစုဝင်များ၏ အသိအမှတ်ပြုမှု ခံရခြင်းနှင့်အတူ သူမ၏ နာမည်မှာလည်း မိသားစုအတွင်း၌ ကျော်ကြားနေပြီဖြစ်သည်။ အချို့သော ခေါင်းဆောင်ပိုင်းရှိ လူများသည် သတိအပြည့်နှင့် ရှိနေကြသော်ငြား အချို့မှာမူ အင်စလေ၏ အပြုအမူအား လက်ကမ်းကြိုဆိုကြသည်။

အင်စလေ၏ မိသားစုခေါင်းဆောင်အဖြစ် လုပ်ဆောင်နိုင်စွမ်းအပေါ် သံသယရှိကြဆဲ ဖြစ်သည့်တိုင်အောင် သူမ၏ ခင်မင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံမည့် စိတ်ကူးသည် ထောက်ပံ့မှုများစွာ ရရှိခဲ့သည်။ ယခုအခါတွင် သူမအား ပွင့်ပွင့်လင်းလင်း လှောင်ပြောင်သူ၊ မလေးမစားလုပ်လိုသူများ မရှိကြတော့ချေ။

ထိုသို့သော ရလဒ်ကပင် အင်စလေအတွက် ကျေနပ်မှုရှိစေသည်။

လွန်ခဲ့သော တစ်ပတ်အတွင်း၌ အင်စလေသည် ‌ပေါင်းသင်းဆက်ဆံရေး တိုးချဲ့နေရုံသာ မကဘဲ တစ်ဖက်တွင်လည်း ထီကံစမ်းနေခဲ့ပြီး နေ့တိုင်း ထီကံထူးလေသည်။

ထိုအချိန်တွင် ကံကောင်းခြင်းသည်လည်း သူမ၏ ထူးခြားသော စွမ်းရည်တစ်ခု ဖြစ်ကြောင်း အင်စလေ အတည်ပြုလိုက်နိုင်သည်။

အိပ်ရာပေါ်၌ ညစာစားရန် စောင့်နေရင်း အင်စလေသည် ချစ်စဖွယ်ကောင်းပြီး စတော်ဘယ်ရီနှင့်တူသည့် ခပ်ပွပွဝတ်စုံအား ဝတ်ဆ်ထားသည်။

စကပ်မှာ ဖြန့်ကားထားသော ထီးရွက်နှင့်တူပြီး အဖြူအနီစပ် အရောင်မှာ ခရစ္စမတ် သကြားချောင်းနှင့်ပင် တူလေသည်။

အဖြူအနီ အကွက်ပါသည့် လက်ဖောင်းအင်္ကျီမှာ ရင်ဘတ်တွင် ချစ်စရာကောင်းသည့် စတော်ဘယ်ရီ ဖဲပြားလေး တပ်ဆင်ထားပြီး အင်စလေနှင့် လိုက်ဖက်မှုရှိသည်။ နောက်ကျောဘက်ရှိ အစိမ်းရောင်ဖဲပြားသည် ကလေး၏ ချစ်စဖွယ်ကောင်းမှုအား တစ်ဆင့်တိုးသွားစေသည်။

အင်စလေ ခြေထောက်တွဲလောင်းချကာ မျက်လုံးမှေး၍ ရွှေရောင်တောက်နေသည့် လက်များအား ကြည့်လိုက်သည်။

ကံကောင်းခြင်းသည် စွမ်းရည်တစ်ခုဖြစ်ပြီး ယင်းအား သူမ အချိန်မရွေး အသုံးပြုနိုင်ကြောင်း သိရှိထားပြီးဖြစ်သည်။

“ဟမ်..”

အင်စလေ ခပ်တိုးတိုး ရေရွတ်ကာ ရွှေရောင်အလင်းတန်းအား ထိန်းချုပ်ရန် ကြိုးစားနေသည်။ ကလေးသည် သူမ၏ စွမ်းအားကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

လွန်ခဲ့သော တစ်ပတ်အတွင်း၌ သူမ၏ ညှို့ဓာတ်စွမ်းရည်အား ထိန်းချုပ်ရန် ကြိုးစားခဲ့ပြီး ယခုအခါ ညှို့ဓာတ်စွမ်းရည်အား အခက်အခဲမရှိ အသုံးပြုနိုင်ပြီဖြစ်သည်။ သို့သော် ကံကောင်းခြင်းစွမ်းရည်မှာမူ..

ကံကောင်းခြင်းစွမ်းရည်မှာ မတိကျသောကြောင့် မည်သို့ထိန်းချုပ်ရမည်ကို မသိဘဲ ရှိလေသည်။ အစောပိုင်း၌ ယင်းမှာ စွမ်းရည်တစ်ခုဟု တွေးရန်ပင် သံသယရှိခဲ့သည်။

သို့သော် သူမ ဝယ်ယူလိုက်သည့် ထီလက်မှတ်တိုင်း၊ ဈေးအကြီးဆုံး ထီလက်မှတ်အပါအဝင် ကံထူးနေသောကြောင့် ယင်းအား ကံကောင်းရုံမျှဟု မယူဆနိုင်တော့‌ချေ။

ဤကံကောင်းခြင်းမှာ ကြောက်ခမန်းလိလိပင်။

အင်စလေ အာရုံစူးစိုက်လိုက်ပြီးနောက် သူမ၏ စိတ်အတွင်း၌ ခန္ဓာကိုယ်အား ဝန်းရံထားသည့် ရွှေရောင်အငွေ့အသက် ထွက်ပေါ်လာကာ သူမ၏ ပုံစံငယ်တစ်ခု ဖြစ်တည်လာသည်။ ရွှေရောင်အငွေ့အသက်သည် သူမ၏ အပြင်ဘက်ခန္ဓာကိုယ်တင် မကဘဲ ခန္ဓာကိုယ်အတွင်းပိုင်းကိုပါ လွှမ်းခြုံထားခြင်း ဖြစ်သည်။

ထိုအငွေ့အသက်သည် သူမ၏ သွေးကြောများတစ်လျှောက် စီးဆင်းပြီးနောက် ဝမ်းဗိုက်အောက်၌ စုဆုံသွားသည်။ ယင်းသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုနှင့်တူပြီး သူမ၏ ညှို့ဓာတ်စွမ်းရည်ဖြစ်သော ပန်းရောင်အငွေ့အသက်နှင့် အတူတကွ တည်ရှိနေသည်။

အငွေ့အသက် ၂ ခုသည် နေ့နှင့် ညကဲ့သို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ တည်ရှိနေသည်။ တတိယမြောက် စွမ်းရည်ဖြစ်သော *စူးရှသောအကြားစွမ်းရည်၏ မီးခိုးရောင်အငွေ့အသက်သည် ရွှေရောင်နှင့် ပန်းရောင် အငွေ့အသက် ၂ ခုအား ဝန်းရံကာ ကာကွယ်ပေးထားသည်။

(* အရင်က ထက်မြက်သော အကြားစွမ်းရည် နေရာမှာ စူးရှသော အကြားစွမ်းရည်လို့ ပြောင်းလိုက်ပါတယ်..)

အငွေ့အသက် ၃ ခုသည် အင်စလေ၏ ဝမ်းဗိုက်အတွင်း၌ အလုံးတစ်ခု ဖြစ်တည်လာပြီး သူမ ဖတ်ခဲ့ဖူးသော ကျင့်ကြံရေးဝတ္ထုများထဲမှ ချီစွမ်းအင် သိုလှောင်သည့် တန်ထျန်အား အမှတ်ရလာစေသည်။ သုံးရောင်ခြယ် အလုံးအား မြင်တွေ့ရခြင်းသည် ကလေးအား ပျော်ရွှင်လာစေသည်။

‘ဒါက ငါ့ရဲ့ အထူးစွမ်းရည်တွေ ပုံစံပေါ့.. တခြားလူတွေရဲ့ အထူးစွမ်းရည်တွေကလည်း ငါ့လိုမျိုးပဲ အလုံးလေး ဖြစ်သွားတာလား သိချင်တယ်..’

အင်စလေ မျက်လုံးမှေးကာ သုံးရောင်ခြယ်အလုံးအား စစ်ဆေးကြည့်လိုက်သည်။ အလုံးမှာ ဂေါ်လီလုံးအရွယ်သာ ရှိသေးသော်ငြား သူမ သန်မာလာချိန်တွင် ပိုမိုကြီးထွားလာလိမ့်မည်ကို အင်စလေ သိထားသည်။

ဘယ်လိုလုပ်ရင် သန်မာလာမှာလဲ။ သူမ၏ စွမ်းရည်ထိန်းချုပ်မှု ပိုမိုအားကောင်းလာချိန်တွင် ဖြစ်သည်။

ကံမကောင်းစွာဖြင့် အင်စလေသည် ညှို့ဓာတ်စွမ်းရည် ထိန်းချုပ်မှုကိုသာ သင်ယူရသေးသည်။ ထို့ကြောင့် အလုံးလေးမှာ ပန်းရောင်အငွေ့အသက်၏ လွှမ်းမိုးမှုအောက် အနည်းငယ် ရောက်ရှိနေသည်ဟု ဆိုရမည်။

“ဟင်..”

အင်စလေ နောက်တစ်ကြိမ် တီးတိုးရေရွတ်ကာ သူမ၏ ဝမ်းဗိုက်အတွင်းရှိ အလုံးလေးအား လွှမ်းမိုးနေသည့် ပန်းရောင်အငွေ့အသက်အပေါ် အာရုံစူးစိုက်လိုက်သည်။

သူမသည် ညှို့ဓာတ်စွမ်းရည်အား အသုံးပြုရန် လေ့ကျင့်ထားပြီဖြစ်သည်။ ယခုအခါ ၁၀ မီတာ အတွင်းရှိ လူ ၃၀ ကျော်အား ၁၅ မိနစ်ကြာ ညှို့ထားနိုင်ပြီ ဖြစ်၏။

အင်စလေမှာ အသက် ၃ နှစ်သာ ရှိသေးသောကြောင့် ဤအောင်မြင်မှုအား အံ့မခန်းဟု မှတ်ယူရမည်ပင်။ သူမနှင့် သက်တူရွယ်သူ ကလေးအချို့ဆိုလျှင် အသက် ၁၀ နှစ် မပြည့်မီ စွမ်းရည်နိုးထခြင်း မရှိကြချေ။

အင်စလေမှာ အသက် ၃ နှစ်နှင့် စွမ်းရည် ၃ မျိုး ပိုင်ဆိုင်သော ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်သည်။ ဝေါ်လ်တာမိသားစု၏ အမွေဆက်ခံသူ ဖင်းလီဝေါ်လ်တာသည်လည်း စွမ်းရည်မျိုးစုံ အသုံးပြုနိုင်သူ ဖြစ်သော်ငြား သူသည် အသက် ၆ နှစ် အရွယ်မှသာ စွမ်းရည်နိုးထလာခြင်း ဖြစ်သည်။

အသက် ၈ နှစ် ပြည့်ချိန်တွင် နောက်ထပ် စွမ်းရည် ၂ ခု နိုးထလာသဖြင့် ယခုအခါ ဖင်းလီဝေါ်လ်တာမှာ စွမ်းရည် ၃ မျိုး ပိုင်ရှင် ဖြစ်နေပြီဖြစ်ကာ အနာဂတ်တွင် သူ၏ ပါရမီအပေါ် မူတည်၍ စွမ်းရည်များစွာ ရရှိလာဦးမည် ဖြစ်သည်။

ပါရမီရှင် ဉာဏ်ကြီးရှင်များသည် အထူးစွမ်းရည်များစွာ ရှိသောကြောင့် ဘေးထွက်ဆိုးကျိုးများကြောင့် သေဆုံးသွားမည် မဟုတ်ပေ။

အင်စလေသည် ထိုအကြောင်းအား မသိထားချေ။ ကလေးသည် သူမ၏ ညှို့ဓာတ်စွမ်းရည်ကိုသာ အာရုံစိုက်ထားပြီး လုံလောက်ပြီဟု တွေးပြီးနောက် ကံကောင်းခြင်းစွမ်းရည်အပေါ် အာရုံစိုက်လိုက်သည်။

ထိုစွမ်းရည်မှာ အလွန်ထူးခြားပြီး ဆန်းကြယ်သောကြောင့် အင်စလေသည် စာအုပ်များထဲ၌ အချက်အလက်များ ရှာမတွေ့ခဲ့ပေ။

‘ဂါးး ကံကောင်းခြင်းစွမ်းရည်ကို ဘယ်လိုထိန်းချုပ်ပြီး အားကောင်းအောင် လုပ်ရမလဲ.. တခြားစွမ်းရည်တွေကို စာအုပ်ထဲကနေ လေ့လာပြီး ထိန်းချုပ်နိုင်ပေမဲ့ ဒီတစ်ခုကတော့..’

အင်စလေ ခေါင်းကိုက်လာသည်။ မြင့်မြတ်အစောင့်အရှောက်များအား သိမ်းသွင်းပြီး သူတို့၏ ရှေးဟောင်းသွေးမျိုးဆက်အား နိုးထစေရန်အတွက် ကံကောင်းခြင်းစွမ်းရည်မှာ အထူး အကျိုးကျေးဇူးများကြောင်း သူမ မကြာသေးမီက သိရှိလိုက်ရသည်။

သို့သော် ကံကောင်းခြင်းစွမ်းရည်အား ထိန်းချုပ်နိုင်ခြင်း မရှိလျှင် သူမအနေဖြင့် ထီလက်မှတ်များ ဝယ်ရာတွင်သာ ကံတရားအား အသုံးချနိုင်တော့ပေလိမ့်မည်။

ယင်းမှာ စိုးရိမ်ဖွယ်ရာပင်။

All Chapters