← Chapters

သူတို့က ကြောင်တွေ

Vol. 5 Ch. 70

သူတို့က ကြောင်တွေ

Vol. 5 Ch. 70

“မြင့်မြတ်အစောင့်အရှောက်တွေက တကယ်တော့ ကြောင်တွေလေ..”

ဖင်းလီ ဂုဏ်ယူစွာဖြင့် ရင်ဘတ်ပုတ်ပြီးနောက် အင်စလေအား အားပေးရန် ကြိုးစားလိုက်သည်။

ထိုစကားအား ပြောလိုက်ချိန်တွင် အင်စလေသည် သူ့အား သစ်ပင်မှ တွန်းချချင်စိတ်ပင် ပေါက်လာကြောင်းကိုမူ မသိလိုက်ချေ။

ကြောင်ဟုတ်လား.. သောက်ကျိုးနည်း ကြောင် ဟုတ်လား.. ငါ့ပါးစပ်က ကျီးနှုတ်သီးများလား..

အင်စလေ သူ့နားသူပင် မယုံနိုင်တော့‌ချေ။ ဖင်းလီအား သံသယအပြည့်ဖြင့် ကြည့်လိုက်သည်။

“ကြောင်.. တကယ်လား..”

အင်စလေ ခေါင်းကလေးစောင်းကာ ဖင်းလီအား စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ ယင်းမှာ ဟာသတစ်ခုဟာ ဆက်ပြောလာလျှင် ဖင်းအား သေအောင်ရိုက်မိတော့မည်။

သူမ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာပင် ဖင်းလီ လေးနက်မှုရှိရှိ ခေါင်းညိတ်လိုက်သည်။

“အမှန်ပဲ.. ငါလိမ်နေတာ မဟုတ်ဘူး.. မင်းရဲ့ အကြီးအကဲ ၇ ဖော်ကို မေးကြည့်.. သူတို့လည်း အဲလိုပဲ ပြောကြလိမ့်မယ်.. ဘယ်လိုပဲဖြစ်ဖြစ် သူတို့နဲ့ တွေ့ချင်တယ်ဆိုရင် အကြီးအကဲတွေရဲ့ ခွင့်ပြုချက် လိုလိမ့်မယ်..”

ဖင်းလီ ဆက်ရှင်းပြသည်။

ကောင်လေးသည် မျက်လုံးများ မှေးကျဉ်းကာ အင်စလေအနီးသို့ တိုးကပ်သွဦးသည်။ ကောင်လေး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကိုယ်သင်းနံ့နှင့် နေလောင်နံ့သည် အင်စလေ၏ နှာခေါင်းအတွင်းသို့ တိုးဝင်ကာ သူမအား နှစ်သိမ့်ပေးလေသည်။

နောက်တစ်စက္ကန့်မှာပင် ဖင်းလီ အသံနှိမ့်ကာ အင်စလေ၏ နားထဲသို့ တီးတိုးပြောလိုက်သည်။

“မင်းတို့ စံအိမ်ထဲမှာ မိသားစုခွဲ ၆ ခုကိုသွားတဲ့ တံခါး ၆ ပေါက်ရှိတယ်လို့ ကြားဖူးတယ်.. ဒါပေမဲ့ မိသားစုခွဲတွေကို ဦးတည်နေတာ မဟုတ်တဲ့ တံခါးတစ်ပေါက်လည်း ရှိတယ်ဟုတ်..”

တကယ်လား..

အင်စလေ မျက်လုံးပြူးလာသည်။ သူမ သွားခဲ့ဖူးသည့် တံခါးများအား မှတ်မိရန် ကြိုးစားသော်ငြား ထိုခန်းမအတွင်းရှိ သတ္တမမြောက်တံခါးချက်အား မေ့လျော့သွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ထိုတံခါးချပ် ရှိသည်ဆိုလျှင်..

“ကြောင်တွေ.. အဲ့မှာလား..”

အင်စလေ မျက်လုံးများလက်လာသည်။ ရုတ်တရက် ကာစီနိုသို့ သွားနိုင်မည့် မျှော်လင့်ချက်အား ရှာတွေ့လိုက်ရသည်။

သူမအနေနှင့် ထိုကြောင်များထဲမှ တစ်ကောင်အား သွေးမျိုးဆက် နိုးထစေပြီးနောက် သိမ်းသွင်းရန်သာ လိုအပ်သည်။ ထို့နောက် သူမ သွားလိုသည့် မည်သည့်နေရာကိုမဆို သွားနိုင်တော့မည် ဖြစ်သည်။

“ဟုတ်တယ်.. အဲဒီ မြင့်မြတ်အစောင့်အရှောက်တွေက သတ္တမမြောက် တံခါးနောက်မှာ ရှိမယ်ဆိုတာ လောင်းရဲတယ်.. အကြီးအကဲ ၇ ဖော်ထဲက တစ်ယောက်ရဲ့ ခွင့်ပြုချက်ကိုရပြီး အဲဒီအစောင့်အရှောက်တွေနဲ့ တွေ့နိုင်မယ်ဆိုရင်..”

ဖင်းလီ နှုတ်ခမ်း‌ထောင့်များ ကွေးတက်သွားပြီး အင်စလေထံမှ ပြန်ခွာလိုက်ပြီး သင့်တော်သည့် အကွာအဝေးတစ်ခု ထားလိုက်သည်။

“မြင့်မြတ်အစောင့်အရှောက်တွေနဲ့ တွေ့လိုက်တာနဲ့ သူတို့ရဲ့ သွေးမျိုးဆက်ကို နိုးထလာအောင် ကြိုးစားပြီး ကာစီနိုကိုသွားဖို့ ကူညီခိုင်းလိုက်..”

ဖင်းလီ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ အင်စလေ သေချာပေါက် လုပ်နိုင်လိမ့်မည်ဟု သူယုံကြည်သည်။

သို့သော် အင်စလေမှာ ယုံကြည်ချက်များစွာ မရှိပေ။ ဖင်းလီ ပြောသည့်ပုံမှာ လွယ်ကူပုံရသော်ငြား လက်တွေ့မှာ မတူညီပေ။

ပထမဆုံးအနေဖြင့် အစောင့်အရှောက်များနှင့် တွေ့ရရန် အကြီးအကဲများထံမှ ခွင့်ပြုချက်ယူရန် လိုအပ်သည်။ သို့သော် ခွင့်ပြုချက် မရနိုင်ပေ။ အကြောင်းမှာ သူမသည် လမ်းလျှောက်ကာစ ကလေးတစ်ဦးမျှသာ ရှိသေးသည်။ သူမအနေနှင့် အိပ်မက်ထဲ၌ ဂေါ့ဖားသားထံမှ အကြံဉာဏ်ရလာသည်ဟု ပြောနိုင်သော်ငြား..

ဤတစ်ကြိမ် ပြဿနာမှာ စာရင်းကိုင်များအား အလုပ်ထုတ်ခြင်းထက် များစွာပို၍ ပြင်းထန်သည်။ မြင့်မြတ်အစောင့်အရှောက်များနှင့် တွေ့ဆုံရန်ဖြစ်သည်။ ဒဏ္ဍာရီလာသားရဲများ ဖြစ်သည်။

ထိုမြေခွေးအိုကြီးများအား အိပ်မက်အကြောင်း ပြောလိုက်မည် ဆိုလျှင်ပင် သူမအား ကြောင်များ.. မဟုတ်.. မြင့်မြတ်အစောင့်အရှောက်များနှင့် တွေ့ဆုံခွင့်ပြုမည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် သူမသည် အနာဂတ်အတွက် သိမ်းဆည်းထားသော နောက်ဆုံးနည်းလမ်းကိုသာ အသုံးပြုရတော့ပေမည်။

ဂေါ့ဖားသားစိတ်ဝိညာဉ် ပိုင်စိုးခံရဟန် ပြုရန်..။

ဤတစ်ကြိမ်တွင် ထိုအကြံအစည်အား အသုံးပြုရမည်ဟု အင်စလေ နားလည်လိုက်သည်။ ဒဏ္ဍာရီဆန်သော ဂေါ့ဖားသား ဦးဦးဒေ့ဗ်နှင့် ပတ်သက်၍ လုံလောက်အောင် လေ့လာထားပြီးဖြစ်သည်။ ထို့ကြောင့် ဂေါ့ဖားသားအဖြစ် ကောင်းမွန်စွာ အသွင်ယူနိုင်မည်ဟု ယုံကြည်သည်။

ဂေါ့ဖားသားသည် ဝိုင်နှင့် စီးကရက် ၂ မျိုးအား အလွန်အမင်း ကြိုက်နှစ်သက်သောကြောင့် ထိုအရာများအား အစားထိုးရန်သာ ပြင်ဆင်ရမည်ဖြစ်သည်။

အစောင့်အရှောက်များ၏ သွေးမျိုးဆက်အား နိုးထစေပြီး သူတို့၏ ကြိုက်နှစ်သက်မှုအား ရရှိရန် အတွက်မူ အစောင့်အရှောက်များနှင့် တွေ့ပြီးနောက်မှသာ စဉ်းစားတော့မည်။

“ဟမ်.. ခေ.. ကျေးချူး ဖွင်း”

အင်စလေ နီရဲနေသော မျက်လုံးများဖြင့် ပျော်ရွှင်စွာ ပြုံးလိုက်သည်။ ကောင်မလေးသည် မျက်လုံးများအား လက်ဖြင့်ပွတ်လိုက်သည်။

ထိုအပြုံးမှာ အင်စလေ မြင်ဖူးသမျှထဲ အဖြူစင်ဆုံးဖြစ်လေသည်။

သူမအား တိုက်ရိုက် မကူညီနိုင်သော်ငြား အင်စလေအား အကြံဉာဏ်အချို့ ပေးနိုင်ခြင်းအတွက် ဝမ်းသာမိသည်။

“အမ်.. စိတ်ထဲမထားနဲ့.. အကြံပေးရုံပါပဲ.. အဲဒီသားရဲတွေက သွေးမျိုးဆက် မနိုးထခင်မှာ ကြောင်တစ်ကောင် အသွင်နဲ့ ရှိနေတာဆိုတော့ ကြောင်တွေရဲ့ အကြိုက်တွေ မကြိုက်တာတွေကို လေ့လာသင့်တယ်..”

ဖင်းလီ မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ ကောင်လေးမှာ အင်စလေနှင့် ပထမဆုံး ဆုံချိန်က ရှိခဲ့ဖူးသော ရှက်ရွံ့မှုများ မရှိတော့ချေ။

နတ်သမီးများမှာ တစ်ချိန်လုံး ရှက်ရွံ့နေတတ်သူများ မဟုတ်ဟု အင်စလေ ရုတ်တရက် တွေးမိလိုက်သည်။ လူစိမ်းများကိုသာ ရှက်ရွံ့တတ်ကြခြင်း ဖြစ်ရမည်။

“ခေ.. ကြောင်အကြောင်း လေ့လာမယ်..”

အင်စလေ အင်တိုက်အားတိုက် ခေါင်းညိတ်လိုက်သည်။ သူမ ယခင်ကမ္ဘာ၌ ကြောင်တစ်ကောင် မွေးဖူးသောကြောင့် ကြောင်များနှင့် ပတ်သက်၍ တော်တော်များများ သိထားသည်ဟု ပြောရမည်။

ဤကမ္ဘာ၌ ‘Royal Canin’* သာရှိမည်ဆိုလျှင် Royal Canin နှင့် လာဘ်ထိုးနိုင်မည်ဖြစ်သည်။ သူမ၏ ကြောင်သည်လည်း Royal Canin စားရသည်ကို ကြိုက်နှစ်သက်သည်။

ဟုတ်ပြီ.. တစ်ချို့ကြောင်တွေက ‘Whiskas’* ကို ပိုကြိုက်တယ်..

(* ကြောင်စာတံဆိပ်တွေပါ.. ဈေးကြီးတယ်..)

မည်သို့ပင်ဖြစ်စေ သူမအနေနှင့် ကြောင်စာနှင့် အရုပ်များ ပြင်ဆင်ရမည်။ ကြောင်စာများ၊ အရုပ်များနှင့် မလုံလောက်သည်လည်း ဖြစ်နိုင်သည်။

သို့သော် ထိုအကြောင်းအား တွေးမိရုံနှင့်ပင် အင်စလေအား တက်ကြွလာစေသည်။

အင်စလေသည် ဖင်းလီအား ထပ်ကာထပ်ကာ ကျေးဇူးတင်မိပြီး နေ့လယ်စာ စားချိန် မတိုင်မီအထိ စကားပြောနေကြသည်။

နေ့လယ်စာချိန်သို့ ရောက်သည့်အခါ ကောင်မလေးသည် ဖင်းလီအား နှုတ်ဆက်ကာ အယ်လီယာနာအား ရှာဖွေသည်။ အင်စလေသည် အယ်လီယာနာအား ကြောင်များ ကြိုက်တတ်သည့် အရာများအား ပြင်ဆင်ပေးရန် ပြောလိုက်သည်။

ထို့နောက် အင်စလေသည် ပုံမှန်အတိုင်း လေ့လာရန်သွားသည်။ သူမသည် ဤကမ္ဘာ၏ နိုင်ငံရေး၊ သမိုင်းကြောင်း၊ စီးပွားရေးနှင့် အခြားအရာများနှင့် ပတ်သက်သည့် စာအုပ်များအား ဖတ်ရှုသည်။ ထူးချွန်သည့် မိသားစုခေါင်းဆောင် ဖြစ်လာရန် နယ်ပယ်များစွာ၌ ထူးချွန်ရန် လိုအပ်သည်။

ကလေးသည် ဆိုးဝါးသော မိသားစုခွဲ ၆ ခုအားလည်း ထိန်းချုပ်ရန် စဉ်းစားထားသည်။ ထို့ကြောင့် ထိုမိသားစုခွဲများသို့ မကြာခဏဆိုသလို သွားရောက်လည်ပတ်ပြီး ရင်းနှီးကျွမ်းဝင်လာအောင် ပြုလုပ်နေခြင်းပင်။

အကျိုးသက်ရောက်မှုအား မြန်မြန်ဆန်ဆန် မြင်ရမည် မဟုတ်သော်ငြား တစ်ပတ်ကြာပြီးနောက် စလိုအန်မိသားစုမှ လူများသည် အင်စလေအား မိသားစုခေါင်းဆောင်အဖြစ် စတင်လက်ခံလာကြသည်။

အဓိကအချက်မှာ မိသားစုခေါင်းဆောင်သည် ချစ်စဖွယ်ကောင်းပြီး ယဉ်ကျေးကာ ထူးချွန်ထက်မြက်သောကြောင့် ဖြစ်သည်။

“မိသားစုခေါင်းဆောင် အသစ်က အရမ်းချစ်ဖို့ကောင်းတာပဲ.. ဟုတ်တယ်မလား.. နောက်ဆုံးတစ်ခေါက် သူမကို တွေ့တုန်းက ငါ့ကို လက်ယမ်းပြတယ်လေ..”

ကြွက်သားအမြှောင်းမြှောင်းနှင့် လူထွားကြီးသည် အဲလီမိသားစု၏ စင်္ကြံ၌ လမ်းလျှောက်ရင်း သူငယ်ချင်းများအား ပြောပြနေခြင်း ဖြစ်သည်။

“ဟုတ်တယ်.. ဟုတ်တယ်.. သူမက ယဉ်လည်း ယဉ်ကျေးတယ်..”

အခြားတစ်ဦးမှ ပြန်ပြောသည်။

“ကံကောင်းတဲ့လူတွေဆိုရင် မိသားစုခေါင်းဆောင် ဆီကနေ ကွတ်ကီးတွေ သကြားလုံးတွေ ရကြတယ်တဲ့..”

“အိုး.. အာ.. အကြီးအကဲတွေတောင် သူမက သဘောကျကြတယ်လေ.. အကြီးအကဲအချို့ဆိုရင် သူတို့ရဲ့ ကိုယ်ပိုင်ပိုက်ဆံနဲ့ သူမအတွက် အဝတ်အစား အသစ်တွေတောင် ဝယ်ပေးကြတယ်တဲ့..”

ယင်းမှာ တစ်ပတ်အတွင်း အင်စလေ၏ ကျော်ကြားမှုဖြစ်ပြီး ယင်းမှာ အဆုံးသတ်မဟုတ်ပေ။

All Chapters