မြင့်မြတ်သော အစောင့်အရှောက်များ
Vol. 5 Ch. 69
ကာစီနိုသွားရင် စလိုအန်မိသားစု တစ်စုလုံးကို ငါ့နောက်လိုက်ခိုင်းရမလား.. ဒါမှမဟုတ်.. ကာစီနိုမှာ ကျွမ်းကျင်သူတွေ ရှိနေမလား..
အကြီးအကဲ ၇ ဖော်ကတော့ ကူညီနိုင်မှာပဲ ဆိုပေမဲ့ သူတို့က ကာစီနိုသွားဖို့ ခွင့်ပြုမှာလား.. ဖြစ်နိုင်တာက အကြီးအကဲ ၇ ဖော်က သူတို့မိသားစုရဲ့ လက်ရှိ အခြေအနေမှာ ကာစီနိုသွားဖို့တောင် ကြောက်နေနိုင်တယ်..
အင်စလေမှာ သူမဘဝကို ရှေ့မဆက်ချင်တော့အောင် စိတ်ပျက်အားငယ်နေသည်ကို မြင်ရသည့်အခါ ဖင်းလီ ကောင်မလေးအတွက် စိတ်မကောင်းဖြစ်မိသည်။ ကောင်လေးသည် လက်ဆန့်ကာ အင်စလေအား ရင်ခွင်ထဲသို့ ဆွဲခေါ်လိုက်သည်။
“မငိုပါနဲ့.. ဟုတ်ပြီလား.. ငါ နည်းလမ်းစဉ်းစားပါ့မယ်..”
ဖင်းလီ လက်မလျော့နိုင်ဟု ခံစားရသည်။ အင်စလေအား ကူညီရန် လက်လျော့လုနီးနီး ဖြစ်ခဲ့သော်ငြား သူမ ငိုကြွေးနေသည်ကို မကြည့်နိုင်ပေ။
ဘယ်လိုပဲဖြစ်ဖြစ် နည်းလမ်းတစ်ခုတော့ ရှိရမယ်.. အင်စလေ ကာစီနိုသွားဖို့ အင်အားကြီးတဲ့ တစ်ယောက်ယောက် ရှိမယ်ဆိုရင် ရပြီ..
ခဏလေး..
ဖင်းလီ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး အင်စလေအား ပြုံးကာ ကြည့်လိုက်သည်။
“အင်.. စလိုအန်မိသားစုမှာ မင်း ကာစီနိုကို အန္တရာယ်မရှိဘဲ သွားနိုင်ဖို့ ကူညီပေးနိုင်တဲ့ အင်အားစု ၃ စု ရှိတယ်..”
!
“ဘူရဲ..”
အင်စလေ ဖင်းလီ၏ ပွေ့ဖက်မှုမှ ရုန်းထွက်လိုက်သည်။ ကောင်မလေးသည် မျက်လုံးတောက်တောက်လေးများဖြင့် ဖင်းလီအား ကြည့်လိုက်သည်။
မျှော်လင့်ချက် ရှိသေးတာလား..
“အင်း.. သူတို့က မင်းနဲ့ အဖော်လိုက်ပေးဖို့ လုံလောက်အောင် သန်မာကြတယ်.. ပထမဆုံးကတော့ အကြီးအကဲ ၇ ဖော်ပဲ.. ဒါပေမဲ့ သူတို့က ကျိန်စာသင့်နေတော့ မြို့ထဲကို သွားလို့မရဘူး..”
ဖင်းလီ အင်စလေအား ပြောလိုက်သည်။
ကောင်လေးသည် အင်စလေ ကိုယ်တိုင်ထက်ပင် စလိုအန်မိသားစုအကြောင်း တော်တော်များများ သိထားပုံပေါ်သည်။
ယင်းမှာ အတိတ်ဘဝကြောင့်ဖြစ်သည်။ ဖင်းလီသည် အတိတ်ဘဝ၌ ဘူးသီး ၅ လုံးနှင့် သူငယ်ချင်းများ ဖြစ်ခဲ့ပြီး စလိုအန်မိသားစုရှိ အကြီးအကဲများနှင့် သိကျွမ်းခဲ့သည်။
မိသားစုခွဲများနှင့်ပင် အတော်လေး ရင်းနှီးမှု ရှိခဲ့သည်ဟု ပြောရမည်။
“အကြီးအကဲ ၇ ဖော်ထဲက ၁ ယောက်နဲ့တင် မင်းကို ကူညီပေးဖို့ လုံလောက်တယ်.. ဒါပေမဲ့ သူတို့က ကျိန်စာသင့်နေလို့ အိမ်ရာဝန်းအပြင်ကို ထွက်သွားလို့ မရဘူး.. ဒါက သူတို့စွမ်းအားအတွက် ပေးဆပ်ထားရတဲ့ အဖိုးအခပဲ..”
ဖင်းလီသည် သူ၏ မှတ်ဉာဏ်ထဲရှိ အကြီးအကဲ ၇ ဖော်အား ပြန်လည်အမှတ်ရနေပုံရသည်။ အတိတ်ဘဝ၌ ထိုအကြီးအကဲများ ကြောင့်သာ စလိုအန် မိသားစုသည် အင်စလေ အသက် ၁၈ နှစ် ပြည့်ပြီးမှ ပြိုလဲသွားရခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် အကြီးအကဲများမှာ အိုမင်းနေပြီဖြစ်သည်။ အင်စလေ အသက် ၃ နှစ်အရွယ်၌ အကြီးအကဲများမှာ အသက် ၇၀၊ ၈၀ ခန့် ရှိနေကြပြီ ဖြစ်သည်။
အကြီးအကဲများမှာ အင်မော်တယ်များ မဟုတ်ကြဘဲ အသက်ကန့်သတ်ချက် ရှိသည်။
အဆုံးတွင် အသက်အရွယ် အိုမင်းကာ တစ်ဦးပြီးတစ်ဦး ကွယ်လွန်သွားကြသည်။ ထိုအချိန်တွင် စလိုအန်မိသားစုသည်လည်း အောက်ဆုံးသို့ ကျရောက်နေပြီဖြစ်သည်။
“အကြီးအကဲတွေက ကျိန်စာကြောင့် အပြင်ကို မထွက်နိုင်ဘူးဆိုတော့ ဒုတိယအင်အားစုကို လိုအပ်လိမ့်မယ်..”
ဖင်းလီ အသက်ပြင်းပြင်းရှူကာ စိတ်လှုပ်ရှားပုံပေါ်လာသည်။
“ဒုတိယအင်အားစုက ဘူးသီး ၅ လုံး ပဲ..”
ဘူးသီး.. ၅ လုံး.. ဟုတ်လား..
အင်စလေ ခေါင်းလေးစောင်းလိုက်သည်။ သူမသည် ထိုအကြောင်းအား ကြားဖူးသလို ထိုလူများ ရှိသည်ကိုလည်း သိထားသည်။ သို့သော် များများစားစား မသိပေ။ ထို့ကြောင့် ဖင်းလီ ရှင်းပြမည်အား စိတ်ရှည်လက်ရှည် စောင့်နေမိသည်။
“ဘူးသီး ၅ လုံးက မင်းတို့ မိသားစုရဲ့ အသန်မာဆုံး လူငယ်မျိုးဆက်လို့ ပြောရမယ်.. သူတို့ရဲ့ စွမ်းအားက ထူးခြားကြတယ်.. ငါထင်တာတော့ သူတို့က အခု မြို့ထဲမှာ ရှိနေလိမ့်မယ်.. မွန်းစတားတွေကို သတ်ပြီး စွမ်းရည် သွေးနေကြတာလေ..”
“ဝိုးးးး”
အင်စလေ သက်ပြင်းချကာ ဘူးသီး ၅ လုံးအား သဘောကျသွားမိသည်။
လူငယ်လေးတွေက မွန်းစတားတွေကို တိုက်ခိုက်ပြီး လေ့ကျင့်နေကြတာတဲ့လား..
အရမ်းမိုက်တယ်..
“ဒါပေမဲ့ အဲဒီ ဘူးသီး ၅ လုံးက လူထူးထူဆန်းတွေ.. သူတို့က.. မင်းကို မိသားစုခေါင်းဆောင်အဖြစ် လွယ်လွယ်ကူကူ လက်ခံကြမှာ မဟုတ်ဘူး.. အဲဒါကြောင့်..”
ဖင်းလီ ရှေ့ဆက်ပြောရမည့် စကားများအား တွန့်ဆုတ်နေမိသောကြောင့် မချိပြုံး ပြုံးလိုက်မိသည်။
သူ၏ အတိတ်ဘဝ၌ ထို ဘူးသီး ၅ လုံးသည် အင်စလေအား အနည်းငယ်မျှပင် မကူညီခဲ့ကြချေ။ ထို့ထက်ဆိုးသည်မှာ သူတို့သည် စလိုအန်မိသားစု၏ နယ်မြေတစ်စိတ်တစ်ပိုင်းအား အပိုင်သိမ်းကာ မိသားစုခေါင်းဆောင်အား ကူညီရန် ငြင်းဆန်ခဲ့ကြသည်။
အဆုံးတွင် သူတို့အားလုံးမှာ မာနကြီးသောသူများ ဖြစ်ကြသလို မိသားစုခေါင်းဆောင် နေရာအား တပ်မက်ကြသူများ ဖြစ်သည်။ သို့သော် မိသားစုအား မကယ်တင်နိုင်တော့မှန်း သိလိုက်ရသည်နှင့် ချက်ချင်းဆိုသလို မိသားစုအား စွန့်ပစ်ကာ သန်မာအားကောင်းသော မိသားစုများထံသို့ ခိုဝင်သွားကြသည်။
ကိုယ်ပိုင်အင်အားစု တည်ထောင်သူများ ရှိသလို သန်မာသော မိသားစုများ၌ အကြီးအကဲ ဖြစ်လာသူများလည်း ရှိသည်။ ကုန်းမြေတစ်ခုလုံးအား စူးစမ်းရှာဖွေရန် စွန့်စားခန်းထွက်သွားသူများလည်း ရှိသည်။
တစ်နည်းဆိုရသော် ဘူးသီး ၅ လုံးမှာ မည်သူမျှ ထိန်းချုပ်နိုင်ခြင်း မရှိသော မီးတောက်ရိုင်းတစ်ခုနှင့်တူပြီး သူတို့၏ အသိအမှတ်ပြု မခံရဘဲ သိမ်းသွင်းနိုင်မည် မဟုတ်ပေ။
သူတို့သည် စလိုအန်မိသားစုနှင့် ခိုင်မာသော ဆက်နွယ်မှုရှိသည်ဟု မခံစားရသဖြင့် အချိန်မရွေး ရန်သူများ ဖြစ်သွားနိုင်သည်။
ဖင်းလီ၏ ရှင်းပြမှုအား နားထောင်ပြီးနောက် အင်စလေ၏မျက်နှာ အေးစက်လာသည်။ ထို ဘူးသီး ၅ လုံးမှာ ငကြောင်တစ်အုပ် ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
ထိုသူများအား သူမ အနိုင်ယူနိုင်မည်ဆိုလျှင် စလိုအန်မိသားစုအား မာဖီးယားလောက၏ ထိပ်ဆုံးသို့ ခေါ်ဆောင်သွားနိုင်မည် ဖြစ်သည်။
“ဒါကြောင့် နောက်ဆုံး မျှော်လင့်ချက်က မြင့်မြတ်အစောင့်အရှောက် ၃ ပါး လို့ ထင်တယ်..”
ထိုမြင့်မြတ်အစောင့်အရှောက်များအကြောင်း ပြောချိန်တွင် ဖင်းလီ၏ မျက်လုံးများ နူးညံ့သိမ်မွေ့လာသဖြင့် အင်စလေ သိချင်စိတ် ဖြစ်လာတော့သည်။
“သူတို့က ဘာတွေလဲ..”
အင်စလေ မေးလိုက်သည်။ သူမသည် မြင့်မြတ်အစောင့်အရှောက် ၃ ပါး အကြောင်းအား တစ်ခုတစ်လေပင် မသိထားချေ။
နောက်ထပ် အင်အားကြီးလူတွေများလား..
၎င်းတို့မှာ အမှန်တကယ်ကိုပင် စွမ်းအားကြီးကြသည်။ မြို့ထဲရှိ မွန်းစတားများအား ခြောက်လှန့်နိုင်သည့်အထိ စွမ်းအားကြီးကြသည်။ သို့သော် ထိုအစောင့်အရှောက်များအား နိုးထစေနိုင်သည့်သူ မရှိချေ။
ထို့ကြောင့်ပင် စလိုအန် မိသားစုမှာ ထိပ်တန်းမိသားစုကြီး ၇ ခုထဲသို့ ဝင်ရောက်နိုင်ရန် အလားအလာအရှိဆုံး ဖြစ်ခဲ့ရခြင်းပင်။ သို့သော် ဖြစ်မလာခဲ့ချေ။
ယခင် မိသားစုခေါင်းဆောင် အပါအဝင် မည်သူမျှ ထိုအစောင့်အရှောက်များအား နိုးထစေနိုင်ခြင်း မရှိကြချေ။
“မြင့်မြတ်အစောင့်အရှောက် ၃ ပါး ဆိုတာက ရှေးဟောင်းသွေးမျိုးဆက်ရှိတဲ့ သားရဲတွေပဲ..”
ဖင်းလီ အင်စလေအား တင်းမာခက်ထန်သည့် မျက်နှာထားဖြင့် ကြည့်လိုက်သည်။
“မင်းက သူတို့ရဲ့ စွမ်းအားကို ချေးငှားချင်တယ်ဆိုရင် သူတို့ရဲ့ သွေးမျိုးဆက်ကို နိုးထအောင် လုပ်ဖို့လိုပြီး သူတို့ရဲ့ အသိအမှတ်ပြုမှုကို ရအောင်လုပ်ရမယ်.. ပြောရမယ်ဆိုရင်.. အဲဒီ သားရဲတွေရဲ့ ရှေးဟောင်းသွေးမျိုးဆက်ကို နိုးထအောင် လုပ်ဖို့ထက် ဘူးသီး ၅ လုံးကို ပြန်ပေးဆွဲလိုက်တာက ပိုလွယ်ဦးမယ်..”
အင်စလေ မျက်လုံးများလှိမ့်ကာ ဖင်းလီအား သေအောင်ရိုက်ချင်သွားသည်။
အဲဒါဆို ဘာကိစ္စနဲ့ အဲဒီသားရဲတွေကို နှိုးဖို့ အကြံပေးသေးလဲ.. အဲဒီလိုလုပ်ဖို့ စွမ်းရည်ရှိတယ်များ ထင်နေလား..
ဖင်းလီသည် အင်စလေ၏ မဲမှောင်နေသော မျက်နှာမှတဆင့် သူမ၏ အတွေးများအား ခန့်မှန်းလိုက်နိုင်ပုံရသည်။ ထို့ကြောင့် ချက်ချင်းပင် ရယ်မောလိုက်သည်။
“စိတ်လျော့ပါ.. အဲဒါက မင်းထင်သလိုမျိုး ခက်ခဲတာ မဟုတ်ပါဘူး.. တကယ်တော့ ငါပြောတဲ့ သားရဲတွေဆိုတာက သားရဲ မဖြစ်ကြသေးဘူး..”
“ဘာ..”
အင်စလေ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဖင်းလီသည် သူမအား စနောက်နေခြင်းဟု ခံစားနေရသည်။
မြင့်မြတ်အစောင့်အရှောက်တွေက သားရဲတွေ မဟုတ်သေးဘူးဆိုရင် ဘာတွေလဲ.. ကြောင်လား..
သို့သော် ဖင်းလီ၏ နောက်ဆက်တွဲ စကားများသည် အင်စလေအား ထိတ်လန့်တုန်လှုပ်သွားစေသည်။