← Chapters

ချို့ယွင်းချက်ရှိသော အစီအစဉ်

Vol. 5 Ch. 68

ချို့ယွင်းချက်ရှိသော အစီအစဉ်

Vol. 5 Ch. 68

ဖင်းလီသည် အင်စလေ အလျော့ပေးရန် မျှော်လင့်ကာဖြင့် ကာစီနိုအတွင်းရှိ အန္တရာယ်အသေးစိတ်အား ရှင်းပြသည်။

အမှန်တကယ်ကိုပင် ဖင်းလီပြောသည်အား နားထောင်ပြီးနောက် အင်စလေ၏ မျက်လုံးများ အရောင်မှိန်သွားသည်။ ကောင်မလေးသည် နှုတ်ခမ်းများအား ကိုက်လိုက်ပြီး သူမ၏ အစီအစဉ်မှာ အပိုင်းပိုင်း ကွဲကြေသွားတော့သည်။

သောက်ကျိုးနည်း.. ကာစီနိုထဲ မဝင်နိုင်ရင် အချိန်တိုလေးနဲ့ ပိုက်ဆံအများကြီး ဘယ်လိုရှာရမလဲ.. ပိုက်ဆံမရှိရင် အကြွေးမဆပ်နိုင်ဘူး.. အဲဒါဆို မိသားစုက ပိုပြီးတောင် ကျဆင်းလာဦးမယ်..

အင်စလေသည် ပုံမှန်နည်လမ်းဖြင့် စီးပွားရေးလုပ်ကာ ပိုက်ဆံရှာရန် စဉ်းစားဖူးသည်။ သို့သော် ယင်းမှာ အချိန်ကြာနိုင်သည်။

အကြွေးများ တောင်လိုပုံလာပြီး စီးပွားရေးလုပ်ငန်းမှ ရရှိလာမည့် ပိုက်ဆံများသည် အကြွေးဆပ်ရန်ပင် မလုံလောက်နိုင်တော့ချေ။

ထို့ကြောင့် သူမ၏ အသက်အန္တရာယ် ရှိနေသည့်တိုင်အောင် ကာစီနိုသွားရန် ကြိုးစားရပေမည်။ အခြားလူတစ်ဦးအား လွှတ်နိုင်သော်ငြား သူမကဲ့သို့ ကံကောင်းမည် မဟုတ်ပေ။

အင်စလေ သူမ၏ ကံတရားအား စမ်းသပ်ပြီးဖြစ်သည်။ ပိုက်ဆံများစွာ ရရှိနိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ တစ်ကြိမ်တည်း.. ကာစီနိုသို့ တစ်ကြိမ်လောက် ဝင်ခွင့်ရရန်သာ ဖြစ်သည်။

အင်စလေ ဒွိဟဖြစ်နေသည်။ ကာစီနိုသို့ မဝင်နိုင်ဟု ခံစားနေရရုံသာ မကဘဲ အဖိုးယိုဖန်သည်လည်း သူမနှင့်အတူ ဩဇာကြီးမားသူတစ်ဦးဦး မပါသရွေ့ သွားခွင့်ပြုမည် မဟုတ်ပေ။

အယ်လီယာနာက လုံလောက်အောင် မသန်မာဘူးလား.. ဟင်း.. သေချာတာပေါ့.. ထို့ကြောင့် အင်စလေ ကာစီနိုသို့ မသွားနိုင်ခြင်းပင်။

အင်စလေ နှုတ်ခမ်းအား ဖိကိုက်လိုက်ပြီး ဖင်းလီအား မျက်ရည်များဝဲကာ ကြည့်လိုက်သည်။

“အာ့ချို ဘာရုပ်ရမဲ.. မိတားချုက ပတ်ချံ လိုနေ.. (အဲဒါဆို ဘာလုပ်ရမလဲ.. မိသားစုက ပိုက်ဆံလိုနေ)”

အင်စလေ အော်ပြောလိုက်သည်။ သူမ၏ အစီအစဉ်ကြီးမှာ ချို့ယွင်းချက်များစွာ ရှိနေသောကြောင့် နောက်ထပ်တစ်မျိုး ပြန်စီစဉ်ရတော့မည် ဖြစ်သည်။

မိသားစုထဲရှိ အကျင့်ပျက်ခြစားနေသူများအား ရှင်းထုတ်ခြင်းသည် ကာစီနို သွားခြင်းထက် ပိုမိုမြန်ဆန်နိုင်သည်။

ဖင်းလီသည် အင်စလေကြောင့် ရုတ်တရက် ခေါင်းကိုက်လာတော့သည်။ သူမ ငိုနေသည်အား မကြည်နိုင်ပေ။

“ဒါက.. အာ..”

ဖင်းလီ ဘာလုပ်ရမှန်း မသိတော့ပေ။ အင်စလေနှင့် ကာစီနိုသို့သွားရန် ကျွမ်းကျင်သူများ စေလွှတ်ရမည်လား။ ယင်းမှာ အကူအညီဖြစ်လိမ့်မည် မဟုတ်ပေ။ သူ၏ ဖခင်သည်လည်း အခြားသူတစ်ဦးအတွက် ကျွမ်းကျင်သူများ ပေးပို့ခြင်းကို သဘောတူလိမ့်မည် မဟုတ်ပေ။

အင်စလေနှင့်အတူ ကာစီနိုသို့ လိုက်သွားပေးနိုင်သော်ငြား သူမအား ကာကွယ်ပေးနိုင်မည်ဟု ယုံကြည်ချက် မရှိပေ။ အထူးသဖြင့် အင်စလေသည် ကာစီနိုသို့သွားကာ ပိုက်ဆံရှာလိုသည်ဟု ပြောထားသောကြောင့်ပင်။

ပိုက်ဆံအများအပြား အနိုင်ရသွားသော ကလေးတစ်ဦးရှိသည်ဟု စိတ်ကူးကြည့်ရုံနှင့်ပင် ကာစီနိုမှ ထွက်လာသည်နှင့် သူမပိုက်ဆံအား လုယူရန် ကြိုးစားကြလိမ့်မည် မဟုတ်ပါလား။

ကာစီနို၌ ကိုယ်ပိုင်စည်းမျဉ်းများ ရှိသည်။ ထို့ကြောင့် ကာစီနိုအတွင်း၌ တိုက်ခိုက်ခြင်း၊ လုယက်ခြင်းများ မရှိခြင်းပင်။ သို့သော် အပြင်သို့ ရောက်သွားလျှင်မူ မည်သူမျှ ဂရုမစိုက်တော့ပေ။ ရဲနှင့် အစိုးရအား အကူအညီတောင်းခံရမည်လား။

ဟမ့်.. အင်စလေက မာဖီးယားမိသားစု တစ်ခုရဲ့ အမွေဆက်ခံသူဆိုတာ သိသွားကြည့်ပါလား.. သူတို့က သူမ သေဆုံးသွားမှာကိုတောင် ပျော်‌ပျော်ကြီး ထိုင်ကြည့်နေကြဦးမှာ.. ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလူတွေရဲ့ မျက်လုံးထဲမှာ မာဖီးယားဆိုတာက လူဆိုးတွေပဲလေ..

ဖင်းလီ အသက်ပြင်းပြင်းရှူကာ သက်ပြင်းချလိုက်သည်။

“ပိုက်ဆံ.. မင်း ပိုက်ဆံလိုတာလား.. ဟင်း..”

ဖင်းလီ ပြဿနာ၏ အရင်းအမြစ်ဖြစ်သည့် ငွေကြေး ပမာဏအား ချင့်ချိန်နိုင်ရန် ကြိုးစားသည်။ ကောင်မလေးသည် မိသားစုအတွက် ပိုက်ဆံလိုအပ်နေခြင်းဖြစ်ကြောင်း သူသိထားသည်။

အဓိကပြဿနာမှာ ပိုက်ဆံသာဆိုလျှင် သူကူညီနိုင်လောက်မလား။ သူ၏မုန့်ဖိုးနှင့် ဖခင်ထံမှ အနည်းငယ် တောင်းလိုက်လျှင် လုံလောက်နိုင်မည်။

“ဟု.. အင် ပတ်ချံလို..”

အင်စလေ ခေါင်းညိတ်ရင်း မျက်ရည်သုတ်လိုက်သည်။ ကလေးတစ်ဦး၏ ခန္ဓာကိုယ်အား သိမ်းပိုက်ထားရခြင်းကြောင့် စိတ်ပျော့ကာ အတော်လေး ကလေးဆန်လာသည်။ ယင်းမှာ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်လောက်၏။

“အမ်..”

ဖင်းလီ စိတ်ဆင်းရဲနေပုံရသည့် အင်စလေအားကြည့်ကာ လက်ချောင်းများအား ဆော့ကစားနေမိသည်။

ကောင်လေးသည် သူ့ထံ၌ ပိုက်ဆံအများအပြားရှိသည်ဟု တွေးကာ အင်စလေအား မေးလိုက်သည်။

“အင် ဘယ်လောက်လိုတာလဲ.. ငါတို့ နည်းလမ်းတစ်ခုခု စဉ်းစားကြည့်တာပေါ့..”

ဖင်းလီသည် အင်စလေအား လျှို့ဝှက်ကူညီမည်ဟု မပြောခဲ့ချေ။ မည်သို့ပင်ဖြစ်စေ နတ်သမီးတစ်ယောက်သည် လူသားအား ငွေကြေးပိုင်း၌ မကူညီနိုင်ပေ။

မျိုးနွယ်နှစ်ခုကြား၌ သုံးစွဲသော ငွေကြေးများ မတူညီပေ။

“ချင်းချားကြည့်မယ် (စဉ်းစားကြည့်မယ်)”

အင်စလေ သူမလိုအပ်သည့် ပိုက်ဆံပမာဏ အတိအကျအား မစဉ်းစားဘဲ ထုတ်ပြောလိုက်သည်။ ယင်းမှာ သူမ၏ လူမိုက်ဖခင်၏ အကြွေးများနှင့် မိသားစု၏ အကျဘက်သို့ ရောက်နေသော စီးပွားရေးအတွက် လိုအပ်ငွေ စုစုပေါင်းဖြစ်သည်။

ဖင်းလီ လိုအပ်သည့် ပမာဏအား ကြားပြီးနောက် မေ့လဲသွားလုနီးနီးပင်။

အဲလောက်များတာလား.. အဲဒီပိုက်ဆံက ကျွန်းတစ်ကျွန်း ဝယ်လို့တောင်ရတယ်လေ.. စလိုအန်မိသားစုက ဘယ်လိုဖြစ်ပြီး အဲလောက်တောင် အကြွေးတင်နေတာလဲ.. ခဏလေး.. အတိုးက အရမ်းမြင့်နေတာမျိုး ဖြစ်ရမယ်..

သူတို့က ငွေတိုးချေးတဲ့သူတွေဆီက ပိုက်ဆံချေးထားတာများလား..

အင်စလေ မည်သည်ကြောင့် ကာစီနိုသို့ အသည်းအသန် သွားချင်ရသည့် အကြောင်းအရင်းအား ဖင်းလီ သိရှိသွားတော့သည်။ အမှန်တကယ်ကိုပင် ကာစီနိုမှာ အချိန်တိုအတွင်း ငွေပမာဏ အများအပြား ရရှိနိုင်မည့် တစ်ခုတည်းသော အတော်အသင့် ‘ဘေးကင်းလုံခြုံသည့်’ နေရာတစ်ခုဖြစ်သည်။

အလွန်အမင်း ကံလိုက်နေလျှင် တစ်ညတည်းနှင့်ပင် ချမ်းသာလာနိုင်သည်။ သို့သော် လက်ချောင်းတစ်ချောင်း လှုပ်လိုက်ရုံနှင့်ပင် သူတောင်းစားဘဝသို့ ပြောင်းသွားသူများလည်း ရှိသည်။

အနိုင်ရရန် ကံ သို့မဟုတ် လှည့်ကွက်များအပေါ် မူတည်နေသည်။

မည်သို့ပင်ဖြစ်စေ အင်စလေအား ထိုမျှများပြားသည့် ပိုက်ဆံများပေးရန် မဖြစ်နိုင်မှန်းသိသည်။ ထို့အပြင် စလိုအန်မိသားစုအား ပိုက်ဆံချေးလိုက်သူမှာ အကောင်ကြီးကြီးတစ်ဦးဦး ဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။

သူ့အနေဖြင့် မိသားစုအား ကာကွယ်ရမည် ဖြစ်သောကြောင့် အမည်မသိရသည့် လူတစ်ဦးအား အပြစ်ပြုမိရန် မတတ်နိုင်ပေ။

ယခုအခါ အင်စလေ၏ မိသားစုမှာ အနာဂတ်တွင် ပြိုလဲသွားမည်ဖြစ်ကြောင်း ဖင်းလီ ပိုမိုသေချာလာသည်။ အဆုံးတွင် သူ့အနေဖြင့် ကောင်မလေးကိုသာ ကူညီနိုင်မည်ဖြစ်ပြီး မိသားစုတစ်စုလုံးအား မကူညီနိုင်ပေ။

ကူညီရန် မဖြစ်နိုင်ပေ။ အတွင်းရော အပြင်ပါ ပုပ်သိုးနေသည့် ကျဆင်းနေသော မိသားစုအား မည်သူ ကူညီနိုင်မည်နည်း။

ထိုမိသားစုအား ကူညီပေးနိုင်သူသည် သေလွန်သည့်အခါ ကောင်းကင်ဘုံသို့ တက်လှမ်းပြီး ဂေါ့ဖားသားနှင့် တွေ့ဆုံနိုင်လိမ့်မည်။

“ဒါ.. ဒါက အရမ်းများတာပဲ..”

ဖင်းလီ ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။

အင်စလေအား မကူညီနိုင်ပေ။

“အွင်း.. အာ့ကြောင့် အင် ခါချီနို တွားချင် (အဲဒါကြောင့် အင် ကာစီနို သွားချင်)”

အင်စလေ၏ မျက်နှာမှာ မှိုင်းညို့နေသည်။ သူမသည် ဤကမ္ဘာရှိ အန္တရာယ်များအား လျော့တွက်ခဲ့မိသောကြောင့် သူမ၏ အစီအစဉ်၌ ချို့ယွင်းချက် ပေါ်လာရခြင်း ဖြစ်သည်။

မိသားစုအား ကယ်တင်ရန် သူမ စိတ်ကူးထားသည်ထက် ပိုမိုခက်ခဲနိုင်သည်။

သူမသည် မန်ဟွဖတ်ရခြင်းအား ကြိုက်နှစ်သက်သူ တစ်ဦးသာဖြစ်ပြီး ယခင်ကမ္ဘာ၌ ထူးချွန်သူတစ်ဦး မဟုတ်ကြောင်း အင်စလေသိထားပြီးဖြစ်သည်။

သူမသည် ထူးခြားသောကြောင့် ကောင်းကင်ဘုံ၏ မျက်နှာသာပေးခြင်း ခံရကာ ရှင်သန်နိုင်ရန် လှည့်ကွက်များ ပေးလာခြင်းဟု ထင်မြင်ခဲ့မိသည်။

သို့သော်..

သူမ၏ စွမ်းရည်များမှာ အမှိုက်သာသာပင်။ သူမနေထိုင်သည့် နေရာမှ အပြင်သို့ ခြေချရုံနှင့်ပင် သေဆုံးသွားနိုင်သည်မှာ အမှန်တရားပင်။

အင်စလေ၏ မျက်နှာ ပို၍မဲမှောင်လာသည်။ ကောင်မလေးသည် မျက်ရည်ဖြိုင်ဖြိုင်ကျကာ ကျို့ထိုးနေတော့သည်။

သောက်ကျိုးနည်း.. သောက်ခွေး.. ဘာနည်းလမ်းမှ မရှိတော့ဘူးလား..

All Chapters