← Chapters

ပေါက်မှာလား၊ မပေါက်ဘူးလား

Vol. 5 Ch. 65

ပေါက်မှာလား၊ မပေါက်ဘူးလား

Vol. 5 Ch. 65

နောက်တစ်နေ့တွင် အင်စလေ စောစီးစွာ နိုးလာခဲ့သည်။ သူမသည် ကော်လံပါသော ဂျင်းလက်ပြတ်အင်္ကျီအား အမွေးပွ ပန်းရောင်စကပ်လေးနှင့် တွဲဖက်ဝတ်ဆင်လိုက်သည်။ စကပ်တွင် အဖြူရောင်ပန်းများနှင့် အလှဆင်ထားပြီး ကလေးအား ပန်းနတ်သမီးလေးနှင့် တူသွားစေသည်။

သူမ၏ ဆံပင်အား မြင်းမြီးကဲ့သို့ ခပ်မြင့်မြင့် မြှောက်စည်းကာ ပန်းပွင့်များပါသည့် ဆံညှပ်ကလစ်လေးများ တပ်လိုက်သည်။ ထို့နောက် အင်စလေသည် မနက်စာစားရန် ထမင်းစားခန်းသို့ ပြေးသွားတော့သည်။

ထိုနေ့ နံနက်၌ အင်စလေမှာ အလျင်လိုနေသောကြောင့် အယ်လီယာနာကိုပင် စကားမပြောမိချေ။ ဖင်းလီနှင့် တွေ့ဆုံရန် ချိန်းထားသည့် နံနက် ၈ နာရီ မတိုင်မီ အင်စလေ သူမ၏ ထီလက်မှတ်အား စစ်ဆေးရန် ကွန်ပျူတာခန်းသို့ ပြေးသွားသည်။

“ပေါက်မှာလား မ‌ပေါက်ဘူးလား.. သိပ်မကြာခင် ကြေညာတော့မှာ..”

အင်စလေ မျက်လုံးများပြူးကာ သူမရှေ့ရှိ မော်နီတာအား စိုက်ကြည့်နေသည်။ သူမ၏ အပြာရောင်မျက်ဝန်းများ၌ တရားဝင်ထီဝက်ဘ်ဆိုဒ်၏ ပုံရိပ်များ အလင်းပြန်နေသည်။ မော်နီတာ၌ ထီပေါက်စဉ်အား ကြေညာရန် နောက်ပြန်ရေတွက်နေသည်ကို မြင်တွေ့ရသည်။

ဒိတ်.. ဒိတ်.. ဒိတ်.. ဒိတ်..

အင်စလေ အောက်နှုတ်ခမ်းအား ကိုက်ကာ နောက်ပြန်ရေတွက်မှု ‘သုည’ သို့ ရောက်မည်ကို စောင့်ဆိုင်းနေသည်။ ထိုအချိန်တွင် သူမ၏ နှလုံးသားမှာ တထိတ်ထိတ်ခုန်နေပြီး နဖူးမှ ချွေးများ စတင်စီးကျလာသည်။

စောင့်ဆိုင်းနေရင်း ကလေးသည် အသက်ရှူမဝ ဖြစ်လာသည်။ မျက်တောင်မခတ်ဘဲ စက္ကန့်အနည်းငယ်ခန့် အသက်ရှူအောင့်ထားမိသည်။

သူမ မျက်တောင်ခတ်လိုက်မည်ဆိုလျှင် ကြေညာချက်အား လွဲချော်သွားမည်ကို စိုးရိမ်မိသည်။

တိ.. တိ.. တိ..

သူမ နောက်ကျောဘက်ရှိ နာရီမှ စက္ကန့်လက်တံ ရွေ့လျားသံမှာလည်း တဖြည်းဖြည်းချင်း ကျယ်လောင်လာပြီး နောက်ပြန်ရေတွက်မှုသည်လည်း ၁၀ စက္ကန့်သာ ကျန်ရှိတော့သည်။

ဂလု..

အင်စလေ ကျယ်လောင်စွာ တံတွေးမျိုချလိုက်သည်။ ကလေးသည် မျက်မှောင်ကြုတ်ကာ မော်နီတာအား ထိလိုက်သည်။ သူမ၏ ကံတရားအား အနှောင့်အယှက် ဖြစ်မည်ကို စိုးသောကြောင့် စကားပင် မပြောရဲချေ။

မည်သို့ပင်ဖြစ်စေ ယင်းမှာ ယုတ္တိမရှိချေ။

အချိန်ကုန်လာပြီး နောက်ပြန်ရေတွက်မှုသည်လည်း ‘သုည’ သို့ ရောက်ရှိသွားသည်။ တစ်ချိန်တည်းမှာပင် မော်နီတာပေါ်၌ အကွက်သေး ၆ ကွက် ပေါ်လာသည်ကို မြင်လိုက်ရသည်။

အကွက်များမှာ ဗလာဖြစ်နေပြီး အွန်လိုင်းထီပေါက်စဉ်၏ ကြေညာမည့်သူမှ ဗလာကွက်များတွင် ဖြည့်မည်ကို စောင့်နေရသည်။

များမကြာမီတွင် ပထမဆုံးအကွက်၊ ပထမဆုံးနံပါတ် စတင်လည်ပတ်လာသည်။ နံပါတ်များစွာ လည်ပတ်နေသောကြောင့် ပုံရိပ်ယောင်များ ဖြစ်ပေါ်လာသည်။ လည်ပတ်ခြင်း ရပ်သွားသည့်တိုင်အောင် ပေါ်လာသည့် နံပါတ်အား ချက်ချင်းမြင်နိုင်မည် မဟုတ်ပေ။

ကျွီ.. ကျွီ.. ကျွီ..

ပထမအကွက်ရှိ နံပါတ်မှာ ဆက်လက်လည်ပတ်နေပြီး စက္ကန့်အနည်းငယ် ကြာပြီးနောက် တဖြည်းဖြည်းချင်း နှေးလာပြီးနောက် ရပ်တန့်သွားတော့သည်။

တီ..

ပထမဆုံးဂဏန်း ပေါ်လာသည်။ အင်စလေ အံ့ဩမိသည်မှာ ထိုဂဏန်းအား သူမ အလွန်အမင်း ရင်းနှီးနေခြင်း ဖြစ်သည်။

၈ ဂဏန်း ပင်။

!

“ဝါးးး”

အင်စလေ စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်မိပြီး မော်နီတာအား အမှတ်တမဲ့ ရိုက်လိုက်မိသည်။ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတစ်ခုလုံး နီမြန်းကာ နှလုံးခုန်သံများ မြန်လာသည်။

‘ပထမဆုံးဂဏန်းတော့ မှန်သွားပြီ.. နောက်ထပ် ၅ လုံး ကျန်သေးတယ်.. ဒါပေမဲ့ အနည်းဆုံးတော့ တစ်ခု မှန်သွားပြီ..’

ဂဏန်း ၈ အား မရွေးမိသောကြောင့် ထီမပေါက်သူ မည်မျှရှိမည်ကိုပင် သူမ မခန့်မှန်းနို်ငချေ။ ထိုနံပါတ်အား ရရှိရန် ၁၀ ပုံ ၁ ပုံ သာလျှင် အခွင့်အရေးရှိသည်။

သိသိသာသာပင် အင်စလေမှာ အတော်လေး ကံကောင်းနေသည်ဟု ဆိုရမည်။

အင်စလေ ပျော်ရွှင်စွာ အော်ဟစ်နေချိန်မှာပင် ဒုတိယအကွက် စတင်လည်ပတ်လာသည်။ အဖြူရောင် အကွက်အတွင်းရှိ နံပါတ်များ အလျင်အမြန် လည်ပတ်လာကြသည်။ လူတိုင်းမြင်ရသည်မှာ နောက်ဆက်တွဲကျန်သည့် ပုံရိပ်များသာဖြစ်သည်။

သို့တိုင်အောင် သူမသည် ပထမဆုံး ဂဏန်းအား မှန်ထားပြီးဖြစ်‌သောကြောင့် အင်စလေ ဤတစ်ကြိမ်တွင် အတော်လေး တည်ငြိမ်နေသည်။ ပေါ်လာမည့် နံပါတ်ကိုသာ မျက်လုံးတောက်ထောက် ကြည့်နေမိသည်။

အံ့အားသင့်ရသည်မှာ နံပါတ်များ တဖြည်းဖြည်းချင်း နှေးလာပြီးနောက် မော်နီတာ၌ ပေါ်လာသည်မှာ...

၄ ဂဏန်း ဖြစ်သည်။

နောက်တစ်ကြိမ် မှန်သွားပြန်ပြီ။ နှစ်ကြိမ်ဆက်တိုက် ဖြစ်သည်။

“ဖူးးး ဝါးးးး”

အင်စလေ အသက်ပြင်းပြင်းရှူပြီးနောက် မျက်နှာကြက်အားကြည့်ကာ အော်လိုက်သည်။ ကလေး၏ မျက်လုံးများမှာ ကောင်းကင်ရှိ ကြယ်များကဲ့သို့ တဖျက်ဖျက် လက်နေသည်။

လုပ်နိုင်ပြီ.. ဒုတိယနံပါတ်လည်း မှန်ပြီ.. ဝိုးဟိုးးးး ငါ ကံကောင်းနေတာလား..

အင်စလေ လက်သီးဆုပ်ကာ ပရမ်းပတာဖြစ်နေသည့် နှလုံးသားအား တည်ငြိမ်အောင် လုပ်လိုက်သည်။ နောက်ထပ် ဂဏန်း ၄ လုံး လိုသေးသောကြောင့် သူမ အလွန်အမင်း ပျော်မနေသင့်မှန်း သိသည်။

အင်စလေ တတိယနံပါတ် ကြေညာမည်ကို စောင့်နေသည်။ ၅ ဂဏန်း ပေါ်လာချိန်၌ သူမ အံ့ဩမနေတော့ပေ။

ထိုနံပါတ်မှာ သူမရွေးချယ်လိုက်သော နံပါတ်လည်းဖြစ်သည်။

တစ်ဆက်တည်း ၃ လုံးမှန်သွားပြီးနောက် အင်စလေ သွေးတိုးလာသလို ခံစားရသည်။ ရင်တထိတ်ထိတ်ခုန်ကာ ပေါက်ထွက်မတတ်ပင်။

‘ဟုတ်ပြီ.. ဟုတ်ပြီ.. နောက်ထပ် ၃ လုံး.. အားလုံးမှန်ရင် ထီပေါက်မှာ.. အဲဒါဆို ငါ့ရဲ့ကံကို အတည်ပြုနိုင်မယ်..’

အင်စလေ လက်ဖဝါးနှစ်ဖက်အားပွတ်ကာ စတုတ္ထဂဏန်း ပေါ်လာမည်ကို ကြည့်နေသည်။ ၂ ဂဏန်း ဖြစ်သည်။ ယမန်နေ့က သူမ ရွေးခဲ့သည်မှာလည်း ထိုဂဏန်းပင်။

'အားး ငါ ထီပေါက်မယ်လို့ ခံစားနေရတယ်..'

“ဟူးးး”

အင်စလေ မော်နီတာအားကြည့်ကာ တီးတိုးရေရွတ်နေမိသည်။ ဂဏန်း ၄ လုံး မှန်ကန်စွာ ခန့်မှန်းထားပြီး ဖြစ်သောကြောင့် ဂဏန်း ၂ လုံးသာ ကျန်တော့သည်။

ထိုအချိန်တွင် သူမ ထီပေါက်၊ မပေါက် သိရရန် အခွင့်အရေး ၂ ခုသာ ရှိတော့သည်။ ထီလက်မှတ်မှာ တန်ဖိုးနည်းပြီး ၁၀ ဒေါ်လာသာ ပေးရသဖြင့် ထီမပေါက်လျှင်ပင် ဆုံးရှုံးသွားမည် မဟုတ်ပေ။

သို့သော် သူမ၏ ကံတရားအား စမ်းသပ်ရန် လိုအပ်သည်။

‘စိတ်လျော့.. စိတ်လျော့.. ပြီးတော့မှာ..’

အင်စလေသည် ပဉ္စမမြောက်ဂဏန်း ကြေညာမည်ကို စောင့်နေချိန် သူမ၏စိတ်အား တည်ငြိမ်အောင် လုပ်နေသည်။ တိတ်ဆိတ်နေသော အခန်းထဲ၌ ကွန်ပျူတာ သုံးနေသည်မှာ သူမတစ်ဦးတည်းသာ ရှိသော်ငြား အင်စလေ ထိုအရာအား မသိလိုက်ချေ။

ကလေးသည် မော်နီတာပေါ်၌ ပေါ်လာသော နံပါတ်များတွင်သာ နစ်မြှုပ်နေသည်။

ပဉ္စမမြောက် ဂဏန်းမှာ ၇ ဖြစ်ပြီး အင်စလေ ရွေးချယ်ခဲ့သော ဂဏန်းလည်းဖြစ်သည်။

“အိ... ဝါးးးး”

ကလေးသည် စိတ်လှုပ်ရှားမှုအား မထိန်းချုပ်နိုင်တော့ပေ။ ထီ‌ပေါက်မည်ဟု အတော်လေး သေချာနေပြီဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဂဏန်း ၆ လုံး မှန်ရမည်ဖြစ်သည်။

‘ဘာလို့များ အရမ်းပဲ ကံကောင်းနေတာလဲနော်.. ပထမဆုံးအကြိမ် ထီထိုးဖူးတာလေ.. ဒါတောင် ထီပေါက်ဖို့ သီသီလေးပဲ.. မဟုတ်ဘူး.. ငါ လုံးဝထီပေါက်မှာလို့ ခံစားရတယ်..’

ထိုသို့သော ယုံကြည်မှုမျိုး မည်သည်နေရာက ရလာမှန်း မသိသော်ငြား သူမ ထီပေါက်မည်ဟု ခံစားနေရသည်။ ယုံကြည်မှုရှိရှိဖြင့် အင်စလေသည် မော်နီတာအား မမှိတ်မသုန် ကြည့်နေတော့သည်။

‘ဟူးးး အိစ့်’

ထီလက်မှတ်၏ နောက်ဆုံးဂဏန်းအား ကြေညာတော့မည် ဖြစ်သည်။ ထို နောက်ဆုံးဂဏန်းသည် သူမ၏ ကံတရားအား အဆုံးအဖြတ်ပေးမည့် ဂဏန်းလည်းဖြစ်သည်။

ပေါက်မှာလား.. မပေါက်ဘူးလား..

All Chapters