ကွန်ပျူတာနှင့် စမတ်ဖုန်း
Vol. 5 Ch. 63
ဖင်းလီသည် အေးစက်ပုံရသော်ငြား နူးညံ့သိမ်မွေ့သည့် ဖခင်ဖြစ်သူကို အမှတ်ရလိုက်သည်။ ထိုလူအိုကြီး အေးစက်စက် ဖြစ်သွားရခြင်းမှာ ဖင်းလီ အဖိုးဖြစ်သူ၏ အမှားအယွင်းကြောင့်ပင်။ သူ မချစ်မနှစ်သက်သူနှင့် အတင်းအကြပ် လက်ထပ်ပေးခဲ့သည်။
မှန်သည်။ ဖင်းလီ၏ ဖခင်သည် သူ၏ မိခင်ဖြစ်သူအား ချစ်မြတ်နိုးခြင်း မရှိချေ။ သို့တိုင်အောင် ထိုသူသည် ဖင်းလီအား ချစ်ခင်ဆဲဖြစ်သည်။ ယင်းအား ဖော်ပြခြင်း မရှိရုံသာ။ ဖခင်ဖြစ်သူ၏ အေးစက်မှုသည် တရားဝင်ဇနီးသည်အား ဖိအားများစွာ ဖြစ်စေသော်ငြား တစ်ဦးတည်းသော သားဖြစ်သူကိုမူ လျစ်လျူရှုခြင်း မပြုချေ။
သူ၏ ချစ်သူဟောင်းနှင့်လည်း အိမ်ထောင်ရေးဖောက်ပြန်ရန် မကြိုးစားခဲ့ချေ။ ဖခင်ဖြစ်သူသည် ဖင်းလီအတွက် လေးစားအားကျရသူ တစ်ဦးဖြစ်သောကြောင့် မိခင်နှင့် ဖခင် မည်သည့်ဘက်၌ ရပ်တည်ရမည်ကိုပင် မသိတော့ပေ။
အဆုံးတွင် အချိန်နောက်ပြန်သွားခြင်း၏ တန်ကြေးအနေနှင့် မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့သည်။ ယင်းမှာ ကောင်းမွန်သော ကိစ္စတစ်ခုပင် ဖြစ်သည်။ မိခင်ဖြစ်သူသည် ယခုအခါ ငြိမ်းချမ်းစွာ အနားယူနိုင်ပြီဖြစ်ကာ သူမအား ချစ်ခင်နှစ်သက်သူ မရှိသည့် အိမ်ကြီးထဲတွင် စိတ်ဆင်းရဲစွာဖြင့် နေထိုင်ရန် မလိုအပ်တော့ချေ။
ဖင်းလီ ခေါင်းယမ်းလိုက်ပြီး မိသားစု၏ လက်ရှိ တိုးတက်မှုအပေါ် ကရုဏာသက်မိသည်။ သို့သော် သူ၏ မိသားစု အခြေအနေ မည်သို့ ဖြစ်နေစေကာမူ ကလေးငယ်၏ မိသားစုဝင်တစ်ဦး မဟုတ်သည့်တိုင်အောင် ကလေးအား ကာကွယ်ပေးသွားမည် ဖြစ်သည်။
‘အင်သာ ကာစီနိုသွားဖို့ ကြိုးစားမယ်ဆိုရင် ငါလည်း လိုက်သွားမယ်.. အခုကစပြီး သူမအနားမှာ သူလျှိုနည်းနည်းလောက် ထားသင့်လား.. ဒီလိုဆို အင် ကာစီနို သွားချင်တဲ့အချိန် ငါ့ကို ပြောပြကြလိမ့်မယ်..’
ဖင်းလီ အင်စလေအနီး၌ အရိပ်သက်တော်စောင့်များ ထားရန် စီစဉ်နေချိန် ကလေးသည် သူမ၏ ကံတရားအား မည်သို့ စစ်ဆေးရမည်ကို စဉ်းစားနေလေသည်။
‘ငါက ဘယ်လောက် ကံကောင်းတယ်ဆိုတာ မသိဘူး.. ငါသာ တော်တော်လေး ကံကောင်းမယ်ဆို ကာစီနို သွားကြည့်လို့ရတယ်.. မဟုတ်ရင်တော့ ဖင်းကို ရောင်းမိတော့မှာပဲ..’
အင်စလေသည် ဖင်းလီ၏ နှစ်လိုဖွယ်ရာ မျက်နှာအား ကြည့်ကာ ထိုကောင်လေးအား ကမ္ဘာ့အဆင့် idol တစ်ဦးအဖြစ် ဖန်တီးရန် စဉ်းစားနေမိသည်။
သူ့ရဲ့ ပုံတွေနဲ့ သုံးပြီးသား ပစ္စည်းတွေကို ရောင်းတာနဲ့တင် ပိုက်ဆံအများကြီး ရှာနိုင်လောက်တယ်..
ဒီကမ္ဘာကြီးမှာ idol ဆိုတာမျိုး မရှိလောက်ဘူး မလား.. ဖင်းဦး ပထမဆုံး ပွဲဦးထွက်ခိုင်းရမယ်.. သူ့ မျက်နှာနဲ့ အသံရယ်ဆိုရင် အချိန်တိုလေးအတွင်း နာမည်ကြီးလာမှာပဲ..
အင်စလေ၏ စိတ်မှာ အခြားတစ်ခုစီသို့ ပြောင်းသွားသော်ငြား ချက်ချင်းပင် ထိုအတွေးအား ဖြတ်တောက်လိုက်နိုင်သည်။ ကလေးသည် အသက်ပြင်းပြင်းရှူကာ ခေါင်းယမ်းလိုက်သည်။
‘မရဘူး.. မရဘူး.. ဖင်းက ဒီနှစ်ဆို ၈ နှစ်.. သူ့အသက် ၁၀ နှစ်ပြည့်ရင် တော်ဝင်နတ်သမီး အကယ်ဒမီကို တက်ရမယ်လို့ ပြောထားတယ်.. အဲဒါကြောင့် idol တစ်ဦးအနေနဲ့ ပွဲဦးထွက်လို့ရမှာ မဟုတ်ဘူး..’
အင်စလေသည် ဖင်းအား ပြန်ပေးဆွဲပြီး ကမ္ဘာ့အဆင့် idol တစ်ဦးအဖြစ် ပျိုးထောင်မည့် စိတ်ကူးအား ဘေးပို့လိုက်ရသည်။ အဆုံးတွင် ကလေးသည် ကာစီနိုနှင့် လောင်းကစားအကြောင်းကိုသာ ပို၍စဉ်းစားမိတော့သည်။
‘ထီတစ်စောင်လောက်ဝယ်ပြီး ကံစမ်းကြည့်သင့်လား.. ထီပေါက်ရင် ကာစီနိုကိုသွားပြီး ဆုံးရှုံးမှု အနည်းဆုံး ဖြစ်မဲ့ အလွယ်ဆုံးတစ်ခု ကစားကြည့်မယ်.. ပြီးရင် အောင်မြင်ရင်တော့ နည်းနည်းလေးပိုပြီး အရဲစွန့်ကြည့်မယ်..’
အင်စလေ မေးစေ့အား လက်ဖြင့်ပွတ်ကာ ထိုအစီအစဉ်အား စတင်ကြံစည်တော့သည်။
ထိုသို့ဖြင့် ယနေ့တွေ့ဆုံခြင်းမှာ လောင်းကစားနှင့် ကာစီနိုအကြောင်း စကားဝိုင်းအဖြစ် ပြောင်းလဲသွားလေသည်။
နေ့လယ်စာ စားချိန်သို့ ရောက်သည့်အခါ ဖင်းလီသည် အင်စလေအား နှုတ်ဆက်စကား ဆိုလိုက်သည်။ အကြောင်းမှာ သူ၏စံအိမ်သို့ ပြန်သွားရန် လိုအပ်သောကြောင့်ပင်။ ပုံမှန်အတိုင်းပင် ကောင်လေးသည် လေပွေတစ်ခုအား သူ၏ ကိုယ်ပိုင်အိမ်မွေးတိရစ္ဆာန်သဖွယ် စီးနင်းကာ အင်စလေ၏ မျက်လုံးရှေ့မှ ပျောက်ကွယ်သွားတော့သည်။
မွန်းလွဲ နေ့လယ်စာစားချိန်။
“ဖိုးဖိုး.. အင် အပြင်တွားရို့ ရလား..”
အင်စလေသည် သူမ၏ နေ့လယ်စာအဖြစ် ဘဲကင်ဆန်ပြုတ်အား ဝါးနေရင်း အဖိုးယိုဖန်ကို မေးလိုက်သည်။
အဖိုးယိုဖန် ချက်ချင်းဆိုသလို နေ့လယ်စာစားနေသည့် လက်များ ရပ်သွားသည်။ ထို့နောက် အင်စလေအား အနည်းငယ် နားမလည်သည့်ပုံဖြင့် ကြည့်လိုက်သည်။
“အင် အပြင်သွားချင်လို့လား.. ဘာလို့လဲ.. ဘာလိုချင်လို့လဲ သမီး..”
အဖိုးယိုဖန် သတိရှိရှိဖြင့် မေးလိုက်ခြင်းဖြစ်သည်။ အကြောင်းမှာ အသက် ၅ နှစ်အောက် ကလေးများသည် သူတို့၏ အသိုက်အမြုံများမှ ထွက်ခွာခြင်း မရှိသောကြောင့်ပင်။
အပြင်ဘက်မှာ အလွန်အန္တရာယ်များသည်။ သူတို့၏အိမ်မှာ အိမ်ရာဝန်းပုံစံ တည်ဆောက်ထားခြင်း ဖြစ်သောကြောင့် အပြင်ဘက်၌ ခိုအောင်းကာ စောင့်ဆိုင်းနေသည့် အန္တရာယ်များအား စိုးရိမ်ရန် မလိုအပ်ချေ။
မာဖီးယားမိသားစုများ၏ အိမ်ရာဝန်းများသည် စီးပွားရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်များဖြင့် ပျားပမ်းခပ် ရှုပ်ထွေးနေတတ်သော မြို့ပြနှင့် အတော်လေးဝေးသည့် ကျေးလက်ဒေသပိုင်း၌ တည်ရှိသည်။ မိသားစုတစ်ခုစီ၏ နယ်မြေပိုင်ဆိုင်မှုထဲ၌ မြို့များနှင့် ယင်းတို့၏ ပတ်လည်ရှိ မြေများအပါအဝင် မိုင်းများနှင့် အခြားသော တရားမဝင် ကုန်သွယ်မှုများ ပါဝင်သည်။
မြို့သို့ သွားရောက်သည့် အဓိပ္ပါယ်မှာ ရဲများနှင့် အစိုးရအား တပ်လှန့်သလို ဖြစ်သွားနိုင်သည်။ ထို့ကြောင့် မာဖီးယားများသည် တာဝန်များ ပြုလုပ်ရန်နှင့် ကုန်သွယ်ရန် အတွက်သာ မြို့များသို့ သွားတတ်ကြသည်။
ချမ်းသာကြွယ်ဝသော မာဖီးယားမိသားစုများသည် သင့်တင့်လျောက်ပတ်သည့် အစောင့်အရှောက် မပါရှိဘဲ မြို့ထဲသို့သွားရောက် လည်ပတ်သည်မှာ ရှားပါးလှသည်။
“အင်.. အပြင်ဘက်မှာ အန္တရာယ် များတယ်ဆိုတာ သမီးသိလား..”
အဖိုးယိုဖန် အင်စလေ ပြန်ဖြေသည်ကိုပင် မစောင့်တော့ဘဲ ထပ်ပေါင်းပြောသည်။
ယခုအခါ စလိုအန်မိသားစုမှာ လူအင်အား လိုအပ်နေသည် ဖြစ်သောကြောင့် မိသားစုခေါင်းဆောင် မြို့ထဲသို့ သွားရောက်မည်ဆိုလျှင် လိုက်ပါစောင့်ရှောက်ပေးနိုင်မည် မဟုတ်ပေ။
“ဟု.. အင် တိတယ်.. ဒါမဲ့..”
ကလေးသည် သူမ၏ ဆံပင်လေးအား လက်ဖြင့် ဆော့ကစားရင်း အဖိုးယိုဖန်အား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
မြို့ထဲကို မသွားဘဲ ထီလက်မှတ် ဘယ်လိုဝယ်ရမှာလဲလို့.. ဂါးးး ဒီကမ္ဘာမှာ အင်တာနက် မရှိဘူးလား.. အာ.. ရှိတာပဲ.. ဒါပေမဲ့ ငါတို့အိမ်မှာ ကွန်ပျူတာတွေ စမတ်ဖုန်းတွေ မမြင်မိဘူးနော်..
အဖိုးယိုဖန် ငြင်းပယ်တော့မည်ကို မြင်သည့်အခါ အင်စလေ ချက်ချင်းဆိုသလို အဖိုးအား ဖျားယောင်းရန် ကြိုးစားတော့သည်။
“ဝါးး အင် ပျင်းရို့.. ကချားချင် (အင် ပျင်းလို့ ကစားချင်..)”
ကလေးသည် ငိုကြွေးကာ အလိုလိုက်ခံထားရသည့် ကလေးတစ်ဦးကဲ့သို့ ဒုတိယအကြိမ် ပြုမူပြန်သည်။
အပြင်မသွားရရင် အင်တာနက်ပေးသုံးလို့.. မိသားစုဘဏ်အကောင့်ထဲက ပိုက်ဆံနဲ့ အွန်လိုင်းထီလက်မှတ် ဝယ်လို့ရတယ်.. အယ်လီယာနာမှာ ခွင့်ပြုချက်ရှိပြီးသား.. သူ့ကို မေးလိုက်ရုံပဲ..
အင်စလေ၏ မျက်လုံးလေးများ တဖျက်ဖျက် လက်လာပြီး အကြီးအကဲသည် သူမအား စာအုပ်များဖတ်ကာ အလယ်ခေတ်မှ လူတစ်ဦးကဲ့သို့ နေထိုင်စေမည့်အစား ခေတ်ပေါ်နည်းပညာများနှင့် ကွန်ပျူတာများ အသုံးပြုခွင့်ပြုမည်ဟု မျှော်လင့်နေမိသည်။
ဒီကမ္ဘာမှာ သုံးတဲ့ ယာဉ်တွေကိုတောင် မမြင်ဖူးသေးဘူး.. ဂါးးး မြို့ကိုလည်း မမြင်ဖူးဘူး.. စလိုအန် မိသားစုစံအိမ် လို့ ခေါ်တဲ့ ‘ဥယျာဉ်’ ကြီးထဲမှာပဲ ပိတ်မိနေတာ..
အကြီးအကဲ ယိုဖန်သည် အင်စလေ၏ ကမ္ဘာကြီးအကြောင်း လေ့လာလိုသည့် စိတ်အားထက်သန်မှုအား ခံစားမိသည်။ အဖိုးအိုသည် အင်စလေအား နားမလည်ဟန်ဖြင့် ကြည့်လိုက်သည်။
“အင်း.. အခုအချိန်မှာတော့ ဖိုးဖိုးက သမီးကို အပြင်ထွက်ခွင့် ပေးနိုင်သေးဘူး.. ဒါပေမဲ့ သမီး ပျင်းတယ်ဆိုရင်... ကွန်ပျူတာနဲ့ စမတ်ဖုန်း သုံးခွင့်ပြုမယ်.. ဘယ်လိုလဲ..”