ဒါဆို ငါဘယ်သူလဲ ... ။
Vol. 14 Ch. 164
လောကျန့်တောင်ထိပ်တွင် ချင်မိသားစု၏ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများ စုဝေးနေကြ၏။ သူတို့မျက်နှာများပေါ်တွင် စိုးရိမ်စိတ်များစွာကို အရိပ်အမြွက်ပြသနေသည်။
အဆုံး၌ တစ်စုံတစ်ယောက်သည် သက်ပြင်းချလျက် သည်းမခံနိုင်တော့ဘဲ၊
“ ဒီလိုပဲ ရပ်နေကြမှားလား ဧကရာဇ်ချင်ထိုက် ပျောက်နေတာကြာပြီ ဒါက ဘာပဲဖြစ်ဖြစ် ဘိုးဘေးကို အသိပေးသင့်တယ်။ ”
-ဟု အကြံပြု၏။
“ မေ့လိုက်ပါ ... ဒီတာဝန်ကို ငါယူပါရစေ။ ”
အသက်အကြီးဆုံး ချင်မိသားစုဝင် အဖိုးအိုတစ်ယောက်မှ သက်ပြင်းချလျက် လှမ်းတက်လာသည်။
သူသည် ဘိုးဘေးချင်အေ၏ သားစဉ်မြေးဆက်ဖြစ်ပြီး ဤလူအများကြား ဘိုးဘေးနှင့် အနီးစပ်ဆုံး သွေးသားတော်စပ်၏။
သို့မှသာ လူတိုင်းသက်ပြင်းချသည်။ ဘိုးဘေးမှ မနှောက်ယှက်ရန် မှာကြားထားခဲ့ သဖြင့် မည်သူမျှ ဆန္ဒမရှိသည်မှာ သဘာဝပေပင်။
အဘိုးအိုက ခြံတံခါးဝဆီသို့ လျှောက်လှမ်းသွားပြီး ဦးညွှတ်လျက် တုန်ရင် နေသောအသံဖြင့်၊
“ မြေးတော်ချင်ယု၊ ဘိုးဘေးချင်အေကို တွေ့ခွင့်တောင်းပါတယ်။ ”
-ဟု ပြောကြားလိုက်သည်။
ခြံဝင်းတစ်ခုလုံး တိတ်ဆိတ်သွား၏။ သူ့အသံတွင် စစ်မှန်သောစွမ်းအင်ပါရှိနေသဖြင့် အနည်းငယ်ပဲ့တင်ထပ်နေသည်။
“ ..... ။ ”
နေအိမ်ထံမှ တိုးညှင်းသော တံခါးဖွင့်သံ ပျံ့လွင့်လာသည်။ လူတိုင်း ခေါင်းငုံ့လျက်ဖြင့် ခြံတံခါးဖွင့်စဉ် မမြင်နိုင်အောင် အကွယ်သို့ ဆုတ်ခွာလိုက်ကြ၏။
“ ကျွီ ... ။ ”
အဆုံး၌ ခြံဝင်းတံခါး ဖြည်းညှင်းစွာ ပွင့်လာပြီးအိမ်ထဲတွင် တင်ပျဉ်ခွေထိုင်နေသော ချင်းအေကို အဝေးမှ မြင်လိုက်ရသည်။
ဖြူဖျော့နေသော အသွင်အပြင်ဖြင့် ချင်းအေက မျက်ဝန်းများဖြည်းညှင်းစွာ ဖွင့်လျက်၊
“ ဘာကိစ္စလဲ ... ။ ”
-ဟု မေးမြန်းလေသည်။
သူ့အသံသည် အလွန်ပြာအက်နေပြီး ကော်ပက်နှစ်ရွက် ပွတ်တိုက်သွားသကဲ့သို့ ခံစား ရစေ၏။ အနီးဆုံးရှိ အဖိုးကြီးချင်ယုခမျာ ကျောရိုးများ အေးစက်လာခဲ့သည်။
“ ဘိုးဘေး ... ဧကရာဇ်ချင်တစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံးနေပါတယ် အားလုံးက လိုက်ရှာနေတာ (၁၅)ရက်ကျော်နေပါပြီ ... ။ ”
ချင်ယုမှ အလျင်အမြန် သတင်းပြောကြားလိုက်သည်။
“ ကောင်းပြီ ... ငါနားလည်တယ် ... အရင်ဆုံးပြန်ကြ ... ငါထွက်လာတဲ့အခါ ဒီအကြောင်း ဆက်ပြောမယ်။ ”
“ ဝုန်း ... ။ ”
စကားဆုံးသည်နှင့် ချက်ချင်း အိမ်တံခါးပြန်ပိတ်ကာ ခြံတံခါး ပိတ်သွားချေပြီ။ တံခါးအကွယ်သို့ ဆုတ်ခွာနေသော လူအုပ်မှာ သက်ပြင်းချလိုက်တော့သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့ကို ဘိုးဘေးမမြင်ခဲ့ချေ။ အဖိုးအိုချင်ယုမှ ပြန်လည် သူတို့ထံ ဆုတ်ခွာလာသည်။
“ အခြေအနေဘယ်လိုလဲ။ ”
ဆံပင်များ ဖြူဖွေးနေသော အဘိုးကြီးတစ်ယောက်က သတိထားပြီးမေး၏။ အဖိုးအိုချင်ယုက ချက်ချင်း ပြန်မဖြေနိုင်ချေ။ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။
“ ဦးလေးချင် ... ဦးလေးချင် ... ။ ”
အဆက်မပြတ် ခပ်တိုးတိုးခေါ်သံကြောင့် အဖိုးအိုချင်ယုတစ်ယောက် သတိပြန်ဝင်လာပြီး နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်၏။
“ အခြေအနေ သိပ်မကောင်းဘူး ... ငါတို့စောစောစီးစီး ပြင်ဆင်ထားသင့်တယ်။ ”
ထိုစကားကြားသောအခါ လူတိုင်း ထိတ်လန့်ကုန်၏။ ဆံပင်ဖြူ အဘိုးအိုသည်ပင် အသက်မဲ့သွားသည်။
ရုတ်တရက် အဖိုးကြီးချင်ယုမှ တစ်စုံတစ်ရာကို ချက်ချင်း သတိရလာပြီး သူ့ခန္ဓာကိုယ်ရှေ့သို့ကိုင်းလျက်၊
“ မင်းတို့ ခြံတံခါးဖွင့်လိုက်တဲ့အချိန်မှာ အနံ့အသက်ဆိုးတွေ ရလိုက်လား။ ”
-ဟု တိုးညှင်းစွာမေး၏။
“ အနံ့ဆိုးတွေလား ... ။ ”
လူအုပ်ကြီးမှ နှာခေါင်းများ ရှုံ့ပွရှုံ့ပွ ပြုလုပ်ကာ၊
“ ဟုတ်တယ် ငါရတယ် ... ဒါပေမယ့် စိတ်ထင်နေတာမို့ မင်းတို့ကို မပြောဘဲနေတာ ဒါက အပုပ်ရနံ့မျိုးပဲ။ ”
-ဟု တစ်စုံတစ်ယောက်မှ ပြန်ဖြေ၏။
ဤတစ်ကြိမ်၌ လူတိုင်းတစ်ယောက် တစ်ပေါက်ဝင်ပြောကာ အမူအရာများ အေးခဲ ကုန်တော့သည်။ အဆုံးတွင် ခြံတံခါးရွက်ထံ ပြန်လှည့်ကြည့်လိုက်ကြ၏။
“ ဒါ ... ငါတို့ဘိုးဘေးဆီက ရနံ့လား ... ဒါမှမဟုတ် အခြားတစ်ယောက်ယောက် ဒီမှာ သေနေတာလား။ ”
“ မင်းသိချင်ရင် ဝင်မေးလိုက်ပါလား။ ”
“ ဟမ့် မင်းဝင်လိုက်ပါလား ... မင်းက ဘိုးဘေးနဲ့ (၁၈)ဆက်မြောက် မြေးတော်စပ်တယ် မဟုတ်လား။ ”
သို့သော် မည်သူမျှ ထပ်မံ မစုံစမ်းဝံ့ချေ။ အချင်းချင်းအချက်ပြကာ လှည့်ထွက်လာသည်။ ထိုအချိန်တွင် ချင်းအေသည်လည်း ခက်ခဲစွာ တိုက်ပွဲဝင်နေရ၏။
ခန္ဓာကိုယ်တွင်း အသိစိတ်နှစ်ခုသည် ပြင်းထန်စွာ တိုက်ခိုက်နေခဲ့ပြီး အနက်ရောင် အသိစိတ်မှာ အသာစီးရနေသည်။
“ ဟားဟားဟား ... ဘယ်လိုလဲ ငါသရုပ်ဆောင်တာကောင်းတယ် မဟုတ်လား မင်းရဲ့ ချင်မျိုးနွယ်က တစ်ယောက်မှ သတိမထားမိဘူး ...
... မင်း အရှုံးပေးသင့်နေပြီ ငါမင်းအစား လက်စားချေပေးမယ် ... အခုချိန်ကစပြီး ငါက မင်းဖြစ်ပြီး မင်းကငါပဲ။ ”
စကားဆုံးသည်နှင့် အနက်ရောင် အရိပ်ကြီးသည် ကျန်ရှိနေသောအသိစိတ်သည် ကြောင်တစ်ကောင်လို ခုန်အုပ်လိုက်တော့၏။
“ ဟားဟားဟား နောက်ဆုံးတော့ ငါရပြီ မင်းတို့လူသားမျိုးနွယ်က အမှိုက်ပဲ အမှိုက်တွေ ဟား ဟား ဟား ...
... ဒါပေမယ့် စိတ်မပူနဲ့ မင်းအစား ဖူစုနိုင်ငံကိုခြိမ်းခြောက်နေတဲ့ အဲဒီအမှိုက်ကို ငါဖယ်ရှားပေးမယ်။ ”
ချင်းအေတစ်ယောက် ဖျော့တော့သောအသွင်ဖြင့် ကျေနပ်စွာ ရယ်မော လိုက်၏။
ထိုစဉ် ခြံဝင်းအပြင်ဘက်သို့ လူရိပ်တစ်ရိပ်ဖြည်းညှင်းစွာ ဆင်းသက်လာပြီး ခြံတံခါးကို တိတ်တဆိတ် တွန်းဖွင့်သည်။
ဤသည်မှာ ကူချန်ဖြစ်သည်။ ကံကြမ္မာမျက်ဝန်းများသုံးလျက် နေအိမ်ထံ စိုက်ကြည့်လိုက်တော့၏။
ကံကြမ္မာ မျက်လုံးများအောက်၌ သွေးစွန်းသော၊ ကြမ်းကြုတ်သော၊ အုံ့မှိုင်းသော ရောင်ဝါတစ်မျိုး တဖျပ်ဖျပ်ခတ်နေသည်။
( ဒါ ဘာလဲ ... ။ )
ဤသို့သော ရောင်ဝါမျိုး မမြင်ဖူးချေ။ တော်ဝင်ဘိုးဘေးနှင့် တိုက်ခိုက်ခဲ့သောကြောင့် တစ်ဖက်လူ၏ ရောင်ဝါကို သူသိသည်။
အစောပိုင်းတွင် ယွမ်ဖူနယ်ပယ် တော်ဝင်မိသားစုဝင်များမှ တော်ဝင်ဘိုးဘေးနှင့် တွေ့ဆုံနေခြင်းဖြစ်၏။ သို့သော် ဘိုးဘေး တည်ရှိမှုကို သူ မခံစားရချေ။
“ ကျွီ ... ။ ”
ခံစားချက်များ လေးလံလာကာ ဝိညာဉ်အသိကို ခြံဝင်းအတွင်း ဖြန့်ကျက်နေစဉ် နေအိမ်တံခါးပွင့်လာပြီး အဖိုးအိုတစ်ဦး လှမ်းထွက်လာသည်။
“ ဟား ဟား ဟား ... ။
အဖိုးအိုမှ တံခါးဝတွင်ရပ်လျက် ဖျော့တော့နေသော်လည်း ရွှင်မြူးစွာ အော်ဟစ် ရယ်မောတော့၏။ သူ့ဆံပင်များ ပွထကာ အထိန်းအကွပ်မဲ့နေသည်။
“ ဟမ့် ... ။ ”
ရုတ်တရက် ကူချန်ကို ခြံတံခါးဝတွင် ရပ်နေသည်ကို မြင်လိုက်ရချိန်၌ အဖိုးအိုခမျာ ချက်ချင်း ငြိမ်သက်သွားပြီး၊
“ တစ်ယောက်ယောက် ... မသွားသေးဘဲ ရှိနေမယ်လို့ မမျှော်လင့်ထားဘူး ငါ့စကားတွေ မင်းကြားလိုက်လား။ ”
-ဟု မေးမြန်းတော့၏။
ကူချန်မှ တစ်ဖက်လူထံ ပြန်ကြည့်လျက်၊
“ မင်းဘယ်သူလဲ။ ”
-ဟု မေးမြန်းလိုက်သည်။ အဖိုးအိုခမျာ ထိုမေးခွန်းကြောင့် မျက်ခုံးပင့်လျက် ဆံပင်များ သပ်တင်၏။
“ ငါ ဘယ်သူလဲ ... ငါတော်ဝင်ဘိုးဘေး ချင်အေပေါ့။ ”
“ မဟုတ်ဘူး ... ။ ”
“ ဟမ့် ... မဟုတ်ဘူးလား ... ဒါဆို ငါဘယ်သူလဲ။ ”
အဖိုးအိုမှ ကူချန်ထံ အေးစက်စွာ ပြန်ကြည့်လျက် မေးခွန်းထုတ်လိုက်လေသည်။ ချင်အေဝိညာဉ်ဖြင့် ရက်ပေါင်းများစွာ တိုက်ခိုက် နေခဲ့ရသောကြောင့် နွမ်းနယ်နေချေပြီ။
သို့တိုင် တော်ဝင်မိသားစု၏ ယွမ်ဖူနယ်ပယ်ဂျူနီယာကို ကိုင်တွယ်ရန်မူ လုံလောက်သည်ထက် ပိုနေ၏။
“ ဝှစ် ... ။ ”
သတိပေးခြင်းမရှိဘဲ ကူချန်ရှေ့ ဖြတ်ခနဲ ရွေ့လျားသွားကာ နှလုံးသားကို ဆွဲထုတ်ပစ်၏။ အရိုးစုကဲ့သို့သော ညာလက်တစ်ဖက်သည် လေဟာနယ်ကို ဖြတ်သန်းနေချေပြီ။
***