မင်းအတွက် လက်ဆောင်ရှိတယ် ... ။
Vol. 14 Ch. 166
ရေနက်ဓားပညာသည် ချင်မိသားစု၏ အမွေဖြစ်၏။ ချင်မိသားစုဝင်တိုင်း လေ့ကျင့် ထားကြသည်။
“ ဝှစ် ... ။ ”
ကူချန်က သူတို့ထံ တစ်ချက်မျှသာ လှည့်ကြည့်လိုက်ပြီး ညာလက်ကို အနည်းငယ် မြှောက်လိုက်သည်။
“ ဝှီး ... ဝှီး ... ။ ”
ကြယ်ကျောက်တုံးလက်စွပ်မှ ဝိညာဉ်ရေးဓားများ တစ်လက်ပြီးတစ်လက် ထွက်လာကာ ပြိုင်ဘက်များထံ ပျံသန်းသွားတော့သည်။
“ ကလန် ... ကလန် ... ။ ”
သတ္ထုရိုက်မိသံများ ညံကုန်လေသည်။ အတွေးတစ်ချက်ဖြင့် ဝိညာဉ်ရေးဓားများသည် ပြိုင်ဘက်များအပေါ် ဟန့်တားနှိမ်နင်းထား၏။
“ ဝှစ် ... ။ ”
သို့သော် ထိုအခွင့်အရေးကိုရယူကာ နတ်ဆိုးဝိညာဉ်သည် ချက်ချင်းထွက်ပြေးသည်။ ရှက်စရာကောင်းသည်လော။ အရှက်ထက် အသက်သည် တန်ဖိုးရှိချေပြီ။
ယခုအချိန်ထွက်မသွားသော် သူ အသက်ဆုံးရှုံးနိုင်၏။ ချင်အေ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးဖြစ်ရာ မစွန့်နိုင်ချေ။
အားနည်းသော လူသားတစ်ယောက် လက်အတွင်းမှထွက်ပြေးခြင်းသည် ရှက်စရာ ပေပင်။ သို့သော် လက်ရှိအခြေအနေ၌ ဆုတ်ခွာခြင်းသည် ပညာရှိသော ရွေးချယ်မှုဖြစ်သည်။
“ မင်း ... သူ့ကို လက်စားချေပေးမယ်လို့ ကတိပေးထားတယ် မဟုတ်လား အခု ငါရှေ့မှာ ရပ်နေတယ် ဘာလို့ထွက်ပြေးတာလဲ။ ”
ရုတ်တရက် သူ့လမ်း၌ ကူချန်ပုံရိပ် ထွက်ပေါ်လာသည်။ ကူချန်၏ စကားများသည် နတ်ဆိုးတစ်ကောင်အတွက် အကြီးမားဆုံး အရှက်ခွဲခံရခြင်းဖြစ်ချေ၏။
သို့တိုင် လက်ရှိအချိန်၌ တည်ငြိမ်ရန် လိုအပ်ချေပြီ။ မဟုတ်သော် တစ်ဖက်လူ၏ လက်ထဲကျရောက်သွားနိုင်၏။
“ ဟမ့် ... မင်းနားကြားမှားတာပဲ ... သူနဲ့ငါ တစ်ယောက်ကို တစ်ယောက် ရန်ငြိုးရှိနေခဲ့တာ သူ့အတွက် ဘာလို့ ...
... လက်စားချေပေးရမှာလဲ ငါ့မှာ တခြားလုပ်စရာတွေရှိနေတာ သတိရသွားလို့ မင်းနဲ့ အချိန်မဖြုန်းတော့ဘူး ...
... ပြီးတော့ သူ့ကိုသေစေချင်တယ် မဟုတ်လား ငါ မင်းဆန္ဒတွေကို ဖြည့်ဆည်းပေး လိုက်ပြီ ... ငါ့လမ်းကိုမပိတ်နဲ့ မဟုတ်ရင် ငါတို့ နှစ်ယောက်လုံးအတွက် အကျိုးမရှိဘူး။ ”
“ ဟားဟားဟား ... မင်းက တော်တော်ချစ်ဖို့ကောင်းတယ်။ ”
“ ဟမ့် ... ဘာဖြစ်တယ်။ ”
ကူချန်မှတ်ချက်ကြောင့် အရိပ်နတ်ဆိုး မျက်လုံးများတွင် နာကျင်မှုအရိပ်အမြွက်များစွာ ထိန်းမနိုင်သိမ်းမရ ထင်ဟပ်လာသည်။ ရှက်စရာပေပင်။
နဂိုဖြူဖျော့နေသော သူ့မျက်နှာသည် ချက်ချင်းနီမြန်းလျက် သွေးကြောများဖောင်းကြွ လာတော့၏။
“ သေစမ်း လူသားကောင် ... မင်းသာချစ်စရာကောင်းတယ် ... မင်းမိသားစု တစ်ခုလုံးက ချစ်စရာကောင်းတယ်။ ”
နတ်ဆိုးတစ်ကောင်အတွက် မကြာခဏ ကြားသိနေခဲ့ရသည်မှာ လူသားများသည် သူ့ကို ကြောက်ရွံ့ရိုသေခြင်းပေပင်။
ယခု ဤလူငယ်သည် သူ့ကို ချစ်စရာကောင်းသည်ဟု မှတ်ချက်ပေး၏။ ယင်းသည် သည်းမခံနိုင်စရာဖြစ်သော အရှက်ခွဲမှုပေပင်။
“ ဝှစ် ... ။ ”
သည်းမခံနိုင်တော့သည့်အတွက် ဆက်၍ သည်းခံနေစရာ မလိုတော့ချေ။ ထို့ကြောင့် ချက်ချင်း လှည့်ပြေးလိုက်သည်။
ရန်သူကို ပြန်၍ တိုက်ခိုက်ရမည်လော။ လုံးဝစိတ်ကူးမရှိချေ။ လက်ရှိခန္ဓာကို သိမ်းယူ နိုင်သည်မှာ မိနစ်ပိုင်းမျှသာရှိသေး၏။ ထိန်းချုပ်နိုင်ခြင်း ကင်းနေသည်။
အရေးအကြီးဆုံးမှာ သူ့အထွတ်အထိပ် အခြေအနေဖြင့်ပင် ဤလူငယ်၏ပြိုင်ဘက် မဟုတ်ကြောင်း နားလည်သည်။
ထို့ကြောင့် ကူချန်၏မိသားစုတစ်ခုလုံးကို သတ်ပစ်ချင်သော်လည်း ချက်ချင်း ပြေးရမည်ဟု သတိပေးနေသည်။
“ သေစမ်း ... ဒီကောင် အရမ်းမြန်တယ်။ ”
ရုတ်တရက် ပုံရိပ်တစ်ရိပ် သူ့လမ်း၌ ပေါ်လာပြန်သည်။ လေးလံသောခံစားချက်ဖြင့် ကျိန်ဆဲလိုက်၏။ ကူချန်မှ လေထုအလယ် ရပ်တန့်ကာ၊
“ သူက မင်းအတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားတယ် ငါဆီလာတုန်း မတော်တဆ ကျန်ခဲ့တယ် ... ငါမင်းကိုပေးဖို့အတွက် ဒီကိုရောက်နေတာ။ ”
“ ဘာလဲလက်ဆောင်လဲ။ ”
“ ကိုယ်တိုင်ကြည့်ပါ။ ”
အရိပ်နတ်ဆိုးခမျာ စိတ်ရှုပ်ထွေးလာ၏။ ကူချန်မှ လက်ဖဝါးကို ဖြန့်ပြနေစဉ် သတိဖြင့် ဆုတ်ခွာလိုက်သည်။
“ ဒါ ... ။ ”
ရုတ်တရက် လေဟာနယ် ပူမြိုက်လာပြီး လက်ဖဝါးအတွင်း၌ ရွှေရောင်မီးတောက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“ မင်း လူယုတ်မာ ... ။ ”
“ ဝှစ် ... ။ ”
အံ့အားသင့်သွားပြီး ကြောက်လန့်တကြား ခုန်ဆုတ်လိုက်၏။ သို့သော် နောက်ကျသွားသည်။
ရွှေရောင်မီးတောက်သည် ချက်ချင်း ပျံသန်းလာပြီး သူ့အပေါ် ဖုံးလွှမ်းသွားတော့၏။ အသက်တရှိုက်စာအတွင်း ပြာအဖြစ်ပြောင်းလဲ သွားချေပြီ။
အဝေးမှ ဝိညာဉ်ရေးဓားများဖြင့် တိုက်ခိုက်နေသော ယွမ်ဖူနယ်ပယ် လူအုပ်မှာ ချက်ချင်းဆုတ်ခွာလျက် ထိုမြင်ကွင်းထံ လှည့်ကြည့်လေသည်။
လေထုအပူချိန် မြင့်တက်လာစဉ် တစ်ခုခုမှားယွင်းနေမှန်း နားလည်ကာ ချက်ချင်း ဆုတ်ခွာလိုက်ခြင်းဖြစ်၏။ သို့သော် ရွှေမီးလျှံနှင့် ပြာပုံကိုသာ မြင်လိုက်ရသည်။
“ ဝှစ် ... ။ ”
“ ဘိုးဘေး ... ။ ”
ထိုပြာပုံအတွင်းမှ သိုလှောင်လက်စွပ် တစ်ကွင်း ကူချန်လက်ထဲ ပျံတက်သွားတော့၏။ သို့မှသာ ဘိုးဘေးသည် ဘဝကူးသွားကြောင်း နားလည်လိုက်ကြသည်။
တုန်လှုပ်ဖွယ် ရလာဒ်ပေပင်။ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ အချိန်အနည်းငယ်သာ ကြာရှိနေသေး၏။
ကူချန်တစ်ယောက် သိုလှောင်လက်စွပ်ကို ငုံကြည့်ပြီးနောက် ချင်မိသားစု၏ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများထံ လှည့်ကြည့်လိုက်သည်။
လူတိုင်းသည် ထိတ်လန့်နေ၏။ သူတို့ဘဝ ဤတွင်ပြီးဆုံးသွားချေပြီ။ ဝမ်းနည်းခြင်းများဖြင့် အသက်မဲ့ကုန်၏။
ဘိုးဘေးကွယ်လွန်သွားသည့်နောက် ရန်သူမှမသတ်လျှင်ပင် ဖူစုနိုင်ငံသည်တရွေ့ရွေ့ ပြီးဆုံးသွားပေတော့မည်။ ယင်းကို သိရှိထား သော်လည်း ဤမျှမြန်မြန် ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားချေ။
“ အောင်နိုင်သူဟာ ဘုရင်ဖြစ်ပြီး ရှုံးနိမ့်သူတွေကတော့ ဓားပြတွေပဲ မင်းငါတို့ကို မသတ်ခင် မေးစရာတစ်ခုရှိတယ်။ ”
လူအုပ်ထဲမှ အသက်အကြီးဆုံးဖြစ်သော အဖိုးအိုချင်ယုမှ လှမ်းတက်လာပြီး အံကြိတ်ကာ မေးမြန်းသည်။
“ ငါမင်းကို အသက်သုံးရှိုက်စာ အချိန်ပေးမယ်။ ”
ကူချန်မှ ပေါ့ပေါ့ပါးပါး တုန့်ပြန်၏။
“ သူက ငါတို့ဘိုးဘေးလား။ ”
“ မင်းတွေ့တုန်းက ဟုတ်တယ် ... အခု မဟုတ်ဘူး။ ”
“ မျှော်လင့်ထားသလိုပါပဲ ... ။ ”
အဖိုးအိုချင်ယုတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားလိုက်၏။ တိုက်ပွဲဝင်ဆန္ဒများပြိုကျကာ ဝမ်းနည်းခြင်းများ ဝင်ရောက်လာလေသည်။
“ ဘရူး ... ။ ”
အချိန်မည်မျှ ကြာသွားသည်မသိ ဓားမြည်သံများ ကြားလိုက်ရချိန်မှသာ သတိဝင် လာတော့၏။ ထိုအသံကြားချိန်တွင် ပထမဆုံး အတွေးဝင်လာသည်မှာ နားထောင်၍ ကောင်းနေခြင်းပေပင်။
“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”
များမကြာခင် လောကျန့်တောင်ပေါ်၌ သင်္ချိုင်းမြေပုံ (၂၁)ခု ထွက်ပေါ်လာ၏။ ကူချန်မှ သင်္ချိုင်းမြေပုံများရှေ့တွင်ရပ်လျက် မက်မွန်ပွင့် ဝိုင်သုံးခွက်ကို လောင်းချပေးလိုက်သည်။
“ လောကကြီးကိုက ဒီအခြေအနေမျိုး ဖြစ်နေပါပြီ ... လူတိုင်းလိုချင်တာကိုယူနေတယ် ဒါကြောင့် ငါ့အပေါ် အပြစ်မတင်ပါနဲ့။ ”
ကူမိသားစုနှင့် ချင်မိသားစုတို့သည် ကြီးမားသောအာဃာတ မရှိချေ။ ကမ္ဘာကြီးတွင် မငြိမ်းမချမ်း ဖြစ်လာခြင်းသည်သာ တရားခံဖြစ်၏။
တစ်ဖက်တွင် ချင်အေသက်တမ်းသည် ကုန်လွန်နေပြီဖြစ်ကာ အတွင်းအပြင် ရန်သူများ အပေါ် မနှိမ်နင်းနိုင်တော့ချေ။ အထူးသဖြင့် ကမ္ဘာကြီးတွင် သူရဲကောင်းများ ထွက်ပေါ်လာချိန်ပေပင်။
သို့သော် ချင်မိသားစုသည် ကူမိသားစုထံ ကျရှုံးလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ ယခု ဖူစု၏ စစ်မှန်သော စိန်ခေါ်မှုစတင်ပြီဖြစ်သည်။
လူတိုင်းကို မြှပ်နှံပေးပြီးနောက် ကူချန်တစ်ယောက် နတ်နဂါးမြို့တော်ဆီသို့ ချက်ချင်း ပြန်လေသည်။
ထိုအချိန်တွင် ကူဖုန်းသည် ကူမိသားစု၏ အုပ်ချုပ်ရေးအရာရှိများနှင့်အတူ ကျက်သရေဆောင် ခန်းမအတွင်း စုရုံးနေသည်။
ချန်ယွင်သည်လည်း အပါအဝင်ဖြစ်၏။ သူတို့အားလုံး မျက်နှာတွင် စိတ်လှုပ်ရှားနေခဲ့ပြီး ငြိမ်သက်နေသည်။ အပ်ကျသံပင် မကြားရချေ။
“ ကျွီ ... ။ ”
“ အစ်ကို ... ။ ”
ရုတ်တရက် သူတို့ စိုက်ကြည့်နေသော တံခါးရွက်များမှာ ဖြည်းညှင်းစွာ ပွင့်လာသည်။ ချန်ယွင်မှ မျက်ဝန်းများ ဝင်းလက်လာ၏။
“ အခြေအနေဘယ်လိုရှိလဲ ... ။ ”
ကူဖုန်းမှ အရေးကြီးသည်ကို ချက်ချင်းမေးသည်။
“ အားလုံးသေပြီ။ ”
***