တစ်ယောက်ယောက် ရှိလာလိမ့်မယ်။
Vol. 14 Ch. 169
မိုးရွားခြင်းပုံစံသည် ရေနက်ဓား ကျင့်ကြံမှုနည်းစနစ်မှ ရှာဖွေတွေ့ရှိထားသော ကူချန်၏ဖန်တီးမှုဖြစ်သည်။
ပေါင်တစ်သိန်းနီးပါး လေးလံသော အနက်ရောင်ရေဓားများဖြင့် ပစ်ခတ်ခံရခြင်းမှာ မည်မျှကြောက်စရာ ကောင်းမည်ကို တွေးကြည့်နိုင်၏။
ခရမ်းရောင်နေမင်း နယ်ပယ် ကျင့်ကြံသူများအတွက် ပေါင်(၁)သိန်းသည် လေးသည်ဟု မဆိုသာချေ။
သို့သော် ၎င်းရေနက်ဓားများကို လေဟာနယ်ဓားစွမ်းအင်နှင့် ကျင့်ဟုန်ဖူတို့ဖြင့် ပေါင်းစပ်သော် ဆန့်ကျင့်ဘက်ဖြစ်သည်။
လေဟာနယ်ဓားစွမ်းအင်သည် ၎င်းကိုထက်မြက်စေပြီးနောက် ကျင့်ဟုန်ဖူသည် ရွေ့လျားမှု အဟုန်ပေးသည်။
ဆိုလိုသည်မှာ အလေးချိန်၊ အမြန်နှုန်းနှင့် တိကျမှုတို့ပေါင်းစပ်ပြီးနောက် ရေနက်ဓားသည် အဆင့်သစ်သို့ ရောက်ရှိသွားပေမည်။
အဖျက်စွမ်းအားသည် ကြောက်စရာကောင်းပြီး ရေနက်တစ်စက်ဖြင့် မြေပြင်၌ ဆယ်ပေကျော်သော လျှိုမြောင်ကြီး ဖြစ်စေသည်။
ထိုရလာဒ်သည် ထင်ရှားခြင်း မရှိသော်လည်း ရေနက်ဓားပေါင်း ထောင်ဂဏန်း ပေါင်းထည့်သော် ရွာတစ်ရွာကို ပျက်စီးနိုင်မည်။ သေစေနိုင်သော ဝှက်ဖဲတစ်ချပ်ပေပင်။
“ ဝှစ် ... ။ ”
အတွေးတစ်ချက်တည်းဖြင့် ရေစက်များအားလုံး မြစ်ပြင်ပေါ် ပြန်ပြုတ်ကျ ကုန်ပြီး ကြီးမားသောရေလှိုင်းများ ပြန့်ကျဲ ပျောက်ကွယ်သွားချေပြီ။
***
ယခင်လင်းရင်ဘုံကျောင်းသည် နတ်နဂါးမြို့တော်နှင့် ရေခဲမြစ်တစ်စင်းသာ ခြားချေပြီ။ မျဉ်းဖြောင့်အတိုင်းအတာအရ နှစ်မိုင်သာဝေးကွာ၏။
သို့သော် ယခု ပြန်တည်ဆောက်စဉ် ကူချန်သည် မြို့တော်နှင့် (၆)မိုင်အကွာရှိသော တောင်တန်းတစ်ခုကို ရွေးချယ်လိုက်သည်။
တောင်တန်းကြီးသည် ပိုမတ်စောက်ပြီး ကျောက်လှေကားများသည် တစ်ထောင်ကျော် ရှည်လျား၏။ သာမန်လူများအတွက် စိတ်ပျက်ဖွယ် အမြင့်ပေဖြစ်သည်။
ဤတောင်တန်းအမည်ကို ကူချန်မသိချေ။ သို့သော် တာအိုချင်းရှမှ လင်းရင်တောင်တန်းဟု အမည်ပေးခဲ့သည်။ ထိုအမည်ကို စွဲလမ်းနေ ပုံရ၏။
“ ဆရာ မင်းဘာလို့ လင်းရင်တောင်လို့ အမည်ပေးရတာလဲ။ ”
ကူချန်မှ သိချင်သွားသည်။
“ ပြင်ပတပည့်ဖြစ်နေတုန်း ... ငါနေထိုင်ခွင့်ရတဲ့ တောင်က(၇၂)လုံးမြောက် တောင်ထွတ်ပဲ သူ့အမည်က လင်းရင်တောင်။ ”
“ ဒါဆို ... ဒါက အလွမ်းပြေလား။ ”
“ သေချာပေါက်ပဲ ... တခြားဘာများ ရှိနေရမှာလဲ ... ဒါနဲ့ ဒီတောင်ကြီးကိုအရင်က ဘယ်လိုခေါ်လဲ မင်းသိလား။ ”
တာအိုချင်းရှမှ ရုတ်တရက် ကူချန်ကို လှည့်ကြည့်ကာမေးသည်။ ကူချန်တစ်ယောက် ထုံးစံအတိုင်းမသိချေ။ ခေါင်းယမ်းပြလိုက်၏။
“ ကောင်းကင်တောင်တန်း ... ။ ”
“ ဟမ့် ... ဒီနာမည် တော်တော်ကောင်းတယ်။ ”
ကူချန်တစ်ယောက် ချက်ချင်း မှတ်ချက်ပေးလိုက်သည်။ ဤတောင်တန်းပေါ် စရောက်စဉ် ရှုခင်းများကို ပြန်သတိရသွား၏။
ဤတောင်သည် တောင်တန်းများကြား ထူးခြားသောခံစားမှုပေး၏။ ကျောက်စိမ်းရောင် ကျောက်တိုင်များသည် တိမ်ပင်လယ်ကြီးကို ထောက်ထားသကဲ့သို့ ဖြစ်တည်နေသည်။
ခရမ်း-ရွှေရောင် အလင်းတန်းများသည်လည်း ပင်လယ်ပြင်ကဲ့သို့ ဖြတ်ဖောက်လွှမ်းခြုံထားသည်။
“ ဘာကောင်းတာလဲ ... ။ ”
တာအိုချင်းရှက မျက်မှောင်ကြုတ်လျက်၊
“ ငါဘာကိုဆိုလိုတယ်ဆိုတာ မင်းသိမှာပါ သာမန်လူတစ်ယောက်က ကောင်းကင်ဘုံဆိုတဲ့ အမည်ရဲ့ ယဉ်ကျေးတဲ့အဓိပ္ပါယ်အပေါ် ဘယ်လိုများ နားလည်နိုင်မှာလဲ ...
... သူ့ရဲ့ အသွင်အပြင်ပေါ်မူတည်ပြီး နာမည်တစ်ခု အလွယ်ပေးလိုက်တာပဲနေမယ် ဒါကြောင့် ငါနာမည်ပြောင်းလိုက်တာ မဟုတ်ရင် ငါဒီမှာနေဝံ့မှာ မဟုတ်ဘူး။ ”
ထိုစကားကြောင့် ကူချန်တစ်ယောက် ခေါင်းညိတ်လိုက်သည်။ ကောင်းကင်ဟူသော အမည်သည် တောင်ပေါ်၌ နေထိုင်သူများကို အမှန်ပင် အဆင်မပြေဖြစ်စေမည်။
လင်းရင်ဘုံကျောင်းကို အပြည့်အဝ မတည်ဆောက်ရသေးချေ။ ဤတောင်ထိပ်သည် အလွန်မြင့်မားသောကြောင့် ဆောက်လုပ်ရေး ပစ္စည်းများ သယ်ယူရန် ခက်ခဲ၏။
သို့သော်လည်း အကြမ်းထည်အရပင် မူလလင်းရင်ဘုံကျောင်းထက် ကြီးမားသည်။ တောင်တန်းအရှေ့ဘက်တွင် တည်ခိုဆောင်များ ထားရှိကာ တောင်အနောက်ဘက်တွင် သီးသန့်ခြံဝင်းများရှိ၏။
နှစ်ဦးသား ဆောက်လက်စ အဆောက်အဦးများကြား လျှောက်လှမ်းလျက် လုပ်ငန်းခွင်ကို ကြည့်ရှုနေခဲ့သည်။
“ မင်းရဲ့ကူမိသားစုဟာ မကြာခင်က အရှိန်နဲ့တိုးတက်လာတယ် အနာဂတ်အတွက် မင်းမှာအစီအစဉ်တွေ ရှိပြီလား။ ”
ကူမိသားစုသည် မကြာခင်က ရှန့်နန်လမ်းတစ်လျှောက်ရှိ ပြည်နယ်နှစ်ခုကို ထပ်မံသိမ်းပိုက်ခဲ့သည်။
သစ်ရွက်ခြောက်များအပေါ် ဖြတ်တိုက်သွားသော ဆောင်းဦးလေပြေကဲ့သို့ မကြာခင် ဖူစု၏အင်ပါယာမြို့တော်ထံ ရောက်ရှိပေတော့မည်။
လက်ရှိအချိန်၌ အင်အားစုများသည် အတွေးများစွာရှိနေပြီဖြစ်၏။ ကူမိသားစုသည် အချိန်တိုအတွင်း သည်မျှ အဘယ့်ကြောင့် မြင့်တက်လာသည်ကို နားမလည်နိုင်ချေ။
အရေးအကြီးဆုံးမှာ တော်ဝင်မိသားစုမှ ပေါက်ကြားလာသောသတင်းများသည် သူတို့ကို စိတ်မသက်မသာ ဖြစ်စေသည်။
ထို့ရလာဒ်များသည် ကူမိသားစုနှင့် တိုက်ရိုက်ဆက်နွဘ်နေသည်ဟု ထင်ကြေးများ ရှိနေကြသည်။
“ မင်းအဖေရဲ့ရည်မှန်းချက်က ကြီးမားလွန်းတယ် ... အခုတော်ဝင်မိသားစုကို မင်းချေမှုန်းပစ်လိုက်ပြီ ... နောက်ဆက်တွဲ အကျိုးဆက်ကို မင်းလည်း ခန့်မှန်းနိုင်မှာပါ ...
... ဒီကမ္ဘာကြီးမှာ မိသားစုတစ်စုရဲ့ အမွေခံနဲ့ပတ်သတ်လာရင် ရှင်းရှင်းလင်းလင်း ရှိနေပေမယ့် ... တော်ဝင်မိသားစုကြီးတစ်ခုရဲ့ အမွေကတော့ အရမ်းရှုပ်ထွေးတယ်။ ”
တာအိုချင်းရှမှ စကားကို ခဏရပ်လိုက်သည်။ မိသားစုဘိုးဘေးသည် အမွေခံကို မစွမ်းဆောင်နိုင်လျှင် အခွဲမိသားစုမှ တစ်စုံတစ်ယောက်ကို ပင်မမိသားစုအဖြစ် ပြောင်းလဲပေးနိုင်၏။
တော်ဝင်မိသားစုအတွက်မူ ထိုသို့မရချေ။ ဧကရာဇ်သည် မင်းလောင်းမရှိသော် တိုင်းပြည် အပေါ် မငြိမ်မသက်ဖြစ်စေသည်။
နိုင်ငံတစ်ခုအပေါ် ကာကွယ် စောင့်ရှောက်ရန် ဧကရာဇ်သည် သူ့မျိုးဆက်ထံ လွှဲပြောင်းပေးခြင်းဖြင့်သာ တည်ငြိမ်နိုင်မည်။
ထူးခြားသော အကြောင်းအရင်း အချို့ရှိမှသာလျှင် ချွင်းချက်အဖြစ်ထီးနန်းသည် ပြောင်းလဲနိုင်မည်။ ယခု ကူမိသားစုသည် ချင်းမိသားစုကို ဖြုတ်ချလိုက်၏။
ထို့ကြောင့် များမကြာခင် ကူဖုန်းသည် ဧကရာဇ်ဖြစ်လာကာ အမွေခံသည် အရေးကြီး လာချေပြီ။ ယင်းသည် ကူမျိုးရိုးကို ဆက်လက် တည်တံ့စေမည်ဖြစ်သည်။
မတော်တဆ ကူဖုန်းသည်သာ တစ်စုံတစ်ရာကြောင့် ထွက်ခွာခဲ့သွားသော် ပရမ်းပတာ မဖြစ်တော့ချေ။
“ ဘာတွေ စဉ်းစားနေတာလဲ ... ချန်ယွင်တစ်ယောက်လုံး ရှိနေသေးတယ် အချိန်တန်ရင် သူ့ပေးလိုက်ပါ။ ”
“ မင်းပြောတာလွယ်တယ်။ ”
တာအိုချင်းရှက မကျေမနပ်ဖြင့် အော်ဟစ်လိုက်ပြီး၊
“ မင်းတို့ညီအစ်ကို နှစ်ယောက်က ထီးနန်းအတွက် တိုက်ပွဲဝင်နေကြတယ်လို့ ငါ ပြောချင်နေတာ မဟုတ်ဘူး ... ငါပြောနေတာက ဘယ်သူ ထီးနန်းကိုယူမှာလဲဆိုတာပဲ ...
... မင်းလိုပဲ ချန်ယွင်လဲ ... ထီးနန်းကို ငြင်းနေတယ် မင်းလည်းငြင်းတယ် သူလည်း ငြင်းတယ် ... ။ ”
ကူချန်တစ်ယောက် အံ့အားသင့် သွားလေသည်။ တာအိုချင်းရှမှ သူ့စကားကို ခဏရပ်လိုက်ပြီး၊
“ မင်းတို့ ညီအစ်ကိုနှစ်ယောက်လုံးက တစ်ကယ့်ကို တူညီတဲ့ကိုယ်ရည်ကိုယ်သွေးတွေ ရှိတယ် ... တစ်ခုခုဆုံးဖြတ်ပြီးရင် ဘယ်သူမှ ပြောင်းလဲပေးလို့ မရဘူး ...
... ဒါပေမယ့် အဲဒါက ပြဿနာကြီးပဲ ... မင်းအဖေက ထီးနန်းကို ဘယ်သူ့အပ်နှင်းရမလဲ ကူမိသားစုအမွေကို အခြားသူတွေဆီ ... မင်းတို့ ပေးစေချင်နေတာလား ... ဟမ့်။ ”
ဤတစ်ကြိမ်တွင် ကူချန်တစ်ယောက် စိတ်ရှုပ်ထွေးလာသည်။ ယင်းသည် အမှန်ပင် ဖြစ်၏။ အနည်းငယ် တွေးတောလျက်၊
“ ကလေးနည်းနည်းလောက် မွေးလိုက်ရင်ရော ... ဘယ်လိုလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
ထိုစကားကြားပြီးနောက် တာအိုချင်းရှမှ ပြုံးရွှင်သွား၏။
“ အမှန်ပဲ ... အဖြေကိုမင်းရှာတွေ့ပြီ အိမ်ထောင်ပြုတာက မကောင်းတဲ့အရာတော့ မဟုတ်ဘူး ... အိမ်ထောင်ပြုခြင်းကြောင့် မင်းရဲ့ ပြဿနာတွေကို ပြေလည်စေတယ်ဆိုတာ ... တွေ့တယ်မဟုတ်လား ...
... မင်းရဲ့သားက ဒီအမွေကို မလိုချင်ဘူး ဆိုရင်တောင် မင်းရဲ့မြေး ... မင်းရဲ့မြေးကလည်း ငြင်းဆန်နေရင် မင်းရဲ့မြစ်ရှိမယ် ... ဒီလိုနဲ့ တစ်ယောက်ယောက်တော့ ရှိလာမှာပဲ။ ”
အဆုံးတွင် ကူချန်တစ်ယောက် တာအိုချင်းရှ၏ အကြံအစည်များကို မြင်လာပြီး ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်တော့၏။
“ ဆရာ ... မင်းငါ့ကို အိမ်ထောင်ပြုဖို့ ဖိအားပေးမယ်လို့ ဒီနေ့ဆုံးဖြတ်ထားတာလား။ ”
***