အပြန်အလှန် ... ။
Vol. 14 Ch. 163
“ နောက်ဆုံးတော့ မင်းကို ငါရပြီ။ ”
ကူချန်မှ အသက်ပြင်းပြင်းရှူလျက် အပြုံးဖြင့်ရေရွတ်လိုက်သည်။ နဂါးကိုးကောင် ရွှင်မြူးခြင်း နည်းစနစ်သည် အမှန်တကယ် အသုံးဝင်၏။
သန့်စင်သော ဝိညာဉ်မီးတောက်၏ ဇာစ်မြစ်ကိုခွဲခြမ်းလျက် တစ်ဆင့်ခြင်း ထိန်းချုပ် သွားခဲ့သည်။
ခရမ်းရောင်နယ်မြေအတွင်း၌ နေကိုးစင်းအပြင် တောက်တောက်တစ်စကို ယှဉ်လျက် မြင်နေရသည်။
ဤမီးတောက်သည် ဖန်သားကဲ့သို့ ကြည်လင်သန့်ရှင်းပြီး လက်ရာမြောက်သော အနုပညာ လက်ရာတစ်ပါးနှင့်တူ၏။
၎င်း၏ အကူအညီဖြင့် ခရမ်းရောင် နန်းတော်အတွင်းမှ စစ်မှန်သောစွမ်းအင်များကို အဆက်မပြတ် သန့်စင်စေသည်။
စစ်မှန်သောစွမ်းအင်များသည် သန့်စင်လာသည်နှင့်အမျှ သိပ်သည်းဆများကာ တိုက်ပွဲဝင်စွမ်းအားကို မြင့်မားစေ၏။
စိတ်လှုပ်ရှားစွာဖြင့် လက်ဖဝါး ဖြန့်ကြည့်လိုက်ရာ ရွှေရောင်မီးတောက် တစ်ခု ထွက်ပေါ်လာပြီး အပူချိန်မြင့်တက်လာ၏။
သို့သော် သူ့အတွက်မူ နွေးရုံမျှသာပေပင်။ ယခင်ကဲ့သို့ အန္တရာယ်မရှိတော့ချေ။ အတွေးဖြင့် ပြန်သိမ်းလိုက်သည်။
“ နောက်ထပ် ဝှက်ဖဲတစ်ချပ် ... ။ ”
ဤမီးတောက်သည် ဆေးပြားများနှင့် လက်နက်များသန့်စင်ရာ၌ အကူညီရရုံသာမက တိုက်ပွဲများတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
တိုက်ပွဲဝင်စွမ်းအားကို ဆယ်ဆ မြှင့်တင်နိုင်၏။ ရုတ်တရက် တော်ဝင်ဘိုးဘေး အပေါ်ကို သတိရသွားသည်။
အပြန်အလှန် ဆက်ဆံရေးမရှိသော် ရိုင်းရာကျပေမည်။ အတွေးများဖြင့် ပြုံးလျက် လက်ချောင်းများ ရေတွက်လိုက်သည်။
“ မရှိဘူးလား ... ။ ”
ရလာဒ်မှာ သူ့ကို မျက်မှောင်ကြုတ်စေ၏။
“ ထူးဆန်းတယ် ... ဘာလို့ မတွေ့ရတာလဲ။ ”
သံသယဖြင့် ပြန်၍တွက်ကြည့်မိပြန်သည်။ အကြိမ်ပေါင်းများစွာ တွက်ကြည့်ပြီးသည့်တိုင် တစ်ဖက်လူကို ရှာမတွေ့ချေ။
“ လျှို့ဝှက်နယ်မြေထဲ ရောက်နေလို့လား။ ”
ကောင်းကင်တာအို ပေါင်းစည်းခြင်းတွင် တွက်ချက်ခြင်း ပညာရပ်များစွာရှိ၏။ သူသည် အားလုံးကို လေ့လာရန် ဆန္ဒမရှိချေ။ ထို့ကြောင့် ကောင်းကင်မူလနှင့် နက္ခဗေဒကိုသာ လေ့လာထား၏။
နက္ခဗေဒသည် အကြောင်းတရားနှင့် အကျိုးသက်ရောက်မှုဖြစ်ပြီး ကံကြမ္မာလမ်းကို တွက်ချက်ရာတွင် အသုံးဝင်သည်။
ကောင်းကင်မူလသည် ဂဏန်းသင်္ချာ အမျိုးအစားဖြစ်ကာ ပိုမိုသန့်စင်ပြီး ရလဒ်နှင့် အကျိုးသက်ရောက်မှုသည် လက်တွေ့ကျ၏။
နည်းစနစ်များ၊ ဝင်္ကပါများ၏ အားနည်းချက်နှင့် ဆက်သွယ်ချက်ကိုရှာရာ၌ အသုံးဝင်သည်။ လေးနက်ပြီး တိကျလွန်းသော ကောက်နှုတ်ချက်တစ်ခုဖြစ်၏။
မိုင် (၃၀၀၀၀) ဧရိယာအတွင်း အရာများစွာသည် ထိုနည်းဖြင့်ထုတ်နုတ်ခြင်းမှ မလွတ်မြောက်နိုင်ချေ။
နက္ခဗေဒသည် ကောင်းကင်ရှိ ကြယ်များအပေါ် အခြေခံသည်။ ကြယ်နှင့်လ ရှိသောဒေသတိုင်းတွင် တွက်ချက်နိုင်၏။
ထို့ကြောင့် တော်ဝင်ဖိုးဘေးသည် လနှင့်ကြယ်များ မရှိသော လျှို့ဝှက်နယ်မြေ၌ ကုသနေပုံရသည်။
မဟုတ်သော် ဤသို့ ပျောက်နေမည် မဟုတ်ချေ။ ထွက်ပြေးစဉ်ချိန်၌ ဒဏ်ရာများ ပြင်းထန် သော်လည်း သေဆုံးသည်အထိ မဖြစ်နိုင်ကြောင်း သိသည်။
ယွမ်ဖူနယ်ပယ်နှင့် ခရမ်းရောင်နေမင်း နယ်ပယ်ရှိ ကျင့်ကြံသူများ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ မြင့်မားပြီး အသက်ဓါတ်များပြား၏။
သွေးထွက်လွန်လျှင်ပင် သေရန် နည်းလမ်းမရှိချေ။ ထို့ကြောင့် ပဟေဠိဖြစ်လာ တော့၏။ အဆုံး၌ အသက်ပြင်းပြင်းရှူလျက် ဖြည်းညှင်းစွာ ထရပ်လိုက်တော့သည်။
“ စီနီယာအစ်ကို ... ။ ”
ရုတ်တရက် မင်ယွဲ့အသံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။ မင်ယွဲ့တစ်ယောက် မြို့ရိုးပေါ်ခုန်ချပြီး သူ့ထံ လျှောက်လှမ်းလာ၏။
သူမသည် ကြာပန်းများပေါ် နင်းဖြတ်လာသကဲ့သို့ ပေါ့ပေါ့ပါးပါး ရွေ့လျား လာခြင်းဖြစ်လေသည်။ မျက်စိတစ်မှိတ်အတွင်း သူ့ရှေ့ရောက်လာ၏။
“ မင်းဘာလို့ ... ဒီကိုရောက်နေတာလဲ။ ”
ကူချန်မှ ပြုံးပြီး မေးလိုက်သည်။
“ လင်းရင်ဘုံကျောင်းကို ပြန်မဆောက်ရသေးဘူး ဒါကြောင့် မြို့ထဲမှာ ခဏတည်းခိုနေရတယ် ...
... ငါက လူရှုပ်တာ မကြိုက်လို့ စီနီယာအစ်ကိုကို မြို့ရိုးပေါ်ကနေ စောင့်ကြည့် နေခဲ့တာ။ ”
ထို့နောက် မင်ယွဲ့မှ ပတ်ဝန်းကျင်ထံ ဝေ့ကြည့်ကာ၊
“ စီနီယာအစ်ကို၊ သန့်စင်သော မီးတောက်ကို မင်းသန့်စင် လိုက်ပြီလား။ ”
-ဟု မေး၏။
“ အင်း ... ။ ”
ကူချန်မှ လက်ဖဝါးဖြန့်ပြီး သန့်စင်သောမီးတောက်ကို ထုတ်ပြလိုက်၏။ မင်ယွဲ့မှ မျက်ခုံးပင့်လျက်၊
“ စီနီယာအစ်ကို ... ၊ မင်းအရင်ထက် အခုပိုပြီး အစွမ်းထက်လာပြီ မဟုတ်လား။ ”
-ဟု မေးမြန်းသည်။
“ သေချာပေါက်ပဲ ... ။ ”
ကူချန်မှ မင်ယွဲ့ခေါင်းကိုပုတ်ပြီး၊
“ မင်းလည်း အာရုံစိုက်ပါ ... ချင်းဖန်က ချီစုစည်းခြင်းနယ်ပယ် ရောက်သွားပြီ မင်းသူ့ကို အမီလိုက်ရမယ်။ ”
“ ငါ နားလည်ပါတယ်။ ”
ထို့နောက် နှစ်ယောက်သား မြို့တော်သို့ ဦးတည်လိုက်လေသည်။
တာအိုချင်းရှသည် ဘုံကျောင်းကြီး ပြန်လည်တည်ဆောက်ရန်အတွက် ဖုံးရွှေကို စောင့်ကြည့်နေဆဲဖြစ်၏။
ထို့ကြောင့် သူ၊ ချင်းဖန်နှင့် မင်ယွဲ့သည် အမွှာနှစ်ယောက်၏မိခင် စားသောက်ဆိုင်တွင် နေထိုင်နေခဲ့ရ၏။
အခြားသော တာအိုဘုန်းကြီးများကို ကူမိသားစုအိမ်တော်တွင် နေထိုင်ရန် စီစဉ်ပေး ထားသည်။ မင်ယွဲ့မှ ကူချန်ကို နှုတ်ဆက်ပြီး စားသောက်ဆိုင်သို့ ပြန်သွား၏။
ကူချန်က ကူအိမ်တော်ထံ လျှောက်လှမ်းလာခဲ့သည်။ သူ့ရည်ရွယ်ချက်ကို ကြားချိန်၌ ကူဖုန်းမှ မျက်ခုံးပင့်ကာ၊
“ မင်း သေချာလား ... ။ ”
-ဟု ပြန်မေး၏။
“ သေချာတယ် ... မသေချာတဲ့တိုက်ပွဲကို ဘယ်တော့မှ မတိုက်ပါဘူး ... ဒီမတိုင်ခင် သူ့ကို ပြင်ပအကူအညီနဲ့ လက်ရည်တူတိုက်နိုင်တယ် အခုချိန်မှာတော့ သူက ခြိမ်းခြောက်မှု လုံးဝမပေးနိုင်တော့ပါဘူး ... ။ ”
ကူချန်မှ တည်ငြိမ်စွာ တုန့်ပြန်သည်။ ထိုစကားကိုကြားသောအခါ ကူဖုန်းတစ်ယောက် အသက်ပြင်းပြင်းရှူလျက်၊
“ မင်း လုံးဝပေါ့ဆလို့ မရဘူး ... သန့်စင်သောဝိညာဉ်မီးတောက်လို ရတနာမျိုး ထုတ်နိုင်တဲ့အတွက် သူ့မှာ ဝှက်ဖဲတွေ ရှိနိုင်လိမ့်မယ်။ ”
“ နားလည်ပါတယ် ... ဒါပေမယ့် မင်းဘက်ကလည်း ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုတယ် ဖေဖေ ... ။”
“ စိတ်ချ ... ။ ”
ဤစကား၏ အဓိပ္ပါယ်ကို ကူဖုန်းမှ ကောင်းစွာသိ၏။ တော်ဝင်ဘိုးဘေးကို ဖယ်ရှား ပြီးနောက် ကူမိသားစုသည် ဖူစုနိုင်ငံအတွင်းတွင် တစ်ဦးတည်းသော ခရမ်းရောင်နေမင်း နယ်ပယ် အင်အားစုဖြစ်လာပေမည်။
“ တော်ဝင်ဘိုးဘေးက ငါတို့ရဲ့ ပြဿနာတွေကို အများကြီးကူညီပေးခဲ့ပါတယ်။ ”
ရုတ်တရက် ကူဖုန်းမှ ပြုံးလျက် ပြောကြားသည်။ တစ်ဖက်လူသည် နတ်နဂါး မြို့တော်သို့ မရောက်မီ မွန်ပေပြည်နယ်နှင့် ဟဲရှလမ်းကို ဖြေရှင်းခဲ့၏။
၎င်းတို့အနက် မွန်ပေပြည်နယ်သည် ကြီးမားသောစစ်တပ်ကြီးကို ပိုင်ဆိုင်ထားသည့် ချင်မျိုးရိုးမှ ဘုရင်ငယ်တစ်ပါးဖြစ်သည်။
နှစ်ယောက်သား စကားစမြည် ပြောကြားပြီးနောက် ကူချန်မှမြောက်ဘက်သို့ ပျံသန်းသွားတော့သည်။
နတ်နဂါးမြို့တော်နှင့် အင်ပါယာ မြို့တော်သည် မိုင်ပေါင်းသုံးထောင်ကျော်ခန့် အကွာအဝေး ရှိသည်။ ကူချန်၏ အရှိန်သည် ယွမ်ဖူနယ်ပယ်ထက် သုံးဆတိုးလာ၏။
ကျင့်ဟုန်ဖူနည်းစနစ်ကို အသုံးပြုခြင်းကြောင့် အမြန်နှုန်းသည် ယွမ်ဖူ နယ်ပယ်ထက် ကိုးဆတိုးလာသည်။
သုံးနာရီကုန်လွန်ပြီးနောက် အင်ပါယာမြို့တော်အထက် ကောင်းကင်တွင် ရပ်တန့်ကာ ငုံ့ကြည့်လိုက်သည်။
အချိန်သည် နေဝင်ရီတရောအချိန်ဖြစ်၏။ နေမင်းကြီးသည် တောင်တန်း၏နောက်ကွယ်သို့ ဝင်ရောက်နေပြီး သွေးတိမ်တိုက်များကိုသာ ချန်ရစ်ခဲ့သည်။
ဆည်းဆာနေဝင်ချိန်အောက်၌ မြို့တော်ကြီးတစ်ခုလုံးသည် တောက်ပသော အလင်းများဖြင့် လွှမ်းခြုံထား၏။
“ အင်ပါယာမြို့တော်က တကယ်ပဲ ကြွယ်ဝတာပဲ။ ”
နတ်နဂါးမြို့တော်ထက် သာလွန်သောမြို့တော်ကြီးထံ ငုံ့ကြည့်ကာ မှတ်ချက်ပေးလိုက်၏။
အင်ပါယာမြို့တော်သည် မြောက်ဘက်လွင်ပြင်ဒေသတွင် တည်ရှိသည်။ မြို့တော်အနီးဝန်းကျင်သည် ကျယ်ပြောလှသော မြေမျက်နှာသွင်ပြင်မျိုးရှိ၏။
ထို့ကြောင့် မြို့တော်အတွင်း ဝင်ရောက်ရန် မြို့တံခါးများစွာရှိသည်။ မြင်းလှည်းများစွာသည် မြို့တော်အတွင်း ညအချိန်၌ပင် လမ်းမများအနှံ့ ဥဒဟို သွားလာနေကြ၏။
မြို့တံခါးဝတွင်လည်း ဝင်ရောက်ရန် စောင့်ဆိုင်းနေသော ရထားလုံးများ၊ မြင်းများ တန်းစီနေသည်။
သို့သော် မြေမျက်နှာသွင်ပြင်အရ နတ်နဂါးမြို့သည် အင်ပါယာမြို့တော်ထက် သာလွန်သည်။
နတ်နဂါးမြို့တော်သည် မြစ်(၃)စင်း ပေါင်းဆုံရာ တောင်ပိုင်းဒေသ၏ အချက်အချာ အကျဆုံးသော ရေကြောင်းလမ်းကို ပိုင်ဆိုင်ထားသည်။
မရေမတွက်နိုင်သော ကုန်တင် သင်္ဘောများသည် နတ်နဂါးမြို့တော်ဆိပ်ကမ်း၌ နေ့စဉ်နှင့်အမျှ သွားလာနေကြ၏။ ထို့ကြောင့် ခမ်းနားသောအင်ပါယာမြို့တော်နှင့် ယှဉ်သော် နတ်နဂါးမြို့သည် ကြွယ်ဝလွန်းချေပြီ။
အင်ပါယာမြို့တော် မြောက်ပိုင်းတွင် တောင်တန်းအနည်းငယ်ရှိသည်။ ထိုအရပ်၌ အလင်းရောင် အနည်းငယ်ထွက်နေ၏။
ယင်းသည် တော်ဝင်မိသားစု နေထိုင်ရာ အင်ပါယာရုံးတော်ဖြစ်သည်။ မြို့တော်ဧရိယာ၏ ဆယ်ပုံတစ်ပုံကို ပိုင်ဆိုင်ထား၏။
ဧကရာဇ်နန်းတော်အတွက်မူ လက်ရှိဧကရာဇ်နှင့် ကိုယ်လှုပ်တော်အချို့သာ နေထိုင်သောကြောင့် ဧရိယာ အနည်းငယ်သာ ရှိသည်။
အတွေးများဖြင့် ကောင်းကင်မူလ နည်းစနစ်ကို အသုံးပြုကာ တော်ဝင်ဘိုးဘေး တည်နေရာကို တွက်ချက်ကြည့်လိုက်၏။
“ တကယ် မရှိဘူးလား။ ”
ရလာဒ်သည် မပြောင်းလဲချေ။ မျက်မှောင်ကျုံ့လျက် ဝိညာဉ်အသိကို မြို့တော် အနှံ့ ဖြန့်ကျက်ကြည့်သည်။ တစ်ဖက်လူသည် တကယ်ပင် လျှို့ဝှက်နယ်မြေထဲ ဝင်ပုန်းနေသည်လော။
သို့သော် တော်ဝင်မိသားစုတွင် ဘိုးဘေးနယ်မြေရှိ-မရှိ မသိချေ။ ခဏမျှစဉ်းစား ကြည့်ပြီးနောက် အင်ပါယာရုံးတော်၏ ဦးတည်ရာထံ မျှော်ကြည့်မိသည်။
များမကြာခင် ပြန့်ကျဲနေသော ဝိညာဉ်အသိသည် အင်ပါယာရုံးတော်တဝိုက် စုပုံလာပြီး တစ်လက်မ မကျန် ရှာဖွေတော့၏။
တောင်ထိပ်တစ်နေရာ အရောက်တွင် ခြံဝင်းတစ်ခုကို သတိထားမိလာသောကြောင့် ဝိညာဉ်အသိများ ပို့လွှတ်လိုက်လေသည်။
***