အခန်း (၁၇၈၃-၁၇၈၅)
Vol. 119 Ch. 1783-1785
အခန်း(၁၇၈၃)
"ကောင်လေး သွားသေလိုက်စမ်း"
ယန်လဲ့ခုံးက သတ်ဖြတ်လိုသော စိတ်ဆန္ဒဖြင့် ကျန်းချန်ကို ဒေါသတကြီး စိုက်ကြည့်ကာ လက်သီးဖြင့် ထိုးချလိုက်သည်။
ကြောက်မက်ဖွယ် လက်သီးချက်ကြောင့် ပတ်ဝန်းကျင်နေရာလွတ်ပင် မီးပင်လယ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဟားဟား.. မင်းက ငါ့ကို သတ်ပစ်ဖို့ ထိုက်တန်မှုရှိလို့လား"
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး ရွှေရောင် လက်သီးချက်ဖြင့် ယန်လဲ့ခုံး၏ လက်သီးချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
သူ၏ရှေ့မှ ယန်လဲ့ခုံးသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အစောပိုင်း ကျင့်ကြံသူသာ ဖြစ်သည်။
သူက ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်တွင် ရှိနေစဥ်ကပင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အစောပိုင်းဖြစ်သည့် ယန်လဲ့ခုံးကို ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။
ထို့အပြင် ယခုလေးတင် သူသည် ကောင်းကင်နတ်ဘုရားပဉ္စမအဆင့်သို့ ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်သည်။
လက်သီးချက်နှစ်ခုက လေထုအလယ်တွင် ထိပ်တိုက်ဆုံမိသွားခဲ့သည်။
သူတို့နှစ်ယောက်ကို ဗဟိုပြု၍ မိုင်၁၀၀ ပတ်ဝန်းကျင်သည် ရွှေရောင်နှင့် အနီရောင် စွမ်းအင်များဖြင့် လွှမ်းခြုံသွားခဲ့၏။
ကြောက်မက်ဖွယ် လက်သီးချက်များ ထိပ်တိုက်ဆုံတွေ့မှုကြောင့် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံများ ထွက်ပေါ်လာခဲ့သည်။
ထိုသို့ ကျန်းချန်နှင့် ယန်လဲ့ခုံးတို့ တိုက်ခိုက်နေစဥ်မှာပင် ဟွမ်ဖူလင်းသည် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ချက်ချင်းဆိုသလို ဟွမ်ဖူစုန်နှင့် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်အကြီးအကဲ နှစ်ဦးကို ဦးဆောင်ကာ နန်လီမျိုးနွယ်စုမှ အကြီးအကဲနှစ်ဦး ဖြစ်သည့်ယန်ဟွမ်နှင့် ယန်ဖုံးကို သတ်ဖြတ်ရန် ပြင်လိုက်သည်။
"ဟွမ်ဖူလင်း.. မင်းတို့ ဟွမ်ဖူမျိုးနွယ်စုက ငါတို့ နန်လီမျိုးနွယ်စုရဲ့ ရန်သူအဖြစ် တကယ်ပဲ ရပ်တည်တော့မှလား"
ယန်ဖုံး၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး ဟွမ်ဖူလင်းကို လေသံမာမာဖြင့် အော်ဟစ်လိုက်သည်။
"မင်းအခု ရပ်လိုက်မယ်ဆိုရင် နောက်မကျသေးဘူး.. ဒီလိုမှမဟုတ်ရင်တော့ နန်လီမြို့တော်မှာ ဟွမ်ဖူအိမ်တော် အတွက် နေရာ မရှိစေရဘူးလို့ ငါအာမခံတယ်"
"ဟားဟား ယန်ဖုံး...မင်းငါ့ကို သောက်ရူးများထင်နေလား"
ဟွမ်ဖူလင်းက အေးစက်စက် ခနဲ့လိုက်သည်။
"ဒီနေ့ ငါမလှုပ်ရှားဘူးဆိုရင်တောင် မင်းတို့ နန်လီမျိုးနွယ်စုက ငါတို့ ဟွမ်ဖူမျိုးနွယ်စုကို လွှတ်ပေးမှာမို့လို့လား"
သူက အရှင်ဟော်ယွင်၏ အမွေအနှစ် အတွက် နန်လီမျိုးနွယ်စုနှင့် ယှဥ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်သည့် အချိန်မှစ၍ ဟွမ်ဖူလင်းသည် နန်လီမျိုးနွယ်စုနှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်ရတော့မည် ဖြစ်ကြောင်း ကောင်းစွာ သိခဲ့သည်။
ပြောနေစရာ မလိုလောက်အောင်ပင် နန်လီမျိုးနွယ်စု၏ သခင်လေးယန်ကျင်းသည် ဤနေရာတွင် ကျဆုံးသွားခဲ့၏။
သူတို့အနေဖြင့် တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့ခြင်း မရှိသည့်တိုင် နန်လီမျိုးနွယ်စုသည် သူတို့ ဟွမ်ဖူမျိုးနွယ်စုကို အဘယ်ကြောင့် အလွယ်တကူ လက်လွှတ်ပေးနိုင်ပါအံ့နည်း။
ယခုအခါတွင် ကိစ္စက ဤအခြေအနေအထိ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ယနေ့တွင် ကြီးမားသော အဖိုးအခတချို့ ပေးဆပ်ရလျှင်ပင် နန်လီမျိုးနွယ်စုမှ အကြီးအကဲနှစ်ဦးကို ကျိန်းသေ ရှင်းလင်းပစ်ရမည် ဖြစ်၏။
နန်လီနယ်မြေ၏ တစ်ခုတည်းသော နယ်မြေနတ်ဘုရားအင်အားစု ဖြစ်၍ နန်လီမျိုးနွယ်စုသည် အလွန်အမင်းအစွမ်းထက်သည်။
ဆိုရလျှင် နန်လီမျိုးနွယ်စုတွင် နယ်မြေနတ်ဘုရားတစ်ပါးအပြင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူခြောက်ဦး ရှိ၏။
ယနေ့တွင် ယန်ကျင်းသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ သုံးဦးကို ဟော်ယွင်တောင်တန်း ဆီသို့ ခေါ်ဆောင်လာခဲ့သည်။
ဤသုံးဦးကိုသာ ရှင်းလင်းနိုင်မည် ဆိုလျှင် သူတို့သည် နန်လီမျိုးနွယ်စု၏ ခွန်အားကို တစ်ဝက်တိတိ လျှော့ချနိုင်လိုက်သည်နှင့် ညီမျှသွားလိမ့်မည် မဟုတ်ပါလား။
နန်လီမျိုးနွယ်စု၏ နယ်မြေနတ်ဘုရားက နန်လီမျိုးနွယ်စုသို့ ပြန်မရောက်သရွေ့ နန်လီ မျိုးနွယ်စုသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ သုံးပါးဖြင့် သူတို့ ဟွမ်ဖူမျိုးနွယ်စုကို ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူမည် မဟုတ်ပေ။
ထို့ကြောင့် သူတို့အနေဖြင့် သူတို့ရှေ့မှ လူသုံးဦးကို နန်လီမျိုးနွယ်စုသို့ မည်သို့မှ ပြန်သွားခွင့်ပေး၍ မဖြစ်ချေ။
သို့မဟုတ်လျှင် နန်လီမျိုးနွယ်စု၏ ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့် ကျင့်ကြံသူခြောက်ဦး၏ စွမ်းအားကို ဟွမ်ဖူမျိုးနွယ်စုပင်လျှင် ခုခံနိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် သူတို့ရှေ့မှ သုံးဦးကို သတ်ဖြတ်ရန်မှာ ဟွမ်ဖူမျိုးနွယ်စု၏ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် တစ်ခုတည်းသောနည်းလမ်း ဆိုလည်းမမှားပေ။
"ငါတို့ အရေးနိမ့်ဖို့ အခွင့်အရေးများနေပြီ.. ငါသူတို့ကို တားဆီးထားမယ်.. မင်းက တောင်ဘက်က လီမိသားစုကို အမြန်ဆုံးသွားပြီး လီမိသားစုခေါင်းဆောင်ကို အကြောင်းကြားလိုက်ပါ"
ဟွမ်ဖူလင်းက သူတို့ကို ရှင်းလင်းပစ်ရန် ဆုံးဖြတ်ထားကြောင်း သိနှင့်နေသောကြောင့် ယန်ဟွမ်၏ အမူအရာက အလွန်တရာပင် လေးနက်နေခဲ့သည်။
"အစ်ကိုတော်.. ငါတို့နှစ်ယောက် ပူးပေါင်းနေသရွေ့ ဟွမ်ဖူလင်းတို့က ငါတို့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး"
ယန်ဖုံးက ယန်ဟွမ်၏ စကားကို ဂရုမစိုက်ခဲ့ပေ။
သူတို့နှစ်ဦး၏ ခွန်အားသည် ဟွမ်ဖူ မျိုးနွယ်စုမှ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကျင့်ကြံသူ နှစ်ဦးထက် မနိမ့်ကျချေ။
ဟွမ်ဖူမျိုးနွယ်စုဘက်တွင် ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားနှစ်ပါး ရှိသေးသော်လည်း ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော သူတို့အတွက် ခြိမ်းခြာက်နိုင်စွမ်း မရှိပေ။
"မင်း ပေါ့ဆမနေနဲ့.. ငါ့စကားကို နားထောင်ပြီး လီမိသားစုဆီ ချက်ချင်းသွားတော့"
ယန်ဟွမ်၏ အမူအရာက လေးနက်နေခဲ့ပြီး ယန်ဖုံးကို အော်ဟစ်လိုက်သည်။
ခွန်အားအရ သူတို့နှစ်ဦးသည် ဟွမ်ဖူလင်းတို့ နှစ်ဦးကို မရှုံးနိမ့်နိုင်ပေ။
သို့ရာတွင် ဟွမ်ဖူလင်းတို့ဘက်၌ ကျန်းချန်ကဲ့သို့ မယုံကြည်နိုင်စရာကောင်းသော ကျင့်ကြံသူတစ်ဦး ရှိနေခဲ့၏။
ထိုကောင်လေးသည် ဒဏ္ဍာရီလာ အနှိုင်းမဲ့နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး နတ်ဘုရားနယ်မြေ တစ်ခုလုံးကို ကြည့်လျှင်ပင် ထိုကောင်လေး၏ ပါရမီသည် ထိပ်တန်းအဆင့်တွင် ရှိ၏။
ထိုကောင်လေးသည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်တွင် ရှိနေစဥ်ကတည်းကပင် သူတို့၏ သခင်လေးကို ပြန်လည်၍ မတုံ့ပြန်နိုင်အောင် တိုက်ခိုက်နိုင်ခဲ့ပြီး တိုက်ခိုက်ရေးစွမ်းရည်သည်လည်း ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ထက် မနိမ့်ပေ။
ယခုအခါတွင် ထိုကောင်လေးသည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ကို အောင်မြင်စွာ ထိုးဖောက်သွားခဲ့ပြီ ဖြစ်ရာ တိုက်ခိုက်ရေးစွမ်းရည်က ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းလာမည်မှာ သေချာသလောက်ပင်။
သူ့အနေဖြင့် ကျန်းချန်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် အနိုင်ရရန် အခွင့်အရေး အနည်းငယ်မျှပင် မရှိပေ။
ယန်ဖုန်းသာ သူ့စကားကို နားမထောင်ဘဲ ဤနေရာတွင် ဆက်ရှိနေလျှင် မကြာမီအချိန်အတွင်း သုတ်သင်ခံရလိမ့်မည်ကို ယန်ဟွမ်က သိရှိနေခဲ့သည်။
"ယန်ဟွမ်.. မင်းတို့တွေ ဘယ်သူမှ ဒီကနေ ထွက်သွားလို့ရမှာမဟုတ်ဘူး"
ဟွမ်ဖူလင်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ချက်ချင်းဆိုသလိုပင် ကောင်းကင်နတ်ဘုရားကမ္ဘာကို ထုတ်ဖော်ကာ ယန်ဟွမ်ကို တိုက်ခိုက်လိုက်သည်။
ဟွမ်ဖူစုန့်ကလည်း ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် အကြီးအကဲနှစ်ပါးကို ဦးဆောင်ကာ သူ၏ခွန်အားကို အစွမ်းကုန်ထုတ်သုံး၍ ယန်ဖုန်းကို တိုက်ခိုက်လိုက်၏။
နန်လီမျိုးနွယ်စုမှ အကြီးအကဲဖြစ်သည့် ယန်ဟွမ်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်သို့ရောက်ရှိနေပြီဖြစ်ကာ သူ၏ခွန်အားသည် နန်လီမြို့တစ်ခုလုံးမှာပင် ထိပ်ဆုံးသုံးနေရာကို ဝင်ရောက်ရန် လုံလောက်သည်။
တခြားတစ်ဦး ဖြစ်သည့် ယန်ဖုံး၏ ကျင့်ကြံခြင်းအဆင့်ကမူ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် နှောင်းပိုင်းတွင်သာ ရှိ၍ ယန်ဟွမ်နှင့် နှိုင်းယှဥ်မည်ဆိုလျှင် အနည်းငယ် ပို၍ အားနည်းနေခဲ့၏။
ထို့ကြောင့် ဟွမ်ဖူလင်းသည် အင်အားပိုကြီးမားသည့် ယန်ဟွမ်ကို ထိန်းထားရန် ရည်ရွယ်ခဲ့ပြီး ဟွမ်ဖူစုန့်နှင့် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူနှစ်ဦးကို ယန်ဖုံးအား တိုက်ခိုက်စေခဲ့သည်။
"ဟမ့် ဟွမ်ဖူလင်း လေလုံးထွားလှချည်လား.. မင်းင့ါကို ဘယ်လိုသတ်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"
ယန်ဟွမ်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအားများသည် တစ်ခဏအတွင်း အဆုံးစွန်အထိ ပေါက်ကွဲထွက်လာခဲ့၏။
တစ်ဖက်မှ ယန်ဖုန်းသည်လည်း ဟွမ်ဖူစုန့်တို့ သုံးဦး၏ ဝိုင်းရံတိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့်တိုင် ကြောက်ရွံ့ခြင်းမရှိဘဲ အစွမ်းကုန် တိုက်ခိုက်နေခဲ့သည်။
တစ်ခဏအတွင်းမှာပင် မိုင်ထောင်ချီ ရှိသော လေထု တစ်ခုလုံးသည် တိုက်ပွဲစစ်မြေပြင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်အောက်တွင် ပတ်ဝန်းကျင်သည် ကမ္ဘာပျက်မလိုပင် ဖြစ်နေခဲ့၏။
ဤအချိန်တွင် မိုင်၁၀၀၀ အချင်းဝက်ရှိ သက်ရှိအားလုံးသည် လေထုထဲမှ ကြောက်မက်ဖွယ် အရှိန်အဝါ ဖိအားအောက်တွင် တုန်ယင်နေခဲ့သည်။
ဟွမ်ဖူလင်းတို့ လူစုက နန်လီမျိုးနွယ်စုမှ အကြီးအကဲများကို ရှင်းလင်းရန် အစွမ်းကုန် ကြိုးစားနေကြချိန်တွင် ကျန်းချန်နှင့် ယန်လဲ့ခုံးတို့၏ တိုက်ပွဲသည်လည်း ပြင်းထန်သော အခြေအနေအထိ ရောက်ရှိလာခဲ့သည်။
သူတို့နှစ်ဦးက ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အစွမ်းကုန်ထုတ်သုံးကာ အကြိတ်အနယ် ရင်ဆိုင်နေခဲ့ကြသည်။
အစပိုင်းတွင် ယန်လဲ့ခုံးသည် သာသယောင် ရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အောက်စည်းသို့ ရောက်ရှိလာခဲ့သည်။
အထူးသဖြင့် ကျန်းချန်၏ လက်သီးချက်နှင့် ထိပ်တိုက်ရင်ဆိုင်ရသောအခါတွင် သူ၏ခန္ဓာကိုယ်သည် တုန်ယင်လာခဲ့၏။
သိပ်မကြာခင်မှာပင် ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော လက်သီးချက်တစ်ချက်ကြောင့် ယန်လဲ့ခုံး၏ ခန္ဓာကိုယ်ထဲရှိ သွေးများက ဗြောင်းဆန်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း မီတာရာပေါင်းများစွာ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။
ယန်လဲ့ခုံးက သူ၏ ဟန်ချက်ပျက်နေသော ခန္ဓာကိုယ်ကို အတော်လေး ပြန်လည် ထိန်းချုပ်လိုက်ရသည်။
"ဒီကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနေရတာလဲ"
ယန်လဲ့ခုံး၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး ကျန်းချန်ကို ကြည့်နေသည့် သူ၏အကြည့်တွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ထိုကောင်လေးသည် ယခုမှသာ ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ကို ထိုးဖောက်ခဲ့ခြင်း ဖြစ်သော်လည်း ခန္ဓာကိုယ်ထဲရှိ ကမ္ဘာ့စွမ်းအားကမူ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ထက်ပင် ပို၍ သန်မာနေခဲ့၏။
ကျန်းချန်က ထူးခြားသော ကျင့်ကြံသူတစ်ယောက် ဖြစ်မှန်း ယန်လဲ့ခုံး သိထားသော်လည်း တိုက်ခိုက်ရေးစွမ်းရည်က ဤမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အခန်း(၁၇၈၃)ပြီး၏။
အခန်း(၁၇၈၄)
"ဒီအခြေအနေရောက်မှတော့ နောက်ဆုတ်လို့မဖြစ်တော့ဘူး"
ယန်လဲ့ခုံးက သူ၏စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်သည်။
ဤကောင်လေးသည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ကို ယခုလေးတင် ထိုးဖောက်ခဲ့သော်လည်း ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့် ကျင့်ကြံသူဖြစ်သည့် သူ့ကိုပင် ဖိနှိပ်နိုင်စွမ်း ရှိနေခဲ့၏။
ထိုမျှသာ မကသေးဘဲ ထိုကောင်လေးထံတွင် ကြောက်မက်ဖွယ်ရာကောင်းသော ပြန်လည် နာလန်ထူနိုင်စွမ်းလည်း ရှိနေပုံရ၏။
သူတို့က အစောပိုင်းတွင် တိုက်ကွက် ၁၀ကွက်ခန့် တိုက်ခိုက်ခဲ့ကြသည်။
ယင်းသို့ တိုက်ခိုက်မှုကြောင့် သူ၏ခန္ဓာကိုယ်မှ ခွန်အားက တစ်ဝက်နီးပါး ကုန်ဆုံးသွားခဲ့သော်လည်း ထိုကောင်လေးထံတွင် ခွန်အားကုန်ခမ်းသွားသည့် လက္ခဏာမျိုးကို မမြင်တွေ့ခဲ့ရပေ။
တိုက်ပွဲက အချိန်ကြာမြင့်လာသည်နှင့်အမျှ ကျန်းချန်၏လက်ထဲတွင် ကျဆုံးသွားမည်ကို စိုးရိမ်လာခဲ့ပြီး သူ၏ အစွမ်းအထက်ဆုံး တိုက်ကွက်ကို ထုတ်သုံးလိုက်ရန် ဆုံးဖြတ်ခဲ့သည်။
"မီးလျှံနယ်မြေတိုက်ကွက်"
ယန်လဲ့ခုံးက ကျယ်လောင်စွာ ကြုံးဝါးလိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကနေ တောက်ပသော အနီရောင်အလင်းများ ပေါက်ကွဲထွက်လာခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် မိုင်၁၀၀ အချင်းဝက်တွင်ရှိ နေရာလွတ်သည် ချက်ချင်းဆိုသလိုပင် မီးများဖြင့် တောက်လောင်နေသော နယ်မြေတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုနေရာတွင် မြက်ပင်မရှိဘဲ မြေကြီးသည်ပင် ခြောက်သွေ့ကာ အက်ကွဲကြောင်းများ ဖြစ်နေခဲ့၏။
ထိုမီးလျှံနယ်မြေ တစ်ခုလုံးကို ကြောက်မက်ဖွယ်မြင့်မားသော အပူချိန်က လွှမ်းမိုးထားခဲ့သည်။
သာမန် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူပင် မီးလျှံနယ်မြေ၏ ပတ်ဝန်းကျင်မှ အပူချိန်ကြောင့် အငွေ့ပျံသွားနိုင်ဖွယ် ရှိ၏။
"ကျန်းချန်.. ငါ့ရဲ့မီးလျှံနယ်မြေတိုက်ကွက်က ငါတို့နန်လီမျိုးနွယ်စုရဲ့ ထိပ်တန်း တိုက်ကွက်ပဲ.. ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား မဟုတ်ရင် ဒီတိုက်ကွက်ကို ကျင့်ကြံလို့မရဘူး.. ဒီမီးလျှံက အရာရာကို ပြာအဖြစ် ပြောင်းလဲပစ်နိုင်တယ်.. မင်းဘယ်လိုခုခံမလဲဆိုတာ ငါကြည့်ချင်သေးတယ်"
"ခုခံမယ် ဟုတ်လား.. ငါက ဘာလို့ ခုခံရမှာလဲ"
ကျန်းချန်က ဝင့်ကြွားစွာ ပြုံးလိုက်သည်။
ထို့နောက်တွင် သူ၏ မောက်မာသော အသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။
"မင်းက မင်းတို့ နန်လီမျိုးနွယ်စုရဲ့ အစွမ်းအထက်ဆုံး တိုက်ကွက်ကို ထုတ်ဖော်ရင်လည်း ဒီနေ့ ငါမင်းကို သတ်မှာကို တားဆီးနိုင်မှာ မဟုတ်ဘူး"
စကားဆုံးသည်နှင့် ကျန်းချန်က ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ထုတ်ဖော်လိုက်ရာ သူ၏ ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းများ ထွက်ပေါ်လာခဲ့ပြီး ဦးခေါင်းအထက်တွင် ဟင်းလင်းပြင် နဂါး ပုံရိပ်က ဖြစ်ပေါ်လာခဲ့သည်။
ဤသည်က သူ၏ သိုင်းစွမ်းအားပုံရိပ်ပင် ဖြစ်၏။
ကျန်းချန်က သိုင်းစွမ်းအားပုံရိပ်၏ အရာအားလုံးကို ဖိနှိပ်နိုင်သောစွမ်းအားဖြင့် မီးလျှံနယ်မြေကို ရင်ဆိုင်လိုက်သည်။
မီးလျှံနယ်မြေသည် ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော သိုင်းစွမ်းအား ပုံရိပ်အောက်တွင် အဆက်မပြတ် ပုံပျက်လာခဲ့ပြီး အချိန်မရွေး ပြိုကျတော့မည့်နှယ် ဖြစ်လာခဲ့သည်။
ယန်လဲ့ခုံးက မီးလျှံနယ်မြေကို တည်ငြိမ်အောင် ထိန်းချုပ်ရန်အတွက် သူ၏ အတွင်းအားများကို ဆက်တိုက်ဆိုသလို မီးလျှံနယ်မြေကို အားဖြည့်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။
"ဒီကောင်လေးက ဘယ်လိုနည်းစနစ်ကို ကျင့်ကြံလို့ ဒီလောက်အထိတောင် အားကောင်းနေရတာလဲ"
ယန်လဲ့ခုံးသည် စိတ်နှလုံးထဲကနေ အတော်လေး ထိတ်လန့်နေခဲ့သည်။
ကျန်းချန်က ယန်ကျင်း၏ နတ်ခန္ဓာပုံရိပ်ကို ဖိနှိပ်လိုက်စဥ်ကတည်းကပင် ကျန်းချန်၏ ကျင့်ကြံခြင်းနည်းစနစ်က မည်မျှ ထူးခြားမှန်း သူခံစားမိခဲ့သည်။
သို့သော်လည်း သူကိုယ်တိုင် လက်တွေ့ ရင်ဆိုင်သောအခါမှသာ ကျန်းချန်ကို အနည်းငယ် လျော့တွက်ခဲ့မိကြောင်း သူသဘောပေါက်လာခဲ့သည်။
သူက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ခွန်အားဖြင့် နန်လီမျိုးနွယ်စု၏ နယ်မြေနတ်ဘုရားအဆင့် ကိုယ်ခံပညာရပ် ဖြစ်သည့် မီးလျှံနယ်မြေတိုက်ကွက်ကို ထုတ်ဖော်ခဲ့သော်လည်း ယခုအခါတွင် ကျန်းချန်၏ သိုင်းစွမ်းအားပုံရိပ်ကြောင့် ပြိုကွဲလုနီးပါး ဖြစ်နေခဲ့၏။
"ကျန်းချန်.. မင်းရဲ့ ကျင့်ကြံခြင်းနည်းစနစ်က တကယ်ကို အားကောင်းသားပဲ.. ဒါပေမဲ့ ငါတို့ နန်လီမျိုးနွယ်စုရဲ့ ပြိုင်ဘက်ကင်းတိုက်ကွက်က ဒီလောက်အထိ လွယ်လွယ်ကူကူ ပျက်စီးမှာမဟုတ်ဘူး"
ယန်လဲ့ခုံးက ကျန်းချန်ကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။
"မင်းဘယ်လိုပဲ ရုန်းကန်နေပါစေ.. ဒီနေ့ မင်းသေရမှာ သေချာသလောက်ပဲ"
ထိုစကားကို ပြောပြီးနောက်တွင် ယန်လဲ့ခုံးက သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ မီးလျှံနယ်မြေ တစ်ခုလုံးသည် ချက်ချင်း ဆိုသလိုပင် မီးလျှံကမ္ဘာကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တစ်ခဏအတွင်းမှာပင် မီးလျှံကမ္ဘာ၏ အပူချိန်သည် အလွန်ကြောက်မက်ဖွယ်ရာကောင်းသော အခြေအနေအထိ ရောက်ရှိသွားခဲ့သည်။
သာမန် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူပင် မီးလျှံကမ္ဘာထဲတွင် ပိတ်မိသွားလျှင် ပြာပုံအဖြစ်သို့ ပြောင်းလဲသွားရန် ကြာမြင့်မည် မဟုတ်ပေ။
ကျန်းချန်၏ အံ့ချီးလောက်ဖွယ် နာလန်ထူနိုင်စွမ်းကြောင့် ယန်လဲ့ခုံးသည် ကျန်းချန်နှင့် အချိန်ဆွဲ၍ တိုက်ခိုက်ရန် အစီအစဥ်မရှိခဲ့ပေ။
သူက မီးလျှံနယ်မြေ၏ စွမ်းအားကို အဆုံးစွန်အထိ လှုံ့ဆော်ကာ ကျန်းချန်ကို ပြာအဖြစ် လောင်ကျွမ်းသွားစေလိုခဲ့၏။
ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများကိုကြည့်ရင်း ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့် ကောင်းကင်နတ်ဘုရား ကမ္ဘာကို တိုက်ရိုက်ပင် ဖော်ထုတ်လိုက်ကာ ပေရာပေါင်းများစွာနေရာလွတ်ကို လွှမ်းခြုံလိုက်သည်။
ထို့နောက် သူက ယန်လဲ့ခုံးကို ခပ်ယဲ့ယဲ့ပြုံးကာ ကြည့်လိုက်၏။
"ငါ့ရဲ့ သိုင်းစွမ်းအားပုံရိပ်ကို တားဆီးနိုင်တယ် ဆိုတော့ မင်းတို့ နန်လီမျိုးနွယ်စုရဲ့ နယ်မြေနတ်ဘုရားအဆင့် နည်းစနစ်က ဘယ်ဆိုးလို့လဲ.. ကောင်းပြီလေ.. သိုင်းစွမ်းအားပုံရိပ်တစ်ခုတည်းနဲ့ မချိုးဖျက်နိုင်မှတော့ သိုင်းစွမ်းအားပုံရိပ် နှစ်ခုကို အသုံးပြုပြီး ချိုးဖျက်ရတာပေါ့"
ကျန်းချန်၏ စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်၏ စွမ်းအားဖြစ်သော နဂါးဟိန်းသံသည် မီးလျှံကမ္ဘာကို သက်ရောက်စေခဲ့၏။
နဂါးဟိန်းသံကြောင့် ကောင်းကင်ယံက တုန်ခါသွားခဲ့ပြီး နေနှင့်လပင် ဗြောင်းဆန်သွားခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် မီးလျှံကမ္ဘာသည် ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ် စွမ်းအား၏ ရိုက်ခတ်မှုအောက်တွင် ပေါက်ကွဲထွက်သွားခဲ့၏။
သူ၏ ကျင့်ကြံခြင်းအဆင့် တိုးမြင့်လာတိုင်းတွင် သိုင်းစွမ်းအားပုံရိပ်၏ စွမ်းအားသည်လည်း ၂ဆ တိုးမြင့်လာမည် ဖြစ်သည်။
ယခု သူက ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ကို ထိုးဖောက်သွားခဲ့ပြီဖြစ်ရာ သူ၏ ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်၏ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ် စွမ်းအားသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိနေခဲ့ချေပြီ။
ယန်လဲ့ခုံးသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အစောပိုင်း ခွန်အားထက် မပိုပေ။
သူ၏ နယ်မြေနတ်ဘုရားအဆင့် လျှို့ဝှက်နည်းစနစ်က အတော်လေး ထူးခြားသော်လည်း ကျန်းချန်၏ နတ်ဘုရင်အဆင့်နည်းစနစ်ကို မည်ကဲ့သို့ ယှဥ်နိုင်ပါအံ့နည်း။
ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်က မီးလျှံကမ္ဘာကို ဖျက်ဆီးလိုက်ပြီးနောက်တွင် အရှိန်လျော့သွားခြင်း မရှိဘဲ ယန်လဲ့ခုံး၏ ဦးခေါင်းအထက်သို့ ချက်ချင်းဆိုသလို ကျရောက်သွားခဲ့သည်။
ယန်လဲ့ခုံးက တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ဒုတိယမြောက်သိုင်းစွမ်းအားပုံရိပ်ဖြင့် ထိမှန်ကာ ကောင်းကင်ယံကနေ လွင့်စင်သွားခဲ့ပြီး မီတာ၁၀၀၀ အကွာရှိ တောင်တစ်လုံးကိုပင် ဝင်ဆောင့်မိသွားခဲ့သည်။
"ဝုန်း.."
ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်စေသော ကျယ်လောင်သောအသံသည် မိုင်ထောင်ချီ ရှိသည့် လေဟာနယ် တစ်လျှောက် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။
ဟွမ်ဖူလင်းနှင့် အခြားသူများသည်ပင် အံ့အားသင့်သွားခဲ့ပြီး ကျယ်လောင်သောအသံ ထွက်ပေါ်လာသည့်နေရာကို မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
ယန်လဲ့ခုံး၏ ခန္ဓာကိုယ်ဖြင့် ဝင်ဆောင့်သွားမိသည့် တောင်၏ အခြေအနေကိုမြင်လျှင် သူတို့၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
ပေထောင်ပေါင်းများစွာ မြင့်မားသောတောင်သည် ဤအချိန်တွင် တစ်ဝက်ခန့် ပြတ်တောက်သွားခဲ့သည်။
ယန်လဲ့ခုံးက တောင်ဖြင့် ဝင်ဆောင့်မိပြီးနောက်တွင် မြေပြင်ထက်သို့ ပြုတ်ကျကာ အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့သည်။
သူ၏ တစ်ကိုယ်လုံးက သွေးများဖြင့် မြင်မကောင်းအောင် ဖြစ်နေခဲ့ပြီး အရှိန်အဝါကလည်း အလွန်တရာ အားနည်းနေခဲ့သည်။
အရိုးအားလုံးလည်း ကျိုးကြေနေခဲ့ကာ အတွင်းအင်္ဂါများသည်လည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိနေခဲ့၏။
"ညီနောင်ကျန်းချန်ရဲ့ လက်ရှိ တိုက်ခိုက်ရည်စွမ်းရည်က ငါ့ရဲ့အောက်မှာ လုံးဝမရှိတော့ဘူး"
ထိုမြင်ကွင်းကိုကြည့်ကာ ဟွမ်ဖူလင်းသည် စိတ်ထဲကနေ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
ယန်လဲ့ခုံးသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည့်အပြင် နန်လီမျိုးနွယ်စုမှ ဆင်းသက်လာသဖြင့် အခြားသော နယ်မြေနတ်ဘုရားများနှင့် ယှဥ်လျှင် နောက်ခံအင်အားသည် အားမနည်းပေ။
သူကိုယ်တိုင် လှုပ်ရှားလျှင်ပင် ကျန်းချန် ကဲ့သို့ ယန်လဲ့ခုံးကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။
ဟွမ်ဖူလင်းက ကျန်းချန်၏ အံ့သြဘနန်း စွမ်းရည်ကြောင့် မှင်တက်နေခဲ့သော်လည်း မျက်ဝန်းတွင်မူ ဝမ်းသာသောအရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။
ယခု ကျန်းချန်က ယန်လဲ့ခုံးကို အလွယ်တကူ ရှင်းလင်းပစ်နိုင်တော့မည် ဖြစ်ရာ သူတို့က နန်လီမျိုးနွယ်စုမှ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ သုံးဦးလုံးကို ရှင်းလင်းပစ်ရန် မျှော်လင့်နိုင်ပြီ မဟုတ်ပါလား။
ဤအချိန်တွင် ဆန့်ကျင်ဘက်ရှိ နန်လီမျိုးနွယ်စုမှ အကြီးအကဲနှစ်ဦး၏ ချက်ချင်းဆိုသလိုပင် ထိတ်လန့်သွားခဲ့ကြသည်။
ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်က အလွန်တရာကြောက်မက်ဖွယ်ရာကောင်းပြီး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ဖြစ်သည့် ယန်လဲ့ခုံးကို ဤမျှ တိုတောင်းသောအချိန်အတွင်း လုံးဝ ဖိနှိပ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြပေ။
"အဟွတ်.. အဟွတ်.."
သူတို့ရှေ့မှ မြင်ကွင်းကြောင့် လူတိုင်းက အံ့သြထိတ်လန့်နေစဥ်မှာပင် ယန်လဲ့ခုံးသည် ချောင်းတဟွတ်ဟွတ် ဆိုးကာ လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေသည့် ကျန်းချန်ကို မော့ကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏ ထိတ်လန့်တကြား ရေရွတ်လိုက်သောအသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
"ဒုတိယမြောက်သိုင်းစွမ်းအား ပုံရိပ်ပါလား.. မင်းက တကယ်ပဲ နတ်ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ကို ကျင့်ကြံထားတာပဲ.. မင်း.. မင်း ဘယ်သူလဲ"
အခန်း(၁၇၈၄)ပြီး၏။
အခန်း(၁၇၈၅)
ယန်လဲ့ခုံး၏ ထိတ်လန့်တကြား အော်ဟစ်သံကိုကြားလျှင် လူတိုင်း၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
"ကျန်းချန် ကျင့်ကြံထားတဲ့ နည်းစနစ်က နတ်ဘုရင်အဆင့်နည်းစနစ် ဖြစ်နေတယ်လား.. ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
နတ်ဘုရင်အဆင့် နည်းစနစ်သည် နတ်ဘုရားနယ်မြေမှာပင် အလွန်တရာ ရှားပါးသော နည်းစနစ်ဖြစ်သည်။
မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးမှာပင် တစ်ခုတည်းသော နတ်ဘုရင်အဆင့် အင်အားစုဖြစ်သည့် မဟာမြေရိုင်းနတ်ဂိုဏ်းမှလွဲ၍ အခြား မည်သည့်အင်အားစုတွင်မှ နတ်ဘုရင်အဆင့်နည်းစနစ်ကို ပိုင်ဆိုင်ထားခြင်း မရှိပေ။
နတ်ဘုရင်တစ်ပိုင်းအဆင့် နည်းစနစ် ဖြစ်နေလျှင်ပင် မဟာမြေရိုင်းနယ်မြေ၏ ထိပ်တန်း နယ်မြေနတ်ဘုရားအဆင့် အင်အားစု အနည်းငယ်သာလျှင် ပိုင်ဆိုင်ထားကြသည်။
သိုင်းစွမ်းအားပုံရိပ်နှစ်မျိုး ထုတ်ဖော်နိုင်ခြင်းသည် အနည်းဆုံး နတ်ဘုရင်တစ်ပိုင်းအဆင့်တွင် ရှိသော နည်းစနစ်ဖြစ်၏။
ကျန်းချန်သည် မဟာမြေရိုင်းနယ်မြေ၏ ထိပ်တန်းအင်အားစုတစ်ခုခုမှ ပါရမီရှင်တစ်ဦး ဖြစ်နိုင်ပါသလော။
ကျန်းချန်က ပြိုင်ဘက်ကင်း စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။
သူက စူးရှသော မျက်ဝန်းများဖြင့် ယန်လဲ့ခုံးကို စိုက်ကြည့်နေခဲ့၏။
သူက ယန်လဲ့ခုံးကို ပုရွက်ဆိတ်တစ်ကောင် ကဲ့သို့ အလေးမထားဟန်ဖြင့် ကြည့်နေခဲ့ခြင်း ဆိုလည်း မမှားပေ။
"ကျန်း. ကျန်းချန်.. မင်းငါ့ကို သတ်လို့မဖြစ်ဘူး.. ငါက နန်လီမျိုးနွယ်စုရဲ့ အကြီးအကဲပဲ.. ငါ့ကိုသတ်လိုက်တာနဲ့ နန်လီမျိုးနွယ်စုက မင်းကို လုံးဝ အလွှတ်ပေးမှာမဟုတ်ဘူး"
ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကိုကြည့်ကာ ယန်လဲ့ခုံး၏ မျက်နှာထက်တွင် ထိတ်လန့်သောအမူအရာများ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။
အစောပိုင်းတွင် သူက ကျန်းချန်၏ ဒုတိယမြောက်သိုင်းစွမ်းအား ပုံရိပ်အောက်တွင် ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့သည်။
ကျန်းချန်၏ ထပ်မံ တိုက်ခိုက်ခြင်းကိုသာ ခံရလျှင် သူက ယနေ့တွင် ဤနေရာ၌ အမှန်တကယ် ကျဆုံးသွားလိမ့်မည်ဖြစ်၏။
"မိတ်ဆွေလေး.. မင်း ငါတို့ကို ထွက်သွားခွင့်ပေးမယ်ဆိုရင် ငါတို့ နန်လီမျိုးနွယ်စုက အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်အတွက် လက်လျော့မယ်လို့ ကတိပေးတယ်.. အခုဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မင်းတို့ကိုလည်း အညှိုးထားနေမှာ မဟုတ်ဘူး.. လက်ရှိအချိန်မှာ မင်းတို့က အင်အားကောင်းတယ် ဆိုပေမဲ့လည်း ငါတို့ နန်လီမျိုးနွယ်စုက ဘယ်သူမဆို အနိုင်ကျင့်လို့ရတဲ့ အင်အားစုတစ်ခု မဟုတ်ဘူး.. မင်းငါတို့ကို လွှတ်ပေးမယ်ဆိုရင် မင်းအတွက် လျော်ကြေး ကြီးကြီးမားမား ပေးဆောင်ဖို့ ငါကတိပေးတယ်"
လေထုထဲတွင် ဟွမ်ဖူလင်းနှင့် ရင်ဆိုင်နေသော ယန်ဟွမ်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။
ဤတိုက်ပွဲတွင် သူတို့ဘက်မှ ယန်လီမျိုးနွယ်စု၏ သခင်လေးကို ဆုံးရှုံးခဲ့ရသည်။
ယခုအခါတွင် ယန်လဲ့ခုံးသည်လည်း ကျန်းချန်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီး အသက်အန္တရာယ် ရှိနေခဲ့၏။
ကျန်းချန်က ယန်လဲ့ခုံးကို သတ်ဖြတ်လိုက်သည်နှင့် သူတို့နှစ်ယောက်သည် ဤနေရာကနေ ထွက်ခွာရန် ခက်ခဲသွားလိမ့်မည်မဟုတ်ပါလော။
ပြောနေစရာ မလိုလောက်အောင်ပင် ကျန်းချန် ကျင့်ကြံခဲ့သည့်နည်းစနစ်သည် အနည်းဆုံး နတ်ဘုရင်တစ်ပိုင်းအဆင့်နည်းစနစ် ဖြစ်ရာ ထိုကောင်လေး၏ ဇစ်မြစ်သည် အလွန်အမင်း ထူးခြားသည်မှာ သေချာသလောက်ပင်။
သူတို့က နန်လီမျိုးနွယ်စုမှ ဖြစ်လျှင်ပင် ထိုကဲ့သို့သော သူများကို အလေးမထား၍ မဖြစ်ပေ။
ရွေးချယ်စရာ ရှိနေသရွေ့ သူတို့သည် ကျန်းချန်နှင့် ရန်သူ မဖြစ်ချင်ခဲ့ချေ။
မည်သို့ပင် ဖြစ်စေကာမူ ယန်ဟွမ်သည် ဤနေရာကနေ လွတ်မြောက်ရန် ပထမဆုံး ဦးစားပေးခဲ့ပြီး နန်လီမြို့သို့ပြန်ရောက်ပြီးမှသာလျှင် နောက်ထပ် အစီအစဥ်များကို ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။
"ညီနောင်ကျန်းချန်.. ဒီအဘိုးကြီးရဲ့စကားကို လုံးဝမယုံနဲ့"
ဟွမ်ဖူလင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။
"နန်လီမျိုးနွယ်စုရဲ့ နယ်မြေနတ်ဘုရားက နန်လီမျိုးနွယ်စုရဲ့သခင်လေး ယန်ကျင်းကို အရမ်းချစ်တယ်.. မင်းက ယန်ကျင်းကို သတ်ဖြတ်လိုက်မှတော့ နန်လီမျိုးနွယ်စုက မင်းကို အလျှော့ပေးဖို့ လုံးဝ မဖြစ်နိုင်ဘူး"
"ဟားဟား ခေါင်းဆောင်ဟွမ်ဖူ မစိုးရိမ်ပါနဲ့.. ကျားကိုတောထဲဆီ ပြန်လွှတ်ရင် ဖြစ်လာမဲ့ ဒုက္ခတွေကို ကျန်းချန် နားလည်ပါတယ်.. လူတွေက ငါ့ကို မစော်ကားသရွေ့ ငါက လူတွေကို မစော်ကားဘူး...ငါ့ကို စော်ကားရဲရင်တော့ အသတ်ခံရဖို့ ပြင်ဆင်ထားရလိမ့်မယ်.. မင်းတို့တွေ ဒီနေ့ ဒီနေရာကို ရောက်လာပြီ ဆိုမှတော့ မင်းတို့ရဲ့ အသက်ကို ထာဝရ ငါ့ဆီမှာ ချန်ထားဖို့သာ ပြင်ထားပေတော့"
ကျန်းချန်က ခပ်ထေ့ထေ့ ရယ်မောလိုက်ပြီး အောက်ဘက်ရှိ ယန်လဲ့ခုံး ဆီသို့ လက်ညှိုးမှ ဓားစွမ်းအားဖြင့် ပစ်ခတ်လိုက်သည်။
"ရွှစ်.."
ကြောက်မက်ဖွယ် ဓားစွမ်းအားက တစ်ခဏအတွင်းမှာပင် လေထုကို ထိုးဖောက်သွားခဲ့ပြီး ယန်လဲ့ခုံး၏ နဖူးကို ထိမှန်သွားခဲ့၏။
နောက်ထပ် တစ်ခဏမှာပင် ယန်လဲ့ခုံး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပေါက်ကွဲထွက်သွားခဲ့ပြီး သွေးမြူများ အဖြစ်သို့ ပြောင်းလဲကာ လေထုထဲတွင် ပျံ့နှံ့သွားခဲ့သည်။
"ကျန်း...ကျန်းချန်...မင်းတကယ်ပဲ ငါတို့နန်လီမျိုးနွယ်စုနဲ့ သူသေကိုယ်သေ တိုက်ခိုက်တော့မှာလား"
ကျန်းချန်က ယန်လဲ့ခုံးအား သတ်ပစ်လိုက်သည်ကို မြင်လျှင် ယန်ဟွမ်သည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်သွားခဲ့သည်။
"တိုက်ခိုက်တော့ရော မင်းဘာလုပ်ချင်လဲ"
ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရာ ဟွမ်ဖူလင်း၏ အနားသို့ ရောက်ရှိသွားခဲ့သည်။
"ဟားဟား ယန်ဟွမ်.. ဒီနေ့ဟော်ယွင်တောင်တန်းက မင်းရဲ့သင်္ချိုင်းမြေပဲ"
ဟွမ်ဖူလင်းက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ချက်ချင်းဆိုသလိုပင် ယန်ဟွမ်အား သတ်ဖြတ်ရန် ကျန်းချန်နှင့် ပူးပေါင်းလိုက်သည်။
ဟွမ်ဖူစုန့်နှင့် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် အကြီးအကဲနှစ်ပါးကမူ သူတို့၏ ခွန်အားကို အစွမ်းကုန် ထုတ်သုံးကာ ယန်ဖုန်းကို ဝိုင်းရံ တိုက်ခိုက်ခဲ့သည်။
ဤသို့ဖြင့် နှစ်ဖက်အင်အားစုကြားရှိ တိုက်ပွဲသည် ပြန်လည် ပေါ်ထွက်လာခဲ့၏။
သို့သော်လည်း ကျန်းချန်က ယန်ကျင်းနှင့် ယန်လဲ့ခုံးကို ဆက်တိုက်ဆိုသလို သတ်ဖြတ်လိုက်ပြီးနောက်တွင် နှစ်ဖက်ကြားရှိ အခြေအနေသည် လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့သည်။
မျိုးနွယ်စုခေါင်းဆောင် ဖြစ်သည့် ဟွမ်ဖူလင်း၏ ခွန်အားသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ်တွင်ရှိ၍ ယန်ဟွမ်နှင့် အတူတူနီးပါးပင် ဖြစ်၏။
ယခု ကျန်းချန်လို ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေးစွမ်းရည်ရှိသောသူကိုပါ ထပ်ပေါင်းလိုက်သောအခါ ယန်ဟွမ် အနေဖြင့် ခုခံရန်ပင် မဖြစ်နိုင်တော့ပေ။
သူတို့နှစ်ဦး၏ အစွမ်းကုန် ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ယန်ဟွမ်သည် ပြန်လည် တိုက်ခိုက်နိုင်စွမ်းပင် မရှိတော့ဘဲ အောက်စည်းသို့ ကျရောက်သွားခဲ့သည်။
ကျန်းချန်က ယန်ဟွမ်ကို အသက်ရှူဖို့ပင် အခွင့်အရေး လုံးဝမပေးခဲ့ပေ။
သူက ကောင်းကင်နတ်ဘုရားကမ္ဘာကို ထုတ်ဖော်ကာ ယန်ဟွမ်ကို ဖိနှိပ်လိုက်သည်။
ယခုအခါတွင် ကျန်းချန်သည် ကိုယ်ခံပညာလမ်းစဥ်ဥပဒေသ၈မျိုး၏ စွမ်းအားကို နားလည်ထားခဲ့သည်။
ထို၈မျိုးထဲတွင် ၅မျိုးသည် ကမ္ဘာ့စွမ်းအား အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်ရှိသည့် အချိန်စွမ်းအား၊ နေရာလွတ်စွမ်းအားနှင့် အသက်စွမ်းအား တို့၏ မူလစွမ်းအားသည်လည်း အလွန်တရာ အားမနည်းနေခဲ့ချေ။
အထူးသဖြင့် သူ၏ အသက်လမ်းစဥ် စွမ်းအားသည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေတွင် အသက်သစ်ကိုင်းကို ရရှိပြီးနောက်တွင် ဆက်တိုက်ဆိုသလို တိုးတက်လာခဲ့၏။
နှစ်ပေါင်းများစွာ ဆက်တိုက်ဆိုသလို တိုးတက်လာပြီးနောက်တွင် ကျန်းချန်၏ အသက်လမ်းစဥ် ဥပဒေသ မူလစွမ်းအားသည် ၉၀ ရာခိုင်နှုန်း နီးပါးကို ရောက်ရှိလာခဲ့ပြီး ဆဋ္ဌမမြောက် ပြီးပြည့်စုံသော ကိုယ်ခံပညာဥပဒေသ ဖြစ်ရန် မဝေးတော့ပေ။
ထို့ကြောင့် သူထုတ်ဖော်ထားသော ကောင်းကင်နတ်ဘုရားကမ္ဘာ၏ စွမ်းအားသည် ယန်ဟွမ်ကဲ့သို့ ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့် အထွတ်အထိပ်ထက်ပင် ပိုမို၍ အစွမ်းထက်နေခဲ့၏။
ကျန်းချန်၏ ကောင်းကင်နတ်ဘုရားကမ္ဘာက မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို ယန်ဟွမ် ခံစားမိသည်နှင့် ချက်ချင်းဆိုသလိုပင် ကောင်းကင်နတ်ဘုရား ကမ္ဘာကိုထုတ်ဖော်ကာ ကျန်းချန်၏ ကောင်းကင်နတ်ဘုရားကမ္ဘာနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။
တစ်ခဏအတွင်းမှာပင် နေရာလွတ်များက ပြိုကျသွားခဲ့ပြီး နေနှင့်လပင် ဗြောင်းဆန်သွားခဲ့သည်။
ကောင်းကင်နတ်ဘုရား ကမ္ဘာနှစ်ခုက တစ်ခဏတာ ထိပ်တိုက်ရင်ဆိုင်ပြီးနောက်တွင် ယန်ဟွမ်၏ ကောင်းကင်နတ်ဘုရားကမ္ဘာသည် ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့၏။
ယင်းနောက်တွင်မူ ယန်ဟွမ်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရကာ ခန္ဓာကိုယ် တစ်ခုလုံးက ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လွင့်စင်သွားခဲ့သည်။
ယန်ဟွမ်က သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို တည်ငြိမ်အောင် မထိန်းချုပ်နိုင်သေးခင်မှာပင် ဟွမ်ဖူလင်း ထုတ်ဖော်လိုက်သော ကောင်းကင်နတ်ဘုရားကမ္ဘာသည် သူ့ထံသို့ သက်ရောက်လာခဲ့ပြန်သည်။
ယန်ဟွမ်က တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ဟွမ်ဖူလင်းထုတ်ဖော်ထားသော ကောင်းကင်နတ်ဘုရားကမ္ဘာကနေ ထွက်ပေါ်လာသည့် ခရမ်းရောင် လျှပ်စီးမိုးကြိုးဓား၏ လက်ချက်ဖြင့် ခန္ဓာကိုယ် တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့သည်။
ကျန်းချန်နှင့် ဟွမ်ဖူလင်း တို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် နန်လီ မျိုးနွယ်စု၏ အကြီးအကဲနှစ်ဦးထဲမှ တစ်ဦး ဖြစ်သော ယန်ဟွမ်သည် တစ်ခဏအတွင်းမှာပင် လုံးဝ သုတ်သင်ခံလိုက်ရ၏။
"အစ်ကိုတော်"
အခြားတစ်ဖက်မှ ယန်ဖုန်းက ယန်ဟွမ် ကျဆုံးသွားသည်ကိုမြင်လျှင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သို့သော်လည်း ဟွမ်ဖူစုန့်တို့ သုံးဦး၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ယန်ဖုန်းသည်လည်း သူ့ကိုယ်သူပင် အနိုင်နိုင် ကာကွယ်နေရပြီး ခုခံရန်ပင် အင်အား မရှိတော့ပေ။
"မင်းတို့တွေ စောင့်နေလိုက်.. ငါတို့ နန်လီမျိုးနွယ်စုက မင်းတို့ကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"
ယန်ဖုန်း၏အကြည့်က ခက်ထန်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ်ထဲမှ ကမ္ဘာ့စွမ်းအား ခြောက်မျိုးကို ဗြောင်းဆန်အောင် လှုံ့ဆော်လိုက်ကာ သူ၏စွမ်းအားကို အလွန် ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်အထိ မြှင့်တင်လိုက်၏။
ထို့နောက်တွင် သူက ဟွမ်ဖူစုန့်တို့ သုံးဦး၏ တိုက်ခိုက်မှုကို လျစ်လျူရှုကာ ကျန်းချန်ဆီသို့ အလျင်အမြန်ပင် ပြေးဝင်သွားခဲ့သည်။
ယနေ့တွင် ယန်ကျင်းက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် သုံးပါးကို ဤနေရာသို့ ခေါ်လာခဲ့သော်လည်း ယခုအခါတွင် သူတစ်ဦးတည်းသာ ကျန်ရှိတော့သည်။
ယန်ဖုန်းသည် ဟော်ယွင်တောင်တန်းကနေ သူတစ်ဦးတည်း အသက်ရှင်လျက် ထွက်ခွာရန် မဖြစ်နိုင်ကြောင်း ကောင်းစွာ သိရှိထားခဲ့၏။
ထို့ကြောင့် ယန်ဖုန်းက သူ၏ ခန္ဓာကိုယ်ကို အသေခံဖောက်ခွဲကာ ကျန်းချန်နှင့် ဟွမ်ဖူလင်း တို့ကို သတ်ဖြတ်၍ ကြီးလေးသော အဖိုးအခကို ပေးဆောင်စေမည်ဟု ဆုံးဖြတ်ထားခဲ့သည်။
အခန်း(၁၇၈၅)ပြီး၏။