အခန်း (၁၇၇၁-၁၇၇၃)
Vol. 119 Ch. 1771-1773
အဆတစ်ရာစနစ် စာစဥ်(၁၁၉)
အခန်း(၁၇၇၁)
"လေလံဝင်ဆွဲတဲ့သူက နန်လီမြို့ရဲ့ အင်အားစုကြီး သုံးစုထဲက တစ်ဦးဦး ဖြစ်နိုင်တယ်လို့ သခင်လေး ဆိုလိုချင်တာလား"
ယန်လဲ့ခုံးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"အင်အားစုကြီး သုံးစုထဲမှာ ဖန့်မိသားစု ခေါင်းဆောင်က ပေါ်လာပြီးပြီ.. နောက်ထပ် အထူးနှစ်ခန်းကနေလည်း ကျန်အင်အားစုကြီး နှစ်စုရဲ့ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အရှိန်အဝါကို ခံစားမိတယ်.. ဒါကြောင့် ဒီအခန်းထဲက ကောင်းကင်နတ်ဘုရားစတုတ္ထအဆင့် အရှိန်အဝါပိုင်ရှင်က အင်အားစုကြီးသုံးစုထဲကလူ ဘယ်လိုမှ မဖြစ်နိုင်ဘူးထင်တယ်.. အဆင့်မြင့်နတ်ခရစ္စတယ် ၉၀၀၀၀က အဆင့်နိမ့် နတ်ခရစ္စတယ် သန်း၉၀၀နဲ့ ညီမျှတယ်.. နန်လီတစ်မြို့လုံးမှာ ငါတို့နန်လီမျိုးနွယ်စုကပဲ ဒီပမာဏကို တတ်နိုင်တယ်.. ဒါကြောင့် လေလံဆွဲတဲ့သူက နန်လီမြို့ရဲ့ အပြင်ဘက်ကနေ ရောက်လာတဲ့ အင်အားကြီးမားတဲ့ ကျင့်ကြံသူ တစ်ဦးဦး ဖြစ်နိုင်တယ်.. ဒါပေမဲ့လည်း ဒီဖြစ်နိုင်ခြေက သိပ်တော့ မမြင့်မားဘူး"
ယန်ကျင်း၏ မျက်ဝန်းများတွင် ထက်ရှသော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ပြောလို့မရဘူး.. အဲဒီအခန်းထဲကလူက ငါတို့ရဲ့ အမြင်ကို လှည့်စားဖို့ အရှိန်အဝါကို ဖုံးဖိထားတာလည်း ဖြစ်နိုင်တယ်"
"ဟမ့်.. အင်အားစုကြီးသုံးစုရဲ့ လူတွေက တဖြည်းဖြည်းအတင့်ရဲလာကြပြီ.. သူတို့က ငါတို့ နန်လီမျိုးနွယ်စုရဲ့ ခေါင်းပေါ်မှာတောင် ကစားရဲတယ်"
ယန်လဲ့ခုံးက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ဒါဆို လေလံဝင်ဆွဲတဲ့သူက ဘယ်အင်အားစုကလို့ သခင်လေးထင်လဲ"
"ဒီအင်အားစုကြီး သုံးစုထဲက ဘယ်သူမဆို ဖြစ်နိုင်တယ်.. အင်အားစုကြီး သုံးစုရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်ပါ.. သူတို့သာ ရေခဲတာအိုသစ်သီးကို ရရှိခဲ့တယ်ဆိုရင် သိပ်မကြာခင်မှာ ကောင်းကင်ကပ်ဘေးကို လှုံ့ဆော်ပြီး ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်မဲ့ ကျင့်ကြံသူတစ်ဦးက သူတို့ရဲ့ မိသားစုထဲမှာ သေချာပေါက် ထွက်ပေါ်လာမှာပဲ...ဒါ့အပြင် ပြင်ပနယ်မြေကနေ နန်လီမြို့တော်ကို ရောက်ရှိလာတဲ့ အင်အားကြီးမားတဲ့ ကျင့်ကြံသူ ရှိမရှိ ဆိုတာနဲ့ ပတ်သက်ပြီးလည်း စုံစမ်းထားလိုက်ပါ"
ထိုစကားကို ပြောနေစဥ်တွင် ယန်ကျင်း၏ ခန္ဓာကိုယ်တစ်ခုလုံး၌ ချက်ချင်းဆိုသလို သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ဖြစ်ပေါ်လာခဲ့သည်။
လေလံခန်းမတွင် သူက ကိုယ်ပိုင် အထောက်အထားကို ထုတ်ဖော်ခဲ့သော်လည်း တစ်ဖက်လူက သူ့ကို မျက်နှာသာမပေးဘဲ ရေခဲတာအိုသစ်သီးကို ယူသွားခဲ့သည် ဖြစ်ရာ ယန်ကျင်းအနေဖြင့် မည်ကဲ့သို့ စိတ်မဆိုးဘဲ နေနိုင်ပါမည်နည်း။
ယန်ကျင်းက ထိုလူကို ရှာတွေ့သည်နှင့် သူ့ကို ဆန့်ကျင်သည်က မည်မျှဆိုးရွားမှန်း သိစေလိမ့်မည် ဖြစ်၏။
လေလံပွဲ၏ အဆုံးသတ်တွင် ကျန်းချန်သည် တိုက်ရိုက် ထွက်ပေါ်မလာခဲ့ပေ။
သူက ရေခဲတာအိုသစ်သီးကို ဒုတိယထပ်ရှိ အထူးအခန်းထဲသို့ တိုက်ရိုက်ပင် ပို့ဆောင်ခိုင်းခဲ့ပြီး အဆင့်နိမ့် နတ်ခရစ္စတယ် သန်း၉၀၀ကို ပေးချေခဲ့ကာ အထူးဧည့်ခန်း၏ နောက်တံခါးကနေ သူနေထိုင်ရာ အခန်းသို့ ပြန်သွားခဲ့သည်။
သူ၏အခန်းသို့ ပြန်ရောက်ပြီးနောက်တွင် ကျန်းချန်သည် မဆိုင်းမတွပင် သူ၏ခွန်အားကို မြှင့်တင်ရန် အတွက် ရေခဲတာအိုသစ်သီးကို မျိုချရန် အသင့်ပြင်လိုက်သည်။
"ဒီရေခဲတာအိုသစ်သီးက ကောင်းကင်နဲ့မြေကြီးရဲ့ အစစ်အမှန်ရတနာတစ်ပါး ဆိုတော့ ရေခဲလမ်းစဥ် ဥပဒေသရဲ့ စွမ်းအားကို အလျင်အမြန် စုစည်းနိုင်မှာပဲ.. ငါ့မှာက အဆ ၁၀၀ စနစ်ရှိနေတော့ တစ်ခဏအတွင်းမှာ ပြီးပြည့်စုံတဲ့ အခြေအနေအထိ ရောက်သွားလိမ့်မယ် ထင်တယ်"
သူ၏ လက်ဖဝါးအထက်ရှိ ကြည်လင်တောက်ပသော သစ်သီးကို ကြည့်ရင်း ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူက အနည်းငယ်မျှပင် တုံ့ဆိုင်းမှု မရှိတော့ဘဲ ရေခဲတာအိုသစ်သီးကို သူ၏ပါးစပ်ထဲသို့ လျင်မြန်စွာ ထည့်လိုက်သည်။
ရေခဲတာအိုသစ်သီးက ပါးစပ်ထဲတွင် အရည်ပျော်သွားပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် ခမ်းနားထည်ဝါသည့် အေးမြသော စွမ်းအင်အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။
ယင်းနောက်တွင် စနစ်ထံမှ သတိပေးချက်သုံးခုသည် ကျန်းချန်၏ စိတ်ထဲတွင် ချက်ချင်းဆိုသလို ပေါ်ထွက်လာခဲ့သည်။
"ဒင်.. သင်က ကောင်းကင်နဲ့မြေကြီးရဲ့ စစ်မှန်တဲ့ ရတနာတစ်ပါးဖြစ်တဲ့ ရေခဲတာအိုသစ်သီးကို မျိုချပြီး အဆ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင့်ရဲ့ ရေခဲလမ်းစဥ်ဥပဒေသ အပေါ် နားလည်သဘောပေါက်မှုက များစွာတိုးတက်လာခဲ့ပါပြီ"
"ဒင်.. သင်က ရေခဲလမ်းစဥ် ဥပဒေသရဲ့ မူလစွမ်းအားကို နားလည်သဘောပေါက်သွားပါပြီ"
"ဒင်.. ရေခဲလမ်းစဥ်ဥပဒေသရဲ့ မူလစွမ်းအားကို ပြီးပြည့်စုံတဲ့အခြေအနေအထိ နားလည်သွားခဲ့ပါပြီ"
သူ့စိတ်ထဲမှ စနစ်၏ သတိပေးချက်များကို ကြားလျှင် ကျန်းချန်၏ မျက်နှာထက်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ရေခဲတာအိုသစ်သီးသည် ကမ္ဘာပေါ်တွင် ရှားပါးသော ကောင်းကင်နှင့်မြေကြီး၏ စစ်မှန်သော ရတနာတစ်ပါး ဖြစ်သည်မှာ အမှန်တရားပင်။
၎င်းက သူ့ကို ရေခဲလမ်းစဥ်ဥပဒေသ၏ ပြီးပြည့်စုံသော အခြေအနေအထိ ချက်ချင်းဆိုသလို ရောက်ရှိစေခဲ့သည်။
ထို့အပြင် ရေခဲတာအိုသစ်သီးသည် သူ၏ ရေခဲလမ်းစဥ်ဥပဒေသကို ပြီးပြည့်စုံသော အခြေအနေအထိ ရောက်ရှိစေခဲ့သည့်တိုင် ရေခဲတာအိုသစ်သီး၏ စွမ်းအားကို အပြည့်အဝ မစုပ်ယူရသေးကြောင်း သူရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။
ဤအချိန်တွင် ကျန်းချန်သည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ကို ထိုးဖောက်ရန်အတွက် ရေခဲကမ္ဘာ၏ စွမ်းအားကို တိုက်ရိုက် စုစည်းခဲ့လျှင် သူ၏ ရေခဲကမ္ဘာစွမ်းအားသည် အလယ်အလတ် အဆင့်ကို ကျော်လွန်ကာ အဆင့်မြင့် သို့မဟုတ် အထွတ်အထိပ် အဆင့်သို့ပင် ထိုးဖောက်နိုင်လိမ့်မည် ဖြစ်၏။
သို့သော်လည်း ကျန်းချန်သည် အဆင့်ထိုးဖောက်ရန် အတွက် မရွေးချယ်ခဲ့ပေ။
သူက ယခုအခါတွင် ထျန်းကျီမျှော်စင်၌ ရှိနေခဲ့သည်။
ထျန်းကျီမျှော်စင်၏ ပိုင်နက်တွင် ကောင်းကင်နတ်ဘုရား ကပ်ဘေးကို လှုံ့ဆော်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ၊။
ထို့အပြင် ကျန်းချန်၏ အဆင့်ထိုးဖောက်မှုတွင် ဖြစ်ပေါ်လာသော ကောင်းကင်နတ်ဘုရား ကပ်ဘေးသည် ကျန်းချန် ပိုင်ဆိုင်ထားသော အကြီးမားဆုံး ဝှက်ဖဲများထဲမှ တစ်ခုလည်းဖြစ်သည်။
သူက ရေခဲတာအိုသစ်သီး အတွက် နန်လီမျိုးနွယ်စုကို အပြစ်ပြုမိခဲ့သည်။
လေလံပွဲကျင်းပစဥ်က အထူးအခန်းထဲတွင် ရှိနေခဲ့၍ နန်လီမျိုးနွယ်စုမှ လူများသည် သူ၏ အထောက်အထားကို ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ပေ။
သို့သော်လည်း နန်လီမျိုးနွယ်စုသည် နန်လီမြို့ကို စိုးမိုးထားသည့် နယ်မြေနတ်ဘုရား အင်အားစု ဖြစ်ရာ သဲလွန်စများမှတစ်ဆင့် သူ့ကို ရှာဖွေတွေ့ရှိရန်မှာ မဖြစ်နိုင်ဟု ဆို၍မရပေ။
ထို့ကြောင့် သူ၏ ဘေးကင်းရေးအတွက် ကျန်းချန်သည် ကောင်းကင်နတ်ဘုရား ကပ်ဘေးကို ဖြုန်းတီးရန် အစီအစဥ် မရှိချေ။
အကယ်၍ ဤကိစ္စကို နန်လီမျိုးနွယ်စုက အမှန်တကယ် သတိပြုမိခဲ့လျှင် သူသည် သေရေးရှင်ရေး အချိန်တွင် သန်မာသော နန်လီမျိုးနွယ်စုဝင်များကို ကိုင်တွယ်ဖြေရှင်းရန် အတွက် ကောင်းကင်နတ်ဘုရား ကပ်ဘေးကို အသုံးချနိုင်သည် မဟုတ်ပါလော။
ဤကိစ္စမတိုင်ခင်က သူသည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကပ်ဘေးကို လှုံ့ဆော်ကာ ကွေကျုံဂိုဏ်းမှ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူကို အပြင်းအထန် ထိခိုက်ဒဏ်ရာရစေခဲ့သည်။
ထို့ကြောင့် ပဉ္စမအဆင့် ကောင်းကင်ကပ်ဘေးကို လှုံ့ဆော်ခဲ့လျှင် နန်လီမျိုးနွယ်စုမှ နယ်မြေနတ်ဘုရားကိုပင် ပြဿနာအချို့ ဖြစ်စေနိုင်မည်ဟု သူထင်ခဲ့သည်။
ရေခဲတာအိုသစ်သီးကို မျိုချပြီးနောက်တွင် ကျန်းချန်သည် အပြင်သို့ မထွက်ခဲ့ပေ။
သူက ထျန်းကျီမျှော်စင်တွင်သာ ဆက်လက် ကျင့်ကြံနေခဲ့ပြီး ထျန်းကျီမျှော်စင်မှ အကြီးအကဲဖြစ်သည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုထံမှ သတင်းကို စောင့်ဆိုင်းနေခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက်တွင် ထျန်းကျီမျှော်စင်သည် အစေခံမိန်းကလေး တစ်ဦးကိုစေလွှတ်ကာ ကျန်းချန်အား လာရောက် ခေါ်ဆောင်ခဲ့သည်။
"နောက်ဆုံးတော့ သတင်းရ့ပြီ"
ကျန်းချန်က စိတ်လှုပ်ရှားစွာဖြင့် အစေခံမိန်းကလေး၏ ဦးဆောင်မှုအောက်တွင် တိတ်ဆိတ်သော အခန်းတစ်ခန်း ထဲသို့ ရောက်ရှိလာခဲ့သည်။
အခန်းထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ကျန်းချန်သည် ထျန်းကျီမျှော်စင်မှ အနက်ရောင်ဝတ်စုံဝတ် အကြီးအကဲက သူ့ကို ထိုင်ခုံတွင် ထိုင်ကာ စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၏။
"မိတ်ဆွေလေးကျန်းချန် မင်းရောက်လာပြီပေါ့"
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ကျန်းချန်ကို ပြုံး၍ ပြောလိုက်သည်။
"မိတ်ဆွေလေး ကျန်းချန်က ဒီရက်ပိုင်းမှာ အတော်လေးတိုးတက်လာတာပဲ.. သိပ်မကြာခင်မှာ ကောင်းကင်နတ်ဘုရားပဉ္စမအဆင့်ကို ထိုးဖောက်နိုင်တော့မယ် ထင်တယ်"
"ဒါက အကြီးအကဲတို့ ထျန်းကျီမျှော်စင်ရဲ့ လေလံပွဲက ရေခဲတာအိုသစ်သီးရဲ့ကျေးဇူးကြောင့်ပါ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"အကြီးအကဲတို့ ထျန်းကျီမျှော်စင်က ကျွန်တော့်ရဲ့ သတင်းကို နန်လီမျိုးနွယ်စုဆီ မပေါက်ကြားစေဘူးဆိုတာ သေချာပါတယ်နော်"
သူ၏ရှေ့မှ အကြီးအကဲက ရေခဲတာအိုသစ်သီးကို သူလေလံဆွဲခဲ့သည်အား သိရှိနေသဖြင့် ထျန်းကျီမျှော်စင်တွင် ရာထူးမနိမ့်သည်မှာ ထင်ရှားသည်။
"ထျန်းကျီမျှော်စင်က သတင်းအချက်အလက်တွေကို အရောင်းအဝယ်လုပ်တယ် ဆိုပေမဲ့ ဖောက်သည်တွေရဲ့ အချက်အလက်တွေကိုတော့ ဘယ်တော့မှ ထုတ်ဖော်ခြင်း မပြုပါဘူး.. ဒါကြောင့် မိတ်ဆွေလေး ကျန်းချန်အနေနဲ့ ဒီကိစ္စကို စိတ်ချထားလို့ ရပါတယ်.. ဒါ့အပြင် မိတ်ဆွေလေးကျန်းချန် ထျန်းကျီ အဆောက်အအုံမှာ ရှိနေသရွေ့ လေလံဆွဲတဲ့သူက မိတ်ဆွေလေးကျန်းချန်မှန်း နန်လီမျိုးနွယ်စုက သိသွားခဲ့ရင်တောင် မိတ်ဆွေလေးရဲ့ ဆံချည်တစ်မျှင်ကို ထိရဲမှာမဟုတ်ဘူး"
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ထျန်းကျီမျှော်စင်၏ ခွန်အားသည် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်း၍ မရပေ။
မဟာမြေရိုင်းနယ်မြေရှိ နယ်မြေနတ်ဘုရား အင်အားစု အားလုံးထက်ပင် သာလွန်၏။
မဟာမြေရိုင်းနယ်မြေ၏ တစ်ခုတည်းသော နတ်ဘုရင်အဆင့် အင်အားစုဖြစ်သော မဟာမြေရိုင်းနတ်ဂိုဏ်း ပင်လျှင် ထျန်းကျီမျှော်စင်ကို မျက်နှာသာ ပေးရ၏။
ထို့ကြောင့် နန်းလီမျိုးနွယ်စု အနေဖြင့် ထျန်းကျီမျှော်စင်ကို ပြဿနာရှာရန် အရည်အချင်းမရှိပေ။
ကျန်းချန်က ထိုကိစ္စကို စိတ်မဝင်စားတော့ဘဲ တိုက်ရိုက်ပင်ပြောလိုက်သည်။
"အကြီးအကဲ.. ဒီနေ့ကျွန်တော့်ကို ခေါ်တာ ဘာသတင်းထူးများရရှိလို့လဲ"
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"မိတ်ဆွေလေးကျန်းချန်.. ငါတို့ ထျန်းကျီမျှော်စင်ကို ရှာခိုင်းထားတဲ့ လူလေးယောက်ထဲက ကျီဝူရွှယ်ရဲ့ သတင်းကိုတော့ ရရှိခဲ့ပြီ.. ကျန်သုံးယောက်ကတော့ မဟာမြေရိုင်းနယ်မြေမှာ ရှိမနေဘူး"
"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျန်းချန်က အနည်းငယ် အံ့သြထိတ်လန့်သွားခဲ့သည်။
သူ၏မျက်ဝန်းထဲတွင် ချက်ချင်းဆိုသလို မယုံကြည်နိုင်သော အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူက အသက်ကို ခပ်ပြင်းပြင်းရှူသွင်းကာ အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုကို အလေးအနက် ပြောလိုက်သည်။
"အကြီးအကဲ.. ကျန်တဲ့သုံးယောက်က မဟာမြေရိုင်းနယ်မြေမှာ မရှိဘူးဆိုတာ တကယ်ပဲ သေချာရဲ့လား"
အခန်း(၁၇၇၁)ပြီး၏။
အခန်း(၁၇၇၂)
ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ် ယူဆောင်လာသော အချက်အလက်များကြောင့် အံ့အားသင့်နေခဲ့သည်။
သူ၏ဖခင် ကျန်းဝူရသည် ရွှယ်ကျုံးထျန်းနှင့် အတူ နတ်ဘုရားနယ်မြေသို့ တက်လာခဲ့သောကြောင့် မတော်တဆမှုများ မရှိသရွေ့ မဟာမြေရိုင်းနယ်မြေတွင် ထွက်ပေါ်လာသင့်သည် မဟုတ်ပါလော။
သူ့အမေ ကျီဝူရွှယ်တို့ သုံးဦးသည်လည်း နတ်ဘုရားနယ်မြေသို့ ရောက်လာခဲ့မည်ဆိုလျှင် အတူတကွ ရောက်လာဖို့သာ ဖြစ်နိုင်ခြေများ၏။
ယခု သူ၏မိခင် ကျီဝူရွှယ် မဟာမြေရိုင်းနယ်မြေတွင် ပေါ်လာခဲ့သည်ဖြစ်ရာ မုန့်ချင်းရွှယ်နှင့် ကူဖုန်းအာတို့၏ သတင်းများသည် အဘယ်ကြောင့် ပျောက်ဆုံးနေရပါသနည်း။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ပြုံး၍ ပြောလိုက်သည်။
"မိတ်ဆွေလေးကျန်းချန် စိတ်မပူပါနဲ့.. ငါတို့ ထျန်းကျီမျှော်စင်ရဲ့ သတင်းက အမှားအယွင်းရှိမှာ မဟုတ်ဘူး"
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအို၏ စကားကိုကြားလျှင် ကျန်းချန်၏ အမူအရာသည် အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
ထျန်းကျီမျှော်စင်၏ အချက်အလက်များသာ မှန်ကန်ခဲ့သည်ဆိုလျှင် ဤကိစ္စသည် အနည်းငယ် ရှုပ်ထွေးသွားပြီ ဖြစ်၏။
သူ၏ဖခင် ကျန်းဝူရဖြစ်စေ ၊မုန့်ချင်းရွှယ်နှင့် ကူဖုန်းအားတို့ဖြစ်စေ ဤမျှ တိုတောင်းသော အချိန်အတွင်း ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်လိမ့်မည် မဟုတ်ဟု သူခန့်မှန်းခဲ့သည်။
တစ်နည်းအားဖြင့် သူ၏ ဖခင်ကျန်းဝူရသည် မဟာမြေရိုင်းနယ်မြေကို စွန့်ခွာ၍ ထာဝရဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ အခြား နယ်မြေများသို့ သွားရောက်ရန် စွမ်းရည်မရှိပေ။
ယခု ထိုသုံးဦးလုံးက မဟာမြေရိုင်းနယ်မြေတွင် ရှိမနေတော့သည်ဖြစ်ရာ အခြားနယ်မြေများမှ လူများက ခေါ်ဆောင်သွားခြင်း ဖြစ်လောက်၏။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက်တွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
"အကြီးအကဲ.. ကျီဝူရွှယ်နဲ့ ပတ်သက်တဲ့သတင်း အချက်အလက်ကို ကျွန်တော့်ကို ပြောပြပေးပါ"
ထျန်းကျီမျှော်စင်က သူ၏မိခင် ကျီဝူရွှယ်၏ သတင်းကို ရရှိထားသောကြောင့် ကျန်းချန်သည် သူ၏မိခင်ကို အရင် ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။
သူ၏ မိခင်ကို ရှာတွေ့လျှင် မုန့်ချင်းရွှယ်နှင့် ကူဖုန်းအာတို့ မည်သည့် နေရာတွင် ရှိနေသည်ကိုပါ သိကောင်း သိနိုင်လိမ့်မည် မဟုတ်ပါလား။
အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုက ပြုံး၍ ပြောလိုက်သည်။
"ကျီဝူရွှယ်ရဲ့သတင်းအတွက် အဆင့်နိမ့် နတ်ခရစ္စတယ် ၁၀သန်း ကျသင့်ပါတယ်"
ကျန်းချန်က တွေဝေမနေဘဲ အဆင့်နိမ့် နတ်ခရစ္စတယ် ၁၀သန်းကို အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုထံ မဆိုင်းမတွ ပေးလိုက်သည်။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက နတ်ခရစ္စတယ်ကို သိမ်းယူပြီးနောက်တွင် အပိုစကားများ ပြောမနေတော့ဘဲ တိုက်ရိုက်ပင် ပြောပြလိုက်သည်။
"ကျီဝူရွှယ်က ဟန်ယွဲ့နယ်မြေက နယ်မြေနတ်ဘုရား အင်အားစုဖြစ်တဲ့ ဟန်ယွဲ့နန်းတော်မှာ ရှိနေတယ်"
"ဟန်ယွဲ့နယ်မြေလား"
ကျန်းချန်၏မျက်ဝန်းများက တဖျပ်ဖျပ် လက်သွားခဲ့သည်။
ဟန်ယွဲ့နယ်မြေသည် မဟာမြေရိုင်းနယ်မြေ၏ နယ်မြေ ၁၃ခုအနက်မှ နယ်မြေ၁ခု ဖြစ်သည်။
၎င်းက နန်လီပြည်နယ်၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး အလယ်တွင် နယ်မြေတစ်ခုသာ ကွာဝေးသောကြောင့် သိပ်မဝေးလှပေ။
သူ့မိခင်၏ သတင်းကို ရရှိပြီးနောက်တွင် ကျန်းချန်သည် ထျန်းကျီမျှော်စင်တွင် ဆက်လက် နေထိုင်ရန် စိတ်ကူးမရှိတော့ပေ။
သူက အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို ကျေးဇူးတင်စကား ပြောကြားလိုက်ပြီး ထျန်းကျီမျှော်စင်ကနေ ထွက်ခွာရန် ပြင်လိုက်သည်။
"မိတ်ဆွေလေးကျန်းချန်.. ခဏလေးစောင့်ပေးပါ"
ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ကျန်းချန်ကို ဟန့်တားလိုက်သည်။
ကျန်းချန်က တစ်ခဏမျှ အံ့အားသင့်သွားခဲ့ပြီး အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို သံသယအကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
"အကြီးအကဲ.. ဘာကိစ္စများ ရှိသေးလို့လဲ"
"မိတ်ဆွေလေးကျန်းချန်.. အဲဒီနေ့က ရေခဲတာအိုသစ်သီးအတွက် မင်းနဲ့ ယှဥ်ပြိုင်ခဲ့တာက နန်လီမျိုးနွယ်စုရဲ့သခင်လေးယန်ကျင်းပဲ.. ငါတို့ ထျန်းကျီမျှော်စင်က မိတ်ဆွေလေးရဲ့အချက်အလက်ကို ထုတ်ဖော်မှာ မဟုတ်ပေမဲ့ ယန်ကျင်းလို လူက သိပ်မကြာခင်မှာ မိတ်ဆွေလေးကို ရှာဖွေတွေ့ရှိနိုင်ဖွယ် ရှိတယ်.. အကယ်၍ မိတ်ဆွေလေးအနေနဲ့ ဖြေရှင်းလို့ မနိုင်တဲ့ ပြဿနာနဲ့ ကြုံလာခဲ့ရင် ထျန်းကျီမျှော်စင်ကို လာနိုင်ပါတယ်.. မိတ်ဆွေလေးရဲ့ အသက်ကို လုံခြုံစေရမယ်လို့ ငါအာမခံတယ်"
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ပြုံး၍ ပြောလိုက်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ တုံ့ပြန်ပြောဆိုလိုက်၏။
"အကြီးအကဲရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်.. ရေခဲတာအိုသစ်သီးကို ဝယ်ယူရဲမှတော့ နန်လီမျိုးနွယ်စုရဲ့ သခင်လေးက ကျွန်တော့်ဆီ ပြဿနာလာရှာမှာကို ဂရုစိုက်နေမှာမဟုတ်ဘူး"
သူက ရေခဲတာအိုသစ်သီးကို မျိုချပြီးနောက်တွင် ရေခဲလမ်းစဥ်ဥပဒေသကို ပြီးပြည့်စုံသော အခြေအနေအထိ ရောက်ရှိသွားခဲ့သည်။
ထို့ကြောင့် သူ့အနေဖြင့် ရေခဲကမ္ဘာ၏ စွမ်းအားကို အချိန်မရွေး စုစည်းနိုင်ပြီး ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ကို စုစည်းနိုင်မည် ဖြစ်၏။
သူ၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် မဟာမြေရိုင်းနယ်မြေ၏ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူပင်လျှင် သူ့ကို အနိုင်ရရန် ခက်ခဲသည်။
ထို့အပြင် သူ့တွင် ဝှက်ဖဲအဖြစ် ကောင်းကင်နတ်ဘုရား ကပ်ဘေးကဲ့သို့ ကြောက်မက်ဖွယ် လူသတ်လက်နက်ကိုလည်း ပိုင်ဆိုင်ထားခဲ့သည်။
သူသာ ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရား ကပ်ဘေးကို ကောင်းစွာ အသုံးပြုနိုင်လျှင် နန်လီမျိုးနွယ်စု ကဲ့သို့ နယ်မြေနတ်ဘုရား အင်အားစုကို ရင်ဆိုင်နေရသည့်တိုင် ၎င်းတို့အား ကြီးလေးသော အဖိုးအခကို ပေးဆပ်စေနိုင်မည် ဖြစ်သည်။
"ဒီကောင်လေးက ကိုယ့်ကိုယ်ကိုယ်တော့ ယုံကြည်မှုရှိသားပဲ"
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ထွက်ခွာသွားသော ကျန်းချန်၏ ကျောပြင်ကို ငေးကြည့်ရင်း ရေရွတ်လိုက်သည်။
သူ၏မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ယှက်သန်းသွားခဲ့၏။
ဤကောင်လေး၏ ပါရမီသည် နန်လီမျိုးနွယ်စု၏ သခင်လေးယန်ကျင်းထက် မနိမ့်ကျပေ။
ထို့အပြင် ငွေကြေးအင်အားတွင်လည်း နန်လီမြို့၏ ထိပ်တန်း ကောင်းကင်နတ်ဘုရား အင်အားစုများနှင့် ယှဥ်နိုင်သောကြောင့် ထိုကောင်လေး၏ ဇစ်မြစ်သည် ထူးခြားသည်မှာ သေချာ၏။
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ကျန်းချန်က ရှေးဟောင်းနဂါး ကုန်သည်အသင်း၏ နောက်ကွယ်ရှိ နယ်မြေငယ်လေးမှ လာခဲ့သည်ကို မယုံကြည်ခဲ့ပေ။
ဤကောင်လေးသည် ဇာတ်မြှုပ်နေသော နယ်မြေနတ်ဘုရားတစ်ပါး၏ တပည့် ဖြစ်နိုင်သည်ဟု သူသံသယ ရှိနေခဲ့၏။
"ဟွမ်ဖူမျိုးနွယ်စုက ရှာနေတဲ့ပစ္စည်းက ရှေးဟောင်းနဂါးကုန်သည်အသင်းရဲ့ လက်ထဲကို ရောက်ရှိသွားခဲ့တယ်.. ဒီကောင်လေးက ရှေးဟောင်းနဂါးကုန်သည်အသင်းနဲ့ ဆက်စပ်မှုရှိနေတာဆိုတော့ ဒီပစ္စည်းကြောင့်များလား"
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုက တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
သူ၏မျက်ဝန်းတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
မည်သို့ပင်ဖြစ်စေကာမူ နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သော နန်လီမြို့တော်သည် တစ်ဖန် လှုပ်ခတ်လာပေတော့မည်။
ကျန်းချန်က သူ့မိခင် ကျီဝူရွှယ်၏ သတင်းကို ရရှိပြီးနောက် ထျန်းကျီမျှော်စင်ကနေ ထွက်ခွာလာသော အချိန်တွင် နန်လီမျိုးနွယ်စု၏ သခင်လေး ယန်ကျင်းသည် တိတ်ဆိတ်သောခန်းမထဲတွင် တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။
ထိုအချိန်မှာပင် ခန်းမထဲ၌ စွမ်းအင်လှုပ်ခတ်မှု အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။
ယန်ကျင်းက ချက်ချင်းဆိုသလို ခံစားမိပြီး ရုတ်တရက် သူ၏ မျက်လုံးကို ဖွင့်လိုက်သည်။
ထို့နောက်တွင် ယန်ကျင်း၏ အသံသည် တိုက်ရိုက်ပင် ထွက်ပေါ်လာခဲ့သည်။
"အကြီးအကဲလဲ့ခုံး.. ဘာသတင်းရခဲ့လဲ"
ယန်ကျင်း၏စကားသံ အဆုံးသတ်သည်နှင့် အနီရောင်ပုံရိပ်တစ်ခုသည် ခန်းမထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်မှာ ယန်ကျင်း၏ သက်တော်စောင့် ဖြစ်သည့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ယန်လဲ့ခုံး ဖြစ်သည်။
"သခင်လေး.. ကျွန်တော် စုံစမ်းရသလောက်တော့ လေလံပွဲပြီးဆုံးချိန်ကစပြီး အင်အားစုကြီးသုံးစုမှာ ဘာမှ ထူးထူးခြားခြား မရှိခဲ့ဘူး"
ယန်လဲ့ခုံးက လေးနက်စွာ ပြောလိုက်သည်။
"ဒါပေမဲ့ နန်လီမြို့တော်မှာတော့ သိပ်မကြာခင်က ပြင်ပနယ်မြေကနေ အင်အားကြီးမားတဲ့ ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာခဲ့တယ်"
ထိုစကားကို ကြားသည်နှင့် ယန်ကျင်း၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူ၏မျက်ဝန်းတွင်လည်း တောက်ပသော အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားခဲ့၏။
"အဲဒီလူရဲ့အကြောင်း မင်းစုံစမ်းရသလောက် ငါ့ကိုပြောပြပါ"
"ဒီလူရဲ့နာမည်က ကျန်းချန်.. သူက ကောင်းကင်နတ်ဘုရားစတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ.. ဒီလူက နန်လီမြို့တောင်ဘက်က ရှေးဟောင်းနဂါးကုန်သည်အသင်းမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်.. မကြာသေးခင်က နန်လီမြို့ရဲ့ တောင်ဘက်မှာရှိတဲ့ စုန့်မျိုးနွယ်စုနဲ့ ရှေးဟောင်းနဂါးကုန်သည်အသင်းတို့ ကြားမှာ ပဋိပက္ခတချို့ ရှိခဲ့တယ်.. အဲဒီကိစ္စမှာ ကျန်းချန်က စုန့်မိသားစုခေါင်းဆောင်ကို သတ်ဖြတ်ခဲ့ပြီး စုန့်မိသားစုကို နန်လီမြို့တော်ကနေ ထွက်ခွာသွားအောင်ဖိအားပေးခဲ့တယ်"
ထိုစကားကို ပြောပြီးနောက်တွင် ယန်လဲ့ခုံးသည် သူ၏စကားများကို ခေတ္တရပ်တန့်လိုက်သည်။
ခဏအကြာမှသာ သူက ယန်ကျင်းကို လေးနက်စွာပြောလိုက်၏။
"သခင်လေး.. ကျန်းချန်ဆိုတဲ့လူက ကျွန်တော်တို့ လက်ထဲကနေ ရေခဲတာအိုသစ်သီးကို လုယူသွားတဲ့သူ ဖြစ်နိုင်ခြေ များတယ်လို့ ကျွန်တော် ခံစားမိတယ်.. ဒါ့အပြင် နန်လီမြို့ တောင်ဘက်မှာရှိတဲ့ စုန့်မိသားစုခေါင်းဆောင်က ကောင်းကင်နတ်ဘုရားပဉ္စမအဆင့် အထွတ်အထိပ် ကျင့်ကြံသူပဲ.. ဒီကျန်းချန်ဆိုတဲ့ ကောင်လေးက ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်စွမ်းရည်ကို အသုံးပြုပြီး ပဉ္စမအဆင့် အထွတ်အထိပ်က ကျင့်ကြံသူကို သတ်နိုင်တယ်ဆိုတော့ တကယ်ကို ထူးခြားတဲ့ပါရမီရှင် တစ်ယောက်ပဲ"
ယန်ကျင်း၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
"ဒီကောင်လေးရဲ့ဇာစ်မြစ်ကိုရော စုံစမ်းလို့ရခဲ့လား"
ယန်လဲ့ခုံးက ခေါင်းခါရမ်း၍ ပြောလိုက်သည်။
"စုံစမ်းလို့မရခဲ့ဘူး.. ဒီကောင်လေးက တည်နေရာရွှေ့ပြောင်းပြီး နန်လီမြို့ကို ရောက်လာတဲ့ပုံပဲ.. ကျွန်တော် အင်အားအလုံးအရင်းကို အသုံးပြုပြီး စုံစမ်းခဲ့ပေမဲ့ ဒီကောင်လေးရဲ့သတင်းကို ဘာမှရှာမတွေ့ခဲ့ဘူး"
"ဟားဟား စိတ်ဝင်စားစရာပဲ"
ယန်ကျင်းက သူ၏နှုတ်ခမ်းကို ကွေးညွတ်ကာ မဲ့ပြုံးပြုံးလိုက်သည်။
"ငါသခင်လေးကိုယ်တိုင် ဒီကောင့်ကို သွားတွေ့မယ်"
"သခင်လေး.. ဒီကိစ္စကို ခဏလောက် ဘေးဖယ်ထားလို့ ရမလား.. ကျွန်တော် သခင်လေးကို လာတွေ့တာက ဒီထက်ပိုပြီး အရေးကြီးတဲ့ကိစ္စ တစ်ခုကို ပြောမလို့ပါ"
ယန်လဲ့ခုံးက စိတ်လှုပ်ရှားသော လေသံဖြင့် ပြောလိုက်သည်။
"မကြာသေးခင်ကပဲ ဟွမ်ဖူမျိုးနွယ်စုက ဟော်ယွင်တောင်တန်းမှာ ဟွမ်ဖူမိသားစုရဲ့ စစ်ဆေးမှုကို ၃ရက်အတွင်း ပြုလုပ်မယ်လို့ ရုတ်တရက် ကြေညာခဲ့တယ်"
ယန်လဲ့ခုံး၏ နောက်ဆက်တွဲ စကားများကိုကြားလျှင် ယန်ကျင်းသည် တင်ပျဥ်ခွေ၍ ထိုင်နေရာကနေ ရုတ်တရက် ထရပ်လိုက်သည်။
သူ၏ မျက်ဝန်းတွင် တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။
"ကြည့်ရတာ ဟွမ်ဖူမိသားစုက အရှင်ဟော်ယွင်ရဲ့ အမွေအနှစ် အတွက် လှုပ်ရှားတော့မယ် ထင်တယ်"
အခန်း(၁၇၇၂)ပြီး၏။
အခန်း(၁၇၇၃)
နန်လီနယ်မြေရှိ တစ်ခုတည်းသော နယ်မြေနတ်ဘုရားအင်အားစု ဖြစ်သောကြောင့် နန်လီမျိုးနွယ်စုသည် နန်လီမြို့နှင့် ပတ်သက်သည့် အရာအားလုံးကို သိရှိခဲ့သည်။
အရှင်ဟော်ယွင်သည် နန်လီမြို့တွင် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ကျော်ကြားခဲ့သည့် နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်သည်။
ထို့ကြောင့် နန်လီမျိုးနွယ်စုသည် အရှင်ဟော်ယွင်၏ အမွေအနှစ်ကို အမြဲတစေ စိတ်ဝင်စားခဲ့သည်။
ထိုအကြောင်းကြောင့်ပင် ဟွမ်ဖူမိသားစုသည် အရှင်ဟော်ယွင်၏ အမွေအနှစ်မြေပုံကို ရရှိခဲ့သော်လည်း နန်လီမျိုးနွယ်စု၏ မျက်စိအောက်ကနေ ဖုံးကွယ်၍ မရနိုင်ခဲ့ပေ။
"သခင်လေး.. ဟွမ်ဖူမိသားစုက နောက်၃ရက်အကြာ ဟော်ယွင်တောင်တန်းမှာ ပြုလုပ်မဲ့ မိသားစုစစ်ဆေးပွဲက လူအများရဲ့အမြင်ကို ဖုံးကွယ်ဖို့အတွက်ပဲ ဖြစ်လိမ့်မယ်.. ကြည့်ရတာ သူတို့က အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်မြေပုံကို ရရှိထားပြီးပြီထင်တယ်.. ကျွန်တော်တို့က သူတို့လက်ထဲကနေ မြေပုံကို ချက်ချင်း လုယူလိုက်သင့်လား"
ယန်လဲ့ခုံးက လေးနက်စွာပြောလိုက်သည်။
"မလိုဘူး.. ငါတို့ နန်လီမျိုးနွယ်စုက ဟွမ်ဖူမိသားစုကို ကိုယ်တွင်ဖြေရှင်းချင်ရင် အခုအချိန်အထိ ဘာကြောင့်စောင့်ဆိုင်းနေမှာလဲ.. ဟွမ်ဖူမိသားစုက နယ်မြေနတ်ဘုရားတစ်ပိုင်းအင်အားစု ဖြစ်တဲ့အတွက် အလွန်နက်ရှိုင်းတဲ့ သမိုင်းကြောင်းရှိတယ်.. သူတို့ဆီမှာ နယ်မြေနတ်ဘုရားချန်ထားခဲ့တဲ့ ဝှက်ဖဲတချို့တောင် ရှိလောက်တယ်.. အခု ငါတို့ခေါင်းဆောင်က နန်လီမြို့မှာ ရှိမနေဘူးဆိုတော့ ဟွမ်ဖူမိသားစုကို ကိုင်တွယ်ဖြေရှင်းဖို့ ငါတို့အတွက် လွယ်ကူမှာမဟုတ်ဘူး.. ဒါ့အပြင် အရှင်ဟော်ယွင်ရဲ့အမွေအနှစ်ကို ရရှိဖို့က မလွယ်ကူဘူး.. ဟွမ်ဖူမိသားစုကိုပဲ ရှာဖွေစေပြီး ငါတို့က သူတို့နောက်ကနေ အသာအယာ လိုက်သွားတာ ပိုမကောင်းဘူးလား"
ယန်ကျင်းက သူ၏လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
သူ၏ နှုတ်ခမ်းထောင့်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ပုစဥ်းရင်ကွဲကို ချောင်းမြောင်းနေသော ပိုးမွှားများက ၎င်းတို့နောက်ကွယ်ရှိ ကမ္ဘာသစ်ငှက်ကို သတိမထားမိ ဟူသော ဆိုရိုးစကားအတိုင်း သူတို့က လှုပ်ရှားရပေမည်။
စင်စစ် ဟွမ်ဖူမိသားစုသည် အားမနည်းပေ။
အကယ်၍ သူတို့သာ ဟွမ်ဖူမိသားစုနှင့် တိုက်ခိုက်ရန် ရွေးချယ်ခဲ့မည်ဆိုလျှင် သူတို့ နန်လီမျိုးနွယ်စုသည်လည်း ကြီးမားသောအဖိုးအခကို ပေးဆပ်ရပေလိမ့်မည်။
ယခုအခါတွင် သူတို့က အမှောင်ထဲတွင်ရှိပြီး ဟွမ်ဖူမိသားစုက အလင်းထဲတွင် ရှိသည်။
သူတို့က ဟွမ်ဖူမိသားစုကို အသုံးချကာ အရှင်ဟော်ယွင်၏ အမွေအနှစ်ကို ရှာဖွေစေပြီး အမွေအနှစ်ကို ရှာဖွေတွေ့ရှိသောအချိန်တွင် လျှပ်စီးကဲ့သို့ လျင်မြန်စွာ သိမ်းပိုက်လိုက်ရုံသာ မဟုတ်ပါလား။
"ဟွမ်ဖူမိသားစုရဲ့ လှုပ်ရှားမှုတွေကို သေချာ စောင့်ကြည့်ထားပါ.. အကြီးအကဲဖုန်းနဲ့ အကြီးအကဲဟွမ်ကို ဟော်ယွင်တောင်တန်းထဲ အချိန်မီ ဝင်ရောက်ဖို့ အတွက် အသင့်ပြင်ထားဖို့ အကြောင်းကြားလိုက်"
ထိုစကားကိုပြောနေစဥ် ယန်ကျင်း၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။
အရှင်ဟော်ယွင်သည် နာမည်ကျော်ကြားသော နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်သည်။
စင်စစ် ယန်ကျင်းသည် အရှင်ဟော်ယွင် ချန်ထားရစ်ခဲ့သော နယ်မြေနတ်ဘုရားသလင်းကျောက်ကို မက်မောခဲ့သည်။
သူ၏ပါရမီဖြင့်ဆိုလျှင် နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိနိုင်ပါက နယ်မြေနတ်ဘုရားအဆင့်ကို လျင်မြန်စွာ ထိုးဖောက်ရန် လွယ်ကူသွားလိမ့်မည် မဟုတ်ပါလော။
ထို့ကြောင့် သူက အရှင်ဟော်ယွင်၏ အမွေအနှစ်ကိုလုယူရန်အတွက် မည်သည့် အဖိုးအခကိုမဆို ရင်းနှီးရန် ဆုံးဖြတ်ထားခဲ့သည်။
ကျန်းချန်က ထျန်းကျီမျှော်စင်ကနေ ထွက်ခွာလာပြီးနောက်တွင် ရှေးဟောင်းနဂါးကုန်သည် အသင်းဆီသို့ ပြန်သွားခဲ့သည်။
"အကြီးအကဲကျန်း.. ပြန်ရောက်လာပြီလား"
ကျန်းချန်က ရှေးဟောင်းနဂါး ကုန်သည်အသင်းသို့ ရောက်လာသည်နှင့် ဧည့်ခန်းတွင် စောင့်ဆိုင်းနေသော ကုမင်ဟဲသည် ကျန်းချန်ကို နှုတ်ဆက်လိုက်သည်။
ကျန်းချန်က အံ့သြသော အမူအရာဖြင့် မေးလိုက်သည်။
"ခေါင်းဆောင်ကု.. ဧည့်ခန်းထဲမှာ ကျွန်တော့်ကို စောင့်နေတာ ကိစ္စတစ်ခုခု ရှိလို့လား"
"မကြာသေးခင်က ဟွမ်ဖူမိသားစုက ရှေးဟောင်းနဂါး ကုန်သည်အသင်းကို လူလွှတ်ခဲ့ပြီး ၃ရက်အတွင်း ဟော်ယွင်တောင်တန်းဆီကို သွားမယ်လို့ အကြောင်းကြားခဲ့တယ်"
ကုမင်ဟဲက အလျင်အမြန်ပင် ပြောပြလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီးနောက်တွင် အနည်းငယ်စဥ်းစားကာ ပြောလိုက်သည်။
"ခေါင်းဆောင်ကု.. အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်ကို ရှာဖွေရာမှာ ပြဿနာတွေ ရှိလာနိုင်တဲ့အတွက် ငါတစ်ယောက်တည်းပဲသွားလိုက်မယ်.. အကယ်၍ အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်ကိုရရှိခဲ့ရင် မင်းအတွက် ငါယူလာပေးပါမယ်"
နယ်မြေနတ်ဘုရားတစ်ပါး၏ အမွေအနှစ်သည် ဟွမ်ဖူမိသားစုနှင့် အခြားသော နယ်မြေနတ်ဘုရားတစ်ပိုင်း မိသားစုများ အတွက် အလွန်တရာ တန်ဖိုးရှိသော အမွေအနှစ်များဖြစ်သည်။
ဟွမ်ဖူမိသားစုသည် မြေပုံကို အမြန်ဆုံးရရှိရန် အတွက် သူနှင့်ပူးပေါင်းခဲ့သော်လည်း အရှင်ဟော်ယွင်၏ အမွေအနှစ်ကို တွေ့ရှိပြီးနောက်တွင် သစ္စာမဖောက်ဟု အာမခံရန် ခက်ခဲ၏။
ဟွမ်ဖူမိသားစုက သူ့အပေါ် သစ္စာပျက်လျှင်လည်း သူက ကြောက်ရွံ့နေမည် မဟုတ်ချေ။
သို့ရာတွင် ကုမင်ဟဲကို ခေါ်ဆောင်လာမိလျှင်မူ ကုမင်ဟဲ၏ ဘေးကင်းရေး အတွက် သူ အာမ မခံနိုင်ပေ။
"အကြီးအကဲကျန်းရဲ့ စီစဥ်မှုအတိုင်း လိုက်နာပါ့မယ်"
ကျန်းချန်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ကုမင်ဟဲသည် အထွန့်တက်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
သူ၏ ကောင်းကင်နတ်ဘုရားဒုတိယအဆင့် ခွန်အားဖြင့် ဆိုလျှင် ဟွမ်ဖူမိသားစုနှင့် အမှန်တကယ် ပြဿနာဖြစ်ပါက ကျန်းချန်ကို မကူညီနိုင်သည့် အပြင် ကျန်းချန်အတွက် ဝန်ထုပ်ဝန်ပိုးပင် ဖြစ်လာနိုင်မှန်း ကုမင်ဟဲ ကောင်းစွာ သိရှိထားခဲ့သည်။
-----------------
ဤသို့ဖြင့်ပင် သုံးရက်ဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့၏။
တတိယနေ့၏ နံနက်ခင်းတွင် ကျန်းချန်သည် စီစဥ်ထားသည့်အတိုင်းပင် ဟွမ်ဖူစံအိမ်သို့ ရောက်ရှိလာခဲ့သည်။
ဟွမ်ဖူစံအိမ်အဝတွင် လူဒါဇင်ပေါင်းများစွာ စုဝေးနေခဲ့ကြပြီး ဟော်ယွင်တောင်တန်းဆီ သွားရန် အသင့်ပြင်နေကြသည်။
ထိုအထဲတွင် ကျန်းချန်နှင့် ရင်းနှီးသော ဟွမ်ဖူစုန့်လည်း ပါဝင်၏။
ဟွမ်ဖူစုန့်၏ ဘေးတွင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူဖြစ်သည့် အဖြူရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးလည်း ရှိနေခဲ့သည်။
ထိုလူက ဟွမ်ဖူမိသားစု ခေါင်းဆောင် ဟွမ်ဖူလင်းမှန်း ကျန်းချန် ချက်ချင်းဆိုသလို ခန့်မှန်းမိခဲ့သည်။
သူတို့နှစ်ဦး၏နောက်တွင် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ တချို့နှင့် ဟွမ်ဖူမိသားစုမှ တပည့် ဒါဇင်ပေါင်းများစွာ ရှိနေခဲ့သည်။
နန်လီမျိုးနွယ်စု ပြီးလျှင် ဒုတိယနေရာတွင် ရှိသည့် နယ်မြေနတ်ဘုရားတစ်ပိုင်း အင်အားစုအနေဖြင့် ဟွမ်ဖူမိသားစု၏ လှုပ်ရှားမှုတိုင်းသည် နန်လီမြို့မှ လူများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်လိမ့်မည် ဖြစ်၏။
ထို့ကြောင့်လည်း ဟွမ်ဖူမိသားစုသည် ဟော်ယွင်တောင်တန်းတွင် အမွေအနှစ် ရှာဖွေမည့်ခရီးစဥ်ကို မိသားစုတပည့်များ၏ စစ်ဆေးပွဲ ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဟွမ်ဖူမိသားစုက လူငယ်တပည့်များကိုပါ ခေါ်ဆောင်လာခဲ့ခြင်းသည် အများ၏အမြင်ကို ဖုံးကွယ်ရန် အတွက် ဖြစ်သည်မှာ ထင်ရှား၏။
"မိတ်ဆွေလေးကျန်းချန်.. မင်းရောက်လာပြီလား"
သူတို့ဆီသို့ လှမ်းလာနေသည်ကို မြင်သည်နှင့် ဟွမ်ဖူစုန့်က ပြုံးရွှင်စွာ ပြောလိုက်သည်။
"မင်းကို ငါမိတ်ဆက်ပေးရဦးမယ်. ဒါက ငါတို့ ဟွမ်ဖူမိသားစုခေါင်းဆောင် ဟွမ်ဖူလင်းပဲ"
သူ၏ရှေ့မှ ကျန်းချန်ကို ကြည့်ကာ ဟွမ်ဖူလင်း၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု လင်းလက်သွားခဲ့သည်။
"ညီနောင်ကျန်းချန်ရဲ့ နာမည်ကို ကြားဖူးထားတာ ကြာပါပြီ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"တွေ့ရတာဝမ်းသာပါတယ် ခေါင်းဆောင်ဟွမ်ဖူ"
"ခေါင်းဆောင်.. မိတ်ဆွေလေးကျန်းချန် ရောက်လာပြီဆိုတော့ ကျွန်တော်တို့တွေ အခုပဲ ခရီးထွက်ကြစို့"
ဟွမ်ဖူစုန့်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"ကောင်းပြီ"
ဟွမ်ဖူလင်းက ခေါင်းညိတ်လိုက်ပြီးနောက်တွင် လူစုကို ဦးဆောင်ကာ နန်လီမြို့၏ မြောက်ဘက်ရှိ ဟော်ယွင်တောင်တန်း ဆီသို့ ဦးတည်သွားခဲ့သည်။
ဟော်ယွင်တောင်တန်းသည် နန်လီမြို့၏ မြောက်ဘက်တွင် ရှိသော ကြီးမားသော တောင်တန်းတစ်ခု ဖြစ်သည်။
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ဤတောင်တန်းတွင် နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်သည့် အရှင်ဟော်ယွင် နေထိုင်ခဲ့သည်ကို အစွဲပြုကာ ဟော်ယွင်တောင်တန်းဟု မှည့်ခေါ်ခဲ့ခြင်း ဆိုလည်းမမှားပေ။
ဟော်ယွင်တောင်တန်း၏ ပတ်ဝန်းကျင်သည် ကြမ်းတမ်းလွန်း၍ သာမန်ပကတိနတ်ဘုရားများ အတွက် ရှင်သန်ရန် မဖြစ်နိုင်ချေ။
သို့သော်လည်း ဤနေရာရှိ ထူးခြားသော ပတ်ဝန်းကျင်ကြောင့် မီးစွမ်းအားနှင့် ပတ်သက်သည့် ကောင်းကင်နှင့်မြေကြီး၏ မှော်ဆေးဝါးများ အပြင် ရတနာအများအပြားကို မွေးဖွားခဲ့သည်။
ထို့အပြင် ဤနေရာသည် မီးစွမ်းအားကို အထူးပြုကျင့်ကြံသော သူများအတွက် နိဗ္ဗာန်ဘုံလည်း ဖြစ်၏။
ပို၍ အရေးကြီးသော အချက်မှာ နန်လီမြို့ရှိ ကျင့်ကြံသူတိုင်းနီးပါးသည် ဟော်ယွင်တောင်တန်းတွင် အရှင်ဟော်ယွင် ချန်ထားရစ်ခဲ့သော အမွေအနှစ် ရှိသည်ကို သိရှိထားခြင်းပင်။
ထို့ကြောင့် နေ့စဥ်နေ့တိုင်းပင် နန်လီမြို့မှ ကျင့်ကြံသူ အများအပြားသည် ဟော်ယွင်တောင်တန်း ဆီသို့ ရောက်ရှိလာကြလေ့ရှိသည်။
သို့သော်လည်း နှစ်သန်းပေါင်းများစွာ အတွင်း အရှင်ဟော်ယွင်၏ အမွေအနှစ်ကို မည်သူမှ ရှာဖွေ မတွေ့ရှိခဲ့ကြပေ။
ကျန်းချန်တို့လူစုက နန်လီမြို့တော်ကနေ ထွက်ခွာကာ ဟော်ယွင်တောင်တန်း ဆီသို့ တန်းတန်းမတ်မတ်ပင် ခရီးထွက်ခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် သူတို့သည် ဟော်ယွင်တောင်တန်း၌ အခွင့်အလမ်းများ ရှာဖွေရန် သွားရောက်မည့် ကျင့်ကြံသူ အများအပြားနှင့်လည်း တွေ့ဆုံခဲ့သည်။
"ဒါက နန်လီမြို့က နယ်မြေနတ်ဘုရားတစ်ပိုင်း အဆင့် ဖြစ်တဲ့ ဟွမ်ဖူမိသားစုက မဟုတ်လား.. သူတို့က ဘာလို့ လူစုလူဝေးနဲ့ ဟော်ယွင်တောင်တန်းဆီ ခရီးထွက်လာရတာလဲ"
သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ကျင့်ကြံသူ အများအပြား၏ မျက်နှာထက်တွင် အံ့သြသော အမူအရာများ ဖြစ်ပေါ်လာခဲ့ကြသည်။
"ဦးဆောင်လာတဲ့သူ နှစ်ဦးကို မင်းတို့တွေ တွေ့လား"
ဟွမ်ဖူမိသားစုနှင့်ပတ်သက်၍ ကောင်းစွာသိသော လူတစ်ဦးက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"အဲဒီနှစ်ယောက်က ဟွမ်ဖူမိသားစုရဲ့ အကြီးအကဲချုပ် ဟွမ်ဖူစုန့်နဲ့ ဟွမ်ဖူမိသားစုခေါင်းဆောင် ဟွမ်ဖူလင်းတို့ပဲ"
"ဟွမ်ဖူမိသားစုရဲ့ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူနှစ်ယောက်က တစ်ပြိုင်နက်တည်း ထွက်လာခဲ့တယ်လား"
ဟွမ်ဖူမိသားစုသည် ဟော်ယွင်တောင်တန်း ဆီသို့ လာရောက်ရန် ကျင့်ကြံသူအများအပြားကို ခေါ်လာခဲ့သည်။
ဤအတိုင်းဆိုလျှင် ဟော်ယွင်တောင်တန်း၌ ကြီးမားသောကိစ္စတစ်စုံတစ်ရာ ဖြစ်ပျက်လာနိုင်ပါသလော။
အခန်း(၁၇၇၃)ပြီး၏။