အခန်း (၁၇၇၄-၁၇၇၆)
Vol. 119 Ch. 1774-1776
အခန်း(၁၇၇၄)
"ဟွမ်ဖူမိသားစုရဲ့ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ၂ပါးလုံး ထွက်လာတာဆိုတော့ အခြေအနေက သာမန် မဟုတ်မှာကို ငါစိုးရိမ်မိတယ်.. ဟော်ယွင်တောင်တန်းကနေ အမြန်ဆုံးထွက်ခွာသွားကြရအောင်"
ထိုမြင်ကွင်းကိုမြင်လျှင် ဟော်ယွင်တောင်တန်းတွင် အခွင့်အလမ်းများ ရှာဖွေရန် ရောက်လာကြသည့် ကျင့်ကြံသူအများအပြားသည် ထိတ်လန့်သွားခဲ့ကြပြီး ဟော်ယွင်တောင်တန်းကနေ ထွက်ခွာရန် ပြင်ဆင်နေခဲ့ကြသည်။
"အားလုံးပဲ ဒီလောက်ကြီး မစိုးရိမ်ကြပါနဲ့.. ငါသိသလောက်တော့ ဟွမ်ဖူမိသားစုက ဟော်ယွင်တောင်တန်းမှာ မိသားစု တပည့်တွေရဲ့ စစ်ဆေးပွဲကို ပြုလုပ်နေတာပါ"
နန်လီမြို့မှ ကျင့်ကြံသူ တစ်ဦးက ရှင်းပြလိုက်သည်။
သို့သော်လည်း ဟွမ်ဖူမိသားစု၏ အင်အားကို သိရှိထားသော ကျင့်ကြံသူ တချို့သည် ဟော်ယွင်တောင်တန်းကနေ ထွက်ခွာရန်သာ ဆုံးဖြတ်ခဲ့ကြသည်။
ဟွမ်ဖူမိသားစုက ဟော်ယွင်တောင်တန်းတွင် တပည့်များ၏ အရည်အချင်း စစ်ဆေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်နေသည့်တိုင် သူတို့က ဟော်ယွင်တောင်တန်းတွင် ဟွမ်ဖူမိသားစု၏ စစ်ဆေးပွဲကို သက်ရောက်မှု ရှိစေခဲ့မည်ဆိုလျှင် အကျိုးဆက်များသည် စဥ်းစား၍ပင်မ ရနိုင်လောက်အောင် ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။
ပတ်ဝန်းကျင်မှ လူများ၏ တုံ့ပြန်မှုများနှင့် ပတ်သက်၍ ကျန်းချန်တို့လူစုက လျစ်လျူရှုခဲ့ကြသည်။
သူတို့လူစုက ဟော်ယွင်တောင်တန်းတွင် နေ့ရောညပါ ခရီးနှင်ပြီး အဆုံးသတ်တွင် ဟော်ယွင်တောင်တန်း၏ အတွင်းဘက် အကျဆုံးနေရာသို့ ရောက်ရှိလာခဲ့သည်။
ဟွမ်ဖူလင်းက ကောင်းကင်နတ်ဘုရားအဆင့် အကြီးအကဲ ၂ပါးကို လူငယ် တပည့်များ၏ မိသားစု စမ်းသပ်ပွဲအား ဦးဆောင်ရန် ခိုင်းစေလိုက်သည်။
ထို့နောက်တွင် ကျန်းချန်နှင့် ဟွမ်ဖူစုန့် အပါအဝင် ဟွမ်ဖူမိသားစုမှ ကျင့်ကြံသူ တချို့ကို တစ်နေရာသို့ ခေါ်ဆောင်သွားခဲ့၏။
ထိုနေရာက ပေ၁၀၀၀ခန့် အမြင့်ရှိသည့် ရိုးရှင်းသောတောင်ထွတ်တစ်ခု ဖြစ်သည်။
"ခေါင်းဆောင် မြေပုံပေါ်က အချက်အလက်အရဆိုရင် အရှင်ဟော်ယွင်ရဲ့အမွေအနှစ်က ဒီနေရာမှာ ရှိမယ်ထင်တယ်"
ဟွမ်ဖူစုန့်မှ သူ၏ရှေ့မှတောင်ကို ညွှန်ပြကာ ဟွမ်ဖူလင်းကို ပြောလိုက်သည်။
"ဒီတောင်က အရမ်းကို ရိုးရှင်းလွန်းတယ်.. နှစ်သန်းပေါင်းများစွာကြာတဲ့အထိ အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်ကို ဘယ်သူမှ ရှာမတွေ့နိုင်တာ အံ့သြစရာ မဟုတ်တော့ဘူး.. ဒီလို မထင်မရှားနေရာမှာ ဝှက်ထားလိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်ထားမိမှာ မဟုတ်ဘူး.. အရှင်ဟော်ယွင်က နန်လီနယ်မြေရဲ့ နံပါတ်(၁)ကျင့်ကြံသူ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. ငါ့လို ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ်ကျင့်ကြံသူတောင် ဒီနေရာရဲ့ ထူးခြားချက်ကို အနည်းငယ်လောက်တောင် မခံစားမိခဲ့ဘူး"
ဟွမ်ဖူလင်းက တအံ့တသြ ရေရွတ်လိုက်သည်။
ထို့နောက်တွင် ချက်ချင်းဆိုသလို သူ၏နံဘေးမှ တာအိုဝတ်စုံဝတ်ဆင်ထားသည် ဆံပင်များ ဖြူဖွေးနေသော အဘိုးအိုကို လှည့်ကြည့်ကာ မေးလိုက်သည်။
"အကြီးအကဲရှ.. ရှာတွေ့ပြီလား"
"မတွေ့သေးဘူး.. အရှင်ဟော်ယွင်က မီးလမ်းစဥ်ဥပဒေသကို အတော်လေး ပေါက်မြောက် အောင်မြင်ထားတဲ့ နယ်မြေနတ်ဘုရားတစ်ပါးပဲ.. အရှင်ဟော်ယွင်ရဲ့ နယ်မြေနတ်ဘုရားစွမ်းအားနဲ့ စီရင်ထားရှိခဲ့တဲ့ စည်းတံဆိပ်က တောင်တစ်ခုလုံးနဲ့ ပေါင်းစပ်သွားလုနီးပါး ဖြစ်နေတယ်.. သာမန် နယ်မြေနတ်ဘုရားတောင်မှ ရှာဖွေဖို့ ခက်ခဲမှာ ငါစိုးရိမ်မိတယ်.. ဒါကြောင့်လည်း အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်ကို နှစ်သန်းပေါင်းများစွာ ကြာအောင် ဘယ်သူမှ ရှာမတွေ့နိုင်ခဲ့တာပဲ"
တာအိုဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုက ခေါင်းကို ခါရမ်းလိုက်ပြီး မျက်မှောင်ကို ခပ်တင်းတင်းကြုတ်ကာ ပြောလိုက်သည်။
သူ၏ရှေ့မှ တောင်ထွတ်တစ်ခုလုံးနှင့် ပေါင်းစပ်နေသော စည်းတံဆိပ်သည် သူ ယခင်က ဖြေရှင်းခဲ့ဖူးသည့် စည်းတံဆိပ်များထက် ပို၍ ခက်ခဲလိမ့်မည်ဟု သူ၏ ပင်ကိုသိစိတ်ကနေ ပြောပြနေခဲ့သည်။
ဟွမ်ဖူလင်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ဒါဆို အကြီးအကဲရှဆီမှာ ဒီစည်းတံဆိပ်ကို ဖြိုခွင်းနိုင်မဲ့နည်းလမ်း ရှိလား"
တာအိုဝတ်စုံဝတ်ဆင်ထားသည့် အဘိုးအိုက အသက်ကိုခပ်ပြင်းပြင်းရှူကာ ပြန်ဖြေလိုက်သည်။
"ရက်အနည်းငယ်လောက် အချိန်ပေးရင်တော့ သဲလွန်စတွေကို ရှာတွေ့နိုင်လိမ့်မယ် ထင်တယ်"
ထိုစကားကိုကြားလျှင် ဟွမ်ဖူလင်းက ခေါင်းညိတ်လိုက်သည်။
"ဒါဆိုလည်း ဒီကိစ္စကို အကြီးအကဲရှဆီပဲ လွှဲအပ်ထားလိုက်တော့မယ်.. အကြီးအကဲရှ စည်းတံဆိပ်ကို ဖြေရှင်းနေတဲ့အချိန်မှာ ငါတို့တွေ အကြီးအကဲရှကို ကာကွယ်ပေးထားပါ့မယ်"
အရှင်ဟော်ယွင်၏ အမွေအနှစ်သည် ဟော်ယွင်တောင်တန်းတွင် နှစ်သန်းပေါင်းများစွာ တည်ရှိခဲ့ပြီး မည်သူမှ မရရှိသေးပေ။
သူတို့ ဟွမ်ဖူမိသားစုက ဤတစ်ကြိမ်တွင် မြေပုံကို ရရှိခဲ့လျှင်ပင် အရှင်ဟော်ယွင်၏ အမွေအနှစ်ကို ရရှိရန် မလွယ်ကူမှန်း နားလည်ထားခဲ့ကြသည်။
ဟွမ်ဖူလင်းနှင့် အကြီးအကဲရှတို့ စကားပြောဆိုနေသောအချိန်တွင် ကျန်းချန်၏ စူးရှသော အကြည့်သည် သူ၏ရှေ့မှ တောင်ထွတ်ဆီသို့ ကျရောက်နေခဲ့သည်။
ဤနေရာကို ဟွမ်ဖူမိသားစုက မြေပုံမှအချက်အလက်အရ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်၍ ဤတောင်ထွတ်သည် အရှင်ဟော်ယွင်၏ အမွေအနှစ် တည်ရှိသည့်နေရာ ဖြစ်ရပေမည်။
ကျန်းချန်က ဤနေရာနှင့် ပတ်သက်၍ ထူးခြားသောခံစားမှု မရရှိသော်လည်း သူ၏ ခန္ဓာကိုယ်ထဲတွင် အဆတစ်ရာစနစ် ရှိနေခဲ့သည်။
ထို့ကြောင့် သူက သဲလွန်စ ရှာတွေ့နိုင်မလား ဆိုသည်ကို ကံစမ်းကြည့်ရန်အတွက် အဆ၁၀၀စနစ်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
ကျန်းချန်က သူ၏ရှေ့မှ တောင်ထွတ်ကို ၁နာရီခန့် စူးစိုက်ကြည့်ပြီးနောက်တွင် အဆုံးသတ်၌ စနစ်၏ သတိပေးချက်များ ထွက်ပေါ်လာခဲ့သည်။
"ဒင်.. သင်က နယ်မြေနတ်ဘုရားအဆင့် စည်းတံဆိပ် ဖြစ်တဲ့စကြဝဠာ လဲ့ဟော် စည်းတံဆိပ်ကို ကြည့်ရှုပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင်က စကြဝဠာ လဲ့ဟော်စည်းတံဆိပ်ရဲ့ ၁ရာခိုင်နှုန်းကို နားလည် သဘောပေါက်သွားခဲ့ပါပြီ"
စနစ်ထံမှ သတိပေးချက်ကိုကြားလျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
သူ၏ခန္ဓာကိုယ်ထဲမှ အဆ ၁၀၀ စနစ်သည် အရှင်ဟော်ယွင် စီရင်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော စည်းတံဆိပ်ကို အမှန်တကယ်ပင် နားလည်သဘောပေါက်စေခဲ့သည်။
၁နာရီအတွင်း သူက အစီအရင်၏ ၁ရာခိုင်နှုန်းကို နားလည်သဘောပေါက်သွားခဲ့သည်။
ဆိုလိုသည်မှာ သူ၏ရှေ့မှ စကြဝဠာ လဲ့ဟော်စည်းတံဆိပ်ကို အပြည့်အဝ နားလည်ရန်အတွက် ၈ရက် သို့မဟုတ် ၉ရက်ခန့်သာ လိုအပ်မည် ဖြစ်၏။
"မိတ်ဆွေလေးကျန်းချန်.. မင်း ဘာများရှာတွေ့လို့လဲ"
ကျန်းချန်၏ နံဘေးမှ ဟွမ်ဖူစုန့်က ကျန်းချန်၏ ထူးဆန်းသောအမူအရာကို သတိပြုမိပြီး စူးစမ်းသော အမူအရာဖြင့် မေးလိုက်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"ကျွန်တော်က အစီအရင်နဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး လေ့လာဖူးတယ်.. ရက်အနည်းငယ်လောက် အချိန်ပေးရင် ဒီစည်းတံဆိပ်ကို ဖြိုခွဲဖို့ နည်းလမ်းကို ရှာတွေ့နိုင်ပါလိမ့်မယ်"
"ဟမ့်.. လေလုံးထွားလှချည်လား"
ကျန်းချန်၏ စကားကိုကြားလျှင် တာအိုဝတ်စုံကို ဝတ်ဆင်ထားသော အကြီးအကဲရှက မထီမဲ့မြင် ရေရွတ်လိုက်သည်။
"နယ်မြေနတ်ဘုရားအဆင့် စည်းတံဆိပ်က ဘယ်လိုလုပ်ပြီး အလွယ်တကူ ဖြိုခွဲနိုင်မှာလဲ.. မင်းက မင်းကိုယ်မင်း နယ်မြေနတ်ဘုရားအဆင့် အစီအရင်သခင်လို့ ထင်နေတာလား"
နတ်ဘုရားနယ်မြေတွင် အစီအရင်သခင် အဆင့်ကို အဂ္ဂိရတ်သခင်အဆင့်နှင့် အတူတူပင် ၁၂ဆင့် ခွဲခြားထားသည်။
ဒသမအဆင့်နတ်အစီအရင်သခင် သို့မဟုတ် နယ်မြေနတ်ဘုရားအဆင့် အစီအရင်သခင် အတွက် နယ်မြေနတ်ဘုရားအဆင့်စည်းတံဆိပ်ကို ဖြိုခွင်းရန်မှာ ခက်ခဲသည့်အလုပ် မဟုတ်ပေ။
သို့သော်လည်း ဒသမအဆင့် နတ်အစီအရင် သခင်များသည် မဟာမြေရိုင်းနယ်မြေတွင် အလွန်တရာ ရှားပါးပြီး နယ်မြေနတ်ဘုရား အင်အားစု အရေအတွက်ထက်ပင် ပို၍ ရှားပါးသည်။
သူ့လို နဝမအဆင့် နတ်အစီအရင်သခင်ပင်လျှင် မဟာမြေရိုင်းနယ်မြေတွင် အတော်လေး ရှားပါးနေပြီ ဖြစ်၏။
သူ၏ရှေ့မှ နယ်မြေနတ်ဘုရား စည်းတံဆိပ်သည် အလွန်တရာပင် အဆင့်မြင့်မားပြီး လျှို့ဝှက်ဆန်းကြယ်၏။
သူ၏စွမ်းရည်ဖြင့်ပင် အချိန်အတိုင်းအတာ တစ်ခုအတွင်း သဲလွန်စကို လုံးဝ ရှာမတွေ့နိုင်ခဲ့ပေ။
သို့ဖြစ်ရာ ဒသမအဆင့် နတ်အစီအရင်သခင် မဟုတ်သရွေ့ မည်သူမဆို သူ၏ရှေ့မှ နယ်မြေနတ်ဘုရားအဆင့် စည်းတံဆိပ်ကို ရက်အနည်းငယ်အတွင်း ဖြိုခွဲဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။
သူ့ရှေ့မှ ကောင်လေးသည် ဒသမအဆင့် နတ်အစီအရင်သခင် မည်ကဲ့သို့ ဖြစ်နိုင်ပါအံ့နည်း။
"စည်းတံဆိပ်ကို ကျုပ်ဖြိုခွဲနိုင်မလား ဆိုတာ ကြိုးစားကြည့်ရင် သိရပါလိမ့်မယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး တာအိုဝတ်ရုံဝတ် အဘိုးအိုကို လျစ်လျူရှုလိုက်ကာ ချက်ချင်းဆိုသလိုပင် တင်ပျဥ်ခွေထိုင်၍ သူ၏ရှေ့မှ တောင်ထွတ်ကို စိုက်ကြည့်နေခဲ့သည်။
"လူအထင်ကြီးအောင် လုပ်နေတာပဲ"
ကျန်းချန်၏ အပြုအမူကို မြင်လျှင် တာအိုဝတ်စုံဝတ် အဘိုးအိုက အထင်သေးစွာ ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူသည်လည်း သူ၏ ရှေ့မှ တောင်ထွတ်၏ အခြေအနေကို ဆက်လက် လေ့လာနေခဲ့၏။
သူ့လို နဝမအဆင့် နတ်အစီအရင်သခင်ကို သူ၏ရှေ့မှ မလောက်လေး မလောက်စား ကောင်လေးတစ်ယောက်က ယှဥ်နိုင်လိမ့်မည်ဟု သူလုံးဝ မယုံကြည်ပေ။
ကျန်းချန်က သူ၏ အာရုံကို တစ်ဖန် ပြန်လည် စုစည်းလိုက်ကာ သူ၏ရှေ့မှ တောင်ထွတ်ကို စိုက်ကြည့်နေခဲ့သည်။
အချိန်များ ကုန်ဆုံးလာသည်နှင့် အမျှ စနစ်၏ သတိပေးချက်များသည် သူ၏စိတ်ထဲတွင် ဆက်လက် မြည်ဟည်းနေခဲ့၏။
"ဒင်.. သင်က နယ်မြေနတ်ဘုရားအဆင့် စည်းတံဆိပ် ဖြစ်တဲ့ စကြဝဠာ လဲ့ဟော်စည်းတံဆိပ်ကို ကြည့်ရင်း အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင်က စကြဝဠာလဲ့ဟော် စည်းတံဆိပ်ရဲ့ တစ်ရာခိုင်နှုန်းကို နားလည် သဘောပေါက်သွားခဲ့ပါပြီ"
"ဒင်.. သင်က နယ်မြေနတ်ဘုရားအဆင့် စည်းတံဆိပ်ဖြစ်တဲ့ စကြဝဠာ လဲ့ဟော်စည်းတံဆိပ်ကို ကြည့်ရင်း အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"
"ဒင်.. သင်က စကြဝဠာလဲ့ဟော် စည်းတံဆိပ်ရဲ့ တစ်ရာခိုင်နှုန်းကို နားလည် သဘောပေါက်သွားခဲ့ပါပြီ"
".........."
ကျန်းချန်က သူ၏ ရှေ့မှ စကြဝဠာ လဲ့ဟော်စည်းတံဆိပ်ကို ဆက်လက်နားလည်ရန် အားထုတ်နေခဲ့သည်။
၁ရက်၊၂ရက်၊၃ရက်...
ဤသို့ဖြင့် ၈ရက် ဟူသော အချိန်ကာလသည် မသိလိုက်မသိဘာသာဖြင့် မျက်စိတစ်မှိတ် အတွင်း ကုန်ဆုံးသွားခဲ့သည်။
၉ရက်မြောက်နေ့တွင် ကျန်းချန်သည် စကြဝဠာလဲ့ဟော် စည်းတံဆိပ်အပေါ် နားလည်သဘောပေါက်မှုတွင် ၁၀၀ရာခိုင်နှုန်းကို ရောက်ရှိသွားခဲ့၏။
သူ၏စိတ်ထဲတွင် စနစ်၏ သာယာနာပျော်ဖွယ်ကောင်းသော သတိပေးချက်သည် ထွက်ပေါ်လာခဲ့သည်။
"ဒင်..သင်က စကြဝဠာလေဟော်စည်းတံဆိပ်ကိုအောင်မြင်စွာ နားလည် သဘောပေါက်သွားခဲ့ပါပြီ"
အခန်း(၁၇၇၄)ပြီး၏။
အခန်း(၁၇၇၅)
ကျန်းချန်က စကြဝဠာလဲ့ဟော် စည်းတံဆိပ်ကို အပြည့်အဝနားလည်သဘောပေါက်ပြီးနောက်တွင် စည်းတံဆိပ်ကို ဖြိုခွဲရန် ကြိုးစားတော့မည့် အချိန်မှာပင် အစီအရင်ရှေ့တွင် ငြိမ်သက်စွာ ထိုင်နေခဲ့သော တာအိုဝတ်စုံဝတ် အဘိုးအိုသည် ရုတ်တရက် ထရပ်လိုက်သည်။
"အကြီးအကဲရှ အခြေအနေ ဘယ်လိုလဲ"
ထိုမြင်ကွင်းကိုမြင်လျှင် ဟွမ်ဖူလင်းနှင့် အခြားသူများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး အလျင်အမြန်ပင် မေးမြန်းလိုက်ကြသည်။
တာအိုဝတ်စုံဝတ် အဘိုးအိုကို ရှယွမ်ခိုင်ဟုခေါ်ပြီး မဟာမြေရိုင်းနယ်မြေတွင် အလွန်ရှားပါးသော နဝမအဆင့် နတ်အစီအရင်သခင်တစ်ဦး ဖြစ်သည်။
ဟွမ်ဖူလင်းသည် ရှယွမ်ခိုင်၏ အသက်ကို ကယ်တင်ခဲ့ဖူး၍ ဤတစ်ခေါက် ခရီးစဥ်သည် ရှယွမ်ခိုင်အတွက် ဟွမ်ဖူလင်းကို ကျေးဇူးဆပ်ရန် ဖြစ်စေခဲ့သည်။
ဟွမ်ဖူလင်းသည် အရှင်ဟော်ယွင်၏ အမွေအနှစ်တွင် အစွမ်းထက် စည်းတံဆိပ် သို့မဟုတ် အစီအရင်တစ်ခု ရှိနေရမည်ဟု ကြိုတင်မျှော်လင့်ထားခဲ့၍ ရှယွမ်ခိုင်ကို ဖိတ်ခေါ်ခဲ့ခြင်း ဆိုလည်းမမှားပေ။
ရှယွမ်ခိုင်နှင့်ပတ်သက်၍ ဟွမ်ဖူလင်းသည် ယုံကြည်မှု ကြီးကြီးမားမား ရှိခဲ့သည်။
သူ၏ရှေ့မှစည်းတံဆိပ်ကို ရှယွမ်ခိုင် ဖြိုခွဲ၍ မရခဲ့လျှင် မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးတွင် ထိုစည်းတံဆိပ်ကို ဖြိုခွင်းနိုင်သူ အနည်းငယ်မျှသာ ရှိမည် ဖြစ်၏။
"ရက်ပေါင်းများစွာ လေ့လာပြီးတဲ့နောက်မှာ နောက်ဆုံးတော့ သဲလွန်စ နည်းနည်းပါးပါးကို ရရှိခဲ့ပြီ"
ရှယွမ်ခိုင်၏ မျက်နှာထက်တွင် ခပ်ယဲ့ယဲ့ အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
"ဒီစည်းတံဆိပ်ကို ရှေးဟောင်း ကျမ်းစာအုပ်တစ်အုပ်မှာ ငါမြင်ခဲ့ဖူးတယ်.. ဒီစည်းတံဆိပ်က စကြဝဠာ လဲ့ဟော်စည်းတံဆိပ်လို့ ခေါ်ပြီး အရမ်းအဆင့်မြင့်တဲ့ မီးလျှံစည်းတံဆိပ်နည်းစနစ် ဖြစ်တယ်"
ထိုစကားကိုကြားလျှင် ဟွမ်ဖူလင်းက အလွန်အမင်း ဝမ်းသာသွားခဲ့သည်။
"စည်းတံဆိပ်ကို ဖြိုခွင်းဖို့နည်းလမ်းရှိလား"
ရှယွမ်ခိုင်က ခေါင်းကို ခါရမ်းလိုက်၏။
"ဒီစည်းတံဆိပ်ကို ဖြိုခွင်းတဲ့နည်းက မဟာမြေရိုင်းနယ်မြေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပျောက်ဆုံးသွားခဲ့ပြီ.. ဒသမအဆင့် နတ်အစီအရင်သခင်တောင်မှ ဒီအစီအရင်ကို ဖြိုခွင်းဖို့ မလွယ်ကူလောက်ဘူး"
"အကြီးအရှ ဆိုလိုချင်တာက ဒီစည်းတံဆိပ်ကို မဖြိုခွင်နိုင်ဘူးဆိုတဲ့ သဘောလား"
ရှယွမ်ခိုင်ထံမှ စကားကိုကြားပြီးနောက်တွင် ဟွမ်ဖူလင်း၏ မျက်နှာသည် ချက်ချင်းဆိုသလို အကျည်းတန်သွားခဲ့သည်။
သူတို့ဟွမ်ဖူမိသားစုက အရှင်ဟော်ယွင်၏ အမွေအနှစ်မြေပုံကို ရရှိရန်အတွက် ကြီးမားသော အဖိုးအခကို အသုံးပြုခဲ့ရသည်။
ယခုမြေပုံကို ရရှိပြီး အရှင်ဟော်ယွင်၏ အမွေအနှစ် နေရာကို တွေ့ရှိနေရသော်လည်း ထိုနေရာတွင် အရှင်ဟော်ယွင်က ရှေးဟောင်း စည်းတံဆိပ်ဖြင့် ပိတ်ဆို့ထားခဲ့၏။
"အကြီးအကဲရှ.. စည်းတံဆိပ်ကို ဖြိုခွင်းဖို့ တကယ်ပဲ နည်းလမ်းမရှိတော့ဘူးလား"
ဟွမ်ဖူလင်းက မျက်မှောင်ခပ်တင်းတင်း ကြုတ်ကာ မေးလိုက်သည်။
အရှင်ဟော်ယွင်က နှောင်းလူများအတွက် မြေပုံတစ်ခု ချန်ထားရစ်ခဲ့သောကြောင့် သူ၏ အမွေအနှစ်ကို ဟော်ယွင်တောင်တန်းတွင် ထာဝရမြှုပ်နှံထားလိုခြင်းမရှိဟု ဆို၍ရသည်။
ထို့ကြောင့် စည်းတံဆိပ်ကိုဖြိုခွင်းရန် နည်းလမ်း သေချာပေါက် ရှိရပေမည်။
"စကြဝဠာလဲ့ဟော် စည်းတံဆိပ်က ရှေးဟောင်းစည်းတံဆိပ်နည်းစနစ်တစ်ခုပဲ.. ဒီနည်းစနစ်ကို ဖြိုခွဲဖို့ဆိုရန် နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူနဲ့ ဒသမအဆင့် နတ်အစီအရင်သခင်တို့ ပူးပေါင်းလုပ်ဆောင်ရလိမ့်မယ်လို့ ငါထင်တယ်.. ဒါပေမဲ့ ငါနဲ့တွေ့တာ မင်းတို့တွေ ကံကောင်းသွားတယ် ငါက စကြဝဠာလေဟော်စည်းတံဆိပ်ကို မဖြိုခွဲနိုင်ပေမဲ့ ဒီစည်းတံဆိပ်အပေါ်မှာတော့ နားလည် သဘောပေါက်မှုအချို့ ရှိတယ်"
ထိုစကားကိုပြောနေစဥ် ရှယွမ်ခိုင်သည် ကျန်းချန်ကို စိန်ခေါ်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
သူ၏မျက်နှာထက်တွင် အောင်နိုင်သူ၏ အမူအရာများ ဖြစ်ပေါ်နေခဲ့၏။
ဟွမ်ဖူလင်းတို့ လူစုက ရှယွမ်ခိုင်၏စကားကို ကြားလျှင် အလွန်တရာဝမ်းသာသွားခဲ့ပြီး အလျင်အမြန်မေးလိုက်သည်။
"ဒါဆိုအကြီးအကဲရှ ကျွန်တော်တို့အခု ဘာဆက်လုပ်သင့်လဲ"
"စကြဝဠာ လဲ့ဟော်စည်းတံဆိပ်က ကမ္ဘာမြေ နှလုံးသားမီးလျှံကို အသုံးပြုထားတဲ့ မှော်နည်းစနစ်တစ်ခုပဲ.. အရှင်ဟော်ယွင်က မီးလမ်းစဥ်မှာ အတော်လေး ပေါက်မြောက်ထားတဲ့အတွက် သူစီရင်ထားတဲ့စည်းတံဆိပ်က တောင်တစ်ခုလုံးနဲ့ ပေါင်းစပ်ထားပြီး အားနည်းချက် မရှိသလောက်ပဲ...ငါတို့အတွက် အခုအရေးအကြီးဆုံးက မြေကြီးထဲမှာ မြှုပ်နှံထားတဲ့ ကမ္ဘာမြေ နှလုံးသားမီးလျှံကို ရှာဖွေဖို့ပဲ.. ကမ္ဘာမြေ နှလုံးသားမီးလျှံကို ရှာဖွေပြီး ဖျက်ဆီးနိုင်သရွေ့ စကြဝဠာလဲ့ဟော် စည်းတံဆိပ်က ဖြိုခွဲနိုင်လိမ့်မယ်ထင်တယ်"
ရှယွမ်ခိုင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ဟွမ်ဖူလင်းတို့ လူစုသည် မျက်မှောင်ကြုတ်သွားခဲ့ကြ၏။
ကမ္ဘာမြေနှလုံးသားမီးလျှံသည် ကောင်းကင်နှင့်မြေကြီး ကြားတွင် ဖြစ်ပေါ်လာသော အလွန်တရာ ရှားပါးသည့် မြင့်မြတ်သောမီးလျှံ ဖြစ်ပြီး ယေဘုယျအားဖြင့် ကမ္ဘာမြေ၏ နက်ရှိုင်းသော နေရာတွင် ရှိတတ်သည်။
ထို့အပြင် ကမ္ဘာမြေနှလုံးသားမီးလျှံသည် လမ်းကြောင်းပြောင်းလဲနိုင်စွမ်း ရှိပြီး မြေအောက်တွင်လည်း ရွေ့လျားနိုင်၏။
နယ်မြေနတ်ဘုရားများသည်ပင် ကမ္ဘာနှလုံးသားမီးလျှံက မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို သိရှိရန်ခက်ခဲသည်။
အကယ်၍ သိထားခဲ့လျှင်ပင် ကမ္ဘာမြေ နှလုံးသားမီးလျှံကို ရှာဖွေရန်မလွယ်ကူသည်ဖြစ်ရာ ဖျက်ဆီးရန်ဆိုသည်မှာ ပြောနေစရာပင် မလိုတော့ချေ။
သို့သော်လည်း ကမ္ဘာမြေနှလုံးသား မီးလျှံကို ရှာဖွေခြင်းသည် စည်းတံဆိပ်ကိုဖြိုခွင်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သောကြောင့် သူတို့သည် အစွမ်းကုန် ကြိုးစားရှာဖွေရုံသာ ရှိတော့၏။
ဟွမ်ဖူလင်းက အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်၏။
သူက သူ၏လူများနှင့်အတူ မြေနှလုံးသားမီးလျှံကို ရှာဖွေရန် ကြိုးစားတော့မည်အချိန်မှာပင် အသံတစ်သံသည် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
"ဒီလောက် အလုပ်ရှုပ်ခံဖို့မလိုပါဘူး ဒီစကြဝဠာ လဲ့ဟော်စည်းတံဆိပ်ကို ငါဖြိုခွဲနိုင်ပါတယ်"
ထိုစကားသံကို ကြားလျှင် အားလုံး၏အကြည့်သည် ကျန်းချန်ဆီသို့ ရောက်ရှိလာခဲ့သည်။
ဟွမ်ဖူစုန့်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
"မိတ်ဆွေလေးကျန်းချန် မင်းတကယ်ပြောတာလား"
ကမ္ဘာမြေ နှလုံးသားမီးလျှံသည် ကောင်းကင်နှင့်မြေကြီး၏ မီးလျှံဖြစ်၍ ရှာဖွေရန် မလွယ်ကူသောအရာ ဖြစ်သည်။
အကယ်၍ သူတို့က ကမ္ဘာမြေ နှလုံးသားမီးလျှံကို ရှာဖွေသည့်နည်းလမ်းအား အမှန်တကယ် အားကိုးမည်ဆိုလျှင် နှစ်ဝက်သို့မဟုတ် ၁နှစ်အတွင်း ကမ္ဘာမြေနှလုံးသားမီးလျှံကို ရှာဖွေနိုင်မည်မဟုတ်ပေ။
သို့ဖြစ်ရာ စည်းတံဆိပ်ကို ဖြိုခွဲပြီး အရှင်ဟော်ယွင်၏ အမွေအနှစ်ကိုရယူရန် ဆိုသည်မှာ ပြောနေစရာပင် မလိုတော့ချေ။
"ဟားဟား မင်းဒီလောက်တောင် လေလုံးထွားနေတာ လျှာခေါက်မှာ မကြောက်ဘူးလား.. တကယ်လို့ မင်းသာ စကြဝဠာလဲ့ဟော် စည်းတံဆိပ်ကို ဖြိုခွင်းနိုင်ရန် ငါရှယွမ်ခိုင် ဒူးထောက်ပြီး မင်းကို ဆရာအဖြစ် တင်မြှောက်လိုက်မယ်"
ရှယွမ်ခိုင်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။
စကြဝဠာလဲ့ဟော် စည်းတံဆိပ်သည် ပျောက်ဆုံးနေသော ရှေးဟောင်းနည်းစနစ်တစ်ခု ဖြစ်သည်။
ဒသမအဆင့် နတ်အစီအရင်သခင်ပင်လျှင် အလွယ်တကူ ဖြေရှင်းနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သူ၏ရှေ့မှ မလောက်လေး မလောက်စားကောင်လေးသည် စကြဝဠာလဲ့ဟော် စည်းတံဆိပ်ကို ဖြိုခွဲနိုင်သည်ဆိုသည်မှာ ဖြစ်နိုင်ဖွယ်ရှာ မရှိချေ။
"ငါတကယ်ပဲ ဖြိုခွင်းနိုင်မလားဆိုတာ မင်းစောင့်ကြည့်ရင် သိလာပါလိမ့်မယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ရှယွမ်ခိုင်ကို လျစ်လျူရှုကာ ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်၍ သူ့ရှေ့မှ တောင်တန်း ဆီသို့ လျင်မြန်စွာ ပစ်ခတ်လိုက်သည်။
စကြဝဠာလဲ့ဟော် စည်းတံဆိပ်သည် ရှယွမ်ခိုင် ပြောသည့်အတိုင်းပင် ကမ္ဘာမြေနှလုံးသားမီးလျှံဖြင့် စီရင်ထားခြင်းဖြစ်သည်။
စကြဝဠာလဲ့ဟော် စည်းတံဆိပ်ကို ဖြိုခွင်းရန် သော့ချက်သည် ကမ္ဘာမြေနှလုံးသားမီးလျှံ ဖြစ်သည်။
သို့သော်လည်း ရှယွမ်ခိုင်၏ နည်းလမ်းဖြင့် ကမ္ဘာမြေ နှလုံးသားမီးလျှံကို ရှာဖွေသည်မှာ လက်တွေ့မကျပေ။
ကျန်းချန်က စကြဝဠာလဲ့ဟော် စည်းတံဆိပ်ကို အပြည့်အဝနားလည်သဘောပေါက်နေခဲ့၍ စကြဝဠာလဲ့ဟော် စည်းတံဆိပ်ကို ဖြိုခွဲသည့် နည်းလမ်းအား ကောင်းစွာ ကျွမ်းကျင်နေခဲ့သည်။
ကမ္ဘာမြေနှလုံးသားမီးလျှံသည် မြေကြီး၏ နက်ရှိုင်းသောနေရာတွင် တည်ရှိသည်။
၎င်းကို ရှာဖွေ၍ မရနိုင်သောကြောင့် ဖိနှိပ်ခြင်းဖြင့် အစီအရင်နှင့် ဆက်သွယ်မှုကို လုံးဝ ဖြတ်တောက်ပစ်လိုက်ခြင်းသည် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
ဤနည်းအားဖြင့် သူ၏ရှေ့မှ စကြဝဠာလဲ့ဟော် စည်းတံဆိပ်ကို ဖျက်ဆီးပစ်နိုင်မည် ဖြစ်၏။
ကျန်းချန်၏ နည်းလမ်းသည် ယခုလေးတင် သူနားလည်ခဲ့သော ဖြိုခွဲခြင်း နည်းလမ်း ဖြစ်သည်။
ကျန်းချန်က ဆန်းကြယ်သောလက်ဟန်များကို လျင်မြန်စွာပြုလုပ်နေခဲ့၏။
သိပ်မကြာခင်မှာပင် တောက်ပသော အလင်းများကို ထုတ်လွှတ်နေသော စွမ်းအင်လေးခုသည် ကောင်းကင်တိုင်လုံးကဲ့သို့ ကျန်းချန်၏ ထိန်းချုပ်မှုအောက်တွင် တောင်ထိပ်ပတ်ပတ်လည်ရှိ မတူညီသော နေရာလေးနေရာတွင် ပေါ်လာခဲ့သည်။
"ဒါ ဒါက ရှေးဟောင်းနတ်ဘုရား တားမြစ်နည်းစနစ်ပဲ"
သူ၏ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ရှယွမ်ခိုင်သည် ရုတ်တရက် တစ်စုံတစ်ရာကို စဥ်းစားမိလိုက်ပြီး အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။
"မင်း.. မင်းက ရှေးဟောင်းနတ်ဘုရား တားမြစ်နည်းစနစ်နဲ့ ကမ္ဘာမြေနှလုံးသားမီးလျှံကို ဖိနှိပ်ချင်တာလား"
"ဘယ်ဆိုးလို့လဲ မင်းမှာ မြင်နိုင်စွမ်းအချို့တော့ ရှိသေးသားပဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် ဟွမ်ဖူလင်းကို ကြည့်လိုက်သည်။
"အကြီးအကဲဟွမ်ဖူ ငါတစ်ယောက်တည်းရဲ့ ခွန်အားနဲ့ဆိုရင် ကမ္ဘာမြေနှလုံးသားမီးလျှံကို ဖိနှိပ်နိုင်မှာမဟုတ်ဘူး.. ခင်ဗျားတို့က အခြားအလင်းတိုင် ၃ခုဆီသွားပြီး ခင်ဗျားတို့ရဲ့စွမ်းအားတွေကို အလင်းတိုင်ထဲ ထည့်သွင်းလိုက်ပါ"
ကမ္ဘာမြေနှလုံးသားမီးလျှံသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ မီးလျှံ ဖြစ်သည်။
အရှင်ဟော်ယွမ်က ထိုမီးလျှံကို စကြဝဠာ လဲ့ဟော် စည်းတံဆိပ်တွင် ထည့်အသုံးပြုထားသောကြောင့် အားမနည်းဟု သူ တွေးမိခဲ့သည်။
သူ့လို ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦးတည်းဖြင့် ကမ္ဘာမြေနှလုံးသား မီးလျှံကို ဖိနှိပ်ရန်မှာ လွယ်ကူသောအလုပ်မဟုတ်ပေ။
ထို့ကြောင့် ကျန်းချန်သည် အားလုံး၏ ခွန်အားကို စုစည်းကာ ကမ္ဘာမြေနှလုံးသား မီးလျှံကို ဖိနှိပ်ရန် ရည်ရွယ်ထားခဲ့သည်။
အခန်း(၁၇၇၅)ပြီး၏။
အခန်း(၁၇၇၆)
"ကောင်းပြီ"
ဟွမ်ဖူလင်းက ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလို ဟွမ်ဖူစုန့်နှင့် ဟွမ်ဖူမိသားစုမှ အခြား ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရား အကြီးအကဲတစ်ဦးနှင့်အတူ အလင်းတန်းသုံးခုဘေးတွင် ပေါ်လာခဲ့သည်။
မူလက ဟွမ်ဖူလင်းသည် ကျန်းချန်က စည်းတံဆိပ်ကို ဖြိုခွဲနိုင်မလား ဟူသည်နှင့် ပတ်သက်၍ သံသယရှိခဲ့သည်။
သို့သော်လည်း ရှယွမ်ခိုင်၏ ထိတ်လန့်တကြား အသွင်အပြင်ကို မြင်ပြီးနောက်တွင် ဟွမ်ဖူလင်း၏ နှလုံးသားထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ကျန်းချန်သည် ဤလျှို့ဝှက်ဆန်းကြယ်သော စည်းတံဆိပ်ကို အမှန်တကယ် ဖြိုခွဲနိုင်လောက်၏။
"ခေါင်းဆောင်ဟွမ်ဖူ.. ငါ တစ်ကနေ သုံးအထိ ရေတွက်မယ် သုံးကိုရောက်တာနဲ့ အားလုံးက အလင်းတန်းထဲကို စွမ်းအားတွေ ထည့်သွင်းလိုက်ပါ"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ရှေ့မှ စွမ်းအင်အလင်းတန်း ပေါ်သို့ သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။
"တစ်..နှစ်..သုံး.."
ကျန်းချန်၏ ရေတွက်သံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် သူတို့လေးဦးစလုံးသည် သူတို့ခန္ဓာကိုယ်ထဲမှ ကမ္ဘာ့စွမ်းအားကို တစ်ပြိုင်နက်တည်း လှုံ့ဆော်ကာ သူတို့ရှေ့မှ အလင်းတန်းထဲသို့ ထည့်သွင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် အလင်းတန်းလေးခု၏ စွမ်းအားအောက်တွင် ထူးဆန်းသော စွမ်းအင်တစ်ခုသည် ပေါက်ကွဲထွက်လာခဲ့သည်။
ထိုစွမ်းအင်က ရေတံခွန် ကဲ့သို့ဖြစ်ပြီး မြေပြင်ပေါ်တွင် စွမ်းအင် အတားအဆီး တစ်ခုကို ဖော်ဆောင်လိုက်၏။
ယင်း စွမ်းအင် အတားအဆီး ပေါ်ပေါက်လာသည့် အခိုက်အတန့်တွင် ကျယ်လောင်သောအသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
မကြာမီမှာပင် ပေ၁၀၀ အမြင့်ရှိသော အနီရောင် အလင်း ဂိတ်တံခါး တစ်ခုသည် တောင်ထွတ်ထိပ်ရှိ လေထုအလယ်တွင် ထွက်ပေါ်လာခဲ့သည်။
အလင်းဂိတ်တံခါးက ရိုးရှင်း ဆန်းပြားကာ ပတ်ပတ်လည်တွင် မီးလျှံများဖြင့် လင်းလက်နေခဲ့ပြီး နေရာလွတ်စွမ်းအင်အတက်အကျများလည်း ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေခဲ့သည်။
ထိုအလင်းဂိတ်တံခါးမှ တစ်ဆင့် မီးပင်လယ်ကဲ့သို့ နက်နဲဆန်းကြယ်သော ကမ္ဘာတစ်ခုကိုလည်း မြင်တွေ့နိုင်၏။
"စည်းတံဆိပ်က ကျိုးပျက်သွားပြီ.. ဒီအနီရောင်အလင်း ဂိတ်တံခါးက အရှင်ဟော်ယွင် ကိုယ်တိုင် ဖန်တီးထားတဲ့ ကိုယ်ပိုင်ကမ္ဘာ ဖြစ်ပြီး အရှင်ဟော်ယွင်ရဲ့ အမွေအနှစ် တည်ရှိရာ နေရာလည်း ဖြစ်ပုံရတယ်"
လေထုအလယ်တွင် ဆိုင်းငံ့နေသော အနီရောင်အလင်းဂိတ်တံခါးကို ကြည့်ရင်း ဟွမ်ဖူလင်းတို့ လူစုသည် အနည်းငယ်အံ့အားသင့်သွားပြီး မျက်နှာထက်တွင် အလွန်အမင်းပျော်ရွှင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ရှယွမ်ခိုင်ကမူ မှင်တက်နေခဲ့ပြီး တစ္ဆေတစ်ကောင်ကို မြင်တွေ့ရသကဲ့သို့ သူမျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
သူ၏ရှေ့မှ ကောင်လေးသည် ကမ္ဘာမြေနှလုံးသား မီးလျှံကို ဖိနှိပ်နိုင်သော ရှေးဟောင်းနတ်ဘုရား တားမြစ်နည်းစနစ်ကို အမှန်တကယ် ကျွမ်းကျင်ပြီး အရှင်ဟော်ယွင်၏ စကြဝဠာ လဲ့ဟော်စည်းတံဆိပ်ကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးဖူးခဲ့ပေ။
"ဒီကမ္ဘာမှာ မဖြစ်နိုင်ဘူးဆိုတဲ့အရာ မရှိဘူး"
ကျန်းချန်က ရှယွမ်ခိုင်ကို တစ်ချက် ကြည့်ကာ မဲ့ပြုံးပြုံး၍ ပြောလိုက်သည်။
"အဘိုးကြီး ဘယ်လိုလဲ.. ခင်ဗျား အခု ကျုပ်ကို ယုံကြည်ပြီလား"
"မင်းက ရှေးဟောင်းနတ်ဘုရား တားမြစ်အစီအရင်ကို ကျွမ်းကျင်ပြီး အစီအရင်ပညာရပ်မှာ ငါ့ထက် အများကြီးသာလွန်ပါတယ်.. ဒီအဘိုးကြီးက အနာဂတ်မှာ မင်းကို ဆရာအဖြစ် ကိုးကွယ်ပါ့မယ်"
ရှယွမ်ခိုင်က အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကျန်းချန်ကို တလေးတစား ဦးညွှတ်ကာ ပြောလိုက်သည်။
သူ၏ရှေ့မှ လူငယ်သည် အစီအရင် ပညာရပ်တွင် ထူးခြားသော အဆင့်အတန်း ရှိပြီး ရှေးဟောင်းနတ်ဘုရားနည်းစနစ်များကိုလည်း တတ်ကျွမ်းထားသည်။
ထိုသို့သော အစီအရင်သခင်သည် အနည်းဆုံး ဒသမအဆင့်နတ်အစီအရင်သခင် အဆင့်ဖြစ်ရပေမည်။
သူက နှစ်ပေါင်းများစွာ နဝမအဆင့် နတ်အစီအရင်သခင် ဖြစ်ခဲ့သော်လည်း ဒသမအဆင့် နတ်အစီအရင်သခင် အဆင့်ကို ထိုးဖောက်ရန် နည်းလမ်းအား ရှာမတွေ့နိုင်ခဲ့ပေ။
ဤတစ်ကြိမ်တွင် ကျန်းချန်ကဲ့သို့ ပုဂ္ဂိုလ်နှင့် တွေ့ဆုံခြင်းသည် သူ့အတွက် မဟာအခွင့်အရေးပင်။
အကယ်၍ သူသာ ကျန်းချန်ကို သူ၏ ဆရာအဖြစ် တင်မြှောက်ခဲ့လျှင် ကျန်းချန်ထံကနေ ဒသမအဆင့် နတ်အစီအရင်သခင်အဖြစ် ထိုးဖောက်ရန်နည်းလမ်းကို ရရှိနိုင်လိမ့်မည် မဟုတ်ပါလော။
"ညီနောင်ကျန်းချန်.. မင်းက ကိုယ်ခံပညာမှာသာ ပါရမီထူးခြားရုံမကဘူး.. အစီအရင်ပညာရပ်မှာလည်း ဒီလောက်အထိ အဆင့်အတန်း မြင့်မားနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. အစီအရင်ကို ဖြေရှင်းပေးတဲ့အတွက် ညီနောင်ကျန်းချန်ကို ကျေးဇူးတင်ပါတယ်"
ဟွမ်ဖူလင်းက ပြုံးရွှင်စွာ ပြောလိုက်သည်။
ဤအခိုက်အတန့်တွင် ဟွမ်ဖူလင်းသည် ကျန်းချန်နှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့ခြင်းက မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်ဟု ပို၍ ခံစားလာမိသည်။
ကျန်းချန်သာ မရှိခဲ့လျှင် သူတို့က ဤနေရာကို ရှာတွေ့ခဲ့လျှင်ပင် စည်းတံဆိပ်ကို ဖြိုခွဲကာ အရှင်ဟော်ယွင်၏ အမွေအနှစ်နေရာကို အောင်မြင်စွာ ရှာဖွေနိုင်မည် မဟုတ်ပေ။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။
"ကံကောင်းသွားတာပါ ခေါင်းဆောင်ဟွမ်ဖူ"
ဟွမ်ဖူလင်းက အပိုစကားများ မပြောတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
"ညီနောင်ကျန်းချန် အချိန်မဆွဲဘဲ ငါတို့တွေ အခုချက်ချင်းဝင်ကြစို့"
"ကောင်းပြီ"
ကျန်းချန်က လေထုအလယ်ရှိ အလင်းဂိတ်တံခါးကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကျွန်တော်တို့တွေ ကမ္ဘာမြေနှလုံးသား မီးလျှံကို ဖိနှိပ်ထားပေမဲ့ စကြဝဠာ လဲ့ဟော်စည်းတံဆိပ်က အန္တရာယ်မရှိဘူးလို့ မဆိုလိုဘူး.. သတိထားမှပဲ ဖြစ်လိမ့်မယ်"
ဟွမ်ဖူစုန့်က အသက်ကို ခပ်ပြင်းပြင်းရှူသွင်းကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"ခေါင်းဆောင် ငါအခြေအနေကို အရင်စစ်ဆေးလိုက်မယ်"
ထိုစကားကို ပြောပြီးနောက်တွင် ဟွမ်ဖူစုန့်သည် အလင်းဂိတ်တံခါးထဲသို့ ဝင်ရောက်ရန် ပြင်လိုက်ချိန်မှာပင် ရုတ်တရက် ခနဲ့တဲ့တဲ့ ရေရွတ်လိုက်သော အသံတစ်သံသည် ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာခဲ့သည်။
"ဟားဟား ဟွမ်ဖူလင်း.. မင်းတို့ ဟွမ်ဖူမိသားစုက အရှင်ဟော်ယွင်ရဲ့ အမွေအနှစ် တည်နေရာကို တကယ်ပဲ ရှာတွေ့နိုင်ခဲ့တယ် ဆိုတော့ ဘယ်ဆိုးလို့လဲ"
ရုတ်တရက် ထွက်ပေါ်လာသောအသံက ဟွမ်ဖူလင်းတို့ လူစု၏ မျက်နှာအမူအရာကို ရုတ်တရက် ပြောင်းလဲသွားစေခဲ့သည်။
သူတို့က ခေါင်းမော့လိုက်ပြီး မိုင်၁၀၀ အကွာရှိ နေရာလွတ် ဆီသို့ ကြည့်လိုက်ကြသည်။
ထိုနေရာတွင် မီးလျှံအလင်းဖြင့် လွှမ်းခြုံထားသော အနီရောင်ပုံရိပ်လေးခု ရှိနေခဲ့၏။
"ယန်ကျင်း.. မင်းကိုး"
ဦးဆောင်လာသော အနီရောင်ဝတ်စုံဝတ် လူငယ်ကို မြင်လျှင် ဟွမ်ဖူလင်းသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းပင် စိုးရိမ်သွားခဲ့သည်။
နန်လီမျိုးနွယ်စု၏ သခင်လေးယန်ကျင်းသည် နန်လီမျိုးနွယ်စုမှ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားသုံးပါးနှင့် အတူ ဤနေရာတွင် မမျှော်လင့်ဘဲ ပေါ်ထွက်လာခဲ့သည်။
ဤအခိုက်အတန့်တွင် ဟွမ်ဖူလင်းသည် သူတို့က အရှင်ဟော်ယွင်၏ အမွေအနှစ်မြေပုံ ရရှိခဲ့သည် ဟူသောသတင်းအား နန်လီမျိုးနွယ်စု၏ မျက်လုံးအောက်ကနေ ကွယ်ဝှက်၍ မရနိုင်ခဲ့မှန်း လျင်မြန်စွာ နားလည်သွားခဲ့သည်။
နန်လီမျိုးနွယ်စုက ဘာမှအရေးမယူခဲ့သည့် အကြောင်းအရင်းမှာ သူတို့ ဟွမ်ဖူမိသားစုကို အသုံးချကာ အရှင်ဟော်ယွမ်၏ အမွေအနှစ် တည်နေရာကို ရှာဖွေလိုခြင်းကြောင့် ဖြစ်နိုင်လောက်၏။
ယခု သူတို့က ဤနေရာရှိ စကြဝဠာလဲ့ဟော် စည်းတံဆိပ်ကို ဖြိုခွဲလိုက်သောအခါ အရှင်ဟော်ယွင်၏ အမွေအနှစ် နယ်မြေ ဂိတ်တံခါးသည် ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ယန်ကျင်းသည် နန်လီမျိုးနွယ်စုမှ ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားများနှင့် အတူ ရောက်ရှိလာ၏။
ဤတစ်ကြိမ်တွင် သူတို့ ဟွမ်ဖူမိသားစုသည် နန်လီမျိုးနွယ်စု၏ အသုံးချခြင်းကို လုံးဝ ခံခဲ့ရသည်။
ဟွမ်ဖူလင်းက သူ၏စိတ်နှလုံးထဲမှ ထိတ်လန့်မှုကိုဖိနှိပ်ကာ အသက်ကိုခပ်ပြင်းပြင်းရှုသွင်းလိုက်ပြီး ယန်ကျင်းကို စိုက်ကြည့်လိုက်သည်။
"ယန်ကျင်း မင်း ဒီကို ဘာအတွက်နဲ့ ရောက်လာတာလဲ"
"ဟွမ်ဖူလင်း မင်းက သိသိကြီးနဲ့ မေးနေတာလား"
ယန်ကျင်းက ဟွမ်ဖူလင်းကို အထက်စီးဆန်စွာ ကြည့်လိုက်သည်။
သူ၏မျက်နှာထက်တွင် မထီမဲ့မြင် အမူအရာများ ပြည့်နှက်နေခဲ့၏။
"အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်က မင်းတို့ ဟွမ်ဖူမိသားစု ပိုင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး.. အခြေအနေကို နားလည်ပြီး လိမ်လိမ်မာမာ ထွက်သွားမယ်ဆိုရင် မင်းတို့ကို အသက်ရှင်ခွင့်ပေးမယ်"
"ယန်ကျင်း.. အရှင်ဟော်ယွင်ရဲ့ အမွေအနှစ် တည်နေရာကို ငါတို့ ဟွမ်ဖူမိသားစုက ခက်ခက်ခဲခဲ ရှာဖွေခဲ့ရတယ်.. မင်းတို့ နန်လီမျိုးနွယ်စုက တစ်ယောက်တည်း အကုန် သိမ်းပိုက်ချင်တာက နည်းနည်း လွန်လွန်းတယ် မထင်ဘူးလား"
ဟွမ်ဖူလင်း၏ မျက်နှာထက်တွင် ချက်ချင်းဆိုသလို မကျေမနပ် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
အရှင်ဟော်ယွင်၏ အမွေအနှစ်ကို ရရှိရန်အတွက် သူတို့ ဟွမ်ဖူမိသားစုသည် အချိန်အတော်ကြာ စီစဥ်ခဲ့ရသည်။
ယခုအခါ အရှင်ဟော်ယွင်၏ အမွေအနှစ်က သူတို့ မျက်စိရှေ့တွင် ရှိနေသည် ဖြစ်ရာ သူတို့က မည်ကဲ့သို့ အလွယ်တကူ လက်လျှော့နိုင်ပါအံ့နည်း။
ယခု နန်လီ မျိုးနွယ်စုက သတိထားမိသွားပြီ ဖြစ်ရာ နန်လီမျိုးနွယ်စုကို အမွေအနှစ် နယ်မြေနှင့် ပတ်သက်၍ ဘေးဖယ်ထားရန် မဖြစ်နိုင်တော့ပေ။
ဟွမ်ဖူလင်း၏ အကြီးမားဆုံးသော လိုက်လျောမှုမှာ အမွေအနှစ်နယ်မြေမှ ရရှိသည့် ရတနာများ၏ တစ်စိတ်တစ်ပိုင်းကို နန်လီမျိုးနွယ်စုအား ခံစားခွင့်ပေးရန် ဖြစ်သည်။
သို့သော်လည်း အရှင်ဟော်ယွင်၏ အမွေအနှစ်များကို နန်လီမျိုးနွယ်စုက တစ်ကိုယ်တည်း သိမ်းပိုက်ရန် အတင်းအကျပ်လုပ်မည် ဆိုလျှင် သူက နန်လီမျိုးနွယ်စုကို ကြီးလေးသောအဖိုးအခအား ပေးစပ်စေမည် ဖြစ်၏။
"ငါ သခင်လေးက လွန်တော့ကော မင်းက ဘာလုပ်နိုင်မှာမို့လဲ"
ယန်ကျင်းက အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
"ဟွမ်ဖူလင်း.. မင်းက အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်ကို ရှာဖွေပေးတဲ့အတွက် ငါ မင်းကို လွှတ်ပေးလိုက်မယ်...ဒါပေမဲ့ သေခြင်းတရားကို ဆက်လက် ရှာဖွေနေမယ် ဆိုရင်တော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"
"ယန်ကျင်း.. အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်ကို မင်းတို့ နန်လီမျိုးနွယ်စု အတွက် ၃၀ရာခိုင်နှုန်း ငါပေးမယ်"
ဟွမ်ဖူလင်းက အသက်ကို ခပ်ပြင်းပြင်းရှူသွင်းကာ အေးစက်စက် ပြောလိုက်သည်။
"တကယ်လို့ မင်းတို့နန်လီမျိုးနွယ်စုက အရှင်ဟော်ယွင်ရဲ့အမွေအနှစ်တွေ အားလုံးကို တစ်ကိုယ်တည်း မောင်ပိုင်စီးချင်တယ်ဆိုရင်တော့ ငါတို့တွေ သူသေကိုယ်သေ တိုက်ခိုက်ကြဖို့ပဲ ရှိတော့တယ်"
အခန်း(၁၇၇၆)ပြီး၏။