← Chapters

အခန်း (၁၇၇၇-၁၇၇၉)

Vol. 119 Ch. 1777-1779

အခန်း (၁၇၇၇-၁၇၇၉)

Vol. 119 Ch. 1777-1779

အခန်း(၁၇၇၇)

"၃၀ရာခိုင်နှုန်းဆိုတော့ မင်းက ငါ့ကို သူတောင်းစားများ ထင်နေတာလား"

ယန်ကျင်းက နှာခေါင်းရှုံကာ အေးစက်စက် ရေရွတ်လိုက်သည်။

သူ၏ အမူအရာက အတော်လေး အထက်စီးဆန်နေခဲ့၏။

"အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်ကို နန်လီမျိုးနွယ်စုက ၇၀ ရာခိုင်နှုန်းယူမယ်.. ဒါ့အပြင် နယ်မြေနှလုံးသား သလင်းကျောက်ကလည်း ငါတို့နန်လီမျိုးနွယ်စုရဲ့ အပိုင်ပဲ"

ယန်ကျင်း၏ စကားကိုကြားလျှင် ဟွမ်ဖူလင်း၏ မျက်နှာထက်တွင် ဒေါသထွက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

နန်လီမျိုးနွယ်စု၏ သခင်လေးယန်ကျင်းသည် အလွန်ပင် အနိုင်ကျင့်လွန်းလှ၏။

နန်လီမျိုးနွယ်စုက ၇၀ ရာခိုင်နှုန်းကို ယူသွားသည်ဆိုလျှင် ဟွမ်ဖူမိသားစုနှင့် ကျန်းချန်တို့သည် ၃၀ရာခိုင်နှုန်းကိုသာ ရရှိနိုင်တော့မည် မဟုတ်ပါလော။

ထို့အပြင် ယန်ကျင်းသည် အရှင်ဟော်ယွင်၏ အမွေအနှစ်တွင် တန်ဖိုးအရှိဆုံး ဖြစ်သည့် နယ်မြေနှလုံးသား သလင်းကျောက်ကိုပါ ဝေစုထဲတွင် ထည့်သွင်းလိုခဲ့သည်။

စင်စစ် အရှင်ဟော်ယွင်၏ အမွေအနှစ်ကို ဟွမ်ဖူမိသားစုအနေဖြင့် အားတက်သရော ရှာဖွေခဲ့ခြင်းသည် အရှင်ဟော်ယွင် ချန်ထားရစ်ခဲ့သည့် နယ်မြေနတ်ဘုရား သလင်းကျောက် အတွက်သာ ဖြစ်၏။

ဟွမ်ဖူလင်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းကပင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ်တွင် ရှိနေခဲ့၏။

အကယ်၍ သူသာ အရှင်ဟော်ယွင်၏ နယ်မြေနတ်ဘုရားသလင်းကျောက်ကို ရရှိနိုင်လျှင် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီး ဟွမ်ဖူမိသားစုကို နယ်မြေနတ်ဘုရား အင်အားစု အဖြစ်သို့ ပြန်လည် ရောက်ရှိရန် မျှော်လင့်ချက်များ ရှိလာနိုင်ပေသည်။

ဆိုရလျှင် နယ်မြေနတ်ဘုရား သလင်းကျောက်သည် ဟွမ်ဖူလင်းအတွက် မဖြစ်မနေ လိုအပ်သောအရာ ဖြစ်ရာ ယန်ကျင်းကို မည်ကဲ့သို့ အလွယ်တကူ ပေးအပ်နိုင်ပါမည်နည်း။

ဟွမ်ဖူလင်း၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။

သူက ယန်ကျင်းကို စကားပြောတော့မည့် အချိန်မှာပင် သူ၏နံဘေးမှ အေးစက်စက် ခနဲ့လိုက်သော အသံတစ်သံသည် ထွက်ပေါ်လာခဲ့သည်။

"ဟမ့်.. မင်းတို့နန်လီမျိုးနွယ်စုက ဘာမို့လို့ ဝေစုကို ဆုံးဖြတ်နေရတာလဲ.. အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်က မင်းတို့ နန်လီမျိုးနွယ်စုနဲ့ ဘာမှ မပတ်သက်ဘူး.. ၇၀ရာခိုင်နှုန်းလို့ အသံထွက်ဖို့ မင်းကို ဘယ်သူက သတ္တိတွေပေးခဲ့တာလဲ.. မင်းက နန်လီမျိုးနွယ်စုရဲ့ သခင်လေး ဖြစ်နေလည်း သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး.. အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်ကို ဝင်လုရဲရင် သေခြင်းတရားနဲ့ပဲ ရင်ဆိုင်ရလိမ့်မယ်"

ရုတ်တရက် အေးစက်စက် ထွက်ပေါ်လာသော အသံက ယန်ကျင်းတို့ လူစုကို အံ့သြ ထိတ်လန့်သွားစေခဲ့သည်။

သူတို့က အသံလာရာဆီသို့ ကြည့်လိုက်ရာ မကြာမီမှာပင် သူတို့၏အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

"ကောင်လေး.. မင်းကိုး"

ယန်ကျင်း၏နံဘေးမှ ယန်လဲ့ခုံးသည် ကျန်းချန်ထံမှ ထွက်‌ပေါ်လာသော အရှိန်အဝါကို ခံစားမိလိုက်လျှင် မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

"အကြီးအကဲလဲ့ခုံး.. ခင်ဗျား ဒီကောင်ကိုသိလို့လား"

ယန်လဲ့ခုံး၏ တုံ့ပြန်မှုကိုမြင်လျှင် ယန်ကျင်း၏ မျက်ဝန်းတွင် သံသယ အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ယန်လဲ့ခုံးသည် သူ၏ သက်တော်စောင့်အနေဖြင့် သူ၏နံဘေးတွင်သာ အချိန်တိုင်းနီးပါး ရှိနေခဲ့သည်။

သို့ဖြစ်ရာ သူ့ရှေ့မှ ကောင်လေးကို ယန်လဲ့ခုံးက မည်ကဲ့သို့ သိနိုင်ပါအံ့နည်း။

"သခင်လေး ဒီကောင်လေးရဲ့ အရှိန်အဝါက ထျန်းကျီမျှော်စင်မှာ ရေခဲတာအိုသစ်သီးကို လုယူသွားတဲ့သူနဲ့ အတူတူပဲ"

ယန်လဲ့ခုံး၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

သူက လေးနက်သော လေသံဖြင့် ယန်ကျင်းကို ပြောလိုက်၏။

"တကယ်လို့ ကျွန်တော့်ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် ဒီကောင်လေးက ရှေးဟောင်းနဂါး ကုန်သည်အသင်းမှာ ရုတ်တရက် ထွက်ပေါ်လာတဲ့ လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူပဲ.. ကြည့်ရတာ သူနဲ့ဟွမ်ဖူမိသားစုက အရှင်ဟော်ယွင်ရဲ့အမွေအနှစ်ကို ရှာဖွေဖို့အတွက် ပူးပေါင်းထားတာ ဖြစ်ရမယ်"

ထိုစကားကိုကြားလျှင် ယန်ကျင်း၏ မျက်နှာအမူအရာသည် အနည်းငယ် ခက်ထန်သွားခဲ့သည်။

"လက်စသတ်တော့ မင်းက ထျန်းကျီမျှော်စင်မှာ ငါ့ရဲ့ ရေခဲတာအိုသစ်သီးကို လုယူခဲ့တဲ့သူကိုး"

ယန်ကျင်းက ကျန်းချန်ကို ခပ်တင်းတင်း စိုက်ကြည့်လိုက်သည်။

သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာခဲ့၏။

ယန်ကျင်း၏ စကားကိုကြားလျှင် ဟွမ်ဖူလင်းကလည်း အံ့အားသင့်သွားခဲ့သည်။

ထိုနေ့က ထျန်းကျီမျှော်စင်၏ လေလံပွဲတွင် တစ်စုံတစ်ဦးက ယန်ကျင်းကို အနိုင်ယူကာ ‌ရေခဲတာအိုသစ်သီးကို လုယူသွားသည်အား သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည်။

သို့ရာတွင် ရေခဲတာအိုသစ်သီးကို လုယူခဲ့သူက ကျန်းချန် ဖြစ်နေလိမ့်မည်ဟု ဟွမ်ဖူလင်း မမျှော်လင့်ထားခဲ့ပေ။

"လေလံပွဲမှာ စျေးပိုပေးတဲ့သူက အနိုင်ရတာ ထုံးစံပဲ.. ငါက ရေခဲတာအိုသစ်သီးကို အားလုံးရဲ့ မျက်စိရှေ့မှာ တရားမျှတစွာ ရယူခဲ့တာပဲ.. မင်းက လုယူတယ်လို့ ပြောရအောင် ရေခဲတာအိုသစ်သီးက မင်းပထွေး ပိုင်တဲ့အရာ မို့လို့လား"

ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။

နန်လီမျိုးနွယ်စုက သိရှိသွားပြီ ဖြစ်သောကြောင့် သူ့အနေဖြင့် ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

ယနေ့တွင် သူက အရှင်ဟော်ယွင်၏ အမွေအနှစ် အတွက် နန်လီမျိုးနွယ်စုမှ လူများနှင့် တိုက်ခိုက်ရနိုင်ခြေ ရှိနေခဲ့သည်။

သို့သော်လည်း ကျန်းချန်က စိုးရိမ်ထိတ်လန့်မှု ရှိမနေခဲ့ပေ။

အဘယ်ကြောင့်ဆိုသော အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်ကို ရရှိလျှင် သူ့အနေဖြင့် နန်လီနယ်မြေကနေ ထွက်ခွာသွားနိုင်သောကြောင့်ပင်။

ဆိုရလျှင် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီးနောက်မှသာ တစ်ဖန်ပြန်လာရုံ ဖြစ်သည် မဟုတ်ပါလား။

ထိုအချိန်သို့ ရောက်လျှင် နန်လီမျိုးနွယ်စုက ရှေးဟောင်းနဂါးကုန်သည်အသင်း၏ ဆံချည်တစ်မျှင်ကို ထိရဲလျှင်ပင် သူက နန်လီမျိုးနွယ်စု တစ်ခုလုံးကို မြှုပ်နှံပစ်မည် ဖြစ်သည်။

"ကောင်းတယ် သိပ်ကောင်းတယ်"

ယန်ကျင်းက ဒေါသတကြီး ရေရွတ်လိုက်သည်။

ထို့နောက် သူက ကျန်းချန်ကို ပြင်းထန်သော အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်၏။

"ကောင်လေး မင်းက ငါ့ရဲ့ရေခဲတာအိုသစ်သီးကို လုယူခဲ့တာတောင် မာန်တက်ရဲသေးတယ်.. ငါယန်ကျင်းမွေးဖွားလာကတည်းက ငါ့ကို ဒီလိုမျိုး အာခံရဲတာ မင်း ပထမဆုံးပဲ"

"မင်းက အပိုစကားတွေ သိပ်ပြောတာပဲ"

ကျန်းချန်က ယန်ကျင်းကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။

"မင်းဘာသာ နန်လီမျိုးနွယ်စုရဲ့ သခင်လေးဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး.. မင်းကို ငါနောက်ဆုံးအကြိမ် ထပ်သတိပေးပေးမယ်.. အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်က ငါနဲ့ဟွမ်ဖူမိသားစုရဲ့ ပိုင်ဆိုင်မှုပဲ ငါတို့ လက်ထဲကနေ အရှင်ဟော်ယွင်ရဲ့ အမွေအနှစ်ကို လုယူရဲရင် ဘယ်သူမဆို သေခြင်းတရားနဲ့ရင်ဆိုင်ရမယ်"

"ဟားဟား လေလုံးထွားလှချည်လား"

ယန်ကျင်းက ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ အားပါးတရ ရယ်မောလိုက်သည်။

သူတို့ နန်လီမျိုးနွယ်စုသည် နန်လီနယ်မြေတွင် တစ်ခုတည်းသော နယ်မြေနတ်ဘုရား အင်အားစု ဖြစ်သည်။

နန်လီမျိုးနွယ်စု၏ နယ်မြေနတ်ဘုရားအဆင့် မျိုးနွယ်စု ခေါင်းဆောင်သည် လွန်ခဲ့သောနှစ်ပေါင်း များစွာကတည်းက နန်လီ မျိုးနွယ်စုထဲတွင် ရှိမနေသော်လည်း နန်လီမျိုးနွယ်စု၏ ခွန်အားသည် နန်လီနယ်မြေရှိ မည်သည့်အင်အားစုထက် မဆို များစွာ သာလွန်နေဆဲ ဖြစ်၏။

ဟွမ်ဖူမိသားစုနှင့် အခြား နယ်မြေနတ်ဘုရား တစ်ပိုင်းအဆင့် အင်အားစုများ ပင်လျှင် နန်လီမျိုးနွယ်စုကို ယှဥ်ပြိုင်ရန် များစွာ လိုအပ်နေပါသေး၏။

အခြားအရာများကို ထည့်မတွက်လျှင်ပင် သူယနေ့‌ ခေါ်လာသည့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ သုံးဦးသည် သူ၏မျက်စိရှေ့မှ ကျင့်ကြံသူအားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိသည်။

ဤကောင်လေး၏ အရည်အချင်းက အားမနည်းသော်လည်း သူတို့ နန်လီမျိုးနွယ်စု ရှေ့တွင် ဘာမှမဟုတ်ချေ။

ယန်ကျင်းက ကျန်းချန်ကို လျစ်လျူရှုလိုက်ပြီး သူ၏ အကြည့်ကို ဟွမ်ဖူလင်း၏ ခန္ဓာကိုယ်ပေါ်သို့ ပြောင်းရွှေ့လိုက်သည်။

"ဟွမ်ဖူလင်း.. မင်းတို့ ဟွမ်ဖူမိသားစုက ငါတို့ နန်လီမျိုးနွယ်စုရဲ့ ရန်သူဖြစ်ဖို့ တကယ်ပဲဆန္ဒ ရှိနေတာလား"

"ယန်ကျင်း.. မင်းတို့ နန်လီမျိုးနွယ်စုက လောဘကြီးပြီး အရှင်ဟော်ယွင်ရဲ့အမွေအနှစ်ကို သိမ်းပိုက်ချင်နေမှတော့ ငါတို့ ဟွမ်ဖူမိသားစုက မင်းတို့နဲ့ သူသေကိုယ်သေ တိုက်ပွဲဆင်နွှဲဖို့ပဲ ရှိတော့တယ်"

ဟွမ်ဖူလင်းက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ လေးနက်စွာပြောလိုက်၏။

အရှင်ဟော်ယွင်၏ အမွေအနှစ် နေရာကို‌ တွေ့ရှိရန်အတွက် ဟွမ်ဖူ မိသားစုသည် ကြိုးစားအားထုတ်မှု များစွာ ပြုလုပ်ခဲ့ရသည်။

ထို့ကြောင့် ယန်ကျင်းကို လက်လွှဲပေးရန်အတွက် ဟွမ်ဖူလင်းသည် အလွန်အမင်း ဆန္ဒ မရှိခဲ့ပေ။

နန်လီမျိုးနွယ်စုက အစွမ်းထက်သော်လည်း သူတို့ဟွမ်ဖူမိသားစုသည် မည်သူမဆို အနိုင်ကျင့်၍ရသော အင်အားစုမဟုတ်ချေ။

နန်လီမျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် နယ်မြေနတ်ဘုရားသည် လွန်ခဲ့သော နှစ်ရာပေါင်းများစွာက နန်လီမြို့ကနေ ထွက်ခွာသွားပြီးနောက်တွင် ပြန်မလာခဲ့ကြောင်း ဟွမ်ဖူလင်းကောင်းစွာ သိရှိထားခဲ့သည်။

နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူ မရှိသရွေ့ နန်လီမျိုးနွယ်စုသည် သူတို့ ဟွမ်ဖူမိသားစုနှင့် ရင်ဆိုင်မည် ဆိုလျှင် အလွန်ကြီးလေးသော အဖိုးအခကို သေချာပေါက် ပေးဆပ်ရပေလိမ့်မည်။

ပြောနေစရာ မလိုလောက်အောင်ပင် ဤတစ်ကြိမ် အရှင်ဟော်ယွင်၏ အမွေအနှစ်ကို နန်လီမျိုးနွယ်စုထံ လွှဲပြောင်းပေးလိုက်လျှင် ယန်ကျင်း၏ ပါရမီဖြင့်ဆိုလျှင် နယ်မြေနတ်ဘုရားသလင်းကျောက်ကို ရရှိပြီးနောက်၌ နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်နိုင်မည်မှာ သေချာသလောက်ပင်။

ထိုသို့ ဖြစ်လာလျှင် ဟွမ်ဖူမိသားစုသည် နန်လီမျိုးနွယ်စု၏ ဖိနှိပ်ခြင်းကို လုံးဝခံရနိုင်ခြေ ရှိပြီး ယခင်ကလို နေ့ရက်မျိုး ဘယ်တော့မှ ရှိလာမည် မဟုတ်တော့ချေ။

ထို့ကြောင့် ဟွမ်ဖူလင်းသည် ဤတစ်ကြိမ်တွင် စွန့်စားရန် ဆုံးဖြတ်ခဲ့သည်။

အရှင်ဟော်ယွင် ချန်ထားရစ်ခဲ့သည့် နယ်မြေနတ်ဘုရားသလင်းကျောက်ကို ရရှိနိုင်သရွေ့ သူက နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်နိုင်ပြီး ဟွမ်ဖူမိသားစုကို နယ်မြေနတ်ဘုရား အင်အားစုအဆင့်သို့ ပြန်လည် ရောက်ရှိလာစေလိမ့်မည် ဖြစ်သည်။

ထိုအချိန်သို့ ရောက်လျှင် နန်လီမျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သည့် နယ်မြေနတ်ဘုရား ပြန်ရောက်လာလျှင်ပင် သူတို့ ဟွမ်ဖူ မိသားစုသည် အနည်းငယ်မျှပင် ကြောက်ရွံ့စရာမလိုအပ်‌တော့ပေ။

မှန်ပါသည်။ ဟွမ်ဖူလင်း အနေဖြင့် ယခုကဲ့သို့ စွန့်စားဝံ့ခြင်း၏ အဓိက အကြောင်းအရင်းမှာ သူတို့လူစုတွင် ယန်ကျင်းတို့ လူစုနှင့် ယှဥ်ပြိုင်နိုင်သည့် စွမ်းရည် ရှိနေခြင်းကြောင့်ပင်။

ဤတစ်ကြိမ်တွင် ယန်ကျင်းသည် နန်လီမျိုးနွယ်စု၏ အစွမ်းထက် ကျင့်ကြံသူအားလုံးကို ခေါ်မလာခဲ့ဘဲ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ သုံးဦးကိုသာ ခေါ်ဆောင်လာခဲ့သည်။

ထိုသုံးဦးထဲတွင် သူနှင့် ဟွမ်ဖူစုန့်သည် တစ်ဦးစီးကို ကိုင်တွယ်နိုင်စွမ်းရှိ၏။

ကျန်ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦးကို သူတို့ဟွမ်ဖူမိသားစုမှ ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားနှစ်ပါးက ကိုင်တွယ်နိုင်လိမ့်မည် ဖြစ်သည်။

ထို့အပြင် ကျန်းချန်၏ ပါရမီနှင့် ခွန်အားသည် နန်လီမျိုးနွယ်စု၏ သခင်လေး ယန်ကျင်းထက် မနိမ့်ကျပေ။

သို့ဖြစ်ရာ ဤတိုက်ပွဲတွင် သူတို့ဘက်က အခွင့်အရေးမရှိဟု ဆို၍ မရနိုင်ချေ။

"သိပ်ကောင်းတယ် ဟွမ်ဖူလင်း.. မင်းတို့ ဟွမ်ဖူမိသားစုက သေခြင်းတရားကို ဒီလောက်တောင် ရှာဖွေနေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ယန်ကျင်းက ဟွမ်ဖူလင်းကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

သူ၏ တစ်ကိုယ်လုံးတွင် ချက်ချင်းဆိုသလို သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားခဲ့၏။

"သူတို့ကိုသတ်.."

အခန်း(၁၇၇၇)ပြီး၏။

အခန်း(၁၇၇၈)

ယန်ကျင်းထံမှ အမိန့်ကိုရသည်နှင့် သူ၏နံဘေးမှ ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့်ကျင့်ကြံသူသုံးဦး၏ အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။

"ဟွမ်ဖူလင်း မင်းဆီကနေ ငါယန်ဟွမ် သင်ယူပါရပါစေ"

ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူသုံးဦးထဲမှ ဖီးနစ်ပုံသဏ္ဌာန်ကို အနီရောင် ဝတ်စုံပေါ်တွင် ပန်းထိုးထားသည့် ဆံပင်များ ဖြူဖွေးနေသော ကျင့်ကြံသူတစ်ဦးက ကြုံးဝါးလိုက်သည်။

"ဟွမ်ဖူစုန့်.. လွန်ခဲ့တဲ့နှစ် ၁၀၀ က ကံကောင်းပြီး မင်းငါ့ကို အနိုင်ရခဲ့တယ်.. ဒီနေ့တော့ မင်းဆီမှာ ငါရှုံးနိမ့်ခဲ့တဲ့အရာအာ လုံးကို ပြန်ရယူမယ်"

အနီရောင်ဝတ်စုံဝတ်ဆံဖြူအဘိုးအိုနှင့် ဆင်တူဝတ်စုံကို ဝတ်ဆင်ထားသော ဆံပင်များ ဖြူဖွေးနေသည့် အဘိုးအို တစ်ဦးက စူးရှသောအကြည့်ဖြင့် ဟွမ်ဖူစုန့်ကို စူးစိုက်ကြည့်ကာ ရေရွတ်လိုက်သည်။

"ညီနောင်ကျန်းချန်.. ဒီနှစ်ယောက်က နန်လီမျိုးနွယ်စုရဲ့ နာမည်ကျော် ဖီးနစ်အကြီးအကဲတွေပဲ.. သူတို့နှစ်ဦးစလုံးက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေတဲ့ ကျင့်ကြံသူတွေလည်း ဖြစ်တယ်.. ငါနဲ့အကြီးအကဲစုန့်က သူတို့ကို ရင်ဆိုင်လိုက်မယ်.. ကျန်တဲ့ တစ်ယောက်ကို ငါတို့ ဟွမ်ဖူမိသားစုက ကောင်းကင်နတ်ဘုရားပဉ္စမအဆင့် အကြီးအကဲနှစ်ဦးနဲ့ ရင်ဆိုင်ခိုင်းလိုက်မယ်.. နန်လီမျိုးနွယ်စုရဲ့ သခင်လေးကိုတော့ မင်းရင်ဆိုင်ဖို့ လိုအပ်လိမ့်မယ်.. ယန်ကျင်းနဲ့ ရင်ဆိုင်ဖို့ ပြဿနာရှိမရှိ ငါသိချင်တယ်"

သူ၏ရှေ့မှ အခြေအနေကို အကဲခတ်ရင်း ဟွမ်ဖူလင်းသည် ကျန်းချန်ကို ခပ်သွက်သွက် ပြောလိုက်သည်။

"ပြဿနာမရှိပါဘူး"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် တုံ့ပြန်ပြောဆိုလိုက်သည်။

ယန်ကျင်းသည် နန်လီမျိုးနွယ်စု၏ သခင်လေးဖြစ်ပြီး နန်လီမျိုးနွယ်စု၏ နံပါတ်(၁) ပါရမီရှင် အဖြစ် ချီးကျူးခံရသော်လည်း ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူသာ ဖြစ်သည်။

ဆိုရလျှင် အဆင့်တူအတွင်း ကျန်းချန်သည် မည်သူ့ကိုမှ မကြောက်ရွံ့ဖူးပေ။

လက်ရှိ သူ၏စွမ်းရည်ဖြင့် ဆိုလျှင် နယ်မြေနတ်ဘုရား မဟုတ်သရွေ့ သူ့ကိုခြိမ်းခြောက်နိုင်သူ အလွန်တရာ ရှားပါးသည်။

အနည်းဆုံးတော့ သူ၏ရှေ့မှ နန်လီမျိုးနွယ်စု သခင်လေး ယန်ကျင်းသည် သူ့ကို ရင်ဆိုင်ရန် အရည်အချင်း မပြည့်မီသေးပေ။

ကျန်းချန်ထံမှ ပြဿနာမရှိ ဟူသော စကားကိုကြားလျှင် ဟွမ်ဖူလင်းသည် ဟွမ်ဖူစုန့်နှင့် အတူ နန်လီမျိုးနွယ်စုမှ ဖီးနစ်အကြီးအကဲ နှစ်ဦးကို တိုက်ရိုက်ပင် ရင်ဆိုင်လိုက်သည်။

သူတို့လေးဦးစလုံး၏ ပုံရိပ်များသည် မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်ယံရှိ ပေ၁၀၀၀ အထက်တွင် ပေါ်လာခဲ့သည်။

သူတို့ တစ်ဦးချင်းစီမှ ထွက်‌ပေါ်လာသော အရှိန်အဝါများသည် ပတ်ဝန်းကျင်လေထုကိုပင် တင်းကျပ်သွားစေခဲ့သည်။

ဤအခိုက်အတန့်တွင် မိုင်ထောင်ပေါင်းများစွာ အကျယ်အဝန်း ရှိသော နေရာလွတ်သည်ပင် လှုပ်ခတ်သွားခဲ့၏။

ကောင်းကင်ယံတွင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ လေးဦး အကြိတ်အနယ် ရင်ဆိုင်နေရချိန်တွင် ဟွမ်ဖူမိသားစု၏ ပဉ္စမအဆင့် အကြီးအကဲနှစ်ဦးသည် ယန်လဲ့ခုံးကို လျင်မြန်စွာပင် ဝန်းရံကာ တိုက်ခိုက်ခဲ့သည်။

"ကောင်လေး ဟွမ်ဖူမိသားစုနဲ့ ပူး‌ပေါင်းထားတာနဲ့ပဲ ငါတို့နန်လီမျိုးနွယ်စုကို ရင်ဆိုင်နိုင်မယ်လို့ မထင်နဲ့.. မင်းရဲ့ ပါရမီက မဆိုးတဲ့အတွက် မင်းကို အခွင့်အရေး နောက်တစ်ကြိမ် ထပ်ပေးမယ်.. ငါ့ဘေးမှာ သက်တော်စောင့် တစ်ယောက် လိုအပ်နေသေးတယ်.. မင်း ငါ့အမိန့်ကို နာခံဖို့ ဆန္ဒရှိသရွေ့ မင်းအသက်ကို မသေစေရဘူးလို့ ငါအာမခံတယ်.. ဘယ်လိုသဘောရလဲ"

နန်လီမျိုးနွယ်စု၏ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူနှင့် ဟွမ်ဖူမိသားစုမှ ကျင့်ကြံသူတို့ တိုက်ခိုက်နေသောအချိန်တွင် ယန်ကျင်းသည် ကျန်းချန်ကို အထက်စီးဆန်စွာ ကြည့်၍ ပြောလိုက်သည်။

ကျန်းချန်က ယန်ကျင်းကို စူးစိုက်ကြည့်လိုက်သည်။

သူ၏မျက်ဝန်းတွင် မထီမဲ့မြင် အမူအရာများဖြင့် ပြည့်နှက်နေခဲ့၏။

"ငါ့ကို လက်နက်ချစေချင်ရအောင် မင်းက အရည်အချင်းပြည့်မီလို့လား"

"မင်းသေချင်နေပြီလား"

ယန်ကျင်းက ဒေါသတကြီး ကြုံးဝါးလိုက်ပြီး သူ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒသည် သူ၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့၏။

သို့သော် ယန်ကျင်း တိုက်ခိုက်တော့မည့် ဆဲဆဲတွင် အေးစက်စက် အသံတစ်သံသည် ထွက်ပေါ်လာခဲ့သည်။

"ယန်ကျင်း ရပ်လိုက်စမ်း"

ထိုအသံကိုကြားလျှင် ယန်ကျင်း၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။

သူက အနီးသို့ ရုတ်တရက် ရောက်ရှိလာသော ရှယွမ်ခိုင်ကို လှမ်းကြည့်လိုက်၏။

"ဆရာရှ ဒီကိစ္စက ခင်ဗျားနဲ့ ဘာမှမဆိုင်ပါဘူး.. ခင်ဗျား ဝင်မစွက်ဖက်ဖို့ မျှော်လင့်ပါတယ်"

ရှယွမ်ခိုင်သည် ယန်ကျင်းနှင့် စိမ်းသူ တစ်ယောက်မဟုတ်ပေ။

သူက မဟာမြေရိုင်းနယ်မြေတွင် နာမည်ကျော်ကြားသော နဝမအဆင့် နတ်အစီအရင်သခင် ဖြစ်၍ နန်လီမျိုးနွယ်စုနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သည်။

ထို့ကြောင့် နန်လီမျိုးနွယ်စု၏ သခင်လေး ဖြစ်သည့် ယန်ကျင်းပင်လျှင် ရှယွမ်ခိုင်ကို အလွယ်တကူ‌ စော်ကားဝံ့ခြင်း မရှိပေ။

ယန်ကျင်း၏စကားကို အရေးမစိုက်ဟန်ဖြင့် ရှယွမ်ခိုင်က ပြောလိုက်သည်။

"မင်းတို့ နန်လီမျိုးနွယ်စုက အရှင်ဟော်ယွင်ရဲ့အမွေအနှစ်အတွက် တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး ငါစိတ်မဝင်စားဘူး.. ဒါပေမဲ့ ကျန်းချန်က ငါရှယွမ်ခိုင်ရဲ့ ဆရာပဲ.. မင်းသူ့ကို ထိရဲရင် ငါရှယွမ်ခိုင်ကို အဆိုးမဆိုနဲ့"

"ကောင်းပြီလေ ဒီနေ့ ဆရာရှရဲ့ မျက်နှာနဲ့ မင်းအသက်ကိုချမ်းသာပေးလိုက်မယ်.. ဆရာရှ ခင်ဗျားသူ့ကို ခေါ်သွားသရွေ့ ငါသူ့ကို ဒုက္ခပေးမှာ မဟုတ်ဘူး"

ယန်ကျင်းက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

ယနေ့တွင် သူက ဟော်ယွင်တောင်တန်း ဆီသို့ လာရောက်ခဲ့သည့် အဓိကရည်ရွယ်ချက်မှာ အရှင်ဟော်ယွင်၏ အမွေအနှစ်အတွက် ဖြစ်သည်။

အကယ်၍ ရှယွမ်ခိုင်သာ ကျန်းချန်ကို ခေါ်သွားနိုင်မည်ဆိုလျှင် သူက ဟွမ်ဖူမိသားစုကို ရှင်းလင်းနိုင်မည်ဖြစ်ပြီး အရှင်ဟော်ယွင်၏ အမွေအနှစ်များကို သိမ်းပိုက်ရာတွင် ပိုမိုလွယ်ကူသွားလိမ့်မည် မဟုတ်ပါလား။

အရှင်ဟော်ယွင်၏ အမွေအနှစ်အတွက် ကျန်းချန်၏ အသက်ကို ယာယီချမ်းသာခွင့် ပေးရခြင်းမှာ ကိစ္စမရှိပေ။

ရှယွမ်ခိုင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

ကျန်းချန်နှင့် အခြားသူများက အရှင်ဟော်ယွင်၏ အမွေအနှစ်ကို အလွယ်တကူ စွန့်လွှတ်မည် မဟုတ်ကြောင်း သူကောင်းစွာ သိရှိထားခဲ့သည်။

သူ စကားပြောတော့မည့် အချိန်မှာပင် ကျန်းချန်က သူ့ကို တိုက်ရိုက်ပင် ဖြတ်ပြောလိုက်သည်။

"အဘိုးကြီးရှ.. ခင်ဗျား ဘေးဖယ်နေလိုက်ပါ.. ခင်ဗျားရဲ့စေတနာကို ကျုပ်နားလည်ပါတယ်.. ဒါပေမဲ့ ကျုပ်ကို ကူညီဖို့မလိုအပ်ဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"နန်လီမျိုးနွယ်စုရဲ့ သခင်လေး တစ်ယောက်က ငါ့အတွက် ဘာမှမဟုတ်ပါဘူး မင်းစိတ်မပူပါနဲ့"

ရှယွမ်ခိုင်က အနည်းငယ် တုံ့ဆိုင်းနေပြီးမှ အဆုံးသတ်တွင် ဘေးဖယ်လိုက်သည်။

သူက ကျန်းချန်ကို ကာကွယ်လိုခြင်းသည် ကျန်းချန်ထံကနေ ဒသမအဆင့် နတ်အစီအရင်သခင် အဆင့်အား ထိုးဖောက်ရန်အတွက် မျှော်လင့်ချက်ကို မြင်ခဲ့ရသောကြောင့် ဖြစ်သည်။

ယခု ကျန်းချန်က သူ၏ အကူအညီကို မလိုအပ်သည် ဖြစ်ရာ သူ့အနေဖြင့် စကားများစွာ ပြောမနေတော့ပေ။

အကယ်၍ ကျန်းချန်သာ ယန်ကျင်း၏ လက်ထဲတွင် ရှုံးနိမ့်ခဲ့မည် ဆိုလျှင် သူက ကျန်းချန်၏အသက်ကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားမည်ဟု တိတ်တဆိတ် စိတ်ပိုင်းဖြတ်ထားခဲ့သည်။

"ကျန်းချန်.. မင်းက ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် စွမ်းရည်နဲ့ စုန့်မိသားစုခေါင်းဆောင် စုန့်ယွီလုံကို သတ်နိုင်တာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ပါရမီရှင်လို့ တကယ်ပဲ ထင်နေတာလား.. ဒီနေ့ ငါက မင်းကို စစ်မှန်တဲ့ ပါရမီရှင်က ဘယ်လိုမျိုးလဲဆိုတာ သိစေမယ်"

ယန်ကျင်းက မထီမဲ့မြင် ရယ်မောကာ ရေရွတ်လိုက်၏။

ထို့နောက်တွင် ယန်ကျင်းထံကနေ လွှမ်းမိုးနိုင်စွမ်း ရှိသော အနီရောင် ဓားအလင်းသည် ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်သွားသော သက်တန့်ကဲ့သို့ ကျန်းချန် ရှိနေသည့် နေရာလွတ် တစ်ခုလုံးကို ချက်ချင်းပင် သက်ရောက်လာခဲ့သည်။

ကြောက်မက်ဖွယ် ဓားစွမ်းအားသည် ကျန်းချန်၏ ခန္ဓာကိုယ်ကို တစစီ ကြေမွသွားစေလိမ့်မည်ဟုပင် ထင်ရ၏။

ကျန်းချန်က တည်ငြိမ်စွာဖြင့်ပင် သူ၏လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ သူ၏ ပတ်ဝန်းကျင်သို့ သက်ရောက်လာသည့် ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားစွမ်းအားသည် အေးခဲသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ခြေရာလက်ရာမကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

ယန်ကျင်း၏ တိုက်ခိုက်မှုကို ချေဖျက်ပြီးသည်နှင့် ကျန်းချန်က ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်ကာ လူသားဧကရာဇ် စည်းတံဆိပ်ကို ထုတ်ဖော်လိုက်၏။

ဤသို့ဖြင့် ကောင်းကင်ယံကနေ ဥက္ကာခဲ ကျဆင်းလာသကဲ့သို့ ကြီးမားသော အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် အသက်ရှူမှားလောက်သော ဖိအားများကို သယ်ဆောင်ကာ ယန်ကျင်းဆီသို့ သက်ရောက်လာခဲ့သည်။

"နတ်မီးလျှံသိုင်းကွက်"

ယန်ကျင်းက မျက်မှောင်ကြုတ်သွားခဲ့ပြီး လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

ထို့နောက်တွင် လက်ဝါးရိုက်ချက်ကနေ ထွက်ပေါ်လာသည့် ဆန်းကြယ်သောမီးလျှံ တစ်ခုသည် လျင်မြန်စွာ ကျယ်ပြန့်လာခဲ့ပြီး အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်ကို လုံးဝလောင်ကျွမ်းသွားစေခဲ့သည်။

သို့သော်လည်း ကျန်းချန်သည် ယန်ကျင်းကို အသက်ရှူခွင့်ပင် လုံးဝ မပေးခဲ့ပေ။

သူက လူသားဧကရာဇ် စည်းတံဆိပ်၏ ကျူးရှန်း စည်းတံဆိပ်ကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်၏။

ယန်ကျင်းက သူ့ထံသို့ တစ်ဖန် သက်ရောက်လာသော လူသားဧကရာဇ် စည်းတံဆိပ်၏ ဒုတိယမြောက် စည်းတံဆိပ် ဖြစ်သော ကျူးရှန်းစည်းတံဆိပ်ကို ရင်ဆိုင်ရန် သူ၏ နတ်မီးလျှံသိုင်းကွက်ကို နောက်တစ်ကြိမ် ထုတ်သုံးလိုက်သည်။

သို့သော်လည်း ကျူးရှန်းစည်းတံဆိပ်၏ စွမ်းအားသည် အစောပိုင်းက စည်းတံဆိပ်ထက် ပိုမို အားကောင်းနေခဲ့ရာ ယန်ကျင်း၏ နတ်မီးလျှံသည် ကျူးရှန်းစည်းတံဆိပ်ကို တစ်ခဏအတွင်း ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ပေ။

ကျူးရှန်းစည်းတံဆိပ်နှင့် အနီရောင်မီးလျှံတို့ ထိပ်တိုက်ရင်ဆိုင်နေသော အချိန်မှာပင် နောက်ထပ် ရွှေရောင်စည်းတံဆိပ် တစ်ခုသည် ထပ်မံ ထွက်ပေါ်လာခဲ့သည်။

ထိုစည်းတံဆိပ်မှာ တတိယမြောက် စည်းတံဆိပ် ဖြစ်သည့် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ် ဖြစ်သည်။

ယန်ကျင်း၏ ပုံရိပ်က တုန်ခါသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မြေပြင်ပေါ်သို့ လွင့်စင်ကာ ခြေဆယ်လှမ်းကျော်ခန့် နောက်သို့ဆုတ်လိုက်ရသည်။

ကျန်းချန်၏ ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်မှ ကြောက်မက်ဖွယ်ရာ စွမ်းအားသည် ယန်ကျင်း၏ နတ်မီးလျှံကို မီးဖွားများ အဖြစ် ပြောင်းလဲကာ လေထဲတွင် မီးပွားများအဖြစ် လွင့်စင်သွားစေခဲ့သည်။

ကျန်းချန်က လေထုထဲတွင် လက်ပိုက်၍ရပ်ရင်း ယန်ကျင်းကို ငုံ့ကြည့်လိုက်သည်။

သူ၏ မထီမဲ့မြင် ရယ်မောသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။

"ယန်ကျင်း မင်းလို နန်လီမျိုးနွယ်စုရဲ့ သခင်လေးက ဒီလောက်ပဲ အစွမ်းရှိတယ်လား"

အခန်း(၁၇၇၈)ပြီး၏။

အခန်း(၁၇၇၉)

"ကောင်လေး ငါ့ရှေ့မှာ မာန်တက်ရဲတယ်"

ယန်ကျင်းက ဒေါသတကြီး ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ၏ခန္ဓာကိုယ်ကနေ တောက်ပသော အနီရောင်အလင်းများသည် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

ထိုတောက်ပသော အနီရောင်အလင်းက ယန်ကျင်း၏ ဦးခေါင်းအထက်တွင် ဧရာမ မီးလျှံငှက်ကြီး အဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့၏။

မီးလျှံငှက်က သူ၏ကြီးမားသော အ‌တောင်ပံများကို ဖြန့်ကြက်ကာ ကျန်းချန်ဆီသို့ ပျံသန်းလာခဲ့ရာ လေထုထဲတွင် မီးလျှံဌက်၏ တောင်ပံခတ်မှုကြောင့် မီးလျှံများဖြင့် ပြည့်နှက်သွားခဲ့သည်။

နန်လီမျိုးနွယ်စုသည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းကပင် ခေတ်အဆက်ဆက် နယ်မြေနတ်ဘုရား အင်အားစု ဖြစ်ခဲ့သည်။

ယန်ကျင်းက နန်လီမျိုးနွယ်စု၏ မျိုးဆက် အစစ်အမှန် ဖြစ်၍ မွေးဖွားစဥ်ကတည်းကပင် သူ၏ နတ်ခန္ဓာပုံရိပ်သည် အလွန်အမင်း အစွမ်းထက်နေခဲ့သည်။

ဆိုရလျှင် သူ၏ နတ်ခန္ဓာပုံရိပ်သည် အလွန်အမင်းအစွမ်းထက်ပြီး သာမန် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိ၏။

ယန်ကျင်း၏ အားကောင်းသော နတ်ခန္ဓာပုံရိပ်နှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ အမူအရာသည် လုံးဝ မပြောင်းလဲခဲ့ပေ။

ထိုခဏမှာပင် ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းများ ထွက်ပေါ်လာခဲ့ပြီး ရွှေရောင်ဓားပုံရိပ် တစ်ခုသည် သူ၏ ကျောဘက်တွင် ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်၏ ထိန်းချုပ်မှုအောက်တွင် ရွှေရောင်ဓားပုံရိပ်သည် ကမ္ဘာကိုပင် ပိုင်းဖြတ်နိုင်သော ရှေးဟောင်းနတ်ဓား တစ်လက်ကဲ့သို့ မီးလျှံငှက်ဆီ ကျဆင်းလာခဲ့၏။

ရွှေရောင်ဓားနှင့် မီးလျှံငှက်တို့ ထိပ်တိုက် ဆုံတွေ့ပြီးနောက်တွင် မီးလျှံငှက်သည် ရုတ်တရက် တုန်ယင်သွားခဲ့ပြီး နှုတ်ကနေ ညည်းညူသံပင် ထွက်ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် မီးလျှံငှက်၏ ကြီးမားသောခန္ဓာကိုယ်သည် ရွှေရောင်ဓားပုံရိပ်ဖြင့် နှစ်ပိုင်းဖြတ် ခံလိုက်ရပြီး လေထုထဲတွင် ပေါက်ကွဲကာ အဆုံးသတ်၌ မီးဖွားများ အဖြစ် လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

ယန်ကျင်း၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ပေရာပေါင်းများစွာအကွာအဝေး အထိ နောက်သို့ ဆုတ်လိုက်ရ၏။

ဤအချိန်တွင် ဆန့်ကျင်ဘက်တွင် ရှိနေသော ကျန်းချန်ကိုကြည့်နေသည့် သူ၏ အကြည့်၌ မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

"ဒီကောင်လေးရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဘယ်လိုလုပ် ဒီလောက်တောင် အားကောင်းနေရတာလဲ"

ယန်ကျင်းသည် ထူးခြားသော ပါရမီရှိပြီး နန်လီနယ်မြေတွင် လွန်ခဲ့သော ၁၀နှစ် နီးပါးအတွင်း မည်သူမှ မယှဥ်နိုင်သော နံပါတ်(၁) ပါရမီရှင် ဖြစ်သည်။

ထို့အပြင် နန်လီမျိုးနွယ်စု၏ သခင်လေးအနေဖြင့် ယန်ကျင်းကျင့်ကြံသော နည်းစနစ်များနှင့် အရင်းအမြစ်များသည် နန်လီနယ်မြေရှိ မည်သူ့ထက်မဆို သာလွန်၏။

ဤနှစ်များအားလုံးတွင် ယန်ကျင်းသည် နန်လီနယ်မြေမှ ပါရမီရှင် အားလုံးကို လွှမ်းမိုးနိုင်ခဲ့သည်။

၎င်းက သူ၏ မျိုးဆက်တွင် ပြိုင်ဘက်ကင်း တစ်ဦး ဆိုလည်းမမှားပေ။

ကျန်းချန်ကဲ့သို့ သူ့ကို အဆင့်တူအတွင်း လုံးဝ အသာစီးရယူနိုင်သူ မည်သူမှ မရှိခဲ့ဖူးချေ။

"မမျှော်လင့်ဘဲ ဆရာကျန်းချန်က အစီအရင်ပညာရပ်မှာ အလွန်အမင်း အဆင့်အတန်း မြင့်မားတဲ့ အပြင် ကိုယ်ခံပညာရပ်မှာလည်း နန်လီမျိုးနွယ်စုရဲ့ သခင်လေးကိုတောင် အသာစီးယူနိုင်တဲ့ အထိ ပါရမီ မြင့်မားတာပဲ"

သူ၏ရှေ့မှ မြင်ကွင်းကိုကြည့်ကာ ရှယွမ်ခိုင်၏ အိုမင်းသောမျက်ဝန်းထဲတွင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

နန်လီမျိုးနွယ်စု၏ သခင်လေး ယန်ကျင်းသည် နန်လီနယ်မြေ၏ နံပါတ်(၁) ပါရမီရှင် ဖြစ်သည်။

မဟာမြေရိုင်းနယ်မြေရှိ နယ်မြေ၁၃ခုတွင် နန်လီနယ်မြေသည် ခွန်အားအရာတွင် အဆင့်နိမ့်သော်လည်း ယန်ကျင်း၏ ပါရမီသည် မဟာမြေရိုင်း နယ်မြေတစ်ခုလုံးမှာပင် ထိပ်တန်းအဆင့်အဖြစ် သတ်မှတ်ခံရနိုင်၏။

သို့သော်လည်း ကျန်းချန်က ယန်ကျင်းကိုပင် အသာစီးရယူနိုင်ခဲ့သည်ဖြစ်ရာ မဟာမြေရိုင်းနယ်မြေ၏ ပါရမီရှင် စာရင်းကိုပင် ဝင်ရောက်နိုင်မည်မှာ သေချာသလောက်ပင်။

မဟာမြေရိုင်းနယ်မြေရှိ ပါရမီရှင်စာရင်းသည် မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးရှိ အရိုးအသက် နှစ်၁၀၀၀၀ အောက်ရှိ အထွတ်အထိပ် ပါရမီရှင် စာရင်း ဖြစ်သည်။

မဟာမြေရိုင်းနယ်မြေ၏ ပါရမီရှင် စာရင်းတွင် ပါရမီရှင် ၃၆ဦးသာ ရှိ၏။

ထို၃၆ဦးလုံးသည် မဟာမြေရိုင်းနယ်မြေ၏ အင်အားအကြီးဆုံး ပါရမီရှင်၃၆ဦး ဆိုလည်း မမှားပေ။

ကျန်းချန်က ယနေ့တွင် ယန်ကျင်းကို အနိုင်ယူနိုင်ခဲ့လျှင် မဟာမြေရိုင်းနယ်မြေရှိ ထိပ်တန်း ပါရမီရှင် ၃၆ဦးနှင့် ယှဥ်ပြိုင်နိုင်သည့် ခွန်အားကို ပိုင်ဆိုင်နေပြီဟု ယူဆရပေတော့မည်။

လေထုထဲတွင် နန်လီမျိုးနွယ်စု၏ အကြီးအကဲနှစ်ဦးနှင့်တိုက်ခိုက်နေသော ဟွမ်ဖူလင်းသည် ကျန်းချန်က ယန်ကျင်းကို အသာစီးရနေသည်အား မြင်လျှင် မျက်နှာထက်၌ အလွန်ပျော်ရွှင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က အလွန်တရာ အားကောင်းသည်ကို သူတို့သိသော်လည်း ဤတစ်ကြိမ်တွင် ကျန်းချန် ရင်ဆိုင်နေရသူမှာ နန်လီမျိုးနွယ်စု၏ နာမည်ကျော် သခင်လေး ဖြစ်၏။

နန်လီမျိုးနွယ်စု၏ သခင်လေးယန်ကျင်းသည် သူ၏မျိုးဆက်တွင် ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ယောက် ဆိုလည်းမမှားပေ။

မူလက ဟွမ်ဖူလင်းသည် ကျန်းချန်က ယန်ကျင်းကို ယှဥ်ပြိုင်နိုင်မလားဆိုသည်နှင့် ပတ်သက်၍ မသိခဲ့ပေ။

သို့သော်လည်း ကျန်းချန်က ယခု အသာစီးရရှိနေပြီ ဖြစ်ရာ သူတို့၏ တင်းကျပ်နေသော နှလုံးသားသည် အနည်းငယ်ပြေလျော့သွားခဲ့၏။

"နန်လီမျိုးနွယ်စုရဲ့ သခင်လေးလို့ မပြောရဘူး.. မင်းရဲ့နတ်ခန္ဓာပုံရိပ်က အတော်လေး အားကောင်းတာပဲ ဒါပေမဲ့ ငါ့ရဲ့နတ်ခန္ဓာပုံရိပ်နဲ့ယှဥ်ရင်တော့ အနည်းငယ် ပိုပြီးဆိုးရွားနေတယ်"

ကျန်းချန်က သူ၏ နတ်ခန္ဓာပုံရိပ်ဖြင့် ယန်ကျင်း၏ နတ်ခန္ဓာပုံရိပ်ကို ဖိနှိပ်လိုက်ပြီးနောက်တွင် မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

"ယန်ကျင်း.. မင်းမှာရှိတဲ့ စွမ်းရည်မှန်သမျှကို ထုတ်သုံးမှပဲ မင်းငါ့ကို ရင်ဆိုင်နိုင်လိမ့်မယ်"

"မဖြစ်နိုင်ဘူး ဘယ်လိုမှမဖြစ်နိုင်ဘူး.. ငါက နန်လီမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာ ကြီးမားတဲ့သခင်လေးပဲ နန်လီမြို့ရဲ့ ပြိုင်ဘက်ကင်းပါရမီရှင် ဖြစ်တဲ့ ငါက မင်းလိုကောင်ကို ဘယ်လိုလုပ်ပြီးရှုံးနိမ့်နိုင်မှာလဲ"

ယန်ကျင်းက ကျန်းချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

သူ၏မျက်ဝန်းတွင် ရူးသွပ်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။

သူက နန်လီ မျိုးနွယ်စုများ လက်ဆင့်ကမ်း အမွေဆက်ခံခဲ့သော နည်းစနစ် ဖြစ်သည့် မီးလျှံငှက်လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံးလိုက်သည်။

လေထုထဲတွင် ငှက်တစ်ကောင်၏ အော်ဟစ်သံက ချက်ချင်းဆိုသလို ပဲ့တင်ထပ်လာခဲ့၏။

နောက်ထပ်တစ်ခဏမှာပင် အလွန် ကြောက်မက်ဖွယ်ရာကောင်းသော မီးလျှံနတ်အလင်းသည် ယန်ကျင်း၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့ပြီး မိုင်ရာပေါင်းများစွာ အချင်းရှိသောပတ်ဝန်းကျင်ကို ချက်ချင်းဆိုသလို ပူပြင်းသောအရှိန်အဝါများဖြင့် ပြည့်နှက်သွားစေခဲ့သည်။

ဤအချိန်တွင် ယန်ကျင်းသည် မီးလျှံဘုရင် တစ်ပါးကဲ့သို့ ဖြစ်နေခဲ့၏။

အဆုံးသတ်၌ ယန်ကျင်း၏ မီးလျှံနတ်အလင်းများသည် မီးလျှံငှက်တစ်ကောင် အဖြစ်သို့ စုစည်းသွားခဲ့သည်။

မီးလျှံငှက် လျှို့ဝှက်နည်းစနစ်သည် နန်လီမျိုးနွယ်စုဝင်များ၏ လက်ဆင့်ကမ်းလာသော အမွေအနှစ်နည်းစနစ် ဖြစ်ပြီး ထိပ်တန်းနယ်မြေနတ်ဘုရား အဆင့်နည်းစနစ်လည်း ဖြစ်ကာ သိုင်းစွမ်းအား ပုံရိပ်ကိုပင် သိပ်သည်းစေနိုင်သည်။

မီးလျှံငှက်သည် နတ်ဘုရားနယ်မြေရှိ နာမည်ကျော် ရှေးဟောင်း သားရဲများထဲတွင် အပါအဝင်ဖြစ်ပြီး အလွန်အမင်း အစွမ်းထက်သည်။

နန်လီမျိုးနွယ်စုအနေဖြင့် နှစ်သန်းပေါင်းများစွာ ကြာအောင် တည်တံ့နေရသည့် အကြောင်းရင်းများထဲမှ တစ်ခုမှာ ဤမီးလျှံငှက် နည်းစနစ်၏ အထောက်အပံ့ကြောင့် ဖြစ်သည်။

"ဟားဟား သိုင်းစွမ်းအားပုံရိပ်လောက်နဲ့ ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေလား.. ငါက မင်းကို နတ်ခန္ဓာပုံရိပ်နဲ့ ဖိနှိပ်နိုင်မှတော့ သိုင်းစွမ်းအား ပုံရိပ်နဲ့လည်း မင်းကိုဖိနှိပ်နိုင်တယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ထုတ်ဖော်ကာ ယန်ကျင်း၏ မီးလျှံငှက်ကို ဖိနှိပ်လိုက်သည်။

ယန်ကျင်း၏ မီးလျှံငှက်နည်းစနစ်ကနေ ထုတ်ဖော်လာသော မီးလျှံငှက်သည် အလွန်တရာ အားကောင်းသော်လည်း နယ်မြေနတ်ဘုရားအဆင့် လျှို့ဝှက်နည်းစနစ်ကနေ ထုတ်ဖော်ထားသည့် ပုံရိပ်တစ်ခုသာ ဖြစ်ရာ ကျန်းချန်၏ နတ်ဘုရင်အဆင့် နည်းစနစ်ကနေ ဖော်ထုတ်ထားသည့် သိုင်းစွမ်းအားပုံရိပ်ကို မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါအံ့နည်း။

ဤသို့ဖြင့် သိုင်းစွမ်းအားပုံရိပ် နှစ်ခုသည် လေထုထဲတွင် ထိပ်တိုက် ဆုံမိသွားပြီးနောက်၌ မီးလျှံငှက်သည် တိုက်ရိုက်ပင် ပေါက်ကွဲသွားခဲ့သည်။

မီးလျှံငှက် ပေါက်ကွဲသွားခြင်းနှင့်အတူ ထိုက်စုအထွတ်အထိပ်နဂါးအသွင်ပြောင်းနည်းစနစ်၏ သိုင်းစွမ်းအားပုံရိပ်မှ ကြောက်မက်ဖွယ်ရာ စွမ်းအားများသည် ယန်ကျင်း ဆီသို့ သက်ရောက်လာခဲ့၏။

ကျန်းချန်၏ သိုင်းစွမ်းအားပုံရိပ် ရိုက်ခတ်မှုအောက်တွင် ယန်ကျင်း၏ အသားအရေသည် ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့ကာ ပါးစပ်ကနေလည်း သွေးများသည် ရေပန်းကဲ့သို့ ပန်းထွက်လာခဲ့သည်။

ထို့နောက်တွင် သူ၏ပုံရိပ်သည် ပေရာပေါင်းများစွာ အကွာအဝေးအထိ နောက်ပြန်လွင့်စင်သွားခဲ့သည်။

"ကောင်းတယ် သိပ်ကောင်းတယ်"

ယန်ကျင်းက သူ၏နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့်သုတ်လိုက်သည်။

ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏အကြည့်၌ အလွန်တရာ ရက်စက်လို​သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

"ကျန်းချန်.. နှစ်ပေါင်းများစွာအတွင်းမှာ ငါ့ကို ဒီအဆင့်အထိ ဖိအားပေးနိုင်တာ မင်းက ပထမဆုံးပဲ.. မင်း ဒီနေ့ ငါ့ကိုဘယ်လောက်ပဲ ဖိနှိပ်နေပါစေ.. ငါမင်းကို သတ်ပစ်မယ်"

ယန်ကျင်းက လူသေကို ကြည့်နေသကဲ့သို့ ကျန်းချန်ကို မထီမဲ့မြင် စူးစိုက်ကြည့်လိုက်သည်။

မကြာခင်မှာပင် မီးလျှံစာလိပ် တစ်ခုသည် သူ၏လက်ဖဝါးပေါ်တွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့၏။

ယန်ကျင်း၏ လက်ဖဝါးပေါ်မှ မီးလျှံစာလိပ်၏ စွမ်းအားကို ခံစားမိလျှင် ကျန်းချန်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

"နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းပါလား"

အခန်း(၁၇၇၉)ပြီး၏။

All Chapters