လူနာ ၊ မင်းက သေချင်နေတဲ့သူပဲ
Vol. 3 Ch. 22
“ ငါ သိတယ် … ငါသိတယ် … ဆိုက်လုပ်ရေးဆိုက်တွေအောက်မှာ ရှေးဟောင်း အုတ်ဂူအပိုင်းအစတွေ ရှာတွေ့တာနဲ့ အိမ်ခြံမြေဆောက်လုပ်ရေး ကုမ္ပဏီတွေကို အမြဲတမ်းလိုလို ဒေဝါလီခံသွားနေကြပဲ …”
“ ??? “
“ ဘယ်လိုလောဂျစ်ကြီးတုန်း အဲ့တာ … ဆောက်လုပ်ရေးဆိုက်မှာ ရှေးဟောင်းအုတ်ဂူတွေ တွေ့တာနဲ့ပဲ ဒေဝါလီခံရရောပဲလား …”
“ တို့လည်း အံ့ဩနေတာ … တို့လည်း သိချင်တယ် …”
“ ပထမ ကွန်းမန့်ပိုင်ရှင်ကို ဆယ်မှတ်ပေးတယ် … ရှေးဟောင်းအုတ်ဂူအပိုင်းအစတွေ ဆောက်လုပ်ရေးဆိုက်အောက်ဘက်မှာ ပေါ်လာခဲ့ရင် အိမ်ခြံမြေဆောက်လုပ်ရေး ကုမ္ပဏီတွေကို ဒေဝါလီ ခံသွားစေတာ အမှန်ပဲ … တကယ်လို့ ဒေဝါလီ မခံလိုက်ရဘူးဆိုရင်တောင် အတော်လေး ထိခိုက်နာကျင်သွားစေဖို့ လုံလောက်တယ် …”
“ စာတွေ အများကြီး ရိုက်လိုက်ရတာ လက်တွေညောင်းရောပေါ့ … အပေါ်က ကွန်းမန့်ပိုင်ရှင် ပြောတာ မှန်လောက်တယ် …”
ချက်ချင်းဆိုသလို ရှေးဟောင်းယဉ်ကျေးမှု စီမံခန့်ခွဲရေး ဌာနတွင် အလုပ်လုပ်သည့် ကြည့်ရှုသူများက တစ်ယောက်ပြီး တစ်ယောက် စတင်ရှင်းပြကြတော့၏။
ရှေးဟောင်းယဉ်ကျေးမှု အကြွင်းအကျန် ပစ္စည်းများ စီမံခန့်ခွဲမှု အက်ဥပဒေအရ အကယ်၍ ဆောက်လုပ်ရေးဆိုက် အောက်ခြေတွင် ထိုသို့သော အမျိုးအမည် ပစ္စည်းများ ပေါ်လာသည်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများကို မဆိုင်းမတွ ချက်ချင်းရပ်တန့်ထားရမည်။
ထို့ပြင် သူတို့ဘက်က အဆိုပါ ပစ္စည်းများအား မထိခိုက်စေအောင်လည်း အကောင်းဆုံး ပြုလုပ် ကာကွယ်ပေးဖို့ လိုအပ်သေး၏။ ထိုအတွက် လိုအပ်သည့် ကုန်ကျစရိတ်များ အားလုံးကိုလည်း ဆောက်လုပ်ရေးဆိုက်ပိုင်ရှင်ကသာလျှင် ကုန်ကျခံရမည်။
ဒုတိယ အနေဖြင့် … ရှေးဟောင်းအုတ်ဂူများ တူးဖော်နေစဉ်တွင် ဆောက်လုပ်ရေးဆိုက်အား ထိန်းချုပ်နိုင်မှုကို ရှေးဟောင်းသုတေသန ဌာန၏ လက်၀ယ်တွင်းသို့ ထားရှိရမည်။
ရှေးဟောင်းအုတ်ဂူများ တူးဖော်နေဆဲ ကာလတွင်လည်း ဆောက်လုပ်ရေး လုပ်ငန်းများအားလုံးကို ပိတ်ဆို့ ရပ်ဆိုင်းထားရမည်ဖြစ်၏။
တူးဖော်သည့် ကာလက တစ်နှစ်ဆိုလျှင် .. ဆောက်လုပ်ရေးဆိုက် ရပ်တန့်ထားရမည့် အချိန်သက်တမ်းကလည်း တစ်နှစ်ဖြစ်၏။
ဆယ်နှစ် ဖြစ်ခဲ့မည်ဆိုပါက ထို မြေကွက်တွင် ပြုလုပ်မည့် ဆောက်လုပ်ရေး စီမံကိန်းများကို ဆယ်နှစ် ရပ်တန့်ထားရမည်။
အကယ်၍ အုတ်ဂူက အင်မတန်ကြီးမားလွန်းနေခဲ့ပါက ပရောဂျက်သည်လည်း လုံးဝ အပြီးတိုင် ဖျက်သိမ်းပစ်လိုက်ရမည်။
ရှေးဟောင်းအုတ်ဂူများ ထွက်ပေါ်လာမှုက ခန့်မှန်းမရသည့် ဆုံးရှုံးမှုများကို ဖြစ်ပွားသွားစေနိုင်သည်။ ထို့ပြင် သက်ဆိုင်ရာ ဌာနကလည်း ထိုမြေကွက်အား အငှားရရန် လေလံပစ်ထားသည့် ငွေများကို ပြန်အမ်းလိမ့်မှာ မဟုတ်ချေ။
ဘဏ္ဍာရေး အင်အား မတောင့်တင်းသည့် မည်သည့် ကုမ္ပဏီမဆို ထိုသို့ ဖြစ်ပွားသည်နှင့် ချက်ချင်းလက်ငင်း ဒေဝါလီခံသွားရနိုင်သည်။
ရှင်းပြချက်ကို နားထောင်ပြီးနောက် နားလည်သွားပြီ ဆိုသည့် ကွန်းမန့်များက စကားပြောခန်းထဲတွင် ထွက်ပေါ်လာခဲ့သည်။
မျက်နှာဖြူလျော်နေသည့် စီအီးအိုရွှီကို ကြည့်ရင်း ချန်ယွီ့ ဆက်ပြီးပြောသည်။
“ လူနာ … ကျွန်တော့်ရဲ့ စိတ်ပညာရှုထောင့်ကနေ လေ့လာဆန်းစစ်ကြည့်ရသလောက်တော့ ခင်များက ဖုန်းရွှေကို သက်ဝင်ယုံကြည်တဲ့လူပဲ….”
“ ဆောက်လုပ်ရေး စတော့မယ့် အချိန်တိုင်း ခင်များ ဖုန်းရွှေ မာစတာ တစ်ယောက်ကို မေးပြီး မြေကွက်ရဲ့ ဖုန်းရွှေကို စစ်ဆေးခိုင်းတယ် …”
“ အဲ့ဒီ မြေကွက်ကို ဝယ်ပြီးတဲ့နောက် ခင်များ ထုံးစံအတိုင်း ဖုန်းရွှေမာစတာတစ်ယောက်ကို အကူအညီတောင်းတယ် …”
“ သေချာကြည့်ပြီးတဲ့နောက်မှာ ဖုန်းရွှေ မာစတာရဲ့ မျက်နှာ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီးတော့မှ …. “
“ အောက်ခြေမှာ ရှေးဟောင်းအုတ်ဂူတစ်ခုကို မြုပ်နှံထားတယ်လို့ ဆိုတယ် … အဲ့နောက်မှာ သူ ညွှန်ကြားတဲ့အတိုင်း ခင်များ လူတစ်ချို့ စေလွှတ်ပြီး ကျွင်းတွေ တူးတယ် … ပြီးတော့ ရှေးဟောင်း ဂူသွင်းပစ္စည်း အသုံးအဆောင်တွေ အများကြီးကို ခင်များ တူးဖော်ရရှိခဲ့တယ် …”
“ အဲ့ဒီအချိန်မှာ ဒီရဲ့ မြေကွက်က ဘာအသုံးမှ မဝင်ဘူးဆိုတာကို ခင်များ သိသွားပြီ … နိုင်ငံခြားထွက်ပြီး ဆေးကုမယ်ဆိုတဲ့ ဆင်ခြေကို ခင်များရဲ့ မိတ်ဆွေ သိအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လှစ်ဟာပြီး မြေကွက်ကို သူ့ဆီ ရောင်းချင်နေတယ် …”
“ ခင်များရဲ့ မိတ်ဆွေကလည်း ဗြောင်သမား… သူ ခင်များကို ချက်ချင်းပဲ မူရင်း ဈေးအတိုင်း ဝယ်ဖို့ ကမ်းလှမ်းတယ် …”
“ အဲ့လူကလည်း ခင်များလို အိမ်ခြံမြေဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားတဲ့လူပဲ …”
“ တစ်ဖက်လူက ခင်များရဲ့ ရည်ရွယ်ချက်တွေကို ဖောက်ထွင်းမြင်သွားမှာ စိုးတယ် … ဒီတော့ ခင်များ ချက်ချင်းလက်ငင်း သဘောမတူလိုက်ဘူး … စဉ်းစားဦးမယ်ပဲ ပြောလိုက်တယ် …”
“ ခင်များ ကျွန်တော့်ရဲ့ လိုက်စထွင်းထဲ ရောက်လာပြီး ဒီလိုမျိုး ရည်ရွယ်ချက် ရှိရှိ လုပ်နေတာကလည်း ခင်များနဲ့အတူ သရုပ်ဆောင်ချင်စေလို့ပဲ …”
“ ကျွန်တော်က ခင်များကို ရောင်းလိုက်ပါလို့ အကြံပေးလိုက်တာနဲ့ ခင်များမှာ ရောင်းဖို့ လုံလောက်တဲ့ ဆင်ခြေရှိသွားမယ် …”
ကြည့်ရှုသူများမှာ ချက်ချင်းဆိုသလို သူတို့၏ ဦးနှောက် မြေပေါ်ပြုတ်ကျသွားခဲ့ပြီး ဖုန်ခါခပ် ၊ ပြန်ကောက်၍ ခေါင်းထဲ ပြန်ထည့်ထားလိုက်ကြရသည့်နှယ် ခံစားနေကြရသည်။
ချမ်းသာတဲ့လူတိုင်းက ဒီလိုပဲ ကြောက်ဖို့ကောင်းကြလား …
သာမန်လူဆို သူတို့မှာ လှည့်ကွက် တစ်ခု၊ နှစ်ခုလောက် ရှိရင်ရှိမယ် … ဒါပေမယ့် ဒီ ချမ်းသာတဲ့လူတွေကတော့ လှည့်ကွက်ကို တစ်ရာလောက်ရှိတယ် …
“ ငါသာ စီအီးအိုရွှီနဲ့ အလုပ်အတူ တွဲလုပ်မိလို့ကတော့ ငါ့ကိုယ်ငါ ရောင်းမထုတ်မိရင်ကိုပဲ ကျေးဇူးတင်လှပြီ …”
“ လူဆိုးက ငါတို့ကို ကောင်းတာလုပ်ဖို့ ပြောနေတယ် … သူကျတော့ နတ်ဆိုးဆန်တဲ့ လုပ်ရပ်တွေ လုပ်နေပြီးတော့များ ….”
“ စီအီးအိုရွှီ … မင်း အထက်တန်းဆန်လို့ မရဘူးလားကွ …”
“ သူ အသည်းကင်ဆာရတာ အကုသိုလ်တွေ တအားများနေလို့ ဆိုတာ သေချာတယ် …”
“ ဒါ စိတ်ကျန်းမာရေး လိုက်စထွင်း မဟုတ်တော့ဘူး … သင်တန်းတွေ တက်လို့တောင် မသင်ယူနိုင်တဲ့ စီးပွားရေးဆိုင်ရာ ပညာပေးခန်း ဖြစ်သွားပြီ …”
“ မင်း စီအီးအိုရွှီရဲ့ ပေါက်ကရတွေကို ယုံမိတယ်ဆိုရင် တကယ်လို့ တစ်ယောက်ယောက်ကများ မင်းတို့ကို လိမ်သွားခဲ့ရင် ကိုယ့်ကိုယ်ကို အပြစ်မတင်ကြနဲ့ …”
လိုက်စထွင်းကြည့်ရှုနေကြသူ အများစုမှာ သာမန်လူများ ဖြစ်ကြပြီး ထိုကဲ့သို့သော လှည့်ကွက်မျိုးကို တစ်ခါမျှ မကြုံတွေ့ဖူးကြချေ။
တစ်စုံတစ်ယောက်က ကိုယ့်မိတ်ဆွေအပေါ် ထိပ်ကွက်လိုသည့်လူတစ်ယောက်က စိတ်ပိုင်းဆိုင်ရာအရ ကိုယ့်ကိုယ်ကို အပြစ်တင်လိုစိတ် မရှိသည်ကိုလည်း အံ့အားမသင့်ဘဲ မနေနိုင်ကြချေ။
ပုံမှန် အပေါ်ယံ သူငယ်ချင်းတို့က ကိုယ့်အပေါ် အသေးအမွှား တစ်စုံတစ်ရာ လိမ်ညာနိုင်သော်လည်းပဲ သူတို့ အများစုက ကိုယ့်ကို ဥပါဒ် မဖြစ်စေပေ။
စီအီးအိုရွှီကတော့ ကိုယ့်မိတ်ဆွေကိုပင် ယွမ် သုံးဘီလီယမ် လှည့်စားဖို့ လုပ်နေခဲ့၏။
“ စီအီးအိုရွှီ … ခင်များမှာ ဘာစိတ်ရောဂါရှိလဲ သိလား …”
ချန်ယွီ့ မေးသည်။
“ ဘာရောဂါလဲ …” ရှော့ခ်ရနေဆဲဖြစ်သည့် စီအီးအိုရွှီက စိတ်ထဲဟာလာဟင်းလင်း ဖြစ်စွာ ခံစားနေရရင်း ပြန်မေးလိုက်သည်။
“ ခင်များက စိတ်ဓာတ်ကျလွန်းလို့ အဆုံးစီရင်ချင်လောက်တဲ့အထိကို ပြင်းထန်တဲ့ ရောဂါလက္ခဏာတစ်ခုကို ခံစားနေရတာပဲ …”
“ စိတ်ဓာတ်ကျလွန်းတဲ့ရောဂါ ဟုတ်လား … ဒေါက်တာချန် … မင်း ဒါတော့ တအား ချဲ့ကားလွန်းသွားပြီ ….”
စီအီးအိုရွှီ၏ မျက်နှာ မည်းမှောင်သွားခဲ့သည်။
“ ငါ စီးပွားရေး လောကထဲ ကျင်လည်လာတာ ဆယ်စုနှစ်တွေ များနေပြီ … အခြေအနေတွေ အများကြီးနဲ့လည်း ကြုံခဲ့ဖူးတယ် …”
“ ငါ့ ကုမ္ပဏီ အကြိမ်ကြိမ် ဒေဝါခံလုခံနီး ဖြစ်တာတောင် ကိုယ့်ဘဝကိုယ် အဆုံးစီရင်ဖို့ တစ်ခါမှ မတွေးဖူးဘူး …”
“ ဟက်ဟက် …” ချန်ယွီ့ အေးစက်စွာ ရယ်မော၍ “ ခင်များရဲ့ အုပ်စုက ဒေဝါလီ ခံရခါနီး အခြေအနေနဲ့ သုံးကြိမ် ရင်ဆိုင်ခဲ့ရဖူးတယ် … ဒါပေမယ့် ခင်များ သုံးကြိမ်လုံးကို ကယ်တင်နိုင်ခဲ့တယ် …”
“ ဒါပေမယ့် ဒီတစ်ခေါက်တော့ ခင်များ အဲ့လို လုပ်နိုင်မှာ မဟုတ်တော့ဘူး …”
“ အင်း … ခင်များရဲ့ ကုမ္ပဏီက ဒေဝါလီခံရတော့မယ် …”
ချန်ယွီ့၏ စကားကို နားထောင်ပြီးနောက် စီအီးအိုရွှီ ဒေါသထောင်းခနဲ ဖြစ်သွားခဲ့ပြီး သူ့အား မဟုတ်တမ်းလျားတွေ ပြောဆိုနေသည်ဟု လက်ညှိုးငေါက်ငေါက်ထိုး၍ ဆိုလာတော့သည်။
“ ငါ ဝယ်ခဲ့တဲ့ မြေကွက်အောက်မှာ ရှေးဟောင်းအုတ်ဂူ ရှိနေတော့ရော ဘာဖြစ်လဲ … အဲ့တာက ငါ့အတွက် အသေးမွှားလေးပဲ … ငါ့အုပ်စုက ဒီလောက်နဲ့တော့ ဒေဝါလီ ခံသွားစရာ အကြောင်းမရှိဘူး ….”
“ တကယ်လို့ ခင်များ နိုင်ငံခြားမှာ ဖြန့်ကျက်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေ တစ်ခုခု မှားယွင်းသွားပြီး နိုင်ငံထဲကို အချိန်မီ ပိုက်ဆံ ပြန်မသွင်းနိုင်ခဲ့ဘူး ဆိုရင်ကော ….”
“ မင်း တကယ်ပဲ ဘယ်သူများလဲ …”
စီအီးအိုရွှီမှာ သူ့ထိုင်ခုံမှ မတ်တပ်ထရပ်မိသွားခဲ့ပြီး ရှော့ခ်ရမှုက မျက်နှာထက်တွင် အထင်းသား ပေါ်လွင်နေသည်။
“ ခင်များ မြင်တဲ့အတိုင်း … ကျွန်တော်က သာမန် စိတ်ကျန်းမာရေး ဆရာဝန် တစ်ယောက်ပါ …”
ချန်ယွီ့ သာမန် အမူအရာဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
“ လွန်ခဲ့တဲ့ နှစ်တွေမှာ ပြည်တွင်း အိမ်ခြံမြေဈေးကွက်က ပြိုလဲလုနီးပါး ဖြစ်နေတဲ့ အခြေအနေကို ခင်များ သတိထားမိတယ် …”
“ ဒါကြောင့်မို့ တကယ်လို့ အရေးပေါ်အခြေအနေအတွက် ဆိုပြီး ခင်များရဲ့ ပိုက်ဆံတော်တော်များကို နိုင်ငံခြားဘက် လွှဲပြောင်း ရင်းနှီးထားလိုက်တယ် …”
“ ခင်များ အဲ့မှာ မြေကွက်တွေကို အများကြီး လိုက်ဝယ်တယ် … ပြီးတာနဲ့ မဆောက်ခင် ကြိုရောင်းအိမ်တွေ လုပ်ပြီး ငွေတွေကို အမြန်ပြန်ရှာတယ် …”
“ ခင်များ ဒီနည်းလမ်းကို သုံးလာခဲ့တာ ကြာပြီလေ... ဒီတော့ အဲ့အပိုင်းနဲ့ ပတ်သက်လို့ကတော့ ခင်များအတွက်က အေးဆေးပဲ …”
“ အရင် လွန်ခဲ့တဲ့ ၂ နှစ်မှာ အဲ့လို မြေကွက်တွေကို အများကြီး လိုက်ဝယ်တဲ့ အပြုအမူတွေကို နိုင်ငံက ကန့်သတ်ထားခဲ့တယ် … ပြီးတော့ အိမ်ခြံမြေဈေးကွက်ကလည်း အရင်နှစ်တွေကလောက် ရေပန်းမစားတော့ဘူး …”
“ ဘဏ်အတိုးတွေ အချိန်မီ ပြန်ပေးဖို့ဆို ခင်များ နိုင်ငံခြားမှာ ငှားထားတဲ့ အိမ်ငှားခတွေ အပေါ်မှာပဲ မှီခိုနိုင်တော့တယ် …”
“ ခင်များလက်ထဲမှာ ရှိတဲ့ ပရောဂျက်တွေ ရောင်းထွက်သွားမှပဲ ခင်များရဲ့ ငွေတွေက ပုံမှန် ပြန်၀င်လာနိုင်မယ် …”
“ ဒါပေမယ့် … တကယ်လို့ ခင်များရဲ့ နိုင်ငံခြား အိမ်ခြံမြေတွေ ရောင်းလိုက်လို့ရတဲ့ ငွေပမာဏက မလောက်ငှတာ … ဒါမှမဟုတ် ဖြတ်တောက်ခံလိုက်ရမယ်ဆိုရင် ခင်များရဲ့ စီးပွားရေး အင်ပါယာကြီးတစ်ခုလုံး ပြိုလဲပြီပဲ …”
ထိုအထိ ပြောပြီးနောက်တွင် ချန်ယွီ့ ခေတ္တ ရပ်နားထားလိုက်သည်။
“ အံ့ဩစရာပါပဲ … တကယ်ကို အံ့ဩလောက်စရာပါပဲ …”
ရှော့ခ်ရသည့် အခြေအနေမှ အသိပြန်လည်လာခဲ့သည့် စီအီးအိုရွှီသည် ချန်ယွီ့အတွက် တစ်ဖန်ထပ်ပြီး လက်ခုပ်လက်ဝါးတီးပေးလိုက်သည်။
“ ဒေါက်တာချန်က စောင့်ကြည့်လေ့လာပြီး ခွဲခြမ်းစိတ်ဖြာတဲ့ နေရာမှာတင် မကဘဲ အိမ်ခြံမြေ စီးပွားရေး အကြောင်းတွေပါ နားလည်နေလိမ့်မယ်လို့ ငါ တကယ်ကို ထင်မထားဘူး …”
“ ငါ့အခြေအနေက မင်းပြောခဲ့တဲ့အတိုင်းပဲ … ငါအခု ဘဏ္ဍာငွေတွေ အတော်လေး ကြပ်နေတယ် …”
“ ဒါပေမယ့် မင်း တစ်ခုတော့ မှားတယ် ….”
“ နိုင်ငံခြားမှာ ရှိတဲ့ ငါ့ရဲ့ အိမ်ခြံမြေ လုပ်ငန်းတွေ အကုန်လုံးက ကောင်းကောင်း လည်ပတ်နေတယ် …. ပြည်တွင်းဘဏ်တွေရဲ့ အတိုးကို အချိန်မီ ပေးဖို့အတွက် ပြဿနာ မရှိဘူး …”
စီအီးအိုရွှီနှင့် ချန်ယွီ့တို့၏ စကားဝိုင်းက လိုက်စထွင်းထဲရှိ ကြည့်ရှုသူများကို ကြက်သေသေသွားစေခဲ့သည်။
ဘယ်လိုတောင် မြန်တဲ့ ဇာတ်လမ်း အလှည့်အပြောင်းလဲ ...
ဟာရူနာတောင်ရဲ့ ပြိုင်ကား နတ်ဘုရားတောင် ချန်ယွီ့ရဲ့ ဇာတ်လမ်းအလှည့်အပြောင်းလောက် မြန်ဆန်နိုင်မှာ မဟုတ်လောက်ဘူး …
“ ဇာတ်ညွှန်းရေးဆရာတွေ အကုန်ထွက်လာပြီး တစ်ချက် လာကြည့်ကြဦး …. မင်းတို့ ဒေါက်တာချန်ရဲ့ လိုက်စထွင်းကို ကြည့်ပြီးသွားရင် စိတ်ကူးဉာဏ်ကွန့်မြူးမှု အသစ်တွေ ပေါက်ကွဲထွက်လာမယ်ဆိုတာ ငါ ရဲရဲကြီး အာမခံတယ် ….”
“ လူတိုင်းပဲ … လောင်းကြေးတွေ မြန်မြန်တင်ကြ …. စီအီးအိုရွှီ တကယ်ပဲ ဒေဝါလီ ခံသွားမလား လောင်းကြမယ် ….”
“ စီအီးအိုရွှီ ဒေဝါလီ ခံသွားတာ၊ မခံသွားတာက အရေးမဟုတ်ဘူး …. သူက ငါတို့ကောင်တွေထက် ချမ်းသာနေတုန်းပဲကွ ….”
“ လောကကြီးထဲ မျှတတာလေး တစ်ခုကတော့ လူတစ်ယောက်မှာ အသက်တစ်ချောင်းတည်း ပါလာတာပဲ …”
“ ကိုးရီးယားမှာ ဆိုလို့ကတော့ ဒီဇာတ်အိမ်တစ်ခုတည်းနဲ့တင် အပိုင်း ၁၀၀ လောက် ဇာတ်လမ်းရိုက်လို့ရနေပြီ ….”
“ အပိုင်း ၁၀၀ နဲ့ ဘယ်လောက်မှာ …. သူတို့ ထမင်းစားတဲ့ ဝိုင်းမှာတင် ဒီလို ဇာတ်လမ်းမျိုး လေးငါးပိုင်းလောက် အသာလေး ရိုက်လိုက်လို့ရတယ် …”
ယခုက နေ့လည်စာ အချိန်ဖြစ်ပြီး လိုက်စထွင်းကို ကြည့်ရှုသူ အရေအတွက်ကလည်း လျော့ပါးမသွားသည့် အပြင် အရှိန်အဟုန်နှင့် တိုးမြင့်နေလျက် ရှိကာ ကြည့်ရှုသူ အရေအတွက် ငါးသိန်းသို့ ရောက်ရှိသွားခဲ့သည်။
စီအီးအိုရွှီ၏ အမူအရာမှာ ယုံကြည်ချက်အပြည့်နှင့် ဖြစ်လို့နေသည်။
အခြားတစ်ဖက်ရှိ ချန်ယွီ့ကတော့ မည်သူမျှ ကြည့်လို့ မဝနိုင်သည့် သိမ်မွေ့နက်နဲသည့် အမူအရာတစ်ခုကို ဆောင်ကြဉ်းထားခဲ့သည်။
“ ခင်များရဲ့ နိုင်ငံခြားမှာ ရှိတဲ့ စီးပွားရေးတွေ ကောင်းကောင်းလည်ပတ်နေတယ်ဆိုရင် ဘာလို့ ကင်ဆာကိစ္စကို အတုလုပ်ထားလဲ …”
“ ခင်များက သရုပ်ဆောင်ဖို့တောင် နိုင်ငံခြား ဆေးရုံတစ်ခု ရှာတွေ့ထားပြီး အကောင်းဆုံး ဆရာဝန် အသင်းကိုတောင် ငှားထားပြီးပြီ …”
ချန်ယွီ့၏ စကားက စကားပြောခန်းထဲရှိ ကွန်းမန့်များကို နိုက်ထရို တက်ထားသည့်အလား မြန်ဆန်သွားစေခဲ့သည်။
“ ခင်များ ဒါတွေ အားလုံး လုပ်နေခဲ့တာ အများလူမြင်ကွင်းကနေ ပုန်းကွယ်နေချင်လို့ပဲမဟုတ်လား … ဒါမှပဲ ခင်များကိုယ်တိုင် နိုင်ငံခြားသွားပြီး ကိုယ်တိုင်ကိုယ်ကျ တရားရင်ဆိုင်နိုင်မယ် … ပြီးတော့ အဲ့ဒီအိမ်ခြံမြေတွေကို ရောင်းဖို့ နည်းလမ်း ရှာနိုင်မယ် …”
စီအီးအိုရွှီမှာ မိုးကြိုးထိမှန်ခံလိုက်ရသည့်နှယ် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး သူ့ထိုင်ခုံသို့ ဒယီးဒယိုင် ပြန်ထိုင်ချမိသွားခဲ့သည်။