← Chapters

ကျွမ်းကျင်တဲ့ အမဲလိုက်သမားကလည်း အမြဲတမ်း သားကောင်ဖြစ်ရတာပဲ

Vol. 3 Ch. 23

ကျွမ်းကျင်တဲ့ အမဲလိုက်သမားကလည်း အမြဲတမ်း သားကောင်ဖြစ်ရတာပဲ

Vol. 3 Ch. 23

“ ငါ့ကိုသာ ဖျင်ချသွားလိုက်ပါတော့လား စီအီးအိုရွှီရယ် …. မင်း ပါးစပ်ထဲက ထွက်လာတဲ့ စကားတစ်ခွန်းမှကို အမှန်မရှိပါလား ….”

“ ကြည့်စမ်း ကြည့်စမ်း ... သူ့ ဝမ်းနည်းနေတဲ့ မျက်ခွက်ကြီးကို ကြည့်စမ်း … ဒေါက်တာချန်ကတော့ နောက်တစ်ချီ နိုင်သွားပြန်ပြီ …”

“ ငါ အခုမှ ရောက်လာခဲ့တာ … ဘာတွေ ဖြစ်နေတာလဲ…. ငါ ဘာတွေ လွတ်သွားခဲ့တာလဲ ….”

“ ညီကို …. မင်း တင်းရှန်းအုပ်စုက ရောင်းတဲ့ အိမ်ကို ဝယ်ထားမိသေးလား … ကြိုဝယ်ပလန်နဲ့ ဝယ်ထားတယ်ဆိုရင်တော့ ကံကောင်းပါစေလို့သာ ဆုတောင်းထားပေတော့ …”

(ကြိုဝယ်ပလန် - ဆောက်လုပ်မပြီးခင်ကြို၀ယ်သောကြောင့် ဈေးသက်သာ၊ အကယ်၍ ဆောက်လုပ်ရေး ကုမ္ပဏီ ဒေါလီခံသွားပါက အိမ်ပြီးမည် မဟုတ်ဘဲ ၀ယ်သူသာလျှင် ပိုက်ဆံဆုံးနိုင် )

“ စီအီးအိုရွှီ ဘာလို့ ကင်ဆာရောဂါ ဖြစ်နေတယ်ဆိုပြီး သတင်းအတု လွှင့်လဲ ငါနားလည်တယ် … တကယ်လို့ သူ ပုံမှန် နည်းလမ်းနဲ့ နိုင်ငံခြားထွက်ရင် စီးပွားရေး သတင်းထောက်တွေက ကျိန်းသေပေါက် လိုက်လာခဲ့မှာ … ကင်ဆာကုမယ်ဆိုပြီး ဆင်ခြေပေးမှပဲ အဲ့ဒီ ပါပါရာဇီတွေကို သပ်ချနိုင်မှာ …”

“ ချီးတဲ့မှရွှီ … ငါ့ပိုက်ဆံ ပြန်အမ်းပေးစမ်း …”

လိုက်စထွင်းကို အစမှ လိုက်ကြည့်နေကြသည့် ကြည့်ရှုသူများမှာ ဘာဖြစ်နေလဲဆိုတာကို သိနေကြပြီ ဖြစ်၏။

ကွန်းမန့်ပိုင်ရှင် တစ်ယောက် ပြောသည့်အတိုင်းပဲ စီအီးအိုရွှီ၏ ပါးစပ်ထဲက ထွက်လာသည့် စကားတစ်ခွန်းကိုမျှ ယုံကြည်၍ မရချေ။

သူက နိုင်ငံခြားရှိ စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နေသည်ဟု ပြောဆိုနေခဲ့သော်လည်းပဲ …

လက်တွေ့တွင်တော့ တော်တော်ကြီးကို ပြဿနာတက်နေခဲ့ပြီ ဖြစ်သည်။

စီအီးအိုရွှီက သူ့ကိုယ်သူ သင်ထောက်ကူပစ္စည်းအဖြစ် အသုံးချခံ၍ ကြည့်ရှုသူများကို သင်ခန်းစာပေးနေခဲ့သည်။

သူကိုယ်တိုင် ဒါရိုက်တာလုပ်၍ သူကိုယ်တိုင် သရုပ်ဆောင်သည်။ ဒေါက်တာချန်၏ နတ်ဘုရားဆန်သည့် ခန့်မှန်းမှုကိုများကို အခွင့်ကောင်းယူပြီး သူ၏ ပြဿနာတက်နေသည့် မြေကွက်ကို ရောင်းချရန် ဆင်ခြေအဖြစ် အသုံးချချင်နေခဲ့သည်။

ကံဆိုးစွာဖြင့် သူ ရှုံးနိမ့်သွားခဲ့၏။

ပြီးသည့်နောက် ချန်ယွီ့က စီအီးအိုရွှီသည် ဧရာမ လစဉ်တိုးနှင့် ဘဏ်အကြွေးများ တင်နေကြောင်း ထောက်ပြလာခဲ့သည်။

အဆိုပါ အတိုးများကို ရှင်းပေးရန်အတွက် နိုင်ငံခြားက ရန်ပုံငွေကိုများ လိုအပ်၏။ ယခု နိုင်ငံခြားရှိ သူ့စီးပွားရေး လုပ်ငန်းများက ပြဿနာ တက်နေပြီဖြစ်ရာ ဘဏ္ဍာရေးကွင်းဆက်ကြီးသည်လည်း ပျက်စီလုနီးပါး ဖြစ်နေလေပြီ။

ထို့ကြောင့် … အချိန်တစ်ခု ရောက်သည်နှင့် သူ့ ကုမ္ပဏီ ပြိုလဲသွားမည်က အနှေးနှင့် အမြန်ပင်ဖြစ်သည်။

“ ဒေါက်တာချန် …. မင်း ပိုပြီး အသေးစိတ်လေး ပြောပြပေးပါလား … နိုင်ငံခြားမှာ လည်ပတ်နေတဲ့ စီအီးအိုရွှီရဲ့ စီးပွားရေး လုပ်ငန်းတွေက ဘယ်လို တရားရေးရာ ပြဿနာမျိုး တက်နေတာလဲတဲ့ ….”

ချန်ယွီ့ သူ့ကွန်းမန့် မမြင်မှာစိုး၍ မေးမြန်းသူက ပိုက်ဆံပေးကာ အထူးကွန်းမန့်တစ်ခုကို စခရင်ထက်တွင် ပေါ်လာစေသည်။

“ အခွန်ရှောင်တာ ….”

“ အဲ့တာပဲလားဆိုတော့ ….” ချန်ယွီ့ နှာမှုတ်လိုက်ပြီး “ သူက အမေရိကားမှာ အခွန်သွားရှောင်တာ …”

“ မထူးဆန်းတော့ပါဘူး … အခွန်ရှောင်တာက အဲ့နိုင်ငံမှာ တကယ့်ကို ကြီးလေးတဲ့ပြစ်မှုကြီးပဲ …”

“ စီအီးအိုရွှီက အဲ့ကိစ္စ ကိုင်တွယ်ဖို့ နိုင်ငံခြားကို ကိုယ်တိုင်ကိုယ်ကျ သွားမှာ မဆန်းဘူးပဲ … သူသာ မသွားရင် သူ့ပိုင်ဆိုင်မှုတွေ အကုန်လုံး သိမ်းခံလိုက်ရတော့မှာ …”

“ စီအီးအိုရွှီက ကန်းနေတာပဲ … တကယ်လို့ နိုင်ငံခြားမှာ အိမ်ခြံမြေ ရင်းနှီးမှု လုပ်ချင်နေတယ်ဆိုလည်း အဲ့နိုင်ငံရဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ နားလည်အောင် လုပ်ထားလေ …”

“ အဲ့နိုင်ငံမှာ အခွန်ရှောင်ဝံ့နေတယ် … စီအီးအိုရွှီက ကြိုးတန်းလေးပေါ်မှာ ကခုန်ရတာကို တကယ်ကြိုက်တာပဲ …”

ထိုနိုင်ငံသို့ ပညာတော်သင် သွားဖူးသည့် ကြည့်ရှုသူများ … သို့မဟုတ် နေထိုင်ခဲ့ဖူးသူတို့က အဆိုပါ ကွန်းမန့်များကို ရေးသားလာခဲ့ကြသည်။

အခွန်ရှောင်သည်က ကြီးလေးသည့် အမှုသာလျှင် မဟုတ်ဘဲ အကယ်၍ မိသွားခဲ့မည်ဆိုပါက ပြင်းထန်စွာ အပြစ်ပေးခံရနိုင်သည်။

ဒဏ်ကြေးကလည်း လုံးဝ နည်းပါးသည့် ပမာဏမဟုတ်ပေ။

အမေရိကန်၏ ဘဏ္ဍာရေးနှင့် အခွန်ဌာနက သူ့လမ်းတွင် ရှိနေသူ မှန်သမျှကို တွန်းထိုးသွားမည့် ဘူဒိုဇာအဖြစ် လူသိများသည်။

အထူးသဖြင့် ၎င်းတို့၏ နှာသီးဖျားဝအောက်တွင် အခွန်ရှောင်သည်က ဒေဝါလီခံဖို့ ပြင်ဆင်နေပြီး ထောင်ထဲတွင် တစ်သက်လုံး နေရဖို့ လုပ်သည်နှင့် မခြားပေ။

“ ဒေါက်တာချန် … ငါမှားသွားခဲ့ပါတယ် … ငါမင်းကို အသုံးမချခဲ့သင့်ဘူး … ပြီးတော့ … ငါမင်းကို သံသယလည်း မဝင်ခဲ့သင့်ဘူး …”

စီအီးအိုရွှီသည် သူ့ကိုယ်သူ အတင်းအကြပ် အသိစိတ်ဝင်လာစေလိုက်ပြီး ချန်ယွီ့ကို အနူးအညွှတ် တောင်းပန်လာခဲ့သည်။

“ မင်းငါ့ကို ဒီကပ်ဘေးက ကယ်တင်နိုင်သရွေ့ မင်းတောင်းသလောက်ကို ငါပေးမယ် …”

“ မင်း တစ်သက်လုံး ထိုင်စားလို့ မကုန်လောက်တဲ့ ပမာဏအထိကို ပေးလို့ရတယ် …”

“ တကယ်လို့ မင်းက ပိုက်ဆံ မလိုချင်ဘူးဆိုရင် ငါ့ကုမ္ပဏီ ရှယ်ယာတွေ ပေးရမယ်ဆိုလည်း ရတယ် …”

ချန်ယွီ့၏ ဖွင့်ဟဖော်ထုတ်မှုက စီအီးအိုရွှီ၏ အယောင်ဆောင်မှုကို လူတိုင်းမြင်သာအောင် ရှင်းလင်းလိုက်သည့် မမြင်ရသည့် လက်တစ်စုံနှင့် တူညီသည်။

ယခု သူ ထိတ်လန့်တုန်လှုပ်နေရပြီ ဖြစ်၏။

“ ခင်များကိုယ်ခင်များ စိတ်ရောဂါ မရှိဘူးလို့ ထင်သေးလား …”

ချန်ယွီ့ မေးလိုက်၏။

“ ရှိတယ် … ငါ့မှာ စိတ်ရောဂါရှိတယ် …”

စီအီးအိုရွှီက နာကျင်စွာဖြင့် သူ့မျက်လုံး နှစ်ဖက်ကို စုံမှိတ်ထားလိုက်သည်။

အကယ်၍ သူသာ ဤကပ်ဘေးကြီးကို ဖြတ်ကျော်နိုင်ခြင်း မရှိဘူးဆိုပါက လုံးဝ အသက်ရှင်နိုင်မှာ မဟုတ်တော့ချေ။

“ အမှန်အတိုင်း ပြောပြဖို့က လူနာရဲ့တာဝန် … ခင်များရဲ့‌ ရောဂါကို ဆရာဝန်ရဲ့ မျက်လုံးအောက်မှာ ဖုံးကွယ်ထားလို့ မရဘူးဆိုတာ မှတ်ထား …”

“ ဒါပေါ့ …” ချန်ယွီ့ ခေါင်းညိတ်ပြီး ဆက်ပြော၏။ “ တကယ်တော့ ခင်များရဲ့ ရောဂါကို ကုသပေးဖို့က မခက်ပါဘူး …”

“ နိုင်ငံခြားမှာ ခင်များ တရားသွားရင်ဆိုင်လည်း ရှုံးမှာပဲ …. အလကား ရုန်းကန်နေမယ့်အစား ပြတ်ပြတ်သားသား အဆက်ဖြတ်လိုက်တာ ပိုကောင်းတယ် …”

“ ခင်များရဲ့ နိုင်ငံခြားက ပိုင်ဆိုင်မှုတွေ အကုန်လုံးကို လက်လွှတ်လိုက် …”

ထိုစကားကိုကြားတော့ စီအီးအိုရွှီ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး သူ နားကြားမှားလေသလောဟု ထင်ယောင်ထင်မှား ဖြစ်သွားခဲ့သည်။

ချန်ယွီ့က သူ့ကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ကူပြီး ရှာပေးနေတာလား … ဒါမှမဟုတ် သူ့ကို တစ်ခါတည်း သေတွင်းထဲ ရောက်အောင် ပို့နေတာလား …

ထိုပိုင်ဆိုင်မှုများကို ဝယ်ယူရန်အတွက် စီအီးအိုရွှီက ယွမ် ငါး ဘီလီယမ်အထိ အသုံးပြုထားခဲ့ရသည်။ ထို့ပြင် ချန်ယွီ့က ထိုအရာများအားလုံးကို လက်လျှော့လိုက်ရန် အကြံပေးနေသည်။

ဒါပေါ့။ သူ့ပိုင်ဆိုင်မှုတွေ မဟုတ်တဲ့ ချန်ယွီ့ကတော့ သူ ဘယ်လိုတွေ နာကျင်ခံစားနေရလဲဆိုတာကို ဘယ်လိုလုပ်ပြီး ခံစားလို့သိမှာလဲ …

စီအီးအိုရွှီ၏ အတွေးများကို ဖောက်ထွင်းမြင်နေသည့်အလား ချန်ယွီ့ မနှေးမမြန်လေသံဖြင့် ပြောဆိုလိုက်သည်။

“ နိုင်ငံခြားမှာ ရှိတဲ့ ခင်များရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးကို လက်လွှတ်လိုက်တာက ရောဂါကို ကုသနိုင်မယ့် ပထမအဆင့်ပဲ ရှိသေးတယ် …”

“ ပြီးရင် ခင်များရဲ့ အဲ့ဒီ‌ မြေကွက်ကလွဲလို့ တခြား ပိုင်တဲ့ စီးပွားရေးတွေ ၊ ပိုင်ဆိုင်မှုတွေ အကုန်လုံးကို ရောင်းရမယ် … အဲ့တာဆို ဘဏ်ချေးငွေတွေ ဆပ်ဖို့ လောက်တယ် …”

“ တော်သင့်ပြီ …”

စီအီးအိုရွှီ ဒေါသတကြီး တုံ့ပြန်၍ ချန်ယွီ့ကို ကြားဖြတ်ပြောလိုက်ပြီး “ မင်းကိုယ်မင်း ဘာတွေ ပြောနေလဲ သိလား … မင်းက ငါ့ကို ကူညီတာ မဟုတ်ဘဲ ငါ့ကို စောစောစီးစီး သေအောင် လုပ်နေတာကွ …”

“ နိုင်ငံခြားက ပိုင်ဆိုင်မှုတွေ ဝယ်ဖို့ ငါ ယွမ် ငါးဘီလီယမ် သုံးခဲ့တယ် ….”

“ ငါ့ပြည်တွင်းက စီးပွားရေး လုပ်ငန်းတွေကလည်း ဘီလီယမ်နဲ့ချီ တန်တယ် … မင်းက အဲ့တာတွေ အကုန်လုံးကို မင်းရဲ့ နှုတ်ထွက် စကားလေးတစ်ခွန်းတည်းနဲ့ ငါ့ကို စွန့်ပစ်ခိုင်းချင်နေတယ်ပေါ့ ….”

“ အဲ့လိုလုပ်တာနဲ့ ဒေဝါလီခံလိုက်ရတာနဲ့ ဘာကွာတော့မှာ …”

ဤစကားကို ကြားတော့ ချန်ယွီ့ ဒေါသထွက်သွားခြင်း မရှိသလို စီအီးအိုရွှီကိုလည်း စကားဖြတ်မပြောခဲ့ချေ။

သူ သာမန်အတိုင်းသာ ခွန်းတုံ့ပြန်လိုက်၏။ “ ဒေဝါလီခံတယ်ဆိုတာ ခင်များမှာ ခြူးတစ်ပြားမှ မကျန်တော့ဘဲ အကြွေးတွေချည်း လည်ပင်းနစ်နေတာကို ဆိုလိုတာပဲ ….”

“ ကျွန်တော် အကြံပေးတဲ့ ကုသမှု အစီအစဉ်က ခင်များရဲ့ အကြွေးတွေ အကုန်လုံးကို ဆပ်နိုင်မယ့်အပြင် ယွမ် သုံးဘီလီယမ်တန်တဲ့ အဲ့ဒီ မြေကွက်ကိုပါ ချန်ထားနိုင်ဦးမှာနော်…..”

စီအီးအိုရွှီ အတွက်ကတော့ … ချန်ယွီ့၏ စကားလုံးများမှာ လုံးဝ အဓိပ္ပာယ် မရှိသည့် အရာများပင်။

“ အဲ့ဒီရဲ့ မြေအောက်ထဲမှာ ရှေးဟောင်းအုတ်ဂူရှိနေမှတော့ အဲ့မြေကွက်က စွန့်ပစ်မြေနဲ့ အတူတူပဲ …”

“ လုံးဝကြီးတော့ ဘယ်ဟုတ်မှာ …” ချန်ယွီ့က သိရခဲယဉ်းသည့် လေသံမျိုးဖြင့် ပြောလိုက်သည်။

အခြားစခရင် တစ်ဖက်ခြမ်းရှိ စီအီးအိုရွှီ၏ မျက်နှာ အမူအရာမှာ တဖြည်းဖြည်းနှင့် ပိုပိုပြီး အကျည်းတန် ဒေါသထွက်လာသည်။

“ ဒေါက်တာချန် … မင်းမှာ အစွမ်းအစ နည်းနည်းရှိတာနဲ့ပဲ ငါ့ကို ပြက်ရယ်ပြုလို့ ရပြီထင်နေလား …”

“ ငါ … ရွှီကျုံးယွမ် … စီးပွားရေး လောကထဲ ကျင်လည်လာတာ နှစ်သုံးဆယ် ရှိပြီ … အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ဖူးတယ် …”

“ မင်းငါ့ကို မကူညီရင်တောင် ငါ့နည်းငါ့ဟန် ၊ ငါ့အစွမ်းအစနဲ့ငါ ဒီကာလကို ကျော်ဖြတ်နိုင်တယ် …”

ချန်ယွီ့ သူ့ခေါင်းကို ခါယမ်းလိုက်သည်။

အခြားသူများ၏ မျက်လုံးထဲတွင် စီးပွားရေးသမားများက ကျိုးကြောင်းဆင်ခြင်ဉာဏ်အရှိဆုံး လူသားများ ဖြစ်ကြ၏။ သို့သော် အနှီ စီးပွားရေး သမားတို့က အန္တရာယ် မရှိသည့် အခါမှသာ ကျိုးကြောင်းဆင်ခြင်ဉာဏ် ရှိကြသည်ကို သူတို့ မသိကြ။ ပျက်ကပ်က သူတို့အပေါ် ဆိုက်ရောက်လာသည်နှင့် ၎င်းတို့မှာ အခြားသာမန်လူများထက်ပင် ပိုပြီး ရူးနှမ်းကြသည်။

“ အဲ့ဒီ မြေကွက်တစ်ခုတည်းက ခင်များ ပြန်ပြီး ဦးမော့လာနိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးပဲ …”

အသက်တစ်ချောင်းကို ကယ်တင်ကောင်းပါသည်ဟု ချန်ယွီ့ စဉ်းစားရင်း စီအီးအိုရွှီအား နောက်ထပ် အခွင့်အရေး တစ်ခု ပေးဖို့ ဆုံးဖြတ်လိုက်သည်။

“ အဲ့ဒီ သုံးမရတဲ့ မြေကွက်က ငါ့ရဲ့ တစ်ခုတည်းသော အခွင့်အရေး …. ငါ ယုံမယ်လို့ မင်းထင်လား …”

သူ့ရုံးခန်းထဲတွင်တော့ ဖုန်းများက ဆက်တိုက် တဂွမ်ဂွမ် မြည်နေလေသည်။

တံခါးအပြင်ဘက်ရှိ အတွင်းရေးမှူးကလည်း သတင်းများကို ဆက်တိုက် ပို့နေခဲ့၏။

စီအီးအိုရွှီမှာတော့ အဆုံးသတ်ချေပြီ။

ဘဏ်များနှင့် သူ၏ စီးပွားဘက် ပါတနာများက ယခု လိုက်စထွင်းကို မြင်ပြီးသွားခဲ့ကြပြီ ဖြစ်သည်။

သူက ချင်းလုံတောင်အနားရှိ မြေကွက်ကို ပြန်ရောင်း၍ ငွေပေါ်ပြီး ဤကပ်ဘေးကို ဖြတ်ကျော်ရန် စီစဉ်ထားခဲ့သည်။

မည်သူကရော တွေးမိခဲ့လိမ့်မည်နည်း။

သူ ဒုက္ခသုခခံ၍ ရယူထားရသည့် မြေကွက်က ဘာမျှ ဆောက်လုပ်မရသည့် အသုံးမကျသည့် မြေကွက်တစ်ခု ဖြစ်နေခဲ့လေသည်။

သူ ယခင်က ဓားစာခံသိုးလေးအဖြစ် အသုံးချရန် ကြံရွယ်ထားသည့် သူ၏ မိတ်ဆွေဟောင်းကြီးကလည်း ဤခု လိုက်စထွင်းကို မြင်တွေ့ပြီးဖြစ်ကာ ဝယ်ယူလိုမှာ မဟုတ်တော့ချေ။

“ အဲ့ဒီ ချင်းလုံတောင်အနားမှာရှိတဲ့ မြေကွက်အောက်မှာ ဘာ ရှေးဟောင်း အုတ်ဂူမှ မရှိဘူး …” ချန်ယွီ့ ရှင်းပြလိုက်ပြီး “ ခင်များရဲ့ မိတ်ဆွေက ခင်များကို လှည့်စားထားတာ ….”

“ အဲ့ဒီမြေကွက်က ရတနာမြေ … ခင်များ တစ်ယောက်တည်း စိတ်ဝင်စားနေရုံတင် မကဘူး … ခင်များရဲ့ မိတ်ဆွေဟောင်းကြီးကလည်း အဲ့ဒီ အသားတစ်ကြီးကို သွားရည်ယိုနေတာ …”

“ ကံဆိုးချင်တော့ ခင်များက လေလံဈေးပေးတဲ့ နေရာမှာ သူ့ထက် သာသွားခဲ့တယ် … ခင်များက အဆက်အသွယ် ပေါင်းစုံကို အသုံးချပြီး အဲ့ဒီ အဖိုးတန်တဲ့ မြေကို ဈေးကြီးကြီးပေးပြီး သူ့ဆီကနေ ယူထုတ်သွားတယ် …”

“ ခင်များ သူ့ကို ရိုက်ချပြီးတာတောင် ခင်များရဲ့ မိတ်ဆွေဟောင်းကြီးက အရှုံးမပေးသေးဘူး … အဲ့ဒီအစား သူ တစ်ခြား နည်းလမ်းတစ်ခုကို စပြီး စဉ်းစားတယ် …”

“ ခင်များ အယုံကြည်ဆုံး ဖုန်းရွှေ မာစတာနဲ့ မြေကွက်ရဲ့ ပရောဂျက် မန်နေဂျာကို လာဘ်ထိုးလိုက်တယ် …”

“ အဲ့ဒီ ပရောဂျက် မန်နေဂျာက တာဝန်ယူပြီး ရှေးဟောင်း ဂူသွင်း ပရိဘောဂပစ္စည်းအပိုင်းအစတွေကို မြေအောက်ထဲမှာ မြုပ်ပေးခဲ့တာပဲ …”

“ ဖုန်းရွှေ မာစတာက သူ ကြိုသိထားတဲ့ အဲ့ဒီနေရာကို လက်ညှိုးညွှန်ပြပြီး အောက်မှာ ဂူမြုပ်နှံထားတဲ့ မကောင်းတဲ့ နေရာဆိုပြီး ပြောမယ် …”

“ ခင်များရဲ့ မိတ်ဆွေဟောင်းကြီးကတော့ …. သူ ခင်များဆီ ဆင်ခြေတစ်ခုပေးပြီး လာလည်တယ် … သူ့ကိုယ်သူ အဲ့ဒီ မြေကွက်ကို သဘောကျ စွဲလမ်းနေဟန်ဆောင်ပြီး ခင်များသူ့ကို မရောင်း ရောင်းလာအောင် မြောင်းပေးတယ် …”

“ သူ ခင်များကို တစ်ပတ်ရိုက်နေတာ … အဲ့မြေကွက်ကို ခင်များရှေ့ရောက်မှ စိတ်ဝင်စားချင်ယောင် ဆောင်နေတာမဟုတ်ဘူး … အစတုန်းကတည်းက သွားရည်ယိုလွန်းလို့ ချောင်းပေါက်မတတ်ပဲ…”

“ သူကလည်း ခင်များ ဘယ်လိုလူစားမျိုးလဲ သိတယ် … ခင်များ အဲ့လို အတွေးဝင်လာအောင် ဘယ်လိုမျိုး လမ်းကျောင်းပေးရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ယုံကြည်ချက် အပြည့်ရှိတယ် …”

စီအီးအိုရွှီ၏ စိတ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားခဲ့ပြီး ဆိုးရိုးစကားတစ်ခုက သူ့ဦးနှောက်ထဲ ဖျတ်ခနဲ ပေါ်လာခဲ့သည်။

ကျွမ်းကျင် အမဲလိုက်သမားတစ်ယောက်လည်း မကြာခဏ သားကောင်ဖြစ်ရတာပဲ မဟုတ်လား …

All Chapters