သွေးအေးရောဂါ
Vol. 3 Ch. 26
[ဟန်ကျိုးမြို့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က ဥပဒေအကြောင်းကို နားလည်သည်။
အကယ်၍ နစ်နာသူက ရဲစွဲချက်ကို ပြန်ပယ်ချပြီး နားလည်ကြောင်း ခံဝန်စာ ရေးသားလိုက်မည်ဆိုပါက အန်းအန်း ပြန်လွတ်လာနိုင်မည့် အခွင့်အရေးရှိသည်။
ဤကိစ္စကြောင့်နှင့် တရားရုံး ရောက်သွားခဲ့လျှင်ပင် ဆိုင်းငံ့ခံထားရသည့် ပြစ်ဒဏ်လေးလောက်သာ ချမှတ်ခံရမှာ ဖြစ်၏။
“ ရယ်ချင်စရာတော့ ကောင်းတယ် … ဒါပေမယ့် မင်းမှာ ပိုက်ဆံရှိရင် မလုပ်နိုင်တာ မရှီဘူး …”
“ ငွေမျက်နှာကြောင့်နဲ့ အန်းအန်းက သူ့ကိုယ်သူ ဗီလိန်ဖြစ်ဖို့ ဆန္ဒရှိတယ် … သူတို့ရဲ့ ဇာတ်ညွှန်းအတိုင်း ကျိုးခဲ့ရှင်း၊ ချန်ယွီတို့နဲ့ ပွဲအကြီးကြီးကခဲ့တာပဲ …”
ထိုစကားများ ပြောဆိုပြီးသည်နှင့် [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က နောက်ဆုံး စာရွက်ကို ထုတ်ပြလာခဲ့သည်။
ဤသည်ကိုတော့ စီးပွားရေးကိစ္စများ စုံစမ်းသည့် ဝက်ဘ်ဆိုဒ်တစ်ခုမှာ ပရင့်ထုတ်လာခဲ့ခြင်းဖြစ်၏။
“ မင်းတို့ ညီကို ချယ်ရီသစ်ပင်ဆိုပြီး ခေါ်နေကြတဲ့ လူရဲ့ နာမည်အရင်းက ယန်ပင်း ၊ သူ့အဖေက Yang Trading ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာ .. ယန်ဝန်ယွမ် …”
“ ယန်ဝန်ယွမ်က ကုမ္ပဏီ သုံးခုနဲ့ ဆက်စပ်နေတယ် … Yang Trading ကုမ္ပဏီအပြင် သင်္ဘောသယ်ယူပို့ဆောင်ရေးရယ် … ပြီးတော့ ……”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က လေသံကို ဖိဆွဲ၍ ပြောလိုက်ပြီး “ ဟူယွီ ပလတ်ဖောင်းရယ် …”
“ တစ်နည်းပြောရရင် ယန်ဝန်ယွမ်မှာ ဟူယွီပလတ်ဖောင်းရဲ့ ရှယ်ယာတွေ ရှိတယ် …”
“ မင်းတို့ ငါပြောတာ မယုံဘူးဆိုရင် ဟူယွီ ပလတ်ဖောင်းရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်ထဲသွားပြီး ရှယ်ယာရှင် စာရင်းကို စစ်ဆေးကြည့်လိုက် …”
တစ်ချို့သော ကြည့်ရှုသူများက စတင် စစ်ဆေးကြည့်နေပြီး ဖြစ်သည်။
မကြာမီ ယန်ဝန်ယွမ်၌ ဟူယွီပလတ်ဖောင်း၏ ရှယ်ယာ ၃ ရာခိုင်နှုန်း ရှိနေသည်ကို ရှာတွေ့သွားခဲ့ကြလေသည်။
ယန်ဝန်ယွမ်နှင့် ယန်ပင်းတို့၏ နာမည်များကိုလည်း သူတို့ အင်တာနက်တွင် ရှာဖွေခဲ့ကြသည်။
“ သေစမ်း … ညီကိုချယ်ရီပင်က တကယ်ကြီး ယန်ဝန်ယွမ်ရဲ့ သားပဲဟ … ကုမ္ပဏီ နှစ်ပတ်လည် အစည်းအဝေး ဓာတ်ပုံထဲမှာ သူတို့ သားအဖတွေ အတူရပ်နေတာ ငါ မြင်လိုက်တယ်….”
“ ကြောက်စရာကြီးပါလား … [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်] ရှာမတွေ့နိုင်တဲ့အရာ မရှိဘူးပဲ …”
“ သူက နာမည်ကြီး ဆယ်လီတွေ အကုန်လုံးရဲ့ ဝိပါက်ဖြစ်နေတာ မဆန်းဘူးပဲ … သူ့ရဲ့ စုံစမ်းထောက်လှမ်းနိုင်တဲ့ အရည်အချင်းတွေနဲ့ ရဲတွေတောင် သူ့လောက်တော်မှာ မဟုတ်ဘူး …”
ဤကွန်းမန့်များကို မြင်တော့ … တစ်ချိန်လုံး နှုတ်ဆိတ်စွာဖြင့် ထိုင်နေခဲ့သည့် ချန်ယွီ့၏ မျက်နှာထက်တွင် အေးစက်သည့် အပြုံးတစ်ခုက တွဲလဲခိုလာခဲ့သည်။
“ ပထမ လူသုံးယောက်က တစ်ခုခုမှားနေတယ် ထားပါတော့ … စီအီးအိုရွှီကျတော့ရော … သူ့မှာ ဘီလီယမ်နဲ့ ချီတဲ့ ကြွယ်ဝမှုတွေ ရှိနေတာကို ဒေါက်တာချန်ရဲ့ ရှိုးပွဲ တစ်စိတ်တစ်ပိုင်းတော့ မဖြစ်နိုင်ဘူးမလား …”
တစ်ချို့ ကြည့်ရှုသူများက မေးခွန်းထုတ်လာခဲ့ကြသည်။
“ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ကတော့ … အချိန်အကန့်အသတ်ရှိတော့ ငါ သေချာလေး မစုံစမ်းရသေးဘူး …”
“ ဒါပေမယ့် စီအီးအိုရွှီမှာလည်း တစ်ခုခု ပြဿနာ ရှိနေတယ်ဆိုတာတော့ ငါ အာမခံရဲတယ် …”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က တက်ဘလက် တစ်လုံး ယူလာခဲ့ပြီး ပုံဆွဲအက်ပ်ကို ဖွင့်၍ လူလေးယောက်၏ အမည်ကို ချရေးလိုက်သည်။
၎င်းတို့၏ အလုပ်အကိုင်ကိုလည်း အောက်တွင် ရေးမှတ်ထားသေး၏။
လူလေးဦးအနက် နှစ်ဦးက ချန်ယွီ့နှင့် ဆက်စပ်နေသည့် ဟူယွီ၏ ထိပ်တန်းစထွင်မာများ။
ကျန်နှစ်ဦးတွင်တော့ ချမ်းသာသည့် နောက်ခံများ ရှိပြီး တစ်ဦးက ဒုတိယမျိုးဆက် သူဌေး၊ ကျန်တစ်ဦးက သူ၏ စီးပွားရေး အင်ပါယာကို အောက်ခြေမှ စတင်ထုဆစ်ခဲ့သူ။
“ လူလေးဦးလုံးမှာ တူညီတဲ့ နောက်ခံတွေ ရှိနေတယ် … ဒါက တိုက်ဆိုင်မှု သပ်သပ် မဟုတ်ဘူးဆိုတာ ငါသေချာတယ် …”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က သေချာနေသည့် လေသံဖြင့် ပြောဆိုလိုက်သည်။
“ ချန်ယွီ့ဆီကို မရေမတွက်နိုင်တဲ့ ပရိသတ်တွေ ယူဆောင်လာပေးနိုင်တဲ့ နာမည်ကြီး စထွင်မာနှစ်ယောက် ….”
“ ချမ်းသာမှုက သူတို့ကို အောင်မြင်တဲ့ ရောင်ဝါရှိစေတယ် .. ဒီတော့ သူတို့ ပြောလိုက်တဲ့ စကားအခွန်းတိုင်း၊ အပြုအမူလုပ်ရပ်တိုင်းက သာမန်လူတွေကို ပိုပြီးတော့ ယုံကြည်စေတယ် …”
“ တစ်ယောက်က အသက်ကြီးပြီး တစ်ယောက်က အသက်ငယ်တယ် … နှစ်ယောက်လုံးက ချမ်းသာတဲ့ နောက်ခံကိုယ်စီ ရှိနေကြတဲ့ လူတွေချည်းပဲ … သူတို့နဲ့တင် ချန်ယွီ့ အကြောင်း သံသယဝင်နေတဲ့ အတွေးတွေကို လွယ်လင့်တကူ တိုက်ဖျက်လို့ရတယ် …”
“ ငါ ပြောလို့ ပြီးပြီ … ဘယ်သူ မကျေနပ်ဘူးလဲ … ငါ အခု ပြောသွားတဲ့ အချက်တွေကို ဘယ်သူ ကန့်ကွက်ချင်လဲ …”
ချန်ယွီ့ကို ယုံကြည်နေခဲ့ကြသည့် ကြည့်ရှုသူများမှာ ထိချက် ပြင်းသွားခဲ့ကြ၏။
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က စီအီးအိုရွှီသည်လည်း သရုပ်ဆောင်တစ်ယောက်ဖြစ်သည်ဟု မည်သည့် သက်သေ အထောက်အထားတစ်ခုမျှ ထုတ်ပြမလာခဲ့သော်လည်းပဲ ပထမ လူသုံးဦးတွင် ချို့ယွင်းချက်ကိုယ်စီ ရှိနေကြောင်း ထောက်ပြလာခဲ့သည်။
အစ်ကိုရွှီနှင့် ကျိုးခဲ့ရှင်းတို့၏ အထောက်အထားများက စထွင်မာများပင်။
စီအီးအိုရွှီနှင့် ညီကိုချယ်ရီပင်တို့ နှစ်ဦးလုံးကလည်း ကြွယ်ဝသည့် နောက်ခံများ ဖြစ်ကြ၏။
မည်သို့သော ရှုထောင့်ကပဲ ကြည့်ကြည့် အဆိုပါ ထပ်နေသည့် အထောက်အထားများနှင့် နောက်ခံတို့က တိုက်ဆိုင်မှု သပ်သပ် မဟုတ်သည့်ပုံပေါ်သည်။
လိုက်စထွင်း၏ ကွန်းမန့်ခန်းထဲတွင် [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]ကို မေးခွန်းထုတ်သည့် ကွန်းမန့်တို့ နည်းသထက် နည်းပါးလာခဲ့ပြီး …
ကြည့်ရှုသူ အမြောက်အများက ချန်ယွီ့ကို ဖြေရှင်းချက်တစ်ခုပေးဖို့ တောင်းခံနေကြ၏။
“ ချန်ယွီ့ … မင်းရဲ့ ကြည့်ရှုသူတွေက မင်းရှင်းပြချက် ပေးမှာကို စောင့်နေတယ်….”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က ခက်ထန်စွာ ပြောဆိုလိုက်သည်။
“ အရင်တုန်းကကျတော့ လူလေးယောက်ကို မင်း သူတို့ ကိစ္စတွေ ကရားရေလွှတ် ပြောခဲ့တယ် မဟုတ်ဘူးလား …”
“ ငါ့အလှည့်ရောက်တော့မှ ဘာလို့ ရုတ်တရက်ကြီး တိတ်ဆိတ်သွားတာလဲ …”
“ ငါ ပြောတဲ့ စကားတွေ နားထောင်ပြီးတော့ မင်းလည်း စိတ်ဓာတ်ကျသွားတာလား … “
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က သူ၏ ပြိုင်ဘက် ဝမ်းနည်းကြေကွဲနေသည့် အခြေအနေကို ကြည့်ရင်း ရွှင်မြူးနေခဲ့သည်။
သူက ချန်ယွီ့ လူနာကြည့်ပေးသည့် လေသံကို အတုခိုး၍ သူ့ကိုပင် စိတ်ဓာတ်ကျသွားပြီလားဟု မေးခွန်းထုတ်နေသည်။
“ တကယ်လို့ ငါပြောတာ မှားတယ်ထင်ရင် မင်းနည်းမင်းဟန်နဲ့ ငါပြောတာ မှန်သမျှကို ငြင်းလို့ရတယ် …”
“ ခင်များက အဲ့လိုပြောနေမှတော့ ကျွန်တော်လည်း ဘာလို့ လေကုန်ခံနေတော့မှာ …” ချန်ယွီ့ ပုံမှန် အမူအရာဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
“ ငါတော့ မင်း မရှင်းပြချင်တာမဟုတ်ဘဲ မရှင်းပြနိုင်တာလို့ ထင်တယ် …”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က အောင်နိုင်သူကြီး အမူအရာဖြင့် ချန်ယွီ့ သူ့ကိုယ်သူ ပိုက်ဆံရှာရန် အသုံးချခံ ကိရိယာ ဖြစ်နေသည့် အပေါ် ထေ့ငေါ့လှောင်ပြောင်နေခဲ့သည်။
ချန်ယွီ့၏ အရှက်မရှိသည့် သရုပ်ဆောင်မှုများဖြင့် ကြည့်ရှုသူများကို အမှောင်ထဲတွင် ထားထားသည်ဟု လှောင်ပြောင်ခဲ့၏။
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က ပြောရမော၍ အသက်ရှူရန် ခဏရပ်တန့်နေချိန်တွင် ချန်ယွီ့ သာမန်လျှံကာ ခွန်းတုံ့ပြန်စကားတစ်ခုကို ဆိုလိုက်၏။
“ ခင်များဘာခင်များ ဘာတွေပဲ ပြောနေပြောနေ … ကျုပ်ကတော့ စိတ်ရောဂါကျွမ်းနေတဲ့ ခင်များနဲ့ ပြိုင်တုပြီး စကားပြောဖို့ စိတ်ကူးမရှိဘူး …”
“ ချန်ယွီ့ … အိုး ချန်ယွီ့ … ဒီလို အချိန်မျိုးမှာတောင် မင်းက ဆက်ပြီး သရုပ်ဆောင်နေတုန်းပဲလား…”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]သည် ချန်ယွီ့ကဲ့သို့သော ခေါင်းမာသည့် လူအများအပြားနှင့် ကြုံခဲ့ဖူးသည်။
တစ်ချို့ဆို ရဲကိုပင် ဖုန်းဆက်၍ [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]အား အသရေဖျက်သည်ဟုပင် တရားစွဲခဲ့ကြသေး၏။
သို့သော် အဆုံး၌ … သူပြောခဲ့သည်များက မှန်ကန်ကြောင်းကို ခြွင်းချက်မဲ့ သက်သေပြခံလိုက်ရသည်။
“ သရုပ်ဆောင်နေတာက ကျွန်တော်မဟုတ်ဘူး …” ချန်ယွီ့ [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]၏ မျက်လုံးကို တည့်တည့်ကြည့်၍ “ သရုပ်ဆောင်တဲ့ ကိစ္စ ပြောမယ်ဆိုရင် ခင်များလည်း ဒီတစ်လျှောက်လုံး သရုပ်ဆောင်လာခဲ့ရတာ အတော်လေး ခက်ခဲခဲ့ရောပေါ့ …”
“ ခင်များရဲ့ စိတ်ရောဂါ အခြေနေက ကုလို့ မရတဲ့ အဆင့်ထိကိုတောင် ရောက်နေပြီ … သိပ်မကြာခင် ခင်များကိုယ်ခင်များ ဘယ်လိုမှ ဆက်ပြီး ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး …”
ဤသည်ကို ကြားတော့ [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]သည် ဒေါသထွက်ရမယ့်အစား ဟားတိုက် ရယ်မောလာခဲ့သည်။
“ ငါ့ကို စိတ်ရောဂါ ရှိနေတယ်ဆိုပြီး ဆက်တိုက်ပြောနေတယ် … မင်း ဒီလှည့်ကွက်သေးသေးလေးကို သုံးပြီး အခြေအနေကို ပြောင်းပြန်လှန်ချင်သေးတုန်းပေါ့ ဟုတ်လား …”
“ ကောင်းပြီလေ … ငါမင်းကို အခွင့်အရေး ပေးမယ် …”
“ ငါ့ကိုပြော …. ငါ့မှာ ဘယ်လို စိတ်ရောဂါမျိုး ရှိနေလဲ…”
“ ခင်များရဲ့ စိတ်ရောဂါ ကြီးထွားလာနေတဲ့ အခြေအနေကို ကြည့်ပြီး သုံးသပ်ရရင် …”
ချန်ယွီ့ ပုံမှန် မျက်နှာထားဖြင့် ဆက်ပြီးပြောသည်။ “ ခင်များရဲ့ ရောဂါကြောင့် မသေခင် လေးလ အချိန်ရှိသေးတယ် …”
“ အခုချိန် ခင်များ ဘာရောဂါ ရှိနေလဲ နားထောင်လိုက်ရင် ခင်များရဲ့ အသက် သက်တမ်းက ပိုပြီး တိုသွားလိမ့်မယ် … အဲ့တာပြီးရင် ခင်များမှာ အသက်ရှင်ဖို့ အချိန် တစ်လနဲ့ တစ်ရက်ပဲ ကျန်မယ် …”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က အထင်တသေးဖြစ်စွာဖြင့် တံတွေးထွေးလိုက်ပြီး “ အချိန်ဆွဲမနေနဲ့ ….”
“ မင်း ဒီတိုင်း ပြောလိုက် … ငါ့ကို ဒီလောက် မြန်မြန် သေစေနိုင်မယ့် ရောဂါက ဘာလဲ ငါသိချင်တယ် …”
ကြည့်ရှုသူများလည်း စိတ်ရှုပ်ထွေးနေခဲ့ကြသည်။
တိုင်ပင်ဆွေးနွေးသည့် ဆက်ရှင်များစွာကို ကြည့်ရှုလေ့လာပြီးနောက်တွင် ချန်ယွီ့က အစွမ်းအစရှိပြီး အကျင့်ကောင်းမွန်သည့် လူတစ်ဦးဖြစ်ကြောင်းကို အားလုံးလည်း ခံစားနိုင်သည်။
စီအီးအိုရွှီ၏ ကျိန်ဆဲဒေါသနှင့် ရင်ဆိုင်ရသည့် အခါ၌ပင် ချန်ယွီ့က ဒေါသမထွက်ခဲ့ချေ။
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]နှင့် တွေ့သည့်အခါကျမှ အဘယ်ကြောင့် ထူးခြားစွာ တုံ့ပြန်၍ စောစီးသေမည်ဟုပင် ကျိန်ဆဲနေရသနည်း။
ဖြစ်နိုင်တာ … [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က သူ့အရှိုက် တည့်တည့်ကို ထိုးနှက်ခဲ့မိလို့များလား …
ချန်ယွီ့ ဒေါသထွက်ပြီး ကျိန်စာတိုက်နေရတဲ့ အကြောင်းအရင်းက အဲ့တာကြောင့်များ ဖြစ်နေလောက်လား …
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]ကတော့ ချန်ယွီ့က အဆုံးသတ်ခါနီး ဖြစ်သောကြောင့် ခေါင်းမာပြီး ကြံမိကြံရာ ပေါက်ကရဇာတ်များ လျှောက်ထွင်နေကြောင်း သိသည်။
သူ့ လိုက်စထွင်း ပြီးဆုံးသွားသည်နှင့် ဟူယွီပလတ်ဖောင်း၏ အသုံးချခံ ၊ ချန်ယွီ့သည် လူမြင်ကွင်းတွင် ဘယ်တော့မှ ထွက်ပေါ်လာမှာ မဟုတ်ချေ။
“ ခင်များကိုယ်ခင်များ ဘာရောဂါ ဖြစ်နေလဲဆိုတာကို အဲ့လောက် သိချင်စိတ် ပြင်းပြနေမှတော့ ဆရာဝန် တစ်ယောက်ဖြစ်တဲ့ ကျွန်တော်ကလည်း လူနာရဲ့ စိတ်ဆန္ဒကို လေးစားရမှာပေါ့ …”
၎င်းနောက် ချက်ချင်းပဲ ချန်ယွီ့က ပုံမှန်လူတို့ တစ်ခါမျှ မကြားဖူးသည့် စိတ်ရောဂါ အသုံးအနှုန်းတစ်ခုကို ပြောဆိုလာခဲ့သည်။
“ မင်းမှာ ပြင်းထန်တဲ့ သွေးအေး စိတ်ကစဉ့်ကလျား ရောဂါ ရှိနေတယ် … “
“ သွေးအေးတဲ့ …. စိတ်ကစဉ့်ကလျား ရောဂါ … ထွီး … မင်းဘာမင်း နာမည်လျှောက်တပ်ထားတဲ့ ရောဂါ မဟုတ်လား …”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က နှာမှုတ်လိုက်သည်။
“ မင်းအတွက် တော်တော် ခက်ခဲသွားမှာပဲ .. ငါ့ကို စော်ကားဖို့ ငါ့ရဲ့ ရောဂါကို ဒီလောက်ထိ ချဲ့ကားပြီး ပြောဆိုနေတယ် …”
“ ဒေါက်တာချန်က လျှောက်ပြောနေတာ မဟုတ်ဘူး … သွေးအေးတဲ့ စိတ်ကစဉ့်ကလျား ရောဂါဆိုတာ တကယ်ရှိတယ် … ငါလည်း စိတ်ပညာကို လေ့လာနေတဲ့ လူပဲ … ဖြစ်ချင်တော့ အဲ့ဒီ အကြောင်းကို ငါ လေ့လာထားပြီးတာ မကြာသေးဘူး …”
ကွန်းမန့်တစ်ခုက ဖြတ်ပြေးသွားခဲ့၏။
“ အဲ့တော့ … အဲ့ဒီ သွေးအေးတဲ့ စိတ်ကစဉ့်ကလျား ရောဂါက ဘာလဲ …”
“ ရောဂါဖြစ်ပြီး သွေးအေးသွားရောလား …”
“ သွေးအေးတဲ့ စိတ်ကစဉ့်ကလျား ရောဂါ ဝေဒနာရှင်တွေကို ဆိုက်ကိုပါ့ (စိတ္တဇ လူသတ်သမား) တွေဆိုပြီးလည်း လူသိများတယ် … သူတို့ရဲ့ အကျင့်စရိုက်တွေက အေးစက်တယ် … လူမှုအသိုင်းအဝိုင်းအပေါ် ရက်စက်တယ် … လူနာအများစုက အင်မတန် အိုင်ကျူမြင့်ကြပြီး ဘာကိုမှလည်း မကြောက်တတ်ကြဘူး …”
“ နားထောင်ရတာ ဘာလို့ sociopath ကောင်တွေနဲ့ တူနေပါလိမ့် …”
(Sociopath - ကိုယ့်တစ်ဘို့တည်းသာလျှင်ကြည့်သူ၊ အခြားသူ ဒုက္ခရောက်ရမယ်ဆိုရင်တောင် အပြစ်ရှိစိတ်မခံစားရဘဲ ရက်စက်နိုင်သူ )
စိတ်ပညာအကြောင်း နားကန်းတစ်လုံးမျှ မသိကြသည့် ကြည့်ရှုသူများမှာ ယခု ထိုရောဂါအကြောင်းကို သိလိုစိတ်ပြင်းပြနေကြတော့သည်။