ပုန်းကွယ်နေတဲ့ အတွင်းနတ်ဆိုး
Vol. 3 Ch. 27
“ ဆိုက်ကိုပါ့နဲ့ sociopath နှစ်ခုက တူသလို ထင်ရတယ် .. ဒါပေမယ့် ကွဲနေတာလေးတွေ ရှိတယ် …”
ချန်ယွီ့က သူ့နှင့် တူညီသည့် နောက်ခံမှ ဆင်းသက်လာသည့် အဆိုပါကွန်းမန့်ပိုင်ရှင်ကို အပြုံးလေးဖြင့် ကျေးဇူးတင်လိုက်သည်။
ထို့နောက် နှစ်ခုကြားရှိ ကွာဟမှုကို သူကိုယ်တိုင် ရှင်းပြလိုက်၏။
Sociopath ၏ အဓိက စရိုက်လက္ခဏာက စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်ခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းပင်။
၎င်းတို့က ဒေါသဖြစ်လွယ်သည်။
Sociopath တို့က တည်ငြိမ်သည့် အလုပ်တစ်ခုတွင်လည်း အချိန်ကြာကြာ မလုပ်နိုင်ကြချေ။
“ ဆိုက်ကိုပါ့ရဲ့ ကြမ်းကြုတ်တဲ့ စရိုက်လက္ခဏာတွေကကျတော့ Sociopath တွေထက် ပိုပြီး ဆိုးရွားတယ် … “
“ အဓိက ကွဲပြားသွားတာ သူတို့ရဲ့ အဲ့ဒီ ကြမ်းကြုတ်တဲ့ စရိုက်လက္ခဏာတွေကို ဘယ်လိုဖော်ပြကြလဲ ဆိုတာပဲ …”
“ ဆိုက်ကိုပါ့တွေက လူ့ဘောင်အသိုင်းအဝိုင်းထဲမှာ လူတွေနဲ့ အရောတဝင်နေပြီး သူတို့ရဲ့ ယုံကြည်မှုရအောင် လုပ်ဖို့ လွယ်တယ် …”
“ ဆိုက်ကိုပါ့ အများစုမှာ အင်မတန် မြင့်မားတဲ့ အိုင်ကျူရှိပြီးတော့ သူတို့ရဲ့ အတွင်းစိတ်အတွေးတွေကို လူမသိအောင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားနိုင်ကြတယ် ….”
ချန်ယွီ့က အဆိုပါ စိတ်ကစဉ့်ကလျား ရောဂါနှစ်ခု၏ ကွဲပြားချက်များကို ရှင်းပြသွားခဲ့သည်။
ထို့နောက် အူနာအောင် ရယ်မောနေသည့် [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]ထံသို့ တွေးတွေးဆဆနှင့် ကြည့်ရှုလိုက်၏။
“ ဟူယွီ ပလတ်ဖောင်းက မင်းကို ကာကွယ်ပေးဖို့ တော်တော်လေး ကြိုးပမ်းထားတာပဲ …”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က ဟူယွီ၏ စက်ဆုပ်ဖွယ် နည်းလမ်းကို နှာမှုတ်လိုက်သည်။
လူတစ်ယောက်၏ စကားလုံးနှင့် အပြုအမူတို့အား မယုံကြည်စေဖို့ အကောင်းဆုံး နည်းလမ်းမှာ စိတ်ရောဂါ ဝေဒနာရှင်အဖြစ် အမည်တပ်လိုက်ခြင်းပင်။
မည်သူက စိတ်ရောဂါ ဖြစ်နေသည့်လူ၏ စကားကို အတည်မှတ်ယူကြလိမ့်မည်နည်း။
ဟူယွီ ပလတ်ဖောင်းက ချန်ယွီ့ကို ပိုက်ဆံစုပ်စက်အဖြစ် ဖန်တီးရန်အတွက် မရေမတွက်နိုင်အောင် အားထုတ်ကြိုးပမ်းထားရသည်။
အကယ်၍ ချန်ယွီ့သာ ပြိုလဲ ပျက်စီးသွားခဲ့မည်ဆိုပါက …
သူတို့ ပလတ်ဖောင်း၏ ဆုံးရှုံးမှုသည်လည်း ဧရာမ ဖြစ်သွားပေလိမ့်မည်။
“ ဟူယွီ မင်းအတွက် ပြင်ထားပေးတဲ့ အသင်းက အတော်လေးတော့ အားကိုးရသားပဲ …”
“ ဒီလောက် အချိန်တိုတိုလေးနဲ့ တန်ပြန် တိုက်ခိုက်နိုင်မယ့် နည်းလမ်းတွေကို ရှာတွေ့ထားပြီးကြပြီ …”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က နှာမှုတ်လိုက်၏။
“ ပြဿနာကို မဖြေရှင်းနိုင်ရင် ပြဿနာဖန်တီးတဲ့လူကို ဖြေရှင်းလိုက်တယ် …”
“ ကောင်းတယ် … သိပ်ကို ကောင်းလွန်းတယ် …”
ထိုအခိုက် ရည်ရွယ်ချက် ရှိရှိ ထေ့ငေါ့သည့် ကွန်းမန့်တို့က စကားပြောခန်းထဲ အများအပြား ထွက်ပေါ်လာသည်။
“ ငါ အစောကြီးကတည်းက ပြောခဲ့သားပဲ … ဒေါက်တာချန်ရဲ့ အနောက်မှာ အသင်းတစ်ခု ရှိနေပါတယ်ဆို ….”
“ [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က စောက်ရမ်း ကြမ်းလွန်းတယ် … မင်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ငါ ထောက်ခံတယ် …”
“ ဒေါက်တာချန်ကို ကျွမ်းကျင်သူဆိုပြီး ထင်ထားခဲ့တာ လူလိမ်လာဖြစ်နေတယ်တဲ့လားကွာ ….”
“ ငါလည်း အနာဂတ်ကို ဟောပြောနိုင်တဲ့လူပဲ … မင်းတို့တွေ အကုန်လုံး အခု ဖုန်း ဒါမှမဟုတ် ကွန်ပျူတာ စခရင်ကို ကြည့်နေကြတယ်မလား ….”
“ ဒေါက်တာချန်က ထူးချွန်တဲ့ စိတ်ကျန်းမာရေး ဆရာဝန်တော့ မဟုတ်ဘူး … သူက ထူးချွန်တဲ့ သရုပ်ဆောင်ပဲ …”
တစ်ချိန်လုံး ပုန်းလျှိုးကွယ်လျှိုး နေနေခဲ့ကြသည့် haters များက လက်ရှိ အခြေအနေကို အခွင့်ကောင်းယူပြီး ထိုးစစ်စင် တိုက်ခိုက်လာခဲ့ကြသည်။
လိုက်စထွင်း ကွန်းမန့်ခန်းမှာ ကသောင်းကနင်း ဖြစ်လို့နေသည်။
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]သည်လည်း ဘဝင်လေဟပ်နေသည့် အမူအရာကို သူ့မျက်နှာထက်တွင် ဖုံးကွယ်ဖို့ငှာ မစွမ်းသာခဲ့ချေ။
အောင်နိုင်သူက ပေါ်ထွက်လာခဲ့ပြီ။ သူ့ကြောင့်နဲ့ နောက်ထပ် နာမည်ကြီး တစ်ယောက် အသတ်ခံလိုက်ရလေပြီ။
လိုက်စထွင်းထဲ ပေါ်လာသည့် အဆိုပါ မုန်းတီးသူများကိုတော့ ချန်ယွီ့ ဘေးမဲ့ပေးထားသည်။
လူနာ၏ အခြေအနေကိုသာ စူးစမ်းလေ့လာနေခဲ့ပြီး လူတိုင်း ရင်းနှီးနေသည့် အမူအရာဖြင့် စတင်၍ စကားကို မနှေးမမြန် ပြောဆိုလိုက်၏။
“ ခင်များကို မြောက်ပိုင်းမှာရှိတဲ့ တတိယအဆင့် မြို့ငယ်လေး တစ်မြို့မှာ မွေးတယ် …”
“ ခင်များမှာ အစ်ကိုတစ်ယောက်နဲ့ အစ်မနှစ်ယောက် ရှိတယ် ….”
“ ခင်များရဲ့ အစ်ကိုနဲ့ အစ်မတွေက ခင်များထက် ဆယ်နှစ်ကျော် ကြီးတယ် … ခင်များ ငယ်ငယ်လေးတုန်းကတည်းက မိသားစုရဲ့ အချစ်တော်ခံလေး ဖြစ်ခဲ့တဲ့သူပဲ …”
“ မိသားစုမှာ ခင်များကို တောင်းဆိုတာ တစ်ခုတည်းပဲ ရှိတယ် … အဲ့တာ ခင်များ တက္ကသိုလ်တက်ပြီး ဘိုးဘေးတွေ ဂုဏ်ယူနိုင်အောင် လုပ်ဆောင်ပေးဖို့ပဲ …”
ထိုစကားကြားတော့ [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်] မျက်နှာပေါ်ရှိ ဘဝင်လေဟပ်နေသည့် အမူအရာက ချက်ချင်း ပျောက်ကွယ်သွားပြီး အမူအရာကင်းမဲ့သွားခဲ့သည်။
“ ခင်များကလည်း ခင်များရဲ့ မိသားစုကို စိတ်မပျက်စေဘူး … ခင်များရဲ့ အဆင့်တွေက အတန်းထဲမှာ အမြဲတမ်း ပထမ … မူလတန်းကနေ အထက်တန်းထိ အမြဲတမ်း ဗိုလ်စွဲလျက်ချည်းပဲ …”
“ ခင်များ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေခါနီး အချိန်အတောအတွင်းမှာ ခင်များရဲ့ အဖေ ကွယ်လွန်သွားတယ် …”
“ ခင်များရဲ့ အဖေ ကွယ်လွန်သွားတဲ့ ဖြစ်ရပ်က ခင်များရဲ့ ဝင်ခွင့်စာမေးအပေါ် ပြင်းထန်တဲ့ သက်ရောက်မှုတွေ ဖြစ်လာခဲ့တယ် …”
ချန်ယွီ့ ထိုစကားများအား အလျင်မလိုဘဲ ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။
“ အဲ့မှာ ခင်များ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ကျသွားခဲ့ပြီး နောက်ထပ် နှစ်ကြိမ် ဖြေဆိုခဲ့တယ် …”
“ နှစ်ကြိမ်လုံးလည်း မအောင်မြင်ခဲ့ပြန်ဘူး …”
“ ချန်ယွီ့ … ငါမင်းနောက်ကွယ်မှာ ရှိနေတဲ့ အသင်းကို တော်တော်လေး အထင်သေးခဲ့မိတာပဲ …”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က ချန်ယွီ့၏ စကားများ မှန်ကန်ကြောင်းကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။
သို့သော် သူ၏ အမူအရာက ၀မ်းနည်းသည့် မျက်နှာထားမျိုး ဖြစ်နေခဲ့၏။
သူ့တွင် တကယ်ပဲ အစ်ကိုတစ်ယောက်နှင့် အစ်နှစ်ယောက် ရှိခဲ့ဖူးသည်။ တက္ကသိုလ် ဝင်ခွင့် စာမေးပွဲကိုလည်း သုံးကြိမ်တိုင်တိုင် ဖြေဆိုနိုင်ဖို့ ကြိုးပမ်းခဲ့ဖူး၏။
သူ ထိုစကားများ ပြောလိုက်သည်နှင့်တစ်ပြိုင်နှက် ကြည့်ရှုသူများမှာ အမျိုးမျိုးသော မေးခွန်းပုံစံ သင်္ကေတတို့ ပို့လာခဲ့ကြသည်။
တကယ်လို့ ချန်ယွီ့ ပြောတာ မှန်တယ်ဆိုရင် သူ အံ့အားသင့်သွားရမှာ မဟုတ်ဘူးလား … ဘာလို့ စိတ်ပျက်လက်ပျက် ပုံစံကြီး ဖြစ်နေတာလဲတဲ့ ….
“ ကြည့်ရှုသူတို့ … မလောကြနဲ့ … ငါ အခုပဲ ရှင်းပြပေးမယ် …”
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]က ဟူယွီနှင့် စာချုပ် ချုပ်ထားသည့် ပလတ်ဖောင်း စထွင်မာ တစ်ဦးဖြစ်သည်။
ပလတ်ဖောင်းနှင့် စာချုပ်လက်မှတ်ထိုးထာသည့် လူတိုင်း သူတို့ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် အခြေခံ အချက်အလက်တို့အား ဖြည့်စွက်ဖို့ လိုသည်။
သူ၏ တကယ့် နာမည် အရင်းသာ မကဘဲ မှတ်ပုံတင် နံပါတ်ကိုလည်း ပေးဖို့ လိုအပ်၏။
သူ့ မှတ်ပုံတင်ထဲတွင် မွေးရပ်မြေလိပ်စာ ပါဝင်သည်။
အဆိုပါ အချက်အလက်တို့ကို အသုံးချပြီး သူ၏ နောက်ခံ အနည်းငယ်ကို တူးဆွဖို့က ဟူယွီအတွက် ပြဿနာ မရှိပေ။
ဟူယွီ ပလတ်ဖောင်း၏ PR နှင့် ဒေတာအချက်အလက် စုဆောင်းနိုင်စွမ်းတို့က သန်မာ အားကောင်းလှရာ [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်] ၏ အချက်အလက်တို့က အကန့်အသတ်ဖြင့် ဖြစ်နေလျှင်ပင် သူ့မိသားစုအကြောင်း ရှာဖွေ သိရှိဖို့က လွယ်ကူရိုးရှင်းသည့် အရာလေးဖြစ်၏။
ယနေ့ မျက်မှောက်ခေတ်မျိုးတွင် ထိုသို့သော သတင်းအချက်အလက်မျိုးက ဘာမှ အသုံးမဝင်ချေ။
“ လုပ်စမ်း ချန်ယွီ့ … မင်းရဲ့ ဇာတ်လမ်းကို မင်းဆက်ရိုက်စမ်း …”
“ မင်းပြိုလဲမသွားအောင် မင်းရဲ့ အသင်းက တခြား ဘာနည်းလမ်းတွေ သုံးနိုင်ဦးမလဲ ငါကြည့်စမ်းမယ် …” [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]
က ဆိုလိုက်၏။
ချန်ယွီ့ မည်သည့် အပိုစကားမျှ မဆိုဘဲ သူ့စကားကို ဆက်ပြီးပြောသည်။
“ ခင်များ တတိယ အကြိမ် စာမေးပွဲကျပြီးတဲ့နောက်မှာ နောက်တစ်ကြိမ် ဆက်ပြီး ပြန်ကြိုးစားဖို့ ခင်များ စီစဉ်ထားခဲ့တယ် …”
“ မထင်ထားချင်တော့ ခင်များကို စာတွေ ဆက်လေ့လာနိုင်အောင် ပံ့ပိုးပေးနေတဲ့ ခင်များရဲ့ အကြီးဆုံး အစ်ကိုက ကားအက်စီးဒင့် ဖြစ်ပြီး သေသွားခဲ့တယ် …”
“ အိမ်ရဲ့ စားဝတ်နေရေးကို ပံ့ပိုးပေးမယ့်သူ မရှိတော့ ခင်များလည်း တက္ကသိုလ်တက်ဖို့ အိပ်မက်ကို စွန့်လွှတ်ပြီး မိသားစုကို ပံ့ပိုးပေးဖို့အတွက် အလုပ်လုပ်ဖို့ အကြောင်းဖန်လာတယ် …”
“ ခင်များရဲ့ လက်ရှိ ရောဂါက ခင်များ အတိတ်မှာ လုပ်ခဲ့တဲ့ အလုပ်တွေနဲ့လည်း ဆက်စပ်နေတယ် …”
“ စက်ရုံ လုံခြုံရေးအစောင့် ၊ စာကြည့်တိုက် သန့်ရှင်းရေး သမား ၊ ဓားရောင်းသမား နဲ့ စားသောက်ဆိုင် စားပွဲထိုး အလုပ်တွေကို ခင်များ လုပ်ခဲ့ဖူးတယ် …”
“ အဲ့ဒီ အလုပ်တွေက ခင်များကို ဝင်ငွေ သယ်လာပေးရုံတင် မကသေးဘူး … ခင်များရဲ့ နှလုံးသားထဲ အတွင်းနတ်ဆိုး တစ်ကောင်ကိုပါ မွေးမြူပေးခဲ့တယ် …”
ကြည့်ရှုသူများမှာ ဘာမှ နားမလည်နိုင်တော့လောက်အောင် ရှုပ်ထွေးနေလျက် ရှိတော့သည်။
အဲ့ဒီ သူလုပ်တဲ့အလုပ်တွေနဲ့ အတွင်းနတ်ဆိုးကို လွှတ်ပေးလိုက်တာနဲ့က ဘာဆိုင်လို့တုန်း …
ပြီးတော့ ချန်ယွီ့ ပြောတဲ့အတိုင်း ဆိုရင် [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်] ခံစားနေရတဲ့ ရောဂါက သွေးအေး စိတ်ကစဉ့်ကလျား ရောဂါလေ …
ရှင်းပြထားတဲ့ အတိုင်းဆိုရင် လူနာက စိတ်ကစဉ့်ကလျား ရောဂါဖြစ်ဖို့ ကြီးကြီးမားမား လှုံ့ဆော်ခံရဖူးတဲ့ ဝေဒနာကို ခံစားဖို့ လိုတယ် …
ဒါပေမယ့် ချန်ယွီ့ ပြန်ပြောင်းပြောပြသွားတာတွေကို တွေးကြည့်ပြီး သုံးသပ်ကြည့်လိုက်ရင် …
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]ရဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို သုံးကြိမ်ဆက်တိုက် မအောင်မြင်တာကလွဲပြီး ဘယ်လို စိတ်ပိုင်းဆိုင်ရာ ကြီးကြီးမားမား ရိုက်ခတ်မှုမျိုးမှလဲ မရှိပါဘူး …
လူတော်တော်များများလည်း ဒီလိုမျိုး ကျရှုံးဖူးကြတာချည်းပဲလေ… တစ်ချို့ဆို လေးငါးကြိမ်တောင် ဖြေခဲ့ဖူးကြသေးတာပဲဟာ …
ဆိုတော့ … ဘာကြောင့်လဲ …
အဲ့ဒီ အလုပ်လေးခု လုပ်ပြီးတဲ့နောက်မှာ သူ့ရဲ့ အတွင်းနတ်ဆိုးကို မွေးမြူလာစေခဲ့တာ ဘာကြောင့် ဖြစ်မလဲ …
ဒေါက်တာချန် နိုဗယ်တွေ ဖတ်တာ များသွားလို့များလား …
“ ဒေါက်တာချန် … ငါမင်းကို ကန့်လန့်တိုက်နေတာတော့ မဟုတ်ဘူးနော်… ဒါပေမယ့် မင်းပြောသွားတာတွေက သူ့ရဲ့ စိတ်ကျန်းမာရေးနဲ့ ဘာမှလဲ မဆိုင်သလိုပဲ …”
“ ငါလည်း စက်ရုံ လုံခြုံရေး အစောင့်ပဲ … ငါ့နဲ့ လာရှုပ်မယ် မကြံနဲ့နော်… မဟုတ်ရင် ငါ နတ်ဆိုး ဖြစ်လာပြီး မင်းတို့အားလုံးကို သတ်ပစ်လိုက်မှာ ဘာမှတ်နေလဲ …”
“ ငါလည်း စားသောက်ဆိုင် စားပွဲထိုးပဲ … ငါလည်း အချိန်မရွေး နတ်ဆိုးအသွင် ကူးပြောင်းလို့ရတယ် … “
“ ဒေါက်တာချန် ပျာယာတွေခတ်ပြီး ပေါက်ကရ လေးဆယ်တွေ လျှောက်ပြောနေတာများလား …”
“ မုန်းတီးရေးသမားတွေ … ထွက်သွားစမ်း …”
“ ဒေါက်တာချန် … ငါမင်းကို ဆယ်ယွမ် ဆုချမယ် … သူ ဘာကြောင့် ဒီ စိတ်ရောဂါ ခံစားရလာလဲဆိုတာ မင်း တန်းပြောလိုက်ပါတော့လား …”
ကြည့်ရှုသူများမှာ စိတ်မရှည် ဖြစ်လာခဲ့ကြသည်။
ဘယ်မလဲ ပြောလို့ကောင်းမယ့် အတင်းအဖျင်း …
ဘယ်မလဲ ဇာတ်လမ်းအချိုးအကွေ့တွေ …
ဒါလေးပဲလား …
“ [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]ရဲ့ စိတ်ရောဂါက သူ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မအောင်တဲ့အချိန်ကနေစပြီး အစပျိုးလာခဲ့တာပဲ …” ချန်ယွီ့က ခပ်ဖျော့ဖျော့ အပြုံးလေးဖြင့် ဆက်ပြီးပြောသည်။
“ သူက သူ့ကိုယ်သူ ကျောင်းမှာ အတော်ဆုံးလို့ ထင်ထားတော့ ချင်းပေ တက္ကသိုလ်ကို တက်ဖို့က သူ့လက်ဖမိုးလေး မှောက်လှန်သလို လွယ်တယ်လို့ ထင်ထားခဲ့တာလေ …”
“ သူ မသိခဲ့တာက မြို့ငယ်လေးမှာရှိတဲ့ သင်ကြားမှု အရင်းအမြစ်တွေက နည်းပါးတယ် … သူ့မြို့လေးမှာ ပထမရတယ်ဆိုတာ ဘာပြောလောက်စရာမှ မရှိဘူး …”
ကြည့်ရှုသူများမှာ နားလည်သဘောပေါက်လာခဲ့ကြသည်။
[ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်] သူ့စာမေးပွဲကို သုံးကြိမ်ဆက်တိုက် မအောင်မြင်ခဲ့တာလည်း ထူးဆန်းသည်လို့ မဆိုသာပေ။
လွန်ခဲ့သော နှစ်သုံးဆယ်ခန့်က တက္ကသိုလ် ဝင်ခွင့် စာမေးပွဲဆိုသည်မှာ စစ်သည်တစ်သိန်း၊ မြင်းအင်အားတစ်သန်းဖြင့်ပင် ဖြတ်ကျော်ရခက်ခဲသည့် တံတားကြီး တစ်စင်းဖြစ်၏။
ခက်ခဲမှုက စိန်ခေါ်မှု တစ်ရပ်ဆိုတာထက်ကို ပိုသည်။
“ ဝင်ခွင့်စာမေးပွဲကို သုံးကြိမ်ဆက်တိုက် ကျရှုံးမှုက သူ့စိတ်ထဲ အတိုင်းအတာ တစ်ခုလောက်အထိ လွဲမှားတဲ့ အတွေးတွေ ဝင်လာစေဖို့ လုံလောက်တယ် …”
“ အလုပ်အကိုင် လေးခုရဲ့ အလုပ်အတွေ့အကြုံကလည်း သူ့ရဲ့ အဲ့ဒီ လွဲမှားနေတဲ့ အတွေးတွေကို ပိုလို့တောင် ကျယ်ပြန့်သွားစေခဲ့တယ် ..”
“ သူ စက်ရုံမှာ လုံခြုံရေး အစောင့် လုပ်တုန်းက မူလတန်းပဲ အောင်ခဲ့တဲ့ လုံခြုံရေး ကပ္ပတိန်တစ်ယောက်ရဲ့ ဟိုလုပ် ဒီလုပ် ခိုင်းတာတွေကို လုပ်ဖို့ အမိန့်ပေးခံရတယ် …”
“ ကပ္ပတိန်က သူ့ကို အထက်တန်းအောင် ကျောင်းသားကြီးဆိုပြီး လူရှေ့သူရှေ့မှာ အမြဲ ပြက်ရယ်ပြုတယ် …”
“ စာကြည့်တိုက်မှာ သန့်ရှင်းရေးသမား လုပ်တော့လည်း သူ စာအုပ်တစ်အုပ်ထဲမှာ အမြဲ အာရုံဝင်စားနေပြီ ဆိုတဲ့ အချိန်တိုင်း သူ့အထက်လူကြီးရဲ့ လှောင်ပြောင်ကဲ့ရဲ့တာကို ခံရတယ် …”
“ ဓားအရောင်းသမား လုပ်ပြန်တော့လည်း ကတ်စတန်မာတွေရဲ့ အနိုင်ကျင့်တာကို ခံရတယ် ..”
“ စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်တော့လည်း ကတ်စတန်မာတွေရဲ့ အနိုင်ကျင့်တာတွေကို ဆိုးဆိုးရွားရွားကြီး ခံရပြန်တယ် …”
“ အဲ့ဒီ အချိန်က သတ်ဖြတ်ခြင်းကို ဆာလောင်တဲ့ နတ်ဆိုးတစ်ကောင်ကို လွှတ်ပေးလိုက်တဲ့ အချိန်ဆိုလည်း ဟုတ်တယ် …”
ချန်ယွီ့ စကားကို ရပ်တန့်ပြီး [ဟန်ကျိုးမြို့ရဲ့ နံပါတ်ဝမ်း ဖျော်ဖြေရေး သတင်းထောက်]၏ မျက်နှာကို ကြည့်လိုက်သည်။
“ သိပ်မကြာခင်မှာပဲ သူ့ကို အနိုင်ကျင့်တဲ့ ကတ်စတန်မာတစ်ယောက်ကို သူ သတ်လိုက်တယ် …”