← Chapters

ကန်တော်ကြီးပန်းခြံ

Vol. 1 Ch. 10

ကန်တော်ကြီးပန်းခြံ

Vol. 1 Ch. 10

လော်ယွမ်က အနည်းငယ် တင်းမာနေသော ကြွက်သားများကို နှိပ်နယ်လိုက်ပြီးနောက် ကိုယ်ကာယလေ့ကျင့်ရေးစင်တာမှ ထွက်ခွာလာခဲ့သည်။ အချိန်ကိုကြည့်လိုက်ရာ နေ့လယ်စောင်းလုနီးပါးဖြစ်နေလေပြီ။ သူကဆိုင်တစ်ဆိုင်တွင် နေ့လည်စာ စားသောက်ပြီးနောက် အိမ်ယာဘက်ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။

ယနေ့ ကျိုးယလီမှာ နံနက်စောစောကတည်းကပင် အပြင်သို့ ထွက်သွားခဲ့သဖြင့် မျက်နှာပင် မမြင်လိုက်ရချေ။ စဉ်းစားကြည့်လျှင် အသုဘကိစ္စများကို စီစဉ်ဆောင်ရွက်ရန် သွားရောက်ခြင်းဖြစ်ပေလိမ့်မည်။ ချန်ဝေ့ချန်းက ဤမြို့ခံတစ်ဦးမဟုတ်ပေ၊ သူ၏မိဘများမှာ အခြားပြည်နယ်၌ နေထိုင်ကြသည်။ ထို့ကြောင့်သူ၏မိဘများ မရောက်ရှိလာမီ ကိစ္စအဝဝကို ကျိုးယလီတစ်ဦးတည်းကသာ စီမံခန့်ခွဲရပေမည်။

ထိုစဉ် လော်ယွမ်၏ဖုန်း မြည်လာသည်။ သူ ဖုန်းကိုထုတ်ကြည့်လိုက်ရာ လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ ဖုန်းဖြစ်နေသည်ကို တွေ့ရသဖြင့် ဖုန်းကိုင်လိုက်သည်။

"ဟယ်လို...လော်ယွမ်လား...ဒီကိုအမြန်လာခဲ့...ငါတို့အခုကန်တော်ကြီးပန်းခြံမှာအကင်စားနေကြတာ...ရှဲ့ချောင်လိုက်ကျွေးတာ...လုံကျဲရင်လဲပါတယ်”ဖုန်းခေါ်သူမှာ ကုမ္ပဏီ၏ စာရေးမလေး ဝမ်ရှကွမ်ဖြစ်ပြီး လော်ယွမ်နှင့်အတူ ကုမ္ပဏီသို့ တစ်ချိန်တည်း ဝင်ရောက်ခဲ့သူဖြစ်သည်။ သူမက အနည်းငယ် ထုံအသော သူတစ်ယောက်ဖြစ်သော်လည်း ထိုအကြောင်းကြောင့်ပင် လူတိုင်းနှင့် ဆက်ဆံရေး ကောင်းမွန်လေသည်။

"ငါအခုလေးတင်ထမင်းစားပြီးတာ...နင်ကကြိုပြောတာမဟုတ်ဘူး" လော်ယွမ်က ရယ်မောရင်း ပြောဆိုလိုက်သည်။ သူက သိပ်သွားချင်စိတ်မရှိပေ။

"မရဘူးနော်...နင်လာကိုလာမှဖြစ်မှာ...မဟုတ်ရင်ငါတို့သီချင်းသွားဆိုတဲ့အခါဘယ်သူပိုက်ဆံရှင်းမှာလဲ" ဝမ်ရှကွမ်က ရယ်မောရင်း ဆိုသည်။

"နင်ကငါ့ပိုက်ဆံအိပ်ပဲချောင်းနေတာမလား...အေးပါငါအခုတက္ကစီငှားပြီးလာခဲ့မယ်...ကန်အပြင်ဘက်ကအကင်ဆိုင်မလား” လော်ယွမ်က သူ မကြာမီ အလုပ်ထွက်တော့မည်ဖြစ်ပြီး နောင်တွင် လုပ်ဖော်ကိုင်ဖက်များနှင့် ပြန်လည်တွေ့ဆုံရန် ခဲယဉ်းလောက်သည်ကို တွေးမိကာ သဘောတူလိုက်သည်။

"ဟုတ်တယ်...ငါတို့နောက်ဆုံးတစ်ခေါက်သွားခဲ့တဲ့ဆိုင်ပဲ...နင်မြန်မြန်လာနော်...မဟုတ်ရင်ခွက်ပဲဆေးနေရမယ်”

လော်ယွမ်က ရယ်ရင်း ဖုန်းချလိုက်သည်။ ပြီးနောက်ကားတစ်စီးကို တားလိုက်ကာ ကန်တော်ကြီးပန်းခြံသို့ တိုက်ရိုက် ဦးတည်လိုက်တော့သည်။

ကန်တော်ကြီးပန်းခြံမှာ ကျင်းနန်ပြည်နယ်၏ နာမည်ကျော် ရှုခင်းသာနေရာတစ်ခုဖြစ်ပြီး မြို့သူမြို့သားများအတွက် အပန်းဖြေရန်၊ ချိန်းတွေ့ရန်နှင့် ဖျော်ဖြေရေးအတွက် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း မည်သည့်ရာသီ၌ဖြစ်စေ ကိုယ်ပိုင်ထူးခြားသော အလှတရားများရှိပြီး အခြားဒေသမှ ခရီးသွားဧည့်သည်အများကို လာရောက်လည်ပတ်ရန် ဆွဲဆောင်လျက်ရှိသည်။

အထူးသဖြင့် မကြာသေးမီက ရာသီဥတုပြောင်းလဲမှုကြောင့် ကန်တော်ကြီး၏ရေများမှာ ပို၍ကြည်လင်လာပြီး မြေပြင်ပေါ်၌ စီခြယ်ထားသော နီလာကျောက်တစ်ပွင့်အလား ရှိနေသည်။ ထို့အပြင် ရေကန်ပေါ်မှ ကြာပန်းတို့သည်လည်း ရာသီချိန်မဟုတ်ဘဲ ဖူးပွင့်ဝေဆာနေကြရာ အလွန်လှပသော မြင်ကွင်းတစ်ခုဖြစ်နေတော့သည်။

ယနေ့မှာ စနေ၊ တနင်္ဂနွေ နှစ်ရက်တာအားလပ်ရက်၏ ပထမဆုံးနေ့ဖြစ်ရာ ကန်တော်ကြီးပန်းခြံ၌ ခရီးသွားဧည့်သည်များနှင့်ပြည့်နှက်လျက်ရှိပြီး မြက်ခင်းပြင်ပေါ်၌ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ပူးကပ်ထိုင်နေကြသော ချစ်သူစုံတွဲများလည်း အတော်များများရှိလေသည်။ လော်ယွမ်က ကားပေါ်မှ ဆင်းလိုက်ပြီး ရေကန်ဘေးရှိ လေဟာပြင်အသားကင်ဆိုင်သို့ တန်းပြီးလျှောက်သွားလိုက်သည်။

မကြာမီပင် လော်ယွမ်က သူတို့အဖွဲ့ကိုရှာတွေ့လိုက်သည်။

သူတို့က ယခုမှပင် စထိုင်ကြဟန်တူသည်။ ရှဲ့ချောင်၏ လက်ထဲ၌ သိုးသားကင်ခုနစ်ချောင်း၊ ရှစ်ချောင်းခန့်ကို ကိုင်ဆောင်ထားပြီး ကျွမ်းကျင်စွာ ဆီသုတ်လိမ်းနေရင်း လုံကျဲရင်နှင့် စကားစမြည်ပြောဆိုနေသည်။ ဝမ်ရှကွမ်မှာမူ ခရမ်းသီးတစ်လုံးကို ကိုင်ပြီး ငရုတ်ကောင်းမှုန့်များကို နည်းနည်းခြင်း ဖြူးနေသည်။

လုံကျဲရင်မှာ ကုမ္ပဏီ၏ ဘဏ္ဍာရေးမန်နေဂျာဖြစ်ပြီး ဖြူဖွေးသောအသားအရေ၊ သွယ်လျသော မျက်နှာပေါက်၊ ဝိုင်းစက်သောမျက်လုံးများက သူမအား ကုမ္ပဏီ၏ အလှပန်းတစ်ပွင့်ဖြစ်စေခဲ့သည်။ သို့သော် သူမ၏ စိတ်နေစိတ်ထားမှာ အနည်းငယ် မာနကြီး၍ သီးသန့်ဆန်သည်။ အမျိုးသမီးဝန်ထမ်းအချို့နှင့်သာ ရင်းရင်းနီးနီးဆက်ဆံတတ်ပြီး အမျိုးသားများကိုမူ အရေးတယူ မဆက်ဆံတတ်ချေ။

လော်ယွမ်လည်း သူမနှင့် ဆက်ဆံဖူးခဲ့ခြင်း သိပ်မရှိပေ။ ရှဲ့ချောင်

သူမကို မည်သို့မည်ပုံ ခေါ်ထုတ်လာသည်ကို စဉ်းစားမရဖြစ်မိသည်။

"ဒီလိုမှန်းသိရင်နည်းနည်းနောက်ကျပြီးမှလာပါတယ်...ဒါနင်တို့ငါ့ကိုဗိုက်မဆာဆာအောင်လုပ်နေတာပဲ" လော်ယွမ်က အနားသို့ လျှောက်သွားရင်း ပြောလိုက်သည်။

ဝမ်ရှကွမ်၏ မျက်နှာမှာ ဝိုင်းစက်ပြီး မျက်ခုံးမွှေးများမှာလည်း ကွေးညွတ်လျက်ရှိသည်။ ပြုံးလိုက်သည့်အခါ ပါးချိုင့်နှစ်ခုပေါ်လာသဖြင့် အလွန်ချစ်စဖွယ်ကောင်းလှသည်။ သူမ၏ မိသားစုအခြေအနေကို မစုံစမ်းဖူးသော်လည်း သူမ၏ ဝတ်စားဆင်ယင်ပုံအရ မိသားစုအခြေအနေမှာ ကောင်းမွန်သည်ဟုဆိုနိုင်၏။ လော်ယွမ် ရောက်လာသည်ကို မြင်သောအခါ သူမ၏ အနည်းငယ် ကျုံ့နေသော မျက်ခုံးများမှာ ပြေလျော့သွားပြီး ပြုံးကာ ဆိုလိုက်သည်။ "ငါကနင့်ပိုက်ဆံအိပ်ကိုပဲလိုချင်တာ...နင့်ကိုလာဖို့ခေါ်ချင်တာမဟုတ်ဘူး"

"ဘုရားဘုရား...လူတွေအဲ့လောက်တောင်ပွင့်လင်းကုန်ကြပြီလား...ဒီတိုင်းဆိုငါလည်းကျွေးတဲ့သူရှိရင်အဝစားမှဖြစ်မယ်"

လော်ယွမ်က ရှဲ့ချောင်နှင့် လုံကျဲရင်ကို နှုတ်ဆက်လိုက်သည်။ သူနှင့် ရှဲ့ချောင်မှာ ဈေးကွက်ရှာဖွေရေးဌာနမှဖြစ်ပြီး ပုံမှန်အားဖြင့် အချင်းချင်းခေါင်းညိတ်နှုတ်ဆက်ရုံမျှသာ သိကြသူများဖြစ်သည်။ အလာပ သလာပအနည်းငယ်ပြောဆိုပြီးနောက် သူက ကြက်တောင်ပံတစ်ချောင်းကို ယူကာ အသားကင်ဖိုပေါ်၌ ကင်နေလိုက်သည်။

"မနေ့ကနင်ဘာလို့အလုပ်မလာတာလဲ" ဝမ်ရှကွမ်က မေးလိုက်သည်။

"ပြောရရင်တော့အရှည်ကြီးပဲ...ငါသေမင်းနှုတ်ခမ်းဝကနေ...လက်မတင်လေးလွတ်လာတယ်လို့ပြောလို့ရတယ်" လော်ယွမ်သည် မနေ့က ဖြစ်ပျက်ခဲ့သော အန္တရာယ်များလှသည့် အဖြစ်အပျက်များကို တွေးမိကာ စိတ်ထဲ၌ လှိုက်လှဲစွာ ခံစားလိုက်ရသည်။

"လျှောက်ပြောမနေနဲ့" ဝမ်ရှကွမ်က မျက်မှောင်ကျုံ့ကာ ဆိုသည်။သူပြောတာကို မယုံသည်မှာ ထင်ရှားလေသည်။

လော်ယွမ်က ပုံမှန်ဆိုလျင် သူမနှင့်အတော်လေးခင်မင်ပြီး မကြာခဏနောက်ပြောင်လေ့ရှိသည်။ ယခုလို သူမ၏ မသိနားမလည်သော အမူအရာကို မြင်သောအခါ သတိပေးသင့်သည်ဟု တွေးမိလိုက်သည်။ "ငါမနေ့ကဧရာမမြွေကြီးတစ်ကောင်နဲ့တွေ့ခဲ့တယ်လို့ပြောရင်...နင်ယုံမလား"

"အိမ်မက်ထဲမှာလား...ငါအဲ့လောက်တော့မအပါဘူးနော်" ဝမ်ရှကွမ်က မကျေမနပ် ဆိုလိုက်သည်။ သူမက ကိုယ့်ကိုယ်ကိုယ် တုံးအမှန်း သိရှိလေသည်။ ထိုသို့စနောက်ခြင်းများကို သူမအမုန်းဆုံးပင်။

လော်ယွမ်က ပါးစပ်အဟောင်းသားဖြင့် ဆွံ့အသွားလေသည်။

ထိုစဉ် ရှဲ့ချောင်က ဘေးမှ ရုတ်တရက် ဝင်မေးလိုက်သည်။"မင်းဘယ်မှာတွေ့ခဲ့တာလဲ"

လော်ယွမ်က ကြက်ပေါင်ကို ဆီသုတ်လိမ်းလိုက်ရင်း ပါးစပ်မှ ပြောလိုက်သည်။ "ကောက်တန်းမြို့ကကျူးတောင်မှာလေ...ငါ့အခန်းဖော်တစ်ယောက်ပျောက်သွားလို့...ရဲတပ်ဖွဲ့နဲ့အတူသွားရှာရင်း...မြွေကြီးကိုတွေ့ခဲ့တာ"

"အဲ့တာကဘယ်လောက်ကြီးလို့လဲ"

"ရေပုံးတစ်ပုံးစာလောက်တုတ်တယ်" လော်ယွမ်က ဆိုသည်။

ရှဲ့ချောင်ကပြုံးလိုက်သည်။ သူ၏စကားကို မယုံကြည်ကြောင်း ထင်ရှားနေသည်။ "အခုတလောအဲ့လိုသတင်းတွေလိုင်းပေါ်မှာအများကြီးပဲ...အပင်တွေအလွန်အကျွံကြီးထွားလာတာတွေရော...တိရိစာ္ဆန်တွေအကောင်ကြီးလာတာတွေရောအစုံပဲ...ပေါင်လောက်တုတ်တာဆိုဖြစ်နိုင်သေးတယ်...ရေပုံးလောက်ကတော့မင်းအမြင်မှားတာဖြစ်မယ်"

ရှဲ့ချောင်က သူ၏အမြင်ကို ထုတ်ဖော်ပြီးနောက် လုံကျဲရင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "နင်အစပ်ထည့်မလား"

"နည်းနည်းပဲထည့်မယ်...အရမ်းမစပ်စေနဲ့" လုံကျဲရင်က လော်ယွမ်ကို တစ်ချက်လှမ်းကြည့်ရင်း ဆိုလိုက်သည်။

လော်ယွမ်က အနည်းငယ် စိတ်ပျက်သွား၏။ ယနေ့ခေတ်လူများမှာ ထူးဆန်းသည့်သတင်းများ အလွန်အကျွွံမြင်၊ကြားနေရသည့်ကြောင့်ထင် ကိုယ်တိုင်မကြုံရမချင်း အလွယ်တကူ မယုံကြည်ကြတော့ပေ။

"တစ်ကယ်အဲ့လောက်တောင်ကြီးတာလား" ဝမ်ရှကွမ်က ကြောက်လန့်တကြား မေးလိုက်သည်၊ မိန်းကလေးများမှာ ပုံမှန်အားဖြင့် မြွေကို ကြောက်တတ်ကြသည်။

လော်ယွမ်က စိတ်ရှည်ရှည်ဖြင့် ထပ်မံရှင်းပြလိုက်သည်။ "ဒီလိုကိစ္စမျိုးကိုငါဘယ်လိုလုပ်လျှောက်ပြောမှာလဲဟ...ခုတစ်လောအခြေအနေတွေကတော်တော်ဆိုးလာတယ်...ဒီနားကမြက်တွေအပင်တွေကိုပဲကြည့်ဦး...ဒါတောင်ဒီနားတစ်ဝိုက်ကိုခဏခဏရှင်းနေလို့...နင်တောရွာဘက်သာသွားကြည့်ရင်...ကိုယ့်မျက်လုံးကိုယ်တောင်ယုံမှာမဟုတ်ဘူး"

"ငါနင်ပြောတာကိုယုံတယ်" လုံကျဲရင်က ရုတ်တရက် ဆိုလိုက်သည်။ သူမ၏ အမူအရာမှာ အနည်းငယ် ရှုပ်ထွေးနေလေသည်။ သူမက တစ်ခဏမျှ တွေဝေနေပြီးနောက် ဆက်လက်ပြောကြားသည်။ "ငါ့ဦးလေးတစ်ယောက်က...ရာဇဝတ်မှုတိုက်ဖျက်ရေးကလေ...သူပြောတာတော့ခုတလောသူတောင်းစားတွေ...အိမ်ခြေယာမဲ့တွေ...မြောင်းထဲကကြွက်တွေကိုက်တာခံရပြီး...သေကုန်ကြတယ်တဲ့"

ရှဲ့ချောင်မှာ ကြောင်ငေးသွားပြီး မယုံနိုင်လောက်အောင် ဖြစ်သွားကာ ဆိုလိုက်သည်။ "ကြွက်ကလူကိုကိုက်သတ်တယ်ဟုတ်လား"

လုံကျဲရင်က ပြန်မဖြေဘဲ ဝန်ခံသည့်အလား ငြိမ်နေလိုက်သည်။

လော်ယွမ်သည်လည်း ထိုအခါကျမှ ဤသို့ခံစားမှုမျိုးကိုနားလည်လိုက်သည်။ သူ၏ခန့်မှန်းချက်များမှာ မှန်ကန်ကြောင်း သိရှိလိုက်ရသည့်အတွက် စိတ်သက်သာရာရသွားသလို အနာဂတ်အတွက်လည်း ပြောမပြနိုင်သော ကြောက်ရွံ့မှုတစ်မျိုးကို ယှဉ်တွဲခံစားလိုက်ရသည်။

ထိုစဉ် အဝေးမှ စူးစူးရှရှ အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာပြီး လူတွေအားလုံး ရုတ်ခြည်းဆိုသလို ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။ ငိုသံများ၊ အော်ဟစ်သံများ၊ အော်ခေါ်သံများမှာ ရှုပ်ထွေးသော ဆူညံသံတစ်ရပ်အဖြစ် ပေါင်းစပ်သွားပြီး မရေမတွက်နိုင်သော လူများသည် သူတို့ထိုင်နေသည့်ဘက်သို့ အသက်လုကာ ပြေးလွှားလာကြသည်။

"ဘာတွေဖြစ်နေတာလဲ" လော်ယွမ်မှာ မျက်နာပျက်သွားပြီး ရေကန်မျက်နှာပြင်သို့ လှမ်းကြည့်လိုက်သည်။ ကမ်းစပ်အနီးမှ ရေများသည် ပြင်းထန်စွာ လှိုင်းထန်နေပြီး သွေးနီရင့်ရင့်ရောင်များမှာ ရေအောက်မှ အဆက်မပြတ် ပွက်ပွက်ထ၍ တက်လာနေသည်။

သွေးနံ့ကို ရရှိလိုက်သည့်ထင် အဝေးမှ ငြိမ်သက်နေသော ရေကန်မျက်နှာပြင်၌ ရုတ်တရက် ရှည်လျားသော ရေလမ်းကြောင်းများ ပေါ်ထွက်လာသည်။ ထက်ရှသော ဓားသွားများအလား ရေကန်မျက်နှာပြင်ကို အပိုင်းပိုင်းဖြတ်တောက်ကာ ထိုရေလမ်းကြောင်းများသည် အလွန်လျင်မြန်စွာ ရွေ့လျားလာပြီး အသက်အနည်းငယ်ရှူချိန်အတွင်းမှာပင် သွေးများပွက်ပွက်ထနေသည့်နေရာသို့ ရောက်ရှိလာတော့သည်။

ပြီးနောက်ရေဝဲများသည် တစ်ခုပြီးတစ်ခု မပြတ်ပေါ်ထွက်လာသည်။ ထိုရေဝဲတိုင်းမှာ သုံးပေခန့်ကျယ်ပြီး ၅ပေခွဲခန့် နက်ရှိုင်းသည်။ အချို့ရေဝဲများသည် အချင်းချင်း တိုက်မိကြပြီး ပျောက်ကွယ်သွားကာ အချို့က ပိုမိုကြီးမားသော ရေဝဲများအဖြစ် ပေါင်းစပ်သွားကြလေသည်။

လူအများမှာ တစ်ခဏမျှ ပြေးလွှားပြီးနောက် ရေကန်ထဲမှ မိစာ္ဆသတ္တဝါများသည် ကမ်းပေါ်သို့ တက်မလာနိုင်သည်ကို မြင်သောအခါ ဆက်မပြေးတော့ဘဲ စိတ်ဝင်တစား ကြည့်ရှုနေကြ၏။ တစ်ဦးနှင့်တစ်ဦး စိတ်ဝင်တစားဖြင့် ဆွေးနွေးတိုင်ပင်နေကြပြီး သတင်းများကို ဖလှယ်ကြလေသည်။ အခြားလူများလည်း ဤနေရာ၌ တစ်စုံတစ်ခု ဖြစ်ပျက်နေသည်ကို မြင်သောအခါ အဝေးမှအလျင်အမြန် စုရုံးလာကြသည်။

အဖြစ်မှန်သည် မကြာမီပင် ပျံ့နှံ့သွားတော့သည်။

သေဆုံးသွားသူများမှာ ချစ်သူစုံတွဲတစ်တွဲဖြစ်သည်။ ထိုအချိန်က သူတို့သည် ကမ်းစပ်၌ ထိုင်ကာ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်နမ်းရှုံ့နေကြသည်။ ရာသီဥတု အလွန်ပူပြင်းသောကြောင့်လောမသိ၊ နှစ်ဦးစလုံးသည် ဖိနပ်များကို ချွတ်ကာ ခြေထောက်များကို အေးမြသော ရေကန်ထဲ၌ နှစ်၍ ရေကစားနေကြသည်။ အဲ့ဒီအချိန်တွင် ရေကန်ထဲ၌ လှိုင်းဂယက်ငယ်များ ပေါ်ထွက်လာသည်ကို မည်သူမျှ သတိမပြုမိလိုက်ချေ။

ထူးဆန်းသော အနက်ရောင် ငါးတစ်ကောင်သည် ရုတ်တရက် ရေမျက်နှာပြင်သို့ ထိုးထွက်လာပြီး အမျိုးသားဖြစ်သူကို တစ်ချက်ထဲကိုက်ကာ ရေအောက်သို့ ဆွဲခေါ်သွားသည်။ ထိုအချိန်က သူတို့နှစ်ယောက် ပွေ့ဖက်ထားကြသဖြင့် အမျိုးသမီးသည်လည်း သူမ၏ချစ်သူ၏ ဆွဲထားမှုကြောင့် ရေထဲသို့ပါသွားခဲ့ရပြီး ကြမ္မာငင်သောဆုံတွဲဖြစ်သွားခဲ့ရလေသည်။

ဥယျာဉ်ထဲ၌ လူသေမှုဖြစ်ပွားခဲ့သဖြင့် ရဲများ မကြာမီ ရောက်ရှိလာသည်။ပြီးနောက်ဖြစ်ပွားရာနေရာကို ချက်ချင်းပင် တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်သည်။

ရဲအရာရှိအချို့မှာမူ အထူးတလည် အံ့ဩဟန်မရှိချေ။ အဖြစ်အပျက်ကို သိရှိပြီးနောက် ချက်ချင်းပင် ဖုန်းဆက်ကာ အထက်သို့ အကြောင်းကြားလိုက်သည်။

"ငါတို့ဒီမှာဆက်စားနေလို့မဖြစ်တော့ဘူး...အမြန်သွားရအောင်" လုံကျဲရင်က ဆိုလိုက်သည်။ သူမ၏ လက်ချောင်းများသည် ဖြူဖျော့သွားသည်အထိ ဆုပ်နယ်ထားသည်ကို ကြည့်လျှင် စောစောက အဖြစ်အပျက်သည် သူမအပေါ် သက်ရောက်မှုကြီးမားကြောင်း ထင်ရှားသည်။

"အမ်...အင်း" ရှဲ့ချောင်၏ အမူအရာမှာ အနည်းငယ် မိန်းမောတွေဝေနေသည်။ သူက ရုတ်တရက် နောက်သို့ လှည့်ကာ လော်ယွမ်အား ပြောလိုက်သည်။ "မင်းပြောတဲ့မြွေကြီးဆိုတာတစ်ကယ်အစစ်လား"

လော်ယွမ်က လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်ပြီး ဆိုလိုက်သည်။ "ငါအလုပ်ထွက်ဖို့တောင်ပြင်ပြီးသွားပြီ...မင်းတို့အားလုံးအသင့်ပြင်ထားဖို့လိုတယ်...အခြေအနေတွေကမင်းတို့ထင်တာထက်အများကြီးဆိုးနေနိုင်တယ်"

ပန်းခြံထဲမှ ထွက်လာသည်နှင့် ပန်းခြံအဝသို့ ရုတ်တရက် ရဲကားအစီးများစွာ ရောက်ရှိလာသည်။ ထိုသည်ကိုကြည့်ပြီး ကန်တော်ကြီးပန်းခြံကို ရက်အနည်းငယ် ပိတ်ထားနိုင်ကြောင်း အားလုံး နားလည်လိုက်ကြသည်။ အနည်းဆုံးတော့ ရေကန်ထဲမှ ထူးဆန်းသောငါးများကို တစ်ကောင်မကျန် သေချာစွာ ရှင်းလင်းပြီးမှသာ ပြန်ဖွင့်ပေလိမ့်မည်။

သူတို့အဖွဲ့ လမ်းဆုံသို့ရောက်လျင်လော်ယွမ်က မေးလိုက်သည်။ "ငါတို့သီချင်းသွားဆိုဦးမှာလား"

"နင်တို့ပဲသွားကြတော့...ငါစိတ်မပါတော့ဘူး...ငါအမြန်ပြန်မှဖြစ်မယ်" လုံကျဲရင်က သူမ၏ခေါင်းကိုခါယမ်းကာ ဆိုလိုက်သည်။

"ငါလည်း မလိုက်တော့ဘူး" ရှဲ့ချောင်သည် လုံကျဲရင် မသွားသည်ကို မြင်သောအခါ စိတ်မပါတော့ချေ။

"နင်အလုပ်ထွက်တော့မယ်ဆိုတော့...ငါ့ကိုနင့်ဖုန်းနံပါတ်ပေးထားလို့ရမလား" လုံကျဲရင်က လော်ယွမ်ကို ကြည့်ကာ မေးလိုက်သည်။

လော်ယွမ်မှာ ကုမ္ပဏီ၏ အချောအလှလေးမှ တရေးတယူပြောဆိုသဖြင့် အံ့သြဝမ်းသာကာ အလျင်အမြန်ပင်ဖြေလိုက်သည် "ရတာပေါ့"

"ငါတို့အဆက်အသွယ်မပြတ်စေနဲ့နော်" လုံကျဲရင်က ပြုံးရင်း ဖုန်းကို ဝှေ့ယမ်းပြကာ ဆိုလိုက်သည်။ "ငါ အရင်ပြန်နှင့်ပြီ"

"ငါ လိုက်ပို့ပေးမယ်" ရှဲ့ချောင်က အလျင်အမြန်ပင် မျက်နှာလုပ်လိုက်သည်။

"ရတယ်...ငါကားငှားပြီးပြန်လိုက်မယ်" လုံကျဲရင်က ခေါင်းခါကာ ငြင်းဆိုလိုက်သည်။

နံပါတ်လဲလှယ်ပြီးနောက် လော်ယွမ်သည် ဖုန်းကို ဘောင်းဘီအိတ်ထဲသို့ ထည့်လိုက်ပြီး ကြောင်ငေးနေသော ဝမ်ရှကွမ်ကို ကြည့်ကာ ဆိုလိုက်သည်။ "နင်ဘာတွေကြောင်ငေးနေတာလဲ...အဲ့လောက်မကြောက်စမ်းပါနဲ့ဟ"

"စောစောဖြစ်သွားတာကြောက်ဖို့မကောင်းလို့လား...နင့်ပုံစံကဘာလို့ကြောက်တဲ့ပုံမပေါ်တာလဲ" ဝမ်ရှကွမ်က သတိပြန်ဝင်လာပြီး သူ့ကို အထူးအဆန်းဖြင့် ကြည့်ကာ ဆိုလိုက်သည်။

"ယောက်ျားတွေကမိန်းမတွေထက်စာရင်...အကြောက်အလန့်ပိုနည်းတယ်လေ" လော်ယွမ်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။ မနေ့က သေမင်းနှုတ်ခမ်းဝမှ လွတ်မြောက်လာခဲ့ခြင်းနှင့် နှိုင်းယှဉ်လျှင် ယနေ့ အန္တရာယ်မှာ ကလေးကစားစရာမျှသာဖြစ်ရာ လော်ယွမ်သည် ကြောက်ရွံ့စိတ် မည်သို့မျှ မဖြစ်ပေါ်တော့ချေ။

"ရှဲ့ချောင်ကျတော့ရော...သူလဲယောက်ျားလေးပဲလေ...သူ့ပုံစံကတော်တော်ကြောက်နေတဲ့ပုံပဲ" ဝမ်ရှကွမ်က ချေပပြောဆိုလိုက်သည်။

"နင်ကကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်နေတာလား" လော်ယွမ်သည် နောက်ကွယ်၌ အတင်းပြောရန် မလိုလားသဖြင့် စကားလမ်းကြောင်းကို လွှဲလိုက်သည်။ "အကုန်လုံးပြန်သွားကြပြီဆိုတော့...ငါတို့သီချင်းသွားဆိုဦးမှာလား"

"အင်းပေါ့...ဘာလို့မသွားရမှာလဲ" ဝမ်ရှကွမ်က အသံကျယ်ကျယ်ဖြင့် ဆိုလိုက်သည်။

"ငါတို့နှစ်ယောက်တည်းလား” လော်ယွမ်က အနည်းငယ် အံ့ဩသွားသည်။

"နှစ်ယောက်တည်းဆို သီချင်းဆိုလို့မရဘူးလား” ဝမ်ရှကွမ်က နောက်သို့ လှည့်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။

"အင်းပါ...နင်ကငါပိုက်ဆံကုန်တာမမြင်မချင်း...စိတ်မချမ်းသာတဲ့ပုံပဲ" လော်ယွမ်က ဘာမှမတတ်နိုင်ဟန်ဖြင့် ဆိုလိုက်သည်။

နှစ်ဦးသားသည် လမ်းလျှောက်ရင်း စကားစမြည်ပြောဆိုကာ အနီးဆုံး KTV ဆီသို့ လျှောက်လှမ်းသွားကြသည်။

"နင်မနေ့ကကျူးတောင်ကိုသွားတော့...အဲ့ပျောက်သွားတဲ့အခန်းဖော်ကိုရှာတွေ့လား" ဝမ်ရှကွမ်က ထိုစဉ် တစ်စုံတစ်ခုကို သတိရသွားပြီး စပ်စုစွာ ဆိုလိုက်သည်။

"သူသေသွားတယ်...ဘယ်လိုသေလည်းဆိုတာကိုတော့ငါမပြောတာကောင်းမယ်ထင်တယ်...မဟုတ်ရင်နင်အိမ်မက်ဆိုးတွေမက်နေလိမ့်မယ်" လော်ယွမ်က သက်ပြင်းချကာ ဆိုလိုက်သည်။

"ဟင်...မြွေကြီးမျိုချလိုက်တာတော့...မဟုတ်ပါဘူးနော်" ဝမ်ရှကွမ်မှာ ဤတစ်ကြိမ်တွင် ရုတ်တရက် ဉာဏ်ပြေးသည့်သူတစ်ယောက်ဖြစ်သွားသည့်အလား မျက်လုံးကို ပြူးကျယ်ကာ အလန့်တကြားမေးလေသည်။

"ငါ ဘာမှမပြောဘူးနော်" လော်ယွမ်က အပြစ်ကင်းစင်ဟန်ဖြင့် ဆိုလိုက်သည်။

"ဒါပေမဲ့နင့်ရဲ့အမူအရာကအကုန်လုံးကိုဖော်ပြနေတာပဲ...အဲ့တာနင့်ကြောင့်ဖြစ်တာ...ငါဒီညအိမ်မက်ဆိုးတွေမက်တော့မယ်ထင်တယ်" ဝမ်ရှကွမ်က အပြစ်တင်စကားဆိုလိုက်သည်။

"အပြင်လောက.ကအိမ်မက်ထက်ပိုကြောက်ဖို့ကောင်းတယ်ဟ...အိမ်မက်ကမှနိုးသွားရင်မေ့လိုက်လို့ရသေးတယ်...ငါနင့်ကိုအကြံတစ်ခုပေးလိုက်မယ်...အိမ်ပြန်ရောက်တာနဲ့စားနပ်ရိက္ခာတွေရသလောက်များများသာဝယ်ထား...ငါ့အထင်တော့အခြေအနေကဒီထက်ပိုဆိုးလာနိုင်တယ်" လော်ယွမ်က ဆိုသည်။

"တကယ်တော့ငါ့အဖေက...ပစ္စည်းတွေတော်တော်များများဝယ်ထားတယ်...သူကမြေအောက်ခန်းအကြီးကြီးတစ်ခုတောင်ဆောက်ထားလိုက်သေးတယ်...ငါကသူ့ကိုအလွန်အကျွံတွေလုပ်ပြန်ပြီလို့ထင်ထားတာ...သူအရင်ကအဲ့လိုလုပ်ခဲ့ဖူးတယ်လေ...၂၀၁၂မရောက်ခင်က...ကမာ္ဘပျက်တော့မယ်ဆိုတဲ့ဟောချက်နာမည်ကြီးလာတော့...သူနဲ့သူ့မိတ်ဆွေတွေလှေအကြီးကြီးတစ်စီးဆောက်ကြတာ...ကုန်လိုက်တဲ့ငွေတွေသောက်သောက်လဲပဲ...အဲ့တုံးကဆိုငါတို့တော်တော်ရယ်လိုက်ရသေးတယ်"ဝမ်ရှကွမ်က လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။

"တကယ်လို့တစ်ခုခုဖြစ်ခဲ့ရင်...နင်ငါ့အိမ်ကိုလာနေလို့ရတယ်" ဝမ်ရှကွမ်က လေသံတိုးတိုးဖြင့် ပြောပြီး ခေါင်းကိုငုံ့လိုက်သည်။ သူမ၏မျက်နာတွင် ရှက်သွေးဖြာသွားလေသည်။

လော်ယွမ်၏ ရင်မှာတဒိန်းဒိန်းခုံသွားပြီး ဝမ်ရှကွမ်ကို တစ်ချက်ကြည့်လိုက်သည်။ ပြီးနောက်အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှသူက "ကျေးဇူးပါ...ငါသွားစရာနေရာမရှိရင်...နင့်ဆီလာခဲ့မယ်"

လမ်းတစ်လျှောက်လုံးမှာမူ အနည်းငယ်တိတ်ဆိတ်နေပြီး နှစ်ဦးသား အတွေးကိုယ်စီဖြင့် နယ်ချဲ့နေလေကြတော့သည်။

All Chapters