အခြေအနေ ဆိုးရွားလာခြင်း
Vol. 1 Ch. 12
"အားလုံးမင်္ဂလာညနေခင်းပါ... စီစီတီဗီသတင်းဌာနမှပြည်တွင်းပြည်ပသတင်းများကို...ယုခုတင်ဆက်သွားပါမယ်..."
"နိုင်ငံတော်သမ္မတကြီးသည် နန်ကျင်းစစ်ဌာနချုပ်သို့ သွားရောက်စစ်ဆေးခဲ့ပြီး အရေးကြီးသော မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ရာတွင် ပြည်သူလူထုအနေဖြင့် မစိုးရိမ်မကြောက်လန့်ကြရန်၊ အခက်အခဲမှန်သမျှကို ကျော်လွှားဖယ်ရှားကြရန်၊ စည်းလုံးညီညွတ်စွာဖြင့် လူ့အဖွဲ့အစည်းတည်ငြိမ်ရေးကို ထိန်းသိမ်းကြရန်၊ အစိုးရနှင့် ပြည်သူ့တပ်မတော်ကို ယုံကြည်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး မည်သည့်အခက်အခဲကိုမဆို ဖြေရှင်းနိုင်လိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့ပါသည်..."
"ဝန်ကြီးချုပ်သည် ကျုံးနန်ဟိုင်ရှိ ကျစ်ကွမ်းစံအိမ်၌ အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတ သွန်မဆင်အား တွေ့ဆုံခဲ့ရာတွင် တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား စစ်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့်ခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း ထောက်ပြပြောဆိုခဲ့ပါသည်... ဒုတိယသမ္မတ သွန်မဆင်ကလည်း အမေရိကန်-တရုတ် နှစ်နိုင်ငံဆက်ဆံရေးသည် ကမာ္ဘကြီးတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါသော အဓိပ္ပာယ်သက်ရောက်မှုရှိပါကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ကဏ္ဍတိုင်းတွင် အပြန်အလှန်အကျိုးရှိစွာဖြင့် လက်တွဲကာ အခက်အခဲများကို အတူတကွ ကျော်လွှားလိုပါကြောင်း ပြန်လည်ပြောကြားခဲ့ပါသည်..."
"ယူနန်စစ်ဌာနမှ တောင်တန်းဒေသများတွင် လက်တွေ့ပစ်ခတ်နိုင်သော ကျည်အစစ်များကို အသုံးပြု၍ စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး အင်အားပြင်း ဒုံးကျည်များ၏ လက်တွေ့စွမ်းရည်ကို စမ်းသပ်ခဲ့ပါသည်..."
"တရုတ်ပြည်၏အရှေ့မြောက်ပိုင်းဒေသများတွင် သဘာဝအလင်းတန်းများ ဖြစ်ပေါ်သည့် ဖြစ်စဉ်ကို တွေ့မြင်ခဲ့ရပြီး ယင်းအလှကို ကြည့်ရှုခံစားရန် ပြည်သူအမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့ပါသည်..."
လော်ယွမ်က သတင်းကို အာရုံစိုက်ကြည့်ရှုရင်း လက်တလောအတွင်း ပြည်တွင်းပြည်ပအခြေအနေများကို သုံးသပ်ပိုင်းခြားနေစဉ်မှာပင် အပေါ်ထပ်မှ အိမ်ငှားများ၏ ရန်ဖြစ်သံက တစ်ဖန်ပြန်၍ ကြားလိုက်ရသည်။
"စား..စား...ရှင်စားဖို့ပဲသိတယ်...မနက်ဖြန်ဆန်မဝယ်နိုင်ရင်ကျွန်မတို့မိသားစုအစာငတ်ပြီးသေလိမ့်မယ်" အိမ်ရှင်မက စူးရှလှသော အသံဖြင့် ဒေါသတကြီး ကြိမ်းမောင်းနေလေသည်။
"ဒါဆိုမင်းကငါ့ကိုဘယ်လိုလုပ်စေချင်တာလဲ...အခုဈေးဝယ်စင်တာတွေရော...ကုန်စုံဆိုင်တွေရော...ဆန်နဲ့ဆီလက်လီလက်ကားဆိုင်တွေပါပစ္စည်းပြတ်ကုန်ပြီ...ငါကဆန်တွေဆီတွေကိုလေထဲကနေမန်းပေးရမှာလား" ဟု ယောက်ျားဖြစ်သူက သက်ပြင်းချကာ ဆိုလိုက်သည်။ သူ၏အသံတွင် အရှိန်အဝါတို့မှာ သိသိသာသာပင် လွှမ်းမိုးခံထားရသည်။
"ရှင်ပြောလိုက်ရင်စောင့်ဦးဆိုတာကြီးပဲ...ရှင်ဘယ်ချိန်ထိစောင့်မှာလဲ...နောက်၃၊၄ရက်ဆိုကျွန်မတို့မှာစားစရာတောင်ရှိမှာမဟုတ်တော့ဘူး...ကျွန်မရှင့်ကိုအစထဲကအမြန်သွားဝယ်ထားဖို့ပြောသားပဲ...ရှင်မှနားမထောင်တာ...ရှင့်အလုပ်ကိုပစ်ပြီးသွားလို့မရဘူးဆိုတာကြီးပဲ...အခုဘယ်မှလဲရှင့်အလုပ်...ပိတ်သွားပြီမလား" အိမ်ရှင်မ၏ အသံသည် ထိုးဖောက်နိုင်စွမ်း အလွန်အားကောင်းလှရာ ကွန်ကရစ်တစ်လွှာဖြင့်ပင် တားဆီးနိုင်ခြင်းမရှိချေ။
"ဒါဆိုမင်းကျတော့ဘာလို့သွားမဝယ်တာလဲ...မင်းတစ်နေ့ကုန်အိမ်မှာရှိနေတာပဲလေ" ယောက်ျားဖြစ်သူ၏ အသံသည်လည်း မြင့်တက်လာခဲ့သည်။
"ကျွန်မ.မသွားချင်ဘူးလို့ရှင်ထင်နေတာလား...ကျွန်မသွားရင်ခလေးကိုဘယ်သူကြည့်မှာလဲ...ခလေးတစ်ဘက်နဲ့လူတွေကြားထဲတိုးသွားရမှာလား...တိုးလားကြိတ်လားဖြစ်လို့ခလေးထိခိုက်မိသွားရင်ဘယ်လိုလုပ်မှာလဲ...အခုတလောအပြင်မှာ...ဝရုန်းသုန်းကားဖြစ်နေတာ...နေရာအနှံ့လုယက်မှုတွေ...လူသတ်မှုတွေကြီးပဲ...ရှင်ကိုယ်ချင်းစာစိတ်မရှိတဲ့ကောင်...ရှင်ကယောက်ျားရောဟုတ်သေးရဲ့လား"
ခွမ်း! ဂလွမ်!
ပန်းကန်ခွက်ယောက်များ ကြမ်းပြင်ပေါ်သို့ ကျကွဲသံ၊ ကလေးငယ်၏ ငိုယိုသံတို့ဖြင့် ဆူညံပွက်လောရိုက်သွားလေသည်။
"တော်တော့...တော့်တော့...မရိုက်ခွဲနဲ့တော့...မနက်ဖြန်ငါ့သူငယ်ချင်းဆီကနေ...နည်းနည်းလောက်သွားတောင်းကြည့်မယ်...အခြေအနေကအကြာကြီးမဆိုးလောက်ပါဘူး...အစိုးရမှာလှောင်ထားတဲ့ဆန်တွေအများကြီးရှိနေတာပဲ...ငါတို့ကိုအငတ်တော့မခံခိုင်းလောက်ပါဘူး...ဟုတ်တယ်မလား" ယောက်ျားဖြစ်သူ၏ မကြာမီကမှ ထကြွလာခဲ့သော ဒေါသတို့သည် အလျင်အမြန်ပင် ပြန်လည်ကျဆင်းသွားကာ အသံကိုနှိမ့်၍ အလျှော့ပေးလိုက်လေသည်။
"ရှင်... ရှင် တကယ်ပဲ ကျွန်မကို ဒေါသထွက်အောင်လုပ်နေတာပဲ" အိမ်ရှင်မသည် ရုတ်တရက်ဆိုသလို ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ "ကျွန်မဘယ်လိုလုပ်ရှင့်လိုလူနဲ့သွားတွေ့လဲမသိဘူး...အိမ်မှာစားစရာတောင်ပြတ်တော့မယ်...ရှင်ကဘာမှမဖြစ်တဲ့အတိုင်းပဲ...ဒီတိုင်းဆိုဘယ်လိုလုပ်အသက်ဆက်ရှင်ရမှာလဲ"
"အေးပါ...အေးပါ...ငါမနက်ဖြန်မှောင်ခိုဈေးမှာ...သွားဝယ်ကြည့်မယ်...ဈေးဘယ်လောက်ပဲများများငါဝယ်ခဲ့မယ်ဟုတ်ပြီလား...ဆက်မအော်နဲ့တော့ပတ်ဝန်းကျင်ကြားရင်ကဲ့ရဲ့စရာဖြစ်မယ်"
ရန်ဖြစ်သံမှာ တဖြည်းဖြည်း တိုးလျသွားတော့သည်။
လဝက်အတွင်းမှာပင် သတင်းနှင့် အင်တာနက်ပေါ်မှသတင်းအများစုမှာ ပုံမှန်သတင်းများမဟုတ်တော့ပဲ လူ့အဖွဲ့အစည်းတစ်ခုလုံးတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ပျံ့နှံ့နေလေသည်။ အစိုးရက ပြည်သူလူထုအား မည်သို့ပင် တည်ငြိမ်ရန် တိုက်တွန်းနှိုးဆော်နေစေကာမူ တိရစာ္ဆန်နှင့် အပင်တို့၏ သန္ဓေပြောင်းလဲမှုများ တိုးပွားလာသည်နှင့်အမျှ ထိုသို့သော စိုးရိမ်စိတ်တို့မှာ ကပ်ရောဂါတစ်ခုကဲ့သို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့ကာ ပို၍ပို၍ ဆိုးရွားလာခဲ့သည်။
ဆန်နှင့် အခြားသော အသုံးအဆောင်ပစ္စည်းများကို အလုအယက် ဝယ်ယူကြသဖြင့် စူပါမားကတ်များမှာလဲ ဟာလာဟင်းလင်းအဖြစ်ကျန်ရစ်ခဲ့ကြ၏။ ပစ္စည်းမည်မျှပင် ထပ်မံဖြည့်တင်းစေကာမူ ရူးသွပ်နေသောလူအုပ်ကြီးက အကုန်အစင် လုယက်ဝယ်ယူသွားကြသည်။ ထို့နောက်တွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်း၊ လူမှုရေးဖရိုဖရဲဖြစ်လာခြင်းကြောင့် လုယက်မှု၊ လူသတ်မှု၊ မုဒိမ်းမှုတို့သည် ဤမြို့အတွင်း၌ တစ်လှည့်စီ ဖြစ်ပွားနေတော့၏။
လော်ယွမ်က ကြိုတင်ပြင်ဆင်ထားခဲ့သောကြောင့်သာ ဤမုန်တိုင်း၏ ရိုက်ခတ်မှုကို မခံခဲ့ရခြင်းဖြစ်သည်။
"ရှောင်ယွမ်...ထမင်းစားရအောင်" ကျိုးယလီသည် မီးဖိုချောင်ထဲမှ ထွက်လာရင်း လှမ်းခေါ်လိုက်သည်။
လော်ယွမ်က တီဗီကို ပိတ်လိုက်ပြီး ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။
ကျိုးယလီသည် လွန်ခဲ့သော ဆယ်ရက်ခန့်ကမှ ပြန်ရောက်လာခဲ့ခြင်းဖြစ်၏။ သူမကြာကြာပင် ဝမ်းမနည်းလိုက်ရဘဲ တစ်ကမာ္ဘလုံးကို ရိုက်ခတ်နေသော ဤထိတ်လန့်ကြောက်ရွံ့မှုလှိုင်းလုံးကြီးနှင့် ကြုံတွေ့လိုက်ရခြင်းဖြစ်သည်။
စားပွဲပေါ်မှ ဟင်းလျာတို့မှာ ရိုးရိုးရှင်းရှင်းပင်။ မုန်ညင်းချဉ်တစ်ပွဲ၊ ကြက်ဥကြော်နှစ်လုံး၊ ပြီးလျှင် ရေညှိဟင်းချိုတစ်ခွက်သာ ဖြစ်သည်။
အခန်းထဲရှိ စတိုခန်းတွင် ပစ္စည်းအများအပြားရှိနေဆဲဖြစ်ပြီး ရေခဲသေတ္တာထဲတွင်လည်း ဆားနယ်ထားသော အသားများနှင့် ဟင်းသီးဟင်းရွက်များ အပြည့်အသိပ်ထည့်ထားသော်ငြားလည်း ဤအဖြစ်အပျက်မှာ မည်မျှကြာအောင် ပျံ့နှံ့နေမည်ကို မည်သူမျှမသိနိုင်ပေ။ ယခုအချိန်တွင် တတ်နိုင်သမျှ ခြွေတာနိုင်မှသာ အသက်ရှင်ရန်အခွင့်အရေး ပိုများနိုင်ပေမည်။
ကျိုးယလီမှာ စိတ်ပျံ့လွင့်နေဟန်ဖြင့် ထမင်းကို အနည်းငယ်သာ စားသုံးလေသည်။ ခဏအကြာတွင် သူမက စကားစလိုက်သည်။ "ဒီနေ့ကျွန်မကုန်စိမ်းဈေးကိုတစ်ခေါက်ထပ်သွားသေးတယ်...ဘာမှဝယ်မရခဲ့ဘူး"
"ခုတလောအတွင်းအပြင်မထွက်နဲ့ဦး...အခြေအနေကပြန်ကောင်းလာမှာပါ...ပြည်နယ်အစိုးရအဖွဲ့ကဒီတိုင်းကြည့်မနေလောက်ပါဘူး...သူတို့အင်အားသုံးပြီးဖြေရှင်းရင်ရှင်းမှာ" လော်ယွမ်က ခဏစဉ်းစားပြီးနောက် ဆိုလိုက်သည်။
"ဒါနဲ့နင့်ကုမ္ပဏီရောအခြေအနေဘယ်လိုလဲ"
"ကျွန်မလည်းမသိတော့ဘူး...အခုအားလုံးကစိုးရိမ်ထိတ်လန့်နေကြတာ...ဘယ်သူမှစိတ်အေးလက်အေးနဲ့မလုပ်နိုင်ကြတော့ဘူး...ကျွန်မအထင်တော့ကုမ္ပဏီလဲသိပ်မကြာလောက်တော့ဘူးထင်တယ်" ကျိုးယလီသည် စိတ်ပျက်အားငယ်သော အမူအရာဖြင့် ဆိုသည်။ "ကျွန်မမွေးရပ်မြေကိုပြန်တော့မလို့...အဖေနဲ့အမေကိုစိတ်ပူတယ်"
လော်ယွမ်က သိပ်ပြီးမအံ့သြမိချေ။ သူမသည် အခုရက်ပိုင်းအတွင်း အိမ်သို့မကြာခဏ ဖုန်းဆက်လေ့ရှိပြီး မျက်နှာတွင်လည်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့ရာ ပြန်ရန်ရည်ရွယ်ချက်ရှိနေသည်မှာ ထင်ရှားလှပေသည်။ သူကမေးလိုက်သည်။ "နင်ဘယ်တော့ပြန်မှာလဲ"
"သန်ဘက်ခါလောက်ဖြစ်မယ်...ကျွန်မမိဘတွေအိမ်ကရွာဘက်မှာရှိတာ...ကြားတာတော့အဲ့ဘက်မှာအရမ်းအန္တရာယ်များနေပြီတဲ့...ကျွန်မပြန်သွားမကြည့်ရင်ဘယ်လိုမှစိတ်အေးနိုင်မှာမဟုတ်ဘူး" ကျိုးယလီက အားတင်း၍ ပြုံးကာဆိုသည်။
"ဒင်...ရွေးချယ်နိုင်သောမစ်ရှင်
အဆင့် - F+
လုပ်ဆောင်ရန် - ကျိုးယလီအားအိမ်သို့စောင့်ရှောက်ပြီး ပြန်လိုက်ပို့ပေးရန်၊ ကျိုးယလီသေလျှင် မစ်ရှင်ကျရှုံးမည်။
အချိန်အကန့်အသတ်မရှိ။(လက်ခံ/ငြင်းပယ်)
F+ မစ်ရှင်...နောက်ထပ် F+ မစ်ရှင်ပဲ
လော်ယွမ်၏ တူကိုင်ထားသောလက်မှာ ခတ္တတန့်သွားလေသည်။
"ဘာဖြစ်လို့လဲ...ရှင့်မျက်နာမကောင်းသလိုပဲ" ကျိုးယလီက စိုးရိမ်တကြီး မေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး" လော်ယွမ်က အသက်ပြင်းပြင်းတစ်ချက်ရှူရင်း ဖုံးကွယ်လိုက်သည် "နင်စောစောကနယ်ပြန်မယ်ဆိုတာ...ဘယ်နေ့လဲ"
"သန်ဘက်ခါလေ...ကျွန်မသန်ဘက်ခါအတွက်...လက်မှတ်ဝယ်ထားပြီးပြီ" ကျိုးယလီက တစ်ကြိမ်ထပ်ပြောလိုက်သည်။ မကြာမီ အိမ်ပြန်ရတော့မည်ကို တွေးမိသောအခါ သူမ၏စိတ်သည် အနည်းငယ်ကြည်လင်သွားလေသည်။ သူမက ပြုံး၍ "ဒီမှာပစ္စည်းတွေအကုန်လုံးရှင့်အတွက်ထားခဲ့မယ်...ကျွန်မတို့အဆက်အသွယ်မပြတ်စေနဲ့နော်"
သူက အခုတလော ပြုံးရယ်ခဲသော ကျိုးယလီအား ကြည့်ရင်း စိတ်ထဲတွင် အနည်းငယ်ရှုပ်ထွေးသွားသည်။ ဤသည်မှာ F+ မစ်ရှင်ဖြစ်သောကြောင့် သူသာထိုမစ်ရှင်ကိုလက်မခံပါက သူမဤအပြန်ခရီးတွင် သေဆုံးသွားနိုင်လေသည်။
သူမ သေမင်းခံတွင်းထဲသို့ သွားသည်ကို မျက်စိမှိတ်၍ ကြည့်နေရမည်လော?
ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် သူကစိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်ပြီး ပြုံး၍ဆိုလိုက်သည်။ "နင်ကအဲ့လောက်ရက်ရောမှတော့...ငါနင့်ကိုလိုက်ပို့ပေးရတာပေါ့"
"ကောင်းတာပေါ့...ကျွန်မမှာ သယ်စရာအိတ်တွေ အများကြီးရှိသေးတယ်...အဲ့ကျမှမညည်းနဲ့နော်" ကျိုးယလီသည် လော်ယွမ်က သူမအား ဘူတာရုံအထိသာ လိုက်ပို့မည်ဟု ထင်မှတ်ကာ ငြင်းဆန်ခြင်းမပြုပေ။ ထို့အပြင် ဤတစ်ကြိမ်မှာ အိမ်သို့ အပြီးတိုင်ပြန်ခြင်းဖြစ်ပြီး တုံဟူမြို့သို့ နောက်တစ်ကြိမ် ပြန်လာတော့မည်မဟုတ်ချေ။ သူမပစ္စည်းအတော်များများကို ချန်ထားခဲ့သော်လည်း သယ်ရမည့် သေတ္တာအကြီးအသေး သုံးလုံးမျှရှိနေသေးသည်။ သူမကထိုပစ္စည်းများကို ကုန်တင်ပို့ဆောင်ရေးဖြင့် ပို့ရမလားဟုပင် စဉ်းစားထားခဲ့သည်။
"မဟုတ်ဘူး...ငါကနင့်ကိုအိမ်ထိလိုက်ပို့မှာ...တောရွက်ဘက်ကအခုအရမ်းအန္တရာယ်များနေတာ...နင့်လိုမိန်းကလေးတစ်ယောက်က...အဖော်မပါပဲပြန်လို့ဘယ်ဖြစ်မှာလဲ" လော်ယွမ်က လေးနက်တည်ကြည်စွာ ဆိုလိုက်သည်။
"ဟာ...ရတယ်...တစ်ကယ်မလိုပါဘူး...ခရီးကအဝေးကြီးလည်းမဟုတ်ဘူးလေ...ရထားစီးရင်၁နာရီကျော်ပဲကြာမှာ...ဘာမှမဖြစ်လောက်ပါဘူး" ကျိုးယလီသည် တစ်ခဏမျှ ကြောင်ငေးသွားပြီးနောက် သူမ၏မျက်ဝန်းထဲတွင် မျက်ရည်များဝိုင်းသွားကာ စိတ်လှုပ်ရှားစွာဆိုသည်။
"ဘာမှထပ်မပြောနဲ့တော့...နင်တစ်ယောက်ထဲပြန်သွားရင်ငါစိတ်အေးနိုင်မှာမဟုတ်ဘူး...ငါအခုအွန်လိုင်းကနေလက်မှတ်ဖြတ်လိုက်မယ်...ဘယ်အချိန်ထွက်မှာလဲ...ဘယ်ရထားလဲ" လော်ယွမ်က ခေါင်းခါပြရင်း ဆက်မငြင်းနိုင်အောင် ပြတ်သားစွာ ဆိုလိုက်သည်။"အရမ်းနောက်မကျဖို့ပဲမျှော်လင့်ရမယ်"
"ယွီရွှေမြို့ကိုသွားမှာ...နေ့လည်၁ခွဲလောက်" လော်ယွမ်က လိုက်ဖို့ဆုံးဖြတ်ထားသည်ကို မြင်သောအခါ ကျိုးယလီက ပြောပြလိုက်ရတော့သည်။
သူမမှာ မူလကတည်းက ကိုယ်ပိုင်ဆုံးဖြတ်ချက်သိပ်မရှိသူဖြစ်ပြီး ယခုအခါ အင်တာနက်ပေါ်တွင်လည်း ပြောဆိုနေကြသည်မှာ အမျိုးမျိုးဖြစ်နေသောကြောင့် တစ်ယောက်တည်းပြန်ရန် အမှန်တကယ်ပင် အနည်းငယ်ကြောက်ရွံ့နေမိသည်။ သူမကစိတ်ထဲတွင် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိသလို ခေါင်းလည်းကိုက်သွားရလေသည်။ မိဘများနှင့်တွေ့သောအခါ သူမမည်သို့ရှင်းပြရမည်နည်း။ သူမနှင်စေ့စပ်ထားသူ မကြာသေးမီကမှ ဆုံးပါးသွားသည်ကို ရွာမှလူတိုင်း သိကြလေသည်။ သူတို့သာလော်ယွမ်ကို တွေ့လျှင် အတင်းအဖျင်းစကားများ ပြောကြပေလိမ့်မည်။
ထိုအချိန်တွင် လော်ယွမ်က တစ်စုံတစ်ခုကို သတိရသွားကာ လှည့်၍ဆိုသည်။ "အမယလီ...သဘက်ခါမှဖြစ်မှာလား...မနက်ဖြန်ဆိုရင်ရော"
"တကယ်တော့ရှင်လိုက်မပို့လည်းရပါတယ်...ကျွန်မရှင့်ကိုအလုပ်ပေးမိသလိုဖြစ်နေပြီ...ကျွန်မလည်းမနက်ဖြန်ပြန်ချင်တာ...ဒါပေမဲ့လက်မှတ်ကဝယ်မရဘူး...အခုရက်ပိုင်းအိမ်ပြန်ကြတဲ့အလုပ်သမားတွေအများကြီးပဲ" ဟု ကျိုးယလီက ဆိုသည်။
စနစ်၏ အားနည်းချက်ကို အလွယ်တကူအခွင့်အရေးယူလို့ရသည့်ပုံမပေါ်ပေ။ ထိုသို့ဆိုလျင် မိမိ၏ ကိုယ်ပိုင်အရည်အချင်းကိုသာ အားကိုးရတော့မည်ဟု သူတွေးလိုက်သည်။ သူက လက်ကိုခါပြလိုက်ရင်း "ငါအလုပ်ထွက်လိုက်ပြီဆိုတော့...နေ့တိုင်းအားနေတာပဲလေ...ငါကဒီတိုင်းမေးကြည့်တာပါ"
သူက အိပ်ခန်းထဲသို့သွားကာ ကွန်ပျူတာကိုဖွင့်ပြီး မီးရထားဝန်ဆောင်မှုစင်တာသို့ ဝင်ရောက်လိုက်သည်။ ကံကောင်းစွာပင် လက်မှတ်များရှိနေသေးရာ သူက လက်မှတ်တစ်စောင်ကို အမြန်ပင် ဝယ်ယူလိုက်သည်။
ထမင်းစားပြီးနောက် လော်ယွမ်သည် အိပ်ခန်းသို့ပြန်လာကာ ခဏငြိမ်ငြိမ်လေး ထိုင်နေလိုက်သည်။
ပြီးနောက် ကုတင်အောက်မှ သစ်သားသေတ္တာအရှည်တစ်လုံးကို ထုတ်ယူကာ အဖုံးကိုဖွင့်လိုက်သည်။ အတွင်း၌ကား ဓားအိမ်နှင့်တကွရှိသော ကျန်းမာတောက် တစ်လက်ဖြစ်ပြီး ဓားအိမ်ကို သစ်မာဖြင့်ပြုလုပ်ထားကာ အပေါ်၌ တိမ်လွှာကဲ့သို့သော အလှဆင်အပွင့်အခက်များကို ထွင်းထုထားလေသည်။
လော်ယွမ်သည် ရှည်လျားသော ဓားရိုးကို ဆုပ်ကိုင်ရင်း ဓားကို ဓားအိမ်ထဲမှ ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။
ဤဓား၏ကိုယ်ထည်မှာ ဖြောင့်တန်းပြီး ဓားသွားမှာ အလွန်ပါးလွှာကာ ဓားထိပ်သည် အနည်းငယ်ကော့တက်နေသော မျဉ်းကွေးပုံစံရှိ၏။ ဓားအသွားမှာ သွေးထားပြီးဖြစ်ရာ မြင်ရသူကိုပင် ကျောချမ်းစေလောက်အောင် အရောင်အဝါတို့ဖြင့် တလက်လက်တောက်ပလျက်ရှိပြီး အလွန်အမင်းထက်မြက်လှသည်။ ဆံပင်ကိုအသွားပေါ်တင်၍မှုတ်လျှင် ပြတ်နိုင်သလို သာမန်သတ္တုများကိုပင် ပိုင်းဖြတ်နိုင်လေသည်။
ပစ္စည်းအမည် - ကျန်းမာတောက်
ပြုလုပ်ထားသည့်ပစ္စည်း - ၁၆၅ စင်တီမီတာ သတ္တုစပ်
ရှားပါးမှုအဆင့် - အပြာနုရောင်
အလေးချိန် - ၄.၁ ကီလိုဂရမ်
တိုက်ခိုက်စွမ်းအား - ၁၆ မှ ၂၀ ထိ
ထပ်တိုးအစွမ်းသတ္တိ - တိုက်ခိုက်နှုန်း +၁
အသုံးပြုရန် လိုအပ်ချက် - ခွန်အား ၁၁ မှတ်
သုံးသပ်ချက် - ဤသည်မှာ ခေတ်မီနည်းပညာဖြင့် ပြုလုပ်ထားသော ကျန်းမာတောက်ဓား တစ်လက်ဖြစ်ပြီး ဆံချည်မျှင်ကိုပင် မှုတ်၍ဖြတ်နိုင်ကာ ရွှေကိုပိုင်းဖြတ်၍ ကျောက်စိမ်းကိုခွဲနိုင်သော ထက်မြက်မှုကို ပိုင်ဆိုင်ထားသည်။
ကျန်းမာတောက်ဓား သည် ရှေးဟောင်းသမိုင်းအစဉ်အလာရှိသော ဓားတစ်မျိုးဖြစ်ပြီး ဟန်မင်းဆက်ခေတ်ကတည်းက ပေါ်ပေါက်ခဲ့သည်။ ကျော်ကြားလှသော မော့ဓား ကဲ့သို့ပင် မြင်းကိုရော လူကိုပါ ခုတ်ပိုင်းနိုင်သော အလေးချိန်စီးသည့် ဓားရှည်တစ်လက်ဖြစ်ပြီး စစ်မြေပြင်၏အစွမ်းထက်ဆုံး လူသတ်လက်နတ်တစ်ခုဖြစ်ပေသည်။ မြင်းစီးတပ်သားများ၏ တဟုန်ထိုးတိုက်ခိုက်မှုနှင့် ရန်သူကို အမြင့်မှနေ၍ ခုတ်ပိုင်းတိုက်ခိုက်ရာတွင် အသင့်တော်ဆုံးဖြစ်သော အင်အားပြင်း တိုက်ပွဲဝင်ဓားကြီးတစ်မျိုးလည်း ဖြစ်သည်။
ဤခေတ်မီနည်းပညာဖြင့်ပြုလုပ်ထားသော ကျန်းမာတောက်မှာ ရှေးခေတ်က ကျန်းမာတောက်နှင့်တော့ များစွာကွာခြားမှုရှိပေသည်။ ပထမဦးစွာ ဓားရိုးသည် များစွာတိုတောင်းသွားပြီး လက်တစ်ဖက်တည်းဖြင့်ဖြစ်စေ၊ လက်နှစ်ဖက်ဖြင့်ဖြစ်စေ ကိုင်နိုင်ကာ အလွန်အဆင်ပြေလှသည်။ ဒုတိယအချက်မှာ ဓားကိုယ်ထည်ကိုလည်း များစွာတိုတောင်းအောင်ပြုလုပ်ထားပြီး ၄ပေခွဲခန့်သာ ရှည်လျားသည်။ အရှည်မှာ အနေတော်ဖြစ်ပြီး အလွယ်တကူ ကျိုးပဲ့နိုင်ခြင်းမရှိချေ။
ဤအတောအတွင်း ပြင်းထန်သောလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် သူ၏ခွန်အားသည် ၁၁မှတ်သို့ မရောက်သေးသော်ငြားလည်း အလွန်ပင်နီးကပ်နေပြီဖြစ်ရာ ထိုဓားကို ပုံမှန်အတိုင်း အသုံးပြုနိုင်ပေသည်။ သို့သော် အားအင်ကိုတော့ အနည်းငယ်ပို၍ သုံးစွဲရပေလိမ့်မည်။
သူက ဓားကို လက်တည့်စမ်းသလို အကြိမ်အနည်းငယ် ခုတ်ပိုင်းကြည့်လိုက်ရာ ထက်မြက်သောဓားသွားသည် လေထုကိုဖြတ်သန်းသွားပြီး တဝှီးဝှီးမြည်သံများ ထွက်ပေါ်လာခဲ့သည်။
ဓား၏အလေးချိန်ဗဟိုချက်သည် ရှေ့သို့ပို၍ရောက်နေသောကြောင့် ခုတ်ပိုင်းရသည်မှာ အလွန်ချောမွေ့ပြီး ခုတ်လေလေ ပို၍မြန်ဆန်လာလေလေဖြစ်သော သဘောသဘာဝရှိသည်။ အကယ်၍ ဓားပညာနှင့်ပတ်သတ်ပြီး အခြေခံမရှိသူသာဖြစ်ပါက ဤသို့သော ဓားရှည်ကြီးကို ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ဘဲ ဓား၏ဆွဲအားကြောင့် ကိုယ်ကိုမထိန်းနိုင်ဘဲ ယိုင်လဲသွားပေလိမ့်မည်။
သို့သော် လော်ယွမ်အတွက်မူ ဤသည်မှာ ပြဿနာ မဟုတ်ချေ။
သူ၏ကိုယ်ခန္ဓာပတ်လည်တွင် ဓားသွားအလင်းရောင်တို့ဖြင့် လင်းလက်နေလေသည်။ ထက်အောက်စိုက်ခုတ်ခြင်း၊ ဘေးတိုက်လှီးဖြတ်ခြင်း၊ အလျားလိုက်ပိုင်းဖြတ်ခြင်း၊ ရှေ့သို့တည့်တည့်ထိုးစိုက်ခြင်းတို့သည် ရိုးရှင်းသော တိုက်ကွက်များဖြစ်လင့်ကစား စစ်မြေပြင်တွင် အသုံးဝင်ဆုံးသော တိုက်ခိုက်နည်းများဖြစ်ကြသည်။ သူ၏ခြေထောက်များသည် ဓားသွားရာနောက်သို့ လိုက်ပါနေပြီး ကျဉ်းမြောင်းသော အိပ်ခန်းအတွင်း၌ နာရီဝက်ခန့် လေ့ကျင့်ပြီးမှသာ ရပ်တန့်လိုက်တော့သည်။
သူကအဝတ်အပိုင်းတစ်ခု ထုတ်ယူကာ ဓားသွားပေါ်တွင် မရှိသောဖုန်မှုန့်များကို ညင်သာစွာ သုတ်သင်လိုက်ပြီး ဓားအိမ်ထဲသို့ ပြန်လည်ထည့်သွင်းကာ သစ်သားသေတ္တာထဲသို့ ပြန်ထားလိုက်သည်။
"F+ မစ်ရှင်ကအန္တရာယ်များတယ်ဆိုပေမဲ့...အရင်ထက်စာရင်ငါ့အစွမ်းကအများကြီးတိုးသွားတာပဲ...ငါလျင်မြန်မှုအမှတ်၁မှတ်တိုးထားတဲ့အပြင်...မထည့်ရသေးတဲ့ကျွမ်းကျင်မှတ်၅မှတ်လည်းရှိသေးတယ်...အဲ့၅မှတ်ကိုဓားပညာထဲသာထည့်လိုက်ရင်...ဒီမစ်ရှင်ကမအောင်မြင်စရာအကြောင်းမရှိဘူး"