အကန့်အသတ်ဖြင့်ဝယ်ယူခွင့်
Vol. 1 Ch. 13
နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် လော်ယွမ်သည် အပြင်ဘက်မှ ကျယ်လောင်သော အသံချဲ့စက်သံကြောင့် လန့်နိုးလာခဲ့သည်။
"လေးစားအပ်ပါသော မြို့သူမြို့သားအပေါင်းတို့ခင်ဗျား...လေးစားအပ်ပါသော မြို့သူမြို့သားအပေါင်းတို့ခင်ဗျား"
"တည်ငြိမ်မှုကို ထိန်းသိမ်းရန်၊ ကုန်ဈေးနှုန်းများကို ထိန်းချုပ်ရန်၊ ပြည်သူလူထု၏ ဆက်လက်ရှင်သန်ရေးကို အာမခံရန်နှင့် စားနပ်ရိက္ခာ မဝယ်ယူရသေးသော ပြည်သူများလည်း လုံလောက်သော အစားအစာကို ဝယ်ယူရရှိနိုင်ရန်အတွက် ယနေ့မှစတင်၍ ဆန်စပါး၊ သောက်သုံးရေ၊ အသားနှင့် ဟင်းသီးဟင်းရွက်များကို သတ်မှတ်ထားသော ပမာဏအလိုက် ရောင်းချပေးမည်ဖြစ်ပါသည်။ မြို့တော်ကော်မတီနှင့် မြို့တော်အစိုးရတို့မှ မြို့ရှိဈေးကြီးများတွင် ရောင်းချပေးမည့်နေရာများကို သတ်မှတ်ထားရှိပြီးဖြစ်ရာ မြို့သူမြို့သားများအနေဖြင့် မှတ်ပုံတင်ကတ်ပြားဖြင့် သတ်မှတ်ထားသောပမာဏအလိုက် လာရောက်ဝယ်ယူနိုင်ပါသည်..."
"လေးစားအပ်ပါသော မြို့သူမြို့သားအပေါင်းတို့ခင်ဗျား...လေးစားအပ်ပါသော မြို့သူမြို့သားအပေါင်းတို့ခင်ဗျား..."
အပြင်ဘက်မှ အသံချဲ့စက်သည် တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်ခါထပ်ခါ ကြေညာလျက်ရှိသည်။
လော်ယွမ်မှာအိပ်ချင်မူးတူးဖြစ်နေသောစိတ်ပင် ချက်ချင်းလွင့်ပြယ်သွားလေသည်။ သူကအလျင်အမြန်ထလိုက်ပြီး အဝတ်အစားကို ဝတ်ဆင်လျက် တံခါးမကြီးကို ဖွင့်လိုက်သည်။
"အပြင်မှာ ဘာဖြစ်နေတာလဲ" ကျိုးယလီက ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားလျက် သူမ၏အခန်းထဲမှထွက်လာကာ သမ်းဝေရင်းအိပ်ချင်မူးတူးဖြင့်မေးလိုက်သည်။
"အစိုးရက အစီအမံတွေ စလုပ်နေပြီ...အခုကစပြီးဆန်၊ဆီနဲ့ဟင်းသီးဟင်းရွက်တွေကို...သတ်မှတ်အရေအတွက်နဲ့ဝယ်လို့ရပြီတဲ့" လော်ယွမ်၏ မျက်နှာတွင် ဝမ်းမြောက်ရိပ်များထင်ဟပ်နေပြီး အလောတကြီးဆိုလိုက်သည်။
သူက ဆန်နှင့် အခြားပစ္စည်းများစွာကို သိုလှောင်ထားသော်လည်း လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် အသားများကိုမူ ဝယ်ယူရန် အလွန်ခက်ခဲလှသည်။ အကြောင်းမှာ ထိုပစ္စည်းများသည် အလွန်လျင်မြန်စွာပင် အလုအယက်ဝယ်ယူခြင်းခံရကာ ကုန်သွားလေ့ရှိသောကြောင့်ဖြစ်သည်။ ထို့အပြင် သူမည်မျှပင် သိုလှောင်ထားစေကာမူ ထိုရိက္ခာများမှာ တစ်နေ့နေ့တွင် ကုန်ဆုံးသွားမည်သာဖြစ်သည်။ ယခု မြို့တော်အစိုးရအဖွဲ့က နောက်ဆုံးတွင် အစီအမံများပြုလုပ်လာခဲ့ပြီဖြစ်ရာ နောင်တွင် စိုးရိမ်တကြီး ကြောက်လန့်နေစရာမလိုတော့ဟူသောသဘောပင်ဖြစ်လေသည်။ ဤသည်မှာ သံသယဖြစ်ဖွယ်မရှိသော မဟာမင်္ဂလာသတင်းကောင်းတစ်ရပ်ပင်တည်း။
မည်သို့ပင်ဆိုစေကာမူ ရည်ရွယ်ချက်ရှိသူများနှင့်အခွင့်အရေးသမားများမှလွဲ၍ မည်သူမျှ တည်ငြိမ်အေးချမ်းမှုမရှိသော ခေတ်ပျက်ကာလကို နှစ်သက်ကြမည်မဟုတ်ချေ။
"ငါအရင်သွားကြည့်လိုက်မယ်...ဘာတွေဝယ်လို့ရလဲသိရတာပေါ့" လော်ယွမ်က ပြုံးကာဆိုသည်။
"ဒါဆိုအတူသွားမယ်လေ...ကျွန်မတို့၂ယောက်ဆိုတော့၂ယောက်စာရနိုင်တာပေါ့" ကျိုးယလီက ဖျော့တော့တော့ပြုံးရင်း ဆိုလိုက်သည်။
"ဒါအကြံကောင်းပဲ...နင်အင်္ကျီသွားဝတ်ဦး...မျက်နာတော့မသစ်နဲ့ဦး...အမြန်သွားမှဖြစ်မှာ...ကြာသွားရင်လူတွေအရမ်းများလာရင်အရှည်ကြီးတန်းစီနေရမယ်"
"ဟာ" ကျိုးယလီသည် ထိုအခါမှ မိမိမှာ ညအိပ်ဝတ်စုံနှင့်ဖြစ်နေသည်ကို သတိပြုမိသွားပြီး မျက်နှာအနည်းငယ်နီမြန်းသွားကာ အခန်းတံခါးကို အလျင်အမြန်ပြန်ပိတ်လိုက်လေသည်။
မိန်းမသားတို့၏ အဝတ်အစားဝတ်ဆင်နှုန်းမှာ ထုံးစံအတိုင်း အနည်းငယ်နှေးကွေးလေသည်။ သူမ အဝတ်အစားဝတ်ဆင်ပြီး၍ အခန်းတံခါးပြန်ဖွင့်လာသောအခါ ဆယ်မိနစ်ခန့်ပင် ကြာမြင့်သွားခဲ့လေပြီ။ သူမ၏ပုံစံကိုကြည့်ရသည်မှာ မိတ်ကပ်အနည်းငယ်ပင် ပြင်ဆင်ခြယ်သလာသည့်ဟန် ရှိလေသည်။
လော်ယွမ်လည်း မချိပြုံးပြုံးလိုက်ပြီးနောက် သူမနှင့်အတူ အိမ်မှထွက်လာခဲ့သည်။ လော်ယွမ်တစ်ယောက် စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားသော်လည်းအိမ်ထဲမှ ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် လန့်ဖျပ်သွားရသည်။
အိမ်ယာပတ်ဝန်းကျင်တွင် လူများပြည့်ကြပ်လျက်ရှိနေ၏။ အိမ်ယာ၌ ဤမျှလောက်များသော လူများရှိနေသည်ကို သူတစ်ခါမျှ မတွေ့ဖူးခဲ့ချေ။ ထိုလူများမှာ မမြင်ရသော စွမ်းအားတစ်မျိုး၏ ဆွဲငင်ခြင်းကိုခံရသည့်အလား ကြီးမားသော လူပင်လယ်ရေစီးကြောင်းအဖြစ် ပေါင်းဆုံသွားကြပြီး အိမ်ယာ၏ဂိတ်တံခါးဝဆီသို့ ဖြည်းညင်းစွာ စီးဆင်းလျက်ရှိသည်။
ကိုယ်ပိုင်ကားရှိသော အိမ်ရှင်အချို့က ကားဟွန်းကို အဆက်မပြတ်တီးနေကြသော်လည်း ပြည့်ကျပ်နေသော လူအုပ်ကြီးထဲတွင် တစ်လက်မမျှပင် မလှုပ်ရှားနိုင်ကြချေ။ အချို့သော ဉာဏ်ပြေးသူများမှာမူ ကားတံခါးဖွင့်၍ဆင်းကာ လူအုပ်ကြီးနှင့်အတူ ခြေကျင်လျှောက်လှမ်းသွားကြသည်။
ထိုလူများက ဈေးခြင်းတောင်းများ မျက်နှာသစ်ဇလုံများကို ကိုင်ဆောင်ထားကြပြီး အချို့မှာမူ ခရီးဆောင်သေတ္တာတစ်လုံးကိုပင် ဆွဲလာကြသည်။ သို့သော် အများစုမှာ လော်ယွမ်ကဲ့သို့ပင် လက်ဗလာဖြင့်သာ ဖြစ်ကြသည်။
အိမ်ယာထဲမှ လူအုပ်ကြီးသည်ပင် ကြီးကျယ်ခမ်းနားလှပြီဟု ထင်မှတ်ခဲ့သော်လည်း လမ်းမပေါ်သို့ရောက်သောအခါမှ ပင်လယ်ကြီးထဲကရေတစ်စက်ပမာသာ ရှိကြောင်းသိလိုက်ရ၏။
မြစ်ချောင်းတို့ ပင်လယ်ထဲသို့ စီးဝင်သည့်နှယ် ရှေ့သို့တိုးလေလေ၊ သေးငယ်သော လူအုပ်ငယ်လေးများ မရေမတွက်နိုင်အောင် လမ်းမပေါ်သို့ စီးဝင်ပေါင်းဆုံလာလေလေဖြစ်ပြီး လမ်းမတစ်လျှောက်လုံးသည် တဖြည်းဖြည်း လူများဖြင့် ပြည့်ကျပ်သွားတော့၏။
လော်ယွမ်နှင့် ကျိုးယလီတို့မှာ လူအုပ်ထဲတွင် တိုးလားကြိတ်လားဖြစ်နေကြပြီး လမ်းလျှောက်ရန်ပင်မလိုဘဲ သူတို့၏ခန္ဓာကိုယ်မှာ လူအုပ်ကြီး၏ တွန်းကန်မှုဖြင့် အလိုအလျောက် ရှေ့သို့ရွေ့လျားသွားလေသည်။
ဤသို့သော မြင်ကွင်းမျိုးကို သူယခင်က တီဗီ၌သာ မြင်ဖူးခဲ့သည်။ မိမိ၏ပတ်ဝန်းကျင်တွင် အမှန်တကယ် ဖြစ်ပျက်လာလိမ့်မည်ဟုမူ မထင်ခဲ့မိချေ။
"လူတွေတော်တော်များတာပဲ" ကျိုးယလီက အနည်းငယ်စိတ်လှုပ်ရှားဟန်ဖြင့် ဆိုလိုက်သည်။ သူမက ဤအခြေအနေကို ပျော်ရွှင်နေဟန်တူသည်။ "အရင်တုံးက ဒီမြို့မှာနေရတာအရမ်းအေးစက်ပြီး...သီးသန့်ဆန်တယ်လို့ခံစားနေရတာ...မြို့ထဲမှာလူတွေအများကြီးရှိပေမယ့်...ကိုယ်သိတဲ့သူက၃၊၄ယောက်ထက်မပိုဘူး...အခုလိုအရမ်းစည်ကားတဲ့အချိန်မျိုးရှိလာမယ်လို့မထင်ထားဘူး...ငယ်ငယ်တုံးကအမေပြောတဲ့ဈေးနေ့ဆိုတာကိုပြန်ရောက်သွားသလိုပဲ"
လော်ယွမ်က ခေါင်းခါပြရင်း နားမလည်နိုင်စွာဖြင့် "နင်ခဏနေရင်ဒီထက်စည်ကားတာကိုတောင်မြင်ရဦးမှာ...ဒီလောက်လူများမယ်မှန်းသိရင်ငါထွက်မလာပါဘူး...ဒီတိုင်းဆိုငါတို့အလှည့်ရောက်ဖို့ဘယ်လောက်တောင်တန်းစီရမှာလဲ"
သူက အိမ်မှထွက်လာမိသည်ကိုပင် အနည်းငယ်နောင်တရနေမိသည်။
"ကျွန်မဒီမြို့ကထွက်သွားတော့မှာမို့...အဲ့လိုခံစားရတာနေမယ်...အစကကျွန်မဒီမြို့မှာပဲအိမ်ထောင်ပြု...သားသမီးယူပြီး...ဒီလိုပဲနေသွားဖြစ်မယ်လို့ထင်ထားတာ...အခုတော့ပြန်သွားရတော့မယ်" သူမ၏မျက်နာမှာ ညှိုးငယ်သွားပြီး မျက်ဝန်းတို့သည် ချက်ချင်းဆိုသလို စိုစွတ်လာခဲ့သည်။
"ဝမ်းနည်းစရာကိစ္စတွေတွေးမနေနဲ့တော့...တစ်ကယ်တော့တောရွာဘက်တွေကမလုံခြုံဘူး...အခုဆိုသန္ဓေပြောင်းသားရဲတွေအများကြီးပေါ်လာနေတာ...နင့်မိဘတွေကိုမြို့ပေါ်မှာလာနေဖို့တိုက်တွန်းတာအကောင်းဆုံးပဲ...အနည်းဆုံးတော့မြို့မှာဆိုစိတ်ချရတာပေါ့"
"အင်း...ဘယ်လိုပဲဖြစ်ဖြစ်ကျေးဇူးပါ...ရှင်သာရှိမနေပေးရင်...ကျွန်မဒီလောက်ထိခံနိုင်ရည်ရှိမှာမဟုတ်ဘူး" ကျိုးယလီသည် လော်ယွမ်အား ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ကြည့်ကာဆို၏။
"ကျေးဇူးတင်စရာမလိုပါဘူး...ငါတို့အတူတစ်အိမ်ထဲနေလာတာပဲဘယ်လောက်ကြာပြီလဲ...သူစိမ်းတွေမှမဟုတ်တာ" လော်ယွမ်က ပြုံး၍ဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ်...နောက်ကျရင်အမြဲတမ်း...အဆက်အသွယ်လုပ်ရမယ်နော်" ကျိုးယလီက လေးနက်တည်ကြည်စွာဆိုသည်။
"နင့်လေသံကမသိရင်ရှင်ကွဲကွဲရတော့မယ့်အတိုင်းပဲ...ငါမနက်ဖြန်နင့်ကိုပြန်လိုက်ပို့ဦးမှာလေ...နင့်မိဘတွေအိမ်ရောက်မှအဲ့စကားဆက်ပြော" လော်ယွမ်က ကျိုးယလီ၏စကားကို အတိတ်နိမိတ်မရှိဟု ယူဆကာ အလျင်အမြန်ပင် စကားဖြတ်လိုက်သည်။
နှစ်ယောက်သား စကားစမြည်ပြောရင်း လျှောက်လာကြရာ အချိန်မှာ အလွန်လျင်မြန်စွာပင် ကုန်ဆုံးသွားလေသည်။ တစ်နာရီခန့်အကြာတွင် လူအုပ်ကြီးသည် အနီးဆုံးမြို့ဈေး၏ တံခါးဝသို့ ရောက်ရှိသွားတော့သည်။
လက်နက်အပြည့်အစုံကိုင်ဆောင်ထားသော ရဲသားများက သတိအနေအထားဖြင့် မတ်မတ်ရပ်နေကြပြီး သူတို့၏လက်ထဲတွင် အလိုအလျောက်ရိုင်ဖယ်များကို ကိုင်ဆောင်ကာ တန်းစီနေသောလူအုပ်ကို စည်းကမ်းတကျရှိရန် ထိန်းသိမ်းလျက်ရှိသည်။ လက်နတ်အပြည့်အစုံနှင့်ရဲသားများကိုမြင်သော် လူအုပ်ကြီးမှာ အနည်းငယ် ထိတ်လန့်သွားသော်လည်း လျင်မြန်စွာပင် ပြန်လည်ငြိမ်သက်သွားလေသည်။
လော်ယွမ်နှင့် ကျိုးယလီတို့က လူအုပ်ကြီးနှင့်အတူ ဈေးထဲသိုလိုက်ဝင်ခဲ့ကြသည်။ ဈေးအတွင်းရှိ ဈေးဆိုင်များကို ရှင်းလင်းထားပြီး ထိုနေရာများတွင် တောင်ကဲ့သို့ပုံနေသော ရိက္ခာများစွာဖြင့် အစားထိုးထားသည်။ အဝါရောင်သတိပေးစည်းတားကြိုးတစ်ခုက ဈေးကိုပတ်၍ စည်းတားထားပြီး ၃ပေခန့်အကွာတိုင်းတွင် လက်နက်အပြည့်အစုံရှိသော ရဲတစ်ဦးက စောင့်ကြပ်နေလေသည်။
၁၅ပေခန့်အကွာတိုင်းတွင်မူ ရဲကင်းတဲတစ်ခုစီရှိပြီး သံပြားဖြင့်ပြုလုပ်ထားသည့် ရိုးရှင်းသော ပြုတင်းပေါက်တစ်ခုကို တပ်ဆင်ထားသည်။ လမ်းတစ်လျှောက်ကြည့်လိုက်ပါက ထိုသို့ရဲကင်းတဲများ ၁၀၀ကျော်မျှရှိပေသည်။ အကယ်၍ ကျန်သော ဈေးမျက်နှာစာသုံးဖက်ကိုပါ ထည့်တွက်မည်ဆိုလျှင် ရောင်းချသည့်ရဲကင်းတဲပေါင်း လေးငါးရာခန့်ပင် ရှိပေလိမ့်မည်။
သို့သော် ဤမျှများပြားသော အရောင်းအဝယ်နေရာများရှိနေသော်လည်း လူအုပ်ကြီး၏ ရွေ့လျားမှုသည် အလွန်ပင်နှေးကွေးလှသည်။
လူအရေအတွက်မှာ အမှန်တကယ်ပင် များလွန်းလှသည်။ လေထုသည် ပူအိုက်စွတ်စိုနေပြီး ဆယ်မိနစ်ကျော်ခန့်သာကြာသေးသည် သူနှင့် ကျိုးယလီတို့မှာ ချွေးများဖြင့်ရွှဲနစ်သွားကြလေပြီ။
သူကတော့ ပြဿနာမရှိပေ။ မည်သို့ပင်ဖြစ်စေ သူ၏ကိုယ်ခန္ဓာမှာ သန်မာကြံ့ခိုင်ပြီး စနစ်ရရှိပြီးနောက်ပိုင်း တစ်ခါမျှပင် ဖျားနာခြင်းမရှိခဲ့ပေ။ သူ၏ခွန်အားနှင့် စိတ်စွမ်းအင်တို့၏ ပြန်လည်ကောင်းမွန်နှုန်းမှာလည်း သာမန်လူထက် များစွာသာလွန်သည်။ သို့သော် ကျိုးယလီမှာမူ ထိုသို့မဟုတ်သဖြင့် သူတို့အလှည့်မရောက်ခင်မှာပင် အပူရှပ်သွားနိုင်ပေသည်။
"ငါတို့ရှေ့ကိုကျော်တိုးကြမလား" လော်ယွမ်က ဆိုသည်။
"တိုးလို့ရပါ့မလား" ကျိုးယလီသည် လက်ကို ယပ်တောင်ကဲ့သို့ခတ်ရင်း အပူသက်သာစေရန် ကြိုးစားနေ၏။ သူမသည် ပြည့်ကျပ်နေသော လူအုပ်ကြီးကိုကြည့်ကာ စမ်းကြည့်ချင်စိတ်များဖြစ်ပေါ်နေလေသည်။
"ဘာမှမပူနဲ့...ငါ့လက်ကိုမလွတ်အောင်သာကိုင်ထား" လော်ယွမ်က ဆိုသည်။
ကျိုးယလီ ချီတုံချတုံဖြစ်နေစဉ်မှာပင် သူမ၏လက်ကို လော်ယွမ်က ဆွဲကိုင်လိုက်ပြီးနောက် သူ၏ဆွဲခေါ်မှုဖြင့် ရှေ့သို့တိုးထွက်သွားတော့သည်။
လော်ယွမ်၏ခွန်အားမှာ အလွန်ကြီးမားလှပြီး ၁၁မှတ်နီးပါးသို့ ရောက်ရှိနေပြီဖြစ်ကာ သာမန်လူတစ်ယောက်ထက် တဆခွဲမျှသန်မာလေသည်။ ထို့အပြင် လှုပ်ရှားမှုမှာလည်း လျင်မြန်ပြီး မျက်စိလျှင်ကာ လက်မြန်လှသည်။ သူ၏ကိုယ်မှာ ငါးတစ်ကောင်ကဲ့သို့ လူအုပ်ကြားရှိ လွတ်နေသောနေရာများမှတဆင့် ရှေ့သို့အဆက်မပြတ် တိုးဝင်သွားလေသည်။
ဘေးပတ်ဝန်းကျင်မှ မကျေမနပ်ပြောဆိုသံများ ထွက်ပေါ်လာသော်လည်း ဤသို့သောအဖြစ်အပျက်မျိုးမှာ အထူးအဆန်းမဟုတ်သဖြင့် လော်ယွမ်၏အပြုအမူမှာ ထူးခြားထင်ရှားမနေချေ။ တရုတ်ပြည်သူများမှာ ဤသို့သောအပြုအမူအပေါ် သည်းခံနိုင်စွမ်းမြင့်မားလှသည်။ အမှန်တကယ်တွင် ထိုသို့ပိတ်ဆို့ကျော်တက်မှုမျိုးကို ရုံးဝန်ထမ်းအများစုက တစ်နေ့မဟုတ်တစ်နေ့ ကြုံတွေ့နေရသည်သာဖြစ်သည်။
မကြာမီမှာပင် လော်ယွမ်သည် ကျိုးယလီကိုဆွဲခေါ်ရင်း ပထမဆုံးရောင်းချပေးသည့်ပြုတင်းပေါက်သို့ ရောက်ရှိသွားတော့သည်။
"ဘာလို့ကျွန်မကိုပေးတာတခြားလူတွေထက်နည်းနေတာလဲ...ရှင်မှားနေတာများလား" အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော အဒေါ်ကြီးတစ်ဦးက အသံကျယ်ကျယ်ဖြင့် ပြောဆိုနေသည်။
"ဘာဖြစ်လို့လဲဆိုတော့ရှင်ကဒီမြို့ခံမဟုတ်လို့ပဲ...အသေးစိတ်သိချင်ရင်အပြင်ကဘုတ်မှာသွားကြည့်" ကွန်ပျူတာနောက်တွင်ထိုင်နေသော အမျိုးသမီးဝန်ထမ်းငယ်က စိတ်မရှည်သောလေသံဖြင့်ဆိုသည်။ "သူများတွေကိုပိတ်မထားနဲ့...နောက်တစ်ယောက်"
အဒေါ်ကြီးမှာ ထပ်မံ၍ ငြင်းခုံလိုသေးသော်လည်း နောက်မှလူများ၏ တွန်းတိုက်မှုဖြင့် ဘေးရောက်သွားလေသည်။
"ငါအားလုံးဝယ်မယ်...ငါ့ကိုအများဆုံးသာပေး" လည်ပင်းတွင် ကြီးမားသောရွှေဆွဲကြိုးကြီးကို ဆွဲထားပြီး ထိပ်ပြောင်နေသောအမျိုးသားတစ်ဦးက ငွေစက္ကူတစ်ထပ်ကို ဝှေ့ယမ်းကာ အော်ဟစ်လိုက်သည်။
"လူတစ်ယောက်ကိုမှတ်ပုံတင်နဲ့သတ်မှတ်ထားတဲ့အတိုင်း...၃ရက်စာပဲဝယ်ယူရရှိပါမယ်...နောက်၃ရက်နေမှထပ်လာဝယ်လို့ရပါမယ်" ဝန်ထမ်းအမျိုးသမီးက ငွေစက္ကူထပ်ကို တစ်ချက်စွေကြည့်ကာ ခပ်ပြတ်ပြတ်ဆိုသည်။
"ငါ့ကိုသီးသန့်လုပ်ပေးလို့မရဘူးလား...ပိုက်ဆံကပြဿနာမရှိဘူး" ထိုထိပ်ပြောင်က အသံကျယ်ကျယ်ဖြင့် ဆိုသည်။
"ဒါကဘယ်လိုမှမဖြစ်နိုင်ပါဘူး...အထက်ကကန့်သတ်ထားတာပါ...ဟုတ်ကဲ့၂၀၀ကျပါတယ်" ဝန်ထမ်းအမျိုးသမီးက ရှင်းပြလိုက်သည်။
"ကြည့်ရတာမှောင်ခိုမှာပဲသွားဝယ်ရတော့မယ်နဲ့တူတယ်" ထိုထိပ်ပြောင်က ခပ်တိုးတိုးရေရွတ်လိုက်ပြီး ငွေချေကာ ပြတင်းပေါက်မှ ဝန်ထမ်းတစ်ဦးကမ်းပေးသော ပလတ်စတစ်အိတ်ကြီးနှစ်လုံးကို ယူလိုက်သည်။
ထိုအခါမှ လော်ယွမ်အလှည့်သို့ ရောက်လာသည်။ သူက မှတ်ပုံတင်နှင့် ငွေနှစ်ရာကိုထုတ်ကာ ဝန်ထမ်းအားပေးရင်း ပြောလိုက်သည် "၃ရက်စာပေးပါ"
ဝန်ထမ်းက ငွေနှင့်မှတ်ပုံတင်ကိုယူကာ ကွန်ပျူတာထဲသို့ ရိုက်ထည့်လိုက်သည်။ မကြာမီမှာပင် ဝန်ထမ်းတစ်ယောက်က အိတ်နှစ်လုံးကို ကမ်းပေးလာသည်။
ကျိုးယလီ အလှည့်ပြီးသောအခါ သူက ကျိုးယလီ၏အိတ်ကို လှမ်းယူလိုက်ပြီး နှစ်ယောက်သား ဈေးထဲမှခက်ခက်ခဲခဲ တိုးဝှေ့ထွက်လာခဲ့ကြသည်။
"တစ်ကိုယ်လုံးချွေးတွေကြီးပဲ...နောက်ဆုံးတော့အပြင်ရောက်ပြီ...ပူလို့သေတော့မယ်" ကျိုးယလီက လော်ယွမ်၏လက်မောင်းအား ကိုင်ထားသောလက်ကို လွှတ်လိုက်ပြီး ပြည့်ကြပ်နေဆဲဖြစ်သော လူအုပ်ကြီးကိုကြည့်ကာ စိတ်ထဲတွင် ကြောက်စိတ်မပြယ်သေးသည့်ဟန်ဖြင့် ဆိုသည်။
"အထဲမှာ ဘာတွေပါလဲ ကြည့်ရအောင်"
"ဆန်တစ်အိတ်ပါတယ်...ငါးပေါင်လောက်ပဲရှိမယ်ထင်တယ်...နောက်တစ်အိတ်က...အသား၃၀သား...ဟင်းသီးဟင်းရွက်၂၀သား...ပန်းသီးသုံးလုံး...၅ပေါင်ဝင် သောက်ရေဘူးတစ်ဘူး...ဟမ်...ချောကလက်သုံးပြားနဲ့နို့သကြားလုံးထုပ်တစ်ထုပ်လဲပါတယ်" လော်ယွမ်က ရေတွက်ကြည့်ကာ ဆိုသည်။
"ဈေးကြီးလိုက်တာ...ဒီလောက်နည်းနည်းလေးကိုယွမ်၂၀၀တောင်ယူတယ်...ပိုက်ဆံကပိုပိုပြီးတန်ဖိုးကျလာပြီ...အရင်ကဒီလောက်ဝယ်ရင်ယွမ်၅၀တောင်မကျဘူး" ကျိုးယလီက အံ့ဩစွာ ရေရွတ်လိုက်သည်။
(ယွမ်၂၀၀ = မြန်မာငွေ၅သောင်းဝန်းကျင်)
"ဒါကသက်သာတယ်ပြောရမှာ...နင်ကဒီထက်သက်သာစေချင်လို့လား...အနည်းဆုံးတော့မှောင်ခိုဈေးထက်အများကြီးသက်သာသေးတယ်"လော်ယွမ်ကမူ ဂရုမစိုက်ဟန်ဖြင့်ဆိုသည်။
သူသိသလောက်ဆိုလျင် မှောင်ခိုးဈေး၏ပေါက်ဈေးအရ ယခု ဆန်တစ်ပြည်လျင် နှစ်ဆယ့်ငါးကျပ်အထိ မြင့်တက်နေပြီး အသားများမှာမူ အံ့ဩလောက်အောင် ဈေးကြီးလှသည်။ ၃၀သားလျှင် အနည်းဆုံး တစ်ရာကျပ်အထိရှိပြီး ထိုဈေးဖြင့်ပင် ဝယ်ချင်တိုင်းဝယ်၍မရပေ။ ထိုသို့တွက်ချက်ကြည့်လျှင် ယွမ်၂၀၀သည် အလွန်ပင်ဈေးပေါနေပြီဖြစ်သည်။
"ဒါပေမဲ့ဒါကအစိုးရရောင်းပေးတာလေ...အဲ့လောက်ဈေးကြီးစရာမလိုဘူးထင်တာပဲ...အစိုးရကပိုက်ဆံအရမ်းလိုချင်နေလားမသိဘူး...တော်သေးတယ်ကျွန်မကနယ်ပြန်တော့မှာမို့...မဟုတ်ရင်အဲ့လိုကုန်ဈေးနှုန်းနဲ့မြို့မှာဘယ်လိုလုပ်ဆက်နေနိုင်မှာလဲ" သူမက ဒေါသတကြီးဆိုသည်။ သူမသည် နိုင်ငံခြားကုမ္ပဏီတစ်ခုတွင် စာရေးမလုပ်ပြီး လလစာမှာ ယွမ်သုံးထောင်ပင်မကျော်ချေ။ ကုမ္ပဏီသာမပိတ်ခဲ့လျှင်ပင် ဤသို့သော ကုန်ဈေးနှုန်းအောက်၌ ဆက်လက်အသက်ရှင်ရန်ပင်ခက်ခဲပေလိမ့်မည်။
"ဒါတော့အမှန်ပဲ" လော်ယွမ်က ပြုံး၍ဆိုသည်။ သို့သော် သူ၏အပြုံးကအနည်းငယ် ခါးသက်သက်ဖြစ်နေသည်။
နယ်တောရွာဘက်ဆိုလျင်လည်း ဤထက်ပိုသက်သာနိုင်မည်ဟုသူမထင်ပေ။
လွန်ခဲ့တဲ့ရှစ်ရက်ခန့်က ကောက်တန်မြို့နယ် ရဲစခန်းမှ ရဲမှူးချန်သည် သူ့ထံသို့ဖုန်းဆက်ကာ ဆန်အချို့ကို သိုလှောင်ထားပြီး ကြိုတင်ပြင်ဆင်ထားရန် ပြောခဲ့သည်။ ထိုစဉ်က ရဲမှုးချန်သိပ်မရှင်းပြခဲ့သော်လည်း သူ၏စကားအသွားအလာတွင် လေးနက်သောအရိပ်အယောင်များ ပါဝင်နေခဲ့သည်။
လော်ယွမ်၏စိတ်ထဲတွင် သိလိုစိတ်ပြင်းပြလာသဖြင့် ကောက်တန်မြို့သို့ တစ်ခေါက်သွားခဲ့သည်။
သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းပြီး မီးရှို့ထားသောကြောင့် ကောက်တန်မြို့၏အခြေအနေမှာ အလွန်တည်ငြိမ်နေပြီး ထူးခြားသောအဖြစ်အပျက်များထပ်မံပေါ်ပေါက်ခြင်းမရှိချေ။
သို့သော် လမ်းကြားလေးတစ်ခုသို့ရောက်သောအခါ သူက ထူးဆန်းသောဖြစ်စဉ်တစ်ခုကို တွေ့ရှိခဲ့သည်။ ကောက်တန်မြို့၏ လယ်ကွင်းများတွင် စပါးပင်များကို ယခုရာသီအတွက်ထပ်မံစိုက်ပျိုးထားလေသည်။ ယခုအချိန်မှာနှစ်ကုန်ခါနီး ဆောင်းရာသီဖြစ်လင့်ကစား ရာသီဥတုဖောက်ပြန်မှုကြောင့် စပါးပင်များသည် အခြားအပင်များကဲ့သို့ပင် အလွန်စိမ်းလန်းစိုပြေစွာ ကြီးထွားနေရမည်ဖြစ်သည်။
သို့သော် အခြေအနေမှာ ထိုသို့မဟုတ်ချေ။ သူမြင်တွေ့ရသည်မှာ လယ်ကွင်းထဲတွင် မြက်ပင်၊ပေါင်းပင်များထူထပ်စွာ ပေါက်ရောက်နေပြီး စပါးပင်ထက် နှစ်လက်မ သုံးလက်မခန့်ပင် ပို၍မြင့်မားနေသည်။ စပါးပင်များ၏ ရှင်သန်ကြီးထွားရာနေရာကို ပေါင်းပင်များက အပြည့်အဝ လွှမ်းမိုးနေရာယူထားလေသည်။ စပါးပင်များမှာနေရောင်ခြည်ကိုပင် မရရှိနိုင်တော့ဘဲ လုံးဝရှင်သန်နိုင်ခြင်းမရှိချေ။
သူက လမ်းတွင်တွေ့သော လယ်သမားအဘိုးအိုတစ်ဦးကို မေးမြန်းကြည့်ရာ ဤပေါင်းပင်မျိုးကို ပိုးသတ်ဆေးဖြင့် လုံးဝဖယ်ရှား၍မရကြောင်း၊ ရှေးနည်းအတိုင်း လယ်ထဲတွင် လက်ဖြင့်တစ်ပင်ချင်းဆွဲနုတ်ရမည်ဖြစ်ကြောင်း သိလိုက်ရ၏။ သို့သော် ယခုအခါ လယ်ကွင်းထဲတွင် မြွေပွေးကင်းခြေများ အနှံ့အပြားရှိနေပြီး အဆိပ်ပြင်းကာ ကြမ်းတမ်းလှသဖြင့် မည်သူမျှ လက်ဖြင့်ဆင်းမနုတ်ရဲပဲ ဒီတိုင်းသာထားလိုက်ရလေသည်။
သူသည် ထိုစဉ်က တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး စိတ်နှင့်လူမကပ်ဖြစ်နေခဲ့ကာ အိမ်ကို မည်သို့မည်ပုံပြန်ရောက်သွားသည်ကိုပင် မသိလိုက်ပေ။ ကပ်ဘေးကြီးလာနေပြီဟုသာ သူ၏စိတ်ထဲ၌ကြီးစိုးနေလေသည်။
နောက်တစ်နေ့ မွန်းတည့်တစ်ဆယ့်နှစ်နာရီခွဲတွင်တော့ လော်ယွမ်နှင့် ကျိုးယလီတို့က ပစ္စည်းများကို သေသပ်စွာထုပ်ပိုးပြီး ထွက်ခွာဖို့အသင့်ဖြစ်နေကြသည်။
လော်ယွမ်က သူမ၏သေတ္တာနှစ်လုံးကို ကိုင်ဆွဲ၍ အိမ်ယာထဲမှထွက်လိုက်သည်။ ပြီးနောက်တက္ကစီတစ်စီးကိုတားကာ ဘူတာရုံဆီသို့ တန်းလာခဲ့တော့၏။
"ရှင်ဘာလို့သစ်သားသတ္တာတစ်လုံးကိုသယ်လာတာလဲ" ကျိုးယလီက လော်ယွမ်၏လက်ထဲမှ ပစ္စည်းကိုကြည့်ကာ သိလိုစိတ်ဖြင့် မေးလိုက်သည်။
"ဒါကအနုပညာလက်ရာတစ်ခုလေ" လော်ယွမ်က ပြုံး၍ဆိုသည်။
"တကယ်တော့ရှင်လက်ဆောင်ဝယ်သွားဖို့မလိုပါဘူး...သူတို့အထင်လွဲကုန်လိမ့်မယ်" ကျိုးယလီမှာ အဓိပ္ပါယ်ကောက်လွဲသွားဟန်တူပြီး ဖျော့တော့သောလေသံဖြင့်ဆို၏။ အကယ်၍ လော်ယွမ်က လက်ဆောင်နှင့်တကွ အိမ်သို့ရောက်လာခဲ့လျှင် သူမမည်သို့ပင် ရှင်းပြစေကာမူ မိဘများက ယုံကြည်ကြတော့မည်မဟုတ်ပေ။
"နင်အထင်မှားနေပြီ...ဒါလက်ဆောင်ပေးဖို့မဟုတ်ဘူး...နင်ပြောမှလက်ဆောင်ကိုသတိရတယ်...ဘူတာကျမှပဲဝယ်လိုက်မလား" လော်ယွမ်က ပြုံး၍ပြန်ဖြေသည်။
"ရှင်ဘာမှမဝယ်နဲ့...မဟုတ်ရင်ကျွန်မရှင်းလို့ဆုံးမှာမဟုတ်တော့ဘူး" ကျိုးယလီက အလျင်အမြန်တားဆီးလိုက်သည်။ ထိုသစ်သားသေတ္တာထဲတွင် ဘာရှိသည်ကိုမူ မေးရန်မေ့သွားခဲ့သည်။
"မင်းတို့ကအိမ်ပြန်ပြီးမိဘတွေနဲ့တွေ့မလို့လား...လက်ဆောင်ဆိုရင်တော့ဆန်တစ်အိပ်သာဝယ်ပေးလိုက်...ယောက္ခမလောင်းကတော့...ပျော်သွားမှာသေချာတယ်" ကားသမားက သူတို့စကားဝိုင်းထဲဝင်ကာ ပြောဆိုလိုက်သည်။
ကျိုးယလီ၏မျက်နာမှာ ချက်ချင်းပင် နီရဲတွတ်သွားလေသည်။
"တကယ်တော့ကျွန်တော်တို့ကသာမန်သူငယ်ချင်းတွေပါ...ဒါကြောင့်လည်းသူကအထင်လွဲမှာစိုးရိမ်နေတာလေ" ကျိုးယလီ၏မျက်နှာ နီမြန်းနေသည်ကိုမြင်သောအခါ လော်ယွမ်က ဝင်၍ဖြေရှင်းပေးလိုက်သည်။
"ငါ့အထင်တော့ကြာရင်ဖြစ်သွားမှာပဲ...ငါတို့လင်မယားလဲအဲ့လိုပဲစခဲ့တာ...ဒါနဲ့မင်းတို့ကဘယ်သွားကြမှာလဲ...ရထားနဲ့ဘယ်သွားမှာလဲမေးတာ" ကားသမားက မေးသည်။
"ယွီရွှေမြို့ကိုပါ" လော်ယွမ်က စကားကိုဆက်မပြောလိုတော့ဘဲ တိုတိုတုတ်တုတ်သာ ဖြေလိုက်သည်။
"ယွီရွှေမြို့...အဲ့ဒီမှာ ယွီတောင်ဆိုတာရှိတယ်မလား" ထိုအခါ ကားသမားက ရုတ်တရက်မေးလိုက်သည်။
"ဟုတ်တယ်...ယွီတောင်ကမြို့အနောက်မှာတင်ရှိတာ...လည်ပတ်တဲ့သူတွေအရမ်းကြိုက်တဲ့နေရာပေါ့...ဦးလေးကအဲ့ကိုရောက်ဖူးလို့လား" မိမိ၏မွေးရပ်မြေအကြောင်းပြောရသောကြောင့် ကျိုးယလီက အနည်းငယ်စိတ်လှုပ်ရှားစွာ ဖြင့်ဆိုလိုက်သည်။
"ရောက်တော့မရောက်ဖူးပါဘူး...ဒါပေမဲ့မင်းတို့သတိတော့ထားနော်...ငါ့အသိပြောတာတော့သိပ်မကြာခင်ကအဲ့နားမှာလူတွေသောက်သောက်လဲသေတာတဲ့...သံကြပ်ကာကားတွေတောင်သွားပြီး...တစ်နေကုန်အမြောက်တွေနဲ့ပစ်ခတ်နေရတယ်တဲ့" ကားသမားက လေးနက်သည့်အသံဖြင့်ဆို၏။
ကျိုးယလီ၏မျက်နှာမှာ ကြောက်လန့်၍ ဖြူဖျော့သွားလေသည်။
လော်ယွမ်က သူမ၏ပခုံးကိုပုတ်၍ နှစ်သိမ့်လိုက်ပြီး လေးနက်စွာဖြင့် "အဲ့လောက်တောင်ဆိုးတာလား...ခင်ဗျားသတင်းကယုံရရဲ့လား"
"ဒီလိုကိစ္စမျိုးကိုလိမ်ပြောစရာလား...လိမ်လို့ဘာအကျိုးမမှမရှိတာ...ငါ့အသိကယွီရွှေမြို့ကလေ...သူကဒီတုံဟူမြို့မှာအလုပ်လာလုပ်နေတာ...သူကအခုသူ့မိဘတွေကိုတောင်ဒီကိုခေါ်ထားပြီးပြီ...တုံဟူမြို့ကအများကြီးလုံခြုံနေတယ်လို့ပြောလို့ရတယ်...အခြားနေရာတွေဆိုရုန်းရင်းဆန်ခတ်တွေဖြစ်နေပြီ" ကားသမားကဆိုသည်။
"အဲ့သတင်းကဘယ်တုံးကကြားတာလဲ" လော်ယွမ်က ဆက်မေးသည်။
"ပြီးခဲ့တဲ့၃ရက်လောက်ကဖြစ်မယ်...အခုလောက်ဆိုရင်တော့ငြိမ်သွားလောက်ပါပြီ" ကားသမားကဆက်ပြောသည် " ဒါပေမယ့် သတိထားတာတော့ မမှားဘူးပေါ့"
"ကျေးဇူးနော်...ခင်ဗျားမပြောရင်ကျွန်တော်တို့သိမှာမဟုတ်ဘူး" လော်ယွမ်က ချက်ချင်းကျေးဇူးတင်လိုက်သည်။
"ရပါတယ်...အခုကအားလုံးဒုက္ခရောက်နေကြတာမလား...ငါ့အထင်တော့ကပ်ဘေးကြီးလာနေတဲ့ပုံပဲ...အစိုးရကလည်းတင်းကြပ်လွန်းပါတယ်ကွာ...ပြည်သူတွေကိုသေနတ်တစ်ယောက်တစ်လက်ဆီထုတ်ပေးလိုက်ရင်တောင်...ခုလိုနေ့တိုင်းကြောက်ကြောက်လန့်လန့်နဲ့နေနေရမှာမဟုတ်ဘူး"
"ရှောင်ယွမ်ဘယ်လိုလုပ်ကြမလဲ...ကျွန်မမိဘတွေတစ်ခုခုများဖြစ်နေလားမသိဘူးနော်" ကျိုးယလီသည် စိတ်ရှုပ်ထွေးနေဟန်ဖြင့် ဆိုသည်။
"နင်မနေ့ညကဖုန်းပြောသေးတယ်မလား...အခုထပ်ဆက်ကြည့်ပါလား" လော်ယွမ်က သတိပေးလိုက်သည်။
"ဟာ...ဟုတ်တယ်...ဟုတ်တယ်" သူမက အလျင်အမြန်ပင် ဖုန်းကိုထုတ်လိုက်သည်။
"ဟယ်လိုမေမေ...သမီးပါ...အမေတို့နေကောင်းတယ်မလား...ဘာမှမဖြစ်ပါဘူး...ဒီတိုင်းမေးကြည့်တာပါ...သမီးတို့တစ်နာရီခွဲရထားနဲ့လာတာ...သုံးခွဲလေးလောက်ဆိုရောက်လောက်ပြီ...သမီးကိုသူငယ်ချင်းတစ်ယောက်လိုက်ပို့တယ်...ယောက်ျားလေး...မေမေထင်သလိုမဟုတ်ဘူး...ဒါနဲ့မေမေ...ယွီရွှေမှာဘာတွေဖြစ်နေတာလဲ...ကြွက်တွေသောင်းကျန်းတာ...ဟုတ်သိပြီ...မေမေဒါဆိုသမီးဖုန်းချလိုက်တော့မယ်နော်..." ကျိုးယလီက ဖုန်းချလိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
"သူတို့ဘာမှမဖြစ်လို့တော်သေးတယ်...အဲ့မှာကြွက်တွေသောင်းကျန်းနေတာတဲ့...ဒါပေမဲ့အခုဘာမှတော့မဖြစ်လောက်တော့ဘူး" ကျိုးယလီက ဆိုသည်။
"ကြွက်တွေပဲလား" လော်ယွမ်က စိတ်ထဲတွင်တွေးတောရင်း ရင်ထဲလေးလံသွားလေသည်။
အကြောင်းမှာ F+ မစ်ရှင်သည် ထိုမျှလောက် လွယ်ကူစွာပြီးမြောက်နိုင်မည်မဟုတ်ကြောင်းကို သိသောကြောင့်ပင်။
ခဏအကြာတွင် နှစ်ဦးသား ဘူတာရုံသို့ရောက်လာကြသည်။ သို့သော် စစ်ဆေးသောအခါတွင် ကျန်းမာတောက် မှာ လုံခြုံရေးစစ်ဆေးဂိတ်ကို ဖြတ်သန်း၍မရပေ။ လော်ယွမ်က ၎င်းသည် အလှဆင်ပစ္စည်းဖြစ်ကြောင်း မည်သို့ပင်ရှင်းပြစေကာမူ အသုံးမဝင်ခဲ့ချေ။ သူကအရေးပေါ်ပို့ဆောင်ရေးဌာနကိုအပ်လိုက်ရပြီး ဓားကသူတို့နှင့်တစ်ချိန်ထဲ ရောက်ရှိမည်ဖြစ်ကြောင်း သေချာမှသာ သူသက်ပြင်းချနိုင်ခဲ့သည်။
ကျန်းမာတောက်သာမရှိပါက F+ မစ်ရှင်ကိုပြီးမြောက်ရန် လော်ယွမ်တွင် ယုံကြည်ချက်မရှိပေ။
ဘူတာရုံသည် အလွန်ပင်လူပြည့်ကျပ်နေပြီး တရုတ်နှစ်သစ်ကူးကာလသို့ ရောက်ရှိသွားသည်ဟုပင် ထင်မှတ်ရလေသည်။ ဘူတာရုံရှိလူအများစု၏မျက်နှာတွင် လေးလံသောအရိပ်အယောင်များ၊ ဖြေဖျောက်၍မရသော စိတ်ညစ်ညူးမှုများနှင့် အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေ၏။
သူတို့နှစ်ယောက်မှာ ထိုင်ခုံမတွေ့သဖြင့် စင်္ကြံလမ်းတွင်ရပ်နေကြရသည်။
ရထားများ နောက်ကျမှုမှာ တော်တော်လေးဆိုးရွားကြောင်း လော်ယွမ် သတိပြုမိသည်။ နာရီဝက်အတွင်းမှာပင် ရထားလေးငါးစီးမှာ တိုက်ဆိုင်စွာပင် နောက်ကျနေသည်ဟု စာပေါ်နေလေသည်။ တစ်နာရီခွဲနီးပါးသို့ ရောက်လာသောအခါ ယွီရွှေသို့သွားမည့် အမြန်ရထားသည်လည်း နောက်ကျကြောင်းပြသနေပြီး လမ်းခရီးတွင် တစ်စုံတစ်ခုဖြစ်ပွားနေဟန်တူသည်။
"ဘာလို့ဒီအမြန်ရထားပါနောက်ကျနေတာလဲ...တစ်ကယ်အချိန်မတိကျတာပဲ" ကျိုးယလီက ညည်းညူလိုက်သည်။
"အေးဆေးပေါ့...ဟိုရောက်သွားရင်ပြီးတာပါပဲ" လော်ယွမ်က နှစ်သိမ့်လိုက်သော်လည်း သူ၏ရင်ထဲတွင် တဖြည်းဖြည်းလေးလံလာခဲ့သည်။
ကံကောင်းစွာနှင့်ပင် ဤတစ်ကြိမ်တွင်တော့ မည်သည့်မတော်တဆမှုမျှ မဖြစ်ပွားခဲ့ချေ။ နာရီဝက်ခန့်အကြာတွင် အမြန်ရထားက ဘူတာရုံသို့ ဝင်ရောက်လာခဲ့သည်။
လော်ယွမ်က လက်မှတ်စစ်ဆေးပြီးနောက် ကျိုးယလီနှင့်အတူ ရထားစင်္ကြံပေါ်သို့ လျှောက်သွားသည်။ ထိုစဉ်လူအုပ်ကြီးသည် ရုတ်တရက် အုတ်အော်သောင်းတင်းဖြစ်သွားကြပြီး အချို့မှာမူ စူးစူးဝါးဝါးပင် အော်ဟစ်လိုက်ကြသည်။ အမြန်ရထားတစ်စင်းလုံးတွင် သွေးကွက်များဖြင့် ပြည့်နှက်နေပြီး ရှုပ်ပွနေကာ အချို့နေရာများတွင်မူ ငှက်မွေးအချို့ ကပ်ငြိနေသည်ကို မြင်တွေ့ရသည်။
လော်ယွမ်က ခါးကိုင်းပြီး ပေဝက်ခန့်ရှည်လျားသောငှက်မွေးတစ်ချောင်းကိုကောက်ယူလိုက်သည်။ ထိုငှက်မွေးမှာ မွဲခြောက်သောအရောင်ရှိသော်လည်း သတ္တုရောင်အနည်းငယ်လက်နေလေသည်။ လော်ယွမ်က စိတ်ထဲမှ အမျိုးအမည်ခွဲခြားအစွမ်း ကိုအသုံးပြုလိုက်သည်။
အမည် - စာကလေးငှက်ရဲ့ အမွေး
အသုံးဝင်ပုံ - ပါဝင်ပစ္စည်း
ရှားပါးမှုအဆင့် - အဖြူရောင်
အလေးချိန် - ၁၀ ဂရမ်
သုံးသပ်ချက် - ဤသည်မှာ သန္ဓေပြောင်းစာကလေးတစ်ကောင်၏ အမွေးဖြစ်သည်။
သန္ဓေပြောင်းစာလေး...
ဤအမြန်ရထားက စာကလေးများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်လား...
သူက ပေဝက်ခန့်ရှည်သော ငှက်မွေးကိုကြည့်ကာ ဤစာကလေးသည် တစ်ပေနီးပါးခန့် ကြီးမားနေလောက်ပြီဟု ခန့်မှန်းလိုက်သည်။
ငှက်မျိုးနွယ်များပါ ဆင့်ကဲပြောင်းလဲသွားပါက ဤကိစ္စသည် အနည်းငယ်ဆိုးရွားသွားပြီဖြစ်သည်။ ထိုသို့ဆိုလျင် လေကြောင်းခရီးစဉ်များမှာ အလွန်အန္တရာယ်များလာနိုင်ပြီး လုံးဝပိတ်သိမ်းသွားနိုင်ခြေပင်ရှိ၏။ ထို့ထက်ပို၍ဆိုးရွားသည်မှာ ငှက်များသည် သားရဲများထက် ပို၍ခုခံရန်ခက်ခဲပြီး ၎င်းတို့၏ အမဲလိုက်နိုင်သော ဧရိယာအကျယ်အဝန်းမှာ အလွန်ကြီးမားသည်။ တစ်ချို့ငှက်ကြီးများဆိုလျှင် ဆိုဖွယ်ရာပင်မရှိချေ။
သစ်ပင်များကိုခုတ်လှဲ၍ တောတောင်များကိုမီးရှို့လျှင်ပင် ဤသန္ဓေပြောင်းငှက်များကို တားဆီးနိုင်မည်မဟုတ်ချေ။ ဧရာမငှက်ကြီးများ မြို့ထဲရှိကောင်းကင်အထက်တွင် ပေါ်ထွက်လာမည်ကို တွေးကြည့်မိသောအခါ သူတစ်ကိုယ်လုံး ကြက်သီးမွေးညင်းများထကာ ကျောချမ်းသွားလေသည်။
တုံဟူမြို့တွင် ဤသို့သောအခြေအနေမျိုး မဖြစ်ပွားပါစေနှင့်ဟုသာ ဆုတောင်းရတော့မည်။ လော်ယွမ်က ထိုသို့မိမိကိုယ်ကိုနှစ်သိမ့်လိုက်သော်လည်း ထိုသို့မဖြစ်နိုင်ရန်မျှော်လင့်ချက်မှာ မရှိသလောက်နည်းပါးလေသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တောတောင်များကို မီးရှို့ဖျက်ဆီးလိုက်သောအခါ အစာရေစာရှားပါးလာသော သန္ဓေပြောင်းငှက်များမှာ ၎င်းတို့၏အစားအစာအတွက် ပစ်မှတ်ကို လူသားများထံသို့ ဦးတည်လာပေလိမ့်မည်။
"ဘယ်လိုလုပ်ဒီလိုမျိုးတွေ...ဖြစ်နေရတာလဲ" ကျိုးယလီက ထိတ်လန့်တကြားဆိုရင်း လော်ယွမ်၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားလေသည်။ သူမ၏ကိုယ်မှာ အနည်းငယ်တုန်ယင်နေသည်။
လော်ယွမ်ကတိတ်တဆိတ်သာနေလိုက်ရသည်။ သူမည်သို့နှစ်သိမ့်ရမည်ကို အမှန်တကယ်ပင် မသိတော့ချေ။
"သွားကြစို့...ရထားပေါ်တက်ရအောင်...ရထားကထွက်တော့မှာ" ဟုသာတိုက်တွန်းလိုက်ရလေတော့သည်။